Pages

Monday, February 13, 2012

အောင်ဆန်းဇာနည်

မနေ့က ရုံးပိတ်ရက် အိမ်မှာလူစုံတုန်း အိမ်က အစ်မက "ဒီနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့က ပြည်ထောင်စုနေ့၊ မနက်ဖြန် ဖေဖော်ဝါရီ ၁၃ က ဗိုလ်ချုပ်မွေးနေ့" လို့ ဆိုလိုက်တော့ အနားမှာရှိတဲ့ ၁၉၉၀ပြည့်နှစ်ဖွား ညီမငယ်လေးတစ်ယောက်က "ဗိုလ်ချုပ်ဆိုတာ ဘယ်သူလဲ၊ ဘယ်သူ့ကိုပြောတာလဲ" တဲ့။

အစ်မလုပ်တဲ့သူကတော့ အဲဒီမေးခွန်းကို မေးရပါ့မလား၊ ဒါလေးတောင်မသိရကောင်းလားလို့ ရီတယ်။ ကျွန်မကတော့ ရီလည်း မရီချင်သလို မေးတဲ့သူကိုလည်း အပြစ်မတင်ချင်ပါဘူး။ ကျွန်မတို့ကတော့ ဖေဖော်ဝါရီ ၁၃ လို့ ဆိုလိုက်တာနဲ့ ဗိုလ်ချုပ်မွေးနေ့ဆိုတာ အရိုးထဲမှာ စွဲနေပြီးသား။ ဗိုလ်ချုပ်လို့ဆိုလိုက်တာနဲ့လည်း နာမည်တောင်ထည့်ပြောစရာမလိုပဲ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ တန်းသိပြီးသား။ သိဆို ဗိုလ်ချုပ်တွေ ဘယ်လောက်ပဲများများ ကျွန်မတို့ရင်ထဲက ဗိုလ်ချုပ်က တစ်ယောက်ထဲပေပဲကိုး....။

ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ကျန်တာတွေကို ထဲထဲဝင်ဝင် မလေ့လာ မလိုက်စားမိလို့ တိတိပပ မသိရှိရင် နေပါစေ။ ကျွန်မတို့ တတိယတန်းကတည်းက နှုတ်တက်ရွရွ ရွတ်ဆိုကျက်မှတ်လာခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကိုတော့ သင်ဖူးတဲ့လူတိုင်း မှတ်မိနေကြသင့်တယ်လို့ ထင်ပါတယ်။ အဲဒီကဗျာလေးကို မမေ့တဲ့သူတိုင်းလည်း ဖေဖော်ဝါရီ ၁၃ကို မေ့မယ်မထင်ပါဘူး။ အခုနောက်ပိုင်း ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေ ပြောင်းကုန်ပြီလား၊ အဲဒီကဗျာလေးကို ကျောင်းသင်ခန်းစာတွေမှာ သင်ရသေးလား၊ မသင်ရတော့ဘူးလားလည်း မသိတော့ပါဘူး။ (ကြုံမှ မေးကြည့်ပါဦးမယ်။) ကျွန်မကတော့ အဲဒီကဗျာလေးကို ဘယ်အချိန်ထမေးမေး အမြဲအလွတ်ရနေလေ့ရှိတယ်။

"အောင်ဆန်းဇာနည်"

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။

၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်သော ကျွန်မတို့ချစ်သော ဗိုလ်ချုပ်၏ (၉၇)နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ။

အင်ကြင်းသန့်


8 comments:

မြတ်ကြည် said...

ညီမတို့တုန်းကတော့ မပြောင်းဘူးအစ်မရေ၊ အခုထိကဗျာလေးကို အလွတ်ရတုန်းပဲ။ ၂၀၀၄ ဆယ်တန်းအောင်တာ။

Anonymous said...

"အောင်ဆန်းဇာနည်"

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း

P.S 90 နှစ်အောက်မွေးသူတိုင်းသင်ဖူးမှာပါ။ နောက်ပိုင်း ကျော်သင်တာတွေ့ ဖူးတယ်။ မိုးသင်ပေးတော့ ကျောင်းမှာမသင်ဖူးတဲ့ ရင်နာစရာ...နှစ်မမှတ်မိလို့  ခုစဉ်းစားနေတာ..

seesein said...

ကျွန်မတို့ချစ်သော ဗိုလ်ချုပ်၏ (၉၇)နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ။

ကျေးဇူးအထူးတင်ရှိပါတယ်
ဂျင်းလေးရော ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ....

Anonymous said...

ကောင်းကောင်းကြီးသင်ခဲ့ရတာပေါ့။
အခုတော့သင်မသင်မသိရပါဘူး။
အများအကျိုးအတွက်..မစားဘဲစွန်ခဲ့သူ
ဗိုလ်ချုပ်...
ကောင်းရာသုဂတိလားပါစေ...။

ခင်မင်လျှက်
မိစံ

မအိမ်သူ said...

ဗိုလ်ချုပ်ကိုမသိဘူးလို့ကြားရတာ စိတ်တောင်မကောင်းဘူး။ အစ်မတို့တုံးကတော့ ကျောင်းတွေမှာ ဗိုလ်ချုပ်ဆိုတာကို အသည်းထဲစွဲနေအောင်ကို ပုံစံအမျိုးမျိုးနဲ့ သင်ခဲ့ရတာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗိုလ်ချုပ်မွေးနေ့မှာ တခုတ်တရ ထပြီး ဂုဏ်ပြုစာရေးတဲ့ ငါ့ညီမကို လေးစားပါတယ်။
မြန်မာပြည်သူ ပြည်သားတိုင်း ဗိုလ်ချုပ်ကို သိကြပါစေလို့ ဆုတောင်းပါတယ်။

မြတ်မွန် said...

ှုငယ်ငယ်က ကဗျာလေး ပြန်ဖတ်သွားတယ် ဂျင်းရေ..
ဒီနေ့အတွက်ရော ဘာရေးမလဲ..

ဇွန်မိုးစက် said...

မမေ့သင့် မမေ့အပ်တဲ့ ကဗျာလေးအတွက် ကျေးဇူးပါ ဂျင်ဂျင်းရေ။