Pages

Monday, October 18, 2010

တစ်နှစ်ပြည့် ဒိုင်ယာရီ

အလုပ်တွေရှုပ်နေတာနဲ့ပဲ ဘလော့ဘက်ကို အချိန်မပေးနိုင်တာ အတော်ကို ကြာနေပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကမှ ဘာရယ်မဟုတ်ဘူး ဘလော့လေးကို ဖွင့်ကြည့်ရင်း ဘလော့စရေးတဲ့နေ့စွဲကို အမှတ်တမဲ့ ကြည့်လိုက်မိတော့ “ဟာ....ငါဘလော့ရေးတာ တစ်နှစ်တောင်ပြည့်ခါနီးပါပေါ့လား...” ဆိုပြီး အံ့သြသွားတယ်။ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် သိပ်မကြာသေးဘူးလို့ပဲ ထင်နေတာကိုး။ ထင်ဆို စာကလည်း အားတက်သရော များများစားစားမှ မရေးဖြစ်တာလေ။

အဲဒါနဲ့ ဒီတစ်နှစ်အတွင်း ငါဘာတွေများရေးခဲ့မိပါလိမ့်ဆိုပြီး ပြန်ကြည့်လိုက်တော့ အပုဒ်ငါးဆယ်နီးပါး ရေးခဲ့ရာမှာ ကိုယ့်ဟာနဲ့ကိုယ် စိတ်တိုင်းကျတာဆိုလို့ လက်ချိုးရေလိုက်တော့ တစ်ဖက်တောင် မပြည့်ချင်ဘူး။ ပိုစ့်တော်တော်များများကို ပြန်ဖတ်ကြည့်လိုက်တဲ့အခါ တစ်ချို့အကြောင်းအရာတွေဆိုရင် အခုဖတ်ကြည့်တဲ့ အချိန်မှာ ဒီနေရာမှာ ငါဘာလို့များ အဲဒီလိုရေးခဲ့တာပါလိမ့်၊ တကယ်ဆို ဒီလိုလေးရေးသင့်တာ၊ ဟိုနေရာလေးမှာဆိုရင်လည်း ငါအဲဒီလိုမရေးခဲ့မိရင် အကောင်းသား စတဲ့စိတ်မျိုးတွေ ဖြစ်လာမိတယ်။

ဒါပေမယ့် ကိုယ့်ကိုကိုယ် ပြန်မေးလိုက်ပါတယ်။ ငါဘာလို့ ဒီဘလော့လေးကို ရေးတာလဲ လို့လေ။ ရလာတဲ့ အဖြေကတော့ ရှင်းပါတယ်။ အဓိကကတော့ စာရေးတာဝါသနာပါလို့၊ နောက်တစ်ခုက ကျွန်မဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်မှာ ကျွန်မမြင်တွေ့ကြားသိခဲ့ရတဲ့၊ မြင်တွေ့ကြားသိနေရတဲ့ အတွေ့အကြုံ၊ အဖြစ်အပျက်တွေ၊ ကျွန်မတွေးမိတာ ခံစားမိတာလေးတွေကို ဒိုင်ယာရီလေးတစ်ခုပေါ်မှာ သွန်ချ ရေးမှတ်ထားမိသလိုမျိုး မှတ်တမ်းသဘောမျိုးလေး ရေးထားချင်တာကြောင့်မို့လို့ပါပဲ။

အဲဒီအထဲမှာမှ ကျွန်မရဲ့စာလေးတွေကို ဖတ်မိတဲ့သူတွေရှိခဲ့ရင် ကျွန်မရဲ့ အတွေ့အကြုံတွေကို သူတို့ကို မျှဝေလိုက်သလိုဖြစ်မယ်။ ခံစားချက်၊ အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ကတော့ လူအမျိုးမျိုးမှာ ခံယူချက်အဖုံဖုံ ရှိကြမှာပါပဲ။ ကိုယ်ဒီလိုခံယူတိုင်း၊ တွေးတိုင်း သူများက ဒီလိုခံစားမိချင်မှ ခံစားမိမယ်၊ တွေးချင်မှ တွေးမိမယ်။ ကိုယ့်စာဖတ်တိုင်း ကိုယ်နဲ့အယူအဆတူရမယ်လို့တော့ စိတ်မထားမိဘူး။ ကွဲလွဲတဲ့အမြင်၊ ခံစားချက်တွေရှိခဲ့ရင်၊ ကိုယ်မသိနိုင်တဲ့ ရှုထောင့်တွေရှိခဲ့ရင်လည်း သူတို့တွေက ထောက်ပြခြင်းအားဖြင့် ကိုယ်သိလာနိုင်မယ်၊ ကိုယ်လက်ခံနိုင်တာမျိုးဆိုရင် လက်ခံမယ်၊ လက်မခံနိုင်တာမျိုးဆိုရင်လည်း အကျိုးသင့်အကြောင်းသင့် ပြန်လည်ဆွေးနွေးလို့ရတယ် စသည်ဖြင့်ပေါ့လေ။ အဲဒီလိုတွေတွေးလိုက်တော့မှ အရေးအသားကို စိတ်တိုင်းကျတာ မကျတာဆိုတဲ့ခံစားချက်က သက်သာသွားပါတယ်။

ဘ၀တစ်လျှောက်မှာ ဒိုင်ယာရီစာအုပ်လေးတွေ ရေးမှတ်သိမ်းဆည်းထားတဲ့အခါ ကိုယ်သတိရတိုင်း အချိန်မရွေး ပြန်လည်ထုတ်ယူဖတ်ရှုနိုင်သလို အခုလိုဘလော့လေးပေါ်မှာ မှတ်တမ်းတင်ထားတော့လည်း ကိုယ်ကြည့်ချင်တဲ့အချိန်တိုင်း အချိန်မရွေး ပြန်ဖွင့်ကြည့်လို့ရတယ်လေ။ ဘလော့သက်တမ်း တစ်နှစ်အတွင်းမှာ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေတော့ ကြုံခဲ့ရပါသေးတယ်။ အဆိုးဆုံးကတော့ ဘလော့သက်တမ်း သုံးလေးလ မရှိတရှိလေးမှာပဲ အကြောင်းမဲ့သက်သက် စီဘောက်စ်နဲ့အပြည့် ရစရာမရှိအောင်ကို လာရောက်ဆဲဆိုသွားတာပါပဲ။ အဲဒီတုန်းကများဆိုရင် ရှက်လည်းရှက်၊ အရမ်းလည်းစိတ်မကောင်းဖြစ်မိခဲ့သလို အရမ်းလည်း အံ့သြမိခဲ့တယ်။

ကျွန်မအနေနဲ့ ဘလော့စရေးပြီဆိုကတည်းက ကိုယ့်ဟာနဲ့ကိုယ် အေးအေးဆေးဆေးပဲ နေခဲ့တယ်။ ကိုယ့်စိတ်ထဲမှာ ချရေးချင်မိတာလေးတွေကို ချရေးတယ်။ ရေးတဲ့အထဲမှာလည်း ဘယ်သူ့ကိုမှ တိုက်ခိုက် ပုတ်ခတ်စော်ကားခြင်း မရှိခဲ့သလို ဘယ်သူနဲ့မှလည်း ရန်ငြိုးရန်စ မရှိခဲ့ပါဘူး။ ဒါကို သူတို့အနေနဲ့ ဘာ့ကြောင့်အဲဒီလိုလုပ်ရတာလည်းဆိုတာ နားကိုမလည်နိုင်အောင်ပါပဲ။ စိတ်မကောင်းဖြစ်သွားမိတာလည်း အမှန်ပါပဲ။ အဲဒီလိုနဲ့ စီဘောက်စ်ကိုလည်း ပိတ်ပစ်လိုက်တာ အဲဒီအချိန်ကတည်းက ပြောပါတော့။ စီဘောက်စ်မရှိတော့တဲ့ အခါကျတော့ ဘလော့ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့ အလှမ်းဝေးသွားသလို ခံစားရပေမယ့် လောကကြီးမှာ အဲဒီလိုလူမျိုးတွေ ရှိနေတတ်တော့ကာ ဘယ်လိုမှ ပြန်တပ်ချင်စိတ်လည်း မရှိတော့ပါဘူး။

တစ်ခါတစ်လေ အလုပ်တွေအရမ်းများလို့ ဘလော့ကို ဘယ်လိုမှ လှည့်မကြည့်နိုင်တော့တဲ့အခါ ပိတ်ပစ်လိုက်ရင် ကောင်းမလားဆိုတာမျိုးကို ထပ်ခါထပ်ခါ တွေးမိတယ်။ ဒါပေမယ့်လည်း မနေနိုင်ပါဘူး။ အခြေအနေလေး ပေးတာနဲ့ ဒီဘလော့လေးပေါ်ကို ရောက်လာမိပြန်တာပါပဲ။ မွန်းကြပ်တဲ့ နေ့စဉ်လူနေမှုဘ၀တွေထဲမှာ ဒီဘလော့လေးဟာ ကျွန်မအတွက်တော့ စိတ်ရဲ့ထွက်ပေါက်လေး တစ်ခုပါပဲ။

တစ်ခါတုန်းက ဘလော့ကို သုံးပတ်လောက် ပိတ်လိုက်ဖူးပါသေးတယ်။ ဒါပေမယ့် ကြာလာတော့ လူက ဘယ်လိုဖြစ်လာသလဲဆိုရင် တစ်ခုခုလိုအပ်လာသလိုမျိုး ခံစားလာရတယ်။ မောင်နှမတွေနဲ့လည်း အဝေးကြီးဝေးသွားသလိုမျိုး၊ ကိုယ်က ဘလော့စည်းဝိုင်းရဲ့အပြင်ဘက်ကို ရောက်သွားသလိုမျိုးတွေ ခံစားလိုက်ရတယ်။ ဒါနဲ့မဖြစ်သေးပါဘူးဆိုပြီး ပြန်ဖွင့်လိုက်တော့မှပဲ စိတ်က ပုံမှန်ပြန်နေလို့ရသွားပါတယ်။

အဲဒီလိုနဲ့ ပိတ်မယ်ကြံရွယ်လိုက်၊ အခြေအနေပေးတာနဲ့ မနေနိုင်မထိုင်နိုင် ပိုစ့်လေးတစ်ပုဒ် ချရေးမိလိုက်နဲ့ပဲ ဒရွတ်ဆွဲပြီးတော့တော့ ချီတက်နေမိဦးမယ် ထင်ပါတယ်။ တကယ်လည်း ကိုယ့်ဘလော့ကိုကိုယ် သူများတွေလို အားနဲ့မာန်နဲ့ သွက်သွက်လက်လက် ချီတက်နေတဲ့ဘလော့လို့မမြင်မိဘဲ ဒရွတ်ဆွဲဘလော့လို့သာ မြင်မိပါတယ်။ ဘာပဲပြောပြော ကျွန်မရဲ့ဘလော့လေး စတင်ဖြစ်တည်ခဲ့တဲ့ အချိန်ကနေ အခုတစ်နှစ်ပြည့်တဲ့ အချိန်အထိတိုင်အောင် ကျွန်မကို အားပေးဖေးမခဲ့ကြတဲ့ သူငယ်ချင်းမောင်နှမတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဘလော့လေးအတွက် ဘာမှတော့လည်း ကျွန်မအနေနဲ့ ထူးထူးခြားခြား မပြင်ဆင်ခဲ့မိပါဘူး။ အဲဒီတော့ကာ တစ်နှစ်ပြည့်ဘလော့လေးအတွက် တစ်ယောက်တည်းသောသူဆီက လက်ဆောင်ရထားတဲ့ တစ်ပုဒ်တည်းသော ကဗျာလေးကိုပဲ အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်။ ကဗျာလေးကို လက်ဆောင်ပေးတဲ့သူကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ဒိုင်ယာရီဖွဲ့တေး”

အောက်တိုဘာ ဆယ့်ရှစ်

ရင်ခွင်တံခါးကို ဆွဲအဖွင့်
လေပြေ အဝင့်မှာ
Inspiration မြားအစင်းစင်းတို့
အိပ်မက်ရာသီ အလီလီကျင်းပ
ကလောင်အခင်းအကျင်းတွေအောက်
ချဉ်းနင်းဝင်ရာက်လို့
တစ်နှစ်မြောက်ခဲ့ပြီကွယ်။ ။

ဟိုအရှေ့ဆီမှာ
ကာလယန္တရား ရွေ့လျား
အဖြူရောင်ရင်ခွင်ကြားမှာ
စုတ်ချက်ထင်စေမယ့် ယုံကြည်မှုတွေက
ခဝါမချ တိမ်တမန်အလှနဲ့
ရစ်ဖွဲ့တန်ဆာဆင်
အနာဂတ်လွင်ပြင်ထိ
အလင်းတို့နဲ့အတိပြီးစေ။ ။