Pages

Friday, May 28, 2010

ခါချဉ်ကောင်မာန်မကြီး တောင်ကြီးမဖြိုတော့ပါ

“ဆရာမ.... ဆရာမ.... “မော်” ဆိုတဲ့ စာလုံးမှာပါတဲ့ (ရေးချရှေ့ထိုး) က ဒီလိုမျိုး -ာ်“ပေါ်” ဆိုတဲ့စာလုံးမှာပါတဲ့ (ရေးချရှေ့ထိုး) က ဒီလိုမျိုး -ါ် .... (ရေးချရှေ့ထိုး)ချင်း အတူတူ ဘာလို့ပုံစံနှစ်မျိုးဖြစ်နေတာလဲဟင်....။”

ဒါကတော့ တနင်္ဂနွေနေ့တွေတိုင်းမှာ လုပ်အားပေး အနေနဲ့ မြန်မာစာ သင်ပုန်းကြီးဖတ်စာ သွားသင်ပေးနေတဲ့ ဘုန်းကြီးကျောင်းက ကျွန်မရဲ့ တပည့်လေးတစ်ယောက်က ကျွန်မကို မေးလိုက်တဲ့ မေးခွန်းလေးပါ။ ကျွန်မအနေနဲ့ ပြန်လည်ဖြေဆိုဖို့ရာ အတော်ကို ဘေးကျပ်နံကျပ် ဖြစ်ခဲ့တဲ့ မေးခွန်းဆိုလည်း မမှားဘူးပေါ့။

အခုဒီဘုန်းကြီးကျောင်းက ကလေးတွေထဲမှာဆိုရင် အဖေ၊ အမေက မြန်မာတွေ ဖြစ်သော်ငြားလည်း အခြေအနေအရ ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းလာခဲ့ရပြီး မြန်မာစာကို ကောင်းစွာသင်ယူခွင့်မရတဲ့ ကလေးတွေ၊ မြန်မာပြည်မှာ မွေးဖွားခဲ့ပေမယ့်လည်း မိဘတွေရဲ့ အလုပ်အကိုင် အခြေအနေတွေအရ ဒီနိုင်ငံကို ပြောင်းရွှေ့ ကြီးပြင်းလာခဲ့ရပြီး မြန်မာစာကို မေ့သွားကြတဲ့ ကလေးတွေ စသည်ဖြင့်ပေါ့လေ အမျိုးမျိုး ရှိကြပါတယ်။


ကျွန်မ အဲဒီဘုန်းကြီးကျောင်းက စာသင်ခန်းလေးကို ပထမဆုံးအနေနဲ့ စရောက်သွားတဲ့နေ့မှာပဲ သတိထားလိုက်မိတာတစ်ခုက တစ်ချို့ကလေးတွေဟာ Singlish ကိုတော့ မွှတ်နေအောင် ပြောတတ်ကြပြီး မြန်မာစာ၊ မြန်မာစကားကို အဆင်ပြေပြေ၊ အချိုးကျကျ ပြောတတ်ဖို့ရာကျတော့ မနည်းကို အားယူပြောဆိုနေကြရတာကိုပါပဲ။

အဲဒီမှာတင်ပဲ ကျွန်မစိတ်ထဲမှာ သူတို့လေးတွေကို မြန်မာစာနဲ့ ရေးထားတဲ့ စာပေတွေကို ကျွမ်းကျွမ်းကျင်ကျင် သိစေချင်၊ ဖတ်တတ်စေချင်တဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာမိပါတယ်။ အခြေအနေတွေက ဘယ်လိုတွေပဲ ဖြစ်နေဖြစ်နေပေါ့နော်။ မြန်မာကလေးငယ်လေးတွေကို မြန်မာပြည်အကြောင်းကို သိစေချင်တယ်။ မြန်မာ့ဓလေ့ထုံးစံတွေကို နားလည်စေချင်တယ်။ မြန်မာ့မြေ မြန်မာ့ရေကို ချစ်တတ်စေချင်လာတယ်။


ဒါ့အပြင် ကျွန်မဆက်တွေးမိတာတွေက ဒီကလေးလေးတွေ စိတ်ဝင်စားနေကြတဲ့ စာအုပ်စာပေ၊ ကာတွန်းဇာတ်ကောင်တွေ အကြောင်း။ အခုဆိုရင် သူတို့အနေနဲ့ ကောင်းကောင်းသိတာက စပိုက်ဒါမန်း (Spiderman)၊ ဘက်တ်မန်း (Batman)၊ တွမ်နဲ့ ဂျယ်ရီ (Tom & Jerry)၊ တွိတီ (Tweety)၊ ဂါးဖီးလ်(Garfield)၊ ဖန်တန် (The Phantom)Donald Duck စသည် စသည်တို့ပေါ့လေ။ ကျွန်မက သူ့တို့ကို သူတို့အခုသိနေတဲ့ ဇာတ်ကောင်တွေတင်မကဘူး၊ သိပ်ချစ်စရာကောင်းတဲ့ မြန်မာ့ကလေးကာတွန်း ဇာတ်ကောင်လေးတွေရှိတယ် ဆိုတဲ့အကြောင်းကိုပါ သိစေချင်တာ။

ကျွန်မတို့ ငယ်ငယ်တုန်းက အရမ်းကို နှစ်သက်စွဲလမ်းခဲ့တဲ့ ရွှေသွေးမိုးသောက်ပန်းတေဇ အစရှိတဲ့ ကလေးဂျာနယ် စာစောင်တွေထဲက ကျွန်မ အခုထိမမေ့သေးတဲ့ ကာတွန်း ဇာတ်လိုက်လေးတွေဖြစ်တဲ့ နုံအအ ထုံပေပေနိုင်လွန်းတဲ့ “ကျော်ထွဏ်း”ရဲ့ ၀တုတ်တုတ် ဇာတ်လိုက် “မောင်ရိုး”နဲ့ “စမ်းချောင်းကိုကိုအောင်”ရဲ့ ပိန်ညောင်ညောင် ဇာတ်လိုက် “မောင်န”တို့၊ “သူရ”ရဲ့ “ဘယ်ကျော်”နဲ့ “မင်းဇော်”ရဲ့ လျှာထိုးဦးထုပ်လေး ဆောင်းထားတဲ့ “ဘိုဘို”တို့၊ “မြေဇာ”ရဲ့ ခေါင်းပေါ်မှာ ဆံပင်မွှေးလေး တစ်ပင်တည်း ထောင်နေတဲ့ “စိန်မျောက်မျောက်”၊ အမြဲတမ်း စွပ်ကျယ်အင်္ကျီကို ပုခုံးတစ်ဖက်ကျအောင် ၀တ်ထားတတ်ကြပြီး မျက်မှန် လေးထောင့်ထူထူကြီးတွေကို တပ်ထားကြတဲ့ “တင်အောင်နီ”ရဲ့ “ပြာဂလောင်နဲ့ ပြာလချောင်”ညီအစ်ကိုတို့၊ “ဆွေမင်း(ဓနုဖြူ)”ရဲ့ “တွတ်ပီနဲ့ဗိုက်ကလေး”တို့ အဲဒီဇာတ်ကောင်တွေကိုရော သူတို့လေးတွေနဲ့ ရင်းနှီးစေချင်လိုက်တာ။

ဒါတင်မဟုတ်သေးပါဘူး။ ဒီလိုနဲ့ သူတို့လေးတွေ တစတစ ကြီးပြင်းလာပြီဆိုရင်ရော။ မြန်မာ့သမိုင်းဆိုတာကိုရော သူတို့ စိတ်ဝင်တစားရှိပါ့လား။ မြန်မာနိုင်ငံတော်ကြီးကို ဘယ်သူတွေက ဘယ်လို သွေးတွေ ချွေးတွေနဲ့ တည်ထောင်ခဲ့ရသလဲ ဆိုတာမျိုးကိုပေါ့။ ပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူ “အနော်ရထာမင်းတရားကြီး”၊ ဒုတိယနိုင်ငံတော်ကို တည်ထောင်သူ “ဘုရင့်နောင်”၊ တတိယနိုင်ငံကို တည်ထောင်သူ “အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ” စသူတို့အပြင် နောက်ဆုံး ကျွန်မတို့ တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့တဲ့ ကျွန်မတို့ သိပ်ကို ကြည်ညိုလေးစားရတဲ့ အာဇာနည် ခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း”။ ဒီသူတွေအကြောင်းကို သိဖို့နေနေသာသာ ဒီနာမည်တွေကို သူတို့ ကြားတောင်မှ ကြားဖူးကြရဲ့လား။ သူတို့ရဲ့ မိဘတွေကရော ကလေးတွေကို မြန်မာ့သမိုင်းကြောင်းတွေကို တခုတ်တရ ပြောပြကြဖို့ သတိရပါ့မလား။

သမိုင်းဆိုတာက အလှမ်းဝေးပါသေးတယ်လေ။ စာပေတွေနဲ့ ပတ်သက်လို့ စဉ်းစားကြည့်ရင်ရော။ သူတို့လေးတွေ အနေနဲ့ ကဗျာ၊ ပြဇာတ်၊ ၀တ္ထုဇာတ်လမ်းစတဲ့ အပြင်စာပေတွေကို ဖတ်ရှုတတ်လာကြပြီဆိုရင် ရာဘင်တရာ နတ်တဂိုး (Rabindranath Tagore)၊ ရှိတ်စပီးယား (Shakespeare)၊ မတ်တွိန်း (Mark Twain)၊ အော်စကာဝိုင်း (Oscar Wilde)၊ လီယိုတော်စတွိုင်း (
Leo Tolstoy)၊ ဗာဂျီးနီးယားဝုဖ် (Virginia Woolf)၊ ဂျွန်ရပ်စကင်း (John Ruskin) စတဲ့ ကမ္ဘာကျော် စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ စာတွေ၊ ကဗျာတွေကိုပဲ ဖတ်ကြတော့မှာလား။ အဲဒီစာရေးဆရာကြီးတွေရဲ့ အကြောင်းတွေကိုပဲ စိတ်ဝင်တစား လေ့လာကြမှာလား။


ကျွန်မတို့ မြန်မာပြည်မှာ ဟိုးရှေးမဆွကတည်းက ပေါ်ပေါက်ခဲ့ကြတဲ့ “ရှင်မဟာရဋ္ဌသာရ”“ရှင်မဟာသီလ၀ံသ”“ရှင်ဥတ္တမကျော်”“စလေဦးပုည” စသူတို့လို က၀ိအကျော်အမော်တွေရဲ့ စာပေတွေက စလို့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း”ရဲ့ ဒွေးချိုး၊ လေးချိုးကြီးတွေအပါအ၀င်၊ ခေတ်စမ်းစာပေမှာ အဦးဆုံးလို့ ပြောလို့ရတဲ့ “သိပ္ပံမောင်ဝ”ရဲ့ စာပေတွေအပြင် နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ထူးချွန်ပြောင်မြောက်တဲ့ စာရေးဆရာကြီးများဖြစ်တဲ့ “မြသန်းတင့်”“ဒဂုန်ရွှေမျှား”“ရွှေဥဒေါင်း”“ချစ်ဦးညို”“တက္ကသိုလ်ဘုန်းနိုင်”၊ စာရေးဆရာမတွေထဲက ဆိုရင်လည်း “ဂျာနယ်ကျော်မမလေး”“ခင်နှင်းယု”“ခင်ဆွေဦး”“ကြည်အေး”“ဂျူး” စသည်ဖြင့်ပေါ့လေ။ ထိုမြန်မာစာရေးဆရာ၊ ဆရာမကြီးတွေရဲ့ စာပေတွေကိုရော သူတို့တွေ တပုဒ်ဖြစ်စေ၊ တစ်အုပ်ဖြစ်စေသော်မှ မြည်းစမ်းကြည့်ဖြစ်ကြပါ့မလား။ သိပ်ကိုမြန်မာဆန်ပြီး သိပ်ချစ်စရာကောင်းတဲ့ “ဇော်ဂျီ”“မင်းသုဝဏ်”“တင်မိုး”“နုယဉ်”“ငွေတာရီ”တို့ရဲ့ ကဗျာတွေကိုရော တစ်ကြောင်းဖြစ်စေ၊ တစ်ပိုဒ်ဖြစ်စေ သူတို့ ရွတ်ဆိုကြည့်ကြပါ့မလား။


အဲဒီလို အဲဒီလိုနဲ့ ကျွန်မဟာ အတွေးတွေ နယ်ချဲ့ပြီး ပူပင်သောက စိုးရိမ်ဗျာပါဒတွေ ကြီးစွာနဲ့ စဉ်းစားတွေးတောပြီးသကာလမှာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ “ဟုတ်ပြီ… သူတို့လေးတွေ မြန်မာပြည်၊ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့စာပေကို ချစ်မြတ်နိုးတတ်၊ စိတ်ဝင်စားတတ်လာအောင် ဒီလိုလုပ်ပေးခွင့်လေးရနေတုန်းမှာ ငါလုပ်ပေးနိုင်သရွေ့လေး ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် အားထုတ်ပြီး သူတို့ကို စည်းရုံးရမယ်” ဆိုပြီး ခါချဉ်ကောင်မာန်ကြီး တောင်ကြီးဖြိုမယ့်ဟန်နဲ့ အားကြိုးမာန်တက်နဲ့ သင်ကြားရေးကို စတင်လိုက်တဲ့ကျွန်မဟာ အပေါ်ကမေးခွန်းမျိုးလောက်နဲ့တင် ချွေးပြန်သွားခဲ့ပါတယ်။ မြန်မာစာဆိုတာ စိတ်ဝင်စားစရာကောင်းလှသလို သင်ယူဖို့ခက်ခဲနက်နဲတဲ့ စာလို့လဲ ခံစားမိလာပါတယ်။ တဆက်တည်းမှာပဲ ကိုယ့်ကို ကကြီး၊ ခခွေး ၀ိုင်းအောင်ရေးတတ်ဖို့ သင်ပေးခဲ့တဲ့ ငယ်ငယ်တုန်းကဆရာ၊ ဆရာမတွေကိုလည်း သတိတရ ကျေးဇူးတင်လိုက်မိပါရဲ့။


တကယ်တော့ ကျွန်မဆိုတာက ဒီနိုင်ငံမှာ အလုပ်လုပ်နေတုန်းအချိန်မှာ ကျွန်မရထားတဲ့ ကိုယ်ပိုင်အချိန်လေးဖြစ်တဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက် (၂)ရက်ထဲကနေ အချိန်လေး နဲနဲဖဲ့ပြီး ပရဟိတ အလုပ်လေး တစ်ခုခု လုပ်ပေးချင်တဲ့ စိတ်ကြောင့်ရယ်၊ ကလေးတွေကို ချစ်တာ၊ ကလေးတွေကို စာသင်ပေးရတာကို ၀ါသနာပါတာက တစ်ကြောင်းရယ်ကြောင့်သာ လုပ်အားပေးဆရာမအဖြစ် ၀င်လုပ်ခဲ့တဲ့သူလေ။ ပြီးတော့ ကျွန်မတို့တွေတုန်းက မြန်မာစာကိုလည်း (၁၀)တန်း အထိပဲ သင်ယူခဲ့ရတာ ဆိုတော့ နောက်ပိုင်းမှာလည်း မြန်မာစာနဲ့ ပတ်သက်လို့ နှိုက်နှိုက်ချွတ်ချွတ် ထဲထဲဝင်ဝင် နက်နက်နဲနဲ ဆက်မလေ့လာဖြစ်ခဲ့ဘူးပဲ ဆိုပါတော့။ အဲဒီမှာပဲ ကလေးတွေကို သင်ပုန်းကြီးဖတ်စာ သင်ပေးဖို့ကြိုးစားတဲ့အခါ အဲဒီလိုအခက်အခဲတွေနဲ့ စတွေ့တာပါပဲ။ ကျွန်မကြုံတွေ့ရတာက အပေါ်ကမေးခွန်းတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ရှိသေးတယ်။


တစ်ခါပေါ့….. “ကြွ” ဆိုတဲ့ စာလုံးကို သင်တဲ့အခါ ကျွန်မက အဲဒီ “ကြွ” ဆိုတဲ့ စကားလုံးက ဘုရား၊ ရဟန်း သံဃာ အစရှိတဲ့သူတွေအတွက် သုံးတဲ့စကားလုံး ဖြစ်ကြောင်း၊ ဥပမာဆိုရင်……ဘုရားရှင် လာတယ်လို့ မသုံးဘူး…“မြတ်စွာဘုရား ကြွလာတယ်…” “ဆရာတော်ကြီးတွေ၊ ဘုန်းဘုန်းကြီးတွေ ကြွလာတယ်….” အဲဒီလို စာကြောင်းမျိုးတွေမှာဆိုရင် ဒီ “ကြွ” ကို သုံးရတယ် လို့ ရှင်းပြထားမိပါတယ်။ ဒီလိုနဲ့


မြွေသံလား လေသံလား။

မြွေ သတိထားပါ။

မြွေထိက ဆေးခန်း သွားရမည်။

ဆရာဝန် ကြွလာပြီ။


ဆိုတဲ့ ဖတ်စာလည်း ရောက်ရော


ကျွန်မတပည့် ကလေးလေးက

“ဆရာမ…ဆရာမ ပြောတော့ ကြွကို ဘုရားတို့၊ ဘုန်းဘုန်းကြီးတို့ အတွက်ပဲ သုံးတာဆို…အခု ဘာလို့ ဆရာဝန်ကို ကြွလာပြီလို့ သုံးတာလဲ…” တဲ့လေ။ ကျွန်မ ငယ်ငယ်တုန်းက သူတို့လို စဉ်းစားမိရဲ့လားလို့ တွေးကြည့်မိတယ်။ ဆရာမက ဒါဆို ဒါပဲလို့ မှတ်လိုက်တာ များသလားလို့လေ။


သူတို့လေးတွေရဲ့ ကြံကြံဖန်ဖန်စဉ်းစားတတ်တဲ့ ဥာဏ်ရည်လေးတွေကိုတော့ ကျွန်မ မချီးကျူးပဲ မနေနိုင်ပါဘူး။ တစ်ခါကဆိုရင်လည်း


မိဘဆရာ ရိုသေပါ။

ရိုးရိုးသားသား နေပါ။

သာသာယာယာ စကားဆိုပါ။

အဘိုးအိုကို ကန်တော့ပါ။


ဆိုတဲ့ ဖတ်စာမှာ


“ဆရာမ…. ကန်တော့ ဆိုတဲ့ စကားလုံးမှာ တော့ဆိုတာပါလို့ တော်သေးတယ်နော်…. တကယ်လို့ တော့ဆိုတဲ့ စကားလုံးသာ မပါရင် အဘိုးအိုကို ကန်ပါ လို့ ဖြစ်သွားမှာပေါ့နော်….” တဲ့။


အဲဒီလို ပေါက်ပေါက်ရှာရှာလေးတွေကလည်း တွေးတတ်သေးတာပါ။ တစ်နေ့ တစ်နေ့ ဆရာမတွေခမျာမှာလည်း သင်ခန်းစာတွေထဲက အကြောင်းအရာတွေကို သူတို့မျက်စိထဲမှာ ပုံပေါ်လာအောင် သူတို့နားလည်အောင် ဥပမာ၊ ဥပမေယျတွေနဲ့ ရှင်းရတာလည်း လွယ်တော့မလွယ်လှပါဘူး။ သူတို့စိတ်ဝင်စားအောင် ပြောပုံဆိုပုံ ဟန်ပန်မူရာကလည်း လိုသေးတယ်ထင်ပ။ ကျွန်မဆိုရင် ဘယ်လောက်အထိ အပြောအဟော စည်းရုံအားကောင်းသလဲဆိုတာ နမူနာ တစ်ခု ပြောပြရရင်


မိုးလရာသီ

အဘိုးအိုတို့လယ်တဲ

တဲကလေး မိုးယို နေသလား။

ကူညီ၍ မိုးပေးပါ။

ဆိုတဲ့ ဖတ်စာကို သင်တော့ “ဆရာမ မိုးယိုတယ်ဆိုတာ ဘာလဲ” တဲ့။ ကျွန်မကလည်း ဒီလိုစိတ်ဝင်တစားမေးလာတဲ့အခါ အဖြေကို ပေးဖို့ အားကြိုးမာန်တက်နဲ့ပေါ့


“သမီးလေးရေ မိုးယိုတယ်ဆိုတာ တဲပေါ်က မိုးထားတဲ့အမိုးက မလုံပဲ ပေါက်ပြဲနေတဲ့ အတွက် မိုးရေတွေက အဲဒီအပေါက်အပြဲတွေကတဆင့် ယိုကျတာကို ခေါ်တာလေ။ ဘာလို့ အမိုးတွေက ပေါက်ပြဲရတာလဲဆိုတော့ ဒီတဲလေးရဲ့ အမိုးက ကွန်ကရစ်တွေနဲ့ ဆောက်လုပ်ထားတာမျိုး မဟုတ်ဘူးလေ။ ယာထဲမှာ ခဏနေဖို့အတွက် သက်ကယ်ပျစ်တွေနဲ့မိုးထားတာ။ သက်ကယ်ဆိုတာက ဘယ်ကရတာ…ဘယ်လို ပုံစံရှိတာ.....” စသည်ဖြင့်ပေါ့လေ… ဟန်အပြည့် မာန်အပြည့်နဲ့ ရှင်းပြလိုက်တာပေါ့။


ကလေးကလည်း ကျွန်မကို ပြူးပြူးလေးနဲ့ ငြိမ်ပြီး စိုက်ကြည့်နေတာဆိုတော ကျွန်မကလည်း ငါတော့ ဟန်ကျပြီပေါ့ ကလေးက ငါပြောတာကို စိတ်ဝင်တစားနားထောင်နေရှာသား ဆိုပြီး ပီတိတွေဖြစ်မယ်ကြံရုံ ရှိသေး ကျွန်မ စကားမဆုံးခင်မှာပဲ ကလေးက ပြောချလိုက်တာက “ဆရာမ ဆရာမ ပြီးခဲ့တဲ့ တစ်ပတ်ကလေ သမီးမေမေ i-phone ၀ယ်လိုက်တယ် သိလား…” တဲ့လေ။ “သြော်….အေးအေး….” ကျွန်မမှာ ရှေ့ဆက်ပြီးတော့ပဲ ရှင်းပြရတော့မလို ရပ်လိုက်ရတော့မလိုနဲ့လေ။


ဒီလိုနဲ့ တစတစဆိုသလို ကျွန်မရဲ့ တောင်ကြီးဖြိုမယ့် မာန်တွေလည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လျော့ကျကုန်ရပြီး ကဲပါလေ…. ဘာမှမတတ်တာ၊ မသိတာထက်စာရင် ကကြီးကနေ အအထိပဲ တတ်ဦးတော့၊ ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေရစေဦး အနဲဆုံး သင်ပုန်းကြီးဖတ်စာလောက်ကိုပဲ သူတို့လေးတွေ ကျေကျေညက်ညက် ဖတ်တတ်အောင် သင်ပေးနိုင်ပြီဆိုရင်ကိုပဲ တော်လှပါပြီလေ ဆိုပြီး ကျွန်မရဲ့ ရှိသမျှမာန်တွေကို လျှော့ချလိုက်ရပါလေတော့တယ်။

27 comments:

သဒ္ဓါလှိုင်း said...

အရမ်းလေးစားမိပါတယ်ဂျင်းရေ..။
ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှု၊ဓလေ့၊စာပေတွေကို
မပျောက်ပျက်အောင် ထိန်းသိမ်း
ရမှာက သဒ္ဓါတို့အားလုံးမှာ တာဝန်အများကြီးရှိတာပေါ့။
သူတို့လေးတွေ မြန်မာစာပေ၊မြန်မာ့သမိုင်းကိုမှ မသိကြရင်ကြာလာတာနဲ့အမျှ မြန်မာ့စာပေယဉ်ကျေးမှု
ပျောက်ပြီးနောက်ဆုံးလူမျိုးပျောက်မှာတောင်စိုးရိမ် ရတယ်။အဲဒီလိုဆိုတော့သဒ္ဓါတို့တွေလည်းကိုယ့်ရဲ့မြန်မာ
ကလေးတွေမြန်မာကိုချစ်ခင်မြတ်နိုးတတ်အောင်၊မြန်မာ
စာပေကိုလေးစားပြီးသင်ယူချင်တဲ့စိတ်ဖြစ်လာ
အောင်ကြိုးစားပေးရမယ်လေ။အဝေးရောက်နေတဲ့
ကလေးတွေအတွက်ကိုယ့်ဘက်ကလည်း တတ်နိုင်
သလောက်လုပ်ပေးကြတာပေါ့နော်..။

ခင်တဲ့
သဒ္ဓါ

ဇောင်း said...

မဂျင်းရေ
ရေးသားတင်ပြသွားတာကို သဘောကျတယ်ဗျာ၊

အရှေ့တိုင်းပညာရှင်တွေနဲ့ အနောက်တိုင်း ပညာရှင်တွေကို နှိုင်းယှဉ်ပြပုံ တော်တော်ကြိုက်တယ်။

မဂျင်း ခွင့်ပြုမယ်ဆိုရင် ကျွန်တော့်ရဲ့ မြန်မာစာ မြန်မာစကား ဘလော့မှာ ဒီပိုစ့်လေးကို တင်ပါရစေ

:+: အကြောင်းပြန်ပေးပါ :)

kiki said...

ခါချဉ်ကောင် လေး ဂျင်ဂျင်း ရေ ..
ဖြေးဖြေးချင်း တဆင့်ချင်းစီ တက်မှ ၊တောင်ကြီး ပေါ်ရောက်မှာ ပေါ့ ။
စိတ်ရှိသလောက် မပေါက်တာကို သိပ်ပြီးမချင့်မရဲ ဖြစ်မနေပါနဲ့ ၊ ခေတ်တွေ စနစ်တွေ က မတူကြတော့ အတွေးအခေါ်တွေလည်း ထပ်တူ ရှိဖို့  မလွယ်ဘူး ပေါ့ ။
တတ်နိုင်သလောက် လုပ်ပေးနေတာကိုကပဲ ချီးကျူးထိုက်ပါပြီ ၊ အားမလျှော့ နဲ့  ။ ဆက်လုပ် ညီမလေး ရေ ။

ချော (အစိမ်းရောင်လွင်ပြင်) said...

အလဲ့

ငါ့ညီမလေးမှာ ဒီလို ပရဟိတ စိတ်ရှိတယ်ပေါ့
ကြားရတာ ၀မ်းသာလိုက်တာ..
ဒါနဲ့ ကလေးတွေကို အမှားတွေတော့ မသင်လိုက်နဲ့နော်.. တော်ကြာ ဆရာမဘယ်သူက သင်ပေးတာပါဆိုပြီး
တစ်သက်လုံးမှတ်မိနေမှာစိုးလို့။။
နောက်တာပါ ငါ့ညီမကို..
ခုလိုစိတ်ထားမျိုးလေးနဲ့ ကလေးတွေကို စာသင်ပေးချင်တဲ့ ညီမလေးရဲ့ စိတ်ကို အများကြီးလေးစားမိပါတယ်..
နောက်ကိုလဲ ပညာမျှဝေနိုင်ပါစေ.. ကိုယ့်မြန်မာစာ မြန်မာစကားရဲ့ ဂုဏ်ကို မြှင့်တင်နိုင်ပါစေနော်...

ချစ်တဲ့
မချော

Anonymous said...

ချာမ
အမီးလည်း ဈေးဘယ်လိုပေါင်းလည်းသိချင်လို့ သဝေထိုး စလုံးယပင့် ဈေးလား သဝေထိုး ဈ ရေ ဈေးလားဆိုတာ ရှင်းပြပေးပါနော်...

သင်ပေးနိုင်တာ ဂုဏ်ယူပါတယ် ဒေါ်အင်ဂျင်း မြန်မာစာအရမ်း ခက်ပါတယ် ကလေးတွေကတော့ ပေါက်တိပေါက်ရှာ မေးတတ်တယ် ကလေးတွေနဲ့နေရတာ ပျော်စရာကောင်းတယ်ဟုတ်


ခင်တဲ့
seesein

SHWE ZIN U said...

ချစ်ညီမ အင်ကြင်းရေ

ချစ်မမကြီး ကြွလာခဲ့ပြီနော်...

ညီမငယ် အတွက် ဂုဏ်ယူပါတယ်...

သြ ဒါနဲ့ ကိုကြီးကျောက် လည်း အခုမှ ဝထကလသ သင်တုန်း အပို ကျူရှင်လေး ဘာလေး လည်း ပေးလိုက်ပါအုန်း

ချစ်တဲ့
မမရွှေစင်

လင်းခေတ်ဒီနို said...

အင်ကြင်းရေ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးပါပဲ . . .
ဘယ်တတ်နိုင်ပါ့မလဲ . . . သူတို့ ဘ၀လေးတွေက ဒီလမ်းပေါ်မှာ ကြီးပြင်မှတော့ သူတို့ အရှေ့က မြင်သမျှကို အတုယူနေကြဦးမှာပဲလေ . . . ကိုယ့် ဘာသာ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု နဲ့ ထိတွေ့မှု အရမ်းနည်းလွန်းသမျှတော့ ကိုယ်တို့ ဖြစ်စေချင်တဲ့ အရာတွေ သူတို့မှာ ဖြစ်လာဖို့ ရာခိုင်နှုန်း အရမ်းနည်းနေဦးမှာပါပဲ အင်ကြင်းရေ . . .


ခင်မင်စွာဖြင့်
ဗညားရှိန်

thaw zin soe said...

လေးစားပါတယ် ဆရာမ.. (မှားလို့) အမခင်ဗျား ဖတ်ရတာ ပျော်စရာကောင်းလိုက်တာဗျာ ဒီလိုဆရာမမျိုးနဲ့တွေရင်တော့ သူငယ်တန်းပြန်ရောက်ရင် ကောင်းမယ်လို့တောင်တွေးမိတယ်.. အနည်းဆုံးတော့ ကြိမ်လုံးနဲ့ အရိုက်ခံရမှာမဟုတ်ဘူး.. ပေါက်ပေါက်ရှာရှာတွေမေးရင် ဖြေပေးမဲ့ဆရာမရှိတာပေါ့နော်
လေးစားလျက်......

မြတ်မွန် said...

ဟားဟား..မင်္ဂလာပါ ဆရာမ..
ဒါကြောင့် ဂျင်းတစ်ယောက်ပျောက်နေတာကိုးးးး
နိုင်ငံခြားမှာ နေတဲ့ကလေးတွေက အရာရာကို စူးစမ်းတာ မွေးလာကတည်းကထင်တယ်နော်..ဒီက ကလေးတွေကို တော်ရုံတန်ရုံ ရှင်းပြရင် မရဘူး။ သူတို့က ရှင်းပြတာကို ပြန်ပြန်ပြီး ထပ်ဆင့် မေးခွန်း ထုတ်တက်ကြတယ်ဂျင်းရေ..ရှင်းပြပြီးရင်လည်း
ဘာကြောင့်လဲ
ဘာလို့လဲ..
ဘာဖြစ်လို့လဲ..
ဘာပေါင်းများသွာ မေးခွန်းပြန်ထုတ်တာ ဂျင်းရေ..အဲတာကြောင့် ဒီမှာတော့ ကလေးတွေ အတွက်ဆိုပြီး..
ဘာကြောင့်လဲ
ဘာလို့လဲ..
ဘာဖြစ်လို့လဲ..ဆိုတာကို ပြန်ဖြေရှင်းပေးထားတဲ့ vcd လေးတွေတောင် ကလေးတွေ အတွက် ထုတ်ထားပေးတယ်။ ကလေးတွေရဲ့စိတ်မှာ အဲလို စူးစမ်းလေ့လာ သိချင်စိတ်တွေ ရှိနေတာ ဝမ်းသာစရာပါ..စိတ်ဝင်စားလို့ သေသေခြာခြာ သိချင်တာလည်းပါတယ်...။ သေသေခြာခြာ ရှင်းပြလိုက်ပါ ဆရာမရေ..ငယ်ငယ်က သင်ခဲ့ဖူးတဲ့ မြန်မာစာလေးတွေ နောင်တစ်ချိန် အမှတ်ရနေနိုင်ပါတယ်...ငယ်ငယ်က အကြောင်းအရာတွေက ကြီးလာတဲ့ အထိ စွဲနေတက်လို့..ဆရာမရေ..ကျားယို..
ချစ်တဲ့
မွန်

WS said...

Good Post

မောင်မိုး said...

ကလေးတွေကို စာသင်ပေးနေတာလား...သာဓုဗျာ..သာဓု..သာဓု။ ဒီထက်ကောင်းတဲ့ လက်ဆင့်ကမ်းအမွေဆိုတာ မရှိတော့ဘူး။

sosegado said...

ပညာဒါန အရမ်းလေးစားမိပါတယ်၊ ကာတွန်းထဲမှာ မောင်တီထွင်၊ မှားတဲ့အခါလည်းမှားပေအပေါ့၊ ဦးစံရှား …ကြိုက်ခဲ့တာတွေ..:D

ချိုကျ said...

အင်း....ကလေးတွေကြားမှာ ဗျာများနေတဲ့ အင်ကြင်းတစ်ယောက် ရဲ့ပုံတော့ မြင်ယောင်မိပါသေးတယ်....:)စိတ်ကောင်းစေတနာ အတွက် သာဓုခေါ်သွားတယ်ဗျို့ သာဓုပါဗျာ သာဓုပါ..
ခင်တဲ့(ချိုကျ)

ခြင် said...

ဂျင်ဂျင်းရေ... အမလဲ ဒီအလုပ်လုပ်ချင်တယ် လိုနေရင် ခေါ်နော်...

စိုင်းလင်းတိုင်း said...

ဒီပို့စ် ဖတ်ပြီးမှ တားတားကလည်း မေးချင်တယ်၊ `နံ´နဲ့ `နှံ´ ဘာကွာလဲဟင် ချာရာမး)

RMN said...

ဒီစကားဝိုင်းမှာ အများစုက မြန်မာစာကို ခက်တယ်လို့ မှတ်ယူကြသူတွေ ရှိတယ်နော်။ စာပေအရေးအသား ခက်တယ်ဆိုတာ သိပ်ဂုဏ်ယူစရာကောင်းတဲ့အရာ ၁ ခုတော့ မဟုတ်ပါဘူး။ နောက် ဒီက ဆရာမက စင်ကာပူမှာ မြန်မာစာသင်တာ မြန်မာနိုင်ငံက သင်ရိုးနဲ့ဆိုတော့ ကလေးတွေနဲ့ အများကြီး မကိုက်ညီဘူးလို့ ခံစားမိပါတယ်။ အကောင်းဆုံးက သင်ရိုးညွှန်းတမ်းဟာ ကလေးရဲ့ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်နေရပါမယ်။ ကျနော်တို့တင် မဟုတ်ပါဘူး - ကလေးတွေလည်း သူတို့ သုံးနေတဲ့ ဘာသာစကား (Singlish) နဲ့ ကျောင်းမှာ (အခုအခြေအနေအရ ဘုန်းကြီးကျောင်းမှာ) သင်နေရတဲ့ ဗမာစကားကြားက ခြားနားချက်၊ တူညီချက်တွေကို နှိုင်းယှဉ်လေ့လာနေကြရတာပါ။ ဒါကြောင့် ဆရာမပြောတဲ့ ပေါက်ပေါက်ရှာရှာမေးခွန်းတွေ သူတို့ဆီက ထွက်လာတာပေါ့။ သီအိုရီအရ ဒါဟာ ဖြစ်ကို ဖြစ်ရမယ့်ကိစ္စပါပဲ။ ဆိုလိုတာက ဆရာမအခုကြုံနေတဲ့ အခက်အခဲဟာလည်း အခြေအနေအရ ကြုံကိုကြုံရမယ့် အခက်အခဲ ၁ ခုပါ။ လက်ရှိမြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ မြန်မာစာသင်ရိုးတွေဟာ မြန်မာနိုင်ငံက မြန်မာနိုင်ငံသား အထူးသဖြင့် ဗမာတွေ (မြန်မာတွေ) အတွက်သာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေအတွက်တောင် ဒီသင်ရိုးညွှန်းတမ်းက အတိုင်းအတာတစ်ခုအထိ သူတို့တွေကို အခက်အခဲ ဖြစ်စေပါတယ်။ ဝေငှပေးတာ ကျေးဇူးတင်ပါတယ်။

blackcoffee said...

အင်း...သူတို့ ကံပေါ့လေ ကကြီးကနေ အအထိတတ်ဖို့ ပဲ ကံပါလာတော့လဲ ဒီလောက်ပဲပေါ့ ဘယ်တတ်နိုင်မလဲ ဟုတ်ဘူးလား...ကျွန်တော်ကတော့ ဒီက ကလေးတွေ နည်းနည်းရိုင်းတယ်လို့  ထင်တယ်။လူကြီးကို လူကြီးမှန်းမသိဘူး...မိဘတွေကလဲ အလုပ်တဘက်နဲ့  မဆုံးမနိုင်တာလဲ ပါတာပေါ့လေ...ဒါနဲ့  အင်ကြင်းက စာတော်တော်ဖတ်တယ်နဲ့ တူတယ်။လေးစားတယ်ဗျာ...

Angel Shaper said...

မိုက်စ်တယ်... ချာမ... အဲလေ... ချစ်မရေ...
တို့ချစ်မသေးသေးလေးကို....
အကြီးကြီးလေးစားတယ်........

နတ်ကလေး said...

ပုံပြင်လေးတွေပြောပြပေါ့. ဆရာမ ရဲ့...
တောင်ကြီးဖြိုလို့ မရရင်တောင်..
တောင်လေးလောက်တော့ ပြိုမှာပါ..
အဲ့လိုတွေ ကြိုးစားနေတဲ့ လူ ရှိတာ..
ကောင်းလိုက်တာ...

mg lay said...

လေးစားပါတယ် အစ်မရေ...
ရသလောက်ပေါ့အစ်မရယ်...ဘာမှသိမသွားတာထက်စာရင်
အစ်မပြောသလို သင်ပုန်းကြီးလောက်ဆိုရင်ပဲတော်လှပါပြီလေ

ဏီလင်းညို said...

အင်ကြင်းရေ.......

ကောင်းပါလေ့ဗျား........။
အဲ့ဒီလိုဖြစ်နေရတာ.......ကလေးလေးတွေမှာလုံးဝအပြစ်မရှိလို့ ကိုဏီးမြင်မိတယ်.......။
သူတို့မိဘတွေမှာလည်း....အခြေအနေအရဆိုတော့လေ....။
ဒီလိုနဲ့ပဲ.........။

(စကားမစပ်....... စာကိုသေချာညှိလေ.......ငါ့ညီမလေးရဲ့......။)

ခင်မင်တဲ့
ဏီလင်းညို

ဇွန်မိုးစက် said...

း)

ညလင်းအိမ် said...

လေးစားမိပါတယ် ဂျင်း ...
ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ရက်လေးတွေကို ခုလို ပရဟိတအနေနဲ့ လုပ်ပေးနိုင်တာ အင်မတန်မွန်မြတ်ပါပေတယ် ...

လင်းခေတ် said...

သတိရတဲ့အကြောင်း
ကပြောင်းကပြန်နဲ့
ကဗျာတစ်ပုဒ်ကို စပ်ဆိုတော့
ငါ့ဒိုင်ယာရီတွေ ငိုကုန်တာ
ကမ္ဘာကြီးတောင် စိုသွားတယ်။ ။


ထင်ချင်သလိုသာထင်
မြင်ချင်သလိုသာမြင်စေတော့
“ရှင်းပြခြင်း” ဆိုတဲ့ ဘာသာစကား
ငါမသင်ကြားချင်ဘူး
မတူညီတဲ့ ပုစ္ဆာတွေမှာ အဖြေတွေရှာဖို့ရာလည်း
ငါ့ဥာဏ်ရည်က မမှီခဲ့လေတော့
အချစ်တွေ အငွေ့ပျံချိန်
ရာသီခွင်တွေတောင် အရောင်မှိန်ခဲ့တာ
တော်တော်ကြာနေခဲ့ပြီ။ ။

သိပ်ကောင်းတဲ့ ကဗျာလေး အရမ်းအရမ်းကို ထိရှစေတဲ့ ကဗျာလေးး))

ဂျင်းရေ ဆက်လုပ်ဟ ရေးချက်က ကောင်းလွန်းတယ်

MIn said...

FYI,
http://klosayhtoo.blogspot.com/2006/10/blog-post_25.html

အင်ကြင်းသန့် said...

@Mln>>> အရမ်းကျေးဇူးတင်ပါတယ်။

GHOSAKA said...

မြန်မာစာသင်နေတယ်ဆိုလို့ စိတ်ဝင်စားလို ဒကာမလေး ဘလော့ဂ် ဖတ်ကြည့်တာပါ၊ စိတ်ဝင်းစားစရာကောင်းပါတယ်။ ဦးဇင်းလည်း ကနေဒါမှာ ကလေးတွေစာသင်နေတယ်။ ဆရာလုပ်တတ်လို့တော့ မဟုတ်ပါ။ ကျရာတာဝန်ပေါ့။
ဒါကြောင့် ကလေးတွေကို မြန်မာစာသင်နည်း စနစ်များရှိရင် မျှဝေပါဦးလို့။
ဘုန်းဘုန်းရဲ့ Dhamma School အတွေ့အကြုံများကိုလည်း Facebook Note မှာတင်ထားပါတယ်။
Ashin Ghosaka မှာကြည့်နိုင်ပါတယ်
ဒကာမလေး ဘလော့ဂ် ကိုလည်း ဘုန်းဘုန်း ဘလော့ဂ် မှာချိတ်ထားပါတယ်။
မေတ္တာဖြင့်..
အညကြ