Pages

Sunday, June 27, 2010

လူ့သပြုသီး၊ လူ့သံပုရာသီး

ကျွန်မအလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့လုပ်ငန်းလိုအပ်ချက်အရ ကျွန်မအနေနဲ့ ပြီးခဲ့တဲ့ အပတ်အထိ ဆိုဒ်ရုံးမှာ ယာယီသွားနေခဲ့ရပါတယ်။ ဆိုဒ်ရုံးဆိုတာက သိတဲ့အတိုင်း ရုံးချုပ်နဲ့ မတူဘူးလေ။ လွတ်လပ်မှုရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး စဟယ်နောက်ဟယ်နဲ့ ပျော်စရာလည်း ကောင်းပါတယ်။ နောက်တစ်ခုက ကျွန်မ အခုသွားနေခဲ့ရတဲ့ ဆိုဒ်ရုံးက မန်နေဂျာရော အင်ဂျင်နီယာတွေပါ မြန်မာတွေချည်းပါပဲ။

ကျွန်မတို့ရဲ့ မြန်မာမန်နေဂျာက ရခိုင်လူမျိုးပါ။ စိတ်ရင်းကောင်းလှတဲ့အပြင် နောက်နောက်ပြောင်ပြောင်နဲ့ ရီစရာများကိုလည်း ပြောတတ်ပါတယ်။ ကျွန်မကိုဆိုရင်လည်း ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအကြောင်း၊ ရခိုင်ဓလေ့ထုံးစံတွေ အကြောင်းကိုလည်း မကြာခဏပြောပြလေ့ရှိတယ်။ ရခိုင်မုန့်တီချက်သောက်တဲ့ အကြောင်းကိုများဆိုရင် ပီပီပြင်ပြင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်သာ ရှိအောင် ပြောပြတတ်လွန်းလို့ ကျွန်မမှာ တံတွေးတွေ မျိုမျိုချရတာဆိုတာ အကြိမ်ကြိမ်။

ကျွန်မဆိုဒ်ရုံးမှာ နေနေရစဉ် အတောအတွင်းမှာပဲ နောက်ထပ် မြန်မာအင်ဂျင်နီယာ ဦးကြီးတစ်ယောက် တစ်ခြားကုမ္ပဏီကနေ ပြောင်းလာပါတယ်။ မန်နေဂျာဦးကြီးနဲ့ အဲဒီအင်ဂျင်နီယာဦးကြီးနဲ့က အသက်တွေမတိမ်းမယိမ်းတွေပါပဲ။ ၄၅နဲ့ ၅၀ကြားတွေမှာ ရှိကြပါတယ်။ ကျွန်မနဲ့ဆိုရင် တူမနဲ့ ဦးလေးတွေလိုပဲ ပြောပါတော့။

ဒီလိုနဲ့ တစ်ရက် ကျွန်မမန်နေဂျာက သူ့စားပွဲမှာ အလုပ်လုပ်နေရင်းကနေ ကျွန်မဘက်ကိုလှည့်ပြီး (သူ့စားပွဲနဲ့ ကျွန်မစားပွဲနဲ့က ကျောချင်းကပ်ရက်ပါ)

“ဒီတစ်ပတ်တနင်္ဂနွေနေ့ သူငယ်ချင်း တစ်ယောက်ရဲ့ မင်္ဂလာဆောင်ရှိတယ်ဟေ့။ နေရာက အင်ကြင်းတို့နားက ဘုန်းကြီးကျောင်းမှာလေ။ အဲဒီသူငယ်ချင်းက အသက်က ၄၆နှစ်ရှိပြီ။ သူယူမယ့်ကောင်မလေးက အသက်၂၀တဲ့။ ကြည့်ပါဦး.....”

သူက ပြောလည်းပြော ရီလည်းရီကာ သူရတဲ့ ဖုံးမက်ဆေ့ကို ကျွန်မကို လှမ်းပြပါတယ်။

“ဟယ်....ဟုတ်လား။ အသက်က လည်း ကွာလိုက်တာနော်....”













ကျွန်မကလည်း ရီရီမောမောနဲ့ ပြန်ပြောရင်း သူပြတဲ့ မက်ဆေ့ကိုလည်း လှမ်းကြည့်ရင်းပေါ့။ (သူနဲ့ ကျွန်မနဲ့က ရီစရာများပြောပြီဆိုရင် တော်တော် အတိုင်ဖောက်ညီပါတယ်။)

အဲဒီအချိန်မှာပဲ ခုနအင်ဂျင်နီယာ အသစ်ဦးကြီးကလည်း ခုံတစ်ခုံကို သွားဆွဲယူလာပြီး ကျွန်မတို့နှစ်ယောက်ရဲ့ အလယ်မှာ ထိုင်လိုက်ပြီး မန်နေဂျာဦးကြီးပြောပြနေတာတွေကို ၀င်နားထောင်ပါတယ်။ တဆက်တည်းမှာပဲ မန်နေဂျာဦးကြီးက ....

“သပြုသီးဆိုတာကို ခင်ဗျားတို့ကြားဘူးကြလား။ ကျွန်တော်တို့ ရခိုင်မှာဆို အရမ်းပေါတာ....သူ့က အရသာက ချဉ်တင်တင် ဖန်တွတ်တွတ်နဲ့ ....။ ဟင်းချက်စားလို့တအားကောင်းတာဗျ....။”


ကျန်တဲ့ ကျွန်မတို့နှစ်ယောက်ကလည်း သပြုသီးဆိုတာကို ကြားရုံပဲ ကြားဖူးပြီး မမြင်ဖူး၊ မစားဖူးကြောင်းများကို ပြောကြပါတယ်။ ဒါနဲ့သူက....

“ခင်ဗျားတို့ကို တစ်ခု ပြောပြမလို့ဗျ .... ”

ကျွန်မတို့နှစ်ယောက်ကလည်း စိတ်ဝင်တစားနဲ့ပေါ့.....

“ကျွန်တော်တို့ ရခိုင်ပြည်မှာဆိုရင် ခုနလိုမျိုး အသက်ကြီးခါမှ မိန်းမငယ်ငယ်လေး ယူကြတဲ့သူတွေကို လူ့သပြုသီးလို့ ခေါ်ကြတယ်။ လူ့သံပုရာသီးနဲ့ အဓိပ္ပာယ်တူတယ်။ ဆိုလိုချင်တာကတော့ဗျာ.... အဲလိုလူမျိုးတွေဟာ ဂွတီးဂွကျ အချိုးအပေါက်ကမပြေ လူ့ကန့်လန့်တွေဖြစ်ပြီးတော့ ငယ်ငယ်တုန်းက မစွံနိုင်ခဲ့ကြဘဲ အသက်ကြီးကာမှ မိန်းမက လိုချင်လာပြန်တော့ ဒီလိုမိန်းမငယ်ငယ်လေးတွေကို ကောက်ယူကြတဲ့သူတွေ ကြီးလေချဉ်လေ ဆိုပြီး ပြောတဲ့သဘောပေါ့ဗျာ....ဟားဟား....”

သူက အဲဒီလို အာပေါင်အာရင်းသန်သန်နဲ့ ပြောပြီး တဟားဟားနဲ့ ရီပါတော့တယ်။ ကျွန်မကလည်း ဘယ်နေလိမ့်မလဲ .... သူပြောတာကို အပြည့်အ၀ ထောက်ခံတဲ့ အနေနဲ့ တ၀ါးဝါး ရီမိတာပေါ့.....။

ကျွန်မတို့နှစ်ယောက်ကသာ တဟားဟား တ၀ါးဝါး ရီနေပေမယ့် ခုနက အင်ဂျင်နီယာအသစ်ဦးကြီးကတော့ လိုက်မရီပဲ ပြုံးရုံလေးပြုံးပြီး ခေါင်းလေးကိုလည်း တဆတ်ဆတ်ညိတ်နေပါတယ်။ ပြီးမှ ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်ပြီး....

“ဒါဆိုရင်တော့ အဲဒီလူ့သပြုသီး၊ လူ့သံပုရာသီးဆိုတာတွေထဲမှာ ကျွန်တော်နဲ့ ကျွန်တော့်အဖေနဲ့ ပါသွားပြီပေါ့ဗျာ.... ကျွန်တော့်အဖေနဲ့ အမေက အသက်၂၀ကွာတယ်.... ကျွန်တော်နဲ့ ကျွန်တော့်မိန်းမနဲ့က ၁၂နှစ်ကျော် ၁၃နှစ်နီးပါးကွာတယ်ဗျ.....”

ဆိုပြီး သူ့စားပွဲသူပြန်သွားပါတယ်။

“ဟင်......”

ကျွန်မတို့နှစ်ယောက်လည်း တ၀ါးဝါးရီနေရာကနေ တုံ့ကနဲ ရပ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ကျွန်မကတော့ ကပြာကယာ ကျွန်မစားပွဲဘက်ကို ပြန်မျက်နှာမူလိုက်ပြီး အလွန်အင်မတန်မှ ရီချင်နေတဲ့ ကျွန်မကိုယ်ကျွန်မ အသံထွက်မသွားမိအောင် အောက်နှုတ်ခမ်းတွေကို သွားနဲ့ဖိကိုက်ထားပြီး ခေါင်းကြီးကို အောက်ငုံ့ကာ အတွင်းထဲကနေသာ လှိုက်လှိုက်ပြီး အူတက်နေမိပါတော့တယ်။ သြော်..... တိုက်ဆိုင်လိုက်လေခြင်း...။ မိန်းမငယ်ငယ်လေး ယူထားတဲ့ သူကို အလယ်တည့်တည့်မှာ ထားပြီး လူ့သပြုသီး အကြောင်းကို ပယ်ပယ်နယ်နယ် အဓိပ္ပာယ်ဖွင့်ပြီး ပွဲကျနေကြတာလေ။ (နောက်မှသိရတာ အဲဒီဦးကြီးက အိမ်ထောင်ကျတာလည်း သိပ်မကြာသေးဘူးတဲ့။ ကလေးလေးကမှ အခုဆို ဆယ်လသားလေးပဲ ရှိပါသေးတယ်တဲ့။)

မန်နေဂျာ ဦးကြီးကလည်း ..... အားတုံ့အားနာ လေသံကြီးနဲ့....

“အင်း....အဲ....ဒါပေမယ့် ခင်ဗျားနဲ့ ခင်ဗျား အဖေနဲ့က ကျွန်တော့်သူငယ်ချင်းလောက်တော့ မဆိုးသေးပါဘူးဗျာ...အဟဲ....”

ဆိုပြီး ပြေရာပြေကြောင်း လှမ်းပြောပေမယ့် ဟိုဘက်ကတော့ ဘာသံမှ ပြန်ထွက်မလာတာနဲ့ သူလည်း သူ့စားပွဲဘက်သူလှည့်ကာ ဖုံးကြီးကောက်ကိုင်ပြီး ဟိုလူ့ဖုံးခေါ်လိုက် ဒီလူ့ဖုံးခေါ်လိုက်နဲ့ ဖုံးတွေသာ တရစပ် ဆက်နေပါတော့တယ်။

ကျွန်မမှာလည်း အဲဒီလို ခေါင်းကြီးငုံ့ နှုတ်ခမ်းကိုက်ပြီး ဘယ်လောက်ကြာကြာ အသံတိတ် ရီနေမိမှန်းကို မသိတော့တဲ့အပြင် နောက်ပိုင်းမှာ အဲဒီအင်ဂျင်နီယာဦးကြီးကို တွေ့တိုင်းလည်း မန်နေဂျာကြီးပြောတဲ့ လူ့သပြုသီး၊ လူ့သံပုရာသီးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သွားသွားသတိရပြီး တစ်ယောက်တည်း ပြုံးမိနေတော့တာပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(မှတ်ချက်။ ။ဘောလုံးပွဲမှာ အီတလီရှုံးပြီး ပြန်သွားရတာနဲ့ပဲ လူလည်းတော်တော်ခံစားလိုက်ရပါတယ်။ အဲဒါနဲ့ စိတ်ညစ်ညစ်နဲ့ ရီစရာလေးတွေ ရှာကြံတွေးရင်း ဒီအဖြစ်လေးကို သွားသတိရပြီး ချရေးလိုက်မိတာပါ။သပြုသီးအကြောင်းကိုသိအောင် ထပ်မံပြောပြပေးတဲ့ ရခိုင်မလေး ညီမလေး မေချိုချိုထွန်းကိုလည်း ကျေးဇူးတင်ပါတယ်။ )

Sunday, June 13, 2010

ဇွန် ၁၃မှာမွေးသောသူ



အခုလို မိုးတွေရွာနေတဲ့ အေးချမ်းတဲ့ ဇွန်လရဲ့ နံနက်ခင်းလေး တစ်ခုမှာပေါ့ ..... ကျွန်မကို မေမေက မွေးဖွားခဲ့တာလေ။ အဲဒီနေ့လေးက အင်္ဂလိပ်လို ဆိုရင်တော့ ဇွန် ၁၃၊ မြန်မာလို ဆိုရင်တော့ နယုန်လဆုတ် ၇ ရက်နေ့ဖြစ်ပါတယ်။ တနင်္ဂနွေသမီးဖြစ်တဲ့ ကျွန်မကို ဖေဖေ၊ မေမေတို့က အင်ကြင်းသန့် ဆိုတဲ့ နာမည်လေးကို ပေးခဲ့ကြတယ်။ မေမေက ပြောဘူးတယ်။ ကျွန်မငယ်ငယ်တုန်းက ပုခက်ပေါ်မှာ မအိပ်ဘူးတဲ့။ အိပ်ပြီဆိုရင် လူပေါ်မှာ အမြဲချီထားရတယ်တဲ့။ လူပေါ်ကနေ ချလိုက်တာနဲ့ ငိုတော့တာပဲတဲ့။ အဲဒီတော့ ဖေဖေနဲ့ မေမေ့မှာ အမြဲ တစ်လှည့်စီ ငုတ်တုတ်ထိုင်ပြီး ပေါင်ပေါ်မှာ ကျွန်မကို တင်ထားပြီး အိပ်ရတယ်တဲ့လေ။

ဒါတွေကို ကျွန်မကြီးလာတော့ ဖေဖေနဲ့ မေမေက ရီစရာလိုလို ပြန်ပြောပြခဲ့တာပါ။ ငယ်ငယ်တုန်းကတော့ ရီနိုင်ခဲ့ပေမယ့် အခုတော့ ပြန်တွေးမိရင် မရီနိုင်တော့ပါဘူး။ စိတ်ထဲမှာလည်း မကောင်းဘူး။ ဖေဖေနဲ့ မေမေ အဲဒီတုန်းက ဘယ်လောက်များ ဒုက္ခများလိုက်မလဲလို့ တွေးလိုက်မိတိုင်း စိတ်မကောင်းဖြစ်ရတယ်။

ဒီလိုနဲ့ ကျွန်မ တဖြည်းဖြည်း ကြီးလာတော့ အခုထိ ပြောစမှတ်ဖြစ်ကျန်တဲ့ အဖြစ်တစ်ခုက ရှိသေးတယ်။ ကျွန်မဟာ နံနက်တိုင်း မိုးလင်းပြီဆိုတာနဲ့ မုန့်ဟင်းခါး စားချင်လို့ မစားရမချင်းကို ဂျီကျတော့တာပဲတဲ့။ ဘယ်လောက်များ ဂျီကျသလဲဆိုရင် ကျွန်မတို့ ဘေးအိမ်က လူတွေက ကျွန်မရဲ့နာမည်ရင်း အင်ကြင်းကို အင်ကြင်းလို့ မခေါ်ဘဲ ဂျီဂျင်း ဆိုပြီးတော့ကို ပြောင်းခေါ်တဲ့ အထိပဲတဲ့လေ။

မေမေက ကျောင်းဆရာမဆိုတော့ ကျွန်မကို မွေးဖွားပြီး မကြာခင်မှာပဲ ကျောင်းပြန်တက်ရတယ်။ အဲဒီတော့ ကျွန်မက အိမ်မှာ ကျွန်မကိုထိန်းဖို့ခေါ်ထားတဲ့ အစ်မကြီးနဲ့ ကျန်ခဲ့ရပါတယ်။ ကျွန်မတို့က အစိုးရ ၀န်ထမ်းလိုင်းမှာနေတာဆိုတော့ ဖေဖေ့ရုံးနဲ့ နီးတယ်လေ။ ကျွန်မဟာ သိတတ်တဲ့ အရွယ်ကတည်းက ဖေဖေ ထမင်းလာမကျွေးမချင်း မစားဘူးတဲ့။ အဲဒီတော့ ဖေဖေဟာ ဘယ်လောက်ပဲ အလုပ်တွေ ရှုပ်နေပါစေ။ ကျွန်မ ထမင်းစားဖို့ အချိန်ရောက်လာတာနဲ့ ရုံးက ပြန်လာပြီး ကျွန်မကို ထမင်းကျွေးရတယ်တဲ့လေ။

ဒီလိုနဲ့ ကျောင်းနေရတဲ့ အရွယ်ကိုရောက်လာရော ပြောပါတော့။ ကျွန်မ သူငယ်တန်းတက်တဲ့ နှစ်မှာ မေမေက ညီမလေးကို ကိုယ်ဝန်ဆောင်ထားရတယ်။ ဒါ့အပြင် ကျွန်မကလည်း ကျောင်းနေရပြီဆိုတော့ကာ မေမေက သူ့ရဲ့ ကျောင်းဆရာမအလုပ်ကနေ နှုတ်ထွက်လိုက်ရပါတယ်။ ကျွန်မ ကျောင်းစနေတော့ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် မေမေက ကျွန်မစာသင်ရတဲ့ စာသင်ခန်းကနေ လှမ်းမြင်ရတဲ့ နေရာမှာ ကျွန်မမြင်သာအောင် အမြဲစောင့်နေပေးရတယ်။ ကျွန်မက စာသင်နေရင်းကနေ မေမေ့ကိုပဲ လှမ်းလှမ်းကြည့်နေတာလေ။ မမြင်လို့ကတော့ ထွန့်ထွန့်လူးအောင် ငိုပြီသာမှတ်ပေတော့ပဲ။

ကျွန်မ မှတ်မိသေးတယ်။ အဲဒီတုန်းက ကျောင်းအုပ်ဆရာမကြီးက တော်တော်ဆိုးပါတယ်။ မိဘတွေကို အဲဒီလို မစောင့်ခိုင်းဘူး။ ငိုရင် ငိုတဲ့ကလေးကို လျှာဖြတ်ပစ်မယ်ဆိုပြီး ခဲတံချွန်တဲ့ဓါး သေးသေးလေးကို ပြပြီးတော့လည်း ခြိမ်းခြောက်တတ်ပါသေးတယ်။ ဒါပေမယ့် ကျွန်မကတော့ ဘယ်သူတွေ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မရပါဘူး။ မေမေ့ကို မမြင်တာနဲ့ အာခေါင်ကို ခြစ်ပြီး ငိုတော့တာပါပဲ။ အခုနေမှာ ကျွန်မ ပြန်တွေးမိတယ်။ ညီမလေးရဲ့ ကိုယ်ဝန်ကြီးနဲ့ မေမေဟာ ကျွန်မကို တစ်နေကုန် ကျောင်းမှာ အဲဒီလို စောင့်ပေးနေရတာ ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့လေ။ ကျွန်မဟာ ဘာလို့ အဲဒီလို ကလေးဆိုးလေး ဖြစ်ခဲ့တာလဲ။ ပြန်တွေးမိတိုင်း ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားရတယ်။

ဒီလိုနဲ့ မေမေက ညီမလေးကို မီးဖွားတော့ ကျွန်မကို လိုက်မကြည့်နိုင်တော့ကာ ကျွန်မရဲ့ အစ်မ၀မ်းကွဲ (ဆယ်တန်းကျောင်းသူ)ကို ကျောင်းမှာ ကျွန်မကို ကြည့်ရှုစောင့်ရှောက်ဖို့၊ မုန့်တွေဘာတွေဂရုစိုက်ပြီး ၀ယ်ကျွေးဖို့ မှာထားပါတယ်။ ကျွန်မက ငယ်ငယ်က အဆုတ်မကောင်းတော့ ဆရာဝန်က ကျွန်မကို ဇီးထုပ်တို့၊ ရေခဲချောင်းတို့ မကျွေးရဘူးလို့ မှာထားတယ်။ အဲဒီတော့ကာ ဖေဖေနဲ့ မေမေက အဲဒါနဲ့ ပတ်သက်လို့ အရမ်းဂရုစိုက်တယ်။ ဒါပေမယ့် ကျွန်မကလည်း မတည့်ပါဘူးဆိုတဲ့ ဇီးထုပ်နဲ့ ရေခဲချောင်းကိုမှ ရွေးကြိုက်တဲ့သူ ဆိုတာလိုမျိုး ဖြစ်နေတယ်။ တစ်နေ့ တစ်နေ့ ၀ယ်စားလိုက်သမျှ ဇီးထုပ်နဲ့ ရေခဲချောင်းကြီးပဲ ။ ကျွန်မ အစ်မကလည်း ကျွန်မကို ပြောမရမှန်း သိတော့ ဘာမှမပြောတော့ပါဘူး။ သူက ဘာပဲလုပ်သလဲဆိုတော့ ကျွန်မ၀ယ်စားသမျှ ဇီးထုပ်နဲ့ ရေခဲချောင်းအရေအတွက်ကို မှတ်ထားပြီး ညနေကျရင် မေမေ့ကို အကုန်ပြန်ပြောပြတယ်လေ :))) ။

ဒါတင်မကသေးပါဘူး။ ကျွန်မတို့ ငယ်ငယ်က ဗွီဒီယိုပြစက်ဆိုတာ အိမ်တိုင်းမှာ မ၀ယ်နိုင်သေးပါဘူး။ ကျွန်မတို့ မိသားစုနေတဲ့ ၀န်ထမ်းလိုင်းခန်းတွေရှိတဲ့ ကွင်းတစ်ကွင်းလုံးမှာမှ ဗွီဒီယိုပြစက်ရှိတဲ့ အိမ်က အရာရှိပိုင်း အိမ် နှစ်အိမ်လောက်မှာပဲ ရှိတာပါ။ အဲဒီမှာပဲ ကျွန်မတို့နဲ့အတန်ငယ်ဝေးတဲ့ ရပ်ကွက်မှာ ဗွီဒီယိုရုံဆိုတာ စတင်ပေါ်ပေါက်လာပါတယ်။ လူကြီးတွေက ဗွီဒီယိုရုံဆိုတာ လူစုံတယ်၊ စရိုက်စုံတယ်၊ ကလေးတွေအတုယူမှားရင် ပျက်စီးလွယ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဗွီဒီယိုရုံမှာ ဗွီဒီယိုသွားကြည့်ခြင်းကို ခွင့်မပြုကြပါဘူး။ အဲဒီမှာပဲ ကျွန်မ အစ်ကိုက တခြား အစ်ကိုဝမ်းကွဲတွေနဲ့ အတူ အဲဒီဗွီဒီယိုရုံမှာ မေမေတို့မသိအောင် ဗွီဒီယိုသွားသွားကြည့်တတ်ပါတယ်။ အဲဒီတော့ သူတို့တွေ အချင်းချင်း ပြောဆိုနေကြတာတွေကို ကြားပြီး ကျွန်မရဲ့စိတ်ထဲမှာလည်း ဗွီဒီယိုဆိုတာ ဘာလဲ၊ တီဗွီနဲ့ ဗွီဒီယိုဘာကွာသလဲဆိုတာကို အရမ်းကိုစိတ်ဝင်စားမိပြီး အရမ်းလည်း လိုက်သွားကြည့်ချင်နေမိပါတယ်။

ဒါနဲ့ တစ်ခါတော့ မေတ္တာနဲ့ ကွမ်းသီးရိုက်ထားတဲ့ ဗွီဒီယိုဇာတ်ကားတစ်ကားက အရမ်းကို နာမည်ကြီးနေပါတယ်။ ကျွန်မအစ်ကိုတွေက အဲဒီကားကို သွားကြည့်မယ်ဆိုတာကိုလည်း ကျွန်မက သိနေတော့ အရမ်း လိုက်သွားချင်နေတယ်။ ကိုကြီးကလည်း မေမေ့အဆူခံရမှာစိုးလို့ ကျွန်မကို မလိုက်ခိုင်းဘူး။ ကျွန်မကလည်း ဘယ်လိုတားတား မရပါဘူး။ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ အိမ်ကို ဧည့်သည်တွေ ရောက်လာပါတယ်။ ကျွန်မကလည်း ရသမျှအခွင့်အရေးကို လက်လွတ်မခံပဲ မေမေက ဧည့်သည်တွေကို ဧည့်ခံစကားပြောနေတုန်း ကျွန်မအစ်ကိုတွေနောက်ကို ဗွီဒီယိုကြည့်ရအောင် တိတ်တိတ်လေး လိုက်သွားပါတော့တယ်။

ပြန်လည်းလာရော ဒေါသတွေထွက်နေတဲ့ မေမေ့ကို ကျွန်မက မလိမ်မညာဘဲ အမှန်အတိုင်း ဗွီဒီယိုသွားကြည့်တာလို့လဲ ပြောလိုက်ရော ဘာပြောကောင်းမလဲ၊ မေမေက မောင်နှမ နှစ်ယောက်စလုံးကို ပေါင်တွင်းကြောတွေကို လိမ်ဆွဲတာများ အသားတွေ ပြတ်ထွက်ခမန်းပါပဲ။ နှစ်ဘက်စလုံးမှာ ရက်တော်တော်ကြာကြာကို အညိုအမည်းတွေ စွဲလို့ပါပဲ။ ကျွန်မကလည်း ကိုယ်က အပြစ်လုပ်ထားမိတာဆိုတော့ ဘယ်လောက်ပဲနာနာ မျက်ရည်တစ်စက်မကျ ကျိတ်ခံပါတယ်။

အဲဒီလိုပဲ မေမေ အတန်တန်တားနေတဲ့ ကြားထဲက မေမေ မသိအောင် လိုက်သွားကြည့်ခဲ့တာ နောက်တစ်ခုရှိသေးတယ် ..... နတ်ပွဲလေ။ မေမေက ကျွန်မတို့နားမှာ နတ်ပွဲတွေကပြီဆိုရင် ဘယ်တော့မှ လိုက်မကြည့်ခိုင်းပါဘူး။ အဓိက မေမေစိတ်ပူတာက နတ်ပွဲဆိုတာ လူတွေ တအားရှုပ်တဲ့ အပြင် နတ်ကတော်တွေက ကြည့်နေတဲ့ ပရိတ်သတ်ထဲက လူတွေကို ဆွဲဆွဲခေါ်ပြီး ကတတ်လို့ မေမေက စိတ်ပူတာပါ။ ဒါကြောင့်လည်း အကျိုးအကြောင်း ကျွန်မကို သေချာနားလည်အောင် ရှင်းပြပြီး မသွားရဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်မရဲ့စိတ်။ မေမေပြောသလို ဟုတ်သလား။ နတ်ပွဲဆိုတာ ဘယ်လိုမျိုးလဲ။ နတ်တွေဆိုတာရော တကယ်ရှိတာလား။ကိုယ်တိုင် သွားကြည့်ချင်တယ်။ မြင်ဘူးချင်နေတယ်။

အဲဒါနဲ့ နတ်ပွဲရှိနေတဲ့ တစ်ရက် နေ့ခင်းပိုင်း မေမေတရေးတမော အိပ်ပျော်နေတဲ့ အချိန် အစ်မ၀မ်းကွဲနဲ့ တိတ်တိတ်လေး လိုက်သွားပြီး နတ်ပွဲကို သွားကြည့်ပါတယ်။ ပြန်လည်းလာရော ထုံးစံအတိုင်းပေါ့။ မေမေက နတ်ပွဲသွားကြည့်တာဆိုတာကို သိလည်းသိရော ဒေါသတွေထွက်ပြီး ရိုက်လည်းရိုက်၊ ပေါင်တွင်းကြောတွေကိုလည်း လိမ်ဆွဲကာ ကျွန်မကိုအရမ်းကို စိတ်ဆိုးခဲ့ပါတယ်။

အဲဒီတုန်းက မေမေဘယ်လောက်ထိ ဒေါသထွက်လိုက်မလဲဆိုတာ ကျွန်မကြီးလာတော့ တဖြည်းဖြည်းတွေးလာမိတယ်။ မသွားပါနဲ့လို့ အကျိုးအကြောင်းပြောထားပြီး သေချာမှာထားတဲ့ကြားထဲက ကျွန်မက သွားဖြစ်အောင်သွားခဲ့တာလေ။ နောက်ပြီး ကျွန်မရဲ့ အကျင့်တစ်ခုက မေမေ့ကိုကျွန်မ လိမ်မပြောတတ်ခဲ့တာပါပဲ။ မေမေမကြိုက်တာကို ကျွန်မလုပ်ခဲ့တယ်။ ကျွန်မအနေနဲ့ ကျွန်မအစ်မတို့အိမ်မှာဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်မှာဖြစ်ဖြစ် သွားဆော့နေတာလို့ ပြောလိုက်ရင် ရပါတယ်။ ဒါပေမယ့် ကျွန်မ လိမ်မပြောခဲ့ဘူး။ နတ်ပွဲသွားကြည့်တာလို့ပဲ အမှန်အတိုင်းပြောခဲ့တယ်။ ကျွန်မ မေမေမကြိုက်တာတွေကို လုပ်ခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ လိမ်မပြောခဲ့ပါဘူး။ ဒါပေမယ့် တစ်ခါပါပဲ။ ကျွန်မ သိချင်တာ၊ စူးစမ်းချင်တာကို သိခွင့်ရပြီးရင်တော့ ကျွန်မက မေမေမကြိုက်တာကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မလုပ်ပါဘူး။

ကျွန်မက ကျွန်မ အပြစ်လုပ်မိလို့ အရိုက်ခံရရင်သာ မျက်ရည်မကျတာပါ။ တကယ်လို့ ကျွန်မမှာအပြစ်မရှိပဲ အရိုက်ခံရတယ်လို့ ထင်မိလို့ကတော့ အငိုမတိတ်တော့ပါဘူး။ ဆိုလိုချင်တာက တစ်ခါတစ်လေကျရင် ကျွန်မက ကိုကြီးနဲ့ ဖြစ်ဖြစ်၊ ညီမလေးနဲ့ ဖြစ်ဖြစ် တစ်ခုခုဖြစ်တယ် ဆိုပါတော့။ ကျွန်မမှာ အပြစ်မရှိဘူးလို့ ကျွန်မက ခံစားမိတယ်။ ဒါပေမယ့် မေမေက ကျွန်မမှာပါ အပြစ်ရှိတဲ့ ပုံစံနဲ့ ကျွန်မကို ဆူပြီးရိုက်တယ်ဆိုရင် ကျွန်မ အငိုမတိတ်တော့ဘူးသာ မှတ်ပေတော့။ ဘယ်အထိ ငိုကြောကရှည်နေသလဲ ဆိုရင် ဖေဖေရုံးက ပြန်လာတဲ့ အချိန်အထိပဲ။ မျက်ရည်တွေက ခြောက်နေပြီ။ ဒါပေမယ့် အသံက အိ...အိ....အိ....နဲ့ ငိုကြောကို ဆွဲဆန့်ထားတာလေ။

ဖေဖေပြန်လာတာကို မြင်တာနဲ့ ဖေဖေ့ဆီကို ပြေးပြီး ၀မ်းပန်းတနည်းနဲ့ တိုင်တော့တာပဲ။ ဖေဖေ့ခမျာမှာ ရုံးအိတ်လေး အသာချကာ အလုပ်ကပင်ပန်းလာတာတွေကို ဘေးချိတ်၊ ကျွန်မကို ကောက်ချီပြီး အငိုတိတ်အောင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ချော့ရတာလေ။ ကဲ .... ကြည့်ကြပါဦးနော်။ ကျွန်မဟာ ငယ်ငယ်တုန်းက ဘယ်လောက်များ ဆိုးလိုက်တဲ့ ကလေးလေးလဲလို့လေ။ ပြန်တွေးမိတိုင်းလည်း ကိုယ့်ကိုကိုယ် ခပ်နာနာသာ ရိုက်ပစ်ချင်မိတော့တာပါ။ နောက်တစ်ခါ အဲဒီလို ဆိုးဦးမလား ဆိုပြီးတော့လေ။

ဘာရယ်တော့ မဟုတ်ပါဘူး။ အသက်တစ်နှစ်ကြီးလာတာနဲ့ အမျှ ကိုယ့်ကိုကိုယ် ပြန်ပြီးဆင်ခြင်သုံးသပ်မိတော့ ငယ်ငယ်တုန်းက ဆိုးခဲ့တာတွေကို သွားသတိရမိလို့ပါ။ ဖေဖေ၊ မေမေတို့ကတော့ ကျွန်မကို ဆိုးတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ (လူပုံကြည့်တော့လည်း အဲဒီလိုမျိုး ဆိုးခဲ့လိမ့်မယ်လို့ ထင်မှ မထင်ရတာ :P)။ ဒါတွေက ခပ်ငယ်ငယ် သိပ်မသိတတ်ခင်တုန်းက ဆိုးခဲ့တာတွေပါ။ ကြီးလာခါမှ သိသိနဲ့ ဆိုးခဲ့တာတွေလည်း ရှိပါသေးတယ်။

အခုတော့ အသက်တွေ ကြီးလာတာနဲ့ အမျှ နောင်တတွေရလာတယ်။ ဖေဖေ၊ မေမေတို့ အပေါ်မှာ ဆိုးခဲ့မိသမျှတွေအတွက် တတ်နိုင်သမျှ ပြန်ပြီး ကျေးဇူးဆပ်ချင်တယ်။ ဘုရားရှိခိုးတဲ့ အခါတိုင်း ဆုတောင်းမိရင်လည်း “ဒီဘ၀မှာ မိဘတွေကို တတ်နိုင်သမျှ အကောင်းဆုံး ပြန်လည်ကျေးဇူးဆပ်ခွင့် ရသောသူ ဖြစ်ရပါလို၏ ” လို့ပဲ ဆုတောင်းမိတယ်။ အသက်တစ်နှစ်ကြီးကြီးလာတာနဲ့ အမျှလည်း ကိုယ့်ကိုကိုယ် တတ်နိုင်သမျှတော့ ပြန်လည် ဆင်ခြင်ပြီး လိမ္မာအောင် ကြိုးစားနေမိပါတယ်။ ခုတောင် ကျွန်မက တအားကို လိမ္မာနေပြီ။ ဆိုးကို မဆိုးတော့တာလို့ ထင်တာပဲ :)))။ (ကျွန်မနဲ့ အပြင်မှာ ခင်တဲ့သူတွေဆို ကျွန်မဘယ်လောက် လိမ္မာသလဲဆိုတာ သိတယ် :D)။

၁၃ ဂဏန်းကို တစ်ချို့တစ်ချို့သောသူတွေကတော့ မကြိုက်တတ်ကြပါဘူး။ ကျွန်မကတော့ ကျွန်မရဲ့ မေမေက အနှိုင်းမဲ့တဲ့ မေတ္တာတွေနဲ့ ကျွန်မကို မွေးဖွားပေးခဲ့တဲ့ ဒီ ၁၃ ရက်နေ့လေးကို အရမ်းမြတ်နိုးတယ်။ ဒီနှစ်မွေးနေ့လေးမှာ ကျွန်မအနေနဲ့ ဘာမှထူးထူးခြားခြား ကြီးကြီးကျယ်ကျယ်တော့ မလုပ်ဖြစ်ပါဘူး။ ကျွန်မကိုအရမ်းချစ်တဲ့ ကျွန်မရဲ့သူငယ်ချင်းနှစ်ယောက်က ချက်ပေးတဲ့ မုန့်ဟင်းခါးဆွမ်းနဲ့ အိမ်နားက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ သံဃာတော်တွေကို အာရုဏ်ဆွမ်းသွားကပ်မယ်။ ဒီလောက်ပါပဲ။ မြန်မာပြည်မှာတော့ ဖေဖေ၊ မေမေတို့က ကျွန်မရဲ့ မွေးနေ့ကုသိုလ်အဖြစ် ကျွန်မတို့ပြည်မြို့မှာရှိတဲ့ မိဘမဲ့ ကလေးများဂေဟာမှာ ထမင်းကျွေးကြလိမ့်မယ်။

တကယ်လို့သာ ကျွန်မရဲ့ ဘလော့ဂါသူငယ်ချင်း မောင်နှမတွေအားလုံးနဲ့ အပြင်မှာ နီးနီးနားနားသာဆိုလို့ကတော့ ကျွန်မက တကယ့်ကို အစားအသောက်တွေမျိုးစုံနဲ့ မွေးနေ့ပွဲကြီးကို ပျော်ပျော်ပါးပါး စည်စည်ကားကားကြီး ကျင်းပပစ်ချင်တာပါ။ အခုတော့ မောင်နှမတွေက အဝေးတစ်နေရာစီမှာ တစ်ကွဲတစ်ပြား ဖြစ်နေတော့ကာ လုပ်ချင်ရက်နဲ့ လုပ်ခွင့် မသာဘူးပေါ့လေ ။ တကယ်ကို စိတ်မကောင်းပါဘူး။ ဘာမှ မကျွေးဖြစ်တဲ့ အတွက် ခွင့်လွှတ်ကြပါနော် :)))။ ဓါတ်ပုံထဲမှာပါတဲ့ ကိတ်မုန့်ကိုတော့ ကြိုက်သလောက်သာ စားသွားကြပါလို့။ တကယ်လို့ ကျွန်မရဲ့ မောင်နှမတွေ ဒီစာကို ဖတ်ပြီး အဲဒီ ကလေးဆိုးဆိုးလေးကို အမြင်ကတ်သွားကြတယ် ဆိုရင်လည်း မွေးနေ့လက်ဆောင်အနေနဲ့ တစ်ယောက်တစ်ချက်စီသာ ရိုက်သွားကြပါတော့လို့ :D။

(မှတ်ချက်။ ။ပုံလေးကတော့ ထုံးစံအတိုင်း Google ကနေ ရှာထားတာပါ။)

Sunday, June 6, 2010

အလွမ်းတွေမှားသောက်မိသောနေ့

မရည်ရွယ်ဘဲ
အတိတ်နယ်ထဲ ခြေချမိတော့
သတိရစိတ်တို့က
အုံးအုံးကျက်ကျက် ထဖြစ်ကုန်တယ်။ ။

ကယောင်ကတမ်းနဲ့
သီချင်းတစ်ပုဒ်ကို ထအဖွင့်
လွင့်လာတဲ့ အသံက
ရင်ကို တစ်ခါလာမှန်ပြန်တယ်။ ။

သတိရတဲ့အကြောင်း
ကပြောင်းကပြန်နဲ့
ကဗျာတစ်ပုဒ်ကို စပ်ဆိုတော့
ငါ့ဒိုင်ယာရီတွေ ငိုကုန်တာ
ကမ္ဘာကြီးတောင် စိုသွားတယ်။ ။

ဒယိမ်းဒယိုင်
ထောက်တိုင်ရှေ့မှာရပ်ရင်း
ကင်းဘတ်စ်စပေါ် စုတ်တံတင်
ကတုန်ကယင်နဲ့
စိတ္တဇပန်းချီတစ်ချပ်ကို အာရုံယူဆွဲပြန်တော့
ဒီပုံတူပဲ ထွက်လာပြန်တယ်။ ။

နင့်ဘက်က
အမုန်းကြေငြာ စာတမ်းတစ်ခုကို
ငါ့အတွက်ကတော့
အရှုံးတွေနဲ့ သေရာပါမှတ်တမ်းတစ်ခုလို ဖက်တွယ်ရင်း
မစဉ်းစားချင်တော့တဲ့ အတိတ်က ဇာတ်လမ်းတွေ
ဒီမှာလေ
တစ်ခန်းရပ်လိုက်ကြရအောင်။ ။

ထင်ချင်သလိုသာထင်
မြင်ချင်သလိုသာမြင်စေတော့
“ရှင်းပြခြင်း” ဆိုတဲ့ ဘာသာစကား
ငါမသင်ကြားချင်ဘူး
မတူညီတဲ့ ပုစ္ဆာတွေမှာ အဖြေတွေရှာဖို့ရာလည်း
ငါ့ဥာဏ်ရည်က မမှီခဲ့လေတော့
အချစ်တွေ အငွေ့ပျံချိန်
ရာသီခွင်တွေတောင် အရောင်မှိန်ခဲ့တာ
တော်တော်ကြာနေခဲ့ပြီ။ ။

(မှတ်ချက်။ ။ကဗျာတွေရေးပါဦးလို့ တိုက်တွန်းကြတဲ့ သူငယ်ချင်း မောင်နှမတွေ ရှိလို့ ချရေးလိုက်ပြန်တော့ ထုံးစံအတိုင်း ပျော်စရာ မဟုတ်ခဲ့ပြန်ဘူး။ :(( ဒါပေမယ့် ဘာပဲပြောပြော စာရေးရမှာ အရမ်းပျင်းနေတဲ့ ကျွန်မကို ကဗျာလေးတစ်ပုဒ် စပ်ဖြစ်ခဲ့စေတဲ့ အတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။)