Pages

Wednesday, May 12, 2010

ရှက်ကိုယ်တွေ့


ကျွန်မတို့ နည်းပညာတက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဉ် ကာလတွေတုန်းကပေါ့...။ သိကြတဲ့အတိုင်း နည်းပညာ တက္ကသိုလ်ဆိုတာမျိုးက အလွန်အင်မတန်မှ သွားရေးလာရေး အဆင်ပြေ လွယ်ကူချောမွေ့တဲ့၊ သာယာလှပတဲ့ မြို့ပြင်က လယ်ကွင်းပြင်လို နေရာမျိုးတွေမှာ ထုတ်ပြီး တည်ဆောက်တတ်ကြတာ ဆိုတော့ကာ ကျွန်မတို့ရဲ့ ပြည်နည်းပညာတက္ကသိုလ်ကြီးကလည်း ပြည်မြို့ကနေ ရှစ်မိုင်အကွာမှာ ရှိတဲ့ လက်ခုပ်ပင်ရွာနဲ့ နှောကုန်းရွာ အနီးမှာ တည်ရှိထားပါတယ်။

ဒါပေမယ့် ကျွန်မတို့ကျောင်းသားတွေ နံနက်ပိုင်း အဲဒီကျောင်းတော်ကြီးကို ကျောင်းချိန်အမီသွားရောက်နိုင်ဖို့၊ စာသင်ပြီးလို့ ကျောင်းကအဆင်း အိမ်ကိုပြန်လာဖို့ ဆိုတဲ့ အရေးတွေမှာကျတော့ “မထသ” ကနေ ကျောင်းသားတွေအတွက် ဆိုပြီး တာဝန်ယူ စီစဉ်ပေးတဲ့ ဖယ်ရီကားတွေက တကယ်တမ်းမှာ လုံလောက်မှု မရှိပါဘူး။ (အဲဒီအချိန်တုန်းက ပြောတာပါ...အခုတော့ လုံလောက်မှုရှိမရှိ ကြုံမှ မေးကြည့်ရဦးမယ်)။ အဲဒီတော့ ကျောင်းသားတွေခမျာမှာ ဖယ်ရီကိုချည်း အားကိုးနေလို့ မရတော့ဘဲ ပြည်မြို့ကနေ “ပေါင်းတလည်” “ပေါက်ခေါင်း” အစရှိတဲ့ မြို့တွေကို ပြေးဆွဲနေတဲ့ လိုင်းကားတွေ(ပုံမှာမြင်ရတဲ့ ကားမျိုး)ကိုလည်း အားကိုးအားထား ပြုရပါတယ်။

ပေါင်းတလည် နဲ့ ပေါက်ခေါင်းဆိုတာက ပြည်နည်းပညာ တက္ကသိုလ်ကို ကျော်ပြီးမှ ရောက်တဲ့ မြို့တွေလေ...။ ဆိုလိုချင်တာက ကျွန်မတို့ကျောင်းက အဲဒီမြို့တွေကို သွားတဲ့ ကားလမ်းဘေး လမ်းခုလတ်မှာ တည်ရှိတယ်ပဲ ဆိုပါတော့...။ လိုင်းကားတွေက ပြည်မြို့က အထွက်ဆိုရင်တော့ နာရီခြားနဲ့ အလှည့်ကျ ထွက်ကြရတာဆိုတော့ ကိုယ်က စောစောသာ နေရာသွားယူလိုက်မယ်ဆိုရင် သိပ်ဒုက္ခမရောက်ပဲ နေရာရတတ်ပေမယ့် အပြန်ချိန်တွေမှာတော့ အမြဲလိုလို အခက်ကြုံရတတ်ပါတယ်။

စာသင်ချိန်တွေ ဆိုတာကလည်း နေကုန်အောင် တက်ရတတ်တာမျိုး မဟုတ်လေတော့ အတန်းပြီးရင် ပြီးတာနဲ့ တပြိုင်နက် ပြည်တော် ပြန်ဖို့အရေး ကျွန်မတို့မှာ ကျောင်းရှေ့လေးကိုထွက် လမ်းဘေးလေးတွေမှာ တန်းစီပြီး ကားစမျှော်ရပါတယ်။ ဖယ်ရီတွေက ကျတော့ ပြည်ကနေ ညနေပုံမှန်ကျောင်းဆင်းချိန်မှ လွှတ်ပေးတာဆိုတော့ ကြားထဲက ကို့လို့ကန့်လန့် အချိန်တွေမှာကျတော့ လိုင်းကားကိုပဲ အားကိုးစရာ ရှိတာလေ။

တစ်ခါတစ်လေကျတော့လည်း ကိုယ်ပိုင်ကားလေးတွေ ဖြတ်သွားတဲ့အခါ တစ်ချို့ကကျတော့ စိတ်ကောင်းရှိစွာနဲ့ ကျောင်းရှေ့မှာရပ်ပြီး ကျောင်းသူကျောင်းသားတွေကို နိုင်သလောက် ခေါ်တင်ပေးသွားတတ်ပါတယ်။ တစ်ချို့ကကျတော့လည်း လမ်းဘေးမှာ အဖြူနဲ့နက်ပြာဝတ်စုံလေးတွေ ၀တ်ပြီး ခေါ်များခေါ်ချင်မလားလေရယ်လို့ သနားစရာ မျက်နှာပေးလေးတွေနဲ့ တန်းစီပြီး ကြည့်နေတဲ့ ကျောင်းသူ ကျောင်းသားလေးတွေကို “ဟုတ်ကဲ့ သနားပါတယ်” ဆိုတဲ့ အကြည့်လေးနဲ့ပဲ ကြည့်သွားတတ်ကြပါတယ်။

အခုနလိုင်းကားအကြောင်းကို ဆက်ပြောရမယ်ဆိုရင် အဲဒီ လိုင်းကားတွေမှာက အပေါ်က ဓါတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း လက်ဝဲ လက်ယာ တစ်ဘက်စီကပ်လျက် ဘေးခုံတွေပါပြီး အလယ်မှာကကျတော့ အလယ်ခုံဆိုပြီး ခုံတန်းအရှည်ကြီးတွေကို အလျားလိုက် တစ်တန်းတည်း ချထားပါတယ်။ အဲဒီတော့ ဘေးခုံရတဲ့သူကတော့ ကိုယ်ရတဲ့နေရာလေးမှာ အရှေ့ဘက်လေးမျက်နှာမူ အိနြေ္ဒရရလေး ထိုင်လိုက်သွားရုံပဲပေါ့...။ အလယ်ခုံမှာထိုင်တဲ့သူကျတော့ ခန္ဓာကိုယ်ကို နှစ်ဘက်လှည့်ပြီး ထိုင်လို့ရပါတယ်..။ ဘယ်ဘက်ကိုလှည့်မလား...ညာဖက်ကိုလှည့်မလား... အဆင်ပြေသလိုပေါ့...။

တစ်ခါတစ်ရံမှာ ကားသမားတွေက အဲဒီအလယ်ခုံတွေကို ဖယ်ထုတ်လိုက်ပြီး ကြားထဲမှာ ဆန်အိတ်တို့ ကြံသကာအိတ်တို့ တပြည့်တင်တတ်ပါသေးတယ်...။ အဲဒါဆိုရင်တော့ အဲဒီဆန်အိတ်တွေ ကြံသကာအိတ်တွေပေါ်မှာပဲ ထိုင်ချ ရတာပေါ့နော်...။ ဘယ်တတ်နိုင်ပါ့မလဲ..။ အဲဒီလိုအခါမျိုးဆိုရင်တော့ ထမီနက်ပြာတွေလည်း နက်မပြာနိုင်တော့ပဲ နက်ဖြူတူတူတွေ ဖြစ်ကုန်တတ်ပါတယ်။ ဒါပေမယ့် လည်း ဘယ်တတ်နိုင်မလဲလေ...။ ကားရတဲ့အချိန် ရတဲ့ကားကိုပဲ အဆင်ပြေသလို ၀င်ထိုင်လိုက်ရတာပါပဲ..။

ကျွန်မတို့ တွေရဲ့ အကျင့်ကလည်း သူငယ်ချင်းတွေနဲ့ အတူတူထိုင်ရမှ စိတ်ချမ်းသာတတ်တာမျိုး မဟုတ်လား...။ သူငယ်ချင်းနဲ့ အတူတူ ယှဉ်လျက် ဘေးခုံ သို့မဟုတ် အလယ်ခုံမှာ ရရင်တော့ ပျော်စရာပေါ့...။ စကားတွေ ရေပက်မ၀င်အောင် တွတ်ထိုးလို့ရပြီလေ...။ အတန်းထဲမှာ ဘယ်ဆရာ၊ ဘယ်ဆရာမက ဘယ်လို ဘယ်ကျောင်းသား၊ ကျောင်းသူကဖြင့် ဘယ်လို...ဘယ်ဘာသာရပ်က ဘယ်လို စသည်ဖြင့် စသည်ဖြင့်ပေါ့လေ...ပြောလိုက်ကြ ရီစရာရှိလည်း ရီလိုက်ကြနဲ့ အင်း...ပြောရမယ်ဆိုရင် ကျောင်းတက်စားရတဲ့ ဘ၀က အတော်တော့ ပျော်စရာကောင်းသား..။ (အခုလို ပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုပဲ မိဘဆီက လက်ဖြန့်တောင်းသုံးရုံပဲ ဆိုတော့ ပျော်စရာကောင်းတာပေါ့...)။

ဒီလိုနဲ့ တစ်ရက်... ထုံးစံအတိုင်းပေါ့... ကျွန်မတို့ သူငယ်ချင်းတစ်သိုက် ကျောင်းကပြန်တဲ့အချိန် ကားစောင့်နေတုန်း လိုင်းကားတစ်စီး ရောက်အလာ ၀ရုန်းသုန်းကားနဲ့ အလုအယက် တက်လိုက်ကြပြီး ကားပေါ်မှာ ရရာနေရာကို အဆင်ပြေသလို ၀င်ထိုင်ကြရော ပြောပါတော့...။ အဲဒီမှာ ဘေးခုံနှစ်ခုံက လူတွေအပြည့်ဆိုတော့ကာ ကျွန်မတို့တွေက အလယ်ခုံမှာပဲ နေရာရပါတော့တယ်...။ အပြန်ဆိုရင် များသောအားဖြင့် ပါလာတတ်တဲ့ ခရီးသည်တွေက အဲဒီလမ်းတလျှောက်မှာရှိတဲ့ ရွာတွေက တက်လာကြတဲ့ ရွာသူရွာသားတွေက များပါတယ်...။ ဖြစ်ချင်တော့ ကျွန်မသူငယ်ချင်းတွေနဲ့ ကျွန်မနဲ့က အလယ်ခုံမှာကိုပဲ ထိုင်တဲ့ ဘက်က မတူဘူး ဖြစ်သွားတယ် ...။ ကျွန်မ တစ်ယောက်တည်းက ညာဖက်ခုံတန်းဘက်ကို မျက်နှာမူလို့...။ ကျွန်မရဲ့ သူငယ်ချင်းတွေက ဘယ်ဘက်ခုံတန်းဘက်ကို မျက်နှာမူလို့...။ ရှိစေတော့...။ ဒီလိုပဲ အဆင်ပြေသလိုပဲ စီးရမှာပေါ့...။

ဒါပေမယ့် အဆင်မပြေတာက စဖြစ်လာပါပြီ...။ ကျွန်မရဲ့ရှေ့တည့်တည့်မှာ ထိုင်နေတာက ကျောင်းမတိုင်ခင် ရွာတစ်ရွာကနေ ထင်ပါရဲ့ .... ပါလာတဲ့ သကောင့်သားတစ်ကောင်...။ ၀တ်လာတဲ့ ပုဆိုးကလည်း အခုမှ အသစ်ကို ထုတ်ဝတ်လာတာ ထင်ပ.. ပိပိရိရိမရှိပဲ ဖောင်းဖောင်းပွပွနဲ့..။ မောင်မင်းကြီးသားက သူ့ရှေ့တည့်တည့်မှာ ကောင်မလေး လာထိုင်ပြီလည်းဆိုရော ရသမျှ အခွင့်အရေးကို လက်လွတ်မခံပဲ အပီကို စရှိုးတော့တာပါပဲ...။

ဒါဟာ မိန်းခလေးများထက် သာလွန်သော ယောက်ျားလေးများရဲ့မွေးရာပါ မဟာအခွင့်အရေး ဆိုတော့ကာ ကျွန်မက “ဟဲ့ နင်ငါ့ကို မကြည့်နဲ့ မျက်လုံးကိုမှိတ်ထား....” လို့ ဘယ်လိုလုပ်ပြီး တားလို့ရပါ့မလဲ...။ သူနဲ့ ကျွန်မနဲ့ကြားထဲမှာကလည်း ၂ပေသာသာလောက်ပဲ ခြားတာဆိုတော့ စဉ်းစာသာကြည့်တော့ ...။ ကျွန်မမှာ တလမ်းလုံး စိတ်တွေကျဉ်းကျပ် စိတ်ကလည်းတိုပေါ့ ...။ မျက်နှာထားကို တင်းထားလိုက်ရတာလည်း မျက်နှာမှာ ရှိသမျှအကြောတွေ ပြတ်ထွက်ကုန်မှာတောင် စိုးရတယ်...။

ဒီလိုနဲ့ကျွန်မမှာလည်း ကျွန်မမျက်နှာရဲ့ direction ကို သူနဲ့ တည့်တည့် မဆိုင်မိအောင် ဟိုဘက်ဒီဘက် လှည့်ရတာလည်း ဇက်ကအနားမပေးရပဲ ၁၈၀ ဒီဂရီ လည်နေပါတော့တယ်...။ ကျွန်မအနေနဲ့ နေရာပြောင်းဖို့ နေရာလွတ်လေးများ ရှိလေမလားရယ်လို့ ဟိုဟိုဒီဒီ ကြည့်ပေမယ့်လည်း ခရီးသည်က အတက်ပဲရှိတယ် အဆင်းမရှိဘူး...။ ကျွန်မကလည်း “ငါ အခွင့်သာတာနဲ့တပြိုင်နက် ငါ့သူငယ်ချင်းတွေ မျက်နှာမူထားတဲ့ ဘက်ကို ငါ့ကိုယ်ကို လှည့်ပစ်မယ် ...ဒင်းကို ကျောပဲ ပေးထားမယ်.....” လို့ စိတ်ထဲမှာ တေးထားတာပေါ့...။

ဒီလိုနဲ့ ကြိတ်မှိတ်သည်းခံပြီး ပြည်နားကို တဖြည်းဖြည်းနီးလာရော ဆိုပါတော့...။ အဲဒီမှာ ကားက နဲနဲချောင်စပြုလာပါပြီ...။ အဲဒါနဲ့ ပြည်မြို့ထဲကို အ၀င် တစ်နေရာမှာ ကျွန်မဘေးက လူတွေလဲ ဆင်းသွားရော... ကျွန်မလည်း ဘာပြောကောင်းမလဲ ၀မ်းသာအားရနဲ့ အပိုင်ပဲဆိုပြီး မတ်တတ်မရပ်ဘဲ ထိုင်လျက်သားကနေပဲ ခန္ဓာကိုယ်ကို ဆုံလည်လိုသဘောထားပြီး ခြေထောက်နှစ်ချောင်းကိုပဲ စွေ့ခနဲနေအောင် မြှောက်ပြီး တစ်ဖက်ကို လှည့်လိုက်တာပေါ့...။ အဲ.... အဲဒီမှာတင်ပဲ ကျွန်မရဲ့ခြေထောက်နှစ်ချောင်းက အဆုံးအထိ ပါမလာပဲ လမ်းတစ်ဝက်မှာတင်ပဲ တစ်ခုခုနဲ့ညှိနေသလိုမျိုး ခံစားလိုက်ရပြီး အဲဒီလို ခံစားမှုနှင့် တစ်ပြိုင်နက်တည်းမှာပဲ “...ဟ..ဟ...လုပ်ပါဦး...ပုဆိုး...ပုဆိုး...ကျနော့်ပုဆိုး .... ” ဆိုတဲ့ အော်သံကြောင့် မြှောက်တက်နေတဲ့ ကျွန်မရဲ့ ခြေထောက်အစုံကို လှမ်းကြည့်လိုက်တော့ အောင်မလေး မြင်လိုက်ရတဲ့ မြင်ကွင်းက မထိတ်သာ မလန့်သာ ...ကျွန်မအရှေ့က ကျေးဇူးရှင်ရဲ့ ပုဆိုးကွင်း အောက်စက ကျွန်မခြေထောက်နှစ်ချောင်းမှာ စွပ်လျက်သားကြီး...။ သူကလည်း ပြောပြောဆိုဆို ပြာပြာသလဲနဲ့ ကျွန်မခြေထောက်မှာ စွပ်နေတဲ့ သူ့ရဲ့ပုဆိုးစကို အတင်းဆွဲချွတ်...ကျွန်မမှာလည်း ဟိုဘက်တစ်ဘက်ကို ပြောင်းချဖို့ မကြွထားတဲ့ ခြေအစုံကို သူ့ဘက်ပဲ ပြန်ချရတော့မလို ဟိုဘက်ပဲ ဆက်သယ်သွားရမလိုနဲ့ ခုံပေါ်မှာ တန်းလန်းကြီး...။ ကျွန်မတို့နှစ်ယောက်ရဲ့ အဖြစ်ကို ကားပေါ်မှာပါလာတဲ့ သူတွေကလည်း တ၀ါးဝါးနဲ့ ဖြစ်ကုန်လိုက်ကြတာ...ပြောမနေပါနဲ့တော့...။

ဖြစ်ပုံက ဒီလိုလေ...။ ကျွန်မနဲ့သူနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတုန်းက ခြေထောက်တွေက အောက်ကို အသီးသီး ချထားကြရတာဆိုတော့ အနေအထားအရ ကျွန်မရဲ့ ခြေထောက်အစုံက သူ့ပုဆိုးကွင်းစ အောက်ဘက်ထဲမှာ ရောက်နေတာ နေမှာပေါ့...။ ကျွန်မပြောခဲ့ပါရောလား...၀တ်ထားတဲ့ ပုဆိုးကလည်း ပွပွဖောင်းဖောင်းနဲ့ပါဆို....။ တကယ်လို့သာ သူပဲ ဖြစ်ဖြစ် ကျွန်မပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က ဆင်းရမယ့်နေရာရောက်လို့ မတ်တတ်ထရပ်လိုက်မယ် ဆိုရင်တော့ ဘာပြဿနာမှ မရှိပေမယ့် အခုလို ကျွန်မက ထိုင်ရာကနေ မထပဲ ခြေထောက်နှစ်ချောင်းကိုပဲ မယူလိုက်ပြီး ဟိုဘက်တစ်ဖက်ကို ပြောင်းလှည့်ဖို့ ကြိုးစားလိုက်တော့ သူ့ပုဆိုးကွင်းကြီး တစ်ခုလုံးကို ကျွန်မခြေထောက်နှစ်ချောင်းနဲ့ စွပ်ပြီး မယူလာလိုက်သလိုမျိုး ဖြစ်သွားတာပေါ့...။

သူဖြင့် ဘယ်လို ခံစားလိုက်ရလဲတော့ မသိဘူး...။ ကျွန်မမှာဖြင့် ရှက်လိုက်တာဆိုတာ ကားပေါ်မှာ ဘယ်သူ့ကိုမှလည်း မော့မကြည့်ရဲတော့ပဲ ခေါင်းကြီးကို ငုံ့ထားပြီး ကားဂိတ်ကို မြန်မြန်ရောက်ပါစေပဲ တွင်တွင် ဆုတောင်းနေမိပါတော့တယ်...။ ကားဂိတ်လည်းရောက်ရော ဘာပြောကောင်းမလဲ နောက်ကြောင်းကို လှည့်မကြည့်တော့ပဲ တစ်ချိုးတည်းကို ပြေးမိတော့တာပါပဲ...။

ရှက်စရာကောင်းလိုက်တဲ့ ဖြစ်ခြင်းနော်...။ တော်တော်လေးကို ရှက်ခဲ့မိတဲ့ အပြင် အခုအချိန်အထိ ပြန်တွေးလိုက်မိတိုင်းလည်း ရီချင်ပက်ကျိ ဖြစ်နေရတော့တာပါပဲ...။ ဒါကတော့ ကျွန်မရဲ့ ရှက်ကိုယ်တွေ့ပေါ့။

ကျွန်မကိုယ်တွေ့မဟုတ်ပဲ ကျွန်မ အစ်မရဲ့ ကိုယ်တွေ့လည်းရှိသေးတယ်...။ ကြုံတုန်း တစ်ခါတည်း ပြောပြလိုက်ဦးမယ်...။ သူကလည်း တစ်ရက် အဲဒီလက်ခုပ်ပင် ရွာဘက်ကို ကိစ္စတစ်ခုရှိလို့ အသွား ထုံးစံအတိုင်း လိုင်းကားစီးတော့ ကားကလူပြည့်နေပြီး အလယ်မှာလဲ ဆန်အိတ်တွေနဲ့ဆိုတော့ကာ ကားနောက်အစွန် ဆန်အိတ်လေးပေါ်မှာပဲ ထိုင်ချလိုက်ပြီး နောက်က ခြေချခုံကို မျက်နှာမူလျက်ပေါ့...။ အဲဒီမှာ ကျွန်မအစ်မကို ၀န်းရံပိတ်ထားတာက ခြေချခုံပေါ်မှာ မတ်တတ်ရပ်တွယ်စီးပြီး လိုက်လာတဲ့ ကျောင်းသားတွေ...။

ဒီလိုနဲ့ လမ်းတစ်လျှောက် ကားက အရှိန်နဲ့မောင်းတော့ လေတွေကလည်း တဟူဟူးတိုက်တာပေါ့...။ ကျွန်မ အစ်မကလည်း တလူလူလွင့်နေတဲ့ သူ့ထမီအောက်စလေးကို ဒူးခေါင်းကြားလေးထဲ ဆွဲဆွဲသွင်းပြီး မကြာခဏ သိမ်းသိမ်းပေးရတာပေါ့...။ အင်း...ကျွန်မ အစ်မတစ်ယောက် တွေးမိတွေးရာတွေး ငေးမိငေးရာငေးပြီး ဘယ်လောက်တောင် အဆွဲလွန် အသိမ်းလွန်သွားလဲ မသိဘူး။ တစ်နေရာလည်းရောက်ရော...သူ့ရှေ့က ကျောင်းသားလေးက... “ဟာ..အစ်မကြီး အစ်မကြီး ကျွန်တော့ပုဆိုးကို ဘာလို့ဆွဲနေတာလဲဗျ.......” ဆိုတဲ့အသံကြားမှ ကြည့်လိုက်တော့ လားလား...သူ့ထမီစအောက်မေ့လို့ သူ့ဒူးခေါင်းနှစ်လုံးကြားထဲကို အတင်းဆွဲသွင်းနေတာ လတ်စသတ်တော့ သူ့ရှေ့က ကောင်လေးရဲ့ ပုဆိုးစကြီးကို ဆွဲသွင်းနေတာပါလား...။ တော်သေးလို့ပေါ့နော်...အချိန်မီသိလိုက်ပေလို့သာ...နို့မို့လို့ကတော့ မတွေးရဲစရာပဲ....။

ကဲကဲ...အဲဒါသာကြည့်တော့ အင်ကြင်းသန့်တို့ ညီအစ်မတတွေကတော့ အဲလိုပါဆို...။

(မှတ်ချက်။ ။ဒီပိုစ့်ကို နာမည်ပေးမလို့ စဉ်းစားလိုက်တော့ ရုတ်တရက် ချစ်လှစွာသော မမကြီး ဒေါ်ရွှေစင်က သူ့နဲ့ သူ့ရဲ့ ချစ်ချစ်ကြီးရဲ့ အကြောင်းတွေကို ချစ်ကိုယ်တွေ့လို့ နာမည်ပေးပြီး ရေးတတ်တာကို သတိရသွားပြီး ကျွန်မကလည်း ကျွန်မရဲ့ရှက်စရာ ကိုယ်တွေ့ ဇာတ်လမ်းမို့ ရှက်ကိုယ်တွေ့လို့ ပေးလိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်...။ တော်သေးတာပေါ့နော်...အဲဒီ ကားပေါ်က မောင်မင်းကြီးသားနဲ့ ဇာတ်လမ်းက အဲဒီမှာတင်ပြီးသွားလို့ ...။ တော်ကြာ သူလည်းရှိုး ကိုယ်လည်းရှိုး နှစ်ဦးနှစ်ဖက် ရှိုးပြီး အကြည်တွေဆိုက် ဇာတ်လမ်းတွေများသာ ဖြစ်ခဲ့ရင်တော့ ဒီပိုစ့်က ရှက်ကိုယ်တွေ့ မဟုတ်ပဲ ချစ်ကိုယ်တွေ့ ဖြစ်သွားလောက်တယ် :)))))

ဓါတ်ပုံလေးက ဒီနေရာကနေ ယူထားတာပါ။

pika26pika26pika26pika26pika26pika26pika26pika26pika26

33 comments:

ချစ်ကြည်အေး said...

ဖြစ်ရမယ်လေ...ဂျင်ဂျင်းရဲ့...ဟားဟားရီရတယ်၊ မရှက်ပါနဲ့ ချစ်ကိုယ်တွေ့လေး ရှိတာ ရေးပါအုံးလေ...:)

sonata-cantata said...

တော်တော်ဆိုးတဲ့ ညီအမ
ဒီမှာ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ရယ်လိုက်ရတာ အူတွေတောင် ပြတ်ထွက်တော့မယ်

မြစ်ကျိုးအင်း said...

ဒါကလည်း ကိုယ်တွေနိင်ငံမှာ လိုင်းကား ကျပ်ကျပ်စီးရလို့ ကြုံရတဲ့ ဟာသလေးတွေ ဆိုတော့ တခြားနိင်ငံတွေထက် ကုသိုလ်ထူး တယ်ပဲ မှတ်ရမှာပဲ။ သူများတွေဆို ရီချင်လို့တောင် ဒီလိုအဖြစ်မျိုးမရှိဘူးလေ

ဒါနဲ့ ဘာတွေ့လိုက်တုန်း
ပုဆိုး တံဆိပ်ပြောတာနော်း)

ချော (အစိမ်းရောင်လွင်ပြင်) said...

အဟဟ..
ညည်းခြေထောက်က အငြိမ်မနေလို့ဘဲဖြစ်ရမယ်
ကြံကြံဖန်ဖန်အေ..
ဖြစ်မှဖြစ်ရလေ.. အင်္ကြင်းတို့က အကြံနဲ့ကိုးးးး
အကြံကြီးတာ ခုမှသိရတော့တယ်..
ဖတ်ပြီး အော်ရယ်သွားတယ်..
ရှက်လိုက်တာအေ.. ငါ့ညီမလို့ မပြောတော့ဘူး... ခိခိ

ဇွန်မိုးစက် said...

ဖတ်ပြီး ရယ်မိတာ အသံတောင်ထွက်လို့။

ဖြစ်ရမယ်..ဂျင်ဂျင်းတို့ကတော့...။း)))

ပေါ့ဆိမ့် said...

လုပ်ပြီ... အင်ကြင်း ကတော့... ရှက်ကိုယ်တွေ့ ဆိုပဲ ဒီနေ့မှ ကျွန်တော်လည်း ပြန်ရောက်လာ ဖြစ်တယ်။ အလည်ကောင်းကောင်း မထွက်ဖြစ်တာ ကြာပြီဗျ။
ကားပေါ်ကဇာတ်လမ်းလေးက ကြူံမှကြုံတတ်လေတယ်။ ပုဆိုးကြီးလျှော်ပြီးမှ အဲလူနဲ့ ဘုရားကြီးကားဂိတ်မှာ ပြန်တွေ့ကြတာ မသိတာမှတ်လို့ ... အဟီး..

ကိုလူထွေး said...

ဟားဟားဟား... မျိုးနဲ့ရိုးနဲ့ကိုး...

းဝ)

မြတ်မွန် said...

ဟားဟား..ဂျင်းရေ..ရယ်လိုက်ရတာ မပြောပါနဲ့တော့..မသိရင် ခက်မယ်နော်..ဂျင်း အဲဒီလူကို အမြင်ကပ်ပြီး ပုဆိုးကို တမင် ခြေထောက်နဲ့ ဆွဲလိုက်တာ မဟုတ်လား..ဒါနဲ့ ဂျင်းရဲ့ ဓာတ်ပုံက ရယ်ရတယ် သိလား..ကားပေါ်က ယောင်္ကျားလေးတွေကို စက်ဘီးပေါ်က ကောင်မလေးနှစ်ယောက်က ရှိုးနေတယ် ဟိဟိ..
ချစ်တဲ့

Moe Cho Thinn said...

ရီလိုက်ရတာ.. သူများပုဆိုးကြီး သွားဆွဲနေတာက ပိုအူတက်တယ်.. :D

kiki said...

ဟားဟားဟား....
မတော်တမင်လား ဂျင်ဂျင်းရယ် ၊အဲ့ဒီနောက်ပိုင်း အဲ့သလိုမျိုးပဲ ထိုင်တော့တယ် မလားး.....
ပုံမှာပါတဲ့ကားက.. ချောင်နေသေးတယ်နော့်...
ဒီလို ရှက်ကိုယ်တွေ့ လေးတွေ ဖြစ်စေအောင် ဖန်တီးပေးထားတဲ့ လူဂျီးတွေကို ကျေးဇူးတင်သင့်ပါတယ် ..

Thant said...

ဟားဟားဟား...ရယ်ရတာ ပါးတောင်ညောင်းတယ်...ဟူးးးးးးး

သဒ္ဓါလှိုင်း said...

အမလေး..အင်ကြင်းရေ ဖြစ်မှဖြစ်ရလေလို့သာ...
ဖတ်ရင်းပြုံးလိုက်..ဖတ်ရင်းရီလိုက်နဲ့ပေါ့...
လိုင်းကားတိုးစီးရတဲ့ပုံကိုလည်းသတိတရနဲ့မြင်ယောင်ရင်း
ပေါ့...

ခင်တဲ့
သဒ္ဓါ

မောင်မိုး said...

ဟာ...အင်ကြင်းနဲ့ နောက်တွေ့ရင် သတိထားရမယ်။ ဟူးးး တော်တော်ကို ခြေမြန်တာပဲ။

အင်ကြင်းသန့် said...

အစ်မချစ်>>> ရေးမယ် ရေးမယ် ချစ်ကိုယ်တွေ့တော့ မဟုတ် ခြစ်ကိုယ်တွေ့လေ :))

ကိုဧရာနဲ့ မမသီတာ>>> ဆောတီး ဆောတီး အူတွေနာအောင် လုပ်မိသွားတယ် :))

ကိုမြစ်ကျိုး>>>အာ...အဲဒါမေးစရာလား ကိုမြစ်ကျိုးအင်းရဲ့... :))

မချော>>> အံမယ်...အဲဒီလို လုပ်ဖို့ သူပဲ သင်ထားပေးပြီး ဘာအခုမှ ငါ့ညီမလို့ မပြောတော့ဘူးလေး ဘာလေးနဲ့..:))

မဇွန်>>>ကိုယ့်ညီမ အကြောင်း သိတယ်ဟုတ် :))

ကိုပေါ့ဆိမ့်>>> သြော် ဘုရားကြီးကားဂိတ်မှာ အတွဲလိုက်လိုက်ချောင်းတတ်တဲ့သူလို့ နာမည်ကြီးတာ လတ်စသတ်တော့ ကိုပေါ့ဆိမ့်ကိုးးးးးးးးး :D

ဦးလူထွေး>>> လူမှာ အမျိုး ကြက်မှာ အရိုးတဲ့...သိတယ်ဟုတ်... :D

မွန်>>> မွန်...ရှူး တိုးတိုး..တို့ မိန်းခလေးတွေ သိက္ဓါကျလိမ့်မယ် :))

မချိုသင်း>>> စာလာဖတ်ပေးတာ ကျေးဇူးပါ အစ်မ ချိုသင်း :)

မမကိကိ >>> ဟုတ်တယ် မမကိကိ ...မတော်တမင်လုပ်လိုက်တာ ဟိဟိ (ရှူးးးးးး)

သန့်>>> စာလာဖတ်ပေးသွားတာ ကျေးဇူးတင်တယ်နော် :)

သဒ္ဓါ>>> ကျေးဇူး သဒ္ဓါ.... :)

ကိုမိုး>>> အာ...ကိုမိုးကလည်း ကိုယ့် အစ်ကိုကြီးကို အဲလို လုပ်စရာလား :D

WS said...

ဟား ဟား အင်ကြင်း ရေ.. အကြိမ်ပေါင်းအများ ကြီး ရီခဲ့ ပြီးး
ခု လဲ အသစ်အတိုင်းရီ နေရတုန်း ပဲ.. ကျောင်းကား ပေါ်က အတွေ့ အကြုံ တွေထဲက တစ်ခု ပြီး တစ်ခု လာတော့ မှာ ပေါ့ ဟုတ်လား အင်ကြင်း ၊ ဟား ဟား .... နောက်အတွေ့အကြုံ တွေ ကို စောင့်မျှော်လျက်...

Angel Shaper said...

ဟားးးးးးးဟားးးးးးး
အငြိုးနဲ့ပြန်လုပ်ထည့်လိုက်တာလားလို့.....:P

ဂျူနို said...

ကောင်းတယ် ဘူးထတဲ့လူတွေ မှတ်ပစေ။ ဟိဟိ ကိုယ်ကျွတ်တာမှ အင်ကြင်းရ ဟားဟားဟား။

နားမရှင်းလို့ပါ။ နည်းပညာ တက္ကသိုလ်ဆိုတာ ဘာကို ပြောတာလဲ အင်ကြင်းရေ။ မအယ် မျက်စိကို လယ်နေတာပဲ။ အရင် စက်မှု့တက္ကသိုလ်ကို ခေါ်တာလား။ ဒါမမဟုတ် အရင် ဂျီတီအိုင်ကို ခေါ်တာလား။

နည်းပညာတက္ကသိုလ်တွေ အများကြီး ရှိနေတာလား။ ဟုတ်လား ညီမ။

ဆယ်တန်းအောင်လို့ အင်ဂျင်နီယာလိုင်းတက်ချင်တဲ့သူ အရင်က အာအိုင်တီ တက်တယ်လေ။ ခု ဘယ်သွားတက်ရတာလဲ။ အချိန်ရတဲ့ခါ ပြောပြနော်။

မအယ်

လင်းတိုင်း said...

ဟားဟားဟား............. ဟူးဟူး
ရေရတယ်ဗျို့ မမကြီး
တော်တေးပါဘော့ အကြည်တွေဆိုက်သွားခဲ့ရင်တော့ ဒီပို့စ်ကို ဖတ်ရမှာ မဟုတ်တော့ဘူး၊ စင်ကားပူးလည်း ရောက်ဖစ်မှာ မဟုတ်ဘူးနော့်
ဟီးဟီး Jeyry good post :D

ရွာမင်းတားဂျီး
စိုင်းလင်းတိုင်း

Anonymous said...

ရှက်ကိုယ်တွေ့ အပိုင်း ဘယ်လောက်ထိရေးမှာလဲ
များများရေးပေးပါ ရီရတယ် အဟဲ အဟက်
ဘယ်နှစ်ရှက်ကျန်သေးလဲ မြန်မြန်နော် သူများလဲ ရှက်တယ်လို့တဲ့


ခင်တဲ့
seesein

ပန်းရင့်ရောင် said...

လာဖတ်ပြီး ရယ်သွားပါတယ်။တစ်ခါတလေလည်း ဖြစ်တတ်ပါတယ်လေ ဟုတ်ဘူးလား။ကျောင်းတွေကို မြို့ပြင်ထုတ်တာတော့ ပြောမပြောချင်ပါဘူး။ကျွန်မတို့ ကျောင်းလည်း မြို့နဲ့ (၇)မိုင်ဝေးတယ်။ပိုဆိုးတာ ကားလမ်းပေါ်မဟုတ်ပဲ အထဲကိုချိုးဝင်ရတော့ အဝေးပြေးကားမရှိဘူး။စောင့်ပေတော့ ကျောင်းကားပဲ :P ။

ချိုကျ said...

အယ်..အယ် ကောင်မလေးနော် ဒါဇတ်လမ်းအပြီးထိတော့ ဟုတ်လောက်ဘူးဗျ :) စတာ ရယ်ရပါတယ်ဗျား ကိုယ့်အရပ်ဒေသ အကြောင်းလေးဆိုတော့လေ...

SHWE ZIN U said...

ညီမ အင်ကြင်းရေ

ဒီနေ့ မနက်ပြန်ရောက်တယ် စာတွေလိုက်ဖတ်နေတယ်

ညီမ ရဲ့ ရှက်ကိုယ်တွေ့ လေးက ချစ်ကိုယ်တွေ့ ဖြစ်မလာတော့ နာတာပေါ့နော်

အလကားစတာပါ.. ကိုယ့်ညီမလေး ဒီလို အပြစ်ကင်းကင်း နဲ့ ပျော်နေတာကို ကြည့်ပြီး စိတ်ချမ်းသာ ရပါတယ်နော်

ချစ်တဲ့
မမရွှေစင်

ညီမအတွက် မုံတွေ ပိုစားလာတယ်နော်

စိတ်ကောက်မနေနဲ့အုန်း

TZA said...

ဟားဟား.. ပုဆိုးသစ်ကြီးဝတ်ပြီး ဘတ်စ်ကားလိုက်စီးအုံးမယ်။

အင်ကြင်းသန့် said...

@ဝေစိုး>>>အေးအေး...ဝေစိုးရေ...မကြာမီလာမည်မျှော်ပေါ့ဟာ :))

@Angel Shaper>>> ညီမလေး ရှူးးးးတိုးတိုး မှန်တာတွေ မပြောရဘူးလေ :D

@မမဂျူနို>>>မအယ်ရေ…မအယ် သိချင်တာလေးတွေကို ညီမလေး သိသလောက် ပြောပြမယ်နော်…
အရင်တုန်းက RIT ဆိုတာက (Rangoon Institute of Technology) ကို ခေါ်တာပေါ့နော်…နောက်ပိုင်းမှာ YIT (Yangon Institute of Technology) လို့လဲ ခေါ်ကြတယ်… အဲဒါကိုပဲ ရန်ကုန် နည်းပညာ တက္ကသိုလ် Yangon Technological University (YTU) ဆိုပြီး ထပ်မံပြောင်းလဲခေါ်ဝေါ်ခဲ့ကြပြန်တာလေ…

ဒါပေမယ့် အခုဆိုရင် ကျောင်းသားတွေက အဲဒီ YTU မှာ မတက်ရတော့ဘူး…Ph.D ကျောင်းသားတွေလောက်ပဲ အဲဒီမှာ ရှိတော့တယ်… လှိုင်သာယာမှာလည်း နည်းပညာ တက္ကသိုလ်တစ်ခု Hlaingtharyar Technological University (HTU) ဆိုတာကို ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် ကျောင်းသားတွေက အဲဒီမှပဲသွားပြီး တက်ကြရတော့တယ်…..

အလားတူပဲ မန္တလေးနဲ့ ပြည်မှာလည်း Mandalay Technological University (MTU) နဲ့ Pyay Technological University (PTU) ဆိုပြီး နည်းပညာ တက္ကသိုလ်တွေ တစ်ခုစီ ဖွင့်လှစ်ခဲ့တယ်…မန္တလေးကတော့ မြန်မာပြည်အထက်ပိုင်းက လူတွေအတွက်ဖြစ်ပြီး ပြည်ကတော့ မြန်မာပြည်အောက်ပိုင်းက လူတွေ အတွက်ရည်ရွယ်ခဲ့တာလေ…

ဂျီတီအိုင် (Government Technological Institute) ဆိုတာနဲ့ ဂျီတီစီ (Government Technological College) ဆိုတာတွေလည်း ရှိသေးတယ်…ဂျီတီအိုင်ကတော့ ကျောင်းပြီးရင် ဒီပလိုမာပဲ ရတာပေါ့နော်…ဂျီတီစီဆိုတာက နည်းပညာကောလိပ်ပဲ ပြောပါတော့ အဲဒီမှာတက်တဲ့ သူတွေထဲကမှ ကွာလဖိုင်းဖြစ်တဲ့သူတွေကတော့ ခုနပြောတဲ့ နည်းပညာတက္ကသိုလ်တွေမှာ ထပ်တက်ရတယ်…..

ရှုပ်ကုန်ပြီထင်တယ်နော်…ထပ်ရှင်းပြမယ်
အခုဆိုရင် ဆယ်တန်းအောင်လို့ ကျောင်းတက်ဖို့ လိုင်းရွေးချယ်တဲ့အခါကျတော့ အရင်တုန်းက ဆေးအမှတ်ပြီးရင် စက်မှုတက္ကသိုလ်က ဒုတိယ အမြင့်ဆုံးပေါ့နော်…အဲဒီလို ရွေးခဲ့တာပေါ့…အဲဒီတော့ အမှတ်တွေက မြင့်တယ်လေ…ဆယ်တန်းအောင်တိုင်း အင်ဂျင်နီယာဘွဲ့ ရဖို့ မလွယ်ဘူး…ဒါပေမယ့် အခုကျတော့ အဲဒီလို မဟုတ်တော့ဘူး…ဆယ်တန်းအောင်ရင် ဂျီတီစီဆိုတာကို တက်ဖို့အမှတ်က သိပ်မြင့်စရာမလိုဘူး…(အဓိကက အင်္ဂလိပ်စာနဲ့ သချာင်္ အမှတ်ပေါ့နော်…)…အဲဒီဘာသာရပ်နှစ်ခုက သတ်မှတ်ထားတဲ့ အမှတ်ထဲဝင်မယ်…စုစုပေါင်းရမှတ်လည်း နဲနဲများမယ် ဆိုရင်တော့ ဂျီတီစီဆိုတာကို စတက်ခွင့်ရပါပြီ….ဒါပေမယ့် စတက်တက်ချင်း ပထမနှစ်နဲ့ ဒုတိယနှစ်မှာ စာမကြိုးစားခဲ့ရင်တော့ ဒုတိယနှစ်ပြီးတာနဲ့ ဂျီတီအိုင် ဒီပလိုမာနဲ့ပဲ ထွက်ရပါတယ် သူတို့သတ်မှတ်ထားတဲ့ အမှတ်မမီရင်…တတိယနှစ်ကို ဆက်တက်ခွင့်မရဘူးပေါ့….

အဲဒီလိုပဲ တတိယနှစ်နဲ့ စတုတ္ထနှစ်မှာ မကြိုးစားခဲ့ရင်လည်း စတုတ္ထနှစ်အပြီးမှာ ကွာလဖိုင်းမဖြစ်ရင် B-Tech (Bachelor of Technology) ဆိုတဲ့ ဘွဲ့နဲ့ပဲ ပြီးရတယ် ကွာလဖိုင်းဖြစ်ရင်တော့ BE (Bachelor of Engineering) ဘွဲ့ကိုရဖို့ တစ်နှစ်ထပ်တက်ရတယ်.....အဲဒီကနေမှ သတ်မှတ်ထားတဲ့ အမှတ်မီရင် မီသလို Master တန်း, Ph.D တန်း စသည်ဖြင့် ဆက်သွားကြတာပါ...

ညီမလေးလည်း သိသလောက်ရှင်းပြရတာ မအယ်ရေ…ဖတ်တဲ့သူတဲ့မသိဘူး…ရေးတဲ့သူတောင် ခေါင်းမူးသွားတယ် :)))

@လင်းတိုင်း>>>အားရပါးရ ရီသွားဒယ်ပေါ့ ခေါင်းပေါင်း ကျွတ်ကျဦးမယ် သတိထာဦး :D

@မမစည်းစိမ်>>>အပိုင်းတွေ အညားဂျီး ကျန်ဒေးဒယ်...:))

@ပန်းရောင်>>>ပန်းရောင်ရေ...စာလာဖတ်ပေးသွားတာ ကျေးဇူးနော်

@ကိုချိုကျ>>>ကိုချိုကျက ဇာတ်လမ်းကို ဘယ်လိုဆက်စေချင်တာဒုန်းးးးးးးး :))

@မမရွှေစင်>>> ဒါမှ ငါ့မမဂျီးကွ...အာဘွား :P

@ကိုတီ>>> ကိုတီက စိန်ခေါ်တာလား...ဟမ်!!! :D

sosegado said...

ဖတ်ပြီးရယ်ရပါသည်၊
ရှက်နေတဲ့ မအင်ကြင်းရဲ့ မျက်နှာကို တွေးမိပါသည်၊
တကယ်လို့ မအင်ကြင်းသန့် နှင့်တွေ့ရရင် ပုဆိုးမဝတ်ဘို့ သတိထားရမည်….:D

noblemoe said...

အမလေး အင်ဂျင်းရယ် ဖြစ်မှဖြစ်ရလေ ရုံးမှာအသံမထွက်အောင်သတိထားရယ်ရပါတယ်ရှင်
အင်ဂျင်းတို့ တော့ နော် ဟိုက ကြည့်ရုံကြည့်တာလေ ဂျင်းရဲ့ အဟိဟိ မျက်နှာကြောတွေပြတ်လောက်အောင်ဒေါသထွက်တာ ကနေ အရှက်ကိုယ်တွေ့ လေးဖြစ်ကရော...
သာယာချမ်းမြေ့ပါစေနော်
မိုး

ခြင် said...

ဟားဟား.... အရမ်းရီရတယ်... ရှိသေးရင် ရေးပါဦးညီမလေးရေ...

thaw zin soe said...

မအင်ကြင်းသန့်ခင်ဗျား ဒီပို့လေးကို ၃ကြိမ်မြောက်လာဖတ်သွားပါတယ်။ တက်ဂ်ပို့ကို ခုမှရေးပီးပါပီ။ ခုမှရေးပြီးလို့လည်း အရမ်းကိုပဲ စိတ်မကောင်းကြီးစွာနဲ့တောင်းပန်ပါတယ်။ တက်ဂ်ပို့တက်လိုက်လို့ ပြေးတာမျိုးမဟုတ်ပါဘူး အသုံးမကျတဲ့ ကျွန်တော် ဂေါက်ကြောင်ကြောင်အတွေးတွေလျှောက်တွေးပြီး ဘလော့ကိုဖျက်လိုက်မိပါတယ်။ ဒါပေမဲ့ ဘလော့တွေနဲ့ကင်းကွာသွားခြင်းမျိုးမဟုတ်ပဲ ဘလော့တွေကိုနေ့တိုင်လိုလို သွားဖတ်ဖြစ်ပါတယ်။ ကြာလာတော့ ကိုယ်ကသူများစာကိုပိုင်ရှင်မသိပဲခိုးဖတ်သလိုလို အိမ်ရှင်မသိဘဲဝင်ထွက်သွားလာသလိုလို စတဲ့ လိပ်ပြာမသန့်တဲ့စိတ်တွေကို ခံစားလာခဲ့ရပါတယ်။ ဒါနဲ့ ဝေလေလေကျွန်တော်မှာ အိမ်တွေကိုမသွားပဲ google reader ကနေဖတ်ပါတယ်။ ဒါပေမဲ့ တက်ဂ်ပို့တွေကိုပဲစိတ်စွဲနေပြီး ကျွန်တော့်ရဲ့ လိပ်ပြာမသန့်စိတ်က လျော့သွားခြင်းမရှိခဲ့ပဲ စားမ၀င်အိပ်မပျာ်ဖြစ်နေပါတယ် :P:P ခုတော့ အဆင်ပြေသွားပါပြီ။ နောင်လည်းတက်ဂ်ပို့တွေကြိုက်သလောက်တက်ဂ်နိုင်ကြောင်းပါခင်ဗျား။
ခင်မင်လေးစားလျက်.......

~ဏီလင်းညို~ said...

အင်းကြင်းရေ....

အင်ကြင်းတို့ ညီအမတွေ ရှေ့ကဖြတ်လျှောက်ရင်....... ဂျင်းဘောင်းဘီကို သေချာခါးပတ်ပတ်ပြီးမှ ၀တ်သွားတော့မည်........း))

ခင်မင်တဲ့
ဏီလင်းညို

what is good things said...

ရှက်ကိုယ်တွေ့လေးဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။ ကိုယ်တွေ့လေးတွေ ဖတ်ရတာ ကောင်းပါတယ်။

Anonymous said...

တီလေးတို့ရှေ့ ရောက်မှာတောင် တားတားကြောက်နေပြီဗျ ...း)
တီလေးက ဇာတ်လမ်းတောင် ဆက်ချင်သေးတယ် ...
အဟားဟား .. တော်တော်မလွယ်ဘူး ... အဟီး ...

ညလင်းအိမ် said...

ဂျင်းရေ အူတက်အောင် ရီရတယ် ...
မှော်ဘီ GTC လည်း ဒီလိုပါပဲဗျာ ...
ခေါင်းမိုးပေါ်တောင် တက်စီးရလို့ အနော်တောင် အသားတွေ မည်းလာတာ ...

ခုတော့ ရှက်ပါဆို မရှက်တတ်တော့ဘူး မလား ဂျင်း ... အဟင်းဟင်း သိတယ်နော် .. ဘယ်တော့လဲ ... :P

ခင်တဲ့
ညလင်းအိမ်

blackcoffee said...

အားတော့နာတယ်။ညီမအတွက်တော့ ရှက်ကိုယ်တွေ့ ဆိုပေမယ့် အစ်ကို ကတော့အသံထွက်ရီမိတဲ့ အထိဖြစ်ရတယ်...အဟီး...ပြောရင်းတောင်ရီချင်လာပြီ။ဒါနဲ့ စကားမစပ် ပုဆိုးက ဘာတံဆိပ်လဲ...အဟဲ ခင်လို့ စတာနော်....ဒီပို့ လေးဖတ်ပြီးမှ ပြည်မှာ ကျောင်းတက်တုန်းက အကြောင်းတွေကို သတိရမိတယ်။