Pages

Sunday, March 27, 2011

“သွားကြစို့ စာပေဟောပြောပွဲ”


ဒီနိုင်ငံကိုရောက်ပြီးခါမှ စာအုပ်နဲ့စာဖတ်ခြင်းအလုပ်ကို ကျွန်မအနေနဲ့ အလှမ်းဝေးနေတာကြာပြီလို့ ပြောလို့ရပါတယ်။ စာအုပ်တွေကို ဖတ်မယ်ဆိုပြီးဝယ်ထားလိုက်၊ လူကြုံရှိရင် အိမ်ကိုလှမ်းမှာလိုက်နဲ့ တကယ်တမ်းကျတော့ ကုန်အောင်မဖတ်ဖြစ်သေးပဲ ကျန်နေတာက တောင်ပုံယာပုံ။ ဖတ်လက်စတန်းလန်းနဲ့ ရှေ့ဆက်မတက်ဖြစ်တဲ့ စာအုပ်တွေကလည်း အစီအရီ....။

ဒီကိုရောက်လာပြီးကတည်းက အချိန်တွေတော်တော်များများကလည်း ကွန်ပြူတာရှေ့မှာပဲ ကုန်ဆုံးသွားရတာချည်းပါပဲ။ ရုံးမှာလည်းကွန်ပြူတာ၊ အိမ်မှာလည်းကွန်ပြူတာဆိုတော့ သိချင်တာ ဖတ်ချင်တာရှိခဲ့ရင်လည်း ကွန်ပြူတာပေါ်ကနေပဲ ရှာဖွေဖတ်ရှုဖြစ်လိုက်တာက များပါတယ်။ ဒါပေမယ့် အဲဒီလိုဖတ်ရှုတဲ့အခါ ခဏတဖြုတ်လောက်ပဲဖတ်နိုင်ပြီး အရသာကလည်း ပေါ့ရွှတ်ရွှတ်နိုင်လှသလို စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေ ဈန်ဝင်ပြီးဖတ်ရတဲ့ အရသာနဲ့ယှဉ်လိုက်ရင် တော်တော်ကိုကွာခြားပါတယ်။ (ကျွန်မခံစားချက် သက်သက်ကိုပြောခြင်းပါ)။ ဒီလိုနဲ့ပဲ စာပေတွေနဲ့ကိုယ်နဲ့က တဖြေးဖြေးအလှမ်းဝေးလာသလို ခံစားလာရပါတယ်။

မြန်မာပြည်မှာ နေတုန်းကတော့ စာအုပ်တွေအမျိုးမျိုးကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို ဖတ်ရှုဖြစ်ခဲ့တာပါ။ ဒီနိုင်ငံကိုရောက်လာပြီးမှာသာ အကြောင်းအမျိုးမျိုးတွေကြောင့် စာအုပ်တွေကို တော်ရုံနဲ့မကိုင်ဖြစ်တော့တာ။ ဒါပေမယ့် ဒါကဆင်ခြေသက်သက်မျှသာလို့ ပြောလို့တော့ရပါတယ်။ လူကိုယ်တိုင်က ခပ်ပျင်းပျင်းမို့လည်း ပါပါတယ်။ တကယ်ဖတ်ချင်တဲ့သူက ဘယ်လိုအကြောင်းခြင်းရာမျိုးတွေပဲရှိနေနေ မရရအောင် ကုပ်ကပ်ဖတ်မှာပါပဲ။

ဒါပေမယ့် အခုအချိန်မှာ ကျွန်မလိုမျိုး လူကခပ်ပျင်းပျင်း၊ ဆင်ခြေက ခပ်များများပေးတတ်သော သူအတွက် ၀မ်းသာစရာအကြောင်း ဖြစ်လာတာကတော့ ဒီနိုင်ငံမှာ စာပေဟောပြောပွဲတွေ ပြုလုပ်လာခြင်းပင်ဖြစ်ပါသည်။ စာပေဟောပြောပွဲဆိုသည်မှာက ပေးလိုက်ရသည့် နေ့တစ်ဝက်စာလောက် အချိန်အတောအတွင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အသိတရား၊ ဗဟုသုတတွေကို ယူတတ်ရင် ယူတတ်သလို အစုလိုက်အပြုံလိုက် ကိုယ့်အတွက်ရလိုက်နိုင်သော နေရာတစ်ခုဖြစ်ပေသည်။ ထိုမှတဆင့် ရရှိလာသောအသိတရား၊ ဗဟုသုတတွေကိုလည်း ပွဲပြီးမီးသေ သဘောမျိုး မထားပဲ ဘ၀တစ်လျှောက်မှာ ကိုယ်အသုံးချနိုင်ရင် ချသွားနိုင်သလောက် အကျိုးကျေးဇူးကလည်း များပြားလှပေသည်။

အခုဆိုရင် စင်ကာပူနိုင်ငံစာပေမြတ်နိုးသူများကနေပြီး ဦးဆောင်၍ စာပေဟောပြောပွဲများကို ကျင်းပလာသည်မှာ ယခု လာမည့် ဧပြီလ (၃၀)ရက်နေ့ စနေနေ့တွင် ကျင်းပမည့်ပွဲနှင့်ပါဆို သုံးကြိမ်မြောက်ရှိသွားပြီဖြစ်သည်။ ထိုသို့ ဦးစီးဦးဆောင်ပြုလုပ်ကြသော စာပေမြတ်နိုးသူများရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်ကလည်း မွန်မြတ်လှပေသည်။ ထိုကဲ့သို့ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းမှာ ပရဟိတ လူမူအကျိုးပြုအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ရရှိလာသော အကျိုးအမြတ်များကိုလည်း ငွေကြေးလိုအပ်လျက်ရှိသည့် သက်ကြီးဝါကြီး စာရေးဆရာ ကြီးများကို ပူဇော်ကန်တော့လှူဒါန်းဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် စာပေဟောပြောပွဲများကို စီးပွားရေး အမြတ်အစွန်းအတွက် ဘယ်တော့မှ လုပ်ကိုင်မှာမဟုတ်ကြောင်းလည်း သူတို့က အသိပေးထားပါတယ်။

စာပေဟောပြောပွဲမှာ လာရောက်ဟောပြောကြတဲ့ စာရေးဆရာ၊ ဆရာမများဟာ ဆိုရင်လည်း တကယ့်ကို လေးစားဖွယ်ရာကောင်းလှတဲ့ ပရိတ်သတ်ကို သုတ၊ ရသ အမျိုးမျိုးအဖုံဖုံတို့ဖြင့် အသိဥာဏ်ပညာတိုးပွားအောင် နှလုံးရည်ပြည့်ဝလာအောင် စွမ်းဆောင်နိုင်ကြတဲ့ ဆရာ၊ဆရာမကြီးတွေချည်းပါပဲ။ ပထမအကြိမ်တုန်းက ဟောပြောသူများမှာ ဆရာချစ်ဦးညို၊ ဆရာနေ၀င်းမြင့်၊ ဆရာမဂျူး တို့ဖြစ်ပြီး ဒုတိယအကြိမ်တုန်းက ဟောပြောသွားသူများမှာတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာလယ်တွင်းသားစောချစ်နဲ့ ဆရာအော်ပီကျယ်တို့ဖြစ်ကြပါတယ်။

ယခု တတိယအကြိမ်ဟောပြောမယ့် စာရေးဆရာတွေကိုလည်း ကြည့်လိုက်ပါဦး....။ ဆရာဖေမြင့်၊ ဆရာအောင်သင်း၊ ဆရာချစ်စံဝင်းနဲ့ ဆရာမ ခင်ခင်ထူးတို့ပါတဲ့။ ဟောပြောမယ့် ခေါင်းစဉ်တွေကတော့ ဆရာ ဖေမြင့်က “ဘဝတိုးတက်ဖို့ စာဖတ်ကြစို့” ၊ ဆရာအောင်သင်းက “ရပ်ဝေးမြေခြား လူငယ်များသို့” ၊ ဆရာ ချစ်စံဝင်းက “အမေဟူသည် အလွမ်းသည်” နဲ့ ဆရာမ ခင်ခင်ထူးက “အညာဓလေ့ ရွာဓလေ့” စသည်ဖြင့် ဖြစ်ကြပါတယ်။ ထိုစာရေးဆရာတွေအားလုံးဟာဆိုရင်ဖြင့် ကျွန်မကြိုက်နှစ်သက်လေးစားရတဲ့ စာရေးဆရာတွေချည်းပါပဲ။ ဘာ့ကြောင့်ကြိုက်နှစ်သက်ရတယ် လေးစားရတယ် ဆိုတာကိုတော့ ကျွန်မအနေနဲ့အထူးတလည် ချီးမွမ်းခန်းဖွင့်ပြနေစရာလိုမယ် မထင်တော့ပါဘူး။ တော်ကြာ ဆရာတို့၊ဆရာမတို့ကို ကျွန်မလိုလူတစ်ယောက်က အမွှမ်းတင်လိုက်မိတဲ့အခါ ယောမင်းကြီးနဲ့ မြင်းထိန်းငတာလို ဖြစ်သွားမှာစိုးလို့ပါ။း))

ထိုတတိယအကြိမ်စာပေဟောပြောပွဲ လက်မှတ်တစ်စောင်ရဲ့ ဈေးနှုန်းကတော့ S$15 ဖြစ်ပြီး လက်မှတ်များကိုတော့ ပင်နင်ဆူလာပလာဇာရှိ သူဌေးသမီး၊ သော်တာနဒီ နှင့် ရနံ့သစ် မြန်မာထမင်းဆိုင်တို့တွင် ၀ယ်ယူရရှိနိုင်ကြောင်းနှင့် လက်မှတ်ကောင်တာများကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ (၅)နာရီမှ (၈)နာရီအထိ ဖွင့်လှစ်ရောင်းချနေကြောင်းသိရပါတယ်။

ဟောပြောပွဲကို နေ့လည် (၁) နာရီကနေ ညနေ (၈) နာရီအထိ ကျင်းပမှာဖြစ်ပြီး ကျင်းပမယ့် နေရာကတော့ Singapore Poly ရဲ့ Convention Centre မှာပါတဲ့။ အဲဒီတော့ကျွန်မအနေနဲ့ သူငယ်ချင်းမောင်နှမတွေထဲက မသိသေးတဲ့သူတွေကိုသိရအောင်၊ အမှုမဲ့အမှတ်မဲ့ နေခဲ့မိသူတွေကိုလည်း အာရုံလေးစိုက်မိလာအောင်၊ စိတ်မပါတဲ့သူတွေလည်း စိတ်လေးပါချင်ပါလာစေရအောင်ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်တာပါ။း))

အကယ်၍ သွားရောက်ချင်တဲ့ ဆန္ဒလေးတွေများ ဖြစ်ပေါ်လာခဲ့ရင်လည်း လက်မှတ်များကုန်သွားမှာစိုးသဖြင့် လက်မနှေးပဲ အမြန်သာ သွားရောက်ကာဖြင့် ၀ယ်ယူလိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။း)))

(မှတ်ချက်။ ။Myanmar Literature Talk (Singapore)on Facebook မှာလည်း စာပေဟောပြောပွဲနဲ့ ပတ်သက်၍ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

6 comments:

အင်္ဂါဟူး said...

အင်း...စိတ်ထဲ ရှိတည့်အတိုင်းပြောရရင်တော့ တစ်နေ့ကို ဟောပြောပွဲ တစ်ခုလောက် နားထောင်ခွင့်ရချင်တာ.

အခုလို သိသိသာသာ မြင့်မားလာတဲ့ စာပေ ဟောပြောပွဲ ယဉ်ကျေးမှုကို လေးစားစွာ ဂုဏ်ယူမိပါသည်။

စာအုပ်ကို တစ်ရွက်ချင်းလှန်ဖတ်ရတဲ့ အရသာကို ဒေါင်းအဲရိုး ဖိ ရသည်ထက် ပိုနှစ်သက်မိတအမှန်။

စောင့်မျှော်လျှက်ပါပဲခင်ဗျာ။

sosegado said...

ပျောက်နေပြီးမှာ စာပေဟောပြောပွဲနဲ့ပြန်ပေါ်လာတယ်၊
နေကောင်းကျန်းမာပါစေ။
လောလောဆယ် ရောနေတယ်ဟောပြောပွဲ နှစ်ပွဲတောင်ဆိုတော့၊
ခင်ခင်ထူးပါတဲ့ပွဲကိုပဲသွားရမလား?

noblemoe said...

ကျေးဇူးဂျင်း အတူသွားကြတာပေါ့
တကယ်စိတ်နှလုံးခွန်အားဖြစ်စေမယ့်အချိန်တွေပါ။
တန်ဖိုးဖြတ်မရပါဖူးနော် အဲ့ဒီချိန်တွေကိုး)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မြတ်မွန် said...

ဂျင်းရေ..သွားပါလား..
သွားဖြစ်အောင် သွားလိုက်နော်..
မွန်တို့ဆီ ဒီလိုစာပေဟောပြောပွဲတွေ လုပ်ပေးရင်ကောင်းမှာ..။
အခွင့်အရေးကောင်းပါပဲ ဂျင်းရေ..။
သွားနားထောင်ပြီး ရလာတဲ့ ခံစားချက်လေး မျှဝေပါအုံးနော်..။
ချစ်တဲ့

SHWE ZIN U said...

ညီမ အင်ကြင်း ရေ

အမတို့ ကတော့ ပြည်တွင်းမှာ နေတာတောာင် မသွားနိုင်ခဲ့ဘူး ညီမ သွားဖြစ်အောင်သွားနော်

ချစ်တဲ့
အမရွှေစင်

Ree Noe Mann said...

ကျနော်လည်း သွားမယ်လို့ စိတ်ကူးထားတယ်။