တနင်္ဂနွေသားသမီးတွေဟာ ဆံပင်ကောက်ရင်ကောက် မကောက်ရင် စိတ်ကောက်တတ်တယ်ဟု ဆိုလေ့ရှိကြသည်။ တနင်္ဂနွေသမီးဖြစ်ပြီး ဆံပင်ခွေခွေကောက်ကောက်များကို ပိုင်ဆိုင်ထားသော သူမအနေဖြင့် ငယ်ရွယ်စဉ် သိတတ်သည့်အရွယ်မှစ၍ (သူနဲ့မတွေ့ခင်အချိန်အထိ ဆိုပါတော့) ကိုယ့်ကိုယ်ကို စိတ်မကောက်တတ်ဟုသာ ထင်နေခဲ့မိလေသည်။
သူမ၏ဘ၀တွင် လူတစ်ယောက်ကို ကိုယ်နဲ့ အဆင်မပြေ၊ စိတ်သဘောထားခြင်း မတိုက်ဆိုင်ပါက ကောက်ချိတ်၍ မနေတတ်ပေ။ ထိုသူကို ဥပေက္ခာသာ ပြုပစ်လိုက်တတ်ပါသည်။ မိဘများ သူငယ်ချင်းများအပေါ်တွင်လည်း ဘယ်တုန်းကမှ စိတ်မကောက်တတ်ခဲ့ပေ။
သို့သော် တစ်သက်လုံးက စိတ်မကောက်တတ်ခဲ့ဖူးသော သူမအား မကောက်ခဲ့ဖူးသမျှ အတိုးချ၍ ကောက်စေခြင်းရန်အလို့ငှာ နတ်ဒေ၀တာတို့က သူမအတွက် လူတစ်ယောက်ကို သနားသောအားဖြင့် ဖန်ဆင်းပေးလေ၏။ စိတ်ကောက်ခြင်းဆိုသည့်အရာကို တစ်သက်လုံးက မေ့နေခဲ့သည့် သူမမှာ ထိုသူနဲ့လည်းတွေ့ရော အတိုးရော အရင်းပါမက တိုးရင်းပွားတွေပါ ပေါင်း၍ ကောက်တတ်သွားလေ၏။ မိုးရွာလည်းကောက်၊ နေပူလည်းကောက်၏။ နေထွက်လည်းကောက်၊ နေ၀င်လည်းကောက်၏။ သူကလည်း အလွန်အင်မတန်မှ စိတ်ရှည်သည်းခံစွာဖြင့် သူမ၏ကောက်နည်းမျိုးစုံဖြင့် ကောက်ခြင်းတို့ကို ဖြောင့်စေရန် အလို့ငှာ ဖြောင့်နည်းမျိုးစုံတို့ကို သုံးရှာလေ၏။ သူမအတွက်တော့ သူသည် တစ်ခါတစ်ရံ မစ္စတာဗင်းန် ဖြစ်လိုက်၊ တစ်ခါတစ်လေ ချာလီချက်ပလင်ဖြစ်လိုက်နှင့် တစ်ချို့ရက်တွေဆို စိတ်ကောက်မိသည်နှင့် မမျှအောင်ပင် သူလုပ်ပြ ပြောပြသည့် ဟာသများဖြင့် ပါးစပ်ကို ပြန်မစေ့နိုင်လောက်အောင်ပင် ရီနေရတတ်သည်။
တစ်ခါမှာတော့ သူမတို့နှစ်ဦး၏ကြားသို့ လုံးဝထင်မှတ်မထားသည့် ပြသနာတစ်ရပ် ၀င်ရောက်လာသောကြောင့် သူမသည် စိတ်ကောက်သည့်အဆင့်မှာတင်မကဘဲ သူ့ကို လွန်စွာမှ စိတ်ဆိုးမိလေသည်။ ထို့ကြောင့် ထိုပြသနာအား ဖြေရှင်းပြီးသည်အထိ သူမအား လုံးဝ အဆက်အသွယ် မလုပ်ရန် သူ့ကို ပြောလိုက်လေ၏။ သူသည်လည်း သူ့ဘက်က ဖြစ်သော ပြသနာဖြစ်နေသောကြောင့် သူမစကားကို နားထောင်ပါ့မည်။ ထိုပြသနာတွေကို သူအမြန်ဆုံးဖြေရှင်းပြီး သူမဆီကို လာခဲ့မည်ဟု ပြောလေသည်။ ထိုနေ့မှစ၍ သူမတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး မဆက်သွယ်ဘဲ နေလိုက်ကြသည်။
သူမ၏ဘ၀တွင် စိတ်ထဲမှာ နာကျင်ပင်ပန်းရဆုံး နေ့ရက်တွေကို ပြောပါဆိုလျှင် ထိုနေ့တွေကိုပဲ ပြောရမည် ထင်သည်။ တစ်ဦးနှင့်တစ်ဦး မုန်းတီးနာကျည်းခြင်း မရှိပါပဲလျက်၊ သတိရလွမ်းဆွတ်နေပါလျက်နှင့် သူမအနေနှင့် ဆုံးဖြတ်သင့် ဆုံးဖြတ်ထိုက်သည်ဟု ယူဆပြီး ဆုံးဖြတ်ခဲ့သည့် အရာတစ်ခုအတွက် နောင်တရမနေမိသော်လည်း နီးလျက်နှင့်ဝေးနေကြရသည့် အဖြစ်ကတော့ သူမကို အတော်ပင် ပူလောင်စေခဲ့လေသည်။
အဆက်အသွယ် လုံးဝမလုပ်ရန် သူမကိုယ်တိုင် တင်းတင်းကြပ်ကြပ် မှာထားခဲ့ပေမယ့် ဖုန်းမက်ဆေ့ဝင်လာသံကြားရင်ပဲဖြစ်ဖြစ်၊ ဖုန်းခေါ်သံကြားရင်ပဲဖြစ်ဖြစ် ဆတ်ကနဲခုန်သွားတဲ့ရင်နဲ့ ဖုန်းကို အဆောတလျင်ကြည့်မိသည့် အကြည့်တွေထဲမှာ သူများဖြစ်နေလေမလားဆိုတဲ့ မျှော်လင့်ချက်တွေက အပြည့်။ ညဘက်တွေဆိုရင်လည်း အွန်လိုင်းမှာ သူ့ကို တွေ့နေရပေမယ့် invisible နဲ့ပဲ နေနေပြီး သူတင်ထားတဲ့ စတေးတပ်စ်တွေကို ဖတ်ကာ တိတ်တိတ်လေး မျက်ရည်ဝဲနေရတဲ့အဖြစ်။
သူ့ဘက်ကလည်း ထိုအဖြစ်မျိုးတွေကို ကြာရှည်မခံစားနိုင်ပါဘူး။ တစ်ရက်မှာတော့ သူမဆီကို ဖုန်းနဲ့ မက်ဆေ့လှမ်းပို့လေသည်။ ဒီလိုအနေအထားမျိုးကို သူကြာရှည်မခံစားနိုင်တော့ကြောင်း၊ ပြသနာများအားလည်း ဖြေရှင်းနေပြီဖြစ်ရာ မကြာခင်မှာ အားလုံး ပြေလည်အဆုံးသတ်သွားတော့မည် ဖြစ်သဖြင့် သူမအား လာတွေ့ခွင့်ပေးပါဟု တောင်းဆို၏။ သူမကလည်း ၁၀၀ ရာခိုင်နှုန်း အဆုံးမသတ်သေးသဖြင့် လာမတွေ့ပါနှင့်ဟု ငြင်းလေသည်။ ထိုအခါ သူသည် သူမကိုတွေ့ရဖို့အရေး ဥာဏ်နီဥာဏ်နက်မဟုတ်သော ဥာဏ်ပြာဥာဏ်ဝါများကို ထုတ်လေတော့သည်။ တစ်ညနေတွင် သူ၏ ကုမ္ပဏီမှ ဘောနပ်စ်ရပြီဖြစ်သဖြင့် သူမကို ညစာကျွေးချင်ပါသောကြောင့် လာခွင့်ပြုပါဟု တဂျီဂျီတောင်းဆိုလေသည်။ သိပ်တော့မယုံချင်ပေမယ့် အချိန်ကာလအရကလည်း ဘောနပ်စ်တွေပေးသောလ ဖြစ်နေသဖြင့် သူမလည်း ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ သူမကို လာတွေ့ချင်တွေ့ပါ ညစာကျွေးမည်ဆိုပါကလည်း စားပါမည်၊ သို့သော် သာမန်မိတ်ဆွေတစ်ယောက်ကဲ့သို့သာ လာတွေ့ပါ ဟုဆိုပြီး သူနဲ့တွေ့ဖို့သဘောတူလိုက်လေသည်။
သူသည်လည်း အားရ၀မ်းသာစွာဖြင့် ထိုသဘောတူညီချက်ကို လက်ခံလိုက်ပြီး သူမအလုပ်မှ အပြန် စောင့်နေကြ ဘတ်စ်ကားဂိတ်မှ လာစောင့်နေ၏။ သူနှင့်တွေ့သောအခါ သူမစိတ်ထဲမှာ ဘာကြောင့်မှန်းမသိ ရီချင်နေမိသည်။ သို့သော်လည်း ကိုယ်ထုတ်ထားသည့်စည်းကမ်းကို မလိုက်နာမှာစိုးသဖြင့် မျက်နှာထားကို တင်းနိုင်သမျှ တင်းထားကာ သူနှင့်မျက်လုံးချင်းမဆုံမိအောင် နေနေရလေသည်။ ဘောနပ်စ်ရသည်ဆိုသည့် ကိစ္စကို သူမက မယုံသင်္ကာဖြစ်နေသည်ကို သူက ရိပ်မိသဖြင့် သူဘောနပ်စ်ရသည်မှာ တကယ်ဖြစ်ကြောင်း သူ၏ ဘဏ့်အကောင့်ကိုပင် စစ်ကြည့်ပါ တကဲကဲ လုပ်နေသေးသည်။
သူနှင့်အတူ ညစာစားနေရင်း စကားပြောကြရာတွင် မိတ်ဆွေတွေလိုပဲ ပြောဆိုဆက်ဆံရမည်ဟု သဘောတူထားခဲ့သည့်အတိုင်း သူ့ကို ခေါ်နေကြ နာမ်စားကို ထည့်မသုံးမိအောင် သူမမှာ သတိကြီးစွာနဲ့ ပြောနေရသည်။ ညစာစားအပြီး ကားစီးမည်လုပ်တော့ သူမတို့ ညစာစားသည့် နေရာမှာ သူမ၏အိမ်နှင့် တစ်မှတ်တိုင်သာ ဝေးသဖြင့် ကားမစီးပါနဲ့ လမ်းလျှောက်ပြီး လိုက်ပို့ပါရစေဟု သူကပြောလာသည်။ ထိုအချိန်တွင် အဘယ်သို့သောအရာကများ သူမကို ဤမျှလောက် လျင်မြန်စွာ ခေါင်းညိတ်ဖို့ရန် စေညွှန်လိုက်သလဲ မသိပါ။ ငြင်းဆန်လိုက်မယ်လို့ အသိစိတ်ဝင်လာတဲ့အချိန်မှာ သူမ၏ခေါင်းက ညိတ်ပြီးသားဖြစ်နေခဲ့ပါသည်။ သို့နှင့် စကားတပြောပြောနဲ့ လမ်းလျှောက်လာခဲ့ကြရာ မီးပွိင့်ရှိ လမ်းအကူးနေရာသို့ အရောက်တွင် သူက အငိုက်ဖမ်းကာ အခါတိုင်းလို သူမ၏လက်ကိုဆွဲပြီး လမ်းဖြတ်ကူးရန် သူ၏လက်ကို လှမ်းလိုက်၏။ သူမကလည်း ယောင်ယမ်းကာ လက်ကို ပေးတော့မလို လုပ်ပြီးမှ သဘောတူညီထားချက်ကို သတိရကာ လက်ကို ပြန်ရုတ်လိုက်လေသည်။ ရှက်လည်း ရှက်သွားမိ၏။ သူမဘာတွေဖြစ်နေသည်ကို ရိပ်မိသော သူကတော့ ညစ်ကျယ်ကျယ် အပြုံးဖြင့် ပြုံးလေ၏။
သူမအိမ်ကို ရောက်ခါနီး သူလှည့်ပြန်ရတော့မည့်နေရာ အရောက်တွင် သူက နောက်တစ်မျိုး ထပ်၍ တောင်းဆိုပြန်၏။ လူသွားလမ်းလေး၏ နံဘေးရှိ စနစ်တကျ စီရရီ သွယ်တန်းစိုက်ထားသော သစ်ပင်ချွန်ချွန်လေးများအောက်က ခုံတန်းလေးမှာ ခဏလောက်ထိုင်ပြီး စကားပြောပါရစေဟု ဆိုသည်။ သိစိတ်က မလိုက်လျောချင်ပေမယ့် သတိထားလိုက်မိသည့် အချိန်တခဏအတွင်းမှာ သူမသည် ခုံတန်းလေးပေါ်တွင် အလိုလိုထိုင်ပြီးရက်သား ဖြစ်နေသည်။
မထိုင်လိုက်မိရင် အကောင်းသားလို့ နောင်တတကယ်ရမိသည့် အချိန်ကတော့ သူ၏ ခံစားချက်တွေကို သူမအား ဖွင့်ပြောလာသည့် အချိန်ပင် ဖြစ်သည်။ သူမနဲ့အဆက်အသွယ်မလုပ်ဘဲ နေနေရသည့်အချိန်တွေမှာ သူဘယ်လိုခံစားခဲ့ရတဲ့ အကြောင်းတွေကို ပြောပြချိန်မှာတော့ ပါးပြင်ပေါ်ကို ခုန်ဆင်းကျလုမတတ် ပြည့်လျှံတက်လာသော သူမ၏ မျက်ဝန်းမှ မျက်ရည်တွေကို ဇွတ်အတင်း တားဆီးထားရလေသည်။ ဆက်ပြီးနားထောင်နေလျှင် သူမအနေနဲ့ မျက်ရည်တွေကို ဆက်လက်တားဆီးထားနိုင်စွမ်း ရှိတော့မည် မဟုတ်သည်မှာ သေချာတော့တာမို့ သူမ သွားတော့မည်ဟု ပြောပြီး ခုံတန်းလေးမှထကာ သူ့ကို ကျောခိုင်းလိုက်သည်။ ကျောခိုင်းလှည့်ထွက်ခြင်းနှင့် တပြိုင်တည်းမှာပဲ လေ၏လျင်မြန်ခြင်းကဲ့သို့ မြန်ဆန်လှသော လက်တစ်စုံက သူမကို ဖမ်းယူဆွဲခေါ်လိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရပြီးနောက် .... အရာအားလုံးတို့သည် ကတိတွေ၊ သဘောတူညီမှုတွေ၊ စည်းကမ်းချက်တွေရဲ့ အဝေးကို လွင့်မျောပျော်ဝင်သွားပြီးတဲ့နောက်... သူမကိုယ်သူမ သတိထားလိုက်မိတဲ့ အခါမှာတော့.... သူမဟာ .... တင်းကြပ်စွာ ပွေ့ဖက်ထားသော နွေးထွေးသော လက်တစ်စုံထဲမှာ။
အင်ကြင်းသန့်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
င်္
င်္
"HAPPY VALENTINE'S DAY TO ALL"
အင်ကြင်းသန့်