Pages

Sunday, June 27, 2010

လူ့သပြုသီး၊ လူ့သံပုရာသီး

ကျွန်မအလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့လုပ်ငန်းလိုအပ်ချက်အရ ကျွန်မအနေနဲ့ ပြီးခဲ့တဲ့ အပတ်အထိ ဆိုဒ်ရုံးမှာ ယာယီသွားနေခဲ့ရပါတယ်။ ဆိုဒ်ရုံးဆိုတာက သိတဲ့အတိုင်း ရုံးချုပ်နဲ့ မတူဘူးလေ။ လွတ်လပ်မှုရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး စဟယ်နောက်ဟယ်နဲ့ ပျော်စရာလည်း ကောင်းပါတယ်။ နောက်တစ်ခုက ကျွန်မ အခုသွားနေခဲ့ရတဲ့ ဆိုဒ်ရုံးက မန်နေဂျာရော အင်ဂျင်နီယာတွေပါ မြန်မာတွေချည်းပါပဲ။

ကျွန်မတို့ရဲ့ မြန်မာမန်နေဂျာက ရခိုင်လူမျိုးပါ။ စိတ်ရင်းကောင်းလှတဲ့အပြင် နောက်နောက်ပြောင်ပြောင်နဲ့ ရီစရာများကိုလည်း ပြောတတ်ပါတယ်။ ကျွန်မကိုဆိုရင်လည်း ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအကြောင်း၊ ရခိုင်ဓလေ့ထုံးစံတွေ အကြောင်းကိုလည်း မကြာခဏပြောပြလေ့ရှိတယ်။ ရခိုင်မုန့်တီချက်သောက်တဲ့ အကြောင်းကိုများဆိုရင် ပီပီပြင်ပြင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်သာ ရှိအောင် ပြောပြတတ်လွန်းလို့ ကျွန်မမှာ တံတွေးတွေ မျိုမျိုချရတာဆိုတာ အကြိမ်ကြိမ်။

ကျွန်မဆိုဒ်ရုံးမှာ နေနေရစဉ် အတောအတွင်းမှာပဲ နောက်ထပ် မြန်မာအင်ဂျင်နီယာ ဦးကြီးတစ်ယောက် တစ်ခြားကုမ္ပဏီကနေ ပြောင်းလာပါတယ်။ မန်နေဂျာဦးကြီးနဲ့ အဲဒီအင်ဂျင်နီယာဦးကြီးနဲ့က အသက်တွေမတိမ်းမယိမ်းတွေပါပဲ။ ၄၅နဲ့ ၅၀ကြားတွေမှာ ရှိကြပါတယ်။ ကျွန်မနဲ့ဆိုရင် တူမနဲ့ ဦးလေးတွေလိုပဲ ပြောပါတော့။

ဒီလိုနဲ့ တစ်ရက် ကျွန်မမန်နေဂျာက သူ့စားပွဲမှာ အလုပ်လုပ်နေရင်းကနေ ကျွန်မဘက်ကိုလှည့်ပြီး (သူ့စားပွဲနဲ့ ကျွန်မစားပွဲနဲ့က ကျောချင်းကပ်ရက်ပါ)

“ဒီတစ်ပတ်တနင်္ဂနွေနေ့ သူငယ်ချင်း တစ်ယောက်ရဲ့ မင်္ဂလာဆောင်ရှိတယ်ဟေ့။ နေရာက အင်ကြင်းတို့နားက ဘုန်းကြီးကျောင်းမှာလေ။ အဲဒီသူငယ်ချင်းက အသက်က ၄၆နှစ်ရှိပြီ။ သူယူမယ့်ကောင်မလေးက အသက်၂၀တဲ့။ ကြည့်ပါဦး.....”

သူက ပြောလည်းပြော ရီလည်းရီကာ သူရတဲ့ ဖုံးမက်ဆေ့ကို ကျွန်မကို လှမ်းပြပါတယ်။

“ဟယ်....ဟုတ်လား။ အသက်က လည်း ကွာလိုက်တာနော်....”













ကျွန်မကလည်း ရီရီမောမောနဲ့ ပြန်ပြောရင်း သူပြတဲ့ မက်ဆေ့ကိုလည်း လှမ်းကြည့်ရင်းပေါ့။ (သူနဲ့ ကျွန်မနဲ့က ရီစရာများပြောပြီဆိုရင် တော်တော် အတိုင်ဖောက်ညီပါတယ်။)

အဲဒီအချိန်မှာပဲ ခုနအင်ဂျင်နီယာ အသစ်ဦးကြီးကလည်း ခုံတစ်ခုံကို သွားဆွဲယူလာပြီး ကျွန်မတို့နှစ်ယောက်ရဲ့ အလယ်မှာ ထိုင်လိုက်ပြီး မန်နေဂျာဦးကြီးပြောပြနေတာတွေကို ၀င်နားထောင်ပါတယ်။ တဆက်တည်းမှာပဲ မန်နေဂျာဦးကြီးက ....

“သပြုသီးဆိုတာကို ခင်ဗျားတို့ကြားဘူးကြလား။ ကျွန်တော်တို့ ရခိုင်မှာဆို အရမ်းပေါတာ....သူ့က အရသာက ချဉ်တင်တင် ဖန်တွတ်တွတ်နဲ့ ....။ ဟင်းချက်စားလို့တအားကောင်းတာဗျ....။”


ကျန်တဲ့ ကျွန်မတို့နှစ်ယောက်ကလည်း သပြုသီးဆိုတာကို ကြားရုံပဲ ကြားဖူးပြီး မမြင်ဖူး၊ မစားဖူးကြောင်းများကို ပြောကြပါတယ်။ ဒါနဲ့သူက....

“ခင်ဗျားတို့ကို တစ်ခု ပြောပြမလို့ဗျ .... ”

ကျွန်မတို့နှစ်ယောက်ကလည်း စိတ်ဝင်တစားနဲ့ပေါ့.....

“ကျွန်တော်တို့ ရခိုင်ပြည်မှာဆိုရင် ခုနလိုမျိုး အသက်ကြီးခါမှ မိန်းမငယ်ငယ်လေး ယူကြတဲ့သူတွေကို လူ့သပြုသီးလို့ ခေါ်ကြတယ်။ လူ့သံပုရာသီးနဲ့ အဓိပ္ပာယ်တူတယ်။ ဆိုလိုချင်တာကတော့ဗျာ.... အဲလိုလူမျိုးတွေဟာ ဂွတီးဂွကျ အချိုးအပေါက်ကမပြေ လူ့ကန့်လန့်တွေဖြစ်ပြီးတော့ ငယ်ငယ်တုန်းက မစွံနိုင်ခဲ့ကြဘဲ အသက်ကြီးကာမှ မိန်းမက လိုချင်လာပြန်တော့ ဒီလိုမိန်းမငယ်ငယ်လေးတွေကို ကောက်ယူကြတဲ့သူတွေ ကြီးလေချဉ်လေ ဆိုပြီး ပြောတဲ့သဘောပေါ့ဗျာ....ဟားဟား....”

သူက အဲဒီလို အာပေါင်အာရင်းသန်သန်နဲ့ ပြောပြီး တဟားဟားနဲ့ ရီပါတော့တယ်။ ကျွန်မကလည်း ဘယ်နေလိမ့်မလဲ .... သူပြောတာကို အပြည့်အ၀ ထောက်ခံတဲ့ အနေနဲ့ တ၀ါးဝါး ရီမိတာပေါ့.....။

ကျွန်မတို့နှစ်ယောက်ကသာ တဟားဟား တ၀ါးဝါး ရီနေပေမယ့် ခုနက အင်ဂျင်နီယာအသစ်ဦးကြီးကတော့ လိုက်မရီပဲ ပြုံးရုံလေးပြုံးပြီး ခေါင်းလေးကိုလည်း တဆတ်ဆတ်ညိတ်နေပါတယ်။ ပြီးမှ ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်ပြီး....

“ဒါဆိုရင်တော့ အဲဒီလူ့သပြုသီး၊ လူ့သံပုရာသီးဆိုတာတွေထဲမှာ ကျွန်တော်နဲ့ ကျွန်တော့်အဖေနဲ့ ပါသွားပြီပေါ့ဗျာ.... ကျွန်တော့်အဖေနဲ့ အမေက အသက်၂၀ကွာတယ်.... ကျွန်တော်နဲ့ ကျွန်တော့်မိန်းမနဲ့က ၁၂နှစ်ကျော် ၁၃နှစ်နီးပါးကွာတယ်ဗျ.....”

ဆိုပြီး သူ့စားပွဲသူပြန်သွားပါတယ်။

“ဟင်......”

ကျွန်မတို့နှစ်ယောက်လည်း တ၀ါးဝါးရီနေရာကနေ တုံ့ကနဲ ရပ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ကျွန်မကတော့ ကပြာကယာ ကျွန်မစားပွဲဘက်ကို ပြန်မျက်နှာမူလိုက်ပြီး အလွန်အင်မတန်မှ ရီချင်နေတဲ့ ကျွန်မကိုယ်ကျွန်မ အသံထွက်မသွားမိအောင် အောက်နှုတ်ခမ်းတွေကို သွားနဲ့ဖိကိုက်ထားပြီး ခေါင်းကြီးကို အောက်ငုံ့ကာ အတွင်းထဲကနေသာ လှိုက်လှိုက်ပြီး အူတက်နေမိပါတော့တယ်။ သြော်..... တိုက်ဆိုင်လိုက်လေခြင်း...။ မိန်းမငယ်ငယ်လေး ယူထားတဲ့ သူကို အလယ်တည့်တည့်မှာ ထားပြီး လူ့သပြုသီး အကြောင်းကို ပယ်ပယ်နယ်နယ် အဓိပ္ပာယ်ဖွင့်ပြီး ပွဲကျနေကြတာလေ။ (နောက်မှသိရတာ အဲဒီဦးကြီးက အိမ်ထောင်ကျတာလည်း သိပ်မကြာသေးဘူးတဲ့။ ကလေးလေးကမှ အခုဆို ဆယ်လသားလေးပဲ ရှိပါသေးတယ်တဲ့။)

မန်နေဂျာ ဦးကြီးကလည်း ..... အားတုံ့အားနာ လေသံကြီးနဲ့....

“အင်း....အဲ....ဒါပေမယ့် ခင်ဗျားနဲ့ ခင်ဗျား အဖေနဲ့က ကျွန်တော့်သူငယ်ချင်းလောက်တော့ မဆိုးသေးပါဘူးဗျာ...အဟဲ....”

ဆိုပြီး ပြေရာပြေကြောင်း လှမ်းပြောပေမယ့် ဟိုဘက်ကတော့ ဘာသံမှ ပြန်ထွက်မလာတာနဲ့ သူလည်း သူ့စားပွဲဘက်သူလှည့်ကာ ဖုံးကြီးကောက်ကိုင်ပြီး ဟိုလူ့ဖုံးခေါ်လိုက် ဒီလူ့ဖုံးခေါ်လိုက်နဲ့ ဖုံးတွေသာ တရစပ် ဆက်နေပါတော့တယ်။

ကျွန်မမှာလည်း အဲဒီလို ခေါင်းကြီးငုံ့ နှုတ်ခမ်းကိုက်ပြီး ဘယ်လောက်ကြာကြာ အသံတိတ် ရီနေမိမှန်းကို မသိတော့တဲ့အပြင် နောက်ပိုင်းမှာ အဲဒီအင်ဂျင်နီယာဦးကြီးကို တွေ့တိုင်းလည်း မန်နေဂျာကြီးပြောတဲ့ လူ့သပြုသီး၊ လူ့သံပုရာသီးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သွားသွားသတိရပြီး တစ်ယောက်တည်း ပြုံးမိနေတော့တာပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(မှတ်ချက်။ ။ဘောလုံးပွဲမှာ အီတလီရှုံးပြီး ပြန်သွားရတာနဲ့ပဲ လူလည်းတော်တော်ခံစားလိုက်ရပါတယ်။ အဲဒါနဲ့ စိတ်ညစ်ညစ်နဲ့ ရီစရာလေးတွေ ရှာကြံတွေးရင်း ဒီအဖြစ်လေးကို သွားသတိရပြီး ချရေးလိုက်မိတာပါ။သပြုသီးအကြောင်းကိုသိအောင် ထပ်မံပြောပြပေးတဲ့ ရခိုင်မလေး ညီမလေး မေချိုချိုထွန်းကိုလည်း ကျေးဇူးတင်ပါတယ်။ )

25 comments:

mg lay said...

ရီလိုက်ရတာဗျာ....
အမတို့နှယ်...ဖြစ်မှဖြစ်ရပလေတယ်....
အဲဒီ ဦးကြီးခမျာလည်း သပြုသီးမြင်တိုင်း သု့အကြောင်းသူ
အမြဲတွေးနေမိတော့မှာပဲ

Anonymous said...

သပြုသီး သံပုရာသီး ဘာသီးဖြစ်ဖြစ်ပါလေ စားကောင်းရင် စားကြမှာပေါ့ ဒေါ်အင်းဂျင်းရဲ့
ဒါကြောင့်ပြောတာပေါ့ နေ့ပြောနောက်ကြည့်လို့
ကြီးရင်မှီ ငယ်ရင်ချီတဲ့
မှီတဲ့အထဲ ချီတဲ့အထဲ ပါချင်လို့နေမှာပေါ့နှော


ခင်မင်စွာဖြင့်
မမလေး seesein

SHWE ZIN U said...

အတင်းပြော ကောင်းတဲ့ အင်ဂျင်နီယာ ၂ယောက် ကောက်ရိုက်မသွားတာ တော်သေးတာပေါ့

ဟားးးးးးးးးးးးးးးးးးးးးးးးးး

ဒီနေ့ လည်း အင်ဂလန်အသင်း ငိုရအုန်းမယ် ထင်တယ်

ချစ်တဲ့
မမရွှေစင်

မောင်မိုး said...

အဟေးးဟေးးးအခုပဲ သပြုသီးနဲ့ ကြက်ရိုးနဲ့ ဟင်းချိုချက်သောက်တယ်။ အခု သပြုသီးပို့စ်နဲ့တွေ့ရပြန်ပြီ။ အင်ကြင်းရဲ့သူငယ်ချင်းမကို ပြန်မေးကြည့်လိုက်။ နွားခရမ်းသီး ဆိုတာ ဘာလဲလို့။

thaw zin soe said...

ချစ်ခြင်းသာအဓိကလို့ထင်ပါတယ်ဗျာ.. စစ်မှန်မှုရှိရင်တော့ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်နိုင်ကြမှာပါ..
...........
ဟုတ်တယ်ဗျာ... အီတလီကြီး ရှုံးသွားတာ စိတ်မကောင်းဘူး..

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့အရပ်မှာလဲသပြုသီးဆိုတာ ရှိပ..
သနပ်လုပ်စားကြတယ်..
အင်း လူသပြုသီးတော့ဖြစ်ချင်ဘူးအေ..
တော်ပြီ တစ်ဦးတည်း နေတော့မယ်..း)
အီတလီရှုံးတာ အေးအေးမနေဘူး ပိုစ့်က တင်လိုက်သေးတယ် ဟွန့်
ပြောချင်ဘူး... မနေ့က ကိုးရီးယားတွေတော့ ကမ်ချီလုပ်ဖို့ အိမ်ပြန်သွားကြပြီ.. ဟိဟိ..
တို့စပိန်ဘဲကျန်တော့တယ်.. သူတို့လဲ ဘယ်တော့ နွားရိုင်းကွင်းထဲ ပြန်ရောက်မလဲမသိ...

မြတ်မွန် said...

ဟားဟား..ရယ်လိုက်ရတာ..အူကိုနားသွားတာပဲ ချစ်ရယ်..။ မျက်လုံးထဲမှာ ဂျင်းတစ်ယောက် ကြိတ်ရယ်နေမှာကို တွေးပြီး တစ်ယောက်ထည်း တစ်ဟားဟား ရယ်နေမိတယ်။ ပြီတော့မှ စဉ်းစားမိတယ် မွန်ပါးပါးနဲ့ မားမားလည်း အသက်ကွာတာ တွေးမိပြီး အရယ်ရပ်သွားရတော့တယ်..။ :P

ချိုကျ said...

ကြံကြံဖန်ဖန် အင်ကြင်းရယ် ဟားဟား ဖြစ်မှဖြစ်တတ်ပေ့ တော်ပြီတော်ပြီ မိန်းမ မြန်မြန်ယူမှပါ တော်နေကြာ သံပရာသီး ဖြစ်လိုက် သပြုသီးဖြစ်လိုက်နဲ့ လုံးခြာလည်နေတော့မှာပဲ :)

ခင်တဲ့(ချိုကျ)

မြစ်ကျိုးအင်း said...

ကျနော်တို့လည်း အလုပ်အသွား အပြန် လမ်းမှာ အဲဒီလို စုံတွဲတွေ တွေ့ရင် သူလည်း သွား မကောင်းလို့နဲ့တူတယ် မြက်နုလေး ရွေးတတ်တယ်ဆိုပြီး မနာလို လေသံနဲ့ ပြောတတ်ကြတယ်။

သူများကို သွားရီရင် ဝဋ်လည်တတ်တယ်နော်
ဟဲဟဲး)

noblemoe said...

ဂျင်းရေးးရီရပါတယ်။အသံမထွက်အောင် မနည်းကို ထိန်းထားရတာ။ ရုံးမှာခိုးဖတ်မိတဲ့ဒုက္ခ ရယ်ချင်တာတောင်မလွတ်မလပ်နဲ့ကွယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

သဒ္ဓါလှိုင်း said...

ဂျင်းရေ..
သပြုသီးကဟင်းရည်ချက်သောက်ရင်ကောင်းပါ့..
အီတလီရှုံးတာ ငိုနေတာပေါ့လို့ထင်နေတာ..လွဲတာပဲ...
တို့ကခုထိ....ပေါ်တူဂီ...
ရှေ့ပြောနောက်ကြည့်ဆိုတာ သိပ်မှန်တာပဲနော်..
နောက်ဆိုသတိထားဂျင်းရေ... ဖြစ်တတ်တယ်..

ခင်တဲ့
သဒ္ဓါ

ခိုင်နုငယ် said...

သပြု့သီးဆိုတာကြားဖူးပေမယ့်မမြင်ဖူးဝူး။
ခုမှပဲပုံထဲကသပြုသီးကိုလည်းကြည့်ရင်း..
စာဖတ်လိုက်ရတော့..ပြုံးရင်းရယ်သွားပါတယ်။

ဇွန်မိုးစက် said...

အစ်မ ငယ်ငယ်ထဲက သပြုသီးစားဖူးတယ်။ အရည်သောက် ချက်စားတာ အရမ်းကောင်းတယ်။း)
အင်ကြင်းပြောတာဖတ်ပြီး တွေးမိသွားတယ်။ အစ်မ အဖိုးနဲ့အဖွား၊ ဦးလေးနဲ့အဒေါ်၊ အဖိုးဝမ်းကွဲနဲ့ အဖွားဝမ်းကွဲ ၁၅နှစ်ကနေ ၂၀အထိ ကွာကြတယ်။
လောလောဆယ်တော့ အမေချက်တဲ့ သပြုသီးဟင်း အရမ်းစားချင်သွားပြီ။း(

အင်ကြင်းသန့် said...

ဒီပိုစ့်လေးကို လာရောက်အားပေးသွားကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပိုစ့်လေးနဲ့ပတ်သက်ပြီး ကျွန်မအပေါ်မှာ အထင်အမြင်ကောင်းလွဲသွားနိုင်တာကို အခုမှရုတ်တရက်စဉ်းစားမိလို့ပါ။ ဒီပိုစ့်လေးကို ကျွန်မရေးတာ အဲဒီလို အသက်ကြီးကြီးလူတွေက အသက်ငယ်ငယ်ကောင်မလေးတွေကို ယူထားတာကို လှောင်ပြောင်ကဲ့ရဲ့ပျက်ရယ်ပြုလိုတဲ့ စိတ်မျိုးနဲ့ရေးတာမျိုးမဟုတ်ပါဘူး။ မောင်လေးသော်ဇင်စိုးပြောသလိုပါပဲ ချစ်ခြင်းသာအဓိကပါ။ ကြီးတာငယ်တာနဲ့ဆိုင်မယ်မထင်ပါဘူး။ ကျွန်မဒီပိုစ့်လေးကိုရေးတဲ့ အဓိကအကြောင်းအရာက ကျွန်မတို့နှစ်ယောက်က အင်ဂျင်နီယာအသစ်ဦးကြီးအကြောင်းကို ဘာမှမသိပဲနဲ့ မရည်ရွယ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ကိုရှေ့တည့်တည့်ထားပြီးလူ့သပြုသီးအကြောင်းကို အဓိပ္ပာယ်အားရပါးရဖွင့်ပြီး ရီမိကြတဲ့ အဖြစ် (တိုက်ဆိုင်လွန်းလှတဲ့ အဖြစ်) ကို ရေးချင်ရုံသက်သက်နဲ့ရေးလိုက်မိတာပါ။

အားလုံးကို ချစ်ခင်စွာဖြင့်
အင်ကြင်း

စိုင်းလင်းတိုင်း said...

အော်...အော်...
ကြားဖူးပါသည်...
လူ့သဲပုသီးဆိုတာ ဒလိုကိုး.. အဟက် အဟက်း)

sosegado said...

ဖတ်ရတာပျော်စရာကြီးပါပဲ၊ ရှေ့ပြောအလြဲကည့် ဖြစ်နေပြီ၊ ကျနော်သူငယ်ချင်းကတော့ သူ့မိန်းမက သူ့ထက် ၁၀ နှစ်ကျော်ကြီးပါတယ်၊ ချစ်တာအဓိကပါ၊

ခရေညို said...

အင်းနော် သူ့ကိုပြောသလိုဖြစ်သွားတာပေါ့ ဟားဟားရယ်ရတယ်ဟေ့

ညလင်းအိမ် said...

အဟားဟား ... အဲဒီထဲမှာ အနော်တော့ ပါချင်ဘူး တီလေးရာ ...

ဂျင်းလည်း မပါစေနဲ့ ...း)))

chit su said...

This fruits can also get at Mon State. I had been eaten at there. I liked this taste all the way. I think, u will be like it. My grandmom cooked it with prawn or fish. I konw how to cook it so I have chance I'll cook for you.


Love With,
Chit Su.

p.s Sometime I saw these fruits at some of Yangon market, but not really fresh.

ဏီလင်းညို said...

အင်ကြင်းရေ........

အဲ့ဒါတော့.......နည်းနည်းများသွားတယ်ထင်တာပဲလေ......။
သူ့ခမြာ....ဘယ်လောက်စိတ်အနှောက်အယှက်ဖြစ်သွားရှာမလဲလို့ ကိုဏီးတော့ တွေးရင်းသနားမိတာပဲ......။
ရီဖို့နေနေသာသာလေ........။
အခြေအနေ......အကြောင်းအမျိုးမျိုးပေါ်မှာ ဖြစ်တည်ရှင်သန်နေရတဲ့ လူ့ဘောင်အသိုင်းအ၀ိုင်းမှာ ဘယ်အရာမှ တရားသေသတ်မှတ်လို့ မရဘူးထင်တာပဲလေ.........။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

သက်ဝေ said...

ညီမ ဂျင်း...
လူ့သပြုသီးတဲ့... မကြားဖူးဘူး...
ရယ်လိုက်ရတာ...
သူ့ရှေ့တည့်တည့်မှ ပြောမိလေတယ်...း))

ThuHninSee said...

အဲဒီသပြုသီးလေး အစ်မကို ပေးပါလား။ ရခိုင်မှာ ပေါလားတော့မသိဘူး။ အိမ်မှာ ခနခနချက်စားတယ်။ မွန်ဟင်းထင်တာပဲ။ ငါးကြင်းလေးနဲ့အရည်သောက်လေးချက်စားလိုက်ရ တယ်အရသာရှိတာပဲ။
လူ့သဗြုသီးကိုတော့ ငါးကြင်းနဲ့စားမရဘူးထင်တယ်။
:D

နေ၀သန် said...

း)))... ဟားဟား... ရယ်လိုက်ရတာ... လူ့သပြုသီးတဲ့..း)). ဝေါဟာရ တိုးသွားပြီ အမရေ...


ခင်မင်တဲ့
နေ၀သန်

အနမ်း said...

သပြုသီးအကြောင်းအခုမှကောင်းကောင်းသိတယ်။း))
နေ့ပြောအောက်ကြည့် ညပြောနောက်ကြည့်ဆိုလားပဲ နော်။ သတိထားး))

Anonymous said...

ဇါတ်လမ်းပာုပင်ပြောရမလား ၊အဓိပ္ပါယ်ကောက်ဟုပဲ ပြောရမလား၊ အစိုးရိမ်ကြီးနေကြသော တစ်ချို့ တစ်ချို့ တွေအတွက်ပါ၊ အောက်ပါအတိုင်း၊ ရှင်းလင်းချင်ဎါသည်။
၁) သဗြုသီး အကြာင်း စကားကြုံ၍ ချက်စားပုံ ချက်စားနည်းနှင့် တစ်ကွ ၊ ရခိုင်ပြည်မြောက်ပိုင်းတွင် ၎င်းနှင့် ပတ်သက်၍ ခိုင်းနှိင်းသုံးစွဲကြသည့်ဓလေ့ကို ဆိုလိုရင်း၊ အလုပ်ခွင်မိတ်ဆွေချင်းစကား ဖလှယ်ခြင်းသာဖြစ်ပါသည်။
၂) အသက်ကွာခြားတိုင်း သတိုးသားဖြစ်သူအား လူ့သဗြုသီးဟူ၍ မခေါ်ဆိုပါ။ သမီးအရွယ် မိန်းကလေး တစ်ယောက်အား၊ ဓနငွေကြေးအားဖြင့် သော်လည်းကောင်း၊ အာဏာ အရှိန်အဝါအား ဖြင့် သော်လည်းကောင်း အဓမ္မ ရယူသိမ်းပိုက်ကြသည့် အသက်ကြီးလေလေ ပိုပိုလောဘ ဒေါသ မောဟ များလေလေဖြစ် သော လူ့ချဉ်ဖတ်ကြီး များကိုသာ လူ့သံပုရာသီး၊ လူ့သဗြုသီး ဟူ၍၊ နာမည်ရှေ့မှ သဗြုသီး တပ်ခေါ်ခံထိ သူများ ယနေ့တိုင် ရခိုင်ပြည်မြောက်ပိုင်းတွင်ရှိပါကြောင်း၊ အရေး အသားကောင်းလှသော တူမ လိုခင်မင်ရင်းနှီးရပါသော အင်းကြင်း ရေးသော လူ့သဗြုသီး လူ့သံပုရာသီး Blog အား comment ရေးသား ရှင်းလင်းလိုက်ရ ပါသည်။
၃) Ma ShweZin U တစ်ယောက်လဲ online ပေါ်မှ comment ပေးခြင်းဟာ၊ ရုံးခန်း တစ်ခုထဲမှာ သုံးယောက်ထဲ ပြောခြင်းထက် ပိုပြီး ရှေ့ နောက် ဘေး ဝဲယာ အပေါ်အောက် အကုန်ကြည့်သင့်ပါကြောင်း စကားလက်ဆောင် ပါးပါရစေ။
၎) တူမလေး မအင်ကြင်း တစ်ယောက် ဒီထက်မကတဲ့ blog တွေနဲ့၊ ဖတ်ရူသူ ပရိတ်သတ် တွေကို ရွင်လန်းနိုင်ပါစေ၊

စီမံကိန်း ရုံးဟောင်းတုံးက မန်နေဂျာဦးကြီးကော၊ အင်ဂျင်နီယာဦးကြီးပါ တူမကြီး blog ကိုအားပေးလျက်ပါ၊ ဒါပေမယ့် တူမတို့ရဲ့ ဖိတ်စာရော၊ ဖိတ်ကြားခြင်ပါ မခံရတဲ့အတွက် စိတ်ဆိုးနေကြပါတယ်။

ဦးကြီးများ၊