
အခုလို မိုးတွေရွာနေတဲ့ အေးချမ်းတဲ့ ဇွန်လရဲ့ နံနက်ခင်းလေး တစ်ခုမှာပေါ့ ..... ကျွန်မကို မေမေက မွေးဖွားခဲ့တာလေ။ အဲဒီနေ့လေးက အင်္ဂလိပ်လို ဆိုရင်တော့ ဇွန် ၁၃၊ မြန်မာလို ဆိုရင်တော့ နယုန်လဆုတ် ၇ ရက်နေ့ဖြစ်ပါတယ်။ တနင်္ဂနွေသမီးဖြစ်တဲ့ ကျွန်မကို ဖေဖေ၊ မေမေတို့က အင်ကြင်းသန့် ဆိုတဲ့ နာမည်လေးကို ပေးခဲ့ကြတယ်။ မေမေက ပြောဘူးတယ်။ ကျွန်မငယ်ငယ်တုန်းက ပုခက်ပေါ်မှာ မအိပ်ဘူးတဲ့။ အိပ်ပြီဆိုရင် လူပေါ်မှာ အမြဲချီထားရတယ်တဲ့။ လူပေါ်ကနေ ချလိုက်တာနဲ့ ငိုတော့တာပဲတဲ့။ အဲဒီတော့ ဖေဖေနဲ့ မေမေ့မှာ အမြဲ တစ်လှည့်စီ ငုတ်တုတ်ထိုင်ပြီး ပေါင်ပေါ်မှာ ကျွန်မကို တင်ထားပြီး အိပ်ရတယ်တဲ့လေ။
ဒါတွေကို ကျွန်မကြီးလာတော့ ဖေဖေနဲ့ မေမေက ရီစရာလိုလို ပြန်ပြောပြခဲ့တာပါ။ ငယ်ငယ်တုန်းကတော့ ရီနိုင်ခဲ့ပေမယ့် အခုတော့ ပြန်တွေးမိရင် မရီနိုင်တော့ပါဘူး။ စိတ်ထဲမှာလည်း မကောင်းဘူး။ ဖေဖေနဲ့ မေမေ အဲဒီတုန်းက ဘယ်လောက်များ ဒုက္ခများလိုက်မလဲလို့ တွေးလိုက်မိတိုင်း စိတ်မကောင်းဖြစ်ရတယ်။
ဒီလိုနဲ့ ကျွန်မ တဖြည်းဖြည်း ကြီးလာတော့ အခုထိ ပြောစမှတ်ဖြစ်ကျန်တဲ့ အဖြစ်တစ်ခုက ရှိသေးတယ်။ ကျွန်မဟာ နံနက်တိုင်း မိုးလင်းပြီဆိုတာနဲ့ မုန့်ဟင်းခါး စားချင်လို့ မစားရမချင်းကို ဂျီကျတော့တာပဲတဲ့။ ဘယ်လောက်များ ဂျီကျသလဲဆိုရင် ကျွန်မတို့ ဘေးအိမ်က လူတွေက ကျွန်မရဲ့နာမည်ရင်း အင်ကြင်းကို အင်ကြင်းလို့ မခေါ်ဘဲ ဂျီဂျင်း ဆိုပြီးတော့ကို ပြောင်းခေါ်တဲ့ အထိပဲတဲ့လေ။
မေမေက ကျောင်းဆရာမဆိုတော့ ကျွန်မကို မွေးဖွားပြီး မကြာခင်မှာပဲ ကျောင်းပြန်တက်ရတယ်။ အဲဒီတော့ ကျွန်မက အိမ်မှာ ကျွန်မကိုထိန်းဖို့ခေါ်ထားတဲ့ အစ်မကြီးနဲ့ ကျန်ခဲ့ရပါတယ်။ ကျွန်မတို့က အစိုးရ ၀န်ထမ်းလိုင်းမှာနေတာဆိုတော့ ဖေဖေ့ရုံးနဲ့ နီးတယ်လေ။ ကျွန်မဟာ သိတတ်တဲ့ အရွယ်ကတည်းက ဖေဖေ ထမင်းလာမကျွေးမချင်း မစားဘူးတဲ့။ အဲဒီတော့ ဖေဖေဟာ ဘယ်လောက်ပဲ အလုပ်တွေ ရှုပ်နေပါစေ။ ကျွန်မ ထမင်းစားဖို့ အချိန်ရောက်လာတာနဲ့ ရုံးက ပြန်လာပြီး ကျွန်မကို ထမင်းကျွေးရတယ်တဲ့လေ။
ဒီလိုနဲ့ ကျောင်းနေရတဲ့ အရွယ်ကိုရောက်လာရော ပြောပါတော့။ ကျွန်မ သူငယ်တန်းတက်တဲ့ နှစ်မှာ မေမေက ညီမလေးကို ကိုယ်ဝန်ဆောင်ထားရတယ်။ ဒါ့အပြင် ကျွန်မကလည်း ကျောင်းနေရပြီဆိုတော့ကာ မေမေက သူ့ရဲ့ ကျောင်းဆရာမအလုပ်ကနေ နှုတ်ထွက်လိုက်ရပါတယ်။ ကျွန်မ ကျောင်းစနေတော့ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် မေမေက ကျွန်မစာသင်ရတဲ့ စာသင်ခန်းကနေ လှမ်းမြင်ရတဲ့ နေရာမှာ ကျွန်မမြင်သာအောင် အမြဲစောင့်နေပေးရတယ်။ ကျွန်မက စာသင်နေရင်းကနေ မေမေ့ကိုပဲ လှမ်းလှမ်းကြည့်နေတာလေ။ မမြင်လို့ကတော့ ထွန့်ထွန့်လူးအောင် ငိုပြီသာမှတ်ပေတော့ပဲ။
ကျွန်မ မှတ်မိသေးတယ်။ အဲဒီတုန်းက ကျောင်းအုပ်ဆရာမကြီးက တော်တော်ဆိုးပါတယ်။ မိဘတွေကို အဲဒီလို မစောင့်ခိုင်းဘူး။ ငိုရင် ငိုတဲ့ကလေးကို လျှာဖြတ်ပစ်မယ်ဆိုပြီး ခဲတံချွန်တဲ့ဓါး သေးသေးလေးကို ပြပြီးတော့လည်း ခြိမ်းခြောက်တတ်ပါသေးတယ်။ ဒါပေမယ့် ကျွန်မကတော့ ဘယ်သူတွေ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မရပါဘူး။ မေမေ့ကို မမြင်တာနဲ့ အာခေါင်ကို ခြစ်ပြီး ငိုတော့တာပါပဲ။ အခုနေမှာ ကျွန်မ ပြန်တွေးမိတယ်။ ညီမလေးရဲ့ ကိုယ်ဝန်ကြီးနဲ့ မေမေဟာ ကျွန်မကို တစ်နေကုန် ကျောင်းမှာ အဲဒီလို စောင့်ပေးနေရတာ ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့လေ။ ကျွန်မဟာ ဘာလို့ အဲဒီလို ကလေးဆိုးလေး ဖြစ်ခဲ့တာလဲ။ ပြန်တွေးမိတိုင်း ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားရတယ်။
ဒီလိုနဲ့ မေမေက ညီမလေးကို မီးဖွားတော့ ကျွန်မကို လိုက်မကြည့်နိုင်တော့ကာ ကျွန်မရဲ့ အစ်မ၀မ်းကွဲ (ဆယ်တန်းကျောင်းသူ)ကို ကျောင်းမှာ ကျွန်မကို ကြည့်ရှုစောင့်ရှောက်ဖို့၊ မုန့်တွေဘာတွေဂရုစိုက်ပြီး ၀ယ်ကျွေးဖို့ မှာထားပါတယ်။ ကျွန်မက ငယ်ငယ်က အဆုတ်မကောင်းတော့ ဆရာဝန်က ကျွန်မကို ဇီးထုပ်တို့၊ ရေခဲချောင်းတို့ မကျွေးရဘူးလို့ မှာထားတယ်။ အဲဒီတော့ကာ ဖေဖေနဲ့ မေမေက အဲဒါနဲ့ ပတ်သက်လို့ အရမ်းဂရုစိုက်တယ်။ ဒါပေမယ့် ကျွန်မကလည်း မတည့်ပါဘူးဆိုတဲ့ ဇီးထုပ်နဲ့ ရေခဲချောင်းကိုမှ ရွေးကြိုက်တဲ့သူ ဆိုတာလိုမျိုး ဖြစ်နေတယ်။ တစ်နေ့ တစ်နေ့ ၀ယ်စားလိုက်သမျှ ဇီးထုပ်နဲ့ ရေခဲချောင်းကြီးပဲ ။ ကျွန်မ အစ်မကလည်း ကျွန်မကို ပြောမရမှန်း သိတော့ ဘာမှမပြောတော့ပါဘူး။ သူက ဘာပဲလုပ်သလဲဆိုတော့ ကျွန်မ၀ယ်စားသမျှ ဇီးထုပ်နဲ့ ရေခဲချောင်းအရေအတွက်ကို မှတ်ထားပြီး ညနေကျရင် မေမေ့ကို အကုန်ပြန်ပြောပြတယ်လေ :))) ။
ဒါတင်မကသေးပါဘူး။ ကျွန်မတို့ ငယ်ငယ်က ဗွီဒီယိုပြစက်ဆိုတာ အိမ်တိုင်းမှာ မ၀ယ်နိုင်သေးပါဘူး။ ကျွန်မတို့ မိသားစုနေတဲ့ ၀န်ထမ်းလိုင်းခန်းတွေရှိတဲ့ ကွင်းတစ်ကွင်းလုံးမှာမှ ဗွီဒီယိုပြစက်ရှိတဲ့ အိမ်က အရာရှိပိုင်း အိမ် နှစ်အိမ်လောက်မှာပဲ ရှိတာပါ။ အဲဒီမှာပဲ ကျွန်မတို့နဲ့အတန်ငယ်ဝေးတဲ့ ရပ်ကွက်မှာ ဗွီဒီယိုရုံဆိုတာ စတင်ပေါ်ပေါက်လာပါတယ်။ လူကြီးတွေက ဗွီဒီယိုရုံဆိုတာ လူစုံတယ်၊ စရိုက်စုံတယ်၊ ကလေးတွေအတုယူမှားရင် ပျက်စီးလွယ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဗွီဒီယိုရုံမှာ ဗွီဒီယိုသွားကြည့်ခြင်းကို ခွင့်မပြုကြပါဘူး။ အဲဒီမှာပဲ ကျွန်မ အစ်ကိုက တခြား အစ်ကိုဝမ်းကွဲတွေနဲ့ အတူ အဲဒီဗွီဒီယိုရုံမှာ မေမေတို့မသိအောင် ဗွီဒီယိုသွားသွားကြည့်တတ်ပါတယ်။ အဲဒီတော့ သူတို့တွေ အချင်းချင်း ပြောဆိုနေကြတာတွေကို ကြားပြီး ကျွန်မရဲ့စိတ်ထဲမှာလည်း ဗွီဒီယိုဆိုတာ ဘာလဲ၊ တီဗွီနဲ့ ဗွီဒီယိုဘာကွာသလဲဆိုတာကို အရမ်းကိုစိတ်ဝင်စားမိပြီး အရမ်းလည်း လိုက်သွားကြည့်ချင်နေမိပါတယ်။
ဒါနဲ့ တစ်ခါတော့ မေတ္တာနဲ့ ကွမ်းသီးရိုက်ထားတဲ့ ဗွီဒီယိုဇာတ်ကားတစ်ကားက အရမ်းကို နာမည်ကြီးနေပါတယ်။ ကျွန်မအစ်ကိုတွေက အဲဒီကားကို သွားကြည့်မယ်ဆိုတာကိုလည်း ကျွန်မက သိနေတော့ အရမ်း လိုက်သွားချင်နေတယ်။ ကိုကြီးကလည်း မေမေ့အဆူခံရမှာစိုးလို့ ကျွန်မကို မလိုက်ခိုင်းဘူး။ ကျွန်မကလည်း ဘယ်လိုတားတား မရပါဘူး။ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ အိမ်ကို ဧည့်သည်တွေ ရောက်လာပါတယ်။ ကျွန်မကလည်း ရသမျှအခွင့်အရေးကို လက်လွတ်မခံပဲ မေမေက ဧည့်သည်တွေကို ဧည့်ခံစကားပြောနေတုန်း ကျွန်မအစ်ကိုတွေနောက်ကို ဗွီဒီယိုကြည့်ရအောင် တိတ်တိတ်လေး လိုက်သွားပါတော့တယ်။
ပြန်လည်းလာရော ဒေါသတွေထွက်နေတဲ့ မေမေ့ကို ကျွန်မက မလိမ်မညာဘဲ အမှန်အတိုင်း ဗွီဒီယိုသွားကြည့်တာလို့လဲ ပြောလိုက်ရော ဘာပြောကောင်းမလဲ၊ မေမေက မောင်နှမ နှစ်ယောက်စလုံးကို ပေါင်တွင်းကြောတွေကို လိမ်ဆွဲတာများ အသားတွေ ပြတ်ထွက်ခမန်းပါပဲ။ နှစ်ဘက်စလုံးမှာ ရက်တော်တော်ကြာကြာကို အညိုအမည်းတွေ စွဲလို့ပါပဲ။ ကျွန်မကလည်း ကိုယ်က အပြစ်လုပ်ထားမိတာဆိုတော့ ဘယ်လောက်ပဲနာနာ မျက်ရည်တစ်စက်မကျ ကျိတ်ခံပါတယ်။
အဲဒီလိုပဲ မေမေ အတန်တန်တားနေတဲ့ ကြားထဲက မေမေ မသိအောင် လိုက်သွားကြည့်ခဲ့တာ နောက်တစ်ခုရှိသေးတယ် ..... နတ်ပွဲလေ။ မေမေက ကျွန်မတို့နားမှာ နတ်ပွဲတွေကပြီဆိုရင် ဘယ်တော့မှ လိုက်မကြည့်ခိုင်းပါဘူး။ အဓိက မေမေစိတ်ပူတာက နတ်ပွဲဆိုတာ လူတွေ တအားရှုပ်တဲ့ အပြင် နတ်ကတော်တွေက ကြည့်နေတဲ့ ပရိတ်သတ်ထဲက လူတွေကို ဆွဲဆွဲခေါ်ပြီး ကတတ်လို့ မေမေက စိတ်ပူတာပါ။ ဒါကြောင့်လည်း အကျိုးအကြောင်း ကျွန်မကို သေချာနားလည်အောင် ရှင်းပြပြီး မသွားရဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်မရဲ့စိတ်။ မေမေပြောသလို ဟုတ်သလား။ နတ်ပွဲဆိုတာ ဘယ်လိုမျိုးလဲ။ နတ်တွေဆိုတာရော တကယ်ရှိတာလား။ကိုယ်တိုင် သွားကြည့်ချင်တယ်။ မြင်ဘူးချင်နေတယ်။
အဲဒါနဲ့ နတ်ပွဲရှိနေတဲ့ တစ်ရက် နေ့ခင်းပိုင်း မေမေတရေးတမော အိပ်ပျော်နေတဲ့ အချိန် အစ်မ၀မ်းကွဲနဲ့ တိတ်တိတ်လေး လိုက်သွားပြီး နတ်ပွဲကို သွားကြည့်ပါတယ်။ ပြန်လည်းလာရော ထုံးစံအတိုင်းပေါ့။ မေမေက နတ်ပွဲသွားကြည့်တာဆိုတာကို သိလည်းသိရော ဒေါသတွေထွက်ပြီး ရိုက်လည်းရိုက်၊ ပေါင်တွင်းကြောတွေကိုလည်း လိမ်ဆွဲကာ ကျွန်မကိုအရမ်းကို စိတ်ဆိုးခဲ့ပါတယ်။
အဲဒီတုန်းက မေမေဘယ်လောက်ထိ ဒေါသထွက်လိုက်မလဲဆိုတာ ကျွန်မကြီးလာတော့ တဖြည်းဖြည်းတွေးလာမိတယ်။ မသွားပါနဲ့လို့ အကျိုးအကြောင်းပြောထားပြီး သေချာမှာထားတဲ့ကြားထဲက ကျွန်မက သွားဖြစ်အောင်သွားခဲ့တာလေ။ နောက်ပြီး ကျွန်မရဲ့ အကျင့်တစ်ခုက မေမေ့ကိုကျွန်မ လိမ်မပြောတတ်ခဲ့တာပါပဲ။ မေမေမကြိုက်တာကို ကျွန်မလုပ်ခဲ့တယ်။ ကျွန်မအနေနဲ့ ကျွန်မအစ်မတို့အိမ်မှာဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်မှာဖြစ်ဖြစ် သွားဆော့နေတာလို့ ပြောလိုက်ရင် ရပါတယ်။ ဒါပေမယ့် ကျွန်မ လိမ်မပြောခဲ့ဘူး။ နတ်ပွဲသွားကြည့်တာလို့ပဲ အမှန်အတိုင်းပြောခဲ့တယ်။ ကျွန်မ မေမေမကြိုက်တာတွေကို လုပ်ခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ လိမ်မပြောခဲ့ပါဘူး။ ဒါပေမယ့် တစ်ခါပါပဲ။ ကျွန်မ သိချင်တာ၊ စူးစမ်းချင်တာကို သိခွင့်ရပြီးရင်တော့ ကျွန်မက မေမေမကြိုက်တာကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မလုပ်ပါဘူး။
ကျွန်မက ကျွန်မ အပြစ်လုပ်မိလို့ အရိုက်ခံရရင်သာ မျက်ရည်မကျတာပါ။ တကယ်လို့ ကျွန်မမှာအပြစ်မရှိပဲ အရိုက်ခံရတယ်လို့ ထင်မိလို့ကတော့ အငိုမတိတ်တော့ပါဘူး။ ဆိုလိုချင်တာက တစ်ခါတစ်လေကျရင် ကျွန်မက ကိုကြီးနဲ့ ဖြစ်ဖြစ်၊ ညီမလေးနဲ့ ဖြစ်ဖြစ် တစ်ခုခုဖြစ်တယ် ဆိုပါတော့။ ကျွန်မမှာ အပြစ်မရှိဘူးလို့ ကျွန်မက ခံစားမိတယ်။ ဒါပေမယ့် မေမေက ကျွန်မမှာပါ အပြစ်ရှိတဲ့ ပုံစံနဲ့ ကျွန်မကို ဆူပြီးရိုက်တယ်ဆိုရင် ကျွန်မ အငိုမတိတ်တော့ဘူးသာ မှတ်ပေတော့။ ဘယ်အထိ ငိုကြောကရှည်နေသလဲ ဆိုရင် ဖေဖေရုံးက ပြန်လာတဲ့ အချိန်အထိပဲ။ မျက်ရည်တွေက ခြောက်နေပြီ။ ဒါပေမယ့် အသံက အိ...အိ....အိ....နဲ့ ငိုကြောကို ဆွဲဆန့်ထားတာလေ။
ဖေဖေပြန်လာတာကို မြင်တာနဲ့ ဖေဖေ့ဆီကို ပြေးပြီး ၀မ်းပန်းတနည်းနဲ့ တိုင်တော့တာပဲ။ ဖေဖေ့ခမျာမှာ ရုံးအိတ်လေး အသာချကာ အလုပ်ကပင်ပန်းလာတာတွေကို ဘေးချိတ်၊ ကျွန်မကို ကောက်ချီပြီး အငိုတိတ်အောင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ချော့ရတာလေ။ ကဲ .... ကြည့်ကြပါဦးနော်။ ကျွန်မဟာ ငယ်ငယ်တုန်းက ဘယ်လောက်များ ဆိုးလိုက်တဲ့ ကလေးလေးလဲလို့လေ။ ပြန်တွေးမိတိုင်းလည်း ကိုယ့်ကိုကိုယ် ခပ်နာနာသာ ရိုက်ပစ်ချင်မိတော့တာပါ။ နောက်တစ်ခါ အဲဒီလို ဆိုးဦးမလား ဆိုပြီးတော့လေ။
ဘာရယ်တော့ မဟုတ်ပါဘူး။ အသက်တစ်နှစ်ကြီးလာတာနဲ့ အမျှ ကိုယ့်ကိုကိုယ် ပြန်ပြီးဆင်ခြင်သုံးသပ်မိတော့ ငယ်ငယ်တုန်းက ဆိုးခဲ့တာတွေကို သွားသတိရမိလို့ပါ။ ဖေဖေ၊ မေမေတို့ကတော့ ကျွန်မကို ဆိုးတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ (လူပုံကြည့်တော့လည်း အဲဒီလိုမျိုး ဆိုးခဲ့လိမ့်မယ်လို့ ထင်မှ မထင်ရတာ :P)။ ဒါတွေက ခပ်ငယ်ငယ် သိပ်မသိတတ်ခင်တုန်းက ဆိုးခဲ့တာတွေပါ။ ကြီးလာခါမှ သိသိနဲ့ ဆိုးခဲ့တာတွေလည်း ရှိပါသေးတယ်။
အခုတော့ အသက်တွေ ကြီးလာတာနဲ့ အမျှ နောင်တတွေရလာတယ်။ ဖေဖေ၊ မေမေတို့ အပေါ်မှာ ဆိုးခဲ့မိသမျှတွေအတွက် တတ်နိုင်သမျှ ပြန်ပြီး ကျေးဇူးဆပ်ချင်တယ်။ ဘုရားရှိခိုးတဲ့ အခါတိုင်း ဆုတောင်းမိရင်လည်း “ဒီဘ၀မှာ မိဘတွေကို တတ်နိုင်သမျှ အကောင်းဆုံး ပြန်လည်ကျေးဇူးဆပ်ခွင့် ရသောသူ ဖြစ်ရပါလို၏ ” လို့ပဲ ဆုတောင်းမိတယ်။ အသက်တစ်နှစ်ကြီးကြီးလာတာနဲ့ အမျှလည်း ကိုယ့်ကိုကိုယ် တတ်နိုင်သမျှတော့ ပြန်လည် ဆင်ခြင်ပြီး လိမ္မာအောင် ကြိုးစားနေမိပါတယ်။ ခုတောင် ကျွန်မက တအားကို လိမ္မာနေပြီ။ ဆိုးကို မဆိုးတော့တာလို့ ထင်တာပဲ :)))။ (ကျွန်မနဲ့ အပြင်မှာ ခင်တဲ့သူတွေဆို ကျွန်မဘယ်လောက် လိမ္မာသလဲဆိုတာ သိတယ် :D)။
၁၃ ဂဏန်းကို တစ်ချို့တစ်ချို့သောသူတွေကတော့ မကြိုက်တတ်ကြပါဘူး။ ကျွန်မကတော့ ကျွန်မရဲ့ မေမေက အနှိုင်းမဲ့တဲ့ မေတ္တာတွေနဲ့ ကျွန်မကို မွေးဖွားပေးခဲ့တဲ့ ဒီ ၁၃ ရက်နေ့လေးကို အရမ်းမြတ်နိုးတယ်။ ဒီနှစ်မွေးနေ့လေးမှာ ကျွန်မအနေနဲ့ ဘာမှထူးထူးခြားခြား ကြီးကြီးကျယ်ကျယ်တော့ မလုပ်ဖြစ်ပါဘူး။ ကျွန်မကိုအရမ်းချစ်တဲ့ ကျွန်မရဲ့သူငယ်ချင်းနှစ်ယောက်က ချက်ပေးတဲ့ မုန့်ဟင်းခါးဆွမ်းနဲ့ အိမ်နားက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ သံဃာတော်တွေကို အာရုဏ်ဆွမ်းသွားကပ်မယ်။ ဒီလောက်ပါပဲ။ မြန်မာပြည်မှာတော့ ဖေဖေ၊ မေမေတို့က ကျွန်မရဲ့ မွေးနေ့ကုသိုလ်အဖြစ် ကျွန်မတို့ပြည်မြို့မှာရှိတဲ့ မိဘမဲ့ ကလေးများဂေဟာမှာ ထမင်းကျွေးကြလိမ့်မယ်။
တကယ်လို့သာ ကျွန်မရဲ့ ဘလော့ဂါသူငယ်ချင်း မောင်နှမတွေအားလုံးနဲ့ အပြင်မှာ နီးနီးနားနားသာဆိုလို့ကတော့ ကျွန်မက တကယ့်ကို အစားအသောက်တွေမျိုးစုံနဲ့ မွေးနေ့ပွဲကြီးကို ပျော်ပျော်ပါးပါး စည်စည်ကားကားကြီး ကျင်းပပစ်ချင်တာပါ။ အခုတော့ မောင်နှမတွေက အဝေးတစ်နေရာစီမှာ တစ်ကွဲတစ်ပြား ဖြစ်နေတော့ကာ လုပ်ချင်ရက်နဲ့ လုပ်ခွင့် မသာဘူးပေါ့လေ ။ တကယ်ကို စိတ်မကောင်းပါဘူး။ ဘာမှ မကျွေးဖြစ်တဲ့ အတွက် ခွင့်လွှတ်ကြပါနော် :)))။ ဓါတ်ပုံထဲမှာပါတဲ့ ကိတ်မုန့်ကိုတော့ ကြိုက်သလောက်သာ စားသွားကြပါလို့။ တကယ်လို့ ကျွန်မရဲ့ မောင်နှမတွေ ဒီစာကို ဖတ်ပြီး အဲဒီ ကလေးဆိုးဆိုးလေးကို အမြင်ကတ်သွားကြတယ် ဆိုရင်လည်း မွေးနေ့လက်ဆောင်အနေနဲ့ တစ်ယောက်တစ်ချက်စီသာ ရိုက်သွားကြပါတော့လို့ :D။
(မှတ်ချက်။ ။ပုံလေးကတော့ ထုံးစံအတိုင်း Google ကနေ ရှာထားတာပါ။)
40 comments:
TZA said...
ပို့စ်အသစ်မတွေ့သေးလို့ ဒီမှာပဲရေးလိုက်ပါမယ်..
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ဂျင်ဂျင်း..
(ကိုတီ (TZA) ရဲ့ မွေးနေ့ဆုတောင်းလေးပါ။ မနက်ကတည်းက အောက်ကပိုစ့်လေးမှာ လာဆုတောင်းပေးသွားလို့ ဒီမှာ ပြောင်းသိမ်းလိုက်တာ....)
အင်ကြင်းရေ....ယနေ့မှစ နောင်နှစ်ပေါင်း ရာကျော်စိတ်၏ ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးတယ်နော်။မိဘတွေအပေါ် ဆိုးခဲ့တာတွေကို ခုချိန်မှာ ပြန်ပြီးသိလို့ သတိလေးနဲ့ ပြင်ဆင်ပြီးနေနိုင်တဲ့အတွက် ချီးကျူးပါတယ်ဗျာ။ သမ္မီးလိမ္မာလေးတစ်ယောက်အဖြစ် အမြဲတန်းနေသွားနိုင်ပါစေလို့..
ခင်တဲ့(ချိုကျ)
ချစ်ညီမ အင်ကြင်းရေ
ပထမဆုံး မွေးနေ့ဆုတောင်း သူ မဖြစ်တော့ ဘူးနော်
Happy Birthday ပါ ညီမရေ.. ချမ်းမြေ့ပါစေ
ပျော်ရွှင်စရာ မိသားစု စုံစုံလင်လင် နဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းများ နဲ့ အတူ မွေးနေ့ပွဲလေး အမြန်ဆုံး ကျင်းပနိုင်ပါစေလို့လည်း ဆုတောင်းပေး ပါတယ်နော်
ညီမ မဆိုးပါဘူး လိမ္မာပါတယ်နော် .. အခုဆို ပိုတောင်လိမ္မာသေး
ချစ်ခင်စွာဖြင့်
မမရွှေစင်
ဂျီဂျင်း
happpy birthday
ခင်တဲ့
seesein
ညီမ အင်ကြင်း...
ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ...း))
နာမည်ပြောင်းခေါ်တော့မယ်ကွာ... ဂျီဂျင်းလို့။ ဆိုးခဲ့တာတွေအတွက် ခပ်ဆတ်ဆတ်လေး တစ်ချက်လောက် ရိုက်အုံးမှ။ လိမ္မာလာတဲ့အတွက်တော့ အာဘွားပေးမယ်။း)
အင်ကြင်းရေ... မထင်မှတ်ဘဲ မဇွန်နဲ့ညီမလေး ရက်ကပ်ပြီး တစ်လတည်းမွေးတာ၊ အီတလီအသင်း အားပေးတာချင်းတူတာ၊ အတွေးတွေ တော်တော်များများ တူတတ်တာတွေ သိရတော့ တကယ်ပဲ ၀မ်းသာမိပါတယ်။
“...” နှစ်မြောက်မွေးနေ့မှသည် အသက်ရှင်နေသမျှ ကာလပတ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံ၍ ဆန္ဒရှိသည့်အတိုင်း မိဘကျေးဇူးဆပ်ခွင့်ရသော၊ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးကို တတ်စွမ်းသ၍ သယ်ပိုးဆောင်ရွက်နိုင်သော သမီးအလိမ္မာ အင်ကြင်းလေး ဖြစ်ပါစေလို့ မဇွန်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးသွားပါတယ်။
Happy Birthday to you :)
“မိဘတွေကို တတ်နိုင်သမျှ အကောင်းဆုံး ပြန်လည်ကျေးဇူးဆပ်ခွင့် ရသောသူ” ဖြစ်ပါစေ ...
ဒေါ်ဂျီဂျင်း အဲလေ အင်ကြင်း
ပျော်စရာမွေးနေ့ဖြစ်ပါစေနော်..
သိပ်မဆိုးတော့ဘူးဆိုလို့ ၀မ်းသာပါတယ်ရှင်..
ခုလိုစောစောစီးစီးအမြင်မှန်ရတာ ၀မ်းသာစရာပါ..
ဘ၀တစ်လျှောက်လုံး ဘေးဘယာဝေးကွာလို့
ကျန်းမာချမ်းသာရှိပါစေ..
ချစ်သူခင်သူများနဲ့ ပျော်ရွှင်အဆင်ပြေစွာ အတူတူနေထိုင်ရပါစေ..
ဆန္ဒအားလုံးပြည့်စုံပါစေနော်..
ခရီးမထွက်ခင်ဆုတောင်းပေးသွားပါတယ်..
Happy Birthday to you. :)
ချစ်တဲ့
မချော ( www.missgreenlady.com)
lucky 7 ဆိုတိုင်းလည်းမလပ်ကီးတာတွေအများကြီးပါ..၁၃ကိုunlucky number ဆိုတိုင်းလည်းမမှန်ပါဘူး...ကျွန်မတော.၁၃ကိုမြတ်နိုးတယ်...ကျွန်မသမီးလေးကမတ်လ(၁၃)၇က်ဖွားလေ..''.Happy birthday ''ပါနော်...''may God bless you on your birthday and always''...
~ဟက်~ပီး~ဘတ်~ဒေး~
ပျော်ရွှင်စရာမွေးနေ့မှစတည်တိုင် မနက်ဖြန်များစွာမှာ စိတ်သွားတိုင်ကိုယ်ပါ၊ လိုရာဆန္ဒပြည့်ပါစေလို့ ဆုတောင်းပေးရင်း ပျော်ရွှင်ချမ်းမြေ့ပါစေ မအင်ဂျင်း :)
ZaunG
(Blog ရေးတာ နားထားရင်း မွေးနေ့ ပိုစ့်လေးကိုတွေ့လို့ လာမန့်သွား၏ )
အလို ...ဘကျောက်နဲ့ မီးဝင်မီးထွက်ပါလား...
ပျော်ရွှင်ချမ်းမြေ့ပါစေ ဆုတောင်းပေးရင်း..
ဘောလုံးပွဲ ကြည့်လိုက်ဦးမယ်ကွယ်..
အင်ကြင်းရေ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
လိုရာဆုလည်း ပြည့်ပါစေနော်။
မုန့်ဟင်းခါးပဲ ကျွေးပါ။ ကိတ်မုန့် မကြိုက်ဘူး။
၎ ဂဏန်း သမားက ထူးရင် ထူး မထူးရင် ရူးတာပဲတဲ့။
မှန်တယ် မလား။ :))
မအယ်
Happy Birthday... ညီမလေးအင်ကြင်း... ဘောပွဲလဲ နိုင်ပါစေ...း)
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ။
ဘဝမှာ အခက်အခဲများနဲ့လည်း ကြာမြင့်စွာ မကြုံတွေ့ဘဲ အလွယ်တကူ ဖြေရှင်းနိင်ပါစေ။
ကမ္ဘာ့ဖလား ကာလမှာ မွေးနေ့ ကျရောက်တာ ဆိုတော့ နောက်တကြိမ် မွေးနေ့ရောက်ဖို့ ၄ နှစ်တောင် ထပ်စောင့်ရမယ်နဲ့ တူတယ်လို့ ပေါက်ပေါက်ရှာရှာ တွေးမိသေးတယ်။
အီတလီတော့ မသိသေးဘူး အင်္ဂလန်ကတော့ ဒုက္ခပေးလွန်းတယ်။ မနက်စာလေး ပါသွားလို့ မွေးနေ့ကိတ်မုန့်ကို တဝက်ခွဲပြီး ပြန်သယ်သွားပါတယ်း)
ဂျင်းရေ....နောက်ကျသွားတယ်နော် အမ ဘလော့ဂ်မှာ ပိုစ့်က တက်မလာသေးဘူး၊ သူများဘလော့ဂ်သွားရင်းနဲ့ တွေ့လို့ ခုမှရောက်တာ၊ အရုပ်လှလှလေး ဝယ်ထားသေးတယ်၊ မောင်တီတို့ ဝိရီယ တယ်ကောင်း...၊ ညီမလေးဂျင်း လိုအင်ဆန္ဒများ အားလုံးပြည့်ဝ၍ မိဘကျေးဇူးဆပ်သော၊ သာသနာအကျိုး ယခုထက်မက ထမ်းဆောင်နိုင်သောသူ ဖြစ်ပါစေ....။
ချစ်ခင်စွာ
အမချစ်
ဟက်ပီဘက်ဒေးပါ ဂျင်း..
မွေးနေ့မှ နောင်လာမယ့် နှစ်တွေတိုင်းမှာ
ဂျင်းလေး တစ်ယောက်
ပျော်ရွှင်ခြင်းများသာ စွတ်ခူးနိုင်ပါစေ..။
မေမေတို့ကို ဂျီတဲ့ဂျင်း..ဂျီမကျရပဲ..
လိုအင်ဆန္ဒတွေ
တစ်လုံးတစ်ဝ ပြည့်ပါစေ..။
အချဉ်အငံ အစပ်
မတည့်တာမှ ကြိုက်တက်တဲ့ ဂျင်း..
ကျန်းမာခြင်းဆိုတဲ့ လက်ကြီးတစ်ပါးကို
ထာဝရ ပိုင်ဆိုင်နိုင်ပါစေ..။(ကျန်းမာရေးဂရုစိုက်နော်..ဂျင်း..)
ငယ်ငယ်က ဘယ်လောက်ဆိုးခဲ့ပေမယ့်..
ခုလိမ်မာသွားတဲ့ သမီးလိမ်မာလေး..
ကံကောင်းခြင်းတွေနဲ့သာ တွေ့ရပါစေ..။
အငိုသန်တဲ့ ဂျင်းက ..
ခုဆိုရင်
ရင့်ကျပ်တဲ့ မိန်ကလေးတစ်ယောက်ဖြစ်နေလေပြီ..
အရာရာကို စဉ်းစားချင့်ချိန်နိုင်တဲ့..
မိန်ကလေးတစ်ယောက် အဖြစ်..
အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါစေ..။
လို့ ဆုတောင်းပေးသွားပါတယ်ဂျင်းရေ..
လာလည်မှ အတိုးနဲ့အရင်းပေါင်းပြီးစားတော့မယ်နော်..။
မွေးနေ့ကို ခုမှ သိရတယ်..
မပြောဘူး စိတ်ဆိုးတယ်..။
မွေးနေ့နဲ့ မွေးရက်နဲ့တိုက်တယ်နော်..ဂျင်း..
မွေးနေ့ရှင်မို့ စိတ်ဆိုးတော့ဘူး..။:D
ကော်မန့် အရင်ရေးပြီးမှ စာဖတ်တယ်၊
ဪ ဆိုးလိုက်တဲ့ကလေး...တွေ့လို့က တင်ပါးပုပ်သွားအောင် ရိုက်အုံးမှ:P
ဝယ်ထားတဲ့ အရုပ်လည်း ပေးဖို့ စဉ်းစားအုံးမယ်။ ကြိမ်လုံးတချောင်းပဲ လက်ဆောင်ပေးရ ကောင်းမလား?
ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မွေးနေ့လေးပါခင်ဗျား..
မမအင်ကြင်း ယခုကျရောက်သော ဘယ်လောက်မှန်း မသိတဲ့မွေးနေ့ကနေ နောင် နှစ်ပေါင်း တစ်သောင်းထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေခင်ဗျား..
ငယ်ငယ်တုန်းက သမီး ဂျီဂျင်းလေးဖြစ်ခဲ့ပေမဲ့ နောင်လာမဲ့ အနာဂတ်မှာ သမီးလိမ်မာလေးကိုမွေးနိုင်ပါစေ.. ခစ်..ခစ်.. :P
HAPPY BIRTHDAY...
ပျော်စရာ မွေးနေ့လေးဖြစ်ပါစေ အင်ကြင်း..
ယခုမှစ နောင်နှစ်ပေါင်းများစွာတိုင် အသက်ရှည်
အဆင်းလှခြင်း ..ဥာဏ်ပညာကြီးခြင်း ..
ခွန်အားကြီးခြင်း..ပျော်ရွှင်ခြင်းများနှင့် ပြည့်စုံပါစေသော်.....
ချစ်ခင်လျှက်
ယွန်း
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ လို့ဆုတောင်းလိုက်
ပါတယ်ခင်ဗျ။
Happy Birthday!!
မိုးနဲ့အတူ ရောက်လာတဲ့ သူလေး
အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ..
ဂျီဂျင်းရေ
ဂျီမကျနဲ့နော် ဂျီတော့တောင် မနဲဝင်နေရတာ ကိုးနတ်ရှင်ကြီးက တောင်ပြုံးပွဲစတော့မှာမို့ မအားသေးဘူး ပူဇော်ပသချင်ရင်လည်း နောက်မှ ပူဇော် ပေးချင်းတာလည်း နောက်မှဘဲပေးတဲ့
တော်ကြာ ဒီထက်ပိုပြီးကိုင်လိုက်မှဖြင့် တခါတလေ တောင် လည်မရဘူးဖြစ်သွားမယ်
နောက်ကျရင်ပေးမယ် အတိုးနဲ့မှတ်ထား တနေ့နေ့ပေါ့ ပြောမရရင် ၀ါးခြမ်းပြား နဲ့ ကြက်မွေး ကြိုက်တာရွေး
အမလေး
seesein
ဂျီဂျင်းလေး
ဂျီမကျနဲ့ ဂျီတော့တောင် မနည်းဝင်နေရတယ်
ကိုးနတ်ရှင်ကြီးက ပွဲပြီးမှကောင်းတော့မယ်နဲ့တူတယ် (တောင်ပြုံးပွဲတော်ကို ပြောခြင်းဖြစ်) မတော်တရော်မတွေးရ။
ဂျီးဂျင်း ဂျီတော်တော်မကြပါနဲ့ ဂျီကြရင် ဂျီးတော်စည်းစိမ် ဂျိုပေးပြီး ပြန်ပြီ။
ခင်တဲ့
seesein
ဂျီဂျင်းလေး စိတ်မဆိုးကြေး ချစ်လို့ကြည်စယ်ပါတယ်
ဂျိုပေးပြီးလို့ ပြန်ချော့တာနော်
မွေးနေ့လက်ဆောင်ကို အကောင်းဆုံး စာအုပ်ရိုက်တင်ပေးပါ့မယ်။
ခင်တဲ့
seesein
ဂျီဂျင်းလေး စိတ်မဆိုးကြေး ချစ်လို့ကြည်စယ်ပါတယ်
ဂျိုပေးပြီးလို့ ပြန်ချော့တာနော်
မွေးနေ့လက်ဆောင်ကို အကောင်းဆုံး စာအုပ်ရိုက်တင်ပေးပါ့မယ်။
ခင်တဲ့
seesein
မိဘ ကျေးဇူး သိတတ် နားလည်တဲ့ သူ တတ်နိုင်သမျှ ပြန်ပြီး ကျေးဇူးဆပ် နေတဲ့သူ အတွက် ဆုတောင်းပေးတာ တွေထက် ကောင်းတဲ့ အရာတွေ ခံစားရမှာ သေချာပါတယ်။
ကျွန်တော်တို့ အားလုံး ၀ိုင်းဆုတောင်းပေး တာတွေထက် တန်ဖိုးရှိတာ တွေ အင်ကြင်း ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာပါ။
(ကျွန်တော်က နောက်ကျနေလို့ မွေးနေ့ ကိတ်က ကုန်သွားပြီ :) )
ခင်မင်စွာဖြင့်
ပေါ့ဆိမ့် (ဆင်တဲကဖေး)
ကဲပါ ဂျီဂျင်းရေးးးးးးးး ပိုစ့်ဖတ်နောက်ကျပေမဲ့ မွေးနေ့ ဆုတောင်းတော့တစ်လကြိုဆုတောင်းထားတာနော် အဲဒီလွဲတတ်တဲ့ မိုးကလည်း ဂျီကျတတ်တဲ့ဂျင်းဂျင်းကို ဒီလိုဆုပြန်တောင်းပေးမယ် နော် အဟင့်
သမီးလိမ္မာလေးအဖြစ်မိဘကျေးဇူးဆပ်နိုင်သလို ဂျင်းဂျင်းလည်းသာယာချမ်းမြေ့ပြီး လှပတဲ့ဘဝဖော်မွန်နဲ့လှပပြီးလိမ္မာတဲ့သားသားမီးမီးတွေ ပိုင်နိုင်ပါစေတော် သူငယ်ချင်းပြည့်ပြည့်စုံစုံလေးဆုတောင်းပေးလို့ စိတ်ဆိုးဖူးမှတ်လား အယ် ပြုံးနေပြီဟုတ် ဟီးဟီး ခင်လို့ နော် အဲဒီလို ဆုတောင်းပေးတာ...
မိုး
ဂျင်းဂျင်းရေ...
ယခုမွေးနေ့မှစပြီးနောက်နှစ်ပေါင်းနောက်နှစ်ပေါင်း
မွေးနေ့တွေမှာဂျင်းချစ်တဲ့မိသားစုတွေနဲ့အတူတကွ
မွေးနေ့ကိုဆင်နွှဲနိုင်ပါစေ..။
လိမ္မာတဲ့သမီးကောင်းတယောက်အနေနဲ့မိဘကို အသက်ထက်ဆုံးစိတ်ရှိတဲ့အတိုင်းအလုပ်အကျွေး
ပြုနိုင်ပါစေ..။
လောကအကျိုး၊သာသနာအကျိုးကိုလည်းသယ်ပိုး ထမ်းရွက်နိုင်တဲ့အမျိုးကောင်းသမီးလေးတယောက်
ဖြစ်ပါစေ...။
သစ္စာလေးပါး မြတ်တရားကိုသိမြင်နိုင်ပါစေ...။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သောဆန္ဒတွေ
အားလုံးပြည့်စုံနိုင်ပါစေ...။
မုန့်တွေကုန်သွားလို့ မစားခဲ့ရဘူး..။
ခင်တဲ့
သဒ္ဓါ
Too bad, all I see are squares! Anyway, have a very Happy Birthday my friend. I wish you all the best in life! You owe us lunch here in the branch office LOL!
ကြည့်စမ်း ငယ်ငယ်တုန်းက တော်တော်ဆိုးတဲ့ ကလေးမပဲ ...။ ဘာပဲဖြစ်ဖြစ် ကြီးလာတော့ မိဘအပေါ် နွဲ့ဆိုး ဆိုးခဲ့သူတွေအများကြီးပါ....။ ဒီလိုပဲ သူ့ဟာနဲ့သူ သိတတ်သွားကြတာပါပဲ...။ မွေးနေ့ဆုတောင်းလေး နောက်ကျသွားတယ်...။
Happy Belated Birthday နော် အင်ကြင်..။
်ခင်မင်စွာဖြင့်
မိုးငွေ့
အင်ကြင်းရေ......
အားလုံးဆုတောင်းပေးပြီးသွားပြီဆိုပေမယ့်......ကိုဏီး...ဆုတောင်းပေးပါတယ်ဗျာ......။
ငါ့ညီမလေး....ဘ၀လမ်းတစ်လျှောက်....စိတ်အနှောက်အယှက်ကင်းပါစေလို့ပဲဗျာ.......။
(နောက်ကျမှ လာဆုတောင်းပေးရလို့... မြန်မာ့အလင်းကပဲဖြစ်ဖြစ်၊ ကြေးမုံကပဲဖြစ်ဖြစ်.....အကိုဂျီးအဖြစ်က......စွန့်လွှတ်ဖို့ ကြေငြာမယ်ဆိုရင်တော့...တားပါရစေကွဲ့.....း))
ခင်မင်တဲ့
ဏီလင်းညို
happy မွေးနေ့ ပါ ...
အစ်မ အင်ကြင်း
တားတား အိုးခွက်ပန်းကန် လာမွှေတွားဒယ် Birthday ကိတ် ကျန်သေးလားလို့ပါး)
မွေးရက်နေ့မှ စ၍ သက်ဆုံးတိုင် အရာရာမှာ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ။
ဟက်ပီးးးး ချစ်မလေး မွေးနေ့ပါ...
နောက်ကျတယ်နော်... အဟီးးးးး
မွေးနေ့မှ ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ... သတိရပါတယ်...နော်။ FB ပေါ်ပဲရောက်နိုင်တယ်... မွေးနေ့ မွလည်း ပေးခဲ့တယ်နော်.... ဘွားးးးးးးးဇ်
Happy Birthday ပါ အင်ကြင်းရေ..။ နောင်နှစ်များစွာကိုလည်း ပျော်ရွှင်စွာဖြတ်ကျော်နိုင်ပါစေ။
နောက်ကျပြီးမှ မွေးနေ့ဆုတောင်းပေးတာ ခွင့်လွှတ်ပါ။ ဒီနေ့တော့ သေချာပြင်ဆင်ပြီးမှ ရောက်လာခဲ့ပါတယ်။ စိတ်မဆိုးနဲ့နော်။
နောက်ကျပြီးလာတဲ့ နောက်တစ်ယောက်ပါ ပျော်ရွှင်ချမ်းမြေ့ပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ။
ဝင်လည်ရင်းနဲ့ မွေးနေ့ နဲ့ တိုက်ဆိုင်နေလို့ 
ဆုတောင်းခဲ့ပါတယ်အမရေ မွေးနေ့ ပေါင်းများစွာကို
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နဲ့ သက္ကရာဇ်များစွာ
ကျော်ဖြတ်နိုင်ပါစေဗျာ . . . :)
ဂျင်းညီမလေး
ပျောက်ချက်သား ကောင်းလှတယ် တန်တော့ ညီမလေး ဘောပွဲကိုက်နေပြီလား ဦးလေးတွမ် တင်ပေးထားတယ် မဖတ်ဘူးလား
ခင်မင်စွာဖြင့်
seesein
ညီမရေ
လင့်ခ်ပြောင်းချိတ်လိုက်အုန်းနော်
http://www.shwezinu.com
ချစ်တဲ့
မမရွှေစင်
ဘောလုံးပွဲထဲ အာရုံရောက်နေတာနဲ့ပဲ ဘလော့ကို လုံးဝလှည့်မကြည့်ဖြစ်ပါဘူး။ ကျွန်မရဲ့မွေးနေ့လေးအတွက် ဆုမွန်ကောင်း တောင်းပေးသွားတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးကို အရမ်းကို ကျေးဇူးတင်မိ ၀မ်းလည်းသာမိပါတယ်လို့ ပြောပါရစေ.....
Post a Comment