Pages

Sunday, July 10, 2011

ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ လူကိုယ်တိုင်ကြောင့်လား

ပြီးခဲ့တဲ့လက မြန်မာပြည်ကို ရက်(၂၀)လောက် အလည်ပြန်သွားဖြစ်ခဲ့တယ်။ တိုင်းပြည်ထဲမှာ တိုးတက်နေတာတွေ ဆုတ်ယုတ်နေတာတွေ ဘာဘာညာညာတွေကိုတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် စိတ်မသက်မသာဖြစ်စရာ ဖြစ်ရပ်တစ်ချို့ကိုကြားခဲ့ရပြန်တော့ ကိုယ်နဲ့မဆိုင်သလိုနေလို့ရပေမယ့် နေလို့မရဘူး။ အတွေးထဲ တ၀ဲလည်လည် ဖြစ်နေပြီး ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်မိပြန်တယ်။

ဘာဖြစ်ရပ်တွေလဲဆိုတော့ ရပ်ကွက်ထဲက၊ ဆွေမျိုးနီးစပ်တွေထဲက၊ မိတ်ဆွေအသိအကျွမ်းတွေထဲက အိမ်ထောင်သည်အချို့မှာ ယောကျာ်းတွေက နောက်မိန်းမထားကြတယ်ဆိုတဲ့ သတင်းမျိုးတွေကို တော်တော်များများ ကြားခဲ့ရတာပါပဲ။ (ကျွန်မဆိုလိုတဲ့အထဲမှာ အရင်အိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲပြီးလို့ အကုန်ရှင်းရှင်းလင်းလင်းဖြစ်ပြီးမှ နောက်အိမ်ထောင်ထပ်ပြုတဲ့သူမျိုးတွေ မပါပါဘူး။ လက်ရှိအိမ်ထောင်ရှိနေရက်နဲ့ နောက်ထပ်ဖောက်ပြန်နေကြတဲ့သူတွေကို ဆိုလိုတာပါ။) ကြည့်လိုက်တော့လဲ အသက်တွေက ငယ်ငယ်ရွယ်ရွယ်တွေ မဟုတ်ကြပါဘူး။ များသောအားဖြင့်က (၄၀)ကျော် (၅၀)ကျော်တွေချည်းပါပဲ။ တစ်ချို့ဆို သားတွေ သမီးတွေကဆိုရင်ဖြင့် ကျွန်မတို့နဲ့ သက်တူရွယ်တူတွေတောင်ဖြစ်နေပါပြီ။ တစ်ချို့ဖြင့် မြေးတွေဘာတွေတောင်ရနေပြီ။

ကိုယ်တွေမှာလည်း သမီးပျိုလေးတွေ မွေးထားရက်နဲ့ ကိုယ့်သမီးအရွယ်လေးတွေကို နောက်မိန်းမအဖြစ်နဲ့ တိတ်တိတ်ပုန်းထားကြ။ ဒီလိုသတင်းမျိုးတွေ ဆိုတာကလည်း ကြာကြာဖုံးဖိထားလို့ ရတတ်တာမျိုးမဟုတ်လေတော့ ဖုံးမရဖိမရနဲ့ဗူးပေါ်သလိုပေါ်လာကြ (ရန်ကုန်လိုမြို့ကြီးမှာတော့ ဖုံးဖို့လွယ်ချင်လွယ်ဦးမယ်.....နယ်မြို့တွေက ပိုဆိုးပါတယ်။ နယ်မြေက ကျဉ်းကျဉ်းလေးဆိုတော့ ကြာကြာဖုံးလို့မရပါဘူး)။ နောက်ဆုံးတော့ အိမ်က မယားကြီးကသိ သားတွေသမီးတွေကသိ။ ပြဿနာတွေတက်ကြနဲ့..။ တစ်ချို့သားလူပျိုရှိတဲ့ သူတွေဆိုရင်လည်း သားလုပ်တဲ့သူက ရှက်လို့ မအေကိုသနားလွန်းလို့ ဖအေလုပ်သူကို ဒေါသတွေထွက်လို့ မူးရူးသောင်းကျန်း၊ အိမ်မှာ ဖအေကိုမျက်နှာချင်းမဆိုင်ချင်လို့ ပေတေလေလွင့်ကြ၊ သမီးပျိုလေးတွေဆိုရင်လည်း အိမ်က ပြဿနာတွေနဲ့ ဝေးရင်ပြီးရောဆိုပြီး တွေ့တဲ့သူနဲ့ လွယ်လွယ်ကူကူရည်းစားတွေဖြစ်ကြ၊ ယောက်ျားနောက်လိုက်ပြေးကြနဲ့ ကြားရတဲ့သတင်းတွေက အစုံပါပဲ။

အရင်တုန်းကလည်း ဒါမျိုးတွေ မရှိခဲ့ဘူးလားဆိုတော့ ရှိခဲ့ပါတယ်၊ ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှားသလားလို့ပါ။ ဒီလိုအဖြစ်မျိုးတွေဆိုတာ တော်ရုံတန်ရုံကြားဖို့ ခဲယဉ်းသလားလို့လေ....။ အခုတော့ ကြားရတဲ့အရေအတွက်က ပိုများလာတဲ့အပြင် မြန်မာပြည်မှာ သိပ်မထူးဆန်းတော့တဲ့ ဖြစ်ရပ်တွေလိုတောင် ဖြစ်နေကြတာကိုတွေ့နေရတယ်။ ဘာလို့ အဲလိုတွေဖြစ်ကြရတာလဲလို့ တွေးကြည့်မိတယ်။ ကိုယ့်ဇနီးမယားအပေါ်မှာ သစ္စာတရားခိုင်ခိုင်ထားလို့ တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးရမယ်ဆိုတဲ့ ကျင့်ဝတ်မျိုးတွေက အခုခေတ်မှာ ပျောက်ပျက်ကုန်ကြပြီလား...။ အဲဒီဖောက်ပြန်ကြတဲ့ ယောကျာ်းတွေဟာ လက်ထဲမှာ ငွေစကြေးစလေးနည်းနည်းရွှင်တာနဲ့၊ ငွေပိုငွေလျှံလေးရှိလာတာနဲ့ နောက်မိန်းမထားဖို့ဆိုတဲ့ စိတ်ကူးအာရုံလောက်ပဲရှိကြတာလား။ အဲဒီအာရုံလောက်ပဲ ပေါ်ခဲ့တယ်ထားဦး အသိတရား၊ ဆင်ခြင်တုံတရားလေးတွေနဲ့များ မထိန်းချုပ်နိုင်ရလောက်အောင် အသက်အရွယ်တွေက မနူးမနပ် အရွယ်တွေလည်းမဟုတ်ကြပါဘူး။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ကိုယ့်ဇနီးမယား ကိုယ့်သမီးသားလေးတွေ၊ ကိုယ့်မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေ ဘယ်လိုခံစားရမလဲ ဆိုတာတွေ..... ကိုယ့်ဂုဏ်သိက္ခာဆိုတာတွေကိုရော ထည့်မစဉ်းစားကြတော့ဘူးလား....။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဆိုတာ ရာထူးတွေ၊ ငွေကြေးချမ်းသာမှုတွေနဲ့ တိုင်းတာလို့ရနိုင်တာမှမဟုတ်တာ။ သူ့ရဲ့စိတ်ဓါတ်နဲ့လုပ်ရပ်၊ အကျင့်စရိုက်တွေအပေါ်မှာ အများကြီးမူတည်နေတာပဲ။ နောက်အံ့သြစရာတစ်ခုက အဲဒီလို ငွေကြေးချမ်းသာကြတဲ့သူ၊ ရာထူးရှိတဲ့သူတွေထဲကပဲ ဒါမျိုးတွေလုပ်ကြတာ မဟုတ်ဘဲ သာမန်လူတန်းစား လက်လုပ်လက်စားတွေထဲမှာပါ အဲဒီလို လူမှုရေး ဖောက်ပြန်မှုတွေ ရှိနေတာကိုကြားခဲ့ရတာပါ။

ဒါပေမယ့် အဲဒီကိစ္စတွေမှာ ယောက်ျားတွေဘက်ကချည်းပဲ တစ်ဖက်သတ်ကြည့်လို့မရဘူး ဖြစ်နေပြန်တယ်။ ဘာလို့လဲဆိုတော့ နောက်မိန်းမဖြစ်နေတဲ့ မိန်းကလေးတွေကိုယ်တိုင်ကလည်း အဲဒီဘ၀ကို လိုလိုလားလားနဲ့အဖြစ်ခံနေကြတာကို ကြားခဲ့ရလို့ပါပဲ။ သူတို့ကိုကြည့်ရတာ လွယ်လွယ်ကူကူနဲ့ နေစရာ၊ စားစရာ၊ သုံးစရာ ရနေတာကို ပျော်မွေ့နှစ်ခြိုက်နေကြပုံပါပဲ။ ကိုယ့်ခွန်ကိုယ့်အား၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်စွမ်းကိုယ်စနဲ့ သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်ကြဖို့ဆိုတာကို စိတ်ကူးတောင်မရှိကြသလိုပါပဲ။ သူများမိသားစု မျက်ရည်ပေါက်ကြီးငယ်ကျပြီး အပူသောကတွေပြည့်နှက်နေပြီးမှ ရထားတဲ့ နေစရာစားစရာတွေကို ခုံခုံမင်မင်နဲ့ နေနိုင်၊ စားနိုင်၊ မျိုကျနိုင်ကြတာတွေကိုတော့ တော်တော်လေးအံ့သြမိပါတယ်။

အဲဒီလိုဖောက်ပြန်နေကြတဲ့ ယောကျာ်းတွေရော၊ မိန်းကလေးတွေရော လူ့ပတ်ဝန်းကျင်မှာ၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကြားထဲမှာ ကိုယ့်ကိုကိုယ်လိပ်ပြာသန့်သန့်နဲ့ ရဲရဲဝံ့ဝံ့တိုးရဲသေးလားလို့ စူးစမ်းလေ့လာကြည့်တော့လည်း အံ့သြစရာပါပဲ။ အားလုံးက မျက်နှာပြောင်ပြောင်ပါပဲ။ အသွားအလာမပျက် အစားအသောက်မပျက်၊ ပျော်လို့ ရွှင်လို့....။ သူတို့ကိုကြည့်ရတာ ဘာလူမှုရေးဖောက်ပြန်မှုတွေကိုမှ သူတို့အနေနဲ့ ကျူးလွန်ထားခြင်းမရှိကြသလိုပါပဲ။ ဘာကြောင့်အဲဒီလိုတွေဖြစ်ကြရတာလဲ....။

ဖြစ်ဖို့အခြေအနေတွေအကြောင်းတရားတွေကြောင့်ပါတို့၊ မိသားစုနဲ့ခွဲနေရလို့ အထီးကျန်လို့ပါတို့၊ အနေနီးစပ်သွားလို့ပါတို့ ဆိုတာတွေမဟုတ်ဘဲနဲ့....အခုဟာက ထားချင်တဲ့စိတ်သက်သက်နဲ့ကို ထားနေကြတာကိုတွေ့နေရတာပါ။ သူတို့ရဲ့လက်ရှိအိမ်ထောင် မိန်းမတွေကို ကျွန်မအရမ်းသနားမိတယ်။ မိမိရဲ့ ခင်ပွန်းလင်ယောကျာ်းက မိမိအပေါ်မှာ သစ္စာမရှိ ဖောက်ပြန်တာဟာ မိန်းမတွေခံစားရတဲ့အပူတွေထဲမှာ အပူလောင်ရဆုံး အပူဖြစ်မယ်လို့ ကျွန်မထင်မိပါတယ်။ ဒါပေမယ့် များသောအားဖြင့် မိန်းမတွေဟာ ကိုယ့်ရဲ့ သားသမီးလေးတွေရဲ့မျက်နှာကိုထောက်ထားလို့၊ အိမ်ထောင်တစ်ခု ပြိုကွဲသွားရမှာမျိုးကိုမလိုလားလို့ စသည်ဖြင့် အကြောင်းကြောင်းတွေကြောင့် အပူသောကတွေကို ကြိတ်မှိတ်သည်းခံပြီး နေသွားကြတာတွေကိုတွေ့ရတယ်။ တစ်ချို့ လုံးဝအောင့်အီးသည်းမခံမနေဘဲ ရင်ဆိုင်ဖြေရှင်းပစ်လိုက်ကြ၊ သတ္တိရှိရှိပဲ ကွာရှင်းပစ်လိုက်ကြတဲ့ မိန်းမတွေလည်းရှိပါတယ်။

ဘာ့ကြောင့်လဲ .....ဘာလို့အဲဒီလိုတွေဖြစ်လာကြရတာလဲ၊ အဖြစ်များလာကြရတာလဲ...။ ယောကျာ်းတွေအနေနဲ့ ကိုယ့်လက်ထဲမှာ ငွေကြေးလေး နည်းနည်းပိုလျှံလာတယ်ဆိုရင်လည်းပဲ ဒီငွေကြေးနဲ့ ဒီ့ထက်တိုးတက်ကြီးပွားအောင် ဘာလုပ်မလဲဆိုတဲ့ အတွေးမျိုးတွေ၊ ဒီပိုက်ဆံကို ကိုယ့်မိသားစုဘ၀လေးအတွက် ဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတဲ့ အတွေးမျိုးတွေ မရှိကြဘူးလား....။ အာ....အဲဒါတွေ တွေးစရာကိုမလိုပါဘူး ပိုက်ဆံတွေက သိပ်ပေါနေတယ်၊ ထားစရာမရှိအောင်ပေါနေတယ်၊ ဘာလုပ်ရမှန်းမသိအောင်ကို ပေါနေတယ်ဆိုရင်လည်း လောကကြီးမှာ ကိုယ့်လို အဆင်မပြေတဲ့သူတွေ၊ အတိဒုက္ခရောက်နေတဲ့သူတွေ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှု ဒဏ်ကိုခံနေရသူတွေ အများကြီးပါ.....ပေါင်မုန့်တစ်ဖဲ့တစ်ခြမ်းလောက်ပဲဖြစ်ဖြစ် အကူအညီလိုအပ်နေတဲ့သူတွေ ဒုနဲ့ဒေးပါ။ အဲလိုနေရာမျိုးတွေမှာ သုံးစွဲလိုက်ဖို့များ စိတ်ကူး အာရုံလေးတွေနည်းနည်းတောင်မှ မရှိကြဘူးလား။ ဒါမှမဟုတ်သေးရင်လည်း မိမိလည်းဒုက္ခမရောက်စေမယ့်၊ လူတစ်ဖက်သားကိုလည်း မထိခိုက်စေမယ့် မိမိဝါသနာပါရာလေးတွေကို လုပ်ဖို့ အဲဒီငွေကြေးတွေကို သုံးစွဲလိုက်လို့မရဘူးလား....။ “ပိုက်ဆံရှိရင်၊ အခြေအနေပေးရင် နောက်မိန်းမထားမယ်.... ” ဆိုတဲ့ ခပ်ညံ့ညံ့ အာရုံတွေထက် ပိုအဆင့်မြင့်တဲ့ အာရုံမျိုးတွေ စိတ်ကူး စိတ်သန်းမျိုးတွေ မရှိကြတော့ဘူးလား....။ နောက်မိန်းမအဖြစ်ခံတဲ့ မိန်းခလေးတွေ အနေနဲ့ရော ဘ၀မှာ ဘယ်လို အခက်အခဲမျိုးတွေနဲ့ပဲကြုံကြုံ သူများရဲ့ အငယ်အနှောင်းတော့ အဖြစ်မခံဘူး ....သူများမိသားစု စိတ်ဆင်းရဲ မျက်ရည်ကျပြီးမှ စားရတဲ့ ထမင်းကို ဘယ်တော့မှ မစားဘူး...ကိုယ့်အားကိုယ်ကိုးပြီး သမာအာဇီဝကျကျပဲရှာစားမယ်ဆိုတဲ့ စိတ်အားသတ္တိမျိုးတွေ နည်းနည်းမှ မရှိကြတော့ဘူးလား.....အဲဒီလိုစိတ်အားသတ္တိတွေကို ထားရှိကြဖို့ မွေးမြူကြဖို့ အသိတရားကို မရှိကြတော့တာလား...။

တကယ်ဆိုရင်ဒီလို ကိစ္စမျိုးတွေကို မထူးဆန်းသလိုလျစ်လျူရှုထားကြမယ့်အစား လျော့ကျသွားအောင် နိုင်သလောက်လေးတွေ လုပ်ကြရင်သိပ်ကောင်းမှာပါ။ မီဒီယာတွေအနေနဲ့လည်း အရည်မရ အဖတ်မရ မင်းသားနဲ့မင်းသမီး ချစ်ကွဲညား ကြတဲ့ ဇာတ်လမ်းမျိုးတွေချည်းပဲ ရိုက်မနေသင့်ပဲ ဒီလိုကိစ္စမျိုးတွေအတွက် ရင်ထဲကိုရောက်သွားစေမယ့် ပညာပေးဇာတ်လမ်းမျိုးတွေကိုလည်း ရိုက်သင့်ပါတယ်။ ကျွန်မကတော့ ဘဘဦးသုခရဲ့ “တစ်ပါးသီလ”ဇာတ်လမ်းကို အရမ်းသဘောကျမိတယ်။အဲဒီဇာတ်ကားထဲမှာ (ဦး) ဇော်လင်းအနေနဲ့ ခင်စိုးပိုင်က ဘယ်လောက်ပဲ ဆွဲဆောင် ဆွဲဆောင်၊ ဖောက်ပြန်မယ်ဆို ဖောက်ပြန်ဖို့အတွက် အခြေအနေအချိန်အခါတွေ ပေးပါရက်နဲ့ အဲဒီသီလကို လုံခြုံအောင် မြဲမြံအောင် စောင့်ထိန်းခဲ့တယ်။ အဲဒီလိုစောင့်ထိန်းလိုက်တဲ့အတွက်လည်း သူ့အနေနဲ့ အကျိုးထူးတွေခံစားရတယ်။ သိပ်ကိုကောင်းတဲ့ ဇာတ်လမ်းလေးပါ။ အဲဒီလိုမျိုး လူတွေကို အသိတရားတွေ ရစေမယ့်၊ အတုယူစရာ ပညာရစရာတွေပါစေမယ့် ဇာတ်ကားမျိုးတွေကို များများရိုက်ပြီး လူထုကြားမှာ စိမ့်ဝင်ပျံ့နှံ့စေရင် ပိုကောင်းမယ်လို့ထင်မိတယ်။

တကယ်တော့ ဒီကိစ္စတွေဖြစ်လာရတာဟာ ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား စဉ်းစားမိတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမပြုမိမိမှုပါပဲ။ ကိုယ့်ကိုကိုယ်သာလျှင် အသိဆုံးပါ။ ခေတ်နဲ့စနစ်ကြောင့်ပါဆိုတာထက် လူတွေကိုယ်တိုင်ရဲ့ဖောက်ပြန်ချင်တဲ့စိတ်ဓါတ်၊ ပျက်စီးယိုယွင်းနေတဲ့ စိတ်ဓါတ်တွေကြောင့်ဖြစ်တာက ပိုသာနေမလားဆိုတာကို တွေးနေမိတယ်။

(မှတ်ချက်။ ။မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ခြင်းမရှိပါ။ မြန်မာပြည်အပြန်မှာ ကြားခဲ့ရတာတွေအပေါ် ခြုံငုံ၍ရေးခြင်းပါ။ အငယ်အနှောင်းထားတာပဲ ရေးကြီးခွင်ကျယ်လုပ်နေတယ်။ ဘာထူးဆန်းလို့လည်းလို့ ထင်ကြ ခံယူကြတဲ့သူတွေအတွက်တော့ ကျွန်မအနေနဲ့ဘာမှပြောစရာမရှိပါ။)

အင်ကြင်းသန့်


18 comments:

SHWE ZIN U said...

ဒါမှ ကိုယ့်ညီမ ကွ

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာပြည်က ပြန်လာပြီး ဒါတွေမြင်ပြီး အိမ်ထောင်ရေးကို စိတ်ကုန်လာပြီထင်တယ်
ငါ့ညီမယောက်ျားမယူတော့ဘူး အပျိုကြီးဘဲလုပ်တော့မယ်ထင်ပါရဲ့ စိတ်တောင်မကောင်းဘူး
လုပ်ဖြစ်အောင်လုပ်နော်း)

sonata-cantata said...

ရေးသင့်တယ်ဂျင်းရေ..။
SG လို မိုးလင်းမိုးချုပ် အလုပ်လုပ်ရတဲ့နေရာမှာတောင် ဒီအသံတွေ ကြားလာရလို့ စိတ်ပျက်နေတာ...။

မြတ်မွန် said...

အင်း....ဘယ်လိုပြောရနလဲတောင်မသိတော့ဘူး။ အားလုံးကမှန်နေတော့ အဲလိုလူတွေများလာလေ...ငါဒီလိုလူတွေလိုမဟုတ်သေးဘူးဆိုပြီး ဂုဏ်ယူလို့ရတာပေါ့။

sosegado said...

ဒါမျိုးက အရင်အရင်ထဲကရှိတာပေါ့၊ ပိုများလာတာက အကုန်လုံးကြောင့်ပဲ။ မန်ယူဘောသမားတစ်ယောက်ကို အတုယူပြီး လိုက်လုပ်ကြမလားလို့၊

လင်းခေတ်ဒီနို said...

အင်း မျက်မြင်ကိုယ်တွေ့ ။ ။ ။ ။ ။ ။

ဟိတ် ဂျင်းမ ကိုယ်တွေ့ဆိုလို့ ငါ မဟုတ်ဘူးနော် . . . ယုန်ထင် ကြောင်ထင် နဲ့ မြင်နေဦးမယ်း))) လူပျို နုနု ထွတ်ထွတ် လေးပါကွယ်း)) အသက် ၄၀ လောက်ပဲရှိပါသေးတယ်း)))

း) မျက်မြင်မို့ နင်ပြောတာ ငါ ထောက်ခံပါတယ်း)

အကြင်လင်မယား နှစ်ဦးနှစ်ဖက်လုံး အိမ်ထောင်ရေး သီလ လုံအောင် စောင့်ထိန်းကြစေချင်တယ်

ခင်မင်စွာဖြင့်
ဗညား

မိုးငွေ့...... said...

အဲဒါမျိုးတွေ ကြားရလွန်းလို့ သိပ်ကိုရွံနေတာ...။ ကောင်းတယ် ဂျင်းရေးပလိုက် ဆော်ပလိုက် ဒါတောင် သူတို့တွေ သေတောင် ကိုယ့်ကိုယ်ကိုသိမယ့်ဟာတွေမဟုတ်ဘူး...။
အဟီးးး အကြီးကြီးကို ထောက်ခံသွားပါသည်...။

ခင်တဲ့
မိုးငွေ့

seesein said...

သြ တို့ဂျင်းလေးခမျာ ရွှေပြည်ပြန်လာမိတာ မှားပြီ ထင်ပါရဲ့ ခေတ်ကို လွဲချတာ ကတော့ အကြောင်းရှာမရလို့နေမှာပေါ့နော ဂျင်းဂျင်းရ

ခင်မင်တဲ့
seesein

ဟန်ကြည် said...

ခေတ်နဲ့ဆိုင်တယ်လို့တော့လည်း တစ်ထစ်ချ သတ်မှတ်လို့ မရစကောင်းပါ...လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်သီလနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်...အဓိကကျတဲ့အချက်ကတော့ ကိုယ်တို့တိုင်းပြည်မှာ လူကြီးလူကောင်းကျင့်ဝတ်ဆိုတာ ကျကျနန သတ်မှတ်ချက်မရှိတာကြောင့် ဖြစ်ပါလိမ့်မယ်...အနည်းဆုံး လောကနီတိလောက်ကို လိုက်နာကြရင်တောင် အခုလောက်တော့ ဆိုးမှာမဟုတ်ပါ...အထက်က ဖြစ်ရပ်တွေမှာ နှစ်ဦးနှစ်ဘက်လုံးမှာ အကျင့်သီလဆိုင်ရာ သတ္တနဲ့ သီလ အားနည်းတယ်လို့ ကောက်ချက်ချရပါလိမ့်မယ်...

ညိမ်းနိုင် said...

အင်း....ကျားတွေကလည်း ကျားတွေ...၊မတွေကလည်း...
မတွေပဲဗျာ...၊ခက်တော့လည်းခက်သား....၊သူတို့တွေ
တစ်ယောက်တည်းနဲ့တောင်စိတ်မညစ်ကြသေးဘူးလား
မသိ...:)

သဒ္ဓါလှိုင်း said...

ပျက်စီးယိုယွင်းလာတဲ့ စိတ်ဓါတ်တွေကြောင့် ဖြစ်မယ်။
ပေါ့ပေါ့လေးသဘောထားတဲ့သူတွေပေါ့ ဂျင်းရေ။ ပြန်လာပြီး စိတ်ကိုလျှော့အုံးနော်ဂျင်း။။။
ချစ်တဲ့
သဒ္ဓါ

ဇွန်မိုးစက် said...

ဂျင်းရေ... သာသနာအနှစ် ၂၅၀၀တန်းနောက် ဆုတ်ကပ်ရောက်လာပြီဆိုတော့ ဒီလိုအဖြစ်အမျိုးတွေ တဖြည်းဖြည်းအဖြစ်များလာတယ် ထင်ပါတယ်။ မမသီတာပြောသွားသလိုပဲ ခုစလုံးမှာတောင် အိမ်ထောင်ရှိပြီး နောက်ထပ် girlfriend, boyfriend ထားတာ ခေတ်စားနေတာ၊ သူတို့အတွက် ထမင်းစားရေသောက်ကိစ္စလိုပဲ။ တို့မြန်မာလူမျိုးတစ်ချို့လည်း အဲ့ဒီအထဲပါတာကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။
ခေတ်ကြောင့်၊ စနစ်ကြောင့်၊ တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်သိက္ခာပိုင်းကြောင့်....၊ အားလုံးအားလုံးကြောင့်ပဲလို့ မဇွန်ထင်ပါတယ်။

...အလင်းစက်များ said...

စာရိတ္တမဏ္ဍိုင်ကြီးပါ ပျက်စီးသွားပြီဆိုတာ တကယ်မှန်ပါတယ်။ အတော်လေး ဆိုးရွားပါတယ်။ လက်ညိုးခဏ ခဏ ထိုးလွန်းတော့ ကိုယ့်လက်ညိုးပဲ ပုတ်သွားမှာ ကြောက်လို့  ဘယ်သူ့ ကြောင့် ဘာညာ မပြောတော့ပါဘူး အစ်မရေ... :)

သိင်္ဂါကျော် said...

မြန်မာပြည်မှာတင် မဟုတ်ဘူး ထင်တယ်နော်..
ကိုရီးယားကားတွေထဲမှာ ဆိုရင်လည်း ဖောက်ပြန်လိုက်ကြတာ ပြောမနေပါနဲ့.. အဲဒါ အပြင်မှာ တကယ် ဖြစ်နေကြတာ ဖြစ်နိုင်တယ်..
အဲဒါတွေ ကြောက်နေရင်းနဲ့ပဲ အပျိုကြီး ဖြစ်တော့မယ်နော်..။

မြစ်ကျိုးအင်း said...

ခေတ်ဆိုရင်လည်း မြင်ရတွေ့ရကြားရတာတွေက ပျက်စီးဖို့ လွယ်တဲ့ခေတ်လို့ပဲ ပြောရမယ်ထင်တယ်။
တခါက ဆောင်းပါးတပုဒ်ဖတ်ဖူးတယ်။ တီဗီမှာ ပြနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲက အိမ်ထောင်ရေး အပြန်အလှန် ဖောက်ပြန်တဲ့ ဇာတ်လမ်းမို့လို့ မပြသင့်ဘူး ဆိုတာ ရေးထားတဲ့ ဆောင်းပါးလေ။ မြင်ရတွေ့ရတာများရင် ယဉ်သွားတတ်တဲ့ သဘောလည်း ရှိတာပဲ။ တားဆီးချင်ရင်တော့ အဖက်ဖက်က ပညာပေးနိင်ဖို့လိုတယ်။ လောလောဆယ်တော့ ကိုယ်တိုင်နဲ့ ကိုယ်ပြောလို့ရနိင်မယ့် ပါတ်ဝန်းကျင်ကို တာဝန်ယူကြတာပေါ့။

မြစ်ကျိုးအင်း said...

မဲဝဲ ပြီးထဲက လင့်ချိတ်တာ ကျန်နေခဲ့လို့ ခုမှ ပြန်ချိတ်ပြီး ရောက်ဖြစ်တာ ခွင့်လွှတ်ပါညီမလေး။

တန်ခူး said...

ညီမရေ... အရမ်းကောင်းတဲ့ စေတနာတွေ အများကြီးနဲ့ ပို့ စ်လေးပါ... အဲဒီကိုယ်ကျင့်တရားပျက်ပြားမှုနဲ့ ယဉ်ပါးလာတာဟာ အရင်းစစ်တော့... အင်းးးးးး.... Root cause က ဒါပဲပေါ့ညီမရယ်... ဒါပေမယ့် ညီမပြောသလိုပဲ ဘယ်သူမပြုမိမိမှုပါ... မြန်မာတွေမှာ အားနည်းနေတဲ့အချက်က ကောင်းတဲ့အကျင့်လေးတွေကို မထိန်းသိမ်းတတ်တာပါ... ဟိုတလောကကြားတာ စပွန်ဆာပွဲစားတောင် ရှိဆိုပဲ...

soe said...

lady minopost at 40 to 50. So that man need to solve his problem by this way and nobody want to accept. So that man need to die at age 40 and nobody will blame him. Naing soe