Pages

Friday, September 23, 2011

အမေ့ကို ကယ်ကြစို့




















ရာဇ၀င်တွေ ဘယ်လိုပဲဟောင်းဟောင်း
သမိုင်းတွေ ဘယ်လိုပဲနှောင်းနှောင်း
ပြောင်းလဲမသွားခဲ့တာက အမေ။

အမေဟာ အိနြေ္ဒရှင်တစ်ယောက်
တည်ငြိမ်သလောက် ခမ်းနားခဲ့တယ်
ဆန်းပြားတဲ့ ခေတ်စနစ်တွေအောက်
ဘယ်လိုပဲ သက်ရောက်ခဲ့ပါစေ
အမေက သစ္စာမဖောက်ခဲ့ဘူး။

ဝမ်းမနာသမီးသား ပြည်သူများအတွက်
နေ့စဉ်ရက်ဆက် ၀တ္တရားမပျက်
စီးဆင်းပေးနေ အမေ့ကြောင့်လေ
ဒီတိုင်း၊ ဒီပြည်၊ ဒီဌာနီမှာ
ဆန်၊ ရေ ၊ စပါး၊ သယံဇာတ ပေါကြွယ်များရ
သားတို့ သမီးတို့ ၀မ်းဝ ခါးလှခဲ့ကြတယ်။

ခေတ်တွေကပြောင်း၊ စနစ်တွေကပြောင်း
ပြောင်းလဲခြင်းတွေဖုံးလွှမ်းလာတော့
ကူးသန်းသွားလာရေးအတွက်ပေါ့တဲ့
အမေ့မျက်နှာကိုပင်မငဲ့
ရင်ခွင်ရဲ့အကြား တူးဆွကာထိုးစိုက်
တည်ဆောက်လိုက်တဲ့ တံတားများကြောင့်
အမေ့ကိုယ် တနံတလျားမှာလေ
သောင်ခုံတွေဗရပွနဲ့
အမေဒဏ်ရာရနေခဲ့တာ ကြာလှပေါ့။

ဒါကိုမှ အားမရသေးပါလား
ဖောက်ပြားလာတဲ့ ခေတ်စနစ်ထဲမှာ
ထောက်ထားညှာတာခြင်းကင်းတဲ့လူတစ်စုက
ရက်ရက်စက်စက်
အမေ့ရင်နှစ်မြွှာကိုခွဲ
ညှဉ်းဆဲဖို့ပြင်နေကြပြန်တယ်။

ဘယ်လိုအကျိုးမျိုးကိုမှ မလိုချင်ပါဘူး
အမေ့ကိုရင်းမှ
အလင်းရမယ်တဲ့လား
စိုးစဉ်းမျှမထိုက်တန်လိုက်တာ
မှောင်မိုက်မှာပဲ အမေနဲ့အတူတကွ
ကောင်းအတူ ဆိုးအမျှ
ဆက်နေကြပါရစေ။

အမေကျွေးတဲ့ထမင်းကိုစား
ငမိုက်သားတို့ကား
အမေ့ကိုကျေးပြန်စွပ်၏
ရိုင်းစိုင်းလှပါဘိ
ရင်ထဲမှာမချိတရိနဲ့
သားတို့ရေ....
သမီးတို့ရေ....
အမေငိုနေရရှာပြီလေ။

အမေ မသေစေရဘူး
အမေ မသေစေရဘူး
အမေ့ကိုသာ ဆုံးရှုံးခဲ့ရင်
အမိမဲ့သား ရေနည်းငါးသို့
ဘ၀များလည်း ပျက်ရချည်ရဲ့။

အို….အမေ့ရဲ့သား အမေ့ရဲ့သမီးတို့
ဒီသူရူးတို့ လက်မဦးတုန်း
အားလုံး ရင်မှာ ညီညာဖျဖျ
သံန္နိဌာန် ချကြပါလို့
ငါတို့ အမေ့ကို ရအောင်ကယ်ကြစို့။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်"

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အခုချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်"



အင်ကြင်းသန့်

Wednesday, September 14, 2011

ဘလော့ဆိုတာ ? ဘလော့ဂါဆိုတာ ?

“ဘလော့ဆိုတာဘာလဲ”လို့ မေးလာရင် ဖြေတဲ့အဖြေတွေက တစ်ယောက်နဲ့တစ်ယောက် တူကြမှာတော့ မဟုတ်ပါဘူး။ တစ်ချို့ကကျတော့လည်း ဘလော့ကို အိမ်နဲ့တင်စားကြတယ်။ တစ်ချို့ကကျတော့လည်း နေရာလေးတစ်ခုခုနဲ့ တင်စားကြတယ်။ အချက်အပြုတ်ကို နှစ်သက်တဲ့သူတွေကျတော့လည်း မီးဖိုချောင်လေးအနေနဲ့ တင်စားကြတာတွေလည်း ရှိရဲ့။

ကျွန်မကတော့ ဘလော့ဆိုတာကို ဒိုင်ယာရီလေးအနေနဲ့ ထင်မြင်သတ်မှတ်မိပါတယ်။ “ဒိုင်ယာရီ”လို့ဆိုတာထက် “မှတ်တမ်း”ပေါ့လေ။ တခြားဘလော့ဂါတွေရဲ့ ဘလော့လေးတွေကိုလည်း သူတို့ရဲ့ ကိုယ်စီမှတ်တမ်းလေးတွေလို့ပဲ ကျွန်မက သဘောထားပါတယ်။ ဒိုင်ယာရီထဲမှာဆိုရင် ဒီနေ့ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာတွေခံစားရတယ် စသဖြင့် ကိုယ့်ရဲ့ တစ်နေ့တာဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ရေးမှတ်ကြသလိုမျိုး ဘလော့ပေါ်မှာကျတော့လည်း မှတ်တမ်းလေးတွေအနေနဲ့ ရေးလို့ရတယ်လေ။

“ဒိုင်ယာရီ”ဆိုရာမှာလည်း စာအုပ်ဒိုင်ယာရီနဲ့ ဘလော့ဒိုင်ယာရီ အတော်တော့ကွာပါတယ်။ တကယ့်အပြင်က ဒိုင်ယာရီကကျတော့ စာကိုပဲ ချရေးလို့ရတာပေါ့။ ဒီ“ဘလော့”ဆိုတာကကျတော့ စာလည်းရေးလို့ရတယ်။ စာဆိုရာမှာလည်း ကဗျာ၊ ဆောင်းပါး၊ သတင်း၊ ၀တ္ထု မိမိကြိုက်နှစ်သက်သလိုပေါ့….၊ ဓါတ်ပုံတွေလည်း တင်လို့ရတယ်၊ သီချင်းတွေ၊ ဇာတ်ကားတွေ၊ စာအုပ်တွေ…. စသည်ဖြင့်...ကိုယ်ကြိုက်နှစ်သက်တာမှန်သမျှ အကုန်တင်လို့ရပါတယ်။

နောက်တစ်ခုက အပြင်က ဒိုင်ယာရီဆိုတာမျိုးက ကိုယ်ရေးထားတာကို သူများတွေ ဖတ်မိမှာ စိုးရိမ်တယ်။ ကိုယ့်ခံစားချက်တွေကို လူတွေသိမှာ စိုးတယ်။ ဘလော့ကျတော့ ပြောင်းပြန်။ ကိုယ်ရေးထားတာ၊ ကိုယ်ခံစားမိတာ၊ ကိုယ်သိတာတွေကို သူများတွေကိုလည်း သိစေချင်၊ ဖတ်စေချင်၊ မျှဝေချင်လို့ကို ဘလော့ပေါ်မှာ တင်ပြလိုက်တာ။ ဒါပေမယ့် ဘလော့ရဲ့ပိုင်ရှင် ဘလော့ရေးသူ (ကျွန်မတို့အခေါ် ဘလော့ဂါပေါ့) အနေနဲ့ကတော့ စဉ်းစားရမှာပေါ့။ “အို… ကိုယ့်ဘလော့ပဲ၊ ကိုယ့်ဒိုင်ယာရီပဲ၊ ကိုယ့်မှတ်တမ်းပဲ၊ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ်ရေးချင်တာရေးမယ်….ဘာဖြစ်လဲ” ဆိုတာမျိုးတော့ မဖြစ်စေသင့်ဘူးပေါ့။ ဘလော့ဆိုတာက အိုးပန်းဒိုင်ယာရီလေ…။ ကိုယ့်ဒိုင်ယာရီကို မတော်တဆ မျက်စိလည် လမ်းမှားပြီးတော့ လာဖတ်မိတဲ့သူတွေရှိသလို တမင်ဖတ်ချင်လို့ကို လာရောက်ဖတ်ရှုကြတဲ့သူတွေလည်း ရှိကြမှာပဲ။ ဘာပဲပြောပြော အဲဒီစာဖတ်သူတွေကိုတော့ အမှန်တကယ်လေးစားမှု ရှိရပါမယ်။

ဘယ်သူမဆို အလွယ်တကူ ၀င်ကြည့်လို့ရနေတော့ကာ ဘလော့ဂါအနေနဲ့လည်း မှတ်တမ်းကို လာရောက်ဖတ်ရှုသူတွေကို မလေးမစားဖြစ်စေမယ့်၊ စော်ကားသလိုဖြစ်စေမယ့် အရေးအသားမျိုးတွေ၊ အဆိပ်အတောက်ဖြစ်စေမယ့် စာမျိုးတွေကို မရေးသားမိစေဖို့ကိုတော့ သတိထားရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ရေးလိုက်တဲ့စာဟာ ကိုယ့်ရဲ့အတွင်းစိတ်ကို ထင်ဟပ်ပြသနေတတ်ပါတယ်။ တစ်နည်းပြောရရင် ဘလော့ဆိုတာ ဘလော့ဂါတစ်ယောက်ရဲ့ တစ်စိတ်တစ်ဒေသသောသမိုင်းပဲလို့ ကျွန်မကတော့ ထင်မိပါတယ်။

“ဘလော့ဆိုတာ” ပြီးတော့ “ဘလော့ဂါဆိုတာ”ပေါ့…။ ဘလော့ဂါဆိုတာက သူများထက်ထူးပြီး ခေါင်းတစ်လုံးအပိုပါနေသူတော့ မဟုတ်ပါဘူး။ သာမန် ပခုံးနှစ်ဖက်ကြား ခေါင်းတစ်လုံးပေါက်တဲ့ သူလိုကိုယ်လိုလူပါပဲ။ အပြင်ပုံပန်းကို ကြည့်ရင်ပေါ့လေ။ အဲ....ဒါပေမယ့် သူများနဲ့မတူ တမူကွဲပြားနေတာကတော့ သူ့ရဲ့စိတ်ပါ...။ ဘလော့ဂါတစ်ယောက်အတွက်က မနက်မိုးလင်း အိပ်ရာကထချိန်ကနေ၊ မိုးချုပ်လို့ မျက်စိနှစ်လုံးပိတ် အိပ်တဲ့အချိန် ရောက်သည်အထိ သူ့ပတ်ဝန်းကျင်မှာ တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှ အရာရာဟာ စူးစမ်းချင်စရာ (စပ်စုချင်စရာလို့ မှားမဖတ်မိပါစေနဲ့)၊ လေ့လာချင်စရာ၊ တွေးတော ဆင်ခြင်စရာ၊ ခံစားစရာတွေ ဖြစ်နေတတ်ပါတယ်။

တနည်းအားဖြင့် ဆိုရရင် အရာရာဟာ ဘလော့ဂင်းချင်စရာတွေချည်း ဖြစ်နေတတ်ပါတယ်။ တစ်ခြားသူတွေ မမြင်မိတဲ့၊ မတွေးမိတဲ့၊ သတိမထားမိတဲ့အရာတွေကို သူက မြင်တတ်၊ ကြားတတ်၊ တွေးတတ်ပါတယ်။ သာမန် ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုတောင်မှ သူလက်ထဲရောက်ရင် ပိုစ့်တစ်ပုဒ်ဖြစ်သွားတတ်ပါတယ်။ ကျွန်မဆိုရင် သူငယ်ချင်းတွေကို ရယ်စရာအနေနဲ့ ပြောလေ့ရှိတယ်။ “နင်တို့တွေနော် ဘလော့ဂါတွေရှေ့များ ယောင်လို့တောင် ခလုတ်မတိုက်မိစေနဲ့၊ ဘလော့ထဲပါသွားလိမ့်မယ်လို့…”။ “ရုတ်ရုတ် ရုတ်ရုတ်မလုပ်ကြနဲ့နော် ဘလော့ထဲ ထည့်ရေးပစ်မယ်၊ နာမည်တွေနဲ့တကွ ပါသွားမယ်…ဘာမှတ်လဲ” လို့လည်း တစ်ခါတစ်လေ ခြိမ်းခြောက်တတ်ပါသေးတယ်။ ဘလော့ဂါဆိုတာ အဲလိုလည်း ကြောက်စရာကောင်းပါတယ်။

တစ်ခါတစ်လေကျပြန်တော့လည်း အတွေးထဲမှာတင် စာတွေ ရေးနေမိတာက တစ်ပိုဒ်စာ၊ နှစ်ပိုဒ်စာကနေ ပိုစ့်တစ်ပုဒ်လုံးစာ အထိ။ ရုံးမှာ အလုပ်တွေလုပ်နေရင်းကိုပဲ တစ်ခါတစ်ခါ ကဗျာလေး ကောက်စပ်ချင်လာလိုက်၊ တစ်ခါတစ်ခါ ရေးချင်တဲ့ အကြောင်းအရာ တစ်ခုခုက စိတ်ထဲမှာ ဖျတ်ကနဲ ပေါ်လာလိုက်နဲ့….။ လုပ်လက်စ အလုပ်ကို ရပ်ထားပြီး ကဗျာတွေ၊ စာတွေ ထိုင်ရေးနေဖို့ရာကလည်း မဖြစ်နိုင်ဆိုတော့ စာရွက်အကြမ်းတွေယူ၊ ဟိုနား တစ်ကြောင်းတို့ထားလိုက်၊ ဒီနား တစ်ကြောင်းမှတ်ထားလိုက်၊ မှတ်ထား တို့ထားတာတွေကို အလုပ်လုပ်နေတဲ့ စာရွက်ပုံအောက်ထဲ ထိုးထည့်ထားလိုက်ပေါ့။ ပြီးမှ အဲဒီအကြမ်းတွေကို လိုက်စု၊ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဖြစ်အောင်ပြန်ဆက်...အဲလိုတွေလုပ်ရတာပါ....။ ဒါပေမယ့် အလုပ်တွေ ဘယ်လောက်ရှုပ်နေပါစေ၊ မကြာခဏဆိုသလို ကိုယ့်ဘလော့ဆိုဒ်ဘားမှာ ဘယ်သူတွေ ပိုစ့်အသစ်တွေတင်ထားလဲ ၀င်ဝင်ကြည့်ရသေးတာ။ စိတ်ဝင်စားတဲ့ ပိုစ့်လေးတွေဆို ကွန်ပြူတာထောင့်နေရာလေးမှာ Windowကို သေးသေးလေးထားပြီး ပုန်းလျှိုးကွယ်လျှိုးဖတ်ရသေးတာ။ အဲလောက် အလုပ်တွေကြိုးစားနေတဲ့ “ဘလော့ဂါ”ဆိုတဲ့သူကို အလုပ်ခန့်ထားမိမှန်း သူဌေးသာ သိသွားရင်လည်း သူ့ကိုယ်သူ ဂုဏ်ယူလို့မဆုံးဖြစ်မှာ အသေအချာပါပဲ။

ဘလော့ဂါဆိုတာ ဘလော့ဂါအချင်းချင်းကြားမှာသာ အထူးအဆန်းမဟုတ်တာ ဘလော့ဂါမဟုတ်တဲ့ အပေါင်းအသင်း၊ မိတ်ဆွေတွေကြားမှာတော့ သူက မဆိုသလောက်လေး နေရာရတတ်သေးတာ။ အပေါင်းအသင်းတွေကြားမှာ ဒါ ဘလော့ဂါကြီး ".........." လေ ဆိုပြီး မိတ်ဆက်ပေးခံရလို့ကတော့ ပီတိတွေကိုဖြာလို့။ အဲဒီမှာမှ မိတ်ဆက်လိုက်တဲ့သူက "ဟယ်…အဲဒီနာမည်ကြားဖူးတယ်၊ သိတယ်၊ သိတယ်" ဆိုလို့ကတော့လား ကိုယ့်ကိုကိုယ် မြောက်တက်မသွားအောင် မနည်းထိန်းရပါတယ်။ ဒါ့ထက်ပိုပြီး သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ကများ "ငါလေ နင့်ဆိုဒ်မှာ စာတွေဝင်ဝင်ဖတ်တယ် သိလား၊ နင်ရေးထားတာလေးတွေ မဆိုးဘူးဟ..." ဘာညာလို့သာ နည်းနည်းလေး ထပ်ပင့်လိုက် ဂျွမ်းတွေဘာတွေတောင် ထထိုးပစ်ချင်စိတ်တွေ ပေါက်မိတော့တာ (တစ်ခါမှတော့ မထိုးရသေးပါဘူး......)။ အဲ….တစ်ခါတစ်လေကျတော့ (တကယ်တော့ တစ်ခါတစ်လေမဟုတ်ပါဘူး....အမြဲတမ်းလိုလိုပါ) “မသိဘူး… အဲဒီနာမည် တစ်ခါမှ မကြားဖူးဘူး” ဆိုတဲ့သူနဲ့လည်းတွေ့ရော မချိပြုံးလေးနဲ့အသာ ပြုံးပြလိုက်ရပေမယ့် အဲဒီနားမှာတင် ခွေခေါက်လဲသွားတော့မယောင်ကို စိတ်အားက ငယ်သွားတတ်သေးတာ။ တချို့ကကျတော့လည်း ဘလော့ဂါဆိုရင် စပ်စပ်စုစုသမား (တကယ်တော့ နှံ့နှံ့စပ်စပ်ရှိတာကို ပြောချင်တာပါ…) လို့ ထင်နေပုံရပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် ကိစ္စတွေဆို ဘလော့ဂါကြီးရှိတယ် ဆိုပြီးတော့ အားကိုးတကြီး လာမေးတတ်ကြတာက ရှိသေးတယ်။

ဒါပေမယ့် ဘလော့ဂါဆိုတဲ့သူတွေဟာ တင်္ခဏုပ္ပတ္တိဥာ‍ဏ်တော့ အတော်ထက်သန်ကြတယ်လို့ ကျွန်မထင်ပါတယ်။ မယုံရင် မိတ်ဆွေဖွဲ့ပြီး စကားပြောကြည့်၊ အပေါင်းအသင်း လုပ်ကြည့်လိုက်ပါလား။ မုန့်တွေဘာတွေ ဆိုင်မှာလိုက်ဝယ်ကျွေး၊ အိမ်ကို ထမင်းတွေဘာတွေ ဖိတ်ကျွေးကြည့်ပါလား။ တစ်ချို့ဘလော့ဂါတွေက အဲလို ကျွေးသမျှ၊ ဖိတ်သမျှကို အားမနာတမ်းလည်း လိုက်စားတတ်သေးတာ….။

ဘလော့ဂါတွေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ကြတယ်ဆိုတာလည်း တော်ရုံတန်ရုံရေစက် မဟုတ်ဘူးလို့ ထင်ပါတယ်။ ဘလော့ဂါတွေက ခင်မိပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် (မမြင်ဖူး မတွေ့ဖူးကြသည့်တိုင်) တကယ့် ညီအစ်မရင်းတွေလို၊ မောင်နှမရင်းချာတွေလို၊ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားတတ်ကြပါတယ်။ နောက်တစ်ခုက ဘလော့ဂါတွေဟာ လူမှုရေးကိစ္စတွေနဲ့ပတ်သက်လို့ အကူအညီတောင်းပြီဟေ့ ဆိုရင်လည်း တက်တက်ကြွကြွနဲ့ ပါဝင် လှုပ်ရှားပေးတတ်ကြသေးတာပါ။ (မယုံမရှိပါနဲ့ ဘလော့ဂါတွေဆီကို အလှူသွားခံကြည့်လိုက်ပါ ..လက်တွေ့သိရပါလိမ့်မယ်..)။

ဘာတွေဘယ်လိုပဲပြောပြော ဘလော့ဂါဆိုတဲ့သူတွေဟာ စိတ်ရင်းစိတ်ခံကောင်းရှိတဲ့ သူတွေဖြစ်ကြတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်အရာမှ အလကားမရတဲ့ခေတ်၊ ဘာမဆိုလွယ်လွယ်ကူကူ မရနိုင်တဲ့ခေတ်မှာ ပိုက်ဆံတစ်ပြားမှမရဘဲ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ရဲ့ စိတ်အား၊ လူအား အချိန်တွေပါ အကုန်ခံပြီး ကိုယ့်ရဲ့အမြင်၊အတွေးတွေ၊ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေကို မှတ်တမ်းတင်ပြီး အလကားမျှဝေပေးနေတာဟာ တော်ရုံတန်ရုံ စိတ်ရင်းစိတ်ခံမကောင်းဘဲနဲ့တော့ လုပ်လို့မရတာ အသေအချာပဲမို့ပါ။

ဘလော့နဲ့ ဘလော့ဂါဆိုတာ ဘာလဲဆိုတာကို ဒီလောက်နဲ့ပဲ တော်ပါပြီ။ ကျွန်မရေးပြခဲ့တဲ့ အကြောင်းအရာတွေက ကျွန်မရဲ့တစ်သီးပုဂ္ဂလ ခံစားချက်တွေ၊ အမြင်တွေကို ရေးပြထားတာပါ။ ဘလော့ဂါတိုင်းအတွက် အလုံးစုံမှန်လိမ့်မယ်လို့တော့ ကျွန်မ မဆိုလိုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်က မမရွှေစင်ရဲ့ တက်ဂ်ပိုစ့်လေးပါ။ ညီမလေးကို စာတွေ အရမ်းပြန်ရေးစေချင်လို့ တကူးတကတက်ဂ်ပေးတဲ့ မမရွှေစင်နဲ့ မမစည်းစိမ်ကို ကျေးဇူး အများကြီးတင်ပါတယ်။ ဒီဘလော့နဲ့ဘလော့ဂါဆိုတဲ့ အကြောင်းကို တော်တော်များများလည်း ရေးထားပြီးကြပါပြီ။ ကျွန်မအနေနဲ့ စာတွေရေးရင် ဘယ်သူ့ကိုမှ မတက်ဂ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ဒီပိုစ့်လေးကိုတော့ နောက်တစ်ယောက်လောက်ကို တက်ဂ်လိုက်ချင်ပါသေးတယ်။ နောက်ထပ် ဘလော့နဲ့ဘလော့ဂါဆိုတာဘာလဲလို့ဆိုတဲ့ အကြောင်းကို ပြောပြဖို့ ဆင်တဲကဖေးကကိုချိုကျ ဘ၀ကနေ ဘလော့တစ်ခုထဲမှာ ရေးရတာနဲ့တင် အားမရလို့ နောက်ထပ် ကိုယ်ပိုင်ဘလော့တစ်ခုဖွင့်ပြီးတော့ ကိုဖိုးကြယ်ဘ၀ကိုပါ ခံယူထားတဲ့ ဘလော့ဂါကြီးကို ဆက်တက်ဂ်ချင်ပါတယ်။ ဘလော့ဂါဆိုတာ အဲသလိုမျိုး ရေးပေးမလား မရေးပေးဘူးလားလို့ ဘလော့ဂါအချင်းချင်း လည်ပင်းညှစ် ခြိမ်းခြောက်မှုလည်း လုပ်တတ်ပါသေးတယ်။


အင်ကြင်းသန့်

Saturday, September 10, 2011

အပြုံးမပျက်
























ဒါ..လောကဓံပိုးတွေတဲ့လား
ထိုးကိုက်သွားလိုက်ကြတာများ
တရွရွတလှုပ်လှုပ်နဲ့
ဒုတ်ဒုတ်ထိ လှိုက်စား
ဘ၀မကုန်ရုံပါပဲလား....။

ခြောက်ချားမယ်တော့မထင်ပါနဲ့
တောက်ကြွားကာ ဆိုချင်းမဟုတ်
စုတ်ချင်သလောက်သာ စုတ်သွားစမ်းပါစေ
လေလာလည်းကြံ့ကြံ့ခံဦးမယ်
မိုးရယ် ရွာချင်ရွာလိုက်ဦးပေါ့
အပြုံးတော့မပျက်စေရ
အညှာကို မယိုင်လဲစေမယ့်
ခိုင်မြဲတဲ့စိတ်ဓါတ်ငါ့မှာရှိတယ်။

မမှုပါဘူးလေ
ယုယသူတွေဝေးလို့
တစ်ခါပြန်တင့်လန်းဖို့ပုံမပေါ်
ဆွေးမြည့်လို့သာရော်
ရော်ရာမှကျင်
ငါ့ဘ၀နေ၀င်တဲ့လေအနှင်မှာ
ငါကြွေမသွားခင်အထိ
အားအင်ချိလည်းမမှု
ရှိသလောက်ကိုသာမဏ္ဍိုင်ပြုလို့
ရှေ့သို့ အသက်ဆက်သွားဦးမယ်....။ ။

~~~~~~~~~~~~~~~~~~~~~~~~~~


(မှတ်ချက်။ ။ဘလော့ဂါမောင်လေးတစ်ယောက်ဖြစ်တဲ့ Libra Tun က ဒီဓါတ်ပုံလေးကို ပို့ပေးပြီး တစ်ခုခုရေးပေးပါလို့ ဆိုလာတဲ့အတွက် ဓါတ်ပုံလေးကိုကြည့်ပြီး စိတ်ထဲပေါ်လာသလို ချရေးဖြစ်လိုက်ပါတယ်။ ကျွန်မတစ်ယောက်တည်းကိုပဲ ရေးပေးခိုင်းတာမဟုတ်ပါဘူး။ မမသက်ဝေမိုးခါး နဲ့ မွန်(မြတ်မွန်) တို့ကိုလည်း ရေးပေးခိုင်းထားပြီး ကျွန်မတို့အားလုံးကို ဘလော့ပေါ်မှာ တစ်ပြိုင်တည်း တင်ပေးပါလို့သူက တောင်းဆိုထားပါတယ်။ အမှတ်တရ ရေးခိုင်းတဲ့ Libra Tun ကို ကျေးဇူးတင်ပါတယ်။)


အင်ကြင်းသန့်