Pages

Monday, August 9, 2010

ဆန္ဒတစ်စုံ ပြုမိရုံမှတပါး


“မင်း ဘာလုပ်ဖို့ ဒီကို ထပ်လာတာလဲ”


အံ့သြမှုတစ်ပိုင်းတစ်စ ရောစွက်နေတဲ့ အနည်းငယ်ကျယ်လောင်လှသော ကျွန်မတို့မန်နေဂျာရဲ့ အသံက ကျွန်မအခန်းထဲထိ ပျံ့လွင့်လာတာမို့ ကျွန်မ အလုပ်လုပ်နေရင်းကနေ အခန်းပြင်ကို လှမ်းကြည့်လိုက်မိပါတယ်။

အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့ ကျောပိုးအိတ်အဟောင်းတစ်လုံးကို လွယ်ထားတဲ့လူ တစ်ယောက်....ရုံးခန်းထဲသို့ အ၀င်အပေါက်ဝနားလေးမှာ မ၀ံ့မရဲ မတ်တတ်လေးရပ်လို့....။

ကျွန်မ သေသေချာချာစူးစိုက်ပြီး ကြည့်လိုက်တော့မှ “သြော်.....ဟိုနေ့က လူပါလား” ကျွန်မ မှတ်မိလိုက်ပါပြီ။

ပြီးခဲ့တဲ့ အပတ်တုန်းက အင်တာဗျူးဖြေရအောင် လာသွားတဲ့သူ။ အဲဒီနေ့က သူ့ကိုမြင်တော့ ကျွန်မက ထိုင်းအလုပ်သမားတစ်ယောက်လို့တောင် ထင်လိုက်မိသေးတာ။ အဲဒီနေ့ကလည်း သူ့ရဲ့ အသွင်အပြင်က ဒီပုံစံအတိုင်းပါပဲ။

ကျွန်မတို့ရုံးမှာ လူသစ်တွေကို အလုပ်ခန့်ဖို့ခေါ်ရင် အင်တာဗျူးတဲ့အခန်းက ကျွန်မအခန်းနဲ့ကပ်လျက်ဆိုတော့ ဘယ်သူပဲအင်တာဗျူးဖြေဖြေ ကျွန်မကအကုန်မြင်နေ၊ ကြားနေရလေ့ ရှိပါတယ်။ အဲဒီနေ့ကလည်း သူနဲ့မန်နေဂျာနဲ့ အင်တာဗျူးအမေးအဖြေ လုပ်တော့မှ သူ့ကိုမြန်မာမှန်း သိလိုက်ရပါတယ်။ သိသိချင်း နည်းနည်းတောင် အံ့သြသွားမိသေးတယ်။ မြန်မာတော်တော်များများ အင်တာဗျူးလာဖြေရင် တန်ဖိုးကြီးအ၀တ်အစားများ မဟုတ်တာတောင်မှ အနည်းငယ်တော့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ၀တ်စားလာကြတာချည်းပါပဲ။ သူဘာလို့ ဒီလိုပုံစံနဲ့လာရသလဲလို့ပါ။

ဒါပေမယ့် ဒါက အဓိကအကြောင်းအရာတော့ မဟုတ်သေးပါဘူး။ အဓိက အကြောင်းအရာက သူ့ရဲ့ အင်္ဂလိပ်စာ။ မန်နေဂျာနဲ့ သူနဲ့ မေးနေဖြေနေသမျှက အမေးနွားကျောင်းသား၊ အဖြေဘုရားလောင်းဆိုတာမျိုး ဖြစ်နေတယ်။ ပြီးတော့ သူပြောချင်တာကို လုံးစေ့ပတ်စေ့ ရှင်းမပြနိုင်ဘူး။ တဖြည်းဖြည်းနဲ့ မန်နေဂျာရဲ့မေးခွန်းတွေကလည်း သိပ်စိတ်မရှည်ချင်တော့ဘူး။ ကျွန်မလည်း ကိုယ့်မြန်မာလူမျိုးဆိုတဲ့ အသိနဲ့ ဘေးကနေ စိတ်မသက်သာစွာနဲ့ပဲ ကြားနေရပါတယ်။

ဒီလိုနဲ့ပဲ ကျွန်မလည်းအလုပ်ရှုပ်နေတာနဲ့ သူတို့အင်တာဗျူးကို အဆုံးအထိ အာရုံမစိုက်လိုက်ဖြစ်သလို ဘယ်လိုအဆုံးသတ်သွားခဲ့တယ် ဆိုတာလည်း မသိလိုက်ပါဘူး။ ဒီနေ့ဒါသူ့ကို ဒုတိယအကြိမ် မြင်ရခြင်းပါ။

“မင်းကို ငါ အလုပ်မခန့်နိုင်ဘူးလို့ ပြောပြီးပြီလေ”

မန်နေဂျာရဲ့အသံက ဆက်လက်ထွက်ပေါ်လာပါတယ်။

“ငါ....ငါ...ငါ့ကို အခွင့်အရေးတစ်ခုလောက်ပေးပါ”

ထိုသူ၏နှုတ်မှ တွန့်ရွံ့သောလေသံလေးဖြင့် စကားလုံးအချို့ အစီအစဉ်မကျစွာ ထွက်ကျလာလေသည်။

“ငါ....ငါ...ဆိုဒ်ထဲကို အရင်သွားပါရစေ....ငါ့ကို ဆိုဒ်ထဲကို လွှတ်ပါ၊ အခွင့်အရေးတစ်ခု အရင်ပေးပါ”

သူပြောနေသော စကားများကိုခြုံပြီး အဓိပ္ပာယ်ကောက်ရလျှင် သူ့ကို ဆိုဒ်ကို အရင်လွှတ်ပြီး အလုပ်ခိုင်းကြည့်ပါ။ ပြီးမှသူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို ဆုံးဖြတ်ကြည့်ပါလို့ ပြောချင်နေပုံပါ။ ဒါပေမယ့် ဆိုလိုတဲ့စကားတွေက လိုရင်းကို မရောက်ပါဘူး။

“ဆောရီးပဲ မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး။ မင်းရဲ့အင်္ဂလိပ်စကားကို ငါလုံးဝနားမလည်ဘူး။ ဆိုဒ်ကိုလွှတ်လည်း မင်းရဲ့အင်္ဂလိပ်စာက ဒီလိုပုံစံနဲ့ဆိုရင် ဆိုဒ်ကလူတွေဒုက္ခရောက်မှာပဲ။ အဲဒီတော့ တခြားနေရာမှာပဲ အလုပ်ရှာလိုက်ပါ။ သွားတော့ သွားတော့”

မန်နေဂျာက လက်တစ်ဖက်က ခါးကိုထောက်ကာ လက်တစ်ဘက်က ထိုသူကို လက်ညှိုးတစ်ထိုးထိုးနဲ့ ရုံးခန်းထဲမှ မောင်းထုတ်နေသည့်ပုံစံမျိုး ပြောချလိုက်တဲ့အခါ ကာယကံရှင် ထိုလူကတော့ ဘယ်လိုခံစားရမလဲ မသိပါဘူး။ ရုံးချုပ်ပေါ်မှာ မြန်မာဆိုလို့ တစ်ဦးတည်းရှိသော ကျွန်မကတော့ တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားမိပါသည်။ ငါတို့ မြန်မာလူမျိုးဆိုတဲ့ သွေးက စကားပြောသည်ထင်ပါသည်။

ထိုသူကလည်း အဲဒီလောက်အထိ ပြောနေတာတောင်မှ လှည့်ထွက်မသွားသေးပါဘူး။ တစ်ခုခုကို ထပ်ပြောချင်နေသေးပုံ ရပါသေးတယ်။ မန်နေဂျာကို အသနားခံတဲ့ ပုံစံလေးနဲ့ လှမ်းကြည့်နေပါတယ်။ သူ့ကို ကြည့်ရသည်မှာ ဒီအလုပ်ကိုရဖို့အရေးသည် သူ့အတွက် တကယ့်ကို ကူရာကယ်ရာ မျှော်လင့်ချက်တစ်ခုလိုမျိုးကို ဖြစ်နေပုံပေါ်နေပါတယ်။ ကျွန်မသူ့ကို လှမ်းကြည့်ပြီး စိတ်မသက်သာစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်မိပါတယ်။ ကျွန်မအနေနဲ့ တစ်ခုခုလေး ၀င်ပြောကူညီပေးချင်သော်လည်း ကျွန်မလို သာမန်ဝန်ထမ်းတစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ရှယ်ယာပိုင်ရှင် အထွေထွေမန်နေဂျာတစ်ယောက်လို လူမျိုးကို ကျွန်မက ဘာများပြောပေးဝံ့မှာတဲ့တုန်း။

“ဆောရီး ဆောရီး .... မင်းကိုငါ လုံးဝအလုပ်မခန့်နိုင်ဘူး။ သွားတော့ သွားတော့ တစ်ခြားနေရာမှာသာ သွားရှာလိုက်တော့”

သူတော်တော်နဲ့ ထွက်မသွားသဖြင့် အတန်ငယ် မာထန်သောလေသံနဲ့ မန်နေဂျာက ထပ်ပြောလိုက်လေသည်။ တစ်ရုံးလုံးမှာရှိတဲ့ ၀န်ထမ်းတွေကလည်း ခေါင်းထောင်ပြီး သူ့ကို လှမ်းကြည့်နေကြပါသည်။ ထိုအခါကျမှပဲ သူလည်း ခေါင်းငိုက်စိုက်ချကာ လေးကန်သော ခြေလှမ်းများဖြင့် ၀င်လာရာ ရုံးတံခါးဝဘက်ဆီသို့ ပြန်လည် လှည့်ထွက်သွားပါတော့သည်။

ကျွန်မလည်း ရင်ထဲမှာ မကောင်းစွာနဲ့ပဲ သူ့မျက်နှာကို တစ်ချက်လှမ်းကြည့်ဖြစ်အောင် ကြည့်လိုက်မိပါသည်။ လှမ်းကြည့်လိုက်တဲ့ တဒင်္ဂမှာပဲ ထိုသူ့မျက်နှာပေါ်က အရိပ်တွေကို ကျွန်မ ဖတ်ရှုလိုက်နိုင်ပါသည်။ ဆုံးရှုံးမှု၊ ရှက်ရွံ့မှု၊ အားလျော့သိမ်ငယ်မှုတွေ စွန်းထင်းပေကျံနေတဲ့ မျက်နှာကိုလှမ်းကြည့်ရင် ကျွန်မရင်ထဲမှာ အမည်မဖော်ပြနိုင်တဲ့ ဝေဒနာတစ်ရပ်ကို ခံစားမိလိုက်သည်။ တစ်ဆက်တည်းမှာပဲ အတွေးတွေက မီးခိုးတွေအမျှင်တန်းသလို ဆက်လက်ပြီး.....။

ထိုသူရဲ့ ဒီလိုပုံစံနဲ့ဆိုရင် အလုပ်ရနိုင်ဖို့အခွင့်အလမ်းက အတော်လေးနည်းပါးမည်ဟု ထင်မိပါသည်။ ဒီနိုင်ငံကို အလုပ်ရှာဖို့ ထွက်လာကြတဲ့သူတွေထဲမှာ ကိုယ်ပိုင်ရှိစုမဲ့စု ပိုက်ဆံလေးတွေကို ကုတ်ခြစ်စိုက်ထုတ် ရင်းနှီးခဲ့ရတာမျိုး ရှိသလို ကိုယ့်မှာအဆင်မပြေရင်လည်း သူတစ်ပါးဆီကနေ ချေးငှားယူခဲ့ရတာမျိုးတွေ ရှိကြတယ်။ ဒီကို ထွက်လာပြီး အလုပ်ရှာကြတဲ့သူတွေဟာ မျှော်လင့်ချက်တွေတသီတတမ်းကို ထမ်းပိုးလာခဲ့ကြရတဲ့သူတွေဖြစ်တယ် ။ သူတို့ကိုမှီခိုနေရတဲ့ နောက်မှာကျန်ရစ်ခဲ့တဲ့ တစ်မိသားစုလုံးရဲ့ မျှော်လင့်ချက်တွေလေ (ပူပင်ကြောင့်ကြစရာမလိုပဲ အဆင်ပြေကြတဲ့ မိသားစုတွေကိုတော့ မဆိုလိုပါဘူး)။ သူတို့တွေရှင်သန်နိုင်မှ နောက်မှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ဘ၀ ရှင်သန်နိုင်မယ်။ သူတို့လဲပြိုသွားရင် နောက်မှာ သူ့ကို မှီခိုထားနေရတဲ့ မိသားစုတစ်ခုလုံးလည်း လဲပြိုသွားမယ်။ ဒုက္ခတွေအနည်းနဲ့အများတော့ ရောက်ကြရမှာပါပဲ။

စိတ်မသက်သာစွာ အတွေးတွေ လျှောက်နယ်ချဲ့မိရင်း နောက်ဆုံးမှာတော့ ကျွန်မအနေနဲ့ ဘာမှ ၀င်ရောက်ကူညီ စွမ်းဆောင်ပေးခြင်းငှာ မစွမ်းသာတဲ့ ဖြစ်ရပ်တစ်ခုမှာ ထိုသူ့အနေနဲ့ သင့်လျော်မယ့် အလုပ်အကိုင်တစ်ခုကို အဆင်ပြေစွာနဲ့ အမြန်ဆုံးရှာဖွေ တွေ့ရှိနိုင်ပါစေလို့ ဆန္ဒပြုမိရင်း သက်ပြင်းရှည်တစ်ချက်ကိုသာ မှုတ်ထုတ်လိုက်ရပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(မှတ်ချက်။ ။ ရုံးမှာ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတစ်ခုကို မနေနိုင်လို့ ချရေးလိုက်မိတာပါ။ ဒီလိုခေတ်ကျပ်ကြီးမှာ ကိုယ့်နိုင်ငံမှာ အဆင်ပြေပြေ လုပ်ကိုင်စားသောက်ဖို့ရာကျတော့ ကိုယ့်တစ်ကိုယ်စာတောင် မလောက်ငှနိုင်တဲ့ အခြေအနေမျိုးမှာ မိသားစု ဘ၀တွေအတွက် တိုင်းတပါးမှာ လာအလုပ်လုပ်ကြရတယ်။ အဆင်ပြေနေသူတွေ ပြေနေပေမယ့် မပြေသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဘာပဲပြောပြောကိုယ့်မျက်စိရှေ့မှာ မြန်မာလူမျိုးတစ်ယောက်ဒီလိုပုံစံကြုံတွေ့ရတာကို ကျွန်မအနေနဲ့ သူနဲ့ ဘာမှ မပတ်သက်မဆက်စပ်ပေမယ့်လည်း ခံစားရတာတော့ အမှန်ပါပဲ။ အဲဒီဖြစ်ရပ်ကို ကြည့်ပြီး မြန်မာလူမျိုးတွေ အားလုံး မိသားစုနဲ့အတူ မခွဲမခွာအဆင်ပြေပျော်ရွှင်စွာ နေသွားနိုင်ကြမယ့် နေ့ရက်တွေကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆန္ဒတစ်စုံကိုပြုမိရုံမှတပါး...)