Pages

Wednesday, September 14, 2011

ဘလော့ဆိုတာ ? ဘလော့ဂါဆိုတာ ?

“ဘလော့ဆိုတာဘာလဲ”လို့ မေးလာရင် ဖြေတဲ့အဖြေတွေက တစ်ယောက်နဲ့တစ်ယောက် တူကြမှာတော့ မဟုတ်ပါဘူး။ တစ်ချို့ကကျတော့လည်း ဘလော့ကို အိမ်နဲ့တင်စားကြတယ်။ တစ်ချို့ကကျတော့လည်း နေရာလေးတစ်ခုခုနဲ့ တင်စားကြတယ်။ အချက်အပြုတ်ကို နှစ်သက်တဲ့သူတွေကျတော့လည်း မီးဖိုချောင်လေးအနေနဲ့ တင်စားကြတာတွေလည်း ရှိရဲ့။

ကျွန်မကတော့ ဘလော့ဆိုတာကို ဒိုင်ယာရီလေးအနေနဲ့ ထင်မြင်သတ်မှတ်မိပါတယ်။ “ဒိုင်ယာရီ”လို့ဆိုတာထက် “မှတ်တမ်း”ပေါ့လေ။ တခြားဘလော့ဂါတွေရဲ့ ဘလော့လေးတွေကိုလည်း သူတို့ရဲ့ ကိုယ်စီမှတ်တမ်းလေးတွေလို့ပဲ ကျွန်မက သဘောထားပါတယ်။ ဒိုင်ယာရီထဲမှာဆိုရင် ဒီနေ့ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာတွေခံစားရတယ် စသဖြင့် ကိုယ့်ရဲ့ တစ်နေ့တာဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ရေးမှတ်ကြသလိုမျိုး ဘလော့ပေါ်မှာကျတော့လည်း မှတ်တမ်းလေးတွေအနေနဲ့ ရေးလို့ရတယ်လေ။

“ဒိုင်ယာရီ”ဆိုရာမှာလည်း စာအုပ်ဒိုင်ယာရီနဲ့ ဘလော့ဒိုင်ယာရီ အတော်တော့ကွာပါတယ်။ တကယ့်အပြင်က ဒိုင်ယာရီကကျတော့ စာကိုပဲ ချရေးလို့ရတာပေါ့။ ဒီ“ဘလော့”ဆိုတာကကျတော့ စာလည်းရေးလို့ရတယ်။ စာဆိုရာမှာလည်း ကဗျာ၊ ဆောင်းပါး၊ သတင်း၊ ၀တ္ထု မိမိကြိုက်နှစ်သက်သလိုပေါ့….၊ ဓါတ်ပုံတွေလည်း တင်လို့ရတယ်၊ သီချင်းတွေ၊ ဇာတ်ကားတွေ၊ စာအုပ်တွေ…. စသည်ဖြင့်...ကိုယ်ကြိုက်နှစ်သက်တာမှန်သမျှ အကုန်တင်လို့ရပါတယ်။

နောက်တစ်ခုက အပြင်က ဒိုင်ယာရီဆိုတာမျိုးက ကိုယ်ရေးထားတာကို သူများတွေ ဖတ်မိမှာ စိုးရိမ်တယ်။ ကိုယ့်ခံစားချက်တွေကို လူတွေသိမှာ စိုးတယ်။ ဘလော့ကျတော့ ပြောင်းပြန်။ ကိုယ်ရေးထားတာ၊ ကိုယ်ခံစားမိတာ၊ ကိုယ်သိတာတွေကို သူများတွေကိုလည်း သိစေချင်၊ ဖတ်စေချင်၊ မျှဝေချင်လို့ကို ဘလော့ပေါ်မှာ တင်ပြလိုက်တာ။ ဒါပေမယ့် ဘလော့ရဲ့ပိုင်ရှင် ဘလော့ရေးသူ (ကျွန်မတို့အခေါ် ဘလော့ဂါပေါ့) အနေနဲ့ကတော့ စဉ်းစားရမှာပေါ့။ “အို… ကိုယ့်ဘလော့ပဲ၊ ကိုယ့်ဒိုင်ယာရီပဲ၊ ကိုယ့်မှတ်တမ်းပဲ၊ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ်ရေးချင်တာရေးမယ်….ဘာဖြစ်လဲ” ဆိုတာမျိုးတော့ မဖြစ်စေသင့်ဘူးပေါ့။ ဘလော့ဆိုတာက အိုးပန်းဒိုင်ယာရီလေ…။ ကိုယ့်ဒိုင်ယာရီကို မတော်တဆ မျက်စိလည် လမ်းမှားပြီးတော့ လာဖတ်မိတဲ့သူတွေရှိသလို တမင်ဖတ်ချင်လို့ကို လာရောက်ဖတ်ရှုကြတဲ့သူတွေလည်း ရှိကြမှာပဲ။ ဘာပဲပြောပြော အဲဒီစာဖတ်သူတွေကိုတော့ အမှန်တကယ်လေးစားမှု ရှိရပါမယ်။

ဘယ်သူမဆို အလွယ်တကူ ၀င်ကြည့်လို့ရနေတော့ကာ ဘလော့ဂါအနေနဲ့လည်း မှတ်တမ်းကို လာရောက်ဖတ်ရှုသူတွေကို မလေးမစားဖြစ်စေမယ့်၊ စော်ကားသလိုဖြစ်စေမယ့် အရေးအသားမျိုးတွေ၊ အဆိပ်အတောက်ဖြစ်စေမယ့် စာမျိုးတွေကို မရေးသားမိစေဖို့ကိုတော့ သတိထားရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ရေးလိုက်တဲ့စာဟာ ကိုယ့်ရဲ့အတွင်းစိတ်ကို ထင်ဟပ်ပြသနေတတ်ပါတယ်။ တစ်နည်းပြောရရင် ဘလော့ဆိုတာ ဘလော့ဂါတစ်ယောက်ရဲ့ တစ်စိတ်တစ်ဒေသသောသမိုင်းပဲလို့ ကျွန်မကတော့ ထင်မိပါတယ်။

“ဘလော့ဆိုတာ” ပြီးတော့ “ဘလော့ဂါဆိုတာ”ပေါ့…။ ဘလော့ဂါဆိုတာက သူများထက်ထူးပြီး ခေါင်းတစ်လုံးအပိုပါနေသူတော့ မဟုတ်ပါဘူး။ သာမန် ပခုံးနှစ်ဖက်ကြား ခေါင်းတစ်လုံးပေါက်တဲ့ သူလိုကိုယ်လိုလူပါပဲ။ အပြင်ပုံပန်းကို ကြည့်ရင်ပေါ့လေ။ အဲ....ဒါပေမယ့် သူများနဲ့မတူ တမူကွဲပြားနေတာကတော့ သူ့ရဲ့စိတ်ပါ...။ ဘလော့ဂါတစ်ယောက်အတွက်က မနက်မိုးလင်း အိပ်ရာကထချိန်ကနေ၊ မိုးချုပ်လို့ မျက်စိနှစ်လုံးပိတ် အိပ်တဲ့အချိန် ရောက်သည်အထိ သူ့ပတ်ဝန်းကျင်မှာ တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှ အရာရာဟာ စူးစမ်းချင်စရာ (စပ်စုချင်စရာလို့ မှားမဖတ်မိပါစေနဲ့)၊ လေ့လာချင်စရာ၊ တွေးတော ဆင်ခြင်စရာ၊ ခံစားစရာတွေ ဖြစ်နေတတ်ပါတယ်။

တနည်းအားဖြင့် ဆိုရရင် အရာရာဟာ ဘလော့ဂင်းချင်စရာတွေချည်း ဖြစ်နေတတ်ပါတယ်။ တစ်ခြားသူတွေ မမြင်မိတဲ့၊ မတွေးမိတဲ့၊ သတိမထားမိတဲ့အရာတွေကို သူက မြင်တတ်၊ ကြားတတ်၊ တွေးတတ်ပါတယ်။ သာမန် ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုတောင်မှ သူလက်ထဲရောက်ရင် ပိုစ့်တစ်ပုဒ်ဖြစ်သွားတတ်ပါတယ်။ ကျွန်မဆိုရင် သူငယ်ချင်းတွေကို ရယ်စရာအနေနဲ့ ပြောလေ့ရှိတယ်။ “နင်တို့တွေနော် ဘလော့ဂါတွေရှေ့များ ယောင်လို့တောင် ခလုတ်မတိုက်မိစေနဲ့၊ ဘလော့ထဲပါသွားလိမ့်မယ်လို့…”။ “ရုတ်ရုတ် ရုတ်ရုတ်မလုပ်ကြနဲ့နော် ဘလော့ထဲ ထည့်ရေးပစ်မယ်၊ နာမည်တွေနဲ့တကွ ပါသွားမယ်…ဘာမှတ်လဲ” လို့လည်း တစ်ခါတစ်လေ ခြိမ်းခြောက်တတ်ပါသေးတယ်။ ဘလော့ဂါဆိုတာ အဲလိုလည်း ကြောက်စရာကောင်းပါတယ်။

တစ်ခါတစ်လေကျပြန်တော့လည်း အတွေးထဲမှာတင် စာတွေ ရေးနေမိတာက တစ်ပိုဒ်စာ၊ နှစ်ပိုဒ်စာကနေ ပိုစ့်တစ်ပုဒ်လုံးစာ အထိ။ ရုံးမှာ အလုပ်တွေလုပ်နေရင်းကိုပဲ တစ်ခါတစ်ခါ ကဗျာလေး ကောက်စပ်ချင်လာလိုက်၊ တစ်ခါတစ်ခါ ရေးချင်တဲ့ အကြောင်းအရာ တစ်ခုခုက စိတ်ထဲမှာ ဖျတ်ကနဲ ပေါ်လာလိုက်နဲ့….။ လုပ်လက်စ အလုပ်ကို ရပ်ထားပြီး ကဗျာတွေ၊ စာတွေ ထိုင်ရေးနေဖို့ရာကလည်း မဖြစ်နိုင်ဆိုတော့ စာရွက်အကြမ်းတွေယူ၊ ဟိုနား တစ်ကြောင်းတို့ထားလိုက်၊ ဒီနား တစ်ကြောင်းမှတ်ထားလိုက်၊ မှတ်ထား တို့ထားတာတွေကို အလုပ်လုပ်နေတဲ့ စာရွက်ပုံအောက်ထဲ ထိုးထည့်ထားလိုက်ပေါ့။ ပြီးမှ အဲဒီအကြမ်းတွေကို လိုက်စု၊ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဖြစ်အောင်ပြန်ဆက်...အဲလိုတွေလုပ်ရတာပါ....။ ဒါပေမယ့် အလုပ်တွေ ဘယ်လောက်ရှုပ်နေပါစေ၊ မကြာခဏဆိုသလို ကိုယ့်ဘလော့ဆိုဒ်ဘားမှာ ဘယ်သူတွေ ပိုစ့်အသစ်တွေတင်ထားလဲ ၀င်ဝင်ကြည့်ရသေးတာ။ စိတ်ဝင်စားတဲ့ ပိုစ့်လေးတွေဆို ကွန်ပြူတာထောင့်နေရာလေးမှာ Windowကို သေးသေးလေးထားပြီး ပုန်းလျှိုးကွယ်လျှိုးဖတ်ရသေးတာ။ အဲလောက် အလုပ်တွေကြိုးစားနေတဲ့ “ဘလော့ဂါ”ဆိုတဲ့သူကို အလုပ်ခန့်ထားမိမှန်း သူဌေးသာ သိသွားရင်လည်း သူ့ကိုယ်သူ ဂုဏ်ယူလို့မဆုံးဖြစ်မှာ အသေအချာပါပဲ။

ဘလော့ဂါဆိုတာ ဘလော့ဂါအချင်းချင်းကြားမှာသာ အထူးအဆန်းမဟုတ်တာ ဘလော့ဂါမဟုတ်တဲ့ အပေါင်းအသင်း၊ မိတ်ဆွေတွေကြားမှာတော့ သူက မဆိုသလောက်လေး နေရာရတတ်သေးတာ။ အပေါင်းအသင်းတွေကြားမှာ ဒါ ဘလော့ဂါကြီး ".........." လေ ဆိုပြီး မိတ်ဆက်ပေးခံရလို့ကတော့ ပီတိတွေကိုဖြာလို့။ အဲဒီမှာမှ မိတ်ဆက်လိုက်တဲ့သူက "ဟယ်…အဲဒီနာမည်ကြားဖူးတယ်၊ သိတယ်၊ သိတယ်" ဆိုလို့ကတော့လား ကိုယ့်ကိုကိုယ် မြောက်တက်မသွားအောင် မနည်းထိန်းရပါတယ်။ ဒါ့ထက်ပိုပြီး သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ကများ "ငါလေ နင့်ဆိုဒ်မှာ စာတွေဝင်ဝင်ဖတ်တယ် သိလား၊ နင်ရေးထားတာလေးတွေ မဆိုးဘူးဟ..." ဘာညာလို့သာ နည်းနည်းလေး ထပ်ပင့်လိုက် ဂျွမ်းတွေဘာတွေတောင် ထထိုးပစ်ချင်စိတ်တွေ ပေါက်မိတော့တာ (တစ်ခါမှတော့ မထိုးရသေးပါဘူး......)။ အဲ….တစ်ခါတစ်လေကျတော့ (တကယ်တော့ တစ်ခါတစ်လေမဟုတ်ပါဘူး....အမြဲတမ်းလိုလိုပါ) “မသိဘူး… အဲဒီနာမည် တစ်ခါမှ မကြားဖူးဘူး” ဆိုတဲ့သူနဲ့လည်းတွေ့ရော မချိပြုံးလေးနဲ့အသာ ပြုံးပြလိုက်ရပေမယ့် အဲဒီနားမှာတင် ခွေခေါက်လဲသွားတော့မယောင်ကို စိတ်အားက ငယ်သွားတတ်သေးတာ။ တချို့ကကျတော့လည်း ဘလော့ဂါဆိုရင် စပ်စပ်စုစုသမား (တကယ်တော့ နှံ့နှံ့စပ်စပ်ရှိတာကို ပြောချင်တာပါ…) လို့ ထင်နေပုံရပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် ကိစ္စတွေဆို ဘလော့ဂါကြီးရှိတယ် ဆိုပြီးတော့ အားကိုးတကြီး လာမေးတတ်ကြတာက ရှိသေးတယ်။

ဒါပေမယ့် ဘလော့ဂါဆိုတဲ့သူတွေဟာ တင်္ခဏုပ္ပတ္တိဥာ‍ဏ်တော့ အတော်ထက်သန်ကြတယ်လို့ ကျွန်မထင်ပါတယ်။ မယုံရင် မိတ်ဆွေဖွဲ့ပြီး စကားပြောကြည့်၊ အပေါင်းအသင်း လုပ်ကြည့်လိုက်ပါလား။ မုန့်တွေဘာတွေ ဆိုင်မှာလိုက်ဝယ်ကျွေး၊ အိမ်ကို ထမင်းတွေဘာတွေ ဖိတ်ကျွေးကြည့်ပါလား။ တစ်ချို့ဘလော့ဂါတွေက အဲလို ကျွေးသမျှ၊ ဖိတ်သမျှကို အားမနာတမ်းလည်း လိုက်စားတတ်သေးတာ….။

ဘလော့ဂါတွေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ကြတယ်ဆိုတာလည်း တော်ရုံတန်ရုံရေစက် မဟုတ်ဘူးလို့ ထင်ပါတယ်။ ဘလော့ဂါတွေက ခင်မိပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် (မမြင်ဖူး မတွေ့ဖူးကြသည့်တိုင်) တကယ့် ညီအစ်မရင်းတွေလို၊ မောင်နှမရင်းချာတွေလို၊ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားတတ်ကြပါတယ်။ နောက်တစ်ခုက ဘလော့ဂါတွေဟာ လူမှုရေးကိစ္စတွေနဲ့ပတ်သက်လို့ အကူအညီတောင်းပြီဟေ့ ဆိုရင်လည်း တက်တက်ကြွကြွနဲ့ ပါဝင် လှုပ်ရှားပေးတတ်ကြသေးတာပါ။ (မယုံမရှိပါနဲ့ ဘလော့ဂါတွေဆီကို အလှူသွားခံကြည့်လိုက်ပါ ..လက်တွေ့သိရပါလိမ့်မယ်..)။

ဘာတွေဘယ်လိုပဲပြောပြော ဘလော့ဂါဆိုတဲ့သူတွေဟာ စိတ်ရင်းစိတ်ခံကောင်းရှိတဲ့ သူတွေဖြစ်ကြတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်အရာမှ အလကားမရတဲ့ခေတ်၊ ဘာမဆိုလွယ်လွယ်ကူကူ မရနိုင်တဲ့ခေတ်မှာ ပိုက်ဆံတစ်ပြားမှမရဘဲ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ရဲ့ စိတ်အား၊ လူအား အချိန်တွေပါ အကုန်ခံပြီး ကိုယ့်ရဲ့အမြင်၊အတွေးတွေ၊ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေကို မှတ်တမ်းတင်ပြီး အလကားမျှဝေပေးနေတာဟာ တော်ရုံတန်ရုံ စိတ်ရင်းစိတ်ခံမကောင်းဘဲနဲ့တော့ လုပ်လို့မရတာ အသေအချာပဲမို့ပါ။

ဘလော့နဲ့ ဘလော့ဂါဆိုတာ ဘာလဲဆိုတာကို ဒီလောက်နဲ့ပဲ တော်ပါပြီ။ ကျွန်မရေးပြခဲ့တဲ့ အကြောင်းအရာတွေက ကျွန်မရဲ့တစ်သီးပုဂ္ဂလ ခံစားချက်တွေ၊ အမြင်တွေကို ရေးပြထားတာပါ။ ဘလော့ဂါတိုင်းအတွက် အလုံးစုံမှန်လိမ့်မယ်လို့တော့ ကျွန်မ မဆိုလိုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်က မမရွှေစင်ရဲ့ တက်ဂ်ပိုစ့်လေးပါ။ ညီမလေးကို စာတွေ အရမ်းပြန်ရေးစေချင်လို့ တကူးတကတက်ဂ်ပေးတဲ့ မမရွှေစင်နဲ့ မမစည်းစိမ်ကို ကျေးဇူး အများကြီးတင်ပါတယ်။ ဒီဘလော့နဲ့ဘလော့ဂါဆိုတဲ့ အကြောင်းကို တော်တော်များများလည်း ရေးထားပြီးကြပါပြီ။ ကျွန်မအနေနဲ့ စာတွေရေးရင် ဘယ်သူ့ကိုမှ မတက်ဂ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ဒီပိုစ့်လေးကိုတော့ နောက်တစ်ယောက်လောက်ကို တက်ဂ်လိုက်ချင်ပါသေးတယ်။ နောက်ထပ် ဘလော့နဲ့ဘလော့ဂါဆိုတာဘာလဲလို့ဆိုတဲ့ အကြောင်းကို ပြောပြဖို့ ဆင်တဲကဖေးကကိုချိုကျ ဘ၀ကနေ ဘလော့တစ်ခုထဲမှာ ရေးရတာနဲ့တင် အားမရလို့ နောက်ထပ် ကိုယ်ပိုင်ဘလော့တစ်ခုဖွင့်ပြီးတော့ ကိုဖိုးကြယ်ဘ၀ကိုပါ ခံယူထားတဲ့ ဘလော့ဂါကြီးကို ဆက်တက်ဂ်ချင်ပါတယ်။ ဘလော့ဂါဆိုတာ အဲသလိုမျိုး ရေးပေးမလား မရေးပေးဘူးလားလို့ ဘလော့ဂါအချင်းချင်း လည်ပင်းညှစ် ခြိမ်းခြောက်မှုလည်း လုပ်တတ်ပါသေးတယ်။


အင်ကြင်းသန့်

31 comments:

sosegado said...

အင်ကြင်းပြောသလို စဉ်းစားပြီး ရေးပြီးမှ မတင်ဖြစ်တာလဲ ရှိပါတယ်၊

SHWE ZIN U said...

ဟားဟား ညီမ ရေ ရီရင်းနဲ့ဖတ်နေတာ... ညီမ ရဲ့ ဘလောဂ့်ဂါ လေး ကလည်း အဖြစ်မှန် တွေကို ဟာသ လေး နဲ့ ရေးထားတဲ့ အတွက်ဖတ်လို့ကောင်းပါတယ် ဆက်လက်ပြီး ကိုယ်ပိုင် ဘလောဂ် လေးထဲမှာ ကိုယ်ပိုင် စာလေး တွေ အများကြီးရေးနိုင်ပါစေ

ဘလောဂ်ဂါ ကြီးဟာ မျက်စိကြီးနားကြီး ဆိုတော့ မေးပရစေ ဧရာဝတီ ဟာဘယ်လို အခြေအနေ ရှိပါသလည်း ဘယ်လို ဆက်လုပ်ကြမယ်လို့ ထင်ပါသလည်း ... ဟားဟားးးးးးးးး

ကျေးဇူး ညီမရေ
ချစ်တဲ့
အမရွှေစင်

seesein said...

ဂျင်းးးးးး
ဘလော့ဂါဆိုတာ ခြိမ်းခြောက်လည်ပင်းညှစ်တတ် သေးတယ် ကြောက်ထှာရှင် ....ဒါနဲ့ဘလော့ဂါတွေစီ အလှူခံအုံးမယ် သဘောကောင်းကြတယ်ဆိုလို့း))
မျက်စိကြီးနားကြီးတာ အဲလိုခြိမ်းခြောက်ချော့ မြောက်လုပ်ကြလို့ နေမှာနော ပြည်လေသံလေးနဲ့ပြောရရင် ဟုတ်မှာာ......ပေါ့ပေါ့ပါးပါးးးးးလေးနဲ့ ဖတ်ရတာ ကောင်းလိုက်တာ ကိုယ်ပိုင်လက်ရာလေးတွေ လုပ်ပါအုံး မျှော်နေမယ်နော

ခင်မင်တဲ့
seesein

သဒ္ဓါလှိုင်း said...

အဲလိုခြိမ်းခြောက်လည်ပင်းညှစ်မှာကြောက်လို့ ရှောင်နေပါတယ်ဆိုနော်။း)
ဂျင်းရဲ့ ဘလော့ဂါဆိုတာလေးကလည်း စိတ်ဝင်စားစရာလေးပါ။ ရှေ့ဆက်ပြီးတော့လည်း ဂျင်းရဲ့ ဒိုင်ယာရီလေးကို အမြဲဖတ်ခွင့်ရချင်ပါတယ်။
ချစ်တဲ့
သဒ္ဓါ

မိုးငွေ့...... said...

မှန်၏ ဘလော့ဆိုတာ ကိုယ်တို့ရဲ့ မှတ်စုစာအုပ်လေးပါပဲ ဟိုးး အရင်ငယ်ငယ်တုန်းကတော့ ကိုယ်ရေးတဲ့ မှတ်စုကိုသူများခိုးဖတ်မစိုးလို့ ဖွက်ရတာအမောပေါ့ ခုတော့လည်း...မှတ်စုဆိုတာတစ်ကမ္ဘာလုံးက လူတွေ ဖတ်ခွင့်ရတဲ့နေရာလေးဖြစ်နေပြီ...။ အဲဒီလိုဖန်ဆင်းသူကို ဘလော့ဂါဟုခေါ်သည်ပေါ့ ဂျင်းလေး....။

ခင်တဲ့
မိုးငွေ့

ပေါ့ဆိမ့် said...

ဘလော့ရွာမှာ စိတ်သွားတိုင်းကိုယ်မပါ မလည်ဖြစ်တာ ကြာခဲ့ပါပြီ...
အင်းကြင်းဆီလည်း မရောက်ဖြစ်တာကြာသွားပြီ...
ခုတလောတော့ စာတွေ လိုက်ဖတ်ဖြစ်ပါတယ်...
ဒီပို့စ်လေးလည်း သေချာဖတ်သွားပါတယ်...
ခင်မင်စွာဖြင့်
ဆင်တဲကဖေး

TZA said...

ရေးတတ်လိုက်တာဗျာ၊ ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် အလုပ်ကနေ ထိုက်သင့်တဲ့ ဆေးဘိုးဝါးခနဲ့ လျော်ကြေးတွေ ပြန်ပေးမယ်လို့ ထင်ပါတယ်၊ ပြန်လည်းပေးသင့်ပါတယ်။

TZA said...

ဆောဒီး ဂျင်ဂျင်းရေ.. အောက်ကလင့်ခ်ထဲက ကြယ်လွမ်းသူရဲ့ ပို့စ်မှာ ကော်မန့်ရေးမလို့ ဝင်းဒိုးနှစ်ခုဖွင့်ထားတော့ ဂျင်းဘလော့ဂ်မှာ ရေးမိလျက်သားဖြစ်သွားတယ်၊ ဟီးဟီး..

http://kyelwannthu.blogspot.com/2011/09/blog-post.html#comments

အင်ကြင်းသန့် said...

ကိုတီတို့များ ပြောပြောချင်ဘူး...တကယ့်လူနောက်ပဲ...
ကွန်မန့်များနေရာမှားပေးရတယ်လို့....
(အဲဒါလည်း ဘလော့ဂါလို့ခေါ်ပါတယ်) :D :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျီးတော်
ဘလော်ဂါဖွင့်ဆိုပုံကောင်းလှချည့်တော်
ဒါနဲ့ အလှူခံလာရင် ပုန်းနေမဲ့ ဘလော်ဂါထဲမှာ ထိပ်ဆုံးကပါတယ်နော်
အလှူတော့ လာမခံနဲ့ ဒါဘဲ ဟိဟိ။
မုန့်ကျွေးမယ်ဆိုရင်တော့ ရေခြားမြေခြားလည်းလိုက်စားတယ်ဟေ့။
မယုံရင်ခေါ်ကျွေးပါလား လာဦးမှာ။
စာရေးကောင်းတဲ့ ငါ့ညီမ
စာတွေ များများရေးစေချင်တယ်
ဖေ့ဘွတ်ထဲ မျက်နှာအပ်မနေနဲ့။ ဘလောဂ့်ကိုလည်း ကိုယ့်ရည်းစားလို သဘောာထားဦး။

ချယ်ရီမြေ said...

မှန်တာပေါ့... ဘလော့ဆိုတာ တကယ်တော့ဒိုင်ယာရီပါပဲ၊ ကိုယ့်ခေါင်းအုံးဘေးမှာထားတဲ့ ဒိုင်ယာရီနဲ့ကွာတာဆိုလို့ လူအများဖတ်ခွင့်ရှိတာနဲ့ မရှိတာပဲကွာတာပါ။ ဘလော့ဂါဖွင့်ဆိုချက်လေး သဘောကျစွာဖတ်သွားပါတယ် မအင်ကြင်းသန့်....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ညီရဲ said...

အင်ကြင်းဘလော့ကို ကျွန်တော် မကြာမကြာ ဝင်ဖတ်ဖြစ်ပါတယ်။ ရေးတာလေးတွေ တော်တော်ကောင်းတယ်။ စာရေးဆရာ တစ်ယောက်အတိုင်းပဲ။ အင်ကြင်းရေ... ဒီလောက်ဆိုရင် ဂျွမ်းထိုးလို့ ရပြီထင်တယ်။

စတာပါ အင်ကြင်းက တကယ် စာရေးကောင်းပါတယ်။ စာရေးကောင်းတဲ့ ဘလော့ဂါတွေထဲမှာ အင်ကြင်းလဲပါပါတယ်။ ကျွန်တော် အင်ကြင်းနာမည့် ထည့်မရေးဖြစ်တာက မကြိုက်မှာ စိုးလို့ ပါ။ စာများများရေးပါ အင်ကြင်းရေ.. စာရေးကောင်းတဲ့သူတွေကို စာများများ ရေးစေချင်တယ်...

Anonymous said...

ဘာရယ်မဟုတ် မျက်စိလည် ရောက်ရှိလာပြီး ဒီပိုစ့်လေးကို ဖတ်လိုက်၊ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်နဲ့ ပြန်တွေးကြည့်လိုက်နဲ့ တော်တော်များများ အချက်တွေ တူနေပါလားလို့ ကောက်ချက်ချမိပါတယ်...။

ကျွန်တော်တော့ သွားလေရာ တွေ့တဲ့သူက လာထူးလဲဆိုတာ အမြဲအမေးခံရသလို၊ စာအုပ်တွေ လက်ဆောင်ရတာတော့ ခဏခဏပါ..။ သေချာတာကတော့ စာအုပ်တွေ လက်ခံရယူခဲ့ပြီး မဖတ်ဖြစ်တော့တာပါပါပဲ...။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘလော့ဂ်ဂါတွေရဲ့ ခံစားချက်တွေကို သေသပ်တဲ့ အရေးအသားနဲ့ တင်ပြထားတာကို မှတ်သားသွားပါတယ်....။

DMWY

လင်းခေတ်ဒီနို said...

ဂျင်း ဘလော့ဆီ စိတ်ပြန်လည်လာတာ ၀မ်းသာတယ်း)) ဂျင်းရေ ဘလော်ဂါ ဟိုတယောက်ကို နင်သိလား ဟ . . . ဘယ်သူ
အော် . .. အင်ကြင်းသန့်ဆိုတာလေ . . ငါ သူ့စာတွေ နှစ်သက်တယ်ဟ အရမ်းကောင်းတယ် နင် သွားဖတ်ကြည့်ဟာ တကယ်ကြိုက်သွားမယ်း)))). . .

ဂျင်းမ ဂျွမ်းထိုးလို့ရပီး ဟားးဟားးဟားးး)))

ကိုကိုမောင်(ပန်းရနံ့) said...

ကျနော့်ကို ဘလော့ဂါတစ်ယောက်ဆိုတာကို သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေတောင် မသိကြပါဘူး။ သိတဲ့သူတွေကလဲ ဖတ်ပြီး မင်း အပြင်မှာ အေးသဘောက် ဘလော့ထဲ အတော်လေး ပေါကြောင်ကြောင် ဖြစ်နေပါလားတဲ့။ တစ်ယောက်ကတော့ မဟုတ်တာနဲ့ အချိန်ကုန်ခံနေတယ်တဲ့။ ချီးကျူးကြတာပြောပါတယ်။

ဘာဘဲပြောပြော ဘလော့ရေးရတာ ပျော်ပါတယ်။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ခင်မင်လျှက်

Anonymous said...

အော်အင်ကြင်းသန့် ဆိုတာလား စာရေးကောင်းတယ်နော် အူလိမ့်နေအောင်ရီတယ်သိလား
ဂျွမ်းထိုးပြတော့ ခွိ

ပိုစ့်လေးတွေဆို ကွန်ပြူတာထောင့်နေရာလေးမှာ Windowကို သေးသေးလေးထားပြီး ပုန်းလျှိုးကွယ်လျှိုးဖတ်ရသေးတာ။ အဲလောက် အလုပ်တွေကြိုးစားနေတဲ့ “ဘလော့ဂါ”ဆိုတဲ့သူကို အလုပ်ခန့်ထားမိမှန်း သူဌေးသာ သိသွားရင်လည်း သူ့ကိုယ်သူ ဂုဏ်ယူလို့မဆုံးဖြစ်မှာ အသေအချာပါပဲ။

ဘဝတူတွေနော်

ဂျင်းစရေးရင်လည်းရီစရာကောင်းအောင်ရေးတတ်တယ်
ကဗျာရေးလည်းကောင်းတဲ့မိုးသူငယ်ဂျင်းနဲ့ဆုံခွင့်ရတဲ့ ကံတရားကိုလည်းကျေှးဇူးတင်တယ်။ပျော်ရွှင်ပါစေဂျင်းရေးး

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

T T Sweet said...

တော်တော်များများတူတယ်။ ဖွင့်ဆိုပုံလေးသဘောကျတယ်။

မြသွေးနီ said...

ညီမရဲ့ Blooger ဆိုတာရဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နှစ်သက်စွာ ဖတ်သွားတယ် ညီမရေ..။

သော်ဇင်စိုး said...

သူက ပွင့်ပွင့်လင်းလင်းနဲ့ သိမ်သိမ်မွေ့မွေ့လေး ရေးထားတာပါလားတော့.. :D
"ဘလော့ရဲ့ပိုင်ရှင် ဘလော့ရေးသူ (ကျွန်မတို့အခေါ် ဘလော့ဂါပေါ့)"ဆိုတဲ့ နေရာလေးကို ဖတ်မိတော့.. ဘာရယ်ကြောင့် မသိ.. အဓိပ္ပာယ်ပါပါလေး ပြုံးမိတယ်.. ဟိဟိ.. ခံစားချက်တွေချင်းတူနေလို့ နေမှာပေါ့နော်.. :D
ပြီးတော့ ဘလော့ဂါမကြီးက.. အော်မှားလို့.. ဘလော့ဂါမလေးက အမြှောက်လည်း အတော်ကြိုက်ပုံရတယ်နော်..
အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင်တော့.. ပွစိပွစိနဲ့.. အသက် ၁၆ နှစ် ကောင်မလေးတစ်ယောက် ရေးထားတဲ့ အတိုင်းပါပဲလား.. ခင်ဗျား.. :P:P

အင်ကြင်းသန့် said...

@ကိုဆိုဆီ>>>ဟုတ်တယ် ကိုဆိုဆီရေ....စဉ်းစားမိတာတွေ၊ အကြမ်းခြစ်ထားတာတွေ ရှိတယ်။ ပိုစ့်တစ်ပုဒ်ဖြစ်အောင်ကို ရေးပြီးမတင်နိုင်သေးတာ။

@မမရွှေစင်>>>မမရွှေစင်ရေ....ဧရာဝတီဟာ တဖန်ပြန်လည်ပြီး လှပစွာစီးဆင်းနိုင်မှာပါ။ အဲဒီအခါမှာ သူ့အပေါ်ကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့သူတွေလည်း သူခံစားရတာထက် အဆပေါင်းများစွာ တန်ပြန်ခံစားရဦးမှာပါ။

@မမစည်းစိမ်>>> ဟုတ်မှာာာ...(ပြည်လေသံလေးနဲ့ပဲထပ်ပြောလိုက်တယ်နော်။း))

မသဒ္ဓါ၊ အစ်မမိုးငွေ့နဲ့ ကိုပေါ့ဆိမ့်တို့ ဂျင်းရဲ့ပိုစ့်လေးကို လာဖတ်ပေးတာ ကျေးဇူးပါနော်....။

@မချော>>> ဟုတ်ကဲ့ မမ....ဒီနေ့ကစပြီး ဘလော့ကို ကိုယ့်ရည်းစားလို သဘောထားလိုက်ပီနော်....။ :D

ချယ်ရီမြေ နဲ့ မျက်စိလည်ရောက်လာတဲ့ Anonymous ကိုလည်း ကျေးဇူးတင်ပါတယ်။

ကိုဘလက်၊ ဗညားနဲ့ မိုးတို့ကတော့ ဂျွမ်းထိုးတာကို ကြည့်ချင်နေပုံရတယ်....ဟီးဟီး

@ကိုကိုမောင်>>> သူကြီးကလည်း အပြင်မှာအေးတဲ့သူက ဘလော့ထဲမှာ ပိုပေါတယ်လို့ အဲဒါက တိုက်ရိုက်အချိုးကျတယ်လို့ ပြောလိုက်ပေါ့... :D

စာလာဖတ်ပေးတဲ့ အစ်မ တီတီဆွိ နဲ့ အစ်မ မြသွေးနီ ကိုလည်း ကျေးဇူးတင်ပါတယ်။

@သော်ဇင်>>>သော်ဇင်င်င်င်င်င်(အသံကုန် ဟစ်ရွေ့ အော်)....ဟိုနေ့က အဖွားကြီးလို့ပြောသွားပြီး ဒီနေ့ကျမှ ၁၆နှစ်ကောင်မလေးအတိုင်းပါလား လာလုပ်သွားတယ်။ သိမယ် သိမယ်.....ဘလော့ဂါဆိုတာ လက်သီးလည်း ပြင်းတယ်နော်.ဟင်းဟင်း....

ဖိုးကြယ် said...

အမလေးဗျ.....လည်ပင်းအစ်နေပြီ..နည်းနည်းလျှော့ပါဦး.... :P ကဲ...ရေးရတော့မှာပေါ့လေ ဘာတတ်နိုင်ပါ့မလဲ...ဦးတဲ့လူလုပ်ထားဦးပေါ့ကွာ :P

( ဖိုးကြယ် )

Anonymous said...

ဘလော့ဂ်ဂါ ဆိုတာလေး သဘောကျမိလို့ နောက်တခေါက် ထပ်လာဖတ်ဖြစ်ပါတယ်...။ ဘာပဲဖြစ်ဖြစ် ရသဘလော့ဂ်တွေ သဘောကျမိတာ အပြိုင်အဆိုင် ကင်းပြီး တယောက်နဲ့ တယောက်ခင်မင်ရင်းနှီးကြတယ်လို့ မြင်မိတယ်..။

ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ Create လုပ်နိုင်ကြသလို တယောက်နဲ့ တယောက် ဖေးမကူညီသလို ခံစားမိတယ်...။ တယောက်ရေးတဲ့ ကဗျာ၊ စာအစရှိသည်ကို တလေးတစား ကွန်မာန့်တွေနဲ့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုတွေ ပြတယ်လို့ မြင်မိတယ်။

ကျွန်တော်နိုင်ငံရေး ဘလော့ဂ်ဂါ တယောက်အနေနဲ့ မြင်မိတာပါ...။ နိုင်ငံရေး ဘလော့ဂ်ဂါတွေ ကြားမှာတော့ တယောက်နဲ့ တယောက် အပြိုင်အဆိုင်တွေ မရိုးသားမှုတွေ သူများသတင်း၊ ကိုယ့်သတင်းလုပ်တဲ့သူတွေ၊ အဆင်းမှာ ဘီးတွန်းမယ့် သူတွေများနေသလားလို့ပါ..

ပိုစ့်နဲ့ မဆိုင်တာ ရေးမိတယ်ဆိုရင်တော့ တောင်းပန်ပါတယ်...။ ဘာပဲဖြစ်ဖြစ် ရသဘလော့ဂ်ဂါတွေရဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ အပြန်အလှန်လေးစားမှုကို လေးစားဂုဏ်ယူမိပါတယ်..။ ကျွန်တော်လည်း ရသလိုင်း ပြောင်းမလားလို့.. စဉ်းစားမိနေတာပါ...း)

D.M.W.Y

အင်ကြင်းသန့် said...

D.M.W.Y လို့ပဲ ရေးထားခဲ့တဲ့ ကို Anonymous ရေ.....“ကျွန်တော်နိုင်ငံရေး ဘလော့ဂ်ဂါ တယောက်အနေနဲ့” လို့ရေးသွားပြီး လင့်ခ်ချန် မထားခဲ့တော့ ဘယ်လိုက်ဖတ်ရမှန်းလည်း မသိပါဘူး….။း)
(ယောကျာ်းလေးပဲဖြစ်မယ်လို့ ထင်ပါတယ်။)
နောက်တစ်ခေါက် ထပ်လာဖတ်တဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

တကယ်တော့ နိုင်ငံရေးဘလော့တွေလည်း သူ့ဟာနဲ့သူတော့ စာဖတ်သူကို တစ်နည်းတစ်ဖုံ အကျိုးပြုနေတာပါပဲ။ ဒါပေမယ့် သတင်းတွေဖော်ပြရာမှာ ရိုးသားမှုရှိဖို့တော့ လိုမယ် ထင်တယ်။ အယူဝါဒတွေ တစ်ဖက်စွန်း ရောက်လွန်းအားကြီးနေရင်လည်း မကောင်းဘူးလို့ ထင်မိတယ်။ ကျွန်မအနေနဲ့ နိုင်ငံရေးကိုနားလည်လို့ ပြောတာမဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ကျွန်မက လူပိန်းသက်သက်အဆင့်မှာပဲ ရှိပါတယ်။ ကျွန်မအမြင်တော့ နိုင်ငံရေးဆိုတာ အပြောကျယ်တယ်၊ ရှုတ်ထွေးတယ်လို့ထင်မိတယ်။ အဲဒီကြားထဲမှာမှ မရိုးသားတဲ့၊ မမှန်ကန်တဲ့ သတင်းမျိုးတွေဖြစ်နေခဲ့ဦးမယ်ဆိုရင် ကျွန်မတို့လို လူပိန်းတွေအဖို့ရာမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ အမြင်မှန်မှန်ကန်ကန်နဲ့သိနိုင်ဖို့ရာ၊ နားလည်နိုင်ဖို့ရာ ပိုလို့သာ အလှမ်းဝေးသွားမယ်လို့ ထင်မိပါတယ်။

ကျန်တဲ့တစ်ဦးနဲ့တစ်ဦး အဆင်းဘီးတွန်းတဲ့ ကိစ္စတွေ၊ တိုက်ခိုက်ပုတ်ခတ်နေကြတာတွေကိုတော့ ဘာမှမပြောလိုတော့ပါဘူး။

ကို D.M.W.Y အနေနဲ့ ရသဘလော့တွေနဲ့ ဘလော့ဂါတွေကို အခုလိုမျိုး ချီးကျူးသွားတာလေးကို ပီတိတကယ်ဖြစ်မိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နိုင်ငံရေးကို မရေးချင်တော့လို့ ရသလိုင်းဘက်ပြောင်းမယ်ဆိုလည်း အားပေးပါတယ်။ နိုင်ငံရေး ရေးလာတဲ့သူတစ်ယောက်မှာ ရသနဲ့ပတ်သက်လို့လည်း ရေးစရာ၊ ပြောစရာတွေအများကြီးရှိမယ် ထင်ပါတယ်။

တကယ်လို့ရသဘလော့လုပ်ဖြစ်ခဲ့ရင်လည်း လက်တို့လိုက်ဦးပေါ့…. လာအားပေးရအောင်လေ…ရသဘလော့အသိုင်းအ၀ိုင်းက ကြိုဆိုနေပါတယ်ဗျာ….။း)

ချစ်ကြည်အေး said...

ကျန်တာတော့ မပြောတော့ဘူး။ ဪ...ကို4-star ဆိုတာ မောင်လဘက်ရည်ကြီးကိုး....
ဂျင်းစုတ်က လူရွေးပြီး လည်ပင်းညှစ်တာတော့်....:)

မောင်ဘကြိုင် said...

တဂ်ပို့စ်လေးဖတ်သွားပါတယ်ခင်ဗျာ့
ဘလော့ဂါဆိုတဲ့ အမြင်အတွေးတွေကိုသဘောကျပါတယ်

အဖြူရောင်နတ်သမီး said...

ခုမှပဲ ရောက်တယ် အင်ကြင်းရေ..
အလုပ်တွေကြားမှာ အသက်တောင်မဝတဝရှူနေရတယ်..
“မ”တောင် ဒီပို့စ်လေးမရေးရသေးဘူး..
အကြွေးဆပ်ရအုံးမယ်..

မြတ်ကြည် said...

မအင်ကြင်းရေးတာလေးသဘောကျတယ်။ အသုံးဝင်မယ့်ဟာလေးတွေ ရွေးတင်ပေးရင်း တခါတလေ ကိုယ့်ထမင်းကိုယ်စားပြီး အပြောခံရတဲ့အခါ စိတ်မကောင်းဖြစ်ရတာလေးတွေတော့ ရှိတာပေါ့ အစ်မရယ်။ ဒါပေမယ့် အားပေမယ့်သူတွေရှိတဲ့ အခါကျတော့လည်း ပီတိဖြစ်ရပါတယ်။ ဘလော့ဂါဆိုတာ ယူတတ်ရင်တော့ အများကြီးပါပဲ။

အစ်မဒီထက်ပိုပြီး ဘလော့လေးတွေ တင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

လသာည said...

ညလေးတစ်ည..တုန်းက
လလေးမသာသေးခင်
ဟလိုဟလို ဖုန်းလာခေါ်ပြီး..
"အစ်မ အစ်မ..
ဒီက လေ.. နာမည်ကျော်..
ဘလော့ဂါလေး ဂျာဂျာဂျင်းပါ "လို့ .. ချိုချိုသာ ရယ်သံလေးနဲ့
တော်တော်ကြာအောင်.. မိတ်ဆက်သွားတာလေးကိုလည်း
မေ့သေးပါဘူးနော်းD

ချစ်တဲ့

DMWY said...

ထပ်ရောက်တယ်ဗျာ.. လင့်ခ်ထားခဲ့ပါဆိုလို့ ထားခဲ့ပါတယ်...

DMWY

Junemoe said...

ဘလော့ဆိုတာနဲ့ ဘလော့ဂါဆိုတာ ကို လေးလေးနက်နက်ဖတ်သွားတယ် အမရေ....
ကျွန်တော်လည်း ဘလော့ရေးတာ(စာရေးတာ) ၄ လသက်တမ်းပဲရှိသေးတယ်... စာရေးရင် ဘလော့ဂါဆိုရင် အခု ဘလော့ဂါဖြစ်နေပြီပေါ့နော်.. :D
သယ်ရင်းတစ်ယောက် ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာနဲ့ မိတ်ဆက်ပေးဖူးတယ်.. နောက်တွေ့တိုင်း သူက ဘလော့ဂါကြီးလို့ ခေါ်တိုင်း မြောက်မြောက်တက်သွားတယ်.. ဟီး (လူတွေကြားထဲမှာ နည်းနည်းတော့ အထင်ကြီးစရာပေါ့လေ..:))

ခင်လျက်
ဂျွန်မိုး

သန့်စင်အောင် said...

မအင်ကြင်းရေလမ်းမှားပြီးရောက်လာတာ
ထိတယ်အရမ်းပဲ
ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေ