Pages

Sunday, January 9, 2011

ပီတိအားဆေး

ခါတိုင်းလတွေနဲ့မတူဘဲ ဒီလမှာ ပိုမိုများပြားလာတဲ့ အလုပ်တာဝန်တွေကြောင့် သူမရဲ့ စိတ်နဲ့ခန္ဓာကိုယ် တစ်ခုလုံး အတော်လေးကို ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

ဒီတစ်ပတ်ထဲမှာတော့ အပြီးဖြတ်ပေးရန် ရှိနေသည့် အလုပ်ကိစ္စများအတွက် တစ်ပတ်လုံးမှာလည်း အိမ်ပြန်နောက်ကျသည့်အပြင် ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့မှာပါ မနားနိုင်ဘဲ ရုံးကိုသွားပေးဖို့ လိုအပ်လာပြန်သည်။ သွားပြန်တော့လည်း ရုံးကိုစရောက်ပါပြီ ဆိုကတည်းက အလုပ်ကိုပဲပြီးစီးအောင် အာရုံစူးစိုက်နေမိသည့်အတွက် နေ့လည်စာစားဖို့ပင် အချိန်မရခဲ့။

ညနေမစောင်းခင်အထိ တစ်နေ့လုံးစာမျှနီးပါး လုပ်အပြီးတွင်တော့ အလုပ်တွေအားလုံး ပြီးပြတ်သွား၍ ရုံးမှ ပြန်လာခဲ့တော့သည်။ ရုံးမှအပြန်တွင် သူမအနေဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ ခြေပစ်လက်ပစ်သာ အနားယူလိုက်ချင်သော်လည်း အစ်မရင်းလို ခင်မင်ရသည့် မိတ်ဆွေတစ်ယောက်၏ မွေးနေ့ပွဲသို့ သွားရောက်ရန် ရှိနေသဖြင့် တစ်ခါတည်း ဆက်၍ သွားလိုက်ရပြန်သည်။

ထိုမွေးနေ့ပွဲမှ အပြန်တွင်တော့ သူမရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သူမဘယ်လိုမှပင် တင်းမထားနိုင်တော့ပေ။ အိမ်သို့ ပြန်ရောက်သည့်အခါ သူမနှင့် အတူနေသူ သူငယ်ချင်းက နောက်တစ်နေ့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ဘုန်းကြီးကျောင်း၌ အာရုဏ်ဆွမ်း ဆက်ကပ်ရန်အတွက် အလုပ်များရှုပ်နေသော်လည်း သူမအနေနဲ့ ဘယ်လိုမှပင် ကူညီနိုင်ခြင်း မရှိတော့ဘဲ အားနာစွာဖြင့်ပင် အိပ်ရာဝင်ခဲ့မိသည်။

နောက်တစ်နေ့နံနက် အာရုဏ်တက်ချိန်လောက်တွင်မူ သူငယ်ချင်းဖြစ်သူ၏ လာရောက်လှုပ်နှိုးမှုကြောင့် သူမနိုးသွားခဲ့သည်။ အိပ်ရာမှနိုးနိုးချင်းတွင် တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေပြီး ခေါင်းထဲတွင် နောက်ကျိမူးဝေနေသော်လည်း ကုသိုလ်ရေး ဖြစ်သည်မို့ကတစ်ကြောင်း၊ ညကလည်း ဘာမှမကူညီထားမိသဖြင့် သူငယ်ချင်းကို အားနာသည်က တစ်ကြောင်းကြောင့် အိပ်ရာမှထကာ ကူညီလုပ်ကိုင်ပေးရင်း ဘုန်းကြီးကျောင်းကိုပါ လိုက်သွားလိုက်သည်။

ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်တရားနာ၍ အိမ်ကိုပြန်လာပြီးသည့်နောက်တွင် သူမအတွက် အသုံးအဆောင် ပစ္စည်းအချို့ ၀ယ်စရာရှိနေသဖြင့် သူမတို့အိမ်နှင့် အနီးဆုံး ဘူတာရုံနားတစ်ဝိုက်တွင်ရှိသော ဆိုင်ခန်းများရှိရာနေရာသို့ သူမထွက်လာခဲ့သည်။

ထိုသို့ထွက်သာလာခဲ့ရသော်လည်း သူမ၏ အာရုံများက မကြည်လင်သေး။ ရီဝေနေဆဲပင်....။ သူမ၏စိတ်ထဲတွင်မူ သူမခံစားနေရသည့် နာကျင်ကိုက်ခဲမှုများ၊ မူးဝေနောက်ကျိမှုများကို ပျောက်ကင်းသက်သာသွားစေပြီး ချက်ချင်းပင် ခွန်အားများ ပြန်လည်ရရှိကာ လန်းဆန်းလာစေနိုင်မည့် အားဆေးတစ်မျိုးမျိုးကိုသာ သောက်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေမိသည်။

ဘူတာရုံနားတစ်ဝိုက်တွင်ရှိသော ဆိုင်ခန်းများ၌ သူမလိုချင်သော ပစ္စည်းကို ရှာ၍မရသောကြောင့် ပလာဇာတစ်ခုသို့ သွားလိုက်မည်ဟု စိတ်ကူးကာ ဘတ်စ်ကားစီးလာခဲ့လိုက်သည်။ သူမစီးလာသော ဘတ်စ်ကားမှာ နံပါတ်လည်းအမှန်၊ လမ်းကြောင်းလည်းအမှန်ပင် ဖြစ်သော်လည်း မကြည်လင် နောက်ကျိမူးဝေနေသော စိတ်အာရုံတို့ကြောင့် စီးနေရင်းမှ ရုတ်တရက် သူမကိုယ်သူမ နံပါတ်မှား၍ စီးလာမိသည်ဟု ထင်လိုက်ကာ မှတ်တိုင်တစ်ခု အရောက်တွင် ကားပေါ်မှဆင်းလိုက်သည်။

ဆင်းပြီးကာမှ “ဟာ....သွားပါပြီ....ဒီကားက အမှန်ပဲဟာကို....ငါတော့နောက်တစ်ကားကို အကြာကြီးစောင့်ရဦးမယ်..” ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေစဉ် သူမဘေးမှာ အသက်အရွယ်အားဖြင့် အတော်ပင်ကြီးနေပုံရပြီဖြစ်သော အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့ အချီအချ စကားများပြောနေကြသည်ကို သတိထားကြည့်မိလိုက်သည်။

သူတို့ဘာသာစကားကို နားမလည်သော်လည်း အဘိုးအိုက ကားလမ်းကြောင်းတစ်ခုကို မေးနေမှန်းတော့ သိလိုက်သည်။ သို့သော် လူငယ်ဖြစ်သူမှာ အဘိုးအို၏ မေးခွန်းများကို ဖြေနေရသည်ကို သိပ်စိတ်ရှည်ပုံမရပါ။ ထိုသို့ အဘိုးအိုက အားကိုးတကြီး မေးနေရင်းလက်စနှင့်ပင် သူစီးရမည့် ဘတ်စ်ကားနံပါတ် ရောက်လာသောအခါ ဒီအတိုင်းထားခဲ့ကာ ဘတ်စ်ကားပေါ်သို့တက်၍ ထွက်ခွာသွားလေသည်။

ထိုလူငယ်ထွက်ခွာသွားပြီးနောက် ကားဂိတ်တွင် သူမတစ်ယောက်သာ ကျန်နေခဲ့ရာ အဘိုးအိုက တရွေ့ရွေ့နှင့် သူမနားသို့ ချဉ်းကပ်လာပြီး သူတို့ဘာသာစကားနှင့် စကားစတင် ပြောလာပါသည်။ သူမကလည်း သူတို့ဘာသာစကားကို သူမနားမလည်ကြောင်း၊ ကျေးဇူးပြုပြီး အင်္ဂလိပ်စကားကို သုံးနိုင်လျှင်သုံးပေးပါရန် ကောင်းမွန်စွာ ပြန်လည်ပြောပြပါသည်။ ထိုအခါ အဘိုးအိုက အင်္ဂလိပ်စကားဖြင့် သူဖြစ်နေသည့်အကြောင်းစုံကို သူမအား ပြောပြပါတော့သည်။

သူ့စကားအရ သူသည် ဤအနီးအနားတစ်ဝိုက်မှာနေသူ မဟုတ်ပေ။ ဤ နေရာမှာရောင်းသော ကြက်ဆီထမင်းအား စားချင်လွန်း၍ လာဝယ်ရာမှ လမ်းပျောက်သွားပြီး အိမ်သို့ ဘယ်ကားကိုစီး၍ ဘယ်လိုပြန်ရမည်ကို သူမမှတ်မိတော့ကြောင်း၊ ရထားစီးရန်လည်း ဘူတာက ဘယ်နားတွင်ရှိ၍ ဘယ်လိုသွားရမည်မှန်းလည်း သူမသိကြောင်း၊ အခြားသူများကိုမေးမြန်းပါသော်လည်း ဘယ်သူကမှ သူ့ကို ကောင်းကောင်းမွန်မွန် ပြောပြကူညီခြင်းမရှိကြောင်း၊ စသည်ဖြင့် ငိုသံပါကြီးနှင့်ပြောပြလေတော့သည်။ သူမကိုလည်း သူ့ကို ကူညီပေးပါရန် တောင်းတောင်းပန်ပန်နှင့် ပြောလေသည်။ သူမ၏စိတ်ထဲတွင် အဘိုးအိုအပေါ်မှာ လွန်စွာမှ သနားကရုဏာသက်သွားမိလေသည်။

“အဘိုး....မငိုပါနဲ့....စိတ်ချပါ... ငါမင်းကို အိမ်ကိုရောက်အောင် ပြန်ပို့ပေးမယ်... မင်းရဲ့အိမ်က ဘယ်ဘူတာရုံနဲ့ နီးသလဲဆိုတာရော မင်းမှတ်မိလား....”

အဘိုးအိုက ဘူတာရုံတစ်ခု၏ နာမည်ကိုပြောပါသည်။ ထိုဘူတာရုံကို ရောက်လျှင် သူ့အိမ်ကိုမှတ်မိပြီဟုလည်း ဆိုပါသည်။

“ဟုတ်ပြီ...အဘိုး...စိတ်ချ....ငါမင်းကို အဲဒီဘူတာရုံကို ရောက်အောင်လိုက်ပို့မယ်....အခု ငါတို့ ဒီနားက ဘူတာရုံကို အရင်သွားကြမယ်....အဲဒီကနေမှတဆင့် မင်းရဲ့အိမ်ရှိတဲ့ဘူတာရုံအထိ ငါလိုက်ပို့ပေးမယ်.....။ မင်းအရမ်းမောနေပြီလား လမ်းလျှောက်လို့ရောရသေးလား....”
ဟုပြောကာ အဘိုးအို၏ လက်ကိုဆုပ်ကိုင်လိုက်သည်။ အဘိုးအိုက သူမကို အားကိုးတကြီးဖြင့်ကြည့်ကာ

“ရပါတယ်….ငါ ဖြေးဖြေးချင်းတော့ လျှောက်လို့ရပါတယ်”

“အိုကေအဘိုး....ငါမင်းကိုတွဲပြီးလျှောက်မယ်....မင်းဘာမှစိတ်မပူပါနဲ့....ဘူတာရုံ ရှိတဲ့ ဘက်ကို သွားဖို့ဆိုရင် ပထမဆုံးအနေနဲ့ ငါတို့ ဒီကုန်းကျော်တံတားကိုတော့ ကျော်ရမယ်...”.

သူမပြောပြောဆိုဆိုနဲ့ အဘိုးအို၏ လက်ကိုတွဲကာ တံတားပေါ်သို့ တလှမ်းချင်း ခေါ်ဆောင်လာခဲ့သည်။
အဘိုးအို၏ မျက်ဝန်းမှမျက်ရည်များ ပြည့်လျှံလာကာ တုန်ယင်နေသောအသံဖြင့်

“မိန်းကလေးရယ် မင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ငါလူတွေအများကြီးကို အကူအညီတောင်းပြီးပြီ။ ငါ့ကိုကူညီဖို့ ဘယ်သူမှ စိတ်မရှည်ကြဘူး။ မင်းနဲ့သာမတွေ့ရင်တော့ ငါဘယ်လိုလုပ်ရမယ်မှန်း ငါမသိတော့ဘူး။”

အဘိုးအိုကဆက်၍ပြောပါသည်။

“ငါ့ရဲ့အသက်က ၉၂နှစ်ရှိပြီ မိန်းကလေးရဲ့..... ငါ့မှာသားသမီးလေးယောက်နဲ့ မြေးတွေရှိပေမယ့် အခုသူတို့က နိုင်ငံခြားကို သွားတယ်။ ငါ့ကိုတစ်ယောက်တည်း ထားခဲ့ကြတာ။ တစ်လလောက်ကြာမှသူတို့က ပြန်လာကြမယ်လို့ ပြောသွားကြတယ်။ ငါ့ကိုသူတို့က အပြင်ကိုလျှောက်ပြီး မသွားဖို့ မှာခဲ့ကြပါတယ်။ ဒါပေမယ့် ငါက ဒီနေ့ကြမှ ဟောဒီနားက ကြက်ဆီထမင်းလေးကို စားချင်လွန်းလွန်းလို့ ထွက်လာခဲ့မိတာပါ....”

အဘိုးအိုက ပြောပြောဆိုဆို သူ့လက်ထဲမှဆွဲလာသော အထုတ်လေးကိုလည်း မြှောက်ပြလေသည်။

သူမကလည်း အဘိုးပြောပြသည်တို့ကို ဂရုတစိုက် စိတ်ဝင်တစား နားထောင်ပေးကာ တံတားကို တရွေ့ရွေ့ဖြတ်ကျော်ခဲ့ကြပြီးနောက် လမ်းတစ်ဘက် ကားမှတ်တိုင်သို့ ရောက်ရှိသွားပါသည်။ ဘူတာရုံသို့ ရောက်ရန် နောက်ထပ် နှစ်မှတ်တိုင်စာမျှ လမ်းလျှောက်ရဦးမည် ဖြစ်သော်လည်း အဘိုးအို၏ ပုံစံမှာ အလွန်တရာမှပင် မောဟိုက်နေပြီး နောက်ထပ်အနည်းငယ်မျှ ထပ်မံလျှောက်လှမ်းဖို့ပင် တော်တော်လေးခက်ခဲနေပုံပေါ်နေပါပြီ။

ဒီပုံအတိုင်းဆိုရင်တော့ ဘူတာရုံသို့ခေါ်သွာဖို့ဆိုတာမလွယ်ပေ၊ မဖြစ်နိုင်လောက်တော့ပေ။ တက်စ်စီငှားပြီးပို့ပေးမှဖြစ်တော့မယ်ဟု သူမဆုံးဖြတ်လိုက်ကာ အဘိုးအိုကို ပြောပြလိုက်တော့ အဘိုးအိုက ၀မ်းနည်းတုန်ယင်စွာဖြင့် တက်စ်စီငှားရန်အတွက် သူ့မှာပိုက်ဆံပါမလာကြောင်း၊ ငွေပိုဟူ၍လည်းသူ့မှာ မရှိကြောင်း၊ သူ၏သားသမီးများကလည်း ထမင်းစားဖို့လောက်အတွက်သာ ပိုက်ဆံကိုတွက်ပြီး ပေးခဲ့တာဖြစ်ကြောင်းစသည်ဖြင့် ပြောပြပြန်သည်။

“စိတ်မပူပါနဲ့အဘိုး….ငါ့မှာ ပိုက်ဆံပါပါတယ်။ စိတ်ချ…..မင်းကို ငါတက်စ်စီနဲ့ လိုက်ပို့ပေးမယ်။ ပိုက်ဆံကိုလည်း ငါပဲပေးမှာ….မင်းဘာမှစိတ်မပူနဲ့နော်”

အဘိုးအိုကတော့ သူမအား ကျေးဇူးတင်ကြောင်းများကိုသာ တဖွဖွပြောနေလေတော့သည်။ သို့နှင့်သူမ တက်စ်စီငှားရန်ပြင်လိုက်သည်။ လာနေသောတက်စ်စီများကို ကြည့်သော်လည်း အားလုံးက မအားပေ။ အချိန်အတော်ကြာကြာ စောင့်နေပြီးသည့်တိုင် ကားကမရနိုင်သဖြင့် တက်စ်စီရရန် ပိုမိုအခွင့်အလမ်းသာသော လမ်းမကြီးဘက်သို့ သွားရန် အဘိုးအိုကို သူမ အကျိုးအကြောင်း ပြောပြသည်။ အဘိုးအိုမှာ အတော်ပင် မောဟိုက်နေပြီ ဖြစ်သော်လည်း ဤနေရာတွင်သာ ဆက်နေလျှင် ကားရဖို့မလွယ်ကြောင်း သူလည်းရိပ်မိသဖြင့် သူမကိုမှီတွဲကာ လမ်းမကြီးပေါ်သို့ တရွေ့ရွေ့ လျှောက်လာခဲ့ကြပြန်သည်။

လမ်းမကြီးပေါ်သို့ အရောက်တွင် ကားများက ပေါသော်လည်း သူမတားနေသည်ကို တော်ရုံနှင့် ရပ်မပေးကြချေ။ တကယ်တော့ တက်စ်စီများရပ်နားရာနေရာနှင့် ဘူတာရုံမှာ လမ်းလျှောက်သွားမည်ဆိုပါက သူမတို့နှင့် တစ်မှတ်တိုင်စာမျှလောက်ပင် မဝေးတော့ချေ။ သို့ပါသော်လည်း အဘိုးအိုက သူ့မှာအလွန်ပင် မောပန်းနွမ်းဟိုက်နေပြီဖြစ်ကြောင်း၊ သူ့အနေဖြင့် အနည်းမှပင် လမ်းထပ်လျှောက်ရန် မဖြစ်နိုင်တော့ကြောင်း သူမအား သနားစဖွယ်ပြောလာသဖြင့် သူမအနေဖြင့် ဒီနေရာမှာပင် ကားရအောင် ငှားမှဖြစ်ချေမည်။

ထို့ကြောင့်သူမလည်း နေပူထဲတွင်ရပ်ကာ လာသမျှကားကို မလွတ်တန်းတားနေမိသည်။ အချိန်မှာလည်း နေ့လည် ၁၂နာရီထိုးခါနီးဖြစ်သည်မို့ သူမအနေနှင့် အတော်ပင်ပူလောင်နေသော်လည်း စိတ်ထဲတွင် အဘိုးအိုအား ကူညီပေးချင်သည့် စိတ်ကသာကြီးစိုးနေသဖြင့် ပူလောင်မှုကို ဂရုမပြုနိုင်ပါ။

ကားငှားနေရင်းသူမ တစ်ချက်စိုးရိမ်သွားသည်မှာ သူမတွင်ပါလာသော ငွေသားမှာ ကားခအတွက် လောက်ငှမှုရှိမရှိဆိုတာ…..။ တစ်ချို့တက်စ်စီတွေက ဘဏ်ကဒ်နဲ့ပေးလို့မရ အဆင်မပြေ လက်မခံကြပေ။ သူမလည်း ကားတစ်စီးရပ်ပေးတိုင်း ခရီးအကွာအဝေးကိုပြောပြပြီး ဈေးကို အရင်မေးကြည့်မိသည်။ သူတို့ပြောတဲ့ဈေးနဲ့ သူမမှာရှိတဲ့ငွေသားနဲ့ကလောက်ငှမှုမရှိပေ။ အနီးအနားရှိဘဏ်တစ်ခုခုသို့ သွားရောက်၍ ပိုက်ဆံထုတ်ယူရန် စဉ်းစားသော်လည်း အဘိုးအိုက သူမအား အားကိုးတကြီးနှင့် ဆုပ်ကိုင်ထားသည်မှာ မျက်စိအောက်ကပင် ပျောက်သွားမှာစိုးနေပုံရပါသည်။ သူ့ကိုခေါ်သွားဖို့ကလည်း နည်းနည်းမှအဆင်မပြေ။

သူမအနေနှင့် ကျဉ်းထဲကျပ်ထဲရောက်နေသော်လည်း ရအောင်ကူညီမည်ဟု ဆုံးဖြတ်ထားသဖြင့် ဘဏ်ကဒ်နှင့်ပေး၍ရသော တက်စ်စီရသည်အထိကို စိတ်ရှည်လက်ရှည် စောင့်ငှားလိုက်ပါသည်။ အချိန်အတော်ကြာ စောင့်လိုက်အပြီးမှာတော့ ကားတစ်စီးကို အဆင်ပြေစွာ ငှား၍ရသွားပါတော့သည်။ သူမလည်း အဘိုးအိုကို ကားရှေ့ခန်းမှာ ထိုင်စေပြီး သူမက နောက်ခန်းမှဝင်ထိုင်လိုက်ကာ ကားသမားကိုလည်း အကျိုးအကြောင်း ပြောပြလိုက်သည်။

အဘိုးအိုမှာ ကားလမ်းတစ်လျှောက်လုံး ငြိမ်သက်စွာ အိပ်စက်အနားယူလျက် လိုက်ပါလာပါသည်။ သူမကသာ ကားနောက်ခန်းမှာထိုင်ကာ အဘိုးအိုနှင့်သူ၏သားသမီးတွေအကြောင်း၊ အခက်အခဲကြုံတွေ့နေသော အဘိုးအိုက အကူအညီတောင်းခဲ့သည်ကို စိတ်ရှည်စွာဖြင့် အကူအညီမပေးနိုင်ကြသော ဒီနိုင်ငံမှနိုင်ငံကြီးသားများ၏ စိတ်ထားများအကြောင်းကို သူမ၏
အတွေးတွေ နယ်ချဲ့နေမိသည်။

သို့နှင့် ကားမှာလည်း အဘိုးအိုပြောပြသည့် သူ၏အိမ်တည်ရှိရာ ဘူတာရုံနားသို့ရောက်လာခဲ့သည်။ အဘိုးအိုးမှာလည်း မည်မျှပင်မောပန်းခဲ့သည်မသိ။ အတော်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေသဖြင့် မနည်းပင် နိုးယူလိုက်ရလေသည်။ သူမလည်းကားသမားကို ပိုက်ဆံရှင်းပေးလိုက်ကာ အဘိုးအိုကို ဘူတာရုံကိုပြလိုက်သည်။ ဘူတာရုံကိုမြင်သောအခါ သူ၏မျက်နှာမှာဝင်းပသွားပြီး ချက်ချင်းပင်ရွှင်လန်းတက်ကြွစွာဖြင့် ဟိုမှာ ဟိုမှာ အဲဒါ ငါ့အိမ်လေ…. ဘူတာရုံနှင့်ကပ်လျက် လူနေတိုက်ခန်းများရှိရာအထပ်တစ်ထပ်သို့ သူမကို လက်ညိုးထိုးပြလေသည်။ ၀မ်းသာလွန်းလို့ မျက်ဝန်းတွင်မျက်ရည်ကြည်များဝေ့၀ဲစွာဖြင့် သူမ၏လက်ကိုကိုင်ကာ သူမကိုလည်း လွန်စွာပင်ကျေးဇူးတင်ရှိကြောင်းနဲ့ သူ့ကိုဒီမှာပဲ ထားခဲ့လို့ရပြီဆိုသည့်အကြောင်း ပြောပါသည်။ သူမလည်း အဘိုးအိုဆီမှ နောက်တစ်ခါ တစ်ယောက်တည်း ယခုလို ဝေးဝေးလံလံနေရာများသို့ ထွက်မသွားရန် ကတိတောင်းခဲ့ပြီး အဘိုးအိုကို နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။

သူမ၏အပြန်လမ်းတစ်လျှောက်တွင် သူမကိုယ့်ကိုကိုယ် သတိထားလိုက်မိသည်မှာ သူမတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေပြီး တစ်မနက်လုံး နောက်ကျိမူးဝေနေသော အာရုံများမှာလည်း ကြည်လင်နေပါသည်။ သူမလည်း ကိုယ့်ကိုကိုယ် အံ့အားသင့်သွားပြီး ပြန်လည်သုံးသပ်လိုက်တော့ ….သြော်….ဟုတ်သားပဲ သူမ၏မျက်စိရှေ့မှာ ဒုက္ခနဲ့ကြုံတွေ့နေသူကို သူမတတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးခဲ့သည့်အပြင် ထိုဒုက္ခမှလွတ်မြောက်သွားပြီး ပျော်ရွှင်ချမ်းမြေ့မှု ရရှိသွားသည်ကိုလည်း သူမမျက်ဝါးထင်ထင် မြင်ခဲ့ရသည့်အတွက် ပီတိများဖြစ်မိကာ ထိုပီတိများ၏ အရှိန်အဟုန်ကြောင့် သူမခံစားနေရသော ဝေဒနာတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကင်းသွားခြင်းဖြစ်ပေမည်။ ဒါဟာ သူမသောက်သုံးချင်နေသည့် အကောင်းဆုံးအားဆေးပင် မဟုတ်ပါလား… ဟု တွေးမိကာ တစ်ကိုယ်တည်း ပြုံးလိုက်မိပါတော့သည်။

Saturday, January 1, 2011

နှစ်သစ်မင်္ဂလာ

ဘာလိုလိုနဲ့ နှစ်တစ်နှစ်ကတော့ ကုန်သွားပြန်ပါပြီ။ ၂၀၁၀ဟာ ကျွန်မအတွက်တော့ အကြောင်းအရာအမျိုးစုံနဲ့ ခံစားချက်အဖုံဖုံတို့ကို တွေ့စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ အခုတော့လည်း သူ့ကိုထားခဲ့ရပြီ။ တကယ်တော့ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်အရာမှမတည်မြဲပါဘူး။ အချိန်အတိုင်းအတာ တစ်ခုလေးပါပဲ။ အချိန်တန်တော့လည်း အရာအားလုံး ပြီးဆုံးသွားရတာပါပဲ။

နှစ်အသစ်တစ်ခုကိုရောက်တိုင်း အသက်တစ်နှစ်ပိုကြီးလာသလို စိတ်ရှုပ်စရာတွေကိုလည်း သိပ်မခံစား မတွေးတောချင်တော့ဘူး။ စိတ်ကိုအေးအေးဆေးဆေး ရိုးရိုးရှင်းရှင်းနေနိုင်အောင် ကြိုးစားရင်းနဲ့ပဲ ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းချင်စိတ်တွေ တစ်နှစ်ထက်တစ်နှစ် ဖြစ်ဖြစ်လာတယ်။ တတ်နိုင်သမျှတော့ အရှုတ်တွေကို သိမ်းမထားမိအောင်၊ သယ်မသွားမိအောင် ကြိုးစားပြီးနေနေဖြစ်တယ်။ အားလုံးသော ဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများလည်း အေးချမ်းသာယာ ပျော်ရွှင်မှုတို့နဲ့အတိပြီးသော ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံသော နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

တကယ်တော့ နှစ်သစ်ကူးပြီဆိုတော့ကာ ဖုန်တက်နေတဲ့ဘလော့ကို ဖုန်လေးဘာလေးတက်ခါရင်း၊ စာပြန်ရေးဖို့အတွက် အရှိန်လေးလည်းပြန်ယူရင်းနဲ့ ဆားချက်တယ်ပဲပြောပြောပါ.... အခုလိုနှစ်သစ်တစ်ခုရဲ့အစ မင်္ဂလာအခါသမယမှာ ဒီစင်ကာပူနိုင်ငံမှာရှိတဲ့ Informatics Campus မှာ ပြုလုပ်ကျင်းပတဲ့ “နှစ်သစ်မင်္ဂလာတရားပွဲနှင့်သံဃာ့ဒါနစာရေးတံလောင်းလှူပွဲ”ကို သွားရောက်ပြီး အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်နာယကချုပ် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တစိတ္တာဘိဝံသ ဟောကြားတော်မူသော တရားတော်မြတ်ကိုနာကြားရင်း ကျွန်မတတ်စွမ်းသလောက် ကုသိုလ်ကောင်းမှုလေးလည်း ပြုလုပ်ဖြစ်ခဲ့တာကို ကုသိုလ်အမျှရကြစေရန် အလို့ငှာ ပြန်လည်ဝေငှလိုက်ရပါတယ်။

(ဖုံးနဲ့ရိုက်လာတာဖြစ်လို့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာဂျီးတွေလိုတော့ ဓါတ်ပုံတွေက မလှပါဘူး။ သည်းခံပြီးသာ ရှုစားကြပါကုန်.....။း))



ဆရာတော် ဘဒ္ဒန္တစိတ္တာဘိဝံသမှ နှစ်သစ်မင်္ဂလာတရားဟောကြားတော်မူနေပုံ






အားလုံးပဲ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းနေကြတဲ့မြင်ကွင်းက တကယ်ကိုကြည်နူးစရာ....




ကျွန်မလောင်းလှူဖြစ်ခဲ့တဲ့ လှူဖွယ်ဝတ္ထုအစုစု

ဒီပိုစ့်လေးထဲမှာ ကျွန်မအနေနဲ့ အဓိကထားပြီး ထည့်ရေးချင်တာလေးတစ်ခု ရှိပါသေးတယ်။ တကယ်တော့ ကျွန်မဘလော့လေးကို ပစ်ထားမိပြီး ပျောက်နေလိုက်တာ လနဲ့ချီပါတယ်။ “ကျွန်မ အဲဒီလို ပျောက်နေတဲ့ အချိန်အတောအတွင်းမှာ ဒီဘလော့လေးထဲမှာ သော်လည်းကောင်း၊ facebook မှာသော်လည်းကောင်း၊ အီးမေးလ်နဲ့တစ်မျိုး၊ ဂျီတော့နဲ့တစ်ဖုံ၊ ဖုံးနဲ့တစ်မျိုး ကျွန်မကို သတိတရနဲ့ ဆက်သွယ်မေးမြန်းကြသော၊ စာပြန်ရေးဖို့ တိုက်တွန်းကြသော၊ ကျွန်မပျောက်နေတာတောင်မှ တခုတ်တရနဲ့ ဘလော့ပိုစ့်လေးတွေထဲမှာ ကျွန်မကို ထည့်ရေးပေးခဲ့ကြသော မောင်နှမတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အားလုံးကို ကျွန်မအနေနဲ့ အရမ်းကို ကျေးဇူးတင်မိပါတယ်”..... ဆိုတဲ့အကြောင်းလေးပါ။း))

“အားလုံး၊ အားလုံး၊ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ”