Pages

Tuesday, November 22, 2011

အပြာရောင်နိုဝင်ဘာ

နိုဝင်ဘာရဲ့ နေ့တစ်နေ့မှာပေါ့
တိမ်တွေပြာမပြာဆိုတာ
အသေအချာ မသိခဲ့ရပေမယ့်
သူရယ်ကိုယ်ရယ်ကတော့
အပြာရောင်နယ်မြေထဲ
ခိုဝင်ခဲ့ကြတယ်....။

အဲဒီနယ်မြေမှာလား....
အထင်ကရ နန်းတော်ကြီးတွေတော့ မရှိပါဘူး
အရူးအမူးချစ်တတ်သူနှစ်ဦးရဲ့
ထူးခြားစွာဆောက်တည်ထားတဲ့
ပြာလဲ့လဲ့ ဗိမာန်တစ်ခုပဲရှိတယ်....။

ဘာတွေအတွက် စိုးရိမ်နေရဦးမလဲ
ဆာလောင်မှုတွေ ဆိတ်သုဉ်းဖို့လား
အနမ်းတွေကို ဝေမျှစားသုံးပစ်လိုက်တယ်....။

နတ်သဘင်တမျှ ခမ်းနားဖို့လည်းမလိုအပ်ခဲ့ပါဘူး
အချစ်ရဲ့လက်နဲ့တို့ထိလိုက်တဲ့အခါတိုင်း
ရောင်စဉ်တွေဖြာထွက်
တဖိတ်ဖိတ်လက်နေတဲ့ ဗိမာန်ပဲမဟုတ်လား....။

သူရေးဖွဲ့တဲ့ ကိုယ့်နေ့ညတွေအကြောင်း
ကိုယ်ထုဆစ်တဲ့ သူ့နေ့ညတွေအကြောင်း
တိမ်တိုက်တွေကို ခိုစီး
တေးသွားတွေအဖြစ် ဆိုညည်းမိတော့
ကြယ်လေးတွေက လက်ခုပ်တီးပေးကြတယ်....။

အဲဒီနယ်မြေကိုခြေချတဲ့နေ့မှစ....
"အမုန်းဆိုတဲ့စကားလုံး
ကိုယ်တို့အဘိဓါန်မှာမသုံး" လို့
ကမ္ပည်းလည်း ရေးမှတ်ခဲ့ကြသေးတယ်....။

ဒီလိုနဲ့....
ကမ္ဘာတည်သရွေ့မှာ
သေချာနေတာက
တို့နှစ်ယောက်ရဲ့နိုဝင်ဘာဟာ
အပြာရောင်ပဲဖြစ်နေဦးတော့မယ်။ ။

အင်ကြင်းသန့်

Saturday, November 12, 2011

သို့......ဖေဖေ


သို့......ဖေဖေ

သမီးသတိရခြင်းများစွာနဲ့စာရေးလိုက်ပါတယ်။

ဖေဖေနေကောင်းရဲ့လား။

ဖေဖေအမြဲတမ်း နေကောင်းကျန်းမာစွာ နေနိုင်ပါစေလို့ သမီးအမြဲဆုတောင်းပေးတယ် သိလား။

ကျန်းမာရေးကို ဂရုစိုက်ပါဖေဖေ။ ဒီနေ့ဆိုရင် ဖေဖေ့အသက်ခြောက်ဆယ့်တစ်နှစ်ပြည့်ပြီနော်။

တစ်ကယ်တော့ သမီးကလေ ပြီးခဲ့တဲ့နှစ်ကဖေဖေ့ရဲ့ အသက်ခြောက်ဆယ်ပြည့်မွေးနေ့မှာကတည်းက ဖဖေ့အနားမှာ နေပြီး ဖေဖေနဲ့အတူတူ အလှူဒါနလေးတစ်ခုခု လုပ်ချင်တာပါ။ ဒါပေမယ့်လည်း ဖေဖေရယ် ဆန္ဒက ဆန္ဒသက်သက်ပါပဲ။ တကယ်တမ်း လက်တွေ့ကျတော့ ဆန္ဒတွေကို ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်ရတာပါပဲ။ ဒါပေမယ့်ဖေဖေ့ရဲ့ အသက်ခြောက်ဆယ်ပြည့်မွေးနေ့အတွက် ဒီနိုင်ငံက ဖားအောက်တောရကျောင်းမှာ သမီး နေ့ဆွမ်းအလှူဒါန ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒီနေ့လည်း ဖေဖေ့မွေးနေ့အထိမ်းအမှတ်အဖြစ် ကြာဆံချက်ချက်ပြီး သမီးတို့နားက ဘုန်းကြီးကျောင်းမှာ သမီးအာရုဏ်ဆွမ်း သွားကပ်ဖြစ်မယ် ဖေဖေ။

ဖေဖေ့ရဲ့မှတ်ပုံတင်ထဲက အသက်က အပြင်ကအသက်ထက် တစ်နှစ်ငယ်နေတော့ အခုဆို မှတ်ပုံတင်ထဲမှာ အသက်ခြောက်ဆယ်ပြည့်ပြီဆိုတော့ ဖေဖေပင်စင်ယူရတော့မယ်နော်။ သမီးဖတ်ဖူးတဲ့စာတွေထဲမှာ ၀န်ထမ်းဘ၀ကနေ ပင်စင်ယူလိုက်တဲ့သူတစ်ချို့မှာ ပင်စင်နာဆိုတဲ့ စိတ်ကျဝေဒနာတစ်မျိုးကို ခံစားရတတ်လေ့ရှိတယ်တဲ့။ ဖေဖေပင်စင်ယူရတော့မယ်ဆိုတော့ သမီးအနေနဲ့ ပထမဆုံးတွေးပူလိုက်မိတာ ပင်စင်နာအတွက်ပဲ။ ဒါပေမယ့် သမီးရဲ့ဖေဖေအကြောင်းကို သမီးအသိဆုံးပါ။ အမြဲတန်းလန်းဆန်းတက်ကြွပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဖေဖေ၊ အရာရာကိုအကောင်းမြင်ဝါဒနဲ့သာ ကြည့်တတ်တဲ့ဖေဖေ့မှာ အလွယ်တကူနဲ့တော့ ပင်စင်နာဆိုတာ မစွဲကပ်လောက်ဘူးဆိုတာ သမီးယုံကြည်တယ်ဖေဖေ။

၂၀၀၉ခုနှစ်တုန်းက သမီးမြန်မာပြည်ကို ပထမဆုံးအကြိမ် ပြန်တုန်းကလေ….. လေယာဉ်ပေါ်က အဆင်း လေဆိပ်မှာ လာကြိုတဲ့ ဖေဖေ့ကိုမြင်တော့ သမီးစိတ်မကောင်းလိုက်တာ။ ဖေဖေက အရွယ်အရမ်းကျသွားသလိုပဲ။ ခွဲခွာခဲ့ရတဲ့ တစ်နှစ်ခွဲလောက်အချိန်လေးအတွင်းမှာ ဖေဖေက အိုစာသွားလိုက်တာလို့ထင်မိတယ်။ ပိန်လည်းအရမ်းပိန်သွားတယ်။ သမီးက သမီးရဲ့ဖေဖေကို အမြဲတမ်း လူလတ်ပိုင်း အရွယ်လောက်မှာပဲ ရှိနေစေချင်တာလေ။ (ကဲ…အဲဒါသာကြည့်…. တရားမရှိလိုက်တဲ့ ဖေဖေ့သမီးပါလားနော်....:)။ ဒါပေမယ့် အခုနောက်တစ်ခေါက် ပြန်တော့ ဖေဖေ့ကိုမြင်ရတာ သမီးစိတ်ချမ်းသာခဲ့ပါတယ်။ ဖေဖေက ပြန်ဝနေတယ်။ ဗိုက်ကြီးတောင် ရွှဲနေသလိုပဲ။ :D

သမီးလေ ဖေဖေနဲ့အဝေးမှာ ရောက်နေမှ ဖေဖေ့ရဲ့မေတ္တာတွေကို ပိုပြီး သဘောပေါက်ခံစားလာမိတယ်။ ဖေဖေနဲ့အတူနေရစဉ်တုန်းက ဖေဖေ့ရဲ့ဂရုစိုက်မှုတွေကို သမီးက တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘူး။ သမီးအပေါ်မှာ အစစအရာရာလိုက်ပြီး ဖေဖေ့ရဲ့ အသေးစိတ်ဂရုစိုက်မှုတွေကို သမီးစိတ်ထဲမှာ တစ်ခါတစ်ရံမှာ စိတ်အနှောက်အယှက် ဖြစ်မိခဲ့တယ်။ အဲဒါတွေဟာ သမီးအနေနဲ့ မှားခဲ့မှန်း အခုတော့သိနေပါပြီဖေဖေ။ သမီးကို ကလေးတစ်ယောက်လို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ နေတတ်တဲ့ ဖေဖေ့ကို အဝေးရောက်မှ အရမ်းသတိရ တမ်းတမိတယ်။

ကျောင်းကပြန်လာရင် သမီးရဲ့စက်ဘီးထဲက လွယ်အိတ်နဲ့ စာအုပ်တွေကိုထုတ်ယူပြီး ဘာတွေသင်လိုက်လဲဆိုပြီး တစ်ခုချင်းစီလိုက်ကြည့်တတ်တာ…..။ တစ်ချို့စာတွေကိုဆို ဖေဖေက ဘယ်ဟာက ဘယ်လိုသဘောတရားလေ သမီးရဲ့ စသည်ဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြတတ်တာတွေ….

သမီးထမင်းစားပြီးပြီဆိုတာနဲ့လည်း ဖေဖေက ငါးကြီးဆီ၊ ပရိုဗီမင်၊ စီဗစ် စတဲ့ အားဆေးတွေနဲ့အတူ ရေတစ်ခွက်နဲ့ ကိုယ်တိုင်ကိုယ်ကျ တိုက်တာတွေ…

သမီးက အဆုတ်သိပ်မကောင်းတော့ ငယ်ငယ်လေးကတည်းက အအေးမမိစေရအောင် သမီးကို ဖေဖေက ပိုးမွေးသလိုမွေးခဲ့တယ်…..ရေချိုးပြီးတာနဲ့ချက်ချင်း အိကျီင်္လက်ရှည်နဲ့ဘောင်းဘီရှည်ကို တန်းဝတ်ရတယ်။ သမီးရဲ့ ဆံပင်ကိုလည်း ယောကျာ်းလေးပုံစံလို အမြဲတမ်း တိုတိုကပ်ကပ်လေးပဲ လိုက်ညှပ်ပေးထားပြီး ခေါင်းလျှော်ပြီးတာနဲ့လည်း ဖေဖေက တဘက်တစ်ထည်နဲ့ သမီးခေါင်းကို တန်းသုတ်ပေးတတ်တာတွေ....

များသောအားဖြင့် စာဖတ်ရင်း စာကျက်ရင်း သီချင်းနားထောင်ရင်း တန်းလန်းနဲ့ပဲ အိပ်အိပ်ပျော်သွားတတ်တဲ့ သမီးကို ဖေဖေက အိပ်ရာပေါ်သေချာရွှေ့ပေးတတ်တယ်၊ ခြင်ထောင်ချပေး၊ စောင်ခြုံပေး အားလုံးကို ကလေးလေးတစ်ယောက်ကို လုပ်ပေးသလိုမျိုး သမီးကို ဖေဖေက တောက်လျှောက်လုပ်ပေးခဲ့တာတွေ…..

အဲဒီလိုတွေနေခဲ့တဲ့ သမီးဘ၀မှာ လူ့လောကထဲကို တကယ်တိုးဝင်တော့မှ ဖေဖေ့ရဲ့အရိပ်ဟာ ဘယ်လောက် လုံခြုံနွေးထွေးသလဲဆိုတာကို သမီးသဘောပေါက်နားလည်ခဲ့တယ်။ အခုအချိန်မှာ ဖေဖေ့ရဲ့ဂရုစိုက်မှုတွေကို ဘယ်လောက်ပဲတမ်းတပေမယ့် ဘယ်အချိန်ကျမှ ဖေဖေ့ရင်ခွင်ထဲကို သမီးပြန်တိုးဝင်နိုင်မယ်ဆိုတာ သမီး ကိုယ်တိုင်တောင် မသိသေးဘူးဖေဖေ။

ဒီနိုင်ငံမှာ မိုးတွေနေ့တိုင်းလိုလိုရွာပြီး မိုးရွာထဲမှာရုံးကိုသွားရတဲ့နေ့တွေဆိုရင် သမီးဘာတွေကို ပြန်သတိရနေလဲ ဖေဖေသိလားဟင်....။ သမီးငယ်ငယ်တုန်းက မိုးတွေရွာနေပြီဆိုရင် သမီးကို ကျောင်းဖယ်ရီနဲ့ မသွားခိုင်းတော့ပဲ မိုးကာအိင်္ကျီတွေနဲ့သေချာလုံအောင်ဝတ်ပေးပြီး ဖေဖေကိုယ်တိုင် စက်ဘီးနဲ့ကျောင်းကို လိုက်ပို့ပေးတာလေ။ ကျောင်းကိုရောက်တဲ့အခါ ဖေဖေက အိတ်ထဲမှာ လုံခြုံအောင် ထည့်ယူလာတဲ့ အိင်္ကျီအခြောက်တစ်စုံနဲ့ သမီးကို လဲပေးတယ်လေ။ ဖေဖေက ရှေ့ကနေ စက်ဘီးနင်း သမီးက ဖေဖေ့ခါးကိုဖက်ပြီး ကျောင်းကိုသွားခဲ့ရတဲ့ အချိန်တွေကို သမီး အခုဆို အရမ်းသတိရမိတယ်။ တကယ်တော့ သမီးတို့မောင်နှမသုံးယောက်ထဲမှာ သမီးက ဖေဖေနဲ့ အနီးကပ်ဆုံးနေခဲ့သူလို့ ပြောလို့ရတယ်နော်။ သမီးရဲ့ စိတ်ခံစားမှုအလုံးစုံကို ပြောမပြဘဲ ဖေဖေက သိနေတတ်ခဲ့တယ်။ သမီးရဲ့ မျက်နှာကိုဖေဖေက အမြဲ ဖတ်တတ်နေခဲ့တယ်။

သမီးရဲ့ဘ၀မှာ စိတ်ဓါတ်တွေ အကြီးအကျယ်ကျခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ အဲဒီအချိန်တွေတုန်းက ဖေဖေ့ရဲ့ အားပေးမှုကြောင့်သာ မဟုတ်ရင် သမီးတစ်ခုခုဖြစ်သွားမှာ သေချာလောက်တယ်။ အခုအချိန်အထိလည်း သမီးဘ၀မှာ စိတ်ညစ်စရာ၊ စိတ်ဓါတ်ကျစရာတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ဖေဖေ့ကို သတိရတယ်။ နောက်ပြီးတော့ သမီးတောင် တစ်ကိုယ်ရည်တစ်ကာယ လူလွတ်ဘ၀နဲ့ ဒီလိုကိစ္စ တွေနဲ့ ဒီလိုစိတ်ညစ်စရာတွေ ကြုံခဲ့ဖူးရင် မိသားစုတစ်စုလုံးရဲ့ရှေ့မှာ ဘ၀တစ်လျှောက်လုံး မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဖေဖေဆိုရင်ရော…လို့ သမီးတွေးမိတယ်။

သမီးမှတ်မိသလောက် ဖေဖေဟာ မေမေနဲ့တကွ သားသမီးတွေအားလုံးရဲ့ရှေ့မှာ ဘယ်တော့မှ စိတ်ဓါတ်ကျစရာ စကားလုံးမျိုးတွေ၊ စိတ်ညစ်ညူးရမယ့် စကားလုံးမျိုးတွေကို မပြောခဲ့ဖူးဘူး။ ဖေဖေ့မှာ ဘယ်လောက်ပဲ စိတ်ညစ်ညူးစရာတွေရှိရှိ၊ အခက်အခဲတွေရှိရှိ ဖေဖေက သမီးတို့ရှေ့မှာဆိုရင် အရာအားလုံး အဆင်ပြေချောမွေ့တဲ့ ပုံစံမျိုးနဲ့ပဲ နေပြခဲ့တယ်။ ကြွယ်ဝချမ်းသာခဲ့တာ မဟုတ်ပေမယ့် ဖေဖေက သားသမီးတွေ လိုအပ်သမျှကို တတ်စွမ်းသမျှ ဖြည့်စွမ်းပေးခဲ့တယ်။ ဘယ်လောက်ပဲဘ၀မှာ အခက်အခဲတွေနဲ့ကြုံခဲ့ရပေမယ့် ဖေဖေ့ရဲ့စိတ်ဓါတ်တွေ ယိမ်းယိုင်မသွားခဲ့ဘူး။ လမ်းမှားနဲ့ စိတ်ထွက်ပေါက်တွေလည်း မရှာခဲ့ဖူးဘူး။

သမီးဘ၀မှာ ဘယ်တော့မှ မမေ့နိုင်မယ့် ဖေဖေအမြဲတမ်းပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို ရှိတယ်။ “ငါ့သားသမီးတွေ ဘယ်နေရာကိုပဲရောက်ရောက် ငါ့ကြောင့် ငါ့သားသမီးတွေ လူတောထဲ မတိုးရဲတဲ့အဖြစ်မျိုး၊ ငါ့ကြောင့် ငါ့သားသမီးတွေ သူများနှာခေါင်းရှုံ့ခံရမယ့်အဖြစ်မျိုး၊ သူများအပြောအဆိုခံရ၊ ကဲ့ရဲ့ခံရမယ့်အဖြစ်မျိုး၊ ဘ၀မှာ ငါ့ကြောင့် အမည်းစက်စွန်းထင်းကျန်ရစ်ခဲ့မယ့် အဖြစ်မျိုးတွေကို ဘယ်တော့မှမဖြစ်စေရဘူး” ဆိုတဲ့စကားလေ။ ပြောခဲ့တဲ့အတိုင်းလည်း သမီးတို့တွေ လူ့လောကမှာ မျက်နှာညှိုးငယ်ရမယ့် လုပ်ရပ်မျိုးတွေကို ဖေဖေဘယ်တုန်းကမှ မလုပ်ခဲ့တဲ့အတွက် ဖေဖေ့ကို အရမ်းကျေးဇူးတင်မိပါတယ်ဖေဖေ။

အစိုးရ၀န်ထမ်းလိုင်းခန်းမှာ နေခဲ့ရတဲ့အတွက် တစ်ခြားအိမ်တွေက တစ်ချို့သူငယ်ချင်းတွေရဲ့ အဖေတွေက အရက်တွေမူး မိန်းမလုပ်တဲ့သူကို ရိုက်နှက်၊ သားသမီးတွေကို အော်ဟစ်ကြိမ်းမောင်းနေတာတွေကို တွေ့ရ ကြားရတဲ့အခါမျိုးတွေ၊ ဖအေလုပ်တဲ့သူက နောက်မိန်းမယူထားတဲ့အတွက် ရင်ထဲမှာထိခိုက်နာကျင် သိမ်ငယ်စွာနဲ့ လူတောထဲမှာ တိုးဖို့ မ၀ံ့မရဲနဲ့ ရှက်ရွံ့နေရတဲ့ သူငယ်ချင်းမျိုးတွေကို တွေ့တဲ့အခါ အဲဒီလိုအဖြစ်မျိုးတွေ သမီးတို့မိသားစုမှာ မြူတစ်မှုန်စာတောင် မဖြစ်ခဲ့ဖူးတဲ့အတွက် ဖေဖေ့ကို ကျေးဇူးတွေ ထပ်ခါထပ်ခါတင်မိတယ်၊ ပိုပိုပြီးတော့လည်း ချစ်လာရတယ်။ သမီးတို့ကို ဖေဖေက ငွေကြေးဥစ္စာတွေနဲ့ပြည့်စုံကြွယ်ဝအောင် မထားပေးနိုင်ခဲ့ပေမယ့် သမီးတို့ မိသားစုလေးက ပျော်ရွှင်မှုတွေနဲ့ပဲ အမြဲပြည့်ဝနေခဲ့တယ်နော်။ သမီးတို့အိမ်လေးမှာဆို အမြဲတမ်းရီသံတွေပဲ ဝေညံနေခဲ့တယ်။

ဒီဘ၀မှာ သမီးအတွက် ဂုဏ်အယူဆုံးက မိသားစုကို သိပ်တန်ဖိုးထားတတ်တဲ့၊ ဇနီးနဲ့သားသမီးတွေကို သိပ်ချစ်တတ်တဲ့ ဖေဖေ့ရဲ့သမီးဖြစ်ရတာကိုပဲပေါ့။ ဖေဖေဘယ်လောက်အထိ သမီးတို့ကို ချစ်လည်းဆိုတော့ ဆွေမျိုးတွေကတောင် ဖေဖေ့ကို ပိုကိုပိုလွန်းတယ် ဆိုပြီး ကွယ်ရာမှာ အတင်း ပြောကြရတဲ့အထိပဲနော်။

သမီးတို့အပေါ်မှာ တတ်စွမ်းနိုင်သလောက် ဖြည့်ဆည်းပေးခဲ့တဲ့ဖေဖေ့ကို သမီးတတ်နိုင်တဲ့အချိန်မှာ တလှည့်ပြန်ပြီး အစွမ်းကုန်ဖြည့်ဆည်းပေးချင်တယ်။ ဖေဖေက သမီးတို့ကို တန်ဖိုးမဖြတ်နိုင်တဲ့ ပညာအမွေကို ပေးခဲ့တယ်။ ငယ်စဉ်ကတည်းက စာပေကို ချစ်မြတ်နိုးတတ်အောင်၊ ပညာကို တန်ဖိုးထားတတ်အောင် လေ့ကျင့်ပေးခဲ့တဲ့ ဖေဖေ့ကို သမီး ဒီအချိန်မှာ အရမ်းကျေးဇူးတင်နေမိတယ်။

တကယ်တော့ သမီးဖေဖေ့ကို ပြောချင်တာတွေက အများကြီးပါ။ ပြောလို့ ဘယ်တော့မှလည်း ကုန်ဆုံးမှာမဟုတ်ပါဘူး။ ဒီနေ့ကတော့ ဖေဖေ့ရဲ့ခြောက်ဆယ့်တစ်နှစ်မြောက်မွေးနေ့မို့ ဖေဖေ့ကို သတိရတဲ့စိတ်နဲ့ စာလေးတစ်စောင်လှမ်းရေးလိုက်တာပါ ဖေဖေ။ ပြောချင်တာတွေ အများကြီးရှိပေမယ့် သမီးရင်ထဲမှာ အမြဲတမ်း ဖေဖေ့ကို အပြောချင်ဆုံး ဖေဖေ့ကို အသိစေချင်ဆုံး စကားလေးတစ်ခွန်းကတော့

ဖေဖေ့ကို သမီးအရမ်းချစ်တယ်

ဆိုတာပါပဲဖေဖေ။

ဒီနေ့ဒီရက်မှာကျရောက်တဲ့ ဖေဖေ့ရဲ့ ခြောက်ဆယ့်တစ်နှစ်မြောက်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ တိုင်အောင်ဖေဖေချစ်တဲ့ မေမေနဲ့အတူ သားသမီးတွေနဲ့အတူတူ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ အတူတူဖြတ်သန်းသွားနိုင်ပါစေ လို့…..။

ဖေဖေ့ရဲ့သမီး

Friday, September 23, 2011

အမေ့ကို ကယ်ကြစို့




















ရာဇ၀င်တွေ ဘယ်လိုပဲဟောင်းဟောင်း
သမိုင်းတွေ ဘယ်လိုပဲနှောင်းနှောင်း
ပြောင်းလဲမသွားခဲ့တာက အမေ။

အမေဟာ အိနြေ္ဒရှင်တစ်ယောက်
တည်ငြိမ်သလောက် ခမ်းနားခဲ့တယ်
ဆန်းပြားတဲ့ ခေတ်စနစ်တွေအောက်
ဘယ်လိုပဲ သက်ရောက်ခဲ့ပါစေ
အမေက သစ္စာမဖောက်ခဲ့ဘူး။

ဝမ်းမနာသမီးသား ပြည်သူများအတွက်
နေ့စဉ်ရက်ဆက် ၀တ္တရားမပျက်
စီးဆင်းပေးနေ အမေ့ကြောင့်လေ
ဒီတိုင်း၊ ဒီပြည်၊ ဒီဌာနီမှာ
ဆန်၊ ရေ ၊ စပါး၊ သယံဇာတ ပေါကြွယ်များရ
သားတို့ သမီးတို့ ၀မ်းဝ ခါးလှခဲ့ကြတယ်။

ခေတ်တွေကပြောင်း၊ စနစ်တွေကပြောင်း
ပြောင်းလဲခြင်းတွေဖုံးလွှမ်းလာတော့
ကူးသန်းသွားလာရေးအတွက်ပေါ့တဲ့
အမေ့မျက်နှာကိုပင်မငဲ့
ရင်ခွင်ရဲ့အကြား တူးဆွကာထိုးစိုက်
တည်ဆောက်လိုက်တဲ့ တံတားများကြောင့်
အမေ့ကိုယ် တနံတလျားမှာလေ
သောင်ခုံတွေဗရပွနဲ့
အမေဒဏ်ရာရနေခဲ့တာ ကြာလှပေါ့။

ဒါကိုမှ အားမရသေးပါလား
ဖောက်ပြားလာတဲ့ ခေတ်စနစ်ထဲမှာ
ထောက်ထားညှာတာခြင်းကင်းတဲ့လူတစ်စုက
ရက်ရက်စက်စက်
အမေ့ရင်နှစ်မြွှာကိုခွဲ
ညှဉ်းဆဲဖို့ပြင်နေကြပြန်တယ်။

ဘယ်လိုအကျိုးမျိုးကိုမှ မလိုချင်ပါဘူး
အမေ့ကိုရင်းမှ
အလင်းရမယ်တဲ့လား
စိုးစဉ်းမျှမထိုက်တန်လိုက်တာ
မှောင်မိုက်မှာပဲ အမေနဲ့အတူတကွ
ကောင်းအတူ ဆိုးအမျှ
ဆက်နေကြပါရစေ။

အမေကျွေးတဲ့ထမင်းကိုစား
ငမိုက်သားတို့ကား
အမေ့ကိုကျေးပြန်စွပ်၏
ရိုင်းစိုင်းလှပါဘိ
ရင်ထဲမှာမချိတရိနဲ့
သားတို့ရေ....
သမီးတို့ရေ....
အမေငိုနေရရှာပြီလေ။

အမေ မသေစေရဘူး
အမေ မသေစေရဘူး
အမေ့ကိုသာ ဆုံးရှုံးခဲ့ရင်
အမိမဲ့သား ရေနည်းငါးသို့
ဘ၀များလည်း ပျက်ရချည်ရဲ့။

အို….အမေ့ရဲ့သား အမေ့ရဲ့သမီးတို့
ဒီသူရူးတို့ လက်မဦးတုန်း
အားလုံး ရင်မှာ ညီညာဖျဖျ
သံန္နိဌာန် ချကြပါလို့
ငါတို့ အမေ့ကို ရအောင်ကယ်ကြစို့။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်"

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အခုချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်"



အင်ကြင်းသန့်

Wednesday, September 14, 2011

ဘလော့ဆိုတာ ? ဘလော့ဂါဆိုတာ ?

“ဘလော့ဆိုတာဘာလဲ”လို့ မေးလာရင် ဖြေတဲ့အဖြေတွေက တစ်ယောက်နဲ့တစ်ယောက် တူကြမှာတော့ မဟုတ်ပါဘူး။ တစ်ချို့ကကျတော့လည်း ဘလော့ကို အိမ်နဲ့တင်စားကြတယ်။ တစ်ချို့ကကျတော့လည်း နေရာလေးတစ်ခုခုနဲ့ တင်စားကြတယ်။ အချက်အပြုတ်ကို နှစ်သက်တဲ့သူတွေကျတော့လည်း မီးဖိုချောင်လေးအနေနဲ့ တင်စားကြတာတွေလည်း ရှိရဲ့။

ကျွန်မကတော့ ဘလော့ဆိုတာကို ဒိုင်ယာရီလေးအနေနဲ့ ထင်မြင်သတ်မှတ်မိပါတယ်။ “ဒိုင်ယာရီ”လို့ဆိုတာထက် “မှတ်တမ်း”ပေါ့လေ။ တခြားဘလော့ဂါတွေရဲ့ ဘလော့လေးတွေကိုလည်း သူတို့ရဲ့ ကိုယ်စီမှတ်တမ်းလေးတွေလို့ပဲ ကျွန်မက သဘောထားပါတယ်။ ဒိုင်ယာရီထဲမှာဆိုရင် ဒီနေ့ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာတွေခံစားရတယ် စသဖြင့် ကိုယ့်ရဲ့ တစ်နေ့တာဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ရေးမှတ်ကြသလိုမျိုး ဘလော့ပေါ်မှာကျတော့လည်း မှတ်တမ်းလေးတွေအနေနဲ့ ရေးလို့ရတယ်လေ။

“ဒိုင်ယာရီ”ဆိုရာမှာလည်း စာအုပ်ဒိုင်ယာရီနဲ့ ဘလော့ဒိုင်ယာရီ အတော်တော့ကွာပါတယ်။ တကယ့်အပြင်က ဒိုင်ယာရီကကျတော့ စာကိုပဲ ချရေးလို့ရတာပေါ့။ ဒီ“ဘလော့”ဆိုတာကကျတော့ စာလည်းရေးလို့ရတယ်။ စာဆိုရာမှာလည်း ကဗျာ၊ ဆောင်းပါး၊ သတင်း၊ ၀တ္ထု မိမိကြိုက်နှစ်သက်သလိုပေါ့….၊ ဓါတ်ပုံတွေလည်း တင်လို့ရတယ်၊ သီချင်းတွေ၊ ဇာတ်ကားတွေ၊ စာအုပ်တွေ…. စသည်ဖြင့်...ကိုယ်ကြိုက်နှစ်သက်တာမှန်သမျှ အကုန်တင်လို့ရပါတယ်။

နောက်တစ်ခုက အပြင်က ဒိုင်ယာရီဆိုတာမျိုးက ကိုယ်ရေးထားတာကို သူများတွေ ဖတ်မိမှာ စိုးရိမ်တယ်။ ကိုယ့်ခံစားချက်တွေကို လူတွေသိမှာ စိုးတယ်။ ဘလော့ကျတော့ ပြောင်းပြန်။ ကိုယ်ရေးထားတာ၊ ကိုယ်ခံစားမိတာ၊ ကိုယ်သိတာတွေကို သူများတွေကိုလည်း သိစေချင်၊ ဖတ်စေချင်၊ မျှဝေချင်လို့ကို ဘလော့ပေါ်မှာ တင်ပြလိုက်တာ။ ဒါပေမယ့် ဘလော့ရဲ့ပိုင်ရှင် ဘလော့ရေးသူ (ကျွန်မတို့အခေါ် ဘလော့ဂါပေါ့) အနေနဲ့ကတော့ စဉ်းစားရမှာပေါ့။ “အို… ကိုယ့်ဘလော့ပဲ၊ ကိုယ့်ဒိုင်ယာရီပဲ၊ ကိုယ့်မှတ်တမ်းပဲ၊ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ်ရေးချင်တာရေးမယ်….ဘာဖြစ်လဲ” ဆိုတာမျိုးတော့ မဖြစ်စေသင့်ဘူးပေါ့။ ဘလော့ဆိုတာက အိုးပန်းဒိုင်ယာရီလေ…။ ကိုယ့်ဒိုင်ယာရီကို မတော်တဆ မျက်စိလည် လမ်းမှားပြီးတော့ လာဖတ်မိတဲ့သူတွေရှိသလို တမင်ဖတ်ချင်လို့ကို လာရောက်ဖတ်ရှုကြတဲ့သူတွေလည်း ရှိကြမှာပဲ။ ဘာပဲပြောပြော အဲဒီစာဖတ်သူတွေကိုတော့ အမှန်တကယ်လေးစားမှု ရှိရပါမယ်။

ဘယ်သူမဆို အလွယ်တကူ ၀င်ကြည့်လို့ရနေတော့ကာ ဘလော့ဂါအနေနဲ့လည်း မှတ်တမ်းကို လာရောက်ဖတ်ရှုသူတွေကို မလေးမစားဖြစ်စေမယ့်၊ စော်ကားသလိုဖြစ်စေမယ့် အရေးအသားမျိုးတွေ၊ အဆိပ်အတောက်ဖြစ်စေမယ့် စာမျိုးတွေကို မရေးသားမိစေဖို့ကိုတော့ သတိထားရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ရေးလိုက်တဲ့စာဟာ ကိုယ့်ရဲ့အတွင်းစိတ်ကို ထင်ဟပ်ပြသနေတတ်ပါတယ်။ တစ်နည်းပြောရရင် ဘလော့ဆိုတာ ဘလော့ဂါတစ်ယောက်ရဲ့ တစ်စိတ်တစ်ဒေသသောသမိုင်းပဲလို့ ကျွန်မကတော့ ထင်မိပါတယ်။

“ဘလော့ဆိုတာ” ပြီးတော့ “ဘလော့ဂါဆိုတာ”ပေါ့…။ ဘလော့ဂါဆိုတာက သူများထက်ထူးပြီး ခေါင်းတစ်လုံးအပိုပါနေသူတော့ မဟုတ်ပါဘူး။ သာမန် ပခုံးနှစ်ဖက်ကြား ခေါင်းတစ်လုံးပေါက်တဲ့ သူလိုကိုယ်လိုလူပါပဲ။ အပြင်ပုံပန်းကို ကြည့်ရင်ပေါ့လေ။ အဲ....ဒါပေမယ့် သူများနဲ့မတူ တမူကွဲပြားနေတာကတော့ သူ့ရဲ့စိတ်ပါ...။ ဘလော့ဂါတစ်ယောက်အတွက်က မနက်မိုးလင်း အိပ်ရာကထချိန်ကနေ၊ မိုးချုပ်လို့ မျက်စိနှစ်လုံးပိတ် အိပ်တဲ့အချိန် ရောက်သည်အထိ သူ့ပတ်ဝန်းကျင်မှာ တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှ အရာရာဟာ စူးစမ်းချင်စရာ (စပ်စုချင်စရာလို့ မှားမဖတ်မိပါစေနဲ့)၊ လေ့လာချင်စရာ၊ တွေးတော ဆင်ခြင်စရာ၊ ခံစားစရာတွေ ဖြစ်နေတတ်ပါတယ်။

တနည်းအားဖြင့် ဆိုရရင် အရာရာဟာ ဘလော့ဂင်းချင်စရာတွေချည်း ဖြစ်နေတတ်ပါတယ်။ တစ်ခြားသူတွေ မမြင်မိတဲ့၊ မတွေးမိတဲ့၊ သတိမထားမိတဲ့အရာတွေကို သူက မြင်တတ်၊ ကြားတတ်၊ တွေးတတ်ပါတယ်။ သာမန် ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုတောင်မှ သူလက်ထဲရောက်ရင် ပိုစ့်တစ်ပုဒ်ဖြစ်သွားတတ်ပါတယ်။ ကျွန်မဆိုရင် သူငယ်ချင်းတွေကို ရယ်စရာအနေနဲ့ ပြောလေ့ရှိတယ်။ “နင်တို့တွေနော် ဘလော့ဂါတွေရှေ့များ ယောင်လို့တောင် ခလုတ်မတိုက်မိစေနဲ့၊ ဘလော့ထဲပါသွားလိမ့်မယ်လို့…”။ “ရုတ်ရုတ် ရုတ်ရုတ်မလုပ်ကြနဲ့နော် ဘလော့ထဲ ထည့်ရေးပစ်မယ်၊ နာမည်တွေနဲ့တကွ ပါသွားမယ်…ဘာမှတ်လဲ” လို့လည်း တစ်ခါတစ်လေ ခြိမ်းခြောက်တတ်ပါသေးတယ်။ ဘလော့ဂါဆိုတာ အဲလိုလည်း ကြောက်စရာကောင်းပါတယ်။

တစ်ခါတစ်လေကျပြန်တော့လည်း အတွေးထဲမှာတင် စာတွေ ရေးနေမိတာက တစ်ပိုဒ်စာ၊ နှစ်ပိုဒ်စာကနေ ပိုစ့်တစ်ပုဒ်လုံးစာ အထိ။ ရုံးမှာ အလုပ်တွေလုပ်နေရင်းကိုပဲ တစ်ခါတစ်ခါ ကဗျာလေး ကောက်စပ်ချင်လာလိုက်၊ တစ်ခါတစ်ခါ ရေးချင်တဲ့ အကြောင်းအရာ တစ်ခုခုက စိတ်ထဲမှာ ဖျတ်ကနဲ ပေါ်လာလိုက်နဲ့….။ လုပ်လက်စ အလုပ်ကို ရပ်ထားပြီး ကဗျာတွေ၊ စာတွေ ထိုင်ရေးနေဖို့ရာကလည်း မဖြစ်နိုင်ဆိုတော့ စာရွက်အကြမ်းတွေယူ၊ ဟိုနား တစ်ကြောင်းတို့ထားလိုက်၊ ဒီနား တစ်ကြောင်းမှတ်ထားလိုက်၊ မှတ်ထား တို့ထားတာတွေကို အလုပ်လုပ်နေတဲ့ စာရွက်ပုံအောက်ထဲ ထိုးထည့်ထားလိုက်ပေါ့။ ပြီးမှ အဲဒီအကြမ်းတွေကို လိုက်စု၊ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဖြစ်အောင်ပြန်ဆက်...အဲလိုတွေလုပ်ရတာပါ....။ ဒါပေမယ့် အလုပ်တွေ ဘယ်လောက်ရှုပ်နေပါစေ၊ မကြာခဏဆိုသလို ကိုယ့်ဘလော့ဆိုဒ်ဘားမှာ ဘယ်သူတွေ ပိုစ့်အသစ်တွေတင်ထားလဲ ၀င်ဝင်ကြည့်ရသေးတာ။ စိတ်ဝင်စားတဲ့ ပိုစ့်လေးတွေဆို ကွန်ပြူတာထောင့်နေရာလေးမှာ Windowကို သေးသေးလေးထားပြီး ပုန်းလျှိုးကွယ်လျှိုးဖတ်ရသေးတာ။ အဲလောက် အလုပ်တွေကြိုးစားနေတဲ့ “ဘလော့ဂါ”ဆိုတဲ့သူကို အလုပ်ခန့်ထားမိမှန်း သူဌေးသာ သိသွားရင်လည်း သူ့ကိုယ်သူ ဂုဏ်ယူလို့မဆုံးဖြစ်မှာ အသေအချာပါပဲ။

ဘလော့ဂါဆိုတာ ဘလော့ဂါအချင်းချင်းကြားမှာသာ အထူးအဆန်းမဟုတ်တာ ဘလော့ဂါမဟုတ်တဲ့ အပေါင်းအသင်း၊ မိတ်ဆွေတွေကြားမှာတော့ သူက မဆိုသလောက်လေး နေရာရတတ်သေးတာ။ အပေါင်းအသင်းတွေကြားမှာ ဒါ ဘလော့ဂါကြီး ".........." လေ ဆိုပြီး မိတ်ဆက်ပေးခံရလို့ကတော့ ပီတိတွေကိုဖြာလို့။ အဲဒီမှာမှ မိတ်ဆက်လိုက်တဲ့သူက "ဟယ်…အဲဒီနာမည်ကြားဖူးတယ်၊ သိတယ်၊ သိတယ်" ဆိုလို့ကတော့လား ကိုယ့်ကိုကိုယ် မြောက်တက်မသွားအောင် မနည်းထိန်းရပါတယ်။ ဒါ့ထက်ပိုပြီး သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ကများ "ငါလေ နင့်ဆိုဒ်မှာ စာတွေဝင်ဝင်ဖတ်တယ် သိလား၊ နင်ရေးထားတာလေးတွေ မဆိုးဘူးဟ..." ဘာညာလို့သာ နည်းနည်းလေး ထပ်ပင့်လိုက် ဂျွမ်းတွေဘာတွေတောင် ထထိုးပစ်ချင်စိတ်တွေ ပေါက်မိတော့တာ (တစ်ခါမှတော့ မထိုးရသေးပါဘူး......)။ အဲ….တစ်ခါတစ်လေကျတော့ (တကယ်တော့ တစ်ခါတစ်လေမဟုတ်ပါဘူး....အမြဲတမ်းလိုလိုပါ) “မသိဘူး… အဲဒီနာမည် တစ်ခါမှ မကြားဖူးဘူး” ဆိုတဲ့သူနဲ့လည်းတွေ့ရော မချိပြုံးလေးနဲ့အသာ ပြုံးပြလိုက်ရပေမယ့် အဲဒီနားမှာတင် ခွေခေါက်လဲသွားတော့မယောင်ကို စိတ်အားက ငယ်သွားတတ်သေးတာ။ တချို့ကကျတော့လည်း ဘလော့ဂါဆိုရင် စပ်စပ်စုစုသမား (တကယ်တော့ နှံ့နှံ့စပ်စပ်ရှိတာကို ပြောချင်တာပါ…) လို့ ထင်နေပုံရပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် ကိစ္စတွေဆို ဘလော့ဂါကြီးရှိတယ် ဆိုပြီးတော့ အားကိုးတကြီး လာမေးတတ်ကြတာက ရှိသေးတယ်။

ဒါပေမယ့် ဘလော့ဂါဆိုတဲ့သူတွေဟာ တင်္ခဏုပ္ပတ္တိဥာ‍ဏ်တော့ အတော်ထက်သန်ကြတယ်လို့ ကျွန်မထင်ပါတယ်။ မယုံရင် မိတ်ဆွေဖွဲ့ပြီး စကားပြောကြည့်၊ အပေါင်းအသင်း လုပ်ကြည့်လိုက်ပါလား။ မုန့်တွေဘာတွေ ဆိုင်မှာလိုက်ဝယ်ကျွေး၊ အိမ်ကို ထမင်းတွေဘာတွေ ဖိတ်ကျွေးကြည့်ပါလား။ တစ်ချို့ဘလော့ဂါတွေက အဲလို ကျွေးသမျှ၊ ဖိတ်သမျှကို အားမနာတမ်းလည်း လိုက်စားတတ်သေးတာ….။

ဘလော့ဂါတွေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ကြတယ်ဆိုတာလည်း တော်ရုံတန်ရုံရေစက် မဟုတ်ဘူးလို့ ထင်ပါတယ်။ ဘလော့ဂါတွေက ခင်မိပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် (မမြင်ဖူး မတွေ့ဖူးကြသည့်တိုင်) တကယ့် ညီအစ်မရင်းတွေလို၊ မောင်နှမရင်းချာတွေလို၊ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားတတ်ကြပါတယ်။ နောက်တစ်ခုက ဘလော့ဂါတွေဟာ လူမှုရေးကိစ္စတွေနဲ့ပတ်သက်လို့ အကူအညီတောင်းပြီဟေ့ ဆိုရင်လည်း တက်တက်ကြွကြွနဲ့ ပါဝင် လှုပ်ရှားပေးတတ်ကြသေးတာပါ။ (မယုံမရှိပါနဲ့ ဘလော့ဂါတွေဆီကို အလှူသွားခံကြည့်လိုက်ပါ ..လက်တွေ့သိရပါလိမ့်မယ်..)။

ဘာတွေဘယ်လိုပဲပြောပြော ဘလော့ဂါဆိုတဲ့သူတွေဟာ စိတ်ရင်းစိတ်ခံကောင်းရှိတဲ့ သူတွေဖြစ်ကြတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်အရာမှ အလကားမရတဲ့ခေတ်၊ ဘာမဆိုလွယ်လွယ်ကူကူ မရနိုင်တဲ့ခေတ်မှာ ပိုက်ဆံတစ်ပြားမှမရဘဲ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ရဲ့ စိတ်အား၊ လူအား အချိန်တွေပါ အကုန်ခံပြီး ကိုယ့်ရဲ့အမြင်၊အတွေးတွေ၊ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေကို မှတ်တမ်းတင်ပြီး အလကားမျှဝေပေးနေတာဟာ တော်ရုံတန်ရုံ စိတ်ရင်းစိတ်ခံမကောင်းဘဲနဲ့တော့ လုပ်လို့မရတာ အသေအချာပဲမို့ပါ။

ဘလော့နဲ့ ဘလော့ဂါဆိုတာ ဘာလဲဆိုတာကို ဒီလောက်နဲ့ပဲ တော်ပါပြီ။ ကျွန်မရေးပြခဲ့တဲ့ အကြောင်းအရာတွေက ကျွန်မရဲ့တစ်သီးပုဂ္ဂလ ခံစားချက်တွေ၊ အမြင်တွေကို ရေးပြထားတာပါ။ ဘလော့ဂါတိုင်းအတွက် အလုံးစုံမှန်လိမ့်မယ်လို့တော့ ကျွန်မ မဆိုလိုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်က မမရွှေစင်ရဲ့ တက်ဂ်ပိုစ့်လေးပါ။ ညီမလေးကို စာတွေ အရမ်းပြန်ရေးစေချင်လို့ တကူးတကတက်ဂ်ပေးတဲ့ မမရွှေစင်နဲ့ မမစည်းစိမ်ကို ကျေးဇူး အများကြီးတင်ပါတယ်။ ဒီဘလော့နဲ့ဘလော့ဂါဆိုတဲ့ အကြောင်းကို တော်တော်များများလည်း ရေးထားပြီးကြပါပြီ။ ကျွန်မအနေနဲ့ စာတွေရေးရင် ဘယ်သူ့ကိုမှ မတက်ဂ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ဒီပိုစ့်လေးကိုတော့ နောက်တစ်ယောက်လောက်ကို တက်ဂ်လိုက်ချင်ပါသေးတယ်။ နောက်ထပ် ဘလော့နဲ့ဘလော့ဂါဆိုတာဘာလဲလို့ဆိုတဲ့ အကြောင်းကို ပြောပြဖို့ ဆင်တဲကဖေးကကိုချိုကျ ဘ၀ကနေ ဘလော့တစ်ခုထဲမှာ ရေးရတာနဲ့တင် အားမရလို့ နောက်ထပ် ကိုယ်ပိုင်ဘလော့တစ်ခုဖွင့်ပြီးတော့ ကိုဖိုးကြယ်ဘ၀ကိုပါ ခံယူထားတဲ့ ဘလော့ဂါကြီးကို ဆက်တက်ဂ်ချင်ပါတယ်။ ဘလော့ဂါဆိုတာ အဲသလိုမျိုး ရေးပေးမလား မရေးပေးဘူးလားလို့ ဘလော့ဂါအချင်းချင်း လည်ပင်းညှစ် ခြိမ်းခြောက်မှုလည်း လုပ်တတ်ပါသေးတယ်။


အင်ကြင်းသန့်

Saturday, September 10, 2011

အပြုံးမပျက်
























ဒါ..လောကဓံပိုးတွေတဲ့လား
ထိုးကိုက်သွားလိုက်ကြတာများ
တရွရွတလှုပ်လှုပ်နဲ့
ဒုတ်ဒုတ်ထိ လှိုက်စား
ဘ၀မကုန်ရုံပါပဲလား....။

ခြောက်ချားမယ်တော့မထင်ပါနဲ့
တောက်ကြွားကာ ဆိုချင်းမဟုတ်
စုတ်ချင်သလောက်သာ စုတ်သွားစမ်းပါစေ
လေလာလည်းကြံ့ကြံ့ခံဦးမယ်
မိုးရယ် ရွာချင်ရွာလိုက်ဦးပေါ့
အပြုံးတော့မပျက်စေရ
အညှာကို မယိုင်လဲစေမယ့်
ခိုင်မြဲတဲ့စိတ်ဓါတ်ငါ့မှာရှိတယ်။

မမှုပါဘူးလေ
ယုယသူတွေဝေးလို့
တစ်ခါပြန်တင့်လန်းဖို့ပုံမပေါ်
ဆွေးမြည့်လို့သာရော်
ရော်ရာမှကျင်
ငါ့ဘ၀နေ၀င်တဲ့လေအနှင်မှာ
ငါကြွေမသွားခင်အထိ
အားအင်ချိလည်းမမှု
ရှိသလောက်ကိုသာမဏ္ဍိုင်ပြုလို့
ရှေ့သို့ အသက်ဆက်သွားဦးမယ်....။ ။

~~~~~~~~~~~~~~~~~~~~~~~~~~


(မှတ်ချက်။ ။ဘလော့ဂါမောင်လေးတစ်ယောက်ဖြစ်တဲ့ Libra Tun က ဒီဓါတ်ပုံလေးကို ပို့ပေးပြီး တစ်ခုခုရေးပေးပါလို့ ဆိုလာတဲ့အတွက် ဓါတ်ပုံလေးကိုကြည့်ပြီး စိတ်ထဲပေါ်လာသလို ချရေးဖြစ်လိုက်ပါတယ်။ ကျွန်မတစ်ယောက်တည်းကိုပဲ ရေးပေးခိုင်းတာမဟုတ်ပါဘူး။ မမသက်ဝေမိုးခါး နဲ့ မွန်(မြတ်မွန်) တို့ကိုလည်း ရေးပေးခိုင်းထားပြီး ကျွန်မတို့အားလုံးကို ဘလော့ပေါ်မှာ တစ်ပြိုင်တည်း တင်ပေးပါလို့သူက တောင်းဆိုထားပါတယ်။ အမှတ်တရ ရေးခိုင်းတဲ့ Libra Tun ကို ကျေးဇူးတင်ပါတယ်။)


အင်ကြင်းသန့်

Sunday, July 10, 2011

ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ လူကိုယ်တိုင်ကြောင့်လား

ပြီးခဲ့တဲ့လက မြန်မာပြည်ကို ရက်(၂၀)လောက် အလည်ပြန်သွားဖြစ်ခဲ့တယ်။ တိုင်းပြည်ထဲမှာ တိုးတက်နေတာတွေ ဆုတ်ယုတ်နေတာတွေ ဘာဘာညာညာတွေကိုတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် စိတ်မသက်မသာဖြစ်စရာ ဖြစ်ရပ်တစ်ချို့ကိုကြားခဲ့ရပြန်တော့ ကိုယ်နဲ့မဆိုင်သလိုနေလို့ရပေမယ့် နေလို့မရဘူး။ အတွေးထဲ တ၀ဲလည်လည် ဖြစ်နေပြီး ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်မိပြန်တယ်။

ဘာဖြစ်ရပ်တွေလဲဆိုတော့ ရပ်ကွက်ထဲက၊ ဆွေမျိုးနီးစပ်တွေထဲက၊ မိတ်ဆွေအသိအကျွမ်းတွေထဲက အိမ်ထောင်သည်အချို့မှာ ယောကျာ်းတွေက နောက်မိန်းမထားကြတယ်ဆိုတဲ့ သတင်းမျိုးတွေကို တော်တော်များများ ကြားခဲ့ရတာပါပဲ။ (ကျွန်မဆိုလိုတဲ့အထဲမှာ အရင်အိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲပြီးလို့ အကုန်ရှင်းရှင်းလင်းလင်းဖြစ်ပြီးမှ နောက်အိမ်ထောင်ထပ်ပြုတဲ့သူမျိုးတွေ မပါပါဘူး။ လက်ရှိအိမ်ထောင်ရှိနေရက်နဲ့ နောက်ထပ်ဖောက်ပြန်နေကြတဲ့သူတွေကို ဆိုလိုတာပါ။) ကြည့်လိုက်တော့လဲ အသက်တွေက ငယ်ငယ်ရွယ်ရွယ်တွေ မဟုတ်ကြပါဘူး။ များသောအားဖြင့်က (၄၀)ကျော် (၅၀)ကျော်တွေချည်းပါပဲ။ တစ်ချို့ဆို သားတွေ သမီးတွေကဆိုရင်ဖြင့် ကျွန်မတို့နဲ့ သက်တူရွယ်တူတွေတောင်ဖြစ်နေပါပြီ။ တစ်ချို့ဖြင့် မြေးတွေဘာတွေတောင်ရနေပြီ။

ကိုယ်တွေမှာလည်း သမီးပျိုလေးတွေ မွေးထားရက်နဲ့ ကိုယ့်သမီးအရွယ်လေးတွေကို နောက်မိန်းမအဖြစ်နဲ့ တိတ်တိတ်ပုန်းထားကြ။ ဒီလိုသတင်းမျိုးတွေ ဆိုတာကလည်း ကြာကြာဖုံးဖိထားလို့ ရတတ်တာမျိုးမဟုတ်လေတော့ ဖုံးမရဖိမရနဲ့ဗူးပေါ်သလိုပေါ်လာကြ (ရန်ကုန်လိုမြို့ကြီးမှာတော့ ဖုံးဖို့လွယ်ချင်လွယ်ဦးမယ်.....နယ်မြို့တွေက ပိုဆိုးပါတယ်။ နယ်မြေက ကျဉ်းကျဉ်းလေးဆိုတော့ ကြာကြာဖုံးလို့မရပါဘူး)။ နောက်ဆုံးတော့ အိမ်က မယားကြီးကသိ သားတွေသမီးတွေကသိ။ ပြဿနာတွေတက်ကြနဲ့..။ တစ်ချို့သားလူပျိုရှိတဲ့ သူတွေဆိုရင်လည်း သားလုပ်တဲ့သူက ရှက်လို့ မအေကိုသနားလွန်းလို့ ဖအေလုပ်သူကို ဒေါသတွေထွက်လို့ မူးရူးသောင်းကျန်း၊ အိမ်မှာ ဖအေကိုမျက်နှာချင်းမဆိုင်ချင်လို့ ပေတေလေလွင့်ကြ၊ သမီးပျိုလေးတွေဆိုရင်လည်း အိမ်က ပြဿနာတွေနဲ့ ဝေးရင်ပြီးရောဆိုပြီး တွေ့တဲ့သူနဲ့ လွယ်လွယ်ကူကူရည်းစားတွေဖြစ်ကြ၊ ယောက်ျားနောက်လိုက်ပြေးကြနဲ့ ကြားရတဲ့သတင်းတွေက အစုံပါပဲ။

အရင်တုန်းကလည်း ဒါမျိုးတွေ မရှိခဲ့ဘူးလားဆိုတော့ ရှိခဲ့ပါတယ်၊ ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှားသလားလို့ပါ။ ဒီလိုအဖြစ်မျိုးတွေဆိုတာ တော်ရုံတန်ရုံကြားဖို့ ခဲယဉ်းသလားလို့လေ....။ အခုတော့ ကြားရတဲ့အရေအတွက်က ပိုများလာတဲ့အပြင် မြန်မာပြည်မှာ သိပ်မထူးဆန်းတော့တဲ့ ဖြစ်ရပ်တွေလိုတောင် ဖြစ်နေကြတာကိုတွေ့နေရတယ်။ ဘာလို့ အဲလိုတွေဖြစ်ကြရတာလဲလို့ တွေးကြည့်မိတယ်။ ကိုယ့်ဇနီးမယားအပေါ်မှာ သစ္စာတရားခိုင်ခိုင်ထားလို့ တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးရမယ်ဆိုတဲ့ ကျင့်ဝတ်မျိုးတွေက အခုခေတ်မှာ ပျောက်ပျက်ကုန်ကြပြီလား...။ အဲဒီဖောက်ပြန်ကြတဲ့ ယောကျာ်းတွေဟာ လက်ထဲမှာ ငွေစကြေးစလေးနည်းနည်းရွှင်တာနဲ့၊ ငွေပိုငွေလျှံလေးရှိလာတာနဲ့ နောက်မိန်းမထားဖို့ဆိုတဲ့ စိတ်ကူးအာရုံလောက်ပဲရှိကြတာလား။ အဲဒီအာရုံလောက်ပဲ ပေါ်ခဲ့တယ်ထားဦး အသိတရား၊ ဆင်ခြင်တုံတရားလေးတွေနဲ့များ မထိန်းချုပ်နိုင်ရလောက်အောင် အသက်အရွယ်တွေက မနူးမနပ် အရွယ်တွေလည်းမဟုတ်ကြပါဘူး။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ကိုယ့်ဇနီးမယား ကိုယ့်သမီးသားလေးတွေ၊ ကိုယ့်မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေ ဘယ်လိုခံစားရမလဲ ဆိုတာတွေ..... ကိုယ့်ဂုဏ်သိက္ခာဆိုတာတွေကိုရော ထည့်မစဉ်းစားကြတော့ဘူးလား....။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဆိုတာ ရာထူးတွေ၊ ငွေကြေးချမ်းသာမှုတွေနဲ့ တိုင်းတာလို့ရနိုင်တာမှမဟုတ်တာ။ သူ့ရဲ့စိတ်ဓါတ်နဲ့လုပ်ရပ်၊ အကျင့်စရိုက်တွေအပေါ်မှာ အများကြီးမူတည်နေတာပဲ။ နောက်အံ့သြစရာတစ်ခုက အဲဒီလို ငွေကြေးချမ်းသာကြတဲ့သူ၊ ရာထူးရှိတဲ့သူတွေထဲကပဲ ဒါမျိုးတွေလုပ်ကြတာ မဟုတ်ဘဲ သာမန်လူတန်းစား လက်လုပ်လက်စားတွေထဲမှာပါ အဲဒီလို လူမှုရေး ဖောက်ပြန်မှုတွေ ရှိနေတာကိုကြားခဲ့ရတာပါ။

ဒါပေမယ့် အဲဒီကိစ္စတွေမှာ ယောက်ျားတွေဘက်ကချည်းပဲ တစ်ဖက်သတ်ကြည့်လို့မရဘူး ဖြစ်နေပြန်တယ်။ ဘာလို့လဲဆိုတော့ နောက်မိန်းမဖြစ်နေတဲ့ မိန်းကလေးတွေကိုယ်တိုင်ကလည်း အဲဒီဘ၀ကို လိုလိုလားလားနဲ့အဖြစ်ခံနေကြတာကို ကြားခဲ့ရလို့ပါပဲ။ သူတို့ကိုကြည့်ရတာ လွယ်လွယ်ကူကူနဲ့ နေစရာ၊ စားစရာ၊ သုံးစရာ ရနေတာကို ပျော်မွေ့နှစ်ခြိုက်နေကြပုံပါပဲ။ ကိုယ့်ခွန်ကိုယ့်အား၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်စွမ်းကိုယ်စနဲ့ သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်ကြဖို့ဆိုတာကို စိတ်ကူးတောင်မရှိကြသလိုပါပဲ။ သူများမိသားစု မျက်ရည်ပေါက်ကြီးငယ်ကျပြီး အပူသောကတွေပြည့်နှက်နေပြီးမှ ရထားတဲ့ နေစရာစားစရာတွေကို ခုံခုံမင်မင်နဲ့ နေနိုင်၊ စားနိုင်၊ မျိုကျနိုင်ကြတာတွေကိုတော့ တော်တော်လေးအံ့သြမိပါတယ်။

အဲဒီလိုဖောက်ပြန်နေကြတဲ့ ယောကျာ်းတွေရော၊ မိန်းကလေးတွေရော လူ့ပတ်ဝန်းကျင်မှာ၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကြားထဲမှာ ကိုယ့်ကိုကိုယ်လိပ်ပြာသန့်သန့်နဲ့ ရဲရဲဝံ့ဝံ့တိုးရဲသေးလားလို့ စူးစမ်းလေ့လာကြည့်တော့လည်း အံ့သြစရာပါပဲ။ အားလုံးက မျက်နှာပြောင်ပြောင်ပါပဲ။ အသွားအလာမပျက် အစားအသောက်မပျက်၊ ပျော်လို့ ရွှင်လို့....။ သူတို့ကိုကြည့်ရတာ ဘာလူမှုရေးဖောက်ပြန်မှုတွေကိုမှ သူတို့အနေနဲ့ ကျူးလွန်ထားခြင်းမရှိကြသလိုပါပဲ။ ဘာကြောင့်အဲဒီလိုတွေဖြစ်ကြရတာလဲ....။

ဖြစ်ဖို့အခြေအနေတွေအကြောင်းတရားတွေကြောင့်ပါတို့၊ မိသားစုနဲ့ခွဲနေရလို့ အထီးကျန်လို့ပါတို့၊ အနေနီးစပ်သွားလို့ပါတို့ ဆိုတာတွေမဟုတ်ဘဲနဲ့....အခုဟာက ထားချင်တဲ့စိတ်သက်သက်နဲ့ကို ထားနေကြတာကိုတွေ့နေရတာပါ။ သူတို့ရဲ့လက်ရှိအိမ်ထောင် မိန်းမတွေကို ကျွန်မအရမ်းသနားမိတယ်။ မိမိရဲ့ ခင်ပွန်းလင်ယောကျာ်းက မိမိအပေါ်မှာ သစ္စာမရှိ ဖောက်ပြန်တာဟာ မိန်းမတွေခံစားရတဲ့အပူတွေထဲမှာ အပူလောင်ရဆုံး အပူဖြစ်မယ်လို့ ကျွန်မထင်မိပါတယ်။ ဒါပေမယ့် များသောအားဖြင့် မိန်းမတွေဟာ ကိုယ့်ရဲ့ သားသမီးလေးတွေရဲ့မျက်နှာကိုထောက်ထားလို့၊ အိမ်ထောင်တစ်ခု ပြိုကွဲသွားရမှာမျိုးကိုမလိုလားလို့ စသည်ဖြင့် အကြောင်းကြောင်းတွေကြောင့် အပူသောကတွေကို ကြိတ်မှိတ်သည်းခံပြီး နေသွားကြတာတွေကိုတွေ့ရတယ်။ တစ်ချို့ လုံးဝအောင့်အီးသည်းမခံမနေဘဲ ရင်ဆိုင်ဖြေရှင်းပစ်လိုက်ကြ၊ သတ္တိရှိရှိပဲ ကွာရှင်းပစ်လိုက်ကြတဲ့ မိန်းမတွေလည်းရှိပါတယ်။

ဘာ့ကြောင့်လဲ .....ဘာလို့အဲဒီလိုတွေဖြစ်လာကြရတာလဲ၊ အဖြစ်များလာကြရတာလဲ...။ ယောကျာ်းတွေအနေနဲ့ ကိုယ့်လက်ထဲမှာ ငွေကြေးလေး နည်းနည်းပိုလျှံလာတယ်ဆိုရင်လည်းပဲ ဒီငွေကြေးနဲ့ ဒီ့ထက်တိုးတက်ကြီးပွားအောင် ဘာလုပ်မလဲဆိုတဲ့ အတွေးမျိုးတွေ၊ ဒီပိုက်ဆံကို ကိုယ့်မိသားစုဘ၀လေးအတွက် ဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတဲ့ အတွေးမျိုးတွေ မရှိကြဘူးလား....။ အာ....အဲဒါတွေ တွေးစရာကိုမလိုပါဘူး ပိုက်ဆံတွေက သိပ်ပေါနေတယ်၊ ထားစရာမရှိအောင်ပေါနေတယ်၊ ဘာလုပ်ရမှန်းမသိအောင်ကို ပေါနေတယ်ဆိုရင်လည်း လောကကြီးမှာ ကိုယ့်လို အဆင်မပြေတဲ့သူတွေ၊ အတိဒုက္ခရောက်နေတဲ့သူတွေ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှု ဒဏ်ကိုခံနေရသူတွေ အများကြီးပါ.....ပေါင်မုန့်တစ်ဖဲ့တစ်ခြမ်းလောက်ပဲဖြစ်ဖြစ် အကူအညီလိုအပ်နေတဲ့သူတွေ ဒုနဲ့ဒေးပါ။ အဲလိုနေရာမျိုးတွေမှာ သုံးစွဲလိုက်ဖို့များ စိတ်ကူး အာရုံလေးတွေနည်းနည်းတောင်မှ မရှိကြဘူးလား။ ဒါမှမဟုတ်သေးရင်လည်း မိမိလည်းဒုက္ခမရောက်စေမယ့်၊ လူတစ်ဖက်သားကိုလည်း မထိခိုက်စေမယ့် မိမိဝါသနာပါရာလေးတွေကို လုပ်ဖို့ အဲဒီငွေကြေးတွေကို သုံးစွဲလိုက်လို့မရဘူးလား....။ “ပိုက်ဆံရှိရင်၊ အခြေအနေပေးရင် နောက်မိန်းမထားမယ်.... ” ဆိုတဲ့ ခပ်ညံ့ညံ့ အာရုံတွေထက် ပိုအဆင့်မြင့်တဲ့ အာရုံမျိုးတွေ စိတ်ကူး စိတ်သန်းမျိုးတွေ မရှိကြတော့ဘူးလား....။ နောက်မိန်းမအဖြစ်ခံတဲ့ မိန်းခလေးတွေ အနေနဲ့ရော ဘ၀မှာ ဘယ်လို အခက်အခဲမျိုးတွေနဲ့ပဲကြုံကြုံ သူများရဲ့ အငယ်အနှောင်းတော့ အဖြစ်မခံဘူး ....သူများမိသားစု စိတ်ဆင်းရဲ မျက်ရည်ကျပြီးမှ စားရတဲ့ ထမင်းကို ဘယ်တော့မှ မစားဘူး...ကိုယ့်အားကိုယ်ကိုးပြီး သမာအာဇီဝကျကျပဲရှာစားမယ်ဆိုတဲ့ စိတ်အားသတ္တိမျိုးတွေ နည်းနည်းမှ မရှိကြတော့ဘူးလား.....အဲဒီလိုစိတ်အားသတ္တိတွေကို ထားရှိကြဖို့ မွေးမြူကြဖို့ အသိတရားကို မရှိကြတော့တာလား...။

တကယ်ဆိုရင်ဒီလို ကိစ္စမျိုးတွေကို မထူးဆန်းသလိုလျစ်လျူရှုထားကြမယ့်အစား လျော့ကျသွားအောင် နိုင်သလောက်လေးတွေ လုပ်ကြရင်သိပ်ကောင်းမှာပါ။ မီဒီယာတွေအနေနဲ့လည်း အရည်မရ အဖတ်မရ မင်းသားနဲ့မင်းသမီး ချစ်ကွဲညား ကြတဲ့ ဇာတ်လမ်းမျိုးတွေချည်းပဲ ရိုက်မနေသင့်ပဲ ဒီလိုကိစ္စမျိုးတွေအတွက် ရင်ထဲကိုရောက်သွားစေမယ့် ပညာပေးဇာတ်လမ်းမျိုးတွေကိုလည်း ရိုက်သင့်ပါတယ်။ ကျွန်မကတော့ ဘဘဦးသုခရဲ့ “တစ်ပါးသီလ”ဇာတ်လမ်းကို အရမ်းသဘောကျမိတယ်။အဲဒီဇာတ်ကားထဲမှာ (ဦး) ဇော်လင်းအနေနဲ့ ခင်စိုးပိုင်က ဘယ်လောက်ပဲ ဆွဲဆောင် ဆွဲဆောင်၊ ဖောက်ပြန်မယ်ဆို ဖောက်ပြန်ဖို့အတွက် အခြေအနေအချိန်အခါတွေ ပေးပါရက်နဲ့ အဲဒီသီလကို လုံခြုံအောင် မြဲမြံအောင် စောင့်ထိန်းခဲ့တယ်။ အဲဒီလိုစောင့်ထိန်းလိုက်တဲ့အတွက်လည်း သူ့အနေနဲ့ အကျိုးထူးတွေခံစားရတယ်။ သိပ်ကိုကောင်းတဲ့ ဇာတ်လမ်းလေးပါ။ အဲဒီလိုမျိုး လူတွေကို အသိတရားတွေ ရစေမယ့်၊ အတုယူစရာ ပညာရစရာတွေပါစေမယ့် ဇာတ်ကားမျိုးတွေကို များများရိုက်ပြီး လူထုကြားမှာ စိမ့်ဝင်ပျံ့နှံ့စေရင် ပိုကောင်းမယ်လို့ထင်မိတယ်။

တကယ်တော့ ဒီကိစ္စတွေဖြစ်လာရတာဟာ ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား စဉ်းစားမိတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမပြုမိမိမှုပါပဲ။ ကိုယ့်ကိုကိုယ်သာလျှင် အသိဆုံးပါ။ ခေတ်နဲ့စနစ်ကြောင့်ပါဆိုတာထက် လူတွေကိုယ်တိုင်ရဲ့ဖောက်ပြန်ချင်တဲ့စိတ်ဓါတ်၊ ပျက်စီးယိုယွင်းနေတဲ့ စိတ်ဓါတ်တွေကြောင့်ဖြစ်တာက ပိုသာနေမလားဆိုတာကို တွေးနေမိတယ်။

(မှတ်ချက်။ ။မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ခြင်းမရှိပါ။ မြန်မာပြည်အပြန်မှာ ကြားခဲ့ရတာတွေအပေါ် ခြုံငုံ၍ရေးခြင်းပါ။ အငယ်အနှောင်းထားတာပဲ ရေးကြီးခွင်ကျယ်လုပ်နေတယ်။ ဘာထူးဆန်းလို့လည်းလို့ ထင်ကြ ခံယူကြတဲ့သူတွေအတွက်တော့ ကျွန်မအနေနဲ့ဘာမှပြောစရာမရှိပါ။)

အင်ကြင်းသန့်


Thursday, June 2, 2011

Here are the cactuses!!!

အရင်ပိုစ့်မှာတုန်းက Cameron Highlands က Cactus Valley ကို ရောက်ခဲ့တယ်လို့ ဆိုထားခဲ့တဲ့အတိုင်း အခုပိုစ့်မှာတော့ အဲဒီ Cactus Valley က Cactus အပင်လေးတွေရဲ့ပုံတွေကို အမှတ်တရ သိမ်းထားလိုက်ချင်ပြန်တယ်။ မြန်မာလိုဆိုရင်တော့ ကန္တာရပင်လေးတွေလို့ ခေါ်မယ်ထင်တယ်။ (တစ်ချို့အဘိဓါန်တွေမှာ ရှားစောင်းပင်လို့ ဘာသာပြန်ထားတာတွေလည်း တွေ့ရတယ်)။ အပင်လေးတွေက သေးသေးလေးတွေဖြစ်ပြီး တစ်ချို့အပင်လေးတွေမှာက ဆူးတွေပါလိုက်သေးတာ။ ကြည့်ရတာ ချစ်ဖို့ကောင်းသလို အူယားစရာလည်း ကောင်းလှတယ်။














ပုပုကွကွသေးသေးကွေးကွေး ချစ်စရာ Cactus လေးတွေ....း))

ဒါကတော့ Cactus Valley ကို အ၀င်လမ်းပါ။ ကားကတော့ဝင်လို့မရပါဘူး။ လမ်းလျှောက်သွားကြရပါတယ်။


Wednesday, June 1, 2011

Odds and Ends

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်တုန်းက မလေးရှားမှာရှိတဲ့ Cameron Highlands ကို အလည်သွားခဲ့တယ်။ ဒီပုံလေးတွေက Cameron Highlands မှာရှိတဲ့ Attraction တွေထဲက တစ်ခုဖြစ်တဲ့ Cactus Valley ကိုဝင်တော့ ဈေးဆိုင်လေးတွေမှာ ချိတ်ဆွဲရောင်းချနေတဲ့ အမှတ်တရ ပစ္စည်းလေးတွေပါ။ ဘာရယ်မဟုတ်ပါဘူး... အဲဒီလို ပုစုခရုပစ္စည်းလေးတွေကို စုထားတာကို ကြည့်ရတာ ချစ်စရာကောင်းလို့ ရိုက်လာခဲ့တာ။ ကင်မရာအသေးလေးမို့လို့ ပုံအရည်အသွေးကတော့ သိပ်မကောင်းပေမယ့် အမှတ်တရသိမ်းထားချင်လို့လေ။


ပန်းပွင့်လေးတွေ အဲလို စီရရီဖြစ်နေတာကို ချစ်လို့....



တကယ့် ladybug လေးတွေ ကပ်နေသလိုပဲ

ဒီပုံဆိုရင်လည်း အမှတ်တမဲ့ ကြည့်မယ်ဆိုရင် တကယ့်မုန့်တွေနဲ့တော်တော်တူတယ်.....း)




ငယ်ငယ်တုန်းက ချာလီထီးအရောင်တောက်တောက်လေးတွေ ပူဆာတတ်တာကို သွားသတိရမိတယ်။

တန်သလားမမေးနဲ့ တစ်တွဲ ပြား ရှစ်ဆယ်နဲ့ Offer ပေးနေတာ....း))


Thursday, April 7, 2011

"မိုင်ဒေးလီးလိုက်ခ်စ်"

"မိုင်ဒေးလီးလိုက်ခ်စ်" တွေက များလွန်းလို့ ယေဘုယျအကြောင်းအရာတွေပဲ ချရေးလိုက်တယ်။ ဒါတောင် တော်တော်များသွားသေးတာ။ :D

* နံနက် ခုနစ်နာရီပတ်ဝန်းကျင်လောက်ဆို အမြဲရောက်လာနေကျဖြစ်တဲ့ ၀ိတ်ကပ်ကောအသံလေးနဲ့အတူ အိပ်ရာကနေနိုးလာရတာကို ကြိုက်တယ်။

* လူကနိုးသွားပေမယ့်လည်း ချက်ချင်းမထသေးပဲ "ငါးမိနစ်လောက်နော်...."၊ "ဆယ်မိနစ်လောက်နော်..." ဆိုပြီး ပြန်ပြန်အိပ်ရတာကို ကြိုက်တယ်။ (တကယ်က ဂရုတစိုက်နဲ့ ခဏခဏ လှမ်းလှမ်းနှိုးပေးနေတာကို ကြိုက်လို့...:)))

* တကယ်ထဖြစ်တာက ဘယ်အချိန်ပဲဖြစ်နေပါစေ….စိမ်ပြေနပြေလုပ်နေပြီး နောက်ဆုံးမိနစ်ရောက်မှ ဖုတ်ပူမီးတိုက်လုပ်ကာ ကားဂိတ်ကို အပြေးအလွှား သွားရတာကိုကြိုက်တယ်။

* ကားပေါ်မှာ နာရီဝက်လောက် အိပ်ငိုက်ပြီး လိုက်သွားရတာကို ကြိုက်တယ်။

* ရုံးကိုရောက်ရင် ဘယ်လောက်ပဲ နောက်ကျနောက်ကျ (စိတ်ထဲမှာတော့ လန့်နေပေမယ့်) အပြင်ပန်းမှာတော့ သူဌေးကအစ၊ မန်နေဂျာအလယ်၊ ရုံးအကူအဆုံး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံစံနဲ့ ရုံးခန်းထဲဝင်သွားရတာကို ကြိုက်တယ်။ (သူတို့ကလည်း ဘယ်လိုမှ ပြောမရမှန်းသိလို့ကို လက်လျှော့ထားလိုက်ကြတာပါ.... :D )

* မန်နေဂျာတွေပတ်ပတ်လည် ၀န်းရံနေလို့ ဘယ်လိုမှမလှုပ်သာတဲ့ နေရာမှာထိုင်အလုပ်လုပ်နေရပေမယ့် သူတို့လစ်တဲ့အချိန် တစ်မိနစ်နှစ်မိနစ်လောက် ရတဲ့အချိန်လေးမှာပဲ မျက်နှာစာအုပ်ထဲ ၀င်ဝင်ကလိရတာကို ကြိုက်တယ်။

* အလုပ်လုပ်ရတာ နဲနဲငြီးငွေ့လာပြီ …. သိပ်စိတ်မပါတော့ဘူးဆိုရင် ကော်ဖီတစ်ခွက်ဖျော်ပြီး တစိမ့်စိမ့်သောက်ကာ အချိန်ဖြုန်းပစ်လိုက်ရတာကို ကြိုက်တယ်။

* မန်နေဂျာတွေမသိအောင် ဖုန်းကို ဆိုင်းလန့်လုပ်ထားပြီး မက်ဆေ့ခ်ျတွေ ခိုးခိုးရိုက်နေရတာကို ကြိုက်တယ်။

* ရုံးပေါ်မှာ ကိုယ်နဲ့စကားပြောဖော် သက်တူရွယ်တူရယ် မိန်းခလေးလုပ်ဖော်ကိုင်ဖက်ရယ်လို့ တစ်ယောက်မှမရှိတဲ့ အတွက် စကားတွေ(အလုပ်နဲ့မဆိုင်သော) အရမ်းပြောချင်လာတဲ့အခါ ပြောသမျှဆိုသမျှကို နားဒုက္ခခံကာ မငြီးမငြူ နားထောင်ပေးတတ်တဲ့သူဆီကို ဖုံးခေါ်ပြီး "ပိကျိ ပိကျိ...." လုပ်ရတာကိုကြိုက်တယ်။

* နေ့ခင်းထမင်းစားချိန် ဖြစ်တဲ့ ဆယ့်နှစ်နာရီကနေ တစ်နာရီအထိ အချိန်ကတော့ ရုံးမှာနေနေရတဲ့ တစ်နေ့တာအတွက် အကြိုက်ဆုံး အချိန်ပါ။ (ရတဲ့အချိန်တစ်နာရီအတွင်း လုပ်စရာတွေများလွန်းလို့ ထမင်းကိုတောင်မှ ဒရောသောပါးစားပစ်လိုက်တာ… :)))

* အဲဒီလိုနဲ့ ခြောက်နာရီထိုးခါနီး အချိန်ကျရင်ဖြင့် စိတ်တွေက ရုံးပေါ်မှာမရှိတော့ပဲ အိမ်အပြန်လမ်းပေါ် ရောက်နေပြီး ပြန်ဖို့အတွက် နာရီကိုထိုင်စောင့်ကာ ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ အယောင်ဆောင်နေရတာကို ကြိုက်တယ်။

* ရုံးဆင်းတဲ့အချိန်မှာတော့ ရုံးပေါ်ကနေ ခုန်မချရုံတမယ် ပြေးဆင်းပြီး နားကြပ်ကို နားမှာတပ် (ရုံးကိုလာသော ခြေလှမ်းများနဲ့လွန်စွာကွာခြားလှသော) တက်ကြွလှသည့် ခြေလှမ်းများနဲ့ အိမ်ပြန်ချိန်တွေကို အရမ်းကြိုက်တယ်။ (အဲဒီမှာမှ အပိုဆုလေးပါ ရခဲ့တယ်ဆိုရင်တော့ တန်ဖိုးဖြတ်မရတဲ့ အိမ်ပြန်ချိန်တွေပေါ့…အရမ်းအရမ်းကို ကြိုက်ပါတယ်။ :)))

* အိမ်ကို တန်းတန်းမတ်မတ် မပြန်ပဲ ဟိုဝင်ဒီဝင်နဲ့ လျှောက်မွှေရတာလည်း ကြိုက်သေးရဲ့ (တကယ်ကဘာမှ ၀ယ်တာမဟုတ်ပါ….မျက်စိအစာကျွေးရုံသက်သက်ပါ။:)))

* အိမ်ကိုရောက်ရောက်ချင်း ဘာမှမလုပ်သေးပဲ အိတ်ကလေးအသာချ ကွန်ပြူတာလေးမပြီး ကွန်ပြူတာစခရင်ထဲ ခေါင်းစိုက်နေရတဲ့အချိန်တွေကိုလည်း ကြိုက်မှကြိုက်။

* အမြဲတမ်းလိုလို ကိုယ့်ကို ပွစိပွစိ ဗျစ်တောက်ဗျစ်တောက်နဲ့ ဆူပူနေတတ်ပေမယ့် ချစ်လှစွာသော ညီမအကောင်းစားလေး (အဲလေ…ယောင်လို့..ညီမအစုတ်ပလုတ်လေး) ကို စားချင်တာမှန်သမျှ မညည်းမညူ ချက်ကျွေးတတ်တဲ့ အတူနေတဲ့ မမရဲ့ လက်ရာတွေနဲ့ညစာကိုလည်း အရမ်းကြိုက်။

* ညနေစာစား၊ ရေချိုးပြီးတော့တစ်ခါ "ပိကျိ ပိကျိ...." ပြောရတာကိုလည်း ကြိုက်သေးတာ။

* အိပ်တော့မယ်လို့ အကြိမ်ကြိမ် ဆုံးဖြတ်ချက်တွေ ချနေပေမယ့် သီချင်းရှိတဲ့နေရာ၊ သီချင်းနားထောင်လို့ ရတဲ့နေရာမှန်သမျှ လျှောက်မွှေနှောက်ကာ သီချင်းတွေ နားထောင်နေရတာ၊ သီချင်းတွေ လိုက်ဆိုနေရတာကိုတော့ လောကကြီးကို မေ့နေလောက်အောင်ကို ကြိုက်ပါတယ်။ (ဒါပေမယ့် အဲဒါတွေထက် ဂစ်တာတီးပြီး ဆိုပြတတ်တဲ့ သီချင်းသံကို ပိုကြိုက်တယ်။:)))

* နောက်ဆုံးမှာ မျက်ခွံတွေက ကမ္ဘာကြီးရဲ့ဆွဲအားကို ဘယ်လိုမှ တောင့်ခံထားနိုင်စွမ်း မရှိတော့တဲ့အခါမှာတော့ ကွန်ပြူတာကို ကပျာကယာပိတ် မီးကိုမှိတ်ပြီး ချစ်လှစွာသော ပိုလာလေး(၀က်ဝံအရုပ်လေးကိုပြောတာနော်.....)ကို ရင်ခွင်ထဲမှာထား အိပ်မက်ကမ္ဘာထဲကိုရောက်သွားရတဲ့ အချိန်ကတော့ တစ်နေ့တာရဲ့ ဖေးဗရိတ်အဖြစ်ဆုံး အချိန်ပါပဲလို့….။

* အားလုံးကိုခြံပြောရရင်တော့ ကိုယ့်ရဲ့တစ်နေ့တာတွေကို အစွယ်အဆိပ်တွေ၊ အတုအပြိုင်တွေကင်းကင်းနဲ့ ရိုးရိုးစင်းစင်းဖြတ်သန်းသွားနေရတာကို အကြိုက်ဆုံးပါပဲ။ (ကြီးပွားတိုးတက်မယ့် လက်ခဏာတွေလေ…)
:))))


အစ်မသက်ဝေက မျက်နှာစာအုပ်ပေါ်မှာ တက်ဂ်ထားတာပါ။ ဘလော့ပေါ်မှာလည်း အမှတ်တရ ဖြစ်အောင် တင်ထားလိုက်တယ်။ သတိတရနဲ့ တက်ဂ်ပေးတဲ့ အစ်မသက်ဝေကို "ကျေးဇူးကမ္ဘာ" ပါလို့....။ :)))

Sunday, March 27, 2011

“သွားကြစို့ စာပေဟောပြောပွဲ”


ဒီနိုင်ငံကိုရောက်ပြီးခါမှ စာအုပ်နဲ့စာဖတ်ခြင်းအလုပ်ကို ကျွန်မအနေနဲ့ အလှမ်းဝေးနေတာကြာပြီလို့ ပြောလို့ရပါတယ်။ စာအုပ်တွေကို ဖတ်မယ်ဆိုပြီးဝယ်ထားလိုက်၊ လူကြုံရှိရင် အိမ်ကိုလှမ်းမှာလိုက်နဲ့ တကယ်တမ်းကျတော့ ကုန်အောင်မဖတ်ဖြစ်သေးပဲ ကျန်နေတာက တောင်ပုံယာပုံ။ ဖတ်လက်စတန်းလန်းနဲ့ ရှေ့ဆက်မတက်ဖြစ်တဲ့ စာအုပ်တွေကလည်း အစီအရီ....။

ဒီကိုရောက်လာပြီးကတည်းက အချိန်တွေတော်တော်များများကလည်း ကွန်ပြူတာရှေ့မှာပဲ ကုန်ဆုံးသွားရတာချည်းပါပဲ။ ရုံးမှာလည်းကွန်ပြူတာ၊ အိမ်မှာလည်းကွန်ပြူတာဆိုတော့ သိချင်တာ ဖတ်ချင်တာရှိခဲ့ရင်လည်း ကွန်ပြူတာပေါ်ကနေပဲ ရှာဖွေဖတ်ရှုဖြစ်လိုက်တာက များပါတယ်။ ဒါပေမယ့် အဲဒီလိုဖတ်ရှုတဲ့အခါ ခဏတဖြုတ်လောက်ပဲဖတ်နိုင်ပြီး အရသာကလည်း ပေါ့ရွှတ်ရွှတ်နိုင်လှသလို စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေ ဈန်ဝင်ပြီးဖတ်ရတဲ့ အရသာနဲ့ယှဉ်လိုက်ရင် တော်တော်ကိုကွာခြားပါတယ်။ (ကျွန်မခံစားချက် သက်သက်ကိုပြောခြင်းပါ)။ ဒီလိုနဲ့ပဲ စာပေတွေနဲ့ကိုယ်နဲ့က တဖြေးဖြေးအလှမ်းဝေးလာသလို ခံစားလာရပါတယ်။

မြန်မာပြည်မှာ နေတုန်းကတော့ စာအုပ်တွေအမျိုးမျိုးကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို ဖတ်ရှုဖြစ်ခဲ့တာပါ။ ဒီနိုင်ငံကိုရောက်လာပြီးမှာသာ အကြောင်းအမျိုးမျိုးတွေကြောင့် စာအုပ်တွေကို တော်ရုံနဲ့မကိုင်ဖြစ်တော့တာ။ ဒါပေမယ့် ဒါကဆင်ခြေသက်သက်မျှသာလို့ ပြောလို့တော့ရပါတယ်။ လူကိုယ်တိုင်က ခပ်ပျင်းပျင်းမို့လည်း ပါပါတယ်။ တကယ်ဖတ်ချင်တဲ့သူက ဘယ်လိုအကြောင်းခြင်းရာမျိုးတွေပဲရှိနေနေ မရရအောင် ကုပ်ကပ်ဖတ်မှာပါပဲ။

ဒါပေမယ့် အခုအချိန်မှာ ကျွန်မလိုမျိုး လူကခပ်ပျင်းပျင်း၊ ဆင်ခြေက ခပ်များများပေးတတ်သော သူအတွက် ၀မ်းသာစရာအကြောင်း ဖြစ်လာတာကတော့ ဒီနိုင်ငံမှာ စာပေဟောပြောပွဲတွေ ပြုလုပ်လာခြင်းပင်ဖြစ်ပါသည်။ စာပေဟောပြောပွဲဆိုသည်မှာက ပေးလိုက်ရသည့် နေ့တစ်ဝက်စာလောက် အချိန်အတောအတွင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အသိတရား၊ ဗဟုသုတတွေကို ယူတတ်ရင် ယူတတ်သလို အစုလိုက်အပြုံလိုက် ကိုယ့်အတွက်ရလိုက်နိုင်သော နေရာတစ်ခုဖြစ်ပေသည်။ ထိုမှတဆင့် ရရှိလာသောအသိတရား၊ ဗဟုသုတတွေကိုလည်း ပွဲပြီးမီးသေ သဘောမျိုး မထားပဲ ဘ၀တစ်လျှောက်မှာ ကိုယ်အသုံးချနိုင်ရင် ချသွားနိုင်သလောက် အကျိုးကျေးဇူးကလည်း များပြားလှပေသည်။

အခုဆိုရင် စင်ကာပူနိုင်ငံစာပေမြတ်နိုးသူများကနေပြီး ဦးဆောင်၍ စာပေဟောပြောပွဲများကို ကျင်းပလာသည်မှာ ယခု လာမည့် ဧပြီလ (၃၀)ရက်နေ့ စနေနေ့တွင် ကျင်းပမည့်ပွဲနှင့်ပါဆို သုံးကြိမ်မြောက်ရှိသွားပြီဖြစ်သည်။ ထိုသို့ ဦးစီးဦးဆောင်ပြုလုပ်ကြသော စာပေမြတ်နိုးသူများရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်ကလည်း မွန်မြတ်လှပေသည်။ ထိုကဲ့သို့ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းမှာ ပရဟိတ လူမူအကျိုးပြုအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ရရှိလာသော အကျိုးအမြတ်များကိုလည်း ငွေကြေးလိုအပ်လျက်ရှိသည့် သက်ကြီးဝါကြီး စာရေးဆရာ ကြီးများကို ပူဇော်ကန်တော့လှူဒါန်းဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် စာပေဟောပြောပွဲများကို စီးပွားရေး အမြတ်အစွန်းအတွက် ဘယ်တော့မှ လုပ်ကိုင်မှာမဟုတ်ကြောင်းလည်း သူတို့က အသိပေးထားပါတယ်။

စာပေဟောပြောပွဲမှာ လာရောက်ဟောပြောကြတဲ့ စာရေးဆရာ၊ ဆရာမများဟာ ဆိုရင်လည်း တကယ့်ကို လေးစားဖွယ်ရာကောင်းလှတဲ့ ပရိတ်သတ်ကို သုတ၊ ရသ အမျိုးမျိုးအဖုံဖုံတို့ဖြင့် အသိဥာဏ်ပညာတိုးပွားအောင် နှလုံးရည်ပြည့်ဝလာအောင် စွမ်းဆောင်နိုင်ကြတဲ့ ဆရာ၊ဆရာမကြီးတွေချည်းပါပဲ။ ပထမအကြိမ်တုန်းက ဟောပြောသူများမှာ ဆရာချစ်ဦးညို၊ ဆရာနေ၀င်းမြင့်၊ ဆရာမဂျူး တို့ဖြစ်ပြီး ဒုတိယအကြိမ်တုန်းက ဟောပြောသွားသူများမှာတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာလယ်တွင်းသားစောချစ်နဲ့ ဆရာအော်ပီကျယ်တို့ဖြစ်ကြပါတယ်။

ယခု တတိယအကြိမ်ဟောပြောမယ့် စာရေးဆရာတွေကိုလည်း ကြည့်လိုက်ပါဦး....။ ဆရာဖေမြင့်၊ ဆရာအောင်သင်း၊ ဆရာချစ်စံဝင်းနဲ့ ဆရာမ ခင်ခင်ထူးတို့ပါတဲ့။ ဟောပြောမယ့် ခေါင်းစဉ်တွေကတော့ ဆရာ ဖေမြင့်က “ဘဝတိုးတက်ဖို့ စာဖတ်ကြစို့” ၊ ဆရာအောင်သင်းက “ရပ်ဝေးမြေခြား လူငယ်များသို့” ၊ ဆရာ ချစ်စံဝင်းက “အမေဟူသည် အလွမ်းသည်” နဲ့ ဆရာမ ခင်ခင်ထူးက “အညာဓလေ့ ရွာဓလေ့” စသည်ဖြင့် ဖြစ်ကြပါတယ်။ ထိုစာရေးဆရာတွေအားလုံးဟာဆိုရင်ဖြင့် ကျွန်မကြိုက်နှစ်သက်လေးစားရတဲ့ စာရေးဆရာတွေချည်းပါပဲ။ ဘာ့ကြောင့်ကြိုက်နှစ်သက်ရတယ် လေးစားရတယ် ဆိုတာကိုတော့ ကျွန်မအနေနဲ့အထူးတလည် ချီးမွမ်းခန်းဖွင့်ပြနေစရာလိုမယ် မထင်တော့ပါဘူး။ တော်ကြာ ဆရာတို့၊ဆရာမတို့ကို ကျွန်မလိုလူတစ်ယောက်က အမွှမ်းတင်လိုက်မိတဲ့အခါ ယောမင်းကြီးနဲ့ မြင်းထိန်းငတာလို ဖြစ်သွားမှာစိုးလို့ပါ။း))

ထိုတတိယအကြိမ်စာပေဟောပြောပွဲ လက်မှတ်တစ်စောင်ရဲ့ ဈေးနှုန်းကတော့ S$15 ဖြစ်ပြီး လက်မှတ်များကိုတော့ ပင်နင်ဆူလာပလာဇာရှိ သူဌေးသမီး၊ သော်တာနဒီ နှင့် ရနံ့သစ် မြန်မာထမင်းဆိုင်တို့တွင် ၀ယ်ယူရရှိနိုင်ကြောင်းနှင့် လက်မှတ်ကောင်တာများကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ (၅)နာရီမှ (၈)နာရီအထိ ဖွင့်လှစ်ရောင်းချနေကြောင်းသိရပါတယ်။

ဟောပြောပွဲကို နေ့လည် (၁) နာရီကနေ ညနေ (၈) နာရီအထိ ကျင်းပမှာဖြစ်ပြီး ကျင်းပမယ့် နေရာကတော့ Singapore Poly ရဲ့ Convention Centre မှာပါတဲ့။ အဲဒီတော့ကျွန်မအနေနဲ့ သူငယ်ချင်းမောင်နှမတွေထဲက မသိသေးတဲ့သူတွေကိုသိရအောင်၊ အမှုမဲ့အမှတ်မဲ့ နေခဲ့မိသူတွေကိုလည်း အာရုံလေးစိုက်မိလာအောင်၊ စိတ်မပါတဲ့သူတွေလည်း စိတ်လေးပါချင်ပါလာစေရအောင်ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်တာပါ။း))

အကယ်၍ သွားရောက်ချင်တဲ့ ဆန္ဒလေးတွေများ ဖြစ်ပေါ်လာခဲ့ရင်လည်း လက်မှတ်များကုန်သွားမှာစိုးသဖြင့် လက်မနှေးပဲ အမြန်သာ သွားရောက်ကာဖြင့် ၀ယ်ယူလိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။း)))

(မှတ်ချက်။ ။Myanmar Literature Talk (Singapore)on Facebook မှာလည်း စာပေဟောပြောပွဲနဲ့ ပတ်သက်၍ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Sunday, January 9, 2011

ပီတိအားဆေး

ခါတိုင်းလတွေနဲ့မတူဘဲ ဒီလမှာ ပိုမိုများပြားလာတဲ့ အလုပ်တာဝန်တွေကြောင့် သူမရဲ့ စိတ်နဲ့ခန္ဓာကိုယ် တစ်ခုလုံး အတော်လေးကို ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

ဒီတစ်ပတ်ထဲမှာတော့ အပြီးဖြတ်ပေးရန် ရှိနေသည့် အလုပ်ကိစ္စများအတွက် တစ်ပတ်လုံးမှာလည်း အိမ်ပြန်နောက်ကျသည့်အပြင် ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့မှာပါ မနားနိုင်ဘဲ ရုံးကိုသွားပေးဖို့ လိုအပ်လာပြန်သည်။ သွားပြန်တော့လည်း ရုံးကိုစရောက်ပါပြီ ဆိုကတည်းက အလုပ်ကိုပဲပြီးစီးအောင် အာရုံစူးစိုက်နေမိသည့်အတွက် နေ့လည်စာစားဖို့ပင် အချိန်မရခဲ့။

ညနေမစောင်းခင်အထိ တစ်နေ့လုံးစာမျှနီးပါး လုပ်အပြီးတွင်တော့ အလုပ်တွေအားလုံး ပြီးပြတ်သွား၍ ရုံးမှ ပြန်လာခဲ့တော့သည်။ ရုံးမှအပြန်တွင် သူမအနေဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ ခြေပစ်လက်ပစ်သာ အနားယူလိုက်ချင်သော်လည်း အစ်မရင်းလို ခင်မင်ရသည့် မိတ်ဆွေတစ်ယောက်၏ မွေးနေ့ပွဲသို့ သွားရောက်ရန် ရှိနေသဖြင့် တစ်ခါတည်း ဆက်၍ သွားလိုက်ရပြန်သည်။

ထိုမွေးနေ့ပွဲမှ အပြန်တွင်တော့ သူမရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သူမဘယ်လိုမှပင် တင်းမထားနိုင်တော့ပေ။ အိမ်သို့ ပြန်ရောက်သည့်အခါ သူမနှင့် အတူနေသူ သူငယ်ချင်းက နောက်တစ်နေ့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ဘုန်းကြီးကျောင်း၌ အာရုဏ်ဆွမ်း ဆက်ကပ်ရန်အတွက် အလုပ်များရှုပ်နေသော်လည်း သူမအနေနဲ့ ဘယ်လိုမှပင် ကူညီနိုင်ခြင်း မရှိတော့ဘဲ အားနာစွာဖြင့်ပင် အိပ်ရာဝင်ခဲ့မိသည်။

နောက်တစ်နေ့နံနက် အာရုဏ်တက်ချိန်လောက်တွင်မူ သူငယ်ချင်းဖြစ်သူ၏ လာရောက်လှုပ်နှိုးမှုကြောင့် သူမနိုးသွားခဲ့သည်။ အိပ်ရာမှနိုးနိုးချင်းတွင် တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေပြီး ခေါင်းထဲတွင် နောက်ကျိမူးဝေနေသော်လည်း ကုသိုလ်ရေး ဖြစ်သည်မို့ကတစ်ကြောင်း၊ ညကလည်း ဘာမှမကူညီထားမိသဖြင့် သူငယ်ချင်းကို အားနာသည်က တစ်ကြောင်းကြောင့် အိပ်ရာမှထကာ ကူညီလုပ်ကိုင်ပေးရင်း ဘုန်းကြီးကျောင်းကိုပါ လိုက်သွားလိုက်သည်။

ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်တရားနာ၍ အိမ်ကိုပြန်လာပြီးသည့်နောက်တွင် သူမအတွက် အသုံးအဆောင် ပစ္စည်းအချို့ ၀ယ်စရာရှိနေသဖြင့် သူမတို့အိမ်နှင့် အနီးဆုံး ဘူတာရုံနားတစ်ဝိုက်တွင်ရှိသော ဆိုင်ခန်းများရှိရာနေရာသို့ သူမထွက်လာခဲ့သည်။

ထိုသို့ထွက်သာလာခဲ့ရသော်လည်း သူမ၏ အာရုံများက မကြည်လင်သေး။ ရီဝေနေဆဲပင်....။ သူမ၏စိတ်ထဲတွင်မူ သူမခံစားနေရသည့် နာကျင်ကိုက်ခဲမှုများ၊ မူးဝေနောက်ကျိမှုများကို ပျောက်ကင်းသက်သာသွားစေပြီး ချက်ချင်းပင် ခွန်အားများ ပြန်လည်ရရှိကာ လန်းဆန်းလာစေနိုင်မည့် အားဆေးတစ်မျိုးမျိုးကိုသာ သောက်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေမိသည်။

ဘူတာရုံနားတစ်ဝိုက်တွင်ရှိသော ဆိုင်ခန်းများ၌ သူမလိုချင်သော ပစ္စည်းကို ရှာ၍မရသောကြောင့် ပလာဇာတစ်ခုသို့ သွားလိုက်မည်ဟု စိတ်ကူးကာ ဘတ်စ်ကားစီးလာခဲ့လိုက်သည်။ သူမစီးလာသော ဘတ်စ်ကားမှာ နံပါတ်လည်းအမှန်၊ လမ်းကြောင်းလည်းအမှန်ပင် ဖြစ်သော်လည်း မကြည်လင် နောက်ကျိမူးဝေနေသော စိတ်အာရုံတို့ကြောင့် စီးနေရင်းမှ ရုတ်တရက် သူမကိုယ်သူမ နံပါတ်မှား၍ စီးလာမိသည်ဟု ထင်လိုက်ကာ မှတ်တိုင်တစ်ခု အရောက်တွင် ကားပေါ်မှဆင်းလိုက်သည်။

ဆင်းပြီးကာမှ “ဟာ....သွားပါပြီ....ဒီကားက အမှန်ပဲဟာကို....ငါတော့နောက်တစ်ကားကို အကြာကြီးစောင့်ရဦးမယ်..” ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေစဉ် သူမဘေးမှာ အသက်အရွယ်အားဖြင့် အတော်ပင်ကြီးနေပုံရပြီဖြစ်သော အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့ အချီအချ စကားများပြောနေကြသည်ကို သတိထားကြည့်မိလိုက်သည်။

သူတို့ဘာသာစကားကို နားမလည်သော်လည်း အဘိုးအိုက ကားလမ်းကြောင်းတစ်ခုကို မေးနေမှန်းတော့ သိလိုက်သည်။ သို့သော် လူငယ်ဖြစ်သူမှာ အဘိုးအို၏ မေးခွန်းများကို ဖြေနေရသည်ကို သိပ်စိတ်ရှည်ပုံမရပါ။ ထိုသို့ အဘိုးအိုက အားကိုးတကြီး မေးနေရင်းလက်စနှင့်ပင် သူစီးရမည့် ဘတ်စ်ကားနံပါတ် ရောက်လာသောအခါ ဒီအတိုင်းထားခဲ့ကာ ဘတ်စ်ကားပေါ်သို့တက်၍ ထွက်ခွာသွားလေသည်။

ထိုလူငယ်ထွက်ခွာသွားပြီးနောက် ကားဂိတ်တွင် သူမတစ်ယောက်သာ ကျန်နေခဲ့ရာ အဘိုးအိုက တရွေ့ရွေ့နှင့် သူမနားသို့ ချဉ်းကပ်လာပြီး သူတို့ဘာသာစကားနှင့် စကားစတင် ပြောလာပါသည်။ သူမကလည်း သူတို့ဘာသာစကားကို သူမနားမလည်ကြောင်း၊ ကျေးဇူးပြုပြီး အင်္ဂလိပ်စကားကို သုံးနိုင်လျှင်သုံးပေးပါရန် ကောင်းမွန်စွာ ပြန်လည်ပြောပြပါသည်။ ထိုအခါ အဘိုးအိုက အင်္ဂလိပ်စကားဖြင့် သူဖြစ်နေသည့်အကြောင်းစုံကို သူမအား ပြောပြပါတော့သည်။

သူ့စကားအရ သူသည် ဤအနီးအနားတစ်ဝိုက်မှာနေသူ မဟုတ်ပေ။ ဤ နေရာမှာရောင်းသော ကြက်ဆီထမင်းအား စားချင်လွန်း၍ လာဝယ်ရာမှ လမ်းပျောက်သွားပြီး အိမ်သို့ ဘယ်ကားကိုစီး၍ ဘယ်လိုပြန်ရမည်ကို သူမမှတ်မိတော့ကြောင်း၊ ရထားစီးရန်လည်း ဘူတာက ဘယ်နားတွင်ရှိ၍ ဘယ်လိုသွားရမည်မှန်းလည်း သူမသိကြောင်း၊ အခြားသူများကိုမေးမြန်းပါသော်လည်း ဘယ်သူကမှ သူ့ကို ကောင်းကောင်းမွန်မွန် ပြောပြကူညီခြင်းမရှိကြောင်း၊ စသည်ဖြင့် ငိုသံပါကြီးနှင့်ပြောပြလေတော့သည်။ သူမကိုလည်း သူ့ကို ကူညီပေးပါရန် တောင်းတောင်းပန်ပန်နှင့် ပြောလေသည်။ သူမ၏စိတ်ထဲတွင် အဘိုးအိုအပေါ်မှာ လွန်စွာမှ သနားကရုဏာသက်သွားမိလေသည်။

“အဘိုး....မငိုပါနဲ့....စိတ်ချပါ... ငါမင်းကို အိမ်ကိုရောက်အောင် ပြန်ပို့ပေးမယ်... မင်းရဲ့အိမ်က ဘယ်ဘူတာရုံနဲ့ နီးသလဲဆိုတာရော မင်းမှတ်မိလား....”

အဘိုးအိုက ဘူတာရုံတစ်ခု၏ နာမည်ကိုပြောပါသည်။ ထိုဘူတာရုံကို ရောက်လျှင် သူ့အိမ်ကိုမှတ်မိပြီဟုလည်း ဆိုပါသည်။

“ဟုတ်ပြီ...အဘိုး...စိတ်ချ....ငါမင်းကို အဲဒီဘူတာရုံကို ရောက်အောင်လိုက်ပို့မယ်....အခု ငါတို့ ဒီနားက ဘူတာရုံကို အရင်သွားကြမယ်....အဲဒီကနေမှတဆင့် မင်းရဲ့အိမ်ရှိတဲ့ဘူတာရုံအထိ ငါလိုက်ပို့ပေးမယ်.....။ မင်းအရမ်းမောနေပြီလား လမ်းလျှောက်လို့ရောရသေးလား....”
ဟုပြောကာ အဘိုးအို၏ လက်ကိုဆုပ်ကိုင်လိုက်သည်။ အဘိုးအိုက သူမကို အားကိုးတကြီးဖြင့်ကြည့်ကာ

“ရပါတယ်….ငါ ဖြေးဖြေးချင်းတော့ လျှောက်လို့ရပါတယ်”

“အိုကေအဘိုး....ငါမင်းကိုတွဲပြီးလျှောက်မယ်....မင်းဘာမှစိတ်မပူပါနဲ့....ဘူတာရုံ ရှိတဲ့ ဘက်ကို သွားဖို့ဆိုရင် ပထမဆုံးအနေနဲ့ ငါတို့ ဒီကုန်းကျော်တံတားကိုတော့ ကျော်ရမယ်...”.

သူမပြောပြောဆိုဆိုနဲ့ အဘိုးအို၏ လက်ကိုတွဲကာ တံတားပေါ်သို့ တလှမ်းချင်း ခေါ်ဆောင်လာခဲ့သည်။
အဘိုးအို၏ မျက်ဝန်းမှမျက်ရည်များ ပြည့်လျှံလာကာ တုန်ယင်နေသောအသံဖြင့်

“မိန်းကလေးရယ် မင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ငါလူတွေအများကြီးကို အကူအညီတောင်းပြီးပြီ။ ငါ့ကိုကူညီဖို့ ဘယ်သူမှ စိတ်မရှည်ကြဘူး။ မင်းနဲ့သာမတွေ့ရင်တော့ ငါဘယ်လိုလုပ်ရမယ်မှန်း ငါမသိတော့ဘူး။”

အဘိုးအိုကဆက်၍ပြောပါသည်။

“ငါ့ရဲ့အသက်က ၉၂နှစ်ရှိပြီ မိန်းကလေးရဲ့..... ငါ့မှာသားသမီးလေးယောက်နဲ့ မြေးတွေရှိပေမယ့် အခုသူတို့က နိုင်ငံခြားကို သွားတယ်။ ငါ့ကိုတစ်ယောက်တည်း ထားခဲ့ကြတာ။ တစ်လလောက်ကြာမှသူတို့က ပြန်လာကြမယ်လို့ ပြောသွားကြတယ်။ ငါ့ကိုသူတို့က အပြင်ကိုလျှောက်ပြီး မသွားဖို့ မှာခဲ့ကြပါတယ်။ ဒါပေမယ့် ငါက ဒီနေ့ကြမှ ဟောဒီနားက ကြက်ဆီထမင်းလေးကို စားချင်လွန်းလွန်းလို့ ထွက်လာခဲ့မိတာပါ....”

အဘိုးအိုက ပြောပြောဆိုဆို သူ့လက်ထဲမှဆွဲလာသော အထုတ်လေးကိုလည်း မြှောက်ပြလေသည်။

သူမကလည်း အဘိုးပြောပြသည်တို့ကို ဂရုတစိုက် စိတ်ဝင်တစား နားထောင်ပေးကာ တံတားကို တရွေ့ရွေ့ဖြတ်ကျော်ခဲ့ကြပြီးနောက် လမ်းတစ်ဘက် ကားမှတ်တိုင်သို့ ရောက်ရှိသွားပါသည်။ ဘူတာရုံသို့ ရောက်ရန် နောက်ထပ် နှစ်မှတ်တိုင်စာမျှ လမ်းလျှောက်ရဦးမည် ဖြစ်သော်လည်း အဘိုးအို၏ ပုံစံမှာ အလွန်တရာမှပင် မောဟိုက်နေပြီး နောက်ထပ်အနည်းငယ်မျှ ထပ်မံလျှောက်လှမ်းဖို့ပင် တော်တော်လေးခက်ခဲနေပုံပေါ်နေပါပြီ။

ဒီပုံအတိုင်းဆိုရင်တော့ ဘူတာရုံသို့ခေါ်သွာဖို့ဆိုတာမလွယ်ပေ၊ မဖြစ်နိုင်လောက်တော့ပေ။ တက်စ်စီငှားပြီးပို့ပေးမှဖြစ်တော့မယ်ဟု သူမဆုံးဖြတ်လိုက်ကာ အဘိုးအိုကို ပြောပြလိုက်တော့ အဘိုးအိုက ၀မ်းနည်းတုန်ယင်စွာဖြင့် တက်စ်စီငှားရန်အတွက် သူ့မှာပိုက်ဆံပါမလာကြောင်း၊ ငွေပိုဟူ၍လည်းသူ့မှာ မရှိကြောင်း၊ သူ၏သားသမီးများကလည်း ထမင်းစားဖို့လောက်အတွက်သာ ပိုက်ဆံကိုတွက်ပြီး ပေးခဲ့တာဖြစ်ကြောင်းစသည်ဖြင့် ပြောပြပြန်သည်။

“စိတ်မပူပါနဲ့အဘိုး….ငါ့မှာ ပိုက်ဆံပါပါတယ်။ စိတ်ချ…..မင်းကို ငါတက်စ်စီနဲ့ လိုက်ပို့ပေးမယ်။ ပိုက်ဆံကိုလည်း ငါပဲပေးမှာ….မင်းဘာမှစိတ်မပူနဲ့နော်”

အဘိုးအိုကတော့ သူမအား ကျေးဇူးတင်ကြောင်းများကိုသာ တဖွဖွပြောနေလေတော့သည်။ သို့နှင့်သူမ တက်စ်စီငှားရန်ပြင်လိုက်သည်။ လာနေသောတက်စ်စီများကို ကြည့်သော်လည်း အားလုံးက မအားပေ။ အချိန်အတော်ကြာကြာ စောင့်နေပြီးသည့်တိုင် ကားကမရနိုင်သဖြင့် တက်စ်စီရရန် ပိုမိုအခွင့်အလမ်းသာသော လမ်းမကြီးဘက်သို့ သွားရန် အဘိုးအိုကို သူမ အကျိုးအကြောင်း ပြောပြသည်။ အဘိုးအိုမှာ အတော်ပင် မောဟိုက်နေပြီ ဖြစ်သော်လည်း ဤနေရာတွင်သာ ဆက်နေလျှင် ကားရဖို့မလွယ်ကြောင်း သူလည်းရိပ်မိသဖြင့် သူမကိုမှီတွဲကာ လမ်းမကြီးပေါ်သို့ တရွေ့ရွေ့ လျှောက်လာခဲ့ကြပြန်သည်။

လမ်းမကြီးပေါ်သို့ အရောက်တွင် ကားများက ပေါသော်လည်း သူမတားနေသည်ကို တော်ရုံနှင့် ရပ်မပေးကြချေ။ တကယ်တော့ တက်စ်စီများရပ်နားရာနေရာနှင့် ဘူတာရုံမှာ လမ်းလျှောက်သွားမည်ဆိုပါက သူမတို့နှင့် တစ်မှတ်တိုင်စာမျှလောက်ပင် မဝေးတော့ချေ။ သို့ပါသော်လည်း အဘိုးအိုက သူ့မှာအလွန်ပင် မောပန်းနွမ်းဟိုက်နေပြီဖြစ်ကြောင်း၊ သူ့အနေဖြင့် အနည်းမှပင် လမ်းထပ်လျှောက်ရန် မဖြစ်နိုင်တော့ကြောင်း သူမအား သနားစဖွယ်ပြောလာသဖြင့် သူမအနေဖြင့် ဒီနေရာမှာပင် ကားရအောင် ငှားမှဖြစ်ချေမည်။

ထို့ကြောင့်သူမလည်း နေပူထဲတွင်ရပ်ကာ လာသမျှကားကို မလွတ်တန်းတားနေမိသည်။ အချိန်မှာလည်း နေ့လည် ၁၂နာရီထိုးခါနီးဖြစ်သည်မို့ သူမအနေနှင့် အတော်ပင်ပူလောင်နေသော်လည်း စိတ်ထဲတွင် အဘိုးအိုအား ကူညီပေးချင်သည့် စိတ်ကသာကြီးစိုးနေသဖြင့် ပူလောင်မှုကို ဂရုမပြုနိုင်ပါ။

ကားငှားနေရင်းသူမ တစ်ချက်စိုးရိမ်သွားသည်မှာ သူမတွင်ပါလာသော ငွေသားမှာ ကားခအတွက် လောက်ငှမှုရှိမရှိဆိုတာ…..။ တစ်ချို့တက်စ်စီတွေက ဘဏ်ကဒ်နဲ့ပေးလို့မရ အဆင်မပြေ လက်မခံကြပေ။ သူမလည်း ကားတစ်စီးရပ်ပေးတိုင်း ခရီးအကွာအဝေးကိုပြောပြပြီး ဈေးကို အရင်မေးကြည့်မိသည်။ သူတို့ပြောတဲ့ဈေးနဲ့ သူမမှာရှိတဲ့ငွေသားနဲ့ကလောက်ငှမှုမရှိပေ။ အနီးအနားရှိဘဏ်တစ်ခုခုသို့ သွားရောက်၍ ပိုက်ဆံထုတ်ယူရန် စဉ်းစားသော်လည်း အဘိုးအိုက သူမအား အားကိုးတကြီးနှင့် ဆုပ်ကိုင်ထားသည်မှာ မျက်စိအောက်ကပင် ပျောက်သွားမှာစိုးနေပုံရပါသည်။ သူ့ကိုခေါ်သွားဖို့ကလည်း နည်းနည်းမှအဆင်မပြေ။

သူမအနေနှင့် ကျဉ်းထဲကျပ်ထဲရောက်နေသော်လည်း ရအောင်ကူညီမည်ဟု ဆုံးဖြတ်ထားသဖြင့် ဘဏ်ကဒ်နှင့်ပေး၍ရသော တက်စ်စီရသည်အထိကို စိတ်ရှည်လက်ရှည် စောင့်ငှားလိုက်ပါသည်။ အချိန်အတော်ကြာ စောင့်လိုက်အပြီးမှာတော့ ကားတစ်စီးကို အဆင်ပြေစွာ ငှား၍ရသွားပါတော့သည်။ သူမလည်း အဘိုးအိုကို ကားရှေ့ခန်းမှာ ထိုင်စေပြီး သူမက နောက်ခန်းမှဝင်ထိုင်လိုက်ကာ ကားသမားကိုလည်း အကျိုးအကြောင်း ပြောပြလိုက်သည်။

အဘိုးအိုမှာ ကားလမ်းတစ်လျှောက်လုံး ငြိမ်သက်စွာ အိပ်စက်အနားယူလျက် လိုက်ပါလာပါသည်။ သူမကသာ ကားနောက်ခန်းမှာထိုင်ကာ အဘိုးအိုနှင့်သူ၏သားသမီးတွေအကြောင်း၊ အခက်အခဲကြုံတွေ့နေသော အဘိုးအိုက အကူအညီတောင်းခဲ့သည်ကို စိတ်ရှည်စွာဖြင့် အကူအညီမပေးနိုင်ကြသော ဒီနိုင်ငံမှနိုင်ငံကြီးသားများ၏ စိတ်ထားများအကြောင်းကို သူမ၏
အတွေးတွေ နယ်ချဲ့နေမိသည်။

သို့နှင့် ကားမှာလည်း အဘိုးအိုပြောပြသည့် သူ၏အိမ်တည်ရှိရာ ဘူတာရုံနားသို့ရောက်လာခဲ့သည်။ အဘိုးအိုးမှာလည်း မည်မျှပင်မောပန်းခဲ့သည်မသိ။ အတော်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေသဖြင့် မနည်းပင် နိုးယူလိုက်ရလေသည်။ သူမလည်းကားသမားကို ပိုက်ဆံရှင်းပေးလိုက်ကာ အဘိုးအိုကို ဘူတာရုံကိုပြလိုက်သည်။ ဘူတာရုံကိုမြင်သောအခါ သူ၏မျက်နှာမှာဝင်းပသွားပြီး ချက်ချင်းပင်ရွှင်လန်းတက်ကြွစွာဖြင့် ဟိုမှာ ဟိုမှာ အဲဒါ ငါ့အိမ်လေ…. ဘူတာရုံနှင့်ကပ်လျက် လူနေတိုက်ခန်းများရှိရာအထပ်တစ်ထပ်သို့ သူမကို လက်ညိုးထိုးပြလေသည်။ ၀မ်းသာလွန်းလို့ မျက်ဝန်းတွင်မျက်ရည်ကြည်များဝေ့၀ဲစွာဖြင့် သူမ၏လက်ကိုကိုင်ကာ သူမကိုလည်း လွန်စွာပင်ကျေးဇူးတင်ရှိကြောင်းနဲ့ သူ့ကိုဒီမှာပဲ ထားခဲ့လို့ရပြီဆိုသည့်အကြောင်း ပြောပါသည်။ သူမလည်း အဘိုးအိုဆီမှ နောက်တစ်ခါ တစ်ယောက်တည်း ယခုလို ဝေးဝေးလံလံနေရာများသို့ ထွက်မသွားရန် ကတိတောင်းခဲ့ပြီး အဘိုးအိုကို နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။

သူမ၏အပြန်လမ်းတစ်လျှောက်တွင် သူမကိုယ့်ကိုကိုယ် သတိထားလိုက်မိသည်မှာ သူမတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေပြီး တစ်မနက်လုံး နောက်ကျိမူးဝေနေသော အာရုံများမှာလည်း ကြည်လင်နေပါသည်။ သူမလည်း ကိုယ့်ကိုကိုယ် အံ့အားသင့်သွားပြီး ပြန်လည်သုံးသပ်လိုက်တော့ ….သြော်….ဟုတ်သားပဲ သူမ၏မျက်စိရှေ့မှာ ဒုက္ခနဲ့ကြုံတွေ့နေသူကို သူမတတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးခဲ့သည့်အပြင် ထိုဒုက္ခမှလွတ်မြောက်သွားပြီး ပျော်ရွှင်ချမ်းမြေ့မှု ရရှိသွားသည်ကိုလည်း သူမမျက်ဝါးထင်ထင် မြင်ခဲ့ရသည့်အတွက် ပီတိများဖြစ်မိကာ ထိုပီတိများ၏ အရှိန်အဟုန်ကြောင့် သူမခံစားနေရသော ဝေဒနာတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကင်းသွားခြင်းဖြစ်ပေမည်။ ဒါဟာ သူမသောက်သုံးချင်နေသည့် အကောင်းဆုံးအားဆေးပင် မဟုတ်ပါလား… ဟု တွေးမိကာ တစ်ကိုယ်တည်း ပြုံးလိုက်မိပါတော့သည်။

Saturday, January 1, 2011

နှစ်သစ်မင်္ဂလာ

ဘာလိုလိုနဲ့ နှစ်တစ်နှစ်ကတော့ ကုန်သွားပြန်ပါပြီ။ ၂၀၁၀ဟာ ကျွန်မအတွက်တော့ အကြောင်းအရာအမျိုးစုံနဲ့ ခံစားချက်အဖုံဖုံတို့ကို တွေ့စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ အခုတော့လည်း သူ့ကိုထားခဲ့ရပြီ။ တကယ်တော့ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်အရာမှမတည်မြဲပါဘူး။ အချိန်အတိုင်းအတာ တစ်ခုလေးပါပဲ။ အချိန်တန်တော့လည်း အရာအားလုံး ပြီးဆုံးသွားရတာပါပဲ။

နှစ်အသစ်တစ်ခုကိုရောက်တိုင်း အသက်တစ်နှစ်ပိုကြီးလာသလို စိတ်ရှုပ်စရာတွေကိုလည်း သိပ်မခံစား မတွေးတောချင်တော့ဘူး။ စိတ်ကိုအေးအေးဆေးဆေး ရိုးရိုးရှင်းရှင်းနေနိုင်အောင် ကြိုးစားရင်းနဲ့ပဲ ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းချင်စိတ်တွေ တစ်နှစ်ထက်တစ်နှစ် ဖြစ်ဖြစ်လာတယ်။ တတ်နိုင်သမျှတော့ အရှုတ်တွေကို သိမ်းမထားမိအောင်၊ သယ်မသွားမိအောင် ကြိုးစားပြီးနေနေဖြစ်တယ်။ အားလုံးသော ဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများလည်း အေးချမ်းသာယာ ပျော်ရွှင်မှုတို့နဲ့အတိပြီးသော ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံသော နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

တကယ်တော့ နှစ်သစ်ကူးပြီဆိုတော့ကာ ဖုန်တက်နေတဲ့ဘလော့ကို ဖုန်လေးဘာလေးတက်ခါရင်း၊ စာပြန်ရေးဖို့အတွက် အရှိန်လေးလည်းပြန်ယူရင်းနဲ့ ဆားချက်တယ်ပဲပြောပြောပါ.... အခုလိုနှစ်သစ်တစ်ခုရဲ့အစ မင်္ဂလာအခါသမယမှာ ဒီစင်ကာပူနိုင်ငံမှာရှိတဲ့ Informatics Campus မှာ ပြုလုပ်ကျင်းပတဲ့ “နှစ်သစ်မင်္ဂလာတရားပွဲနှင့်သံဃာ့ဒါနစာရေးတံလောင်းလှူပွဲ”ကို သွားရောက်ပြီး အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်နာယကချုပ် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တစိတ္တာဘိဝံသ ဟောကြားတော်မူသော တရားတော်မြတ်ကိုနာကြားရင်း ကျွန်မတတ်စွမ်းသလောက် ကုသိုလ်ကောင်းမှုလေးလည်း ပြုလုပ်ဖြစ်ခဲ့တာကို ကုသိုလ်အမျှရကြစေရန် အလို့ငှာ ပြန်လည်ဝေငှလိုက်ရပါတယ်။

(ဖုံးနဲ့ရိုက်လာတာဖြစ်လို့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာဂျီးတွေလိုတော့ ဓါတ်ပုံတွေက မလှပါဘူး။ သည်းခံပြီးသာ ရှုစားကြပါကုန်.....။း))



ဆရာတော် ဘဒ္ဒန္တစိတ္တာဘိဝံသမှ နှစ်သစ်မင်္ဂလာတရားဟောကြားတော်မူနေပုံ






အားလုံးပဲ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းနေကြတဲ့မြင်ကွင်းက တကယ်ကိုကြည်နူးစရာ....




ကျွန်မလောင်းလှူဖြစ်ခဲ့တဲ့ လှူဖွယ်ဝတ္ထုအစုစု

ဒီပိုစ့်လေးထဲမှာ ကျွန်မအနေနဲ့ အဓိကထားပြီး ထည့်ရေးချင်တာလေးတစ်ခု ရှိပါသေးတယ်။ တကယ်တော့ ကျွန်မဘလော့လေးကို ပစ်ထားမိပြီး ပျောက်နေလိုက်တာ လနဲ့ချီပါတယ်။ “ကျွန်မ အဲဒီလို ပျောက်နေတဲ့ အချိန်အတောအတွင်းမှာ ဒီဘလော့လေးထဲမှာ သော်လည်းကောင်း၊ facebook မှာသော်လည်းကောင်း၊ အီးမေးလ်နဲ့တစ်မျိုး၊ ဂျီတော့နဲ့တစ်ဖုံ၊ ဖုံးနဲ့တစ်မျိုး ကျွန်မကို သတိတရနဲ့ ဆက်သွယ်မေးမြန်းကြသော၊ စာပြန်ရေးဖို့ တိုက်တွန်းကြသော၊ ကျွန်မပျောက်နေတာတောင်မှ တခုတ်တရနဲ့ ဘလော့ပိုစ့်လေးတွေထဲမှာ ကျွန်မကို ထည့်ရေးပေးခဲ့ကြသော မောင်နှမတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အားလုံးကို ကျွန်မအနေနဲ့ အရမ်းကို ကျေးဇူးတင်မိပါတယ်”..... ဆိုတဲ့အကြောင်းလေးပါ။း))

“အားလုံး၊ အားလုံး၊ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ”