Pages

Thursday, April 7, 2011

"မိုင်ဒေးလီးလိုက်ခ်စ်"

"မိုင်ဒေးလီးလိုက်ခ်စ်" တွေက များလွန်းလို့ ယေဘုယျအကြောင်းအရာတွေပဲ ချရေးလိုက်တယ်။ ဒါတောင် တော်တော်များသွားသေးတာ။ :D

* နံနက် ခုနစ်နာရီပတ်ဝန်းကျင်လောက်ဆို အမြဲရောက်လာနေကျဖြစ်တဲ့ ၀ိတ်ကပ်ကောအသံလေးနဲ့အတူ အိပ်ရာကနေနိုးလာရတာကို ကြိုက်တယ်။

* လူကနိုးသွားပေမယ့်လည်း ချက်ချင်းမထသေးပဲ "ငါးမိနစ်လောက်နော်...."၊ "ဆယ်မိနစ်လောက်နော်..." ဆိုပြီး ပြန်ပြန်အိပ်ရတာကို ကြိုက်တယ်။ (တကယ်က ဂရုတစိုက်နဲ့ ခဏခဏ လှမ်းလှမ်းနှိုးပေးနေတာကို ကြိုက်လို့...:)))

* တကယ်ထဖြစ်တာက ဘယ်အချိန်ပဲဖြစ်နေပါစေ….စိမ်ပြေနပြေလုပ်နေပြီး နောက်ဆုံးမိနစ်ရောက်မှ ဖုတ်ပူမီးတိုက်လုပ်ကာ ကားဂိတ်ကို အပြေးအလွှား သွားရတာကိုကြိုက်တယ်။

* ကားပေါ်မှာ နာရီဝက်လောက် အိပ်ငိုက်ပြီး လိုက်သွားရတာကို ကြိုက်တယ်။

* ရုံးကိုရောက်ရင် ဘယ်လောက်ပဲ နောက်ကျနောက်ကျ (စိတ်ထဲမှာတော့ လန့်နေပေမယ့်) အပြင်ပန်းမှာတော့ သူဌေးကအစ၊ မန်နေဂျာအလယ်၊ ရုံးအကူအဆုံး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံစံနဲ့ ရုံးခန်းထဲဝင်သွားရတာကို ကြိုက်တယ်။ (သူတို့ကလည်း ဘယ်လိုမှ ပြောမရမှန်းသိလို့ကို လက်လျှော့ထားလိုက်ကြတာပါ.... :D )

* မန်နေဂျာတွေပတ်ပတ်လည် ၀န်းရံနေလို့ ဘယ်လိုမှမလှုပ်သာတဲ့ နေရာမှာထိုင်အလုပ်လုပ်နေရပေမယ့် သူတို့လစ်တဲ့အချိန် တစ်မိနစ်နှစ်မိနစ်လောက် ရတဲ့အချိန်လေးမှာပဲ မျက်နှာစာအုပ်ထဲ ၀င်ဝင်ကလိရတာကို ကြိုက်တယ်။

* အလုပ်လုပ်ရတာ နဲနဲငြီးငွေ့လာပြီ …. သိပ်စိတ်မပါတော့ဘူးဆိုရင် ကော်ဖီတစ်ခွက်ဖျော်ပြီး တစိမ့်စိမ့်သောက်ကာ အချိန်ဖြုန်းပစ်လိုက်ရတာကို ကြိုက်တယ်။

* မန်နေဂျာတွေမသိအောင် ဖုန်းကို ဆိုင်းလန့်လုပ်ထားပြီး မက်ဆေ့ခ်ျတွေ ခိုးခိုးရိုက်နေရတာကို ကြိုက်တယ်။

* ရုံးပေါ်မှာ ကိုယ်နဲ့စကားပြောဖော် သက်တူရွယ်တူရယ် မိန်းခလေးလုပ်ဖော်ကိုင်ဖက်ရယ်လို့ တစ်ယောက်မှမရှိတဲ့ အတွက် စကားတွေ(အလုပ်နဲ့မဆိုင်သော) အရမ်းပြောချင်လာတဲ့အခါ ပြောသမျှဆိုသမျှကို နားဒုက္ခခံကာ မငြီးမငြူ နားထောင်ပေးတတ်တဲ့သူဆီကို ဖုံးခေါ်ပြီး "ပိကျိ ပိကျိ...." လုပ်ရတာကိုကြိုက်တယ်။

* နေ့ခင်းထမင်းစားချိန် ဖြစ်တဲ့ ဆယ့်နှစ်နာရီကနေ တစ်နာရီအထိ အချိန်ကတော့ ရုံးမှာနေနေရတဲ့ တစ်နေ့တာအတွက် အကြိုက်ဆုံး အချိန်ပါ။ (ရတဲ့အချိန်တစ်နာရီအတွင်း လုပ်စရာတွေများလွန်းလို့ ထမင်းကိုတောင်မှ ဒရောသောပါးစားပစ်လိုက်တာ… :)))

* အဲဒီလိုနဲ့ ခြောက်နာရီထိုးခါနီး အချိန်ကျရင်ဖြင့် စိတ်တွေက ရုံးပေါ်မှာမရှိတော့ပဲ အိမ်အပြန်လမ်းပေါ် ရောက်နေပြီး ပြန်ဖို့အတွက် နာရီကိုထိုင်စောင့်ကာ ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ အယောင်ဆောင်နေရတာကို ကြိုက်တယ်။

* ရုံးဆင်းတဲ့အချိန်မှာတော့ ရုံးပေါ်ကနေ ခုန်မချရုံတမယ် ပြေးဆင်းပြီး နားကြပ်ကို နားမှာတပ် (ရုံးကိုလာသော ခြေလှမ်းများနဲ့လွန်စွာကွာခြားလှသော) တက်ကြွလှသည့် ခြေလှမ်းများနဲ့ အိမ်ပြန်ချိန်တွေကို အရမ်းကြိုက်တယ်။ (အဲဒီမှာမှ အပိုဆုလေးပါ ရခဲ့တယ်ဆိုရင်တော့ တန်ဖိုးဖြတ်မရတဲ့ အိမ်ပြန်ချိန်တွေပေါ့…အရမ်းအရမ်းကို ကြိုက်ပါတယ်။ :)))

* အိမ်ကို တန်းတန်းမတ်မတ် မပြန်ပဲ ဟိုဝင်ဒီဝင်နဲ့ လျှောက်မွှေရတာလည်း ကြိုက်သေးရဲ့ (တကယ်ကဘာမှ ၀ယ်တာမဟုတ်ပါ….မျက်စိအစာကျွေးရုံသက်သက်ပါ။:)))

* အိမ်ကိုရောက်ရောက်ချင်း ဘာမှမလုပ်သေးပဲ အိတ်ကလေးအသာချ ကွန်ပြူတာလေးမပြီး ကွန်ပြူတာစခရင်ထဲ ခေါင်းစိုက်နေရတဲ့အချိန်တွေကိုလည်း ကြိုက်မှကြိုက်။

* အမြဲတမ်းလိုလို ကိုယ့်ကို ပွစိပွစိ ဗျစ်တောက်ဗျစ်တောက်နဲ့ ဆူပူနေတတ်ပေမယ့် ချစ်လှစွာသော ညီမအကောင်းစားလေး (အဲလေ…ယောင်လို့..ညီမအစုတ်ပလုတ်လေး) ကို စားချင်တာမှန်သမျှ မညည်းမညူ ချက်ကျွေးတတ်တဲ့ အတူနေတဲ့ မမရဲ့ လက်ရာတွေနဲ့ညစာကိုလည်း အရမ်းကြိုက်။

* ညနေစာစား၊ ရေချိုးပြီးတော့တစ်ခါ "ပိကျိ ပိကျိ...." ပြောရတာကိုလည်း ကြိုက်သေးတာ။

* အိပ်တော့မယ်လို့ အကြိမ်ကြိမ် ဆုံးဖြတ်ချက်တွေ ချနေပေမယ့် သီချင်းရှိတဲ့နေရာ၊ သီချင်းနားထောင်လို့ ရတဲ့နေရာမှန်သမျှ လျှောက်မွှေနှောက်ကာ သီချင်းတွေ နားထောင်နေရတာ၊ သီချင်းတွေ လိုက်ဆိုနေရတာကိုတော့ လောကကြီးကို မေ့နေလောက်အောင်ကို ကြိုက်ပါတယ်။ (ဒါပေမယ့် အဲဒါတွေထက် ဂစ်တာတီးပြီး ဆိုပြတတ်တဲ့ သီချင်းသံကို ပိုကြိုက်တယ်။:)))

* နောက်ဆုံးမှာ မျက်ခွံတွေက ကမ္ဘာကြီးရဲ့ဆွဲအားကို ဘယ်လိုမှ တောင့်ခံထားနိုင်စွမ်း မရှိတော့တဲ့အခါမှာတော့ ကွန်ပြူတာကို ကပျာကယာပိတ် မီးကိုမှိတ်ပြီး ချစ်လှစွာသော ပိုလာလေး(၀က်ဝံအရုပ်လေးကိုပြောတာနော်.....)ကို ရင်ခွင်ထဲမှာထား အိပ်မက်ကမ္ဘာထဲကိုရောက်သွားရတဲ့ အချိန်ကတော့ တစ်နေ့တာရဲ့ ဖေးဗရိတ်အဖြစ်ဆုံး အချိန်ပါပဲလို့….။

* အားလုံးကိုခြံပြောရရင်တော့ ကိုယ့်ရဲ့တစ်နေ့တာတွေကို အစွယ်အဆိပ်တွေ၊ အတုအပြိုင်တွေကင်းကင်းနဲ့ ရိုးရိုးစင်းစင်းဖြတ်သန်းသွားနေရတာကို အကြိုက်ဆုံးပါပဲ။ (ကြီးပွားတိုးတက်မယ့် လက်ခဏာတွေလေ…)
:))))


အစ်မသက်ဝေက မျက်နှာစာအုပ်ပေါ်မှာ တက်ဂ်ထားတာပါ။ ဘလော့ပေါ်မှာလည်း အမှတ်တရ ဖြစ်အောင် တင်ထားလိုက်တယ်။ သတိတရနဲ့ တက်ဂ်ပေးတဲ့ အစ်မသက်ဝေကို "ကျေးဇူးကမ္ဘာ" ပါလို့....။ :)))

18 comments:

မြတ်မွန် said...

အကုန်လုံးကြိုက်တယ်..
အကြိုက်ချင်းတူလို့ ပထမဆုံးလာမန့်တယ်.အဟဲ။
ချစ်တဲ့

သက်ဝေ said...

ကလေးလေးတယောက်က ရေးလာတဲ့ အကြိုက်လေးတွေဆိုတော့ ဖတ်ရတာ ပေါ့ပါး သွက်လက်ပြီး ရိုးစင်းလှပပြီး ချစ်စရာကောင်းနေတယ်...

ကိုယ့်ရဲ့တစ်နေ့တာတွေကို အစွယ်အဆိပ်တွေ၊ အတုအပြိုင်တွေ ကင်းကင်းနဲ့ ရိုးရိုးစင်းစင်း ဖြတ်သန်းသွားနေရတာကို အကြိုက်ဆုံး ဆိုတဲ့အတိုင်း တသက်လုံး အခုလိုပဲ နေသွားနိုင်ပါစေ...

အမှတ်တရ ရေးပေးတာ ကျေးဇူး ဂျင်းလေး...း))

sonata-cantata said...

ဂစ်တာတီးပြီး ဆိုပြတတ်တဲ့ သီချင်းသံ
ဘယ်လိုလေးလဲဟင်
တို့တောင် ကြိုက်ချင်ချင်းP

sosegado said...

"ပိကျိ ပိကျိ...." ရသလိုလုပ်တာကိုး
နေ့တိုင်း နေ့တိုင်း ပျော်ရွှင်ပါစေ၊

ချစ်ကြည်အေး said...

(ဒါပေမယ့် အဲဒါတွေထက် ဂစ်တာတီးပြီး ဆိုပြတတ်တဲ့ သီချင်းသံကို ပိုကြိုက်တယ်။:)))
သီတာရေ...အဲ့ကောင်မလေး.....အသေအချာ မေးနော်
ဖဘမှာလည်း တနေ့တနေ့ သူ့ ဘယ်သူချစ်သလဲ မေးလိုက်ရတာ အမော....

ဟွန်းးးး အဲသလို ဘလိုင်းကြီး ဝင်ဆူသွားရတာကို ကြိုက်တယ်....

ကိုဇော် said...

ပိကျိ ပိကျိ လုပ်မှတော့ ပိစိ ပိစိ လေးပဲ ဖြစ်ရမယ်။ ကြိုက်ထားတာလေးတွေကလည်း ကြိုက်ချင်စရာတွေချည်းပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မက်ဆေ့ ခိုးခိုးရိုက်နေတာ ဘယ်သူ့ကိုလဲ...
ဖုန်းထဲမှာ ပကျိပကျိဘယ်သူနဲ့ ပြန်နေတာလဲ
ညအိပ်တဲ့ခါ ဂစ်တာတီး သီချင်းဆိုပြတာ ဘယ်သူလဲ...
ဟမ်.. ပြောတော့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ခုတော့ ပေါ်ပြီ။
ကောင်မလေး နာတော့မယ်။
လူကြီးတွေမသိအောင် သူက တိတ်တိတ်လေး လှုပ်ရှားနေတာကိုး..
အပေါ်က အစ်မချစ် တုတ်ကြီးကြီးနဲ့ ရိုက်လိုက်ပါဗျို့...

မိုးငွေ့...... said...

ရုံးသမားချင်းတူတူမို့ ဂျင်းဂျင်းကြိုက်တာ အကုန်ကြိုက်တယ်.....:P

ခင်တဲ့
မိုးငွေ့

ခြင် said...

ပိကျိပိကျိ ဆိုတော့ တွစ်တီ ဘာ့ဒ်လေး (tweedy bird) လေးပေါ့ ဂျင်းဂျင်း...

Anonymous said...

အပျော်အနေဖြင့် ဖတ်ရင်တော့ ကောင်းပါတယ် ..
နေ နေ တဲ့ အနေအထား က ကလေး အရမ်း ဆန်နေ သလို ပဲ... ..
စိတ်ကူးရင် အရမ်း ဆန်နေသလိုပဲ ...
စိတ်ကူရင်ဘ၀ နဲ အကောင်းဆုံး ဖြတ်သန်း နိုင် ရင်တော့ ကောင်းပါတယ်...
စိတ်ကူးရင်ဘ၀ က တခါတခါ အကျည်းတန်တတ် တယ်....

အင်ကြင်းသန့် said...

@Anonymous>>> ဟုတ်ကဲ့....ကျွန်မရဲ့ဒီစာက အပျင်းပြေ အပျော်ဖတ်ဖို့ ရေးထားတာ မဟုတ်ပါ။ အဲဒီလိုစာတွေကို ဖတ်ချင်ရင်တော့ အဲဒီလိုစာတွေရှိတတ်တဲ့ ၀က်ဆိုဒ်မျိုးတွေကိုပဲသွားဖတ်ပါ။ ဒီစာက ကျွန်မရဲ့ ဘလော့ဂါအစ်မတစ်ယောက်ဖြစ်တဲ့ အစ်မ မသက်ဝေက နေ့စဉ်ဘ၀တွေထဲက မိမိကြိုက်နှစ်သစ်ရာလေးတွေကို ရေးပေးဖို့ တက်ဂ်လို့ စိတ်ထဲရှိတဲ့အတိုင်း ချရေးလိုက်တာပါ။ ကျွန်မရဲ့ အနေအထားက ကလေးဆန်ချင်ဆန်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မ စိတ်ထားကိုတော့ ဖြူဖြူစင်စင်ထားပါတယ်။ လူကြီးဆန်ချင်ယောင်ဆောင်နေကြပြီး တကယ့်တကယ်တန်းကျတော့ အတွင်းစိတ်ထားတွေက မဖြူစင် မရင့်ကျက် အဆွယ် အဆိပ်တွေနဲ့ လူတွေနဲ့စာရင်တော့ ကလေးဆန်ဆန်ဖြူစင်ရတာက သာပါတယ်။ အခုရေးထားသမျှက ကျွန်မရဲ့ နေ့စဉ်ဖြတ်သန်းတတ်တဲ့ အမှန်တကယ်ဘ၀တွေထဲက အကြောင်းအရာတစ်ချို့ပါ။ စိတ်ကူးယဉ်၍ ရေးထားခြင်း တစ်လုံးမှ မပါပါ။ Anonymous ရဲ့ အမြင်မှာ ကျွန်မဘ၀က အကျည်းတန်ချင်တန်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မရဲ့ နေ့စဉ်ဘ၀တွေကို ကျေနပ်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေတယ်။ Anonymous ရဲ့ ဘ၀လည်း လူကြီးဆန်ဆန်ရင့်ကျက်စွာနဲ့ ဘ၀လည်း ထာဝရ လှပနေပါစေလို့ ဆုတောင်းပေးပါတယ်.....။ သြော်....တကယ့်တကယ် ရင့်ကျက်ပြည့်ဝတဲ့သူ အပြုသဘောဆောင်စွာ ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ နာမည်လောက်တော့ ချန်ခဲ့ဖို့ကောင်းမယ်ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဇွန်မိုးစက် said...

ခုမှရောက်တယ် ဂျင်းရေ။ နာမည်ပြောင်းခေါ်တော့မယ်ကွာ... ပိကျိဆိုပြီး :P

SHWE ZIN U said...

ညီမငယ် အင်ကြင်း ရေ

ညီမ အကြိုက်လေးတွေ ဖတ်ပြီး ရီသွားတယ် ညီမရယ်

ချစ်မမ
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ဂျင်းမလေးရေ...
ရေခဲရေအေးအေးနဲ့ကို တကိုယ်လုံး ရွှဲစိုသွားအောင် လောင်းလိုက်ပြီ..။
(ဒါပဲ....)))). သင်္ကြန်မှာဘာတွေလုပ်နေလဲ.။
ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေဂျင်းမလေးရေ။

ချစ်တဲ့
သဒ္ဓါ

မြတ်မွန် said...

http://i302.photobucket.com/albums/nn116/imagoodone4sure/smileys/WaterBalloon.gif
ဂျင်းရေ..ရေလောင်းသွားတယ်..
ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ ဂျင်းရေ..။
ချစ်တဲ့..။

ကိုကိုမောင်(ပန်းရနံ့) said...

အိပ်မက်လှလှလေး မက်တာကိုကော မကြိုက်ဖူးလားး))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

kiki said...

နောက်ကျမှ ကော်မန့် လာ ရေး ရတာကို ကြိုက်တယ်။
ဂျင်းဂျင်း နဲ့ အကြိုက်ချင်း တချို့ တူ နေတာကိုကြိုက်တယ်..
မတူ နေတာ တချို့ ကိုလည်း ကြိုက်တယ်..ဟဲဟဲ

နှစ်သစ်မှာ ကြိုက်တာတွေ ဆက်ကြိုက်စွာ လုပ်နိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ.
ဘလော့လိပ်စာလေး လည်း http://kiki-idiotlove.blogspot.com ဟု ပြန်ပြောင်းချိတ်ပေးစေလိုပါသည် . ( အရင်ဟာကြီး ပျောက်သွားပါကြောင်းးးး )း)).

blackcoffee said...

အင်ကြင်း တစ်ယောက် တစ်နေ့ တာ အချိန်တွေကို အစွယ်အဆိပ်ကင်းကင်း အတုအပြိုင် ကင်းကင်း တွေနဲ့  ရိုးရိုးစင်းစင်းလေး နေ့ စဉ်ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...