Pages

Thursday, September 2, 2010

မျက်နှာဖုံးကို ကြည့်ရုံမျှဖြင့်


ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာရှိတဲ့ ပရောဂျက်တွေအတွက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲထိန်းချုပ်ရတဲ့ဌာနမှာ အလုပ်လုပ်ကိုင်နေရသူ ကျွန်မအတွက် လုပ်ငန်းသဘောသဘာဝအရ အဓိကအနေနဲ့ ဆက်စပ်လုပ်ကိုင်နေရသူတွေထဲမှာ ဆိုဒ်ထဲက အင်ဂျင်နီယာတွေ၊ မန်နေဂျာတွေသာမက၊ ရုံးပေါ်က မန်နေဂျာတွေလည်း ပါပါတယ်။

အဲဒီလိုလုပ်ကိုင်ရတဲ့အခါမှာ ကျွန်မအနေနဲ့က ပရောဂျက်တွေ အများအပြားရှိတဲ့အလျောက် သက်ဆိုင်ရာ ပရောဂျက်အသီးသီး၊ ဆိုဒ်အသီးသီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပုံစံအမျိုးမျိုးနဲ့ ကွန်ပြူတာထဲမှာ အစီအစဉ်တကျ သိမ်းဆည်းရပါတယ်။ မန်နေဂျာတစ်ဦးနဲ့တစ်ဦး လုပ်ငန်းနဲ့ပတ်သက်လို့ အီးမေးလ်တွေပို့ကြတဲ့အခါမှာလည်း အလုပ်တွေက ကျွန်မနဲ့ပါဆက်စပ်နေရတာဆိုတော့ ကျွန်မဆီကိုပါ အီးမေးလ်တွေကို ဖြန့်လေ့ရှိကြပါတယ်။

တစ်ရက်မှာတော့....ပရောဂျက်အသစ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုရီးယားမန်နေဂျာတစ်ယောက်က ရုံးပေါ်မှာရှိတဲ့ အိန္ဒိယလူမျိုး စင်ကာပူနိုင်ငံသားမန်နေဂျာဆီကို လုပ်ငန်းအချက်အလက်တွေနဲ့ပတ်သက်တဲ့ အီးမေးလ်တစ်စောင် လှမ်းပို့ပါတယ်။ ရုံးပေါ်ကမန်နေဂျာက အိန္ဒိယလူမျိုးဖြစ်ပေမယ့် စင်ကာပူနိုင်ငံမှာမွေးဖွားကြီးပြင်းလာတဲ့အတွက်ကြောင့် အင်္ဂလိပ်စာ အင်္ဂလိပ်စကားအပြောအဆိုတွေနဲ့ပတ်သက်ရင် အထူးကျွမ်းကျင်ပိုင်နိုင်မှုရှိကာ စင်ကာပူနိုင်ငံသားအများစုရဲ့ထုံးစံအတိုင်း သူ့ကိုယ်သူစိတ်ကြီးဝင်နေသူတစ်ဦးဖြစ်ပြီး အလုပ်အတူတူတွဲလုပ်နေရတဲ့ ကိုရီးယားလူမျိုးတွေအပေါ်မှာလည်း တစ်စက်မှအထင်မကြီးတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ အခုလည်း ဆိုဒ်က ကိုရီးယားမန်နေဂျာရဲ့ အဲဒီအီးမေးလ်ကို လက်ခံရရှိပြီးတဲ့အခါမှာ ရုံးပေါ်ကမန်နေဂျာက ဆိုဒ်က မန်နေဂျာပြုလုပ်ထားတဲ့ လုပ်ငန်းအချက်အလက် ပုံစံအနေအထားတွေကို သဘောမကျတဲ့ပုံစံနဲ့ “ဘာတွေကိုတော့ဖြင့် ဘယ်လိုလုပ်လိုက်ပါ”၊ “ဘာတွေကိုတော့ဖြင့် ဘယ်ပုံစံပြင်လိုက်ပါ” စသည့်အပြင် ကျွန်မကိုလည်း “ဆိုဒ်ကမန်နေဂျာအနေနဲ့ နမူနာပုံစံယူနိုင်ရန်အတွက် အရင်ပရောဂျက်အဟောင်းက (ကျွန်မအသုံးပြုခဲ့တဲ့) စာရွက်စာတမ်းပုံစံတွေကို ဆိုဒ်ကမန်နေဂျာဆီကို ပို့ပေးလိုက်ပါ” စသည့် ညွှန်ကြားချက်များဖြင့် ထိုအီးမေးလ်ကို ပြန်လိုက်ပါတယ်။

အဲဒီမှာတင်ပဲ ဆိုဒ်ထဲက မန်နေဂျာက တော်တော်လေး ပေါက်ကွဲသွားပါတယ်။ တကယ်တော့ အရင်သုံးနေကျ ပုံစံဟောင်းတွေနဲ့ မတူပေမယ့်လည်း သူလုပ်ထားတဲ့ပုံစံတွေကလည်း သုံးဖို့အဆင်ပြေပါတယ်။ ဒါကို ဟိုတစ်ယောက်က

မန်နေဂျာချင်းအတူတူ သူ့ကို “ဒီလိုလုပ်လိုက်ပါ” “ဟိုလိုလုပ်လိုက်ပါ” ဆိုတဲ့ပုံစံတွေနဲ့ ပြောလာတော့ တော်တော်ခံပြင်းသွားပုံရတဲ့အပြင် သူလိုမန်နေဂျာတစ်ယောက်ပြင်ဆင်ထားတဲ့ပုံစံတွေကို သူတို့ရဲ့လက်အောက်မှာ လုပ်ကိုင်နေရတဲ့ ကျွန်မလိုလက်ထောက်တစ်ယောက်က ပြင်ဆင်ထားတဲ့ ပုံစံတွေနဲ့ပြောင်းပြီး သုံးခိုင်းတယ်ဆိုတော့ သူ့ရဲ့ဂုဏ်သိက္ခာကိုပါ ထိပါးသလိုဖြစ်သွားတယ်လို့ထင်ပါတယ်။

အဲဒါနဲ့ပဲ သူ့ဆီကနေ အီးမေးလ်တစ်စောင် ချက်ချင်းပြန်လာပါတယ်။ အဲဒီပြန်လာတဲ့အီးမေးလ်ထဲမှာ သူက သူ့အနေနဲ့ မန်နေဂျာတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့လုပ်သက်အရ၊ oversea အတွေ့အကြုံတွေအရ သူဟာ ဘယ်လိုအလုပ်မျိုးကိုမဆို သူများရဲ့အကူအညီမပါပဲနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာလုပ်နိုင်ပါတယ် ဆိုတဲ့အကြောင်းတွေကိုထည့်ရေးလိုက်ပါတယ်။ အီးမေးလ်တစ်ခုလုံးကို ခြုံငုံပြောရမယ်ဆိုရင်တော့ ရုံးပေါ်ကမန်နေဂျာအနေနဲ့ သူ့ရဲ့အရည်အချင်းကို အထင်မသေးပါနဲ့၊ လျှော့မတွက်ပါနဲ့လို့ပြောချင်တာပါ။

သူ့ရဲ့အီးမေးလ်က အရှည်ကြီးဖြစ်ပေမယ့် အောက်ဆုံးကနေ အဆုံးသတ်အနေနဲ့ရေးလိုက်တဲ့ စာကြောင်းလေးတစ်ကြောင်းကိုတော့ ကျွန်မအနေနဲ့ အရမ်းကိုသဘောကျသွားမိတဲ့အပြင် စိတ်ထဲမှာလည်း စွဲသွားပါတယ်။ အဲဒီစာကြောင်းလေးကတော့
"Don’t judge a book by its cover." တဲ့လေ.....။

သူတို့နှစ်ယောက်ကတော့ ဆက်လက်ပြီး အီးမေးလ်နဲ့ ဘတစ်ပြန်၊ ကျားတစ်ပြန် အပြန်အလှန် ရန်ဖြစ်နေကြပေမယ့် ကျွန်မကတော့ အဲဒီစာတမ်းလေးကိုပဲ သဘောတကျနဲ့ အတွေးတွေပွားနေမိတော့တာ။

ဟုတ်တယ်....ကျွန်မတို့ ဖြတ်သန်းလာခဲ့တဲ့ ဘ၀တစ်လျှောက်မှာ လူပေါင်းမြောက်မြားစွာနဲ့ ကြုံတွေ့ဆက်ဆံခဲ့ရတယ်။ အဲဒီလူတွေကို စာအုပ်တွေနေရာမှာ ထားပြီး ကျွန်မခံစားတွေးတောကြည့်မိတယ်။ ကျွန်မတို့တွေ စာအုပ်ဆိုင်မှာစာအုပ်ဝယ်တာပဲ ဖြစ်ဖြစ်၊ စာအုပ်ငှားတာပဲ ဖြစ်ဖြစ်(ကိုယ့်အနေနဲ့ လုံးဝမသိသေးတဲ့ စာအုပ်ဆိုရင်) ပထမဆုံးကတော့ စာအုပ်မျက်နှာဖုံးကို အရင်ဆုံးကြည့်မိတာတော့ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် စာအုပ်မျက်နှာဖုံးလေးက လှလှပပ သေသေသပ်သပ် စိတ်ဝင်စားစရာပုံစံလေးဆိုရင်တော့ အထဲကစာကိုပါ ဖတ်ကြည့်ချင်စိတ်က အလိုအလျောက်ပေါ်ပေါက်လာတာပါပဲ။ ဒီလိုမှ မဟုတ်ဘဲ မျက်နှာဖုံးက လှတပတမဟုတ်ဘဲနဲ့ ကြောက်စရာ၊ လန့်စရာမျက်နှာဖုံးမျိုး ဒါမှမဟုတ် စိတ်ဝင်စားစရာတစ်စက်မှမကောင်းတဲ့ မျက်နှာဖုံးမျိုးဆိုရင်တော့ အထဲကစာကို ဖတ်ကြည့်ဖို့နေပါဦး စာအုပ်ကို ကိုင်ကြည့်ဖို့ အဆင့်လောက်တောင်မှ ရောက်ချင်မှ ရောက်မှာပါ။

ဟုတ်ပြီ.... ဒါဆိုရင် စာအုပ်မျက်နှာဖုံးက စိတ်ဝင်စားစရာမကောင်းလို့ဆိုပြီး မဖတ်ကြည့်ခဲ့တဲ့၊ ကိုင်တောင်မကြည့်ခဲ့မိတဲ့ စာအုပ်တွေရဲ့ အတွင်းပိုင်းမှာပါတဲ့စာသားတွေဟာ အလွန်အင်မတန်မှ တန်ဖိုးရှိတဲ့ စာကောင်းပေမွန်တွေ၊ အလွန်အင်မတန်မှ လက်ရာပြောင်မြောက်လှတဲ့၊ အနုပညာမြောက်လှတဲ့ ဖန်တီးမှုအရေးအသားတွေ ဖြစ်မနေနိုင်ဘူးလား။ မျက်နှာဖုံးလေး လှရုံနဲ့ စိတ်ဝင်စားသွားပြီး ၀ယ်ယူလိုက်မိတဲ့ စာအုပ်တွေကရော အတွင်းထဲမှာ သူ့ရဲ့မျက်နှာဖုံးနဲ့ လိုက်ဖက်ညီစွာ တကယ်ပဲ တန်ဖိုးရှိတဲ့စာတွေ ဖြစ်နေပါရဲ့လား။ ကိုယ်က စာအုပ်မျက်နှာဖုံးကို အထင်ကြီးပြီး ဈေးကြီးကြီးပေးဝယ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်လက်ထဲရောက်လာလို့ တကယ်ဖတ်ရှုကြည့်လိုက်တဲ့အခါမှာတော့ ကိုယ်ထင်ထားတာနဲ့ တခြားစီဖြစ်နေတာမျိုး၊ ကိုယ်ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ မတန်လောက်အောင်ကို ညံ့ဖျင်းတဲ့စာမျိုးတွေ ဖြစ်ကောင်းဖြစ်မနေနိုင်ဘူးလား။ ဒါဆိုရင် ကျွန်မတို့ မ၀ယ်ဖြစ်ခဲ့တဲ့၊ မြည်းတောင် မကြည့်ဖြစ်ခဲ့တဲ့ဲ့ စာအုပ်တွေထဲက အဖိုးတန်တဲ့အရာတွေကိုရော ကျွန်မတို့ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ပြီးပြီလဲ။

ဒါပေမယ့်လည်း.... လောကကြီးမှာရှိတဲ့ ဒီလောက်များပြားလှစွာသော စာအုပ်တွေကို ကျွန်မတို့အနေနဲ့ တစ်အုပ်ချင်းစီကို အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် သေချာလိုက်လံဖတ်ရှုဖို့ဆိုတာကရော ဖြစ်နိုင်ပါ့မလား။ များသောအားဖြင့်တော့ ကိုယ်နဲ့လက်လှမ်းမှီရာမှာရှိတဲ့၊ ကိုယ့်အနေနဲ့အဆင်ပြေမယ်ထင်တဲ့ စာအုပ်တွေကို ဖတ်ရှုလိုက်ရတာပဲမို့လား။

ဟုတ်ပြီ....ဒါဆိုရင် ကျွန်မတို့ကိုယ်တိုင်သာ စာအုပ်တစ်အုပ်ဖြစ်ခဲ့မယ် ဆိုရင်ရော။ သူတစ်ပါးအမြင်တင့်တယ်ဖို့၊ စိတ်ဝင်စားစရာကောင်းဖို့ စာအုပ်ရဲ့မျက်နှာဖုံးကိုပဲ လှသည်ထက်လှအောင် ပြင်နေကြမှာလား....။ အတွင်းထဲက တကယ့်စာသားတွေကို တန်ဖိုးရှိအောင်လုပ်မှာလား။ ကိုယ့်ကို ဖတ်ရှုမိတဲ့သူ၊ ၀ယ်ယူမိတဲ့သူအတွက် ဘာတွေကိုယ့်ဘက်က ပြန်ပေးနိုင်အောင် ကြိုးစားမလဲ....။ သူကမြတ်မြတ်နိုးနိုးနဲ့ ကိုယ့်ကိုတန်ဖိုးထား ၀ယ်ယူဖတ်ရှုသလို ကိုယ်ကရော သူ့အတွက် ဘယ်လောက်တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို ရရှိသွားစေနိုင်မလဲ....စသည် စသည်ဖြင့်ပေါ့လေ...ကျွန်မရဲ့အတွေးတွေကို နယ်ချဲ့ကြည့်မိခဲ့တယ်။

ဘာပဲ ဖြစ်ဖြစ်ပါလေ.... သေချာတာတစ်ခုကတော့ မျက်နှာဖုံးသက်သက်ကို ကြည့်ရုံမျှနဲ့ စာအုပ်တစ်အုပ်ရဲ့တန်ဖိုးကို ဆုံးဖြတ်လို့မရဘူးဆိုတာကတော့ အမှန်ပါပဲ။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(မှတ်ချက်။ ။ စာရေးချင်လွန်းလွန်းလို့ စိတ်ထဲမှာရှိနေတဲ့အကြောင်းလေးတစ်ခုကို မနေနိုင်ပဲ ချရေးလိုက်မိတာပါ။ အရမ်းကို အလုပ်တွေများနေတဲ့အတွက် ဒီရက်ပိုင်းမှာ ကိုယ်ကိုယ်တိုင်လည်း စာတွေမရေးဖြစ်သလို မောင်နှမတွေဆီကိုလည်း အားတဲ့အချိန်လေးကျမှသာ လာလည်ရတဲ့အတွက် ခွင့်လွှတ်ပေးကြပါဦးလို့။)

31 comments:

ညလင်းအိမ် said...

ဟုတ်တယ် ဂျင်းရ ...
စာအုပ်တအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ အတွင်းပိုင်းမှာ ဘာရှိလဲဆိုတာ မသိနိုင်ဘူးလေ ...။

အဲလိုပဲ လူတစ်ယောက်ရဲ့ အပေါ်ယံကို ကြည့်ရုံနဲ့ သူရဲ့ အရည်အချင်းကို မသိနိုင်ဘူးလေ ...။

ကျွန်တော်လည်း တွေးမိသွားတယ် ...

မြစ်ကျိုးအင်း said...

မျက်နာဖုံးကြည့်ပြီး လွဲတာထက် လူပြောသူပြောများလို့ အထင်တကြီး ဝယ်ဖတ်မှ အရသာ ပျက်ရတာက ပိုဆိုးတယ်။
စာအုပ်ဝယ်ရင် အရှေ့တမျက်နာလောက်တော့ ဖတ်ကြည့်တယ်။ အိတ်နဲ့ ပိတ်ထားလည်း ရအောင်ဖွင့်ပြီးဖတ်တယ်။ ဝယ်တာ လွဲလို့ ငွေနှမျောတာထက် စိတ်အားထက်သန်စွာ ဖတ်ပြီး စိတ်ပျက်သွားရတဲ့ ခံစားချက်ကို ပိုနှမျော လို့ပါ။
လူဆိုရင်လည်း အဆင်းရော အချင်းပါ ရှိရင်တော့ အကောင်းဆုံးပေါ့။ မပြီးပြည့်စုံ ရင်တောင် ကျနော်တော့ ဒီလောက်ပဲ သိပါတယ် တတ်ပါတယ်ဆိုပြီး ရိုးသားဖို့ လိုမယ်။ လူတတ်ကြီးလို လုပ်ပြီး ဘာမှ မဟုတ်ရင် ပိုရှက်စရာလို့ ထင်မိတယ်။

ယွန်း said...

ဂျင်းရေ..
ပျောက်နေတာ ကြာပီ...အလုပ်များ နေတယ်ပေါ့လေ..စာလာဖတ်တယ်နော်..
ချစ်တဲ့
ယွန်း

Anonymous said...

မျက်နှာဖုံး ကို ကြည့် ရုံ နဲ့ အတွင်း မှာ ဘယ်လို ရှိနိုင်သလဲ ဆိုတာ သိနိုင်တဲ့ ဥာဏ် ရှိတာမျိုး ကို ပိုကြိုက် ပါတယ် ညီမ ရေ

ဒါပေမဲ့ အများစု ကတော့ မျက်နှာဖုံး လေး ကြည့်ပြီး ဆုံးဖြတ်ကြတယ်နော်

ညီမ အင်ကြင်း ရဲ့
မမရွှေစင်

Anonymous said...

ဘလော့မျက်နှာဖုံးဂျီး ဒေါ်ရွှေဂျင်းရေ

စာအုပ်မျက်နှာဖုံး ရွာ့မျက်နှာဖုံး မြို့မျက်နှာဖုံး ပြည့်မျက်နှာဖုံး မျက်နှာဖုံးများ လှကြသလို အတွင်းစာသားများပါ ကောင်းကြစေသတည်း။
အလုပ်တွေရှုပ်နေတယ်ဟုတ် သနားပါဒယ်ဟေ့
ဒီမှာတော့ အရှုပ်တွေလုပ်နေရတယ် တိလား
ခင်မင်တဲ့
အမဂျီးလေး seesein

မိုးယံ said...

ဘာတဲ့ .. .ဖတ်ဖူးတဲ့ စာအုပ်ထဲကပဲ၊ ၀ိုးတိုးဝါးတား မှတ်မိနေသေးတယ်။ စာအုပ်တစ်အုပ်ရဲ့ အဖုံးကို ကြည့်ပြီးတော့ အတွင်းက စားသားတွေကို မဆုံးဖြတ်သင့်ဘူးဆိုတယ်။

ကျွန်တော်သာ စာအုပ်တစ်အုပ်ဆိုရင် အတွင်းသားကို အကောင်းဆုံးဖန်တီးမှာပါ။ မျက်နှာဖုံးကတော့ ကိုယ့်ကို ပုံဖေါ်မယ့်သူရဲ့ စေတနာနဲ့ အတတ်ပညာနဲ့ပဲ တော်ပါပြီ

ငြိမ်းချမ်းပါစေ
မိုးယံ

ချော(အစိမ်းရောင်လွင်ပြင်) said...

မျက်နှာဖုံးကြည့်ပြီး ဆုံးဖြတ်ကြေးသာဆို မြန်မာပြည်မှာ နံမည်လှလှလေးနဲ့ စာရေးဆရာ ဆရာမတွေရဲ့ ၀တ္ထုတွေ မျက်နှာဖုံးလှလှလေးနဲ့ ဆွဲပြီးရောင်းနေကြတာတွေ ဘယ်လိုလုပ်လဲ..
ကလေးတွေနဲ့ စာဖတ်သက်နုတဲ့သူတွေလောက်သာ ဖတ်ကောင်းပေမဲ့ စာဖတ်သက်ရင့်တဲ့သူတွေအတွက်တော့ လုံးဝကို ဖတ်ချင်စရာမရှိတဲ့ စာမျိုးတွေဖြစ်နေတတ်ခဲ့တယ်.. သေချာတာကတော့ စာအုပ်ဆိုရင် အပြင်မျက်နှာဖုံးကြည့်နဲ့ ရုံ လုံးဝဆုံးဖြတ်လို့ မရတာ သေချာပါတယ်..
လူတစ်ယောက်အရည်အချင်းကိုလဲ အပေါ်ယံနဲ့ ကြည့်ပြီး ဆုံးဖြတ်လို့ မရနိုင်ပါဘူး
တစ်ချို့ လူအထင်မကြီးကြီးအောင် ကိုယ့်မှာ မရှိ ရှိတာတွေ ထုတ်ပြနေပေမဲ့ တကယ်တမ်းတော့ ဘာအနှစ်သာရမှ မရှိတတ်တာမျိုး ဖြစ်နေတတ်သေးတယ်..
အင်း အပေါ်မျက်နှာဖုံးရော အတွင်းပါ ကောင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့
လွယ်တော့ မလွယ်လှပါဘူးလေ။

busymozzee said...

ဟုတ်တယ်.. ၈ျင်းရေ... လူတယောက်ရဲ့ စိတ်ဓာတ်ကိုလဲ သူတို့ ပြထားသလောက်နဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ.... လဲ သဘောပေါက်ထားတယ်...

ဂျင်းရေ မတွေ့ရတာ ကြာပီ... သတိရနေတယ်

မြတ်မွန် said...

အကုန်လုံး ပြီးပြည့်စုံဖို့ဆိုတာ ဘယ်လွယ်လှမလဲလေနော် ...
အပြင်ရော အတွင်းရော လှပဖို့ ကိုယ့်ဘာသာ ကြိုးစားရမယ်..။
ချစ်တဲ့
မွန်

noblemoe said...

မျက်နှာဖုံးလေးနဲ့ စာသားဟာ ထပ်တုဖို့ ဆိုတာမလွယ်ဖူးနော် ဒါပေမဲ့ အတွင်းက တော့ အမှန်ကန်ဆုံးနဲ့ အရိုးသားဆုံးဖြစ်ဖို့ပဲလိုတယ်လို့ မိုးကတော့ယူဆတာပါပဲ။

မိုးလည်းမျက်နှာဖုံးနဲ့ပက်သက်ပြီး ခံစားချက်နည်းနည်းရှိတယ် အချိန်ရရင်တော့ ရေးအုံးမယ် သူငယ်ဂျင်းရေးးး

အလုပ်ကိုင်အဆင်ပြေလို့ စိတ်အေးချမ်းပြီး သာယာချမ်းမြေ့ပါစေရှင်း
မိုး

နေ၀သန် said...

အင်္ဂလိပ်စာကောင်းတဲ့သူတွေနဲ့အလုပ်လုပ်တာ အဲဒါလေးကောင်းတယ်.... မှတ်သားစရာ စာသားလေးတွေ၊အရေးလေးတွေ၊ အတွေးလေးတွေ သိပ်ရတယ်...း)))))


ခင်မင်တဲ့
နေ၀သန်

မိုးငွေ့...... said...

စာအုပ်အဖုံးဆိုတာလဲ...အထဲကစာကိုဖတ်ချင်လာအောင် ဆွဲဆောင်ထားခြင်းတစ်မျိုးပဲလေ....။ လူတစ်ယောက်အကြောင်းကိုသိချင်ရင် ခရီးအတူထွက်ကြည့်တဲ့...စာအုပ်အကြောင်းသိချင်ရင်တော့ ဖတ်ကြည့်မှရမှာပေါ့နော်...ပေါ်ယံနဲ့တော့ ဘယ်သိနိုင်မလဲ...။ အိမ်သစ်ပြောင်းသွားတာမသိလိုက်ဘူး...စီဘောက်လဲပျောက်နေတယ်...။

ခင်တဲ့
မိုးငွေ့

အဖြူရောင်နတ်သမီး said...

အင်း...
ကိုယ်မသိတဲ့ ပစ္စည်းတခုကို များသောအားဖြင့်တော့ အပြင်ပန်းသဏ္ဍာန်ကို ကြည့်ပြီးစမ်းသပ်ဝယ်ကြတာ များပါတယ်..။
ကောင်းတော့လည်း ဆက်သုံးပေါ့..၊
မကောင်းတော့လည်း တခါသုံးပေါ့..။
အဲဒီလိုပဲ...
သက်ရှိတွေမှာလည်း...
မျက်နှာဖုံးတွေ..ရှိကြတယ်...
ပေါင်းကြည့်မှ အကြောင်းသိတယ်တဲ့...

မောင်လေး said...

နှစ်ခုလုံးကောင်းရင်တော့ အကောင်းဆုံးပေါ့ဗျာနော့..။

ဇွန်မိုးစက် said...

အဲသည့်စကားစုလေးကိုတော့ ကြိုက်သွားပြီ။

မဇွန်လည်း အဲလိုအဖြစ်မျိုး ခပ်ဆင်ဆင်ကြုံဖူးတယ်။ မဇွန်ရဲ့စီနီယာက မဇွန်လုပ်စရာတွေများနေလို့ အလုပ်တွေမပြီးတာလို့ မသိဘဲ သက်သက်အချိန်ဆွဲပြီး လုပ်နေတယ်ထင်သွားလို့ အစ်မလည်း အီးမေးလ်ချက်ခြင်းပြန်ပို့ပြီး ပြောလိုက်တယ်။ အကြောင်းအရင်း သေသေချာချာမသိဘဲ အပေါ်ယံအမြင်နဲ့ မဆုံးဖြတ်ပါနဲ့လို့။ အဲသည့်အီမေးလ်ပို့ပြီးတဲ့နောက်ပိုင်း သူခိုင်းစရာရှိရင် အစ်မအလုပ်များနေလားလို့ အရင်မေးပြီးမှ ခိုင်းတော့တယ်။

ဂျင်းရေးသွားသလို မျက်နှာဖုံးကြောင့် တို့တွေမဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ ဘယ်နှစ်အုပ်ရှိသွားပြီလဲ မသိဘူးနော်။ မဇွန်စာအုပ်ရွေးရင်တော့ မျက်နှာဖုံးထက် စာရေးသူနဲ့ အကြောင်းအရာပေါ်မူတည်ပြီး ရွေးဖြစ်တာများတယ်။
ဒီလိုပဲ လူတစ်ယောက်အကြောင်းဆိုရင်လည်း အပေါ်ယံအမြင်နဲ့ ဘယ်တော့မှ မဆုံးဖြတ်ကောင်းဘူးလို့ မှတ်ယူထားတယ်။ တစ်ယောက်နဲ့တစ်ယောက် ကုသိုလ်ကံချင်း မတူလေတော့ တစ်ချို့က မျက်နှာဖုံးလှချင်မှလှမယ်၊ တစ်ချို့က ဆွဲဆောင်မှုရှိအောင် လှမှာပဲ။ ဒါပေမဲ့ အတွင်းစိတ်သဘောကိုတော့ ကိုယ်တိုင်မြင်အောင်ဖတ်ကြည့်ပြီးမှ ကောင်းမကောင်း ဆုံးဖြတ်နိုင်မှာလေ။

ချိုကျ said...

မျက်နှာဖုံးအတွေးလေးကောင်းလိုက်တာ ဂျင်းရေ.....။ အတွေးတွေပွားမိစေတယ်။ ဖတ်ရတဲ့အတွက် ကျေးဇူးပါ ။

ခင်တဲ့(ချိုကျ)

ရေသန့် said...

ကျွန်တော် ဘဝကိုလည်း ဖတ်လို့ကောင်းမယ့် စာအုပ်တစ်အုပ်ဖြစ်အောင် ကြိုးစာပြီး ရေးလိုက်ပါ့မယ်။
ကျေးဇူးတင်ပါတယ်။

နိုးအိမ်ရှင် said...

မျက်နှာဖုံးသက်သက်ကို ကြည့်ရုံမျှဖြင့် စာအုပ် တစ်အုပ် ရဲ့တန်ဖိုးကို ဆုံးဖြတ်လို့ မရဘူး ဆိုပေမဲ့ အများစုက အဲဒီ လိုဘဲ ဆုံးဖြတ် နေကြတဲ့ အတွက် အနှစ်အသား တွေ အတွက် စိတ် မကောင်း ဖြစ်စရာ ပေါ့... ဒါပေမဲ့ အနှစ် အသား ကောင်းကောင်းနဲ့ အပြင်အဆင် ခန့်ခန့် ဆိုရင် တော့ အတိုင်းထက် အလွန် ပေါ့နော်...

blackcoffee said...

အပေါ်ယံကိုပဲ ကြည့်လို့ ကတော့ ဘာကိုမှ ထဲထဲဝင်ဝင် သိရမှာ မဟုတ်ဘူး။တွေးတတ် ရေးတတ်လိုက်တာ။

Anonymous said...

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာဖြစ်၏တဲ့။ Don't judge a book by it's cover. ဆိုတဲ့ စကားလုံးက လူတိုင်းအတွက် တကယ့်ကို အသုံးဝင်တဲ့ စကားလုံးပါပဲ။ ဒီလိုစကားလုံးလေးမျိုးတွေကို ရှာဖွေဝေငှပေးနိုင်တဲ့အတွက် အစ်မသိပ်တော်တယ်လို့ ပြောပါရစေ။

ထာဝရအားပေးနေသူ
စိုင်း

မိုးယံ said...

စီပုံးမတွေ့လို့ ဒီမှာ အော်ခဲ့တယ်နော်။ အဟောင်းတွေ လိုက်ဖတ်နေတယ် ဂျာ
ငြိမ်းချမ်းပါစေ
မိုးယံ

သိင်္ဂါကျော် said...

အဖုံးလေးလည်း သန့်ပြန့်ကြည့်ကောင်းဖို့ လိုသလို အတွင်းမှာလည်း အနှစ်သာရ ပြည့်ဝနေရင် ပိုကောင်းမှာပေါ့..

အနမ်း said...

အတွေးလေးကောင်းတယ်။ စာအုပ်ဥပမာပေးလေးပေါ့လူတွေကိုလည်း အပေါ်ယံရုပ်လှရုံနဲ့ အတွင်းစိတ်ကိုခန့်မှန်းလို့မရဘူးဆိုတာအမှန်ပဲ အင်းကြင်းရေ အတွေးလေးတကယ်ကောင်းတယ်..

ခနွဲ said...

ကျွန်တော်ကတော့ တမျိုး။ ခေါင်းစဉ်ကိုပဲ ကြည့်သဗျ။ ဟီး။ ရောက်ပါ၏။

Khun Thadar said...

မင်္ဂလာပါ အစ်မ
လာလည်သွားတာရော ဆုတောင်းပေးသွားတာရော
ကျေးဇူးနော်....

ခိုင်နုငယ် said...

မမဂျင်းရေ........
အရောက်လာပါပြီ။
နေကောင်းလား..............
အတွေးကောင်းတဲ့စာစုလေးပါပဲ။
မမဂျင်းရေ ဘယ်အရာမဆို အဆင်းရော
အချင်းပါရှိနေဖို့ လိုလိမ့်မယ်လို့ ခိုင်နုတော့
မြင်မိတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ဝေလင်း said...

မှန်တာတော့မှန်တာပေါ့...။ ဒါပေမယ့် ခက်တာကလူ့စိတ်လေအစ်မရဲ့..။ ကျွန်တော်ကတော့ မျက်နှာဖုံးပုံထက်စာရင် စာအုပ်နာမည်ကို ပိုစိတ်ဝင်တစား ကြည့်ဖြစ်တယ်...။

အင်းတော်ရှမ်း said...

မြစ်ကျိုးအင်းနဲ့ အချော ပြောသလိုတွေ ဖြစ်နေမှာစို့ရတယ်ဗျို့...

သော်ဇင်စိုး said...

အခုမှ ပြန်လာဖတ်ရတယ်..
ဆရာ မောင်သစ်မင်း သီချင်းလိုပေါ့.. ငါ့ရဲ့ ကြမ်းတမ်း ရုပ်သွင်နဲ့ဆိုတာလေ.. ပြီးတော့ လူတွေ မျက်နှာတွေ အတုအယောင်တွေ ဆေးဆိုးပန်းရိုက်တွေပါ တစ်ခါတည်း မြင်လာမိတယ်.. မက်ဆေ့လေးက အရမးလှ၏..
ဒါနဲ့..
စာမူခရရင် ဘာဝယ်ကျွေးမှာလဲ.. :D

Junemoe said...

ဟုတ်တယ်ဗျ
အပေါ်ယံအသွင်ကို ကြည့်ပြီး အကဲဖြတ်ရင် မှားလိမ့်မပေါ့ဗျာ။
ဒီ ဆောင်းပါးလေးကို ဖူးငုံမှာ အမမြသွေးနီရဲ့ Blog Digest ကဏ္ဍမှာ ဖတ်လိုက်ရပြီး အမရဲ့ဆိုက်ကို မျက်စိလည်လာခဲ့ပါတယ်။
နောက်လည်း မျက်စိလည်ပါဦးမယ်... :D

ခင်လျက်
Junemoe

PhyoPhyo said...

မမြသွေးနီ blog digest ကနေ လာဖတ်တာပါ။
တော်တော်သဘောကျသွားတယ်။
အတွင်းရော အပြင်ပါလှတဲ့ စာတစ်အုပ်ဖြစ်ဖို့ ကြိုးစားကြတာပေါ့နော်။
ခင်မင်တဲ့
pp