Pages

Thursday, November 22, 2012

ချစ်သော နိုဝင်ဘာ

 
နိုဝင်ဘာကို တကျော့ ပြန်ရောက်ခဲ့ပြန်ပြီ...။ အချိန်တွေက အကုန်မြန်လွယ်လွန်းလှသည်ဟု သူမ ထင်မိသည် ။ သို့ပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ တစ်ခုသောနိုဝင်ဘာလရဲ့ အဲဒီနေ့ အဲဒီအချိန်လေးကို ပြန်တွေးလိုက်တိုင်း သူမအတွက်တော့ ယခုထက်တိုင် ရင်ခုန်နွေးထွေးနေဆဲ။ တွေးမိတိုင်းလဲ နှစ်ခြိုက်စွာ ပြုံးမိနေဆဲပင်။

*********************  

အဲဒီနေ့က တနင်္လာနေ့ဖြစ်ပေမယ့် သူမတို့နှစ်ဦးစလုံး အလုပ်မသွားကြဘဲ ခွင့်ယူကြလေသည်။ သူမက တနင်္ဂနွေနေ့တွင် ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး  ကုသိုလ်ဒါနပြုလုပ်ခဲ့သည့်အတွက် တစ်နေကုန်ပင်ပန်းထားသဖြင့် တနလာင်္နေ့တွင် အနားယူမည်ဟု ရည်ရွယ်ပြီး ခွင့်ယူလိုက်ခြင်းဖြစ်သည်။ သူမအားချစ်ခွင့်ပန်ထားပြီး သူမ၏အဖြေကို စောင့်ဆိုင်းနေရသူ သူကတော့ တောင်းထားသောအဖြေနှင့် ပတ်သက်ပြီး သူမက ပြောစရာများရှိသည်ဟု လွန်ခဲ့သော ၂ ရက်ခန့်ကတည်းက ကြိုပြောထားသဖြင့် သူမပြောလာမည့် စကားများကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားထောင်ရန်အတွက် တကူးတက ခွင့်ယူထားခြင်းဖြစ်လေသည်။

သူမသည် အတော်တော့ ရီစရာကောင်းသူတစ်ဦး ဖြစ်၏။ သူမ၏ဘ၀တွင် သူမအား ချဉ်းကပ်ခဲ့သောယောက်ျားများ အများအပြားမဟုတ်သော်ငြား အတော်အတန်ရှိ ခဲ့ဖူးသော်လည်း သူမ၏ မိဘများအား ထိုသူတို့နှင့်ပတ်သက်၍ တခွန်းတပါဒမှ ဖွင့်ဟပြောပြခြင်း မရှိခဲ့ဖူးပေ။ သူမအနေဖြင့် ထိုသို့သော အကြောင်းအရာများကို မိဘများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုရန်အတွက် သတ္တိမရှိသလိုလို၊ ရှက်ရွံ့သလိုလို အမြဲခံစားရမိတတ်ပါသည်။

သို့သော်……..သူနှင့်တွေ့ဆုံသောအခါတွင်တော့ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေများအဖြစ် ခင်မင်ပြီးသွားပြီးသည့်သကာလ ကာလ အတန်ကြာသောအခါ သူက သူမအား မေတ္တာသက်ဝင်နေပါသဖြင့် သူ၏မေတ္တာကို လက်ခံပေးပါရန်နှင့် သူမသာလက်ခံခဲ့မည်ဆိုပါက ထာဝရလက်တွဲဖော်အဖြစ် လက်တွဲသွားလိုပါသည် ဆိုသည့် အကြောင်းများကို ဖွင့်ဟပြောလာခဲ့သောအခါ သူမသည် သူ့အား စဉ်းစားပါဦးမည်ဟုသာ ပြောထားခဲ့ပြီး ထိုအကြောင်းအရာများအားလုံးကို သူမ၏ မိဘများအား စာရေး၍ အကြောင်းကြားခဲ့လေသည်။

မိဘများအား စာရေး၍ အကြောင်းကြားခြင်းနည်းသည် သူမအတွက်တော့ အတော်လေး အဆင်ပြေသောနည်း ဖြစ်လေသည်။ မျက်နှာချင်းဆိုင်၍ ပြောရခြင်းမဟုတ်သဖြင့် မျက်နှာပူနေရမှာကိုလည်း စိုးရိမ်စရာမလိုပါ။ ဖုန်းဖြင့်ပြောမည်ဆိုပါကလည်း သူမသည် ရှက်ရွံ့နေရသဖြင့် ကိုယ်ပြောချင်သည်များကို ချောချောမွေ့မွေ့နှင့် ပြီးဆုံးအောင်ထိ ပြောနိုင်လိမ့်မည် မဟုတ်ဟု ထင်မိသည်။ သို့နှင့် သူမက သူ့အား အဖြေပြန်ပေးမည့် ကိစ္စသည် သူမမိဘများ၏ သဘောထားအပေါ်တွင် လုံးလုံးလျားလျား မူတည်နေသကဲ့သို့ ဖြစ်နေလေ၏။ သူမရေးလိုက်သောစာကို ဖတ်ပြီးသည့်အခါ သူမ၏မိခင်ကလည်း သူမအား စာပြန်လိုက်လေသည်။ နောင် လေးငါးနှစ်နေမှသာလျှင် အချစ်ရေးနှင့် အိမ်ထောင်ရေးကို စဉ်းစားပါတဲ့….။ 

သူမဘယ်အသက်အရွယ်ကိုပဲ ရောက်နေနေ သူမ၏မိခင်သည် သူမအား ချစ်သူရည်းစားထားရန်၊ အိမ်ထောင်ပြုရန် အရွယ်မရောက်သေးဟုသာ ထင်မြင်နေပုံ ရပါသည်။  ပြီးတော့ သူနှင့်သူမ၏ကြားမှာ ရှိနေသည့် ကွာခြားချက်တစ်ခုတစ်လေအတွက်လည်း သူမ၏မိခင်က ချက်ချင်း သဘောကျချင်ပုံ မရပေ။ သူမမိခင်၏စာကို ဖတ်ပြီးသည့်နောက် သူမသည် မျက်ရည်တွေ အလိုလိုကျလာမိသည်။ အတော်တော့ထူးဆန်းပေစွ….။ ကိုယ့်ကိုရည်းစားစကားပြောလာသူကို အဖြေပြန်ပေးဖို့အရေး မိခင်ကို စာလှမ်းရေးသည်။ မိခင်က သဘောမကျဆိုတော့ မျက်ရည်ကျသည်။ တကယ်ဆိုလျှင် အဖေနှင့်အမေက သဘောမတူပါသဖြင့် ပြန်မကြိုက်နိုင်ပါ ဟု ဖြေလိုက်လျှင် ဇာတ်လမ်းက  ပြီးပြီးပေါ့….။ သို့သော် သူမ၏ မသိစိတ်က အဲဒီလိုနဲ့ ဇာတ်လမ်းကို အဆုံးသတ်သွားချင်ပုံ မရပေ။ သူမ၏အဖေနဲ့အမေ သဘောတူလာတဲ့အထိ ကြိုးစားပမ်းစား ပြောကြည့်ချင်နေသေး၏။ 

ထိုအခါ သူမအနေနှင့် ဆုံးဖြတ်ချက်တစ်ခုကို ချရတော့သည်။ အဖေနဲ့အမေတို့ နားလည်သဘောပေါက်လက်ခံလာသည်အထိ သူမပြောမည်။ ထိုသို့ပြောရင်းပြောရင်း အမေတို့ သဘောတူ ခေါင်းငြိမ့်လာသော တစ်နေ့ကျမှသာ သူ့ကိုအဖြေပြန်ပေးမည်ဟု...။ ထိုအချိန်ကို ရောက်သည်အထိ စောင့်ပါဟုလည်း သူ့ကို ပြောလိုက်မည်ဟု ဆုံးဖြတ်လိုက်လေသည်။ သြော်….တကယ်တမ်း နောက်မှ သေချာပြန်တွေးကြည့်သောအခါ သူမသည် သူလိုချင်သောအဖြေကိုသာ ပေးချင်နေခဲ့သူဖြစ်ပြီး ထိုအဖြေကလည်း သူမ၏ မသိစိတ်ထဲမှာ ရှိနေနှင့်ပြီးသားပဲကိုး….။

သို့နှင့် ထိုတနလာင်္နေ့တွင် သူနေထိုင်ရာ နေရာနားက Shooping Centre တစ်ခုမှာ တွေ့ကြရန် ချိန်းဆိုလိုက်လေသည်။  သူနေထိုင်ရာနေရာက သူမ၏နေရာမှဆိုလျှင် ကား နှစ်မှတ်တိုင်နှင့် ရထား လေးဘူတာ စီးပြီးမှ ရောက်ပါသည်။ တကယ်ဆို သူသည် ထို Shopping Centre မှာစောင့်နေလျှင် ရပါသော်လည်း ထိုနေ့က သူမနေတဲ့နေရာအထိ လာခေါ်ခဲ့ပါသည်။ ဆရာမဂျူး၏စကားကို ငှားပြောရလျှင်တော့ ထိုအချိန်များသည် သူ့အတွက် လကိုဖမ်းဖို့ပိုက်ကွန်ယက်နေချိန်များ ဖြစ်သောကြောင့် သူ့အနေဖြင့် သူမအပေါ်တွင် အလွန်အင်မတန်မှ စိတ်ရှည်စွာဖြင့် စိတ်သဘောထားကောင်းများ ထားရှိနေချိန်များ ဖြစ်လေ၏။

Shopping Centre သို့ရောက်သောအခါ သူမတို့နှစ်ယောက် အေးအေးဆေးဆေးထိုင်ပြီး စကားပြောလို့ရသော၊ လူလည်းရှင်းသော စားပွဲ၊ထိုင်ခုံလေးများအား ပြင်ဆင်ထားပုံမှာလည်း ချစ်စရာကောင်းသော Haagen Dazs ဆိုင်လေးမှာ ထိုင်ဖြစ်ကြပါသည်။ ထိုနေ့က သူ့ကိုကြည့်ရသည်မှာ အခါတိုင်းတွေ့ရသည့်နေ့များထက် ပို၍ စိတ်လှုပ်ရှားနေပုံ ရလေသည်။ ညကလည်း တစ်ညလုံးအိပ်လို့မရဘူးဟု သူက ပြော၏။ သူမကလည်း သူမ၏ မိခင်ရေးပေးလိုက်သည့် စာထဲမှာပါသည့်အတိုင်း သူ့ကို တစ်လုံးမကျန် ပြန်ပြောပြပြီး သူမဆုံးဖြတ်ထားသည့်အတိုင်း သူမမိဘတွေ နားလည်လက်ခံလာသော နောက်ထပ် ကာလအတိုင်းအတာတစ်ခုအထိ စောင့်နေပေးပါလို့ ပြောလိုက်လေသည်။

သူမပြောသောစကားများ အားလုံးကို စူးစိုက်ငြိမ်သက်စွာ နားထောင်ပြီးချိန်မှာတော့ သူမနှင့်မျက်နှာချင်းဆိုင် ထိုင်နေသောသူသည် စားပွဲပေါ်၌ တင်ထားသော သူမ၏ လက်အစုံကို ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး သူမပြောသော နောက်ထပ်ကာလတစ်ခုဆိုသည့် အတိုင်းအတာကို သူဘယ်လိုမှ မစောင့်နိုင်တော့ကြောင်း၊ သူမဆီမှ အဖြေကိုမရမချင်း သူ့ရင်ထဲမှာလည်း အမြဲတမ်းပူလောင် စိတ်လှုပ်ရှားနေရပြီး ရတက်မအေးဖြစ်နေရကြောင်းများကို ပြောလေတော့သည်။

ထိုနေ့က သူ၏ပုံစံသည် တကယ်ပဲ သူမဆီမှ အဖြေမရပါက သူမ၏လက်ကို လွှတ်ပေးမည့်ပုံ မပေါ်ပေ။ သူမသည်လည်း ထူပူရှက်ရွံ့နေတာကိုပဲ သိပြီး ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်နေချိန်တွင် သူသည် ထိုအခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ သူမ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ သူမကမပေးသေးသော အဖြေအား သူမ၏မျက်ဝန်းများထဲတွင် သူတွေ့နေရပြီဟု ဆိုကာ သူလိုချင်သော အဖြေကို သူမကပေးစရာမလိုဘဲ သူ့ဟာသူ ရှာဖွေ၍ အရယူလိုက်လေတော့၏။

ထို့နောက် သူသည် ဆုပ်ကိုင်ထားသော သူမ၏လက်တစ်ဖက်ကို အသာအယာ မယူပြီး သူ၏ ဘယ်ဘက်ရင်အုံနားကို ဖြည်းဖြည်းငြင်သာစွာ ထိကပ်စမ်းသပ်ကြည့်ခိုင်းပါသည်။ နွေးနေသော အထိအတွေ့တစ်ခုနှင့်အတူ  တစ်ဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံလှိုင်းတို့သည် သူ၏ခန္ဓာကိုယ်တွင်းမှတဆင့် သူဝတ်ဆင်ထားသောရှပ်အကျီ၏ အပြင်ဘက်ကို ဖြတ်ကျော်လာပြီး သူမလက်ချောင်းလေးများ၏ ထိပ်ဖျားလေးတွေမှတဆင့် သူမ၏ ကိုယ်တွင်းဆီသို့ကူးစက်စီးဝင်သွားပါတော့သည်။ သို့နှင့် သူမ၏နှုတ်ဖျားမှ သူ့အား တစ်ခွန်းတစ်လေမျှ အဖြေပေးစရာ မလိုတော့ဘဲနှင့် သူနှင့်သူမသည် ချစ်သူတွေ ဖြစ်သွားကြလေတော့သည်။ ထိုခဏအတွင်း၌မှာတွင်ပဲ သူမ၏မိခင် မှာကြားလိုက်သော နောင်လေးနှစ် ငါးနှစ်မှဆိုတာတွေ၊ ကွာခြားချက်တွေဆိုတာကိုလည်း သူမ မေ့လျော့သွားမိပါတော့သည်။ 

ကိုယ်လိုချင်သော အဖြေကို ရပြီးဖြစ်၍ သိပ်ကိုပျော်ရွှင်သွားခဲ့သောသူသည် အမှတ်တရအနေနဲ့ ဆင်တူဝက်ဝံရုပ်လေးနှစ်ကောင်ကို ၀ယ်ယူခဲ့ကာ တစ်ကောင်ကို သူမအားပေးခဲ့ပြီး တစ်ကောင်ကို သူကသိမ်းဆည်းထားဖို့ယူသွားခဲ့ပါသည်။ သူမ၏ နှုတ်ဖျားမှ "ချစ်တယ်" ဆိုသော စကားကို သူ့ကို ထုတ်ဟပြောဖို့ရာ အတော်ရှက်ရွံ့ခဲ့ပြီး နောင်အချိန်အတော်ကြာမှသာ ဖွင့်ဟပြောဖြစ်ခဲ့ပါသည်။

သူနဲ့သူမကြားမှာ ခြားနားခြင်းတွေ ရှိကောင်းရှိမည်။ သို့သော် အဲဒီနေ့ အဲဒီအချိန်မှစပြီး ထိုခြားနားခြင်းတွေ အားလုံးကို သူမတို့နှစ်ဦးစလုံးက အချစ်များဖြင့်သာ ညီညာလှပအောင် ညှိယူခဲ့ကြပါသည်။ 

******************************

နိုဝင်ဘာကို တကျော့ ပြန်ရောက်ခဲ့ပြန်ပြီ...။ အချိန်တွေက အကုန်မြန်လွယ်လွန်းလှသည်ဟု သူမ ထင်မိသည် ။ သို့ပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ တစ်ခုသောနိုဝင်ဘာလရဲ့ အဲဒီနေ့ အဲဒီအချိန်လေးကို ပြန်တွေးလိုက်တိုင်း သူမအတွက်တော့ ယခုထက်တိုင် ရင်ခုန်နွေးထွေးနေဆဲ။ တွေးမိတိုင်းလဲ နှစ်ခြိုက်စွာ ပြုံးမိနေဆဲပင်။

အင်ကြင်းသန့်

12 comments:

ကိုကိုမောင်(ပန်းရနံ့) said...

စာဖတ်ရင်း ငြိမ့်ငြိမ့်လေး စီးဆင်းမိတယ်။
.....
မနှစ်က ညီမ ရေးခဲ့တဲ့ ကဗျာလေးက အခုမှ ပို အသက်ဝင်လာသလိုဘဲနော်။ ကဗျာလေးထဲက "အမုန်းဆိုတဲ့စကားလုံး
ကိုယ်တို့အဘိဓါန်မှာမသုံး" ဆိုတဲ့အတိုင်း ရာသသက်ပန် ပျော်ရွှင်ကြည်နူးစွာ အမုန်းမဖက်ဘဲ လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Tuesday, November 22, 2011
အပြာရောင်နိုဝင်ဘာ
နိုဝင်ဘာရဲ့ နေ့တစ်နေ့မှာပေါ့
တိမ်တွေပြာမပြာဆိုတာ
အသေအချာ မသိခဲ့ရပေမယ့်
သူရယ်ကိုယ်ရယ်ကတော့
အပြာရောင်နယ်မြေထဲ
ခိုဝင်ခဲ့ကြတယ်....။

အဲဒီနယ်မြေမှာလား....
အထင်ကရ နန်းတော်ကြီးတွေတော့ မရှိပါဘူး
အရူးအမူးချစ်တတ်သူနှစ်ဦးရဲ့
ထူးခြားစွာဆောက်တည်ထားတဲ့
ပြာလဲ့လဲ့ ဗိမာန်တစ်ခုပဲရှိတယ်....။

ဘာတွေအတွက် စိုးရိမ်နေရဦးမလဲ
ဆာလောင်မှုတွေ ဆိတ်သုဉ်းဖို့လား
အနမ်းတွေကို ဝေမျှစားသုံးပစ်လိုက်တယ်....။

နတ်သဘင်တမျှ ခမ်းနားဖို့လည်းမလိုအပ်ခဲ့ပါဘူး
အချစ်ရဲ့လက်နဲ့တို့ထိလိုက်တဲ့အခါတိုင်း
ရောင်စဉ်တွေဖြာထွက်
တဖိတ်ဖိတ်လက်နေတဲ့ ဗိမာန်ပဲမဟုတ်လား....။

သူရေးဖွဲ့တဲ့ ကိုယ့်နေ့ညတွေအကြောင်း
ကိုယ်ထုဆစ်တဲ့ သူ့နေ့ညတွေအကြောင်း
တိမ်တိုက်တွေကို ခိုစီး
တေးသွားတွေအဖြစ် ဆိုညည်းမိတော့
ကြယ်လေးတွေက လက်ခုပ်တီးပေးကြတယ်....။

အဲဒီနယ်မြေကိုခြေချတဲ့နေ့မှစ....
"အမုန်းဆိုတဲ့စကားလုံး
ကိုယ်တို့အဘိဓါန်မှာမသုံး" လို့
ကမ္ပည်းလည်း ရေးမှတ်ခဲ့ကြသေးတယ်....။

ဒီလိုနဲ့....
ကမ္ဘာတည်သရွေ့မှာ
သေချာနေတာက
တို့နှစ်ယောက်ရဲ့နိုဝင်ဘာဟာ
အပြာရောင်ပဲဖြစ်နေဦးတော့မယ်။ ။

အင်ကြင်းသန့်

Anonymous said...

း)
ဘဝတစ်လျှောက်လုံး ချမ်မြေ့ခြင်းတွေနဲ့ ပြည့်စုံပါစေ တဲ

ကိုယ်စိတ်နှစ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့သောဘဝကို ပိုင်ဆိုင်ပါစေ
မိုး

မိုးငွေ့........ said...

ဖတ်ရတာကြည်နူးစရာလေး...

သက်ဝေ said...

ကြည်နူးစရာကောင်းသော၊ လှပ ခန်းနားသော၊ ရှင်သန် ခိုင်မာသော၊ ထာဝစဉ် အမှတ်တရ ရှိနေမည်ဖြစ်သော နိုဝင်ဘာ ချစ်ခြင်း...

ညီရဲ said...

ဒီလိုနဲ့ ... အဲဒီလိုနဲ့ ... နိုဝင်ဘာ နေ့ ရက်တွေက အပြာလွင်ဆုံးတောက်ပ ချစ်ခြင်းတွေ ခိုင်မြဲခဲ့တယ်ပေါ့...

ဟူး... ကြာလိုက်တာ... စာတစ်ပုဒ် ဖတ်ဖြစ်ဖို့ အရေး နိုဝင်ဘာထိ စောင့်လိုက်ရတယ်...:D

ဇွန်မိုးစက် said...

ဂျင်းရေ... မမတစ်နေ့လုံး အပြင်ရောက်နေတာနဲ့ ခုမှ လာဖတ်ရတယ်။
လတ်စသပ်တော့ ဂလိုကိုး။ :-)

Happy Anniversary naw!

နိုဝင်ဘာမှစသော ချစ်ခြင်းတွေ အသက်ထက်ဆုံး ခိုင်မြဲပါစေလို့... ^_^

ဂျင်းကိုချစ်တဲ့
မဇွန်

သိင်္ဂါကျော် said...

ချစ်သော နိုဝင်ဘာ..... :):)

ချော(အစိမ်းရောင်လွင်ပြင်) said...

အော်အော်
ဒါကြောင့်ပျောက်နေလိုက်တာ နိုဝင်ဘာရောက်မှ ပြန်ပေါ်လာပေတော့သကိုး...း)
ကွာဟချက်ဆိုတာလည်း နှလုံးသားချင်းနီးရင် နီးသွားတတ်တာပါဘဲလေ (ဟက်ဟက် လူတတ်ကြီးလုပ်ပြီး ပြောလိုက်ဦးမယ်.။ ကိုယ်တောင်အဖြစ်မရှိတာ သူများကိုသွားပြောနေတယ် ) :P:P
ငါ့ညီမအတွက်လှပရင်ခုန်စရာနိုဝင်ဘာတွေ နှစ်တိုင်းရှိနေပါစေလို့..

သဒ္ဓါလှိုင်း said...

ဂျင်းမလေးနဲ့အတူ နွေးထွေးသွားပါရောလား ...
ပြီးတော့ ပြုံးလိုက်မိတယ်...
လှပတဲ့ နိုဝင်ဘာနဲ့အတူ
ချစ်တဲ့
သဒ္ဓါ

Anonymous said...

jINNNNNNNNNNNNNNNNNN


:))))))



MOE PAR

misssss U Much :)))

မဒမ်ကိုး said...

အိမ်ရှင်စာရေးပါဦးဟ :P

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သတိတရရှီနေပါတယ်ခ်ဗျာ့