ပန်းတစ်ပွင့် စတင်ဖြစ်တည်မှု
ဥယျာဉ်မှူးရေ.... ရှင် ဘာ့အတွက်ကြောင့်များ ကျွန်မကို စိုက်ပျိုးခဲ့ရသလဲကွယ်။
ထပ်ပြီးတော့ မေးပါရစေဦး။ ပန်းတစ်ပွင့်ကို ရှင်သန်ပွင့်လန်းလာအောင် ပြုစုပျိုးထောင်ပြီးမှတော့ အဲဒီပန်းကို သူ့လက်နဲ့ ကိုယ်တိုင်ခူးဆွတ်ယူဖို့ဆိုတာ ဥယျာဉ်မှူးရဲ့တာဝန် မဟုတ်ပေဘူးလား။
ကျွန်မဒီလို ရှင်သန်လာနိုင်ဖို့အတွက် ရှင်က ရှင့်ရဲ့ မေတ္တာရေစင်တွေနဲ့ ကျွန်မအပေါ်မှာ သွန်းဖျန်းပေးခဲ့တယ်။
ကျွန်မကို စေတနာမြေသြဇာတွေ တိုက်ကျွေးခဲ့တယ်။
ရှင့်ရဲ့အကြင်နာလက်တွေနဲ့ ကျွန်မကိုတူးဆွပေါင်းသင်ပေးခဲ့တယ်။
ရှင့်ကြောင့် ကျွန်မဘ၀က ပန်းပွင့်များစွာတို့ရဲ့အလယ်မှာ သာယာလှပတင့်တယ်ခဲ့ရတယ်။
ဒီဘ၀မှာ ကျွန်မဖူးငုံပွင့်လန်းခဲ့မိတာလည်း ရှင့်တစ်ယောက်တည်းအတွက်ပါ ဥယျာဉ်မှူးရယ်။
တစ်နေ့နေ့မှာ ရှင့်ရဲ့လက်တွေနဲ့ မုချကျိန်းသေ ကျွန်မကိုခူးဆွတ်လာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းနဲ့ ကျွန်မရှင်သန်ဖြစ်ခဲ့တယ်။
ရှင့်အတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ပဲ ကျွန်မဆီမှာ အကြင်နာရနံ့တွေ မွှေးထုံပျံ့ခဲ့သလို မေတ္တာဝတ်မှုန်တွေနဲ့လည်း အတိပြီးခဲ့ရတယ်။
ကျွန်မ သိပ်ကိုပျော်ခဲ့တယ်။ စိတ်ကူးတွေနဲ့ရူးခဲ့တယ်။ ပန်းပွင့်တကာတို့ အလည်မှာလည်း တစ်နေ့မှာ ငါ့ရဲ့ပိုင်ရှင်ဟာ ဥယျာဉ်မှူးပဲဖြစ်ရမယ်ဆိုပြီး ၀င့်ဝင့်ကြွားကြွားနဲ့ပေါ့....။
ပန်းတစ်ပွင့် သေဆုံးခြင်း
အို....မဟုတ်ပါစေနဲ့ကွယ်၊ မှားယွင်းခြင်း တစ်စုံတစ်ရာသာ ဖြစ်ပါစေတော့။
ဥယျာဉ်မှူးကပြောတယ်....
သူ ကျွန်မကို ဥပေက္ခာပြု ကျောခိုင်းလိုက်ပြီတဲ့။
သူ ကျွန်မကို ဘယ်တော့မှ လှည့်ကြည့်တော့မှာ မဟုတ်သလို ဘယ်တော့မှလည်း ခူးဆွတ်မှာ မဟုတ်တော့ဘူးတဲ့။
ကျွန်မမှာရှိတဲ့ ဆူးတွေကို သူမုန်းတယ်တဲ့။
ဆူးတွေရှိမယ်မှန်း မထင်မိလို့ သူ ကျွန်မကို ပျိုးခဲ့မိတယ်တဲ့။
ကျွန်မအပေါ်ကို နေဆယ်စင်းရဲ့ အပူရှိန်တွေ တပြိုင်တည်း ကျရောက်လာသလိုမျိုး ကျွန်မခံစားလိုက်ရတယ်။
မဟုတ်သေးဘူး....မဟုတ်သေးပါဘူး ဥယျာဉ်မှူးရယ်....။
ရှင့်ရဲ့ ထင်မြင်ချက်တွေ လွဲမှားသွားခဲ့ပြီ။
ဒီဆူးတွေက ရှင့်အတွက် မဟုတ်ရပါဘူး။
ရှင့်တစ်ယောက်တည်းရဲ့ အမြတ်တနိုး ဆွတ်ချူရယူခြင်းကိုသာ မျှော်လင့်မိတဲ့ ကျွန်မ....ဒီဆူးတွေကလေ.... ကျွန်မကို ခူးဆွတ်ဖို့ဟန်ပြင်နေကြတဲ့ အခြားအခြားသောသူတွေ လာရောက်ခူးဆွတ်ကြမှာကို စိုးရိမ်မိတဲ့အတွက်ကြောင့် ကျွန်မကိုယ်ကျွန်မ ကာရံထားမိတာပါ။
ဥယျာဉ်မှူးရေ....ကျွန်မလေ....
ဥယျာဉ်မှူးရေ....ကျွန်မ.....
ဥယျာဉ်မှူးရေ....
ဥယျာဉ်မှူးရေ
........
ကျွန်မ ငိုကြွေးခဲ့တယ်။ နေ့ညမပြတ် သည်းသည်းထန်ထန် ငိုကြွေးခဲ့တယ်။
နှလုံးသားတွေကွဲအက်ပြီးမှ ထွက်ပေါ်လာတဲ့ ကျွန်မရဲ့ ရင်ရှိုက်သံက ကမ္ဘာလောကကြီးတစ်ခုလုံးကိုတောင် လွှမ်းသွားခဲ့ရပြီး၊ တောင်စွယ်တောင်တန်းတွေ ကျောက်ဆောင်ကျောက်ကမ်းပါးတွေဆီမှာတောင် ပဲ့တင်ထပ်ပြီးနေခဲ့ပေမယ့် ဥယျာဉ်မှူးဆီက ကျွန်မပြန်ရလိုက်တာတွေကတော့....
သူ့ရဲ့ရက်စက်ခြင်းတရားတွေနဲ့ လောင်းချခြင်းကို ခံခဲ့ရတယ်။
သူကျွေးတဲ့ ဥပေက္ခာတရားတွေကို ရင်နှင့်မမျှအောင် စားသုံးခဲ့ရတယ်။
နာကျင်ကြေကွဲခြင်း ဒဏ်ရာတွေအတိနဲ့သာ ပြည့်နှက်နေတဲ့ ကျွန်မ တဖြည်းဖြည်းနဲ့ လောကကြီးကို စွန့်ခွာသွားရတော့မယ်။
ကျေးဇူးပြုပြီး ကျွန်မသေဆုံးသွားပြီးတဲ့အခါ ကျွန်မရဲ့ခန္ဓာကိုယ်ကို အဝေးကို လွှင့်မပစ်လိုက်ကြပါနဲ့.....ဥယျာဉ်မှူးရဲ့ ဒီဥယျာဉ်လေးထဲမှာပဲ မြုပ်နှံပေးကြပါ။
သူ့ရဲ့ ဥယျာဉ်မြေပေါ်မှာ ပန်းပင်တွေနဲ့ ထာဝရလှပစွာ ရှင်သန်ပွင့်လန်းနိုင်စေဖို့ အထောက်အပံ့အနည်းငယ်မျှဖြစ်ပါစေ ရသွားနိုင်မယ့် မြေဆွေး၊ မြေသြဇာ အဖြစ်လေးနဲ့ နေခွင့်ရခဲ့ရင်တောင် ကျွန်မကျေနပ်ပါတယ်။
အသည်းတွေပျက်ကြွေသည်အထိ ငိုကြွေးခဲ့ရတဲ့ ကျွန်မရဲ့ မျက်ရည်တွေကလည်း ဥယျာဉ်ထဲမှာ စမ်းချောင်းလေးတွေအဖြစ် ထာဝရစီးဆင်းနိုင်ပြီး သူ့ရဲ့မြေကို အကျိုးပြုနိုင်ပါစေ....
အရာအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်.....ကျွန်မသွားတော့မယ်
နောက်ဆုံးအနေနဲ့ တစ်ခွန်းလောက်တော့ ပြောခဲ့ပါရစေဦး....
ဥယျာဉ်မှူးရေ....ရှင်သိပ်ရက်စက်တယ်။
ပြစ်မှုမထင်ရှားဘဲ ရာဇ၀တ်မှုမမြောက်ဘဲနဲ့ ရှင်ဟာ ပန်းတစ်ပွင့်ကို သေစေခဲ့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(မှတ်ချက်။ ။ဘာရယ်လို့ မဟုတ်ပါဘူး။ Bambino ဆိုထားတဲ့ ကျွန်မအရမ်းကြိုက်တဲ့ သီချင်းလေးဖြစ်တဲ့ “ပန်းတပွင့်” ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီး ပန်းပွင့်လေးတစ်ပွင့်နေရာကနေ ၀င်ခံစားရေးကြည့်တာပါ။)
38 comments:
သီချင်းကို ခံစားပြီးရေးတာမို့ပဲနော်...
တကယ့်ပန်းပွင့်လေးသာဆို ဖတ်ရင်းနဲ့ ငိုမိမယ်ထင်တယ်။
ငါ့ညီမ ပန်းလေးသရုပ်ဖော်သွားတာ ကောင်းလိုက်တာ။
ဂျင်းရေ ချစ်လို့ပြောလိုက်ဦးမယ်၊ “မ” နောက်က “ဘဲ”လိုက်တယ်နော်။
ဟုတ်...မမ...ဂျင်း ချက်ချင်းပြင်လိုက်တယ်နော်။ ကျေးဇူးပဲ။း)
ဒေါ်အင်ကြင်းလေး သီချင်းကိုခံစားရေးဖွဲ့ လို့သာပေါ့ ကောင်းလိုက်တဲ့ ခံစားချက်တွေ ပန်းတစ်ပွင့်သေဆုံးခြင်း ကိုပိုနှစ်သက်မိတယ် တကယ်အသက်ပါတယ် ရေးထားတာ :)
ခင်တဲ့(ချိုကျ)
အဟမ်းအဟမ်း
နုလှပါလားအေ..
ကြည့်ရတာ ရင်ထဲက ခံစားချက်တွေနဲ့ ပေါင်းစပ်ပြီး ရေးထားတယ်ထင်တယ်..
ငါ့ညီမ ဒီလောက်နုနုနွဲ့နွဲ့လေးတွေ ရေးတတ်မှန်းမသိခဲ့ဘူး
ခုမှ သိရတော့တယ်
လက်ဖျားခါပြီး ပြန်သွားပါတယ်..
@ကိုချိုကျ>>>အသက်ပါမှာပေါ့ တကယ်မျက်ရည်တွေနဲ့ ရေးထားတာကိုးးးးးးး။း)
@မချော>>>ရင်ထဲက ခံစားချက်ဟုတ်ချင်လည်း ဟုတ်မှာပေါ့ (မပြောပြဘူး)။း)
ဟုတ်တယ်နော်..တစ်ခါတစ်လေ ကိုယ်တိုင်တစ်ယုတယ စိုက်ပျိုးထားပေမယ့်..
တစ်ပါးလူအတွက် ဖြစ်စေခဲ့တယ်။။။
အကောင်းဆုံးကိုပဲ မျှော်လင့်ရအောင်...
မကြွေပါနဲ့အုံး ပန်းလေးရယ်...
ပန်းလေးအနားမှာ ပန်းလေးကို အားပေးနေမယ့် တစ်ခြားပန်းလေးတွေ ရှိနေသေးတယ်ဆိုတာ....
ဝမ်းနည်းစရာကြီး
တူတူငိုမယ်ဂျင်းရယ်..
ချစ်တဲ့
ပန်းပွင့်ပုံပြင် ဆိုတော့ ပစောက်တွေချည်းပါလား။းဝ)
ဥယျာဉ်မှူး ပန်းမခူးရ ဆိုပေမဲ့ တစ်ခါတစ်ခါကျပြန်တော့လဲ ပျိုးသောလက်နှင့်ခူးဆွတ်ချင်သူ၊ ခူးဆွတ်ခံချင်သူတွေ ဒုနှင့်ဒေးပေါ့။ ဒါပေမဲ့ ဥယျာဉ်မှူးနှင့်ပန်းခင်း ကွေကွင်းကြတာက များပါတယ်။
တွေးကြည့်ရင် ရင်နာစရာပါ။
...
နောက်လဲ ပန်းပွင့်ပုံပြင်လိုမျိုးတွေ ဖတ်ရအောင် လင့်ခ်ယူသွားလိုက်ပါတယ်။
..
ဒီဆူးတွေက အရမ်းခက်တာလားဗျာ.. ရေးထားတာ လွမ်းစရာကောင်းလိုက်တာဗျာ.. သေသွားတဲ့ ပန်းလေးကနေ နောက်အပင်တွေ ထပ်ပေါက်လာပြီး.. ပန်းတွေထပ်ပွင့်လာရင် ဥယျာဉ်မှုးကို အဖော်လုပ်ပေးနိုင်မှာလား.. ဒါမှမဟုတ် အရင်ကလိုပဲ ဆူးတွေကိုသူ ကြောက်နေဦးမှာလား.. ဘာပဲဖြစ်ဖြစ် သူ့ဥယျာဉ်လေးကတော့ အရင်ကတော့ ပိုလှလာမယ်ထင်တာပဲ..
ခစ်..ခစ်.. ဘာရယ်မဟုတ်ပါဘူး ကိုယ်ဟာကို မေးခွန်းထုပ်ကြည့်တာ....
မအင်ကြင်းက ပိုသိမှာပေါ့ဗျ.. :)
လေးစားလျက်.....
အမယ်လေး ဂျင်းရယ် ရေးတတ်လိုက်တာနော်
ကောင်းမှကောင်း
" ဒီဆူးတွေက ရှင့်အတွက် မဟုတ်ရပါဘူး။ "
အဲစာကြောင်းလေးကိုသဘောကျမိတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး
တကယ် ခံစားချက်နဲ့ ရေးထားသလို စာသားတွေရော ခံစားချက်အပိုင်းပါ အရမ်းနုတယ် ခံစားရတာ မျောပါသွားတယ်း)))
ပန်းပွင့် လေးကိုသနားမိတယ်...
ပန်းပွင့် လေးက ဥယျာဉ်မှူးကို ဆူးစူးစေခဲ့ လို့ လား
မအင်ကြင်းရေ..ပန်းကလေးရဲ့ဖြစ်တည်မူ့ကိုနုနုလေး
ရေးဖွဲ့ထားတော့..စာဖတ်သူလည်းဖွဖွကလေးဖတ်ပြီး
ပန်းကလေးအတွက်စိတ်မကောင်းဖြစ်သွားတယ်။
အပျိုကြီးတွေ...အပျိုကြီးတွေနော်....ရေးချက်တွေကပြောင်မြောက်လှပါပေတယ်။ ကဲပါလေ..ဥယျာဉ်မှူးမခူးလဲ ပန်ဆင်သူတွေ ရှိပါတယ်အေ..။
@ကိုမိုး>>>ကိုမိုးနော်ကိုမိုး.... အပျိုကြီးမဟုတ်ပါဘူးလို့ ဘယ်နှစ်ခါပြောရမလဲ....အခုမှငယ်ငယ်လေးရှိသေးတယ် နောက်တစ်ခါ အပျိုလေးလို့ပြောပါ :D
ဂျင်းလေးရေ..
ဖတ်ရင်းဖတ်ရင်းနဲ့ခံစားချက်တွေပေါ်လာပေါ့..။
ဘယ်လိုပဲဖြစ်ဖြစ်ရင်ထဲမှာရှိနေတဲ့ခံစားချက်တွေပေါ့သွား
တယ်နော်..။
ပန်းကလေးရဲ့ခံစားချက်ကိုဥယျာဉ်မှူးလည်းခံစားနားလည်
နိုင်ပါစေရှင်...။
ချစ်တဲ့
သဒ္ဓါ
တယ်ဟုတ်ပါလားဟ..ဂျင်းရေ.. ခံစားချက်အစစ်တွေထင်ရဲ့ ...
ခင်တဲ့
ယွန်း
ညီမ အင်ကြင်း
ညီမ ရေးလိုက်တဲ့ ပန်းပွင့် လေး ကို သနားသွားမိတယ် ချစ်စရာ သနားစရာလေးပါ
နောက်ပြီး ညီမ ကို အပျိုကြီးလို့ ပြောသွားတာ ဘယ်တူလည်း ဒုတ်နဲ့ ချောင်းရိုက်အုန်းမယ်
ကိုယ့်ညီမ က အလေးလေး ရှိသေးတာ
ချစ်တဲ့
မမရွှေစင်
ဟေ့ ခလေးမ ဥယျာဉ်မှူးဆိုတာ ဘယ်တော့မှ ပန်းမခူးရဘူးကွ...လာဝယ်သူတွေ လက်ထဲ ခူးဆွတ်လို့ ထည့်ပေးနေကျ.....
ဒီတော့ လာဝယ်မဲ့သူ စောင့်ပါ ဒါပဲ....
P.S :ဂျင်း...တကယ်တော့ မယုံပါဘူး... အကြောင်းသိပါဆိုမှ.....:P
@မွန်>>> ဟုတ်တယ်နော် မွန်၊ ဒို့အတူတူ ငိုကြမယ်း)
@Ko Ko Maung>>>စာလာဖတ်ပေးတာရော လင့်လေးယူသွားတဲ့အတွက်ရော ကျေးဇူးပါနော်...
@thaw zin soe>>>သော်ဇင်ရေ....ကိုယ့်ဟာကိုယ်မေးခွန်းထုတ်တာဆိုတော့ ကိုယ့်ဟာကိုယ်ဖြေလေ....း))
@မိုး>>>ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...
@ဗညား>>>ဟယ်....ဗညား..ဘယ်ကိုမျောသွားတာဒုန်း ...း))
@ရေသန့်>>>ပန်းပွင့်လေးက ဥယျာဉ်မှူးကို ဆူးစူးစေခဲ့သလားဆိုတာကိုတော့ ဥယျာဉ်မှူးပဲ သိလိမ့်မယ်....
@နုငယ်>>>နုငယ်ရေ....စိတ်မကောင်းဖြစ်သွားစေတဲ့ အတွက်ဆောရီးနော်း((
@မသဒ္ဓါ>>>ဆုတောင်းပေးတာ ကျေးဇူးပါ မမ...
@ယွန်း>>>တကယ်ကို ခံစားချက် အစစ်နဲ့ တူနေတယ်လားဟင်း)
@မမရွှေစင်>>>ဟုတ်တယ် မမရွှေစင် အဲဒီဦးဗိုက်ပူကို ဒုတ်ကြီးကြီးနဲ့သာချောင်းရိုက်ပါဗျို့ :D
@အမချစ်>>> အမချစ်....အကြောင်းသိရင်လည်း တိတ်တိတ်နေ....ရှူးးးးးးးးးးးးးးး :D
အပျိုပိစိလေးရေ (ချောင်းရိုက်ခံရမှာကြောက်လို့)
အင်ကြင်းဆိုတော့
ပန်းပွင့်ဘက်က နေ ခံစားသွားတာ ရေလည်လန်းပါဗျာ
ခင်မင်စွာဖြင့်
seesein
ပန်းတစ်ပွင့် သေဆုံးခြင်း ကိုရင်ခုံသွားပါတယ်၊ ဥယျာဉ်မှူးက ဘာကြောင့် ပန်းတစ်ပွင့်ကို သေစေခဲ့တာလည်း စဉ်းစားနေသည်၊ ပန်းခူးတဲ့ ဥယျာဉ်မှူးတွေအများကြီးပါ။
အတွေးလေးနဲ့ ခံစားချက် ကလေး ကောင်းလိုက်တာ။ ကြက်သီးတောင် ထမိတယ် ..
ပန်းပွင့်လေး နေရာက သရုပ်ဆောင် သွားတာ..
တော်တယ်ဗျာ ..
ခံစားချက်လေးတွေက နုလိုက်တာဗျာ....
ဖတ်ကောင်းပါကြောင်း...။
အင်ကြင်းက ကိုယ်ကိုကိုယ် ပန်းလေးတပွင့်လို့ ခံစားရေးဖွဲ့ ထားတာများ နူးညံ့သိမ့်မွေ့ လိုက်တာ...။သီချင်းလေးရော စာတွေရော ဖတ်ပြီး ပန်းလေးရဲ့ ရင်တွင်းက ခံစားချက်တွေကို ဥယျာဉ်မှူးတယောက် နားလည်နိုင်ပါစေလို့....။
အဟဲ...
ကျနော်က ကြမ်းကြမ်းတမ်းတမ်း နေထိုင်တွေးတောတတ်တာလားတော့ မသိဘူး.. ဒီလို ခံစားချက်နုနုလေးနဲ့ စာပေလေးတစ်ပုဒ်ကို ရုတ်တရက် ဖတ်လိုက်ရတော့ ဘယ်လိုကော်မန့်ပေးရမှန်းတောင် မသိတော့ဘူး... ဒီပို့စ်လေးကတော့ တကယ်ရသစာပေမြှောက်ပါပေတယ်...
ဒီလိုဥယာဉ်မှူးမျိုးနဲ့ နောက်ထပ် ဘယ်တော့မှ မတွေ့မဆုံမကြုံရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ခင်မင်လေးစားလျက်
မြန်မာမှုနယ်ပယ်မှာလည်း မိန်းခလေးတွေ အနေနဲ့ ကိုယ့်ကို ဆွတ်ယူစေချင်သူကို ပြောပြခွင့် မရဘဲ လွဲခဲ့ကြမှာပဲနော်
မိန်းမပျိုလေးတွေအတွက် ထိထိရှရှ ဖြစ်နိင်တဲ့ ပို့စ် လေးပါပဲ။။
ပန်းပွင့်ပုံပြင်ကိုနားထောင်သွားပါတယ်..
သီချင်းလေးကနေ ပွားပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို သရုပ်ဖော်ထားတာ
သိပ်ကို ရသမြောက်လွန်းပါတယ်..
အရေးကောင်းသူမို့အားပေးနေပါတယ်..
ပျော်ရွှင်ပါစေ...
မင်္ဂလာပါ ...
အားသစ်များနဲ့ နောက်တဖန်ပြန်လာနှုတ်ဆက်ပါတယ်။
တကယ်တော်တယ်... ငါ့ညမ...:))
အက်ဆေးလေးသဘောပေါ့နော်... ရေးထားတာ ကောင်းလိုက်တာဗျာ...
ခင်မင်တဲ့
နေ၀သန်
သီချင်းလေးကိုခံစားမိပြီးရေးတာလေးကလည်း အရေးကောင်းလိုက်တာ။ ပန်းပွင့်ပုံပြင်လေးထဲကလို ဥယျာဉ်မှူးလေး ပစ်မသွားပါစေနဲ့လို့တော့ ဆုတောင်း ပေးပါတယ်။
so sad.............. I have nothing words for this article. :( :(
with love,
chit su.
ပန်းပွင့်သရုပ်ဖော်ကောင်း၏ ဂျင်း...။
ခင်မင်စွာဖြင့်
မိုးငွေ့
ပန်းပွင့်လေးကို နောက်တစ်ခေါက် နမ်းသွားပါတယ်၊ အဲ ဟုတ်ဖူး ဖတ်သွားပါတယ်နော် မမအင်ကြင်း....
ခင်၍ စ သွားသည်၊ သဘောမတွေ့လျှင် ချောကလက်လုံးတွေနဲ့ ဆယ်လုံးလောက်သာ နာနာပစ်လိုက်ပါ..း)
အင်ဂျင်းရေ့....
တစ်ခါတစ်လေတော့လည်း....ပန်းနဲ့ ဥယျာဉ်မှူးအကြား..နားလည်မှုလွဲမှားသွားတတ်တဲ့အခါ.......
ဥယျာဉ်မှူးရဲ့ ခံစားချက်က......ပန်းပွင့်ထက်ပိုပြင်းထန်မယ်ထင်တယ်လေ.......။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
တကယ့်ကို အနှစ်သာရ မြောက်တယ် ...
ဘာမှကို မပြောသွားချင်တော့ဘူး ....
မနေနိုင်တော့ ပြောလိုက်အုန်းမယ် ...
ကိုဏီ ပြောသွားသလိုပါပဲ ...
ဥယျာဉ်မှူးရဲ့ ခံစားချက်က......ပန်းပွင့်ထက်ပိုပြင်းထန်မယ်ထင်တယ်လေ.......။ :)
အချစ်ရသပေါ်လွင်အောင်ရေးထားလို့ ရင်ထဲမှာကိုနင့်သွားအောင် ခံစားရပါတယ်
နေရာသစ်လိပ်စာလေးထားခဲ့တယ်
Post a Comment