Pages

Friday, March 26, 2010

စိတ်ကူးသက်သက်ဖြင့်သာ

ခြံဝင်းလေးကတော့ဖြင့်..... အတန်အသင့် ကျယ်ပြန့်လှသည်ဟု ပြောလို့ရပါသည်။ ခြံစည်းရိုး တစ်လျှောက်မှာတော့..... ခြံစည်းရိုးနဲ့အပြိုင် လူတစ်ယောက်၏ ခါးသာသာမျှ အမြင့်လောက်သာရှိသော ပုဏ္ဏရိပ်ပင်များကို စီတန်းကာ စိုက်ပျိုးထားလေ၏။ ခြံဝန်း၏ ပတ်ပတ်လည်တွင်မူ..... သရက်၊ မာလကာ၊ သြဇာ၊ အစရှိတဲ့ သီးပင်မျိုးတွေကို ပုဏ္ဏရိပ်ပင်များ ကြားတွင် ဆယ့်ငါးပေခန့်စီ ခြားလျက် စိုက်ထားတာကို တွေ့ရမှာ ဖြစ်ပြီး ခြံဝင်းထဲက မြေနေရာ၏ သုံးပုံတစ်ပုံခန့်ကိုတော့ ခြံတစ်ဖက်ခြမ်းကို ကပ်လျက် ဆောက်ထားသည့် အိမ်ကလေးက နေရာယူထားပါသည်...။ အိမ်ရဲ့ အရှေ့ဘက်ခြမ်းတွင်မူ..... နှင်းဆီပင်၊ စံပယ်ပင်၊ ရွက်လှပင်မျိုးစုံနဲ့ ပိန်းပန်းအိုးများက နေရာယူနေပြီး အိမ်အနောက်ဖက်မှာတော့ ချဉ်ပေါင်၊ ငရုတ်၊ ပင်စိမ်း ၊ သခွား.... အစရှိသည့် စားပင်လေးများကို ဘောင်လေးတွေဖော်ကာ စနစ်တကျ စီတန်းကာ စိုက်ပျိုးထားတာကို တွေ့ရမှာဖြစ်လေသည်...။

ထိုခြံဝင်းနဲ့ အိမ်ကလေးဟာဆိုရင်ဖြင့် ဖေဖေ၊ မေမေ၊ ကိုကြီး၊ ကျွန်မနဲ့ ညီမလေးတို့ရဲ့ ပျော်စံနေထိုင်ရာ၊ ဟန်ဆောင်မှု ဂုဏ်ပကာသနတွေ မပါပဲ ရိုးစင်းသော၊ အေးချမ်းသော၊ မေတ္တာတရားတို့ဖြင့်သာ ထုံမွှမ်းထားရာ “မေတ္တာရိပ်မြုံ”ံ ဟု ကျွန်မရဲ့ စိတ်ထဲကနေ တိတ်တဆိတ် အမည်ပေးထားမိသော ကျွန်မတို့မိသားစုလေးရဲ့ နေအိမ်ဂေဟာလေးပင် ဖြစ်ပါသည်။

အိမ်ကလေးရဲ့ အပေါ်ထပ် ထောင့်အစွန် တစ်နေရာလေးမှာတော့ဖြင့် ကျွန်မရဲ့ ၀မ်းနည်း ၀မ်းသာမှုတွေ၊ နာကျင်မှု ပျော်ရွှင်မှုတွေ၊ ရှုံးနိမ့်မှု အောင်မြင်မှုတွေ အားလုံးကို သွန်အန်ချရာ၊ ကျွန်မအမြဲတမ်း နားခိုရာ ဖြစ်တဲ့၊ ကျွန်မရဲ့ကမ္ဘာငယ်လေးလို့လည်း ပြောလို့ရတဲ့ ကျွန်မရဲ့ အခန်းငယ်လေး တည်ရှိပါသည်။ နံနက်ခင်းတွေကိုရောက်တိုင်း ကျွန်မ အိပ်ရာက နှိုးထလာတဲ့အခါ အိပ်ရာနံဘေးက ပြတင်းတံခါးလေးကို ဖွင့်လိုက်ပြီဆိုရင် ပြတင်းပေါက်မှတဆင့် လှမ်းမြင်နေရတဲ့ အိမ်အရှေ့ ပိတောက်ပင်ကြီးရဲ့ သစ်ကိုင်းများထက်မှာ နေရာအသီးသီး ယူထားကြတဲ့ ငှက်ကလေးတွေက တတျီတျီတတျာတျာဖြင့် ကျွန်မကို နေ့စဉ်နေ့တိုင်း တေးသံသာများဖြင့် ဖျော်ဖြေရန် တာဝန်မပျက်မကွက် ယူထားကြသလို အမြဲပင် ရှိနေတတ်ကြပါသည်..။ ကျွန်မကလည်း အိပ်ရာက နိုးလျှင်နိုးချင်း ရေချိုးခန်းသို့ မ၀င်တတ်သေးပဲ ပိတောက်ပင်ပေါ်မှ ငှက်ကလေးများ၏ တေးသံသာများကို နားထောင်ရင်း နံနက်ခင်းမှာ တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေအေးအေးမြမြတို့ကို ခဏတာမျှ ရှူရှိုက်ရင်း ခြံအပြင်ဘက် လမ်းမပေါ်တွင် ဥဓဟို သွားလာလှုပ်ရှားနေကြသည့် လူအများနဲ့အတူ ယာဉ်ကြီး၊ ယာဉ်လတ်၊ ယဉ်ငယ် အသွယ်သွယ်တို့ကို ခဏတာမျှတော့ ငေးမောကြည့်နေမိတတ်လေ့ရှိပါသည်...။

မျက်နှာသစ် ရေမိုးချိုးပြီးလို့ မီးဖိုချောင်ထဲကို ဆင်းသွားလိုက်ပြီ ဆိုရင်တော့ နံနက်စောစောကတည်းက ကိုကြီး (သို့မဟုတ်) ဖေဖေနဲ့ အတူတူ ဈေးကိုထွက်သွားတဲ့ မေမေက ဈေးမှ ပြန်ရောက်နေပြီ ဖြစ်ပြီး သူမ၀ယ်ယူလာတဲ့ ဟင်းလျာတွေကို တကုတ်ကုတ်နဲ့ ချက်ပြုတ်နေတာကို တွေ့ရမည် ဖြစ်သည်။ ညီမလေးကတော့ ထိုအချိန်ဆိုလျှင် ကျောင်းသို့ ထွက်သွားပြီ ဖြစ်ချေသည်.....။ ကျွန်မက အဲဒီအချိန်ကျမှ ဟင်းချက်နေသော မေမေ့ကို စကားတွေ လှမ်းပြောရင်း မေမေ ဈေးမှ ၀ယ်ယူလာပေးသည့် မုန့်ဟင်းခါး (သို့မဟုတ်) အသုတ်စုံ တစ်ခုခုကို ထမင်းစားပွဲမှာ ထိုင်စားလေ့ရှိသည်။ မေမေနဲ့ပြောဖြစ်လေ့ရှိသော အကြောင်းအရာများမှာ တစ်ခါတစ်ရံတော့လည်း ကုန်ဈေးနှုန်းများအကြောင်း၊ တစ်ခါတစ်ရံတော့လည်း ဈေးထဲမှာ သူမဆုံတွေ့ခဲ့သော မိတ်ဆွေ တစ်ဦးတစ်ယောက်၏ အကြောင်း ဒါမှမဟုတ် ဈေးထဲက ထူးထူးခြားခြား အဖြစ်အပျက် တစ်ခုခု၏ အကြောင်းများပဲ ဖြစ်လေ့ရှိပါသည်။ စားလျက်စ မုန့်ကိုလည်း ဆက်စားရင်း တစ်ဖက်မှလည်း မေမေ ပြောပြသည်တို့ကို နားထောင်ရင်းနဲ့ပဲ ကျွန်မရဲ့ နံနက်စာစားချင်းက ပြီးဆုံးသွားလေ့ရှိပါသည်...။

နံနက်စာ စားသုံးပြီးသွားပြီ ဆိုရင်တော့ ကျွန်မတတ်ထားတဲ့ အတတ်ပညာလေးနဲ့ အဆောက်အဦး ဒီဇိုင်းတွေကို ရေးဆွဲတွက်ချက်သည့် ကျွန်မ၏ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလေးကို ကျွန်မရဲ့ ကမ္ဘာငယ်လေးထဲမှာပဲ ကျွန်မစတင် လုပ်ဆောင်ပါသည်...။ လိုအပ်သည့် အခါများတွင်တော့လည်း အလုပ်ကိစ္စတွေ အတွက် အပြင်သို့ သွားရောက်ရသည့် အခါမျိုးတွေရှိတတ်သည်။ အလုပ်ထဲမှာ အာရုံနစ်မြုပ်သွားပီ ဆိုရင် ဘေးဘီကို လုံးဝ သတိမရတော့ပဲ ထမင်းစားဖို့ကိုတောင် မေ့လျော့နေတတ်တဲ့ ကျွန်မကို မေမေက အမြဲတမ်း ''ဂျင်းရေ...ထမင်း စားတော့လေ...အလုပ်ကို ခဏနားထားလိုက်ဦး...ကျန်းမာရေးထိခိုက်လိမ့်မယ်...'' ဆိုပြီး အခန်းဝကနေ ခဏ ခဏ လာရောက်ကာ သတိပေးရတတ်လေ့ ရှိသည်...။

ဒီလိုနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးကို တကုပ်ကုပ် လုပ်ကိုင်ရင်းနဲ့ပဲ ကျွန်မရဲ့ တစ်နေ့တာကို ဖြတ်သန်း ကုန်ဆုံးသွားရပြီး ရာသီဥတု ကြည်လင်သည့် တစ်ချို့သော ညနေခင်းလေးတွေမှာ ဆိုရင်တော့ ကျွန်မ လမ်းလျှောက်ထွက်တတ်ပါသည်။ များသောအားဖြင့် ကျွန်မသွားလေ့ရှိတာက ကျွန်မတို့ အိမ်ခြံဝင်းလေးနှင့် မနီးမဝေး လူရှင်းတဲ့ ကန်ဘောင်ရိုးလေး တစ်လျှောက်ကိုပါပဲ...။ လူများတဲ့ နေရာမျိုးတွေကိုတော့ အထူးသဖြင့် ကျွန်မ ရှောင်လေ့ရှိပါသည်။ တစ်ခါတစ်လေမှာ ကိုယ်တွေးချင်တာလေးတွေကို တွေးနေပြီး တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ်လေး လမ်းလျှောက်ထွက်ရတဲ့ အရသာက ဘာနဲ့မှ မတူပါဘူး...။ တစ်ချို့သော လမ်းလေးတွေက တစ်ကိုယ်တည်း လျှောက်မှ အဓိပ္ပာယ် ပိုရှိတယ်လို့ ကျွန်မက ထင်မိတတ်ပါတယ်...။

ကန်ဘောင်ပေါ်မှာ လမ်းလျှောက်ရတာ ညောင်းလာပြီ ဆိုရင်တော့ ကန်ဘောင်၏ ဆင်ခြေလျှော တစ်လျှောက်တွင် ပေါက်ရောက်နေကြသည့် မြက်ခင်းများ၏ တစ်နေရာရာပေါ်တွင် ထိုင်ချကာ ကန်ဘောင်နံဘေး ကွင်းပြင်ထဲတွင် ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက် ဆော့ကစားနေကြသော ကလေးတစ်သိုက်တို့အား ငေးမောကြည့်နေတတ်ပါသည်။ တစ်ခါတစ်ရံ လွင့်ပျံ့လာတတ်သည့် သူတို့ရဲ့ တစ်ဦးနဲ့တစ်ဦး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေကြသံများ၊ သူတို့ရဲ့ ရီမောသံများမှတဆင့် သူတို့၏ ပျော်ရွှင်မှုများက ကျွန်မဆီသို့ ကူးစက်လာတတ်ပါသည်။

အကယ်ရွေ့များ ကျွန်မသာ ယောက်ျားလေး တစ်ယောက် ဖြစ်ခဲ့မည် ဆိုရင်တော့ ထိုကွင်းပြင်ကြီးထဲတွင် ပေါက်ရောက်နေသော မြက်ပင်ရိုင်းများကြားမှာ လဲလျောင်းအိပ်စက်ရင်း ကျယ်ပြောလှသည့် အပြာရောင် ကောင်းကင်ကြီးထဲမှာ အဆုံးအစမရှိ လှပစွာ မျောလွင့်နေသည့် အဖြူရောင် တိမ်စိုင်တိမ်လိပ်များကို ငေးမောကြည့်နေချင်မိပါသည်။ မိန်းခလေးဖြစ်နေရသည့် ဘ၀တွင် ပတ်ဝန်းကျင်ဆိုသည့် အရာကြီးကို ခေါင်းထဲမှာထည့်ထားရပြီး အရာရာကို အကန့်အသတ်တွေ၊ ဘောင်တွေနဲ့ ထိန်းချုပ်ထားရသည်မှာ တစ်ခါတစ်ရံတော့လည်း စိတ်ပင်ပန်းစရာ ကောင်းလှပါသည်။

လမ်းလျှောက်မထွက်ချင်သည့် တစ်ချို့သော ညနေခင်းတွေမှာတော့ ပန်းပင်စိုက်တာ သိပ်ဝါသနာပါသော မေမေနဲ့အတူ သူမ၏ ပန်းပင်လေးများကို ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာကျွေး စသည့် လုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးရင်း သားအမိနှစ်ယောက် စကားတွေ တွတ်ထိုးကြပါသည်။ အပေါင်းအသင်း များများစားစား မရှိတတ်သော၊ ရပ်ကွက်ထဲမှာ အိမ်လည်ရတာကို ၀ါသနာမပါသော၊ အိမ်ကို ဧည့်သည်လာပြီ ဆိုရင်လည်း များသောအားဖြင့် အခန်းထဲမှာပဲ အောင်းနေတတ်သော ကျွန်မအတွက် မေမေ့ဆီကနေ ပြောပြသမျှ ရပ်ကွက်ထဲက လူများအကြောင်း၊ အသိမိတ်ဆွေ တစ်ချို့တို့၏ အကြောင်းများ၊ ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်ရင်း၊ ကျွန်မ သိချင်သည့် အကြောင်းအရာများ၊ နားမလည်သည်များကိုလည်း ကျွန်မက ပြန်လည် မေးခွန်းတွေ ထုတ်ရင်း သားအမိနှစ်ယောက်ရဲ့ ညနေခင်းတွေက ပေါ့ပါးသာယာစွာ ရှိလှပါသည်။

ရေဒီယို နားထောင်ရတာ နှစ်သက်သည့် မေမေက တစ်ခါတစ်ရံ လက်တ၀ါးစာမျှလောက်သာ ရှိသော ရေဒီယိုလေးကို သူမရဲ့ပန်းပင်တွေကြားကို ယူလာတတ်ပြီး မြက်ခင်းပြင် တစ်နေရာလေးပေါ်တွင် ဖြစ်စေ၊ ပန်းပင်လေးတွေအား ၀န်းရံထားသည့် ခြံစည်းရိုးငုတ်လေး တစ်ခုခုပေါ်တွင် ချိတ်ရွေ့ဖြစ်စေ နားထောင်လေ့ ရှိပါသည်။ မေမေနဲ့ အတူတူနေတာကြာတော့ ကျွန်မတောင် ရေဒီယိုကလာတဲ့ သီချင်းတွေကို နှစ်သက်တတ်နေပြီလေ...။ တစ်ခါတစ်ရံမှာ အပြင်မှာ ကြားရခဲလှသော ရေဒီယိုက လွှင့်ပေးတဲ့ ပြည်လှဖေတို့၊ မေရှင်တို့ရဲ့ သီချင်းတွေကို နားထောင်ရတာဟာဖြင့် အရသာတစ်မျိုး ရှိလှပါပေသည်။

ညစာစားပြီးပြီကြပြီဆိုရင်တော့ မေမေတို့အတွက်က တီဗွီကနေ ညစဉ် ထုတ်လွှင့်ပေးနေသော တရုတ်၊ ကိုးရီးယား အစရှိသည့် ဇာတ်လမ်းတွဲများကို ကြည့်ကြရန် အချိန်အခါဖြစ်ပါတော့သည်။ ရုပ်ရှင်ဇာတ်လမ်းကြည့်ဖို့ဆိုလျှင် ဇာတ်လမ်းရွေးလွန်းသော၊ မင်းသား၊ မင်းသမီးရွေးလွန်းသော ကျွန်မကတော့ များသောအားဖြင့် ကျွန်မလိုပဲ တီဗွီသိပ်မကြည့်တတ်သည့် ဖေဖေနဲ့ သားအဖနှစ်ယောက် စကားတွေထိုင်ပြောချင်ပြောကြပါသည်။ အလုပ်အကိုင်အကြောင်းလေးတွေ ဆွေးနွေးတတ်ကြပါသည်။ လူအများရဲ့ ရှေ့မှာဘယ်လိုပဲ လူကြီးတစ်ယောက်လို ဟန်ဆောင်ကာနေရပေမယ့် ဖေဖေနဲ့ဆိုရင်တော့ ဒီနေ့ဒီအချိန်အထိ ကျွန်မဟာ ဖေဖေ့ရင်ခွင်ကို ခေါင်းတိုးဝင်တတ်တုန်းပါပဲ။ ဖေဖေနဲ့စကားတွေ မပြောဖြစ်ဘူးဆိုရင်တော့ ကျွန်မ၀ါသနာပါသည့် စာရေး စာဖတ်ခြင်း၊ သီချင်းနားထောင်ချင်းတို့ကိုသာ ကျွန်မလုပ်လေ့ရှိပါသည်။ အဲဒီ အချိန်လေးကတော့ ကျွန်မ လုပ်ချင်တာလေးတွေ၊ ကျွန်မ ၀ါသနာပါတာလေးတွေကို လုပ်ဖို့ ကျွန်မရဲ့ ကိုယ်ပိုင် သီးသန့်် အချိန်လေး၊ တစ်နေ့တာအတွက် ကျွန်မရဲ့ အပျော်ဆုံးအချိန်လေး ဆိုရင်လည်း မမှားပါဘူး...။ တစ်ခါတစ်ရံတော့လည်း ဘုရားခန်းထဲတွင် ဘုရားရှိခိုးနေသည့် မေမေ့နံဘေးလေးတွင် ကျွန်မ အသာလေး သွားပြီး အိပ်နေတတ်ပါသည်။ တိတ်ဆိတ်နေသည့် ညယံမှာ တိုးတိုးလေး ပျံ့လွင့်နေသော မေမေ့နှုတ်မှ ဘုရားရှိခိုးသံတို့ကို တိတ်တိတ်ဆိတ်ဆိတ်လေး ငြိမ်ပြီး နားထောင်နေရသည်မှာ နှလုံးအိမ်ထဲအထိကို ပျံ့နှံ့စိမ့်ဝင်သွားသည်အထိ ကြည်နူးစရာ ကောင်းလွန်းလှပါသည်။

စာရေးဖို့ခေါင်းထဲက မထွက်သည့်အခါမျိုးတွေ၊ စိတ်တွေ ညစ်ညူး နောက်ကျိလာသည့် အခါမျိုးတွေမှာတော့ ပြတင်းပေါက်လေးရှိရာသို့ ထရပ်ကာ အဝေးဆီမှ မှုန်ပြပြ မာကျူရီမီးများ ရှိရာသို့ ဖြစ်စေ ဒါမှမဟုတ် ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ ကောင်းကင်ပြင်ကြီးဆီသို့ ဖြစ်စေ...ငေးစိုက်ကြည့်ရင်း အတွေးတို့၏ ခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားနေမိတတ်သည်။ တစ်ခါတစ်ရံတော့လည်း...... အတွေးတွေထဲကို တစ်စုံတစ်ယောက်သောသူရဲ့ အကြောင်းက မဖိတ်ခေါ်ပဲ အလိုလို ရောက်ရှိလို့လာတတ်ပါသည်။

ကျွန်မရဲ့ ပါးပြင်ပေါ်က သနပ်ခါး အမှုန်လေးတွေကို ဖြတ်တိုက်သွားတဲ့ လေညှင်းတစ်ချက် (သို့မဟုတ်) ကျွန်မရဲ့ ဆံစတွေကို တိုးဝှေ့သွားတဲ့ လေညှင်း တစ်ချက်ဟာ တစ်စုံတစ်ယောက်သောသူ ရှူရှိုက်သွင်းလိုက်တဲ့ ပင့်သက်တစ်ချက်ထဲမှာ ရာခိုင်နှုန်း မည်မျှနည်းပါးသည် ဖြစ်ပါစေ အငွေ့အသက်လောက်လေး ဖြစ်ဖြစ် ပါများပါသွားနိုင်မလား ဆိုတဲ့ ရူးကြောင်ကြောင်အတွေးတွေကိုလည်း ကျွန်မက တစ်ခါတစ်ရံ တွေးမိတတ်ပါသေးသည်။ ဒီလိုမှ မဟုတ်ရင်လည်း ပြတင်းပေါက်ကို ဖြတ်တိုက်လာတဲ့ လေပြေလေညှင်းလေးတွေထဲမှာ (ဘယ်လောက် အတိုင်းအတာ ရှိမယ်မှန်း မခန့်မှန်း မသိရှိနိုင်တဲ့ သူနဲ့ကျွန်မရဲ့ကြားက ဝေးကွာခြင်းကို မေ့လျော့ကာ) တစ်စုံတစ်ယောက်သောသူ တီးခတ်ကောင်း တီးခတ်နေမည့် ဂစ်တာသံစဉ် အပိုင်းအစလေးတွေပဲ ဖြစ်ဖြစ်၊ သူဆိုညည်းတတ်လေ့ရှိသော သီချင်းသံ တိုးတိုးလေးရဲ့ အပိုင်းအစလေးတွေပဲ ဖြစ်ဖြစ် ပါများပါလာလေမလားရယ်လို့ နားစွင့်ကြည့်မိတာမျိုး၊ လေညှင်းတွေကို ယောင်ယမ်း ဖမ်းဆုပ်ကြည့်မိတာမျိုးပေါ့...။ ကျွန်မရဲ့ အတွေးတွေထဲမှာ အမြဲရှိနေတတ်တဲ့ အကြောင်းအရာ တစ်ခုကတော့ ....တစ်စုံတစ်ယောက်သောသူကို

ပြောချင်တဲ့စကားတွေ ရှိခဲ့တယ်.....
ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ဘူး။
မပြောဖြစ်ခဲ့တဲ့ စကားတွေရှိခဲ့တယ်.....
ဘယ်တော့မှလည်းပြောဖြစ်မှာ မဟုတ်လောက်တော့ဘူး။

ဆိုတာပါပဲ။

စာရေးဖို့ အတွေးလေးတွေ ထွက်လာပြီ ဆိုရင်တော့ ကျွန်မ စာတွေ ထိုင်ရေးဖြစ်ပါသည်။ တစ်ခါတစ်ရံတော့လည်း တစ်စုံတစ်ယောက်သောသူ အတွက် ကဗျာတွေ ချရေးဖြစ်သွားတတ်ပါသည်။ စာတွေဆက်တိုက် ရေးရင်း ဖတ်ရင်း ကျွန်မရဲ့ ညအိပ်ရာဝင်ချိန် တော်တော်များများက နံနက် ၂နာရီ ၃နာရီ ပတ်ဝန်းကျင်မှာသာ အမြဲရှိနေတတ်သည်။ လူတွေနဲ့ စကားပြောရတာ၊ လူထူတဲ့ နေရာတွေမှာ သွားလာနေထိုင်ရတာမျိုးထက် တစ်ကိုယ်တည်း တွေးချင်ရာတွေး၊ ရေးချင်ရာရေးနေရတာမျိုးကို ပိုနှစ်သက်တတ်တဲ့ ကျွန်မက ညလူခြေတိတ်ချိန်တွေမှာ တိတ်တိတ်ဆိတ်ဆိတ်လေး တစ်ကိုယ်တည်း နေထိုင်နေရတာမျိုးကို ပိုမိုနှစ်သက်တတ်ပါသည်။ ပုံမှန်အားဖြင့် အမြဲတမ်းလိုလို စာဖတ်ရင်း တန်းလန်းဖြစ်စေ...... သီချင်းနားထောင်ရင်း တန်းလန်းဖြစ်စေ အိပ်ပျော်သွားတတ်သော ကျွန်မကို ဖေဖေနဲ့မေမေက အမြဲ စိတ်မချစွာ လာလာကြည့်ရှုတတ်ပြီး အိပ်ရာပေါ်မှာ နေသားတကျဖြစ်အောင် လုပ်ပေးတတ်ခြင်း၊ စောင်ခြုံပေးတတ်ခြင်း စသည်တို့ကို တစ်ခါတစ်ရံမှာတော့ ကျွန်မ တကယ်ပဲ မသိလိုက်စွာ၊ တစ်ခါတစ်ရံမှာတော့လည်း သိပင်သိလျက်နဲ့ပင် တမင်အိပ်ချင်ယောင်ဆောင်ကာ ငြိမ်နေတတ်ပါသည်။ ဒီအသက်အရွယ်ရောက်သည်အထိ မိဘကို ကြောင့်ကြများစေတတ်သော ကျွန်မအား မလိမ္မာမိုက်မဲလှသည်လို့ စကားတင်း ဆိုမည့်သူတွေလည်း ဆိုကြပါစေတော့.....။ လူအများတို့၏ ရှေ့မှောက်မှာ လူမှုကျင့်ဝတ် ၀တ္တရားတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ ဖုံးလွှမ်းကာ လျှောက်လှမ်းနေရတဲ့ ဘ၀ခရီးမှာ ဖေဖေ၊မေမေတို့ရဲ့ ရင်ခွင်မှာတော့ ကျွန်မ ကလေးတစ်ယောက်လို နေဖို့ အခွင့်ရှိတုန်းလေး ကျွန်မ နေချင်ပါသေးသည်။......။

ကျွန်မဟာ ကမ္ဘာမြေပေါ်မှာ ခြေချခွင့်ရတဲ့ တစ်ခိုက်မှာ လူပေါင်းမြောက်မြားစွာကို အကျိုးပြုနိုင်သော လူသား တစ်ယောက် မဖြစ်ရရင်လည်း နေပါစေ လူပေါင်းမြောက်မြားစွာကို ဆင်းရဲဒုက္ခရောက်အောင်၊ ကြီးနိုင်ငယ်ညှဉ်းနဲ့ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်မှုတွေပြုလုပ်ကာ အနိုင်ကျင့်တတ်သော၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်နဲ့ သူများတကာတွေ ဘယ်လိုပဲ ဆင်းရဲဒုက္ခရောက်နေပါစေ ကိုယ့်တစ်ဖို့တည်း ကြီးပွားချမ်းသာဖို့ကိုသာပဲ ကြည့်တတ်တဲ့ လူစားမျိုးတွေထဲမှာ မပါဝင်မိခဲ့လေခြင်း အတွက်တော့ ကိုယ့်ကိုကိုယ် ကျေနပ်မိပါသည်။ ဒီလိုနဲ့ပဲ......... ကျွန်မဟာ ကျွန်မရဲ့ နေ့စဉ်ဘ၀လေးတွေကို ကျွန်မချစ်တဲ့ ဖေဖေ၊ မေမေ၊ ကျွန်မရဲ့ မောင်နှမတွေနဲ့ အတူတူ အေးချမ်းစွာ၊ ရိုးစင်းစွာ၊ ပူပင်ကြောင့်ကြမှုတွေ ကင်းစွာ၊ လိပ်ပြာသန့်စွာနဲ့ ကုန်ဆုံးရင်း ဖြတ်သန်းသွားနေမိပါတော့သည်.....။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်လေးက ကျွန်မလေးစားချစ်ခင်ရတဲ့ ကျွန်မရဲ့အစ်မကြီး မချောက တက်ဂ်လိုက်တဲ့ “အတွေးတစ်ချို့” ဆိုတဲ့ တက်ဂ်ပိုစ့်လေးဖြစ်ပါတယ်။ လူဆိုတာ မိုးလင်းကနေ မိုးချုပ် အသက်ရှင်နေသမျှကာလ ပတ်လုံး အတွေးတွေနဲ့သာ နေနေရတာမို့ အတွေးအကြောင်းကို ရေးရမယ်ဆိုရင်ဖြင့် ကုန်နိုင်ဖွယ်ရာ ရှိမည် မထင်ပါ...။ အတွေးတွေမှာလည်း အမျိုးမျိုးရှိကြမှာပါပဲ....။ တစ်ခါတစ်ရံတော့လည်း ကောင်းတာတွေ၊ တစ်ခါတစ်ရံတော့လည်းဆိုးတာတွေ၊ တစ်ခါတစ်ရံတော့လည်း ဘ၀အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေ၊ တစ်ခါတစ်ရံမှာတော့ အရေးမပါတာတွေ စသည်ဖြင့် အမျိုးမျိုးပဲ ရှိကြတာပါပဲ။ ကျွန်မမှာလည်း အတွေးပေါင်း မြောက်မြားစွာ ရှိတဲ့အထဲက အခုရေးထားတဲ့ အကြောင်းအရာလေးက ကျွန်မ အနေနဲ့ ယခုလက်ရှိ ပစက္ခဘ၀ကနေ လွတ်မြောက်ခွင့်ရပြီး ဘ၀ကို ကိုယ်လိုသလိုသာ တည်ဆောက်ခွင့်ရခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးတို့နဲ့ စိတ်ကူးသက်သက်တို့ဖြင့်သာ မကြာခဏ ဖွဲ့တည်မိသော စိတ်ကူးယဉ် အိမ်ကလေးနဲ့ဘ၀ အကြောင်းကို ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ ကြီးပွားရာ ကြီးပွားကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း မဟုတ်တဲ့ ခပ်ညံ့ညံ့ အတွေးများလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်...။

မချောရေ...ဒီလောက်နဲ့ပဲကျေနပ်ပေးပါလို့...ညီမလေးကို သတိတရ တက်ဂ်ပေးလို့လည်း မမကို ကျေးဇူးအရမ်းတင်တယ်နော်...။ ကြာသွားတဲ့ အတွက်လည်း တောင်းပန်ပါတယ်...။

ဒီပိုစ့်ကိုတော့ ဘယ်သူ့ကိုမှ ဆက်မတက်ဂ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ “အသိတရား” ဆိုတဲ့ ပထမ တက်ဂ်ပိုစ့်တုန်းက အဲဒီပိုစ့်ကိုရေးဖို့ စဉ်းစားရတာ ခေါင်းက ဆံပင်မွှေးတွေ အကုန်လုံး ကျွတ်ခမန်းလိလိ ဖြစ်သွားတယ်လို့ဆိုတဲ့ သူရှိသလို ကြောက်ကြောက်လန့်လန့်နဲ့ ရေးပေးရတဲ့သူလည်း ရှိနေတဲ့ အတွက် ခုနစ်ရက်သားသမီးကို ဒုက္ခပေးရာကျမှာစိုးလို့ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မတက်ဂ်တော့ပါဘူးလို့...။ :)))

29 comments:

Edsther said...

Excellent job! Very long but I didn't understand a thing. Poor me! The picture is nice though and I like your new template! Keep it coming!

ချော (အစိမ်းရောင်လွင်ပြင်) said...

ချစ်စရာကောင်းတဲ့ အတွေးလေးတွေနဲ့ စိတ်ကူးလေးပါလား
ဘ၀မှာ စိတ်ကူးမိတဲ့အတိုင်း လက်တွေ့ဖြစ်လာရင် သိပ်ကောင်းမှာဘဲနော်
ချစ်တဲ့ ညီမလေးအင်ကြင်းရဲ့ အပြစ်ကင်းတဲ့ ဖြူဖြူစင်စင် စိတ်ကူးလေးတွေအားလုံး
အမြန်ဆုံးလက်တွေ့ဖြစ်လာပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်နော်
တဂ်ပို့လေးကို ခုလို စိတ်ကူးလှလှ
အတွေးကောင်းကောင်းလေးတွေနဲ့ ရေးပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်
သူနဲ့လည်း အမြန်ဆုံးနီးပါစေ.. နားလည်မှုရပါစေလို့...

ပျော်ရွှင်ပါစေညီမလေးရေ..

ခင်တဲ့ မမချော

ဇောင်း said...

စိတ်ကူးသက်သက်ကနေ လက်တွေ့ဖြစ်လာပါစေလို့ ဆုတောင်းပေးပါ၏၊....။
စိတ်ကူးလေးတွေက ငြိမ်းချမ်းလိုက်တာ

ပျော်ရွှင်ပါစေ
=---------------------------------------------------------------------------------------=
ZaunG

စိုင်းလင်းတိုင်း said...

အစ်မ..
အိမ်ကသေးသေးလေးနော် လှေကားက အိမ်ခေါင်မိုးရောက်နေတယ်..ဒါပေမယ့် အိမ်ကလေးက ချစ်စရာလေး...မိသားစု၅ယောက်တည်းဆိုတော့ များလည်းမများဘူး နည်းလည်းမနည်းဘူး အတော်အတင့်ပဲ...အစ်မရဲ့ခံစားချက်တွေသွန်ချတဲ့ အထပ်က ဟိုး..အပေါ်ဆုံးအထပ်ကလားဟင်? အစ်မတို့အိမ်က ဘယ်လမ်းလဲ? နံပါတ်ဘယ်လောက်လဲ? ဟီး....မမဆီကိုလာပြီး မုန့်ဖိုးတောင်းမလို့လေ...

ခင်မင်လေးစားလျက်

မောင်မိုး said...

အိမ်ကိုလွမ်းနေတာလား။ ကိုယ်ချင်းစာပါ၏။ မြန်မြန်တွေး မြန်မြန်မေ့လိုက်ပါ။ မဟုတ်လျှင် အားငယ်ဝမ်းနည်းစိတ်တို့ နေရာယူလာတတ်၏။ အိမ်လွမ်းစိတ်ကို အလုပ်နှင့်ဖိသတ်ပါ။
စာလုံးပေါင်းလေးလည်း ပြင်လိုက်ပါ။ အလွန်ရယ်စရာကောင်း၏။ မှားနေသည်မှာ "သေးသံသာများဖြင့်"။ အလွန်နံစော်နေမည့် အင်ကြင်းညစ် ဖြစ်နေပါပြီ။

ခင်မင်စွာဖြင့်
မောင်မိုး

အင်ကြင်းသန့် said...

အာာာာာာာာာာာာာာာာာာာ.....သေပီဆရာပဲ ကိုမိုးကတော့ မိပြန်ပြီ...ကျနော်တော့ ရှက်လိုက်တာမှ...ပြန်ဖတ်ပြီး ကိုယ့်ကိုကိုယ် ရီလိုက်ရတာလည်း ပြောမနေနဲ့ ....ချက်ချင်းကိုပြင်လိုက်ပြီနော် အာစရိ......ကျေးဇူးပဲ (တော်ချက်...တော်ချက်)
ဟီးးးးးးးးးးးးး

WS said...

အင်ကြင်းေ၇ နင့် ၇ဲ့ စာလုံးလေးတွေ က မျက်လုံးထဲမှာ ထင်းခနဲ ထင်းခနဲ မြင်ေ၇ာင်စေတယ်...
အကယ်ရွေ့များ ကျွန်မသာ ယောက်ျားလေး တစ်ယောက် ဖြစ်ခဲ့မည် ဆိုရင်တော့ ထိုကွင်းပြင်ကြီးထဲတွင် ပေါက်ရောက်နေသော မြက်ပင်ရိုင်းများကြားမှာ လဲလျောင်းအိပ်စက်ရင်း ကျယ်ပြောလှသည့် အပြာရောင် ကောင်းကင်ကြီးထဲမှာ အဆုံးအစမရှိ လှပစွာ မျောလွင့်နေသည့် အဖြူရောင် တိမ်စိုင်တိမ်လိပ်များကို ငေးမောကြည့်နေချင်မိပါသည်။
အင်ကြင်းေ၇ ပန်းချီကား တစ်ချပ် ကို သွားပြီးမြင်ေ၇ာင်မိသလို ၇င်ထဲ ကို ထိမိတယ်......

သဒ္ဓါလှိုင်း said...

အင်ကြင်းရဲ့ အတွေးလေးတွေကသိပ်ကိုလှပတာပဲနော်။
စာရေးလည်းကောင်းတော့ဖတ်လိုက်တာနဲ့မျက်စိထဲမှာ
မြင်ယောင်လာတယ်။အင်ကြင်းရဲ့အတွေးထဲကအတိုင်း
အမြန်ဆုံးအကောင်အထည်ဖေါ်နိုင်ပါစေ...။အတွေးထဲက
တစုံတယောက်သောသူနဲ့လည်းမြန်မြန်နီးပါစေ...။
ပျော်ရွှင်ပါစေ...။

ခင်တဲ့
သဒ္ဓါ

မငုံ said...

စိတ်ကူးကောင်းနဲ့တည်တဲ့အိမ် ချစ်ဖို့ကောင်း၏။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေနော့။

Anonymous said...

ထမင်းခေါ်ကျွေးမယ့်သူကတော့ အမေရှိမှဘဲနော် အင်း....အခုတော့ ကိုယ့်ဘာသာ စားချင်စား မစားချင်နေ ဒီလိုပါဘဲ ဘ၀ဆိုတာ တဖြေးဖြေးငယ်သွားတာမှ မဟုတ်တာ နောက်ဆို ကိုယ့်ကခေါ်ကျွေးရမယ့်အလှည့် ရောက်တော့မှာနော်

အကယ်ရွေ့များ ယောက်ျားလေး တစ်ယောက်ဖြစ်ခဲ့မည်ဆိုရင် အမလေး ဒေါ်ဂျင်းဂျင်းရယ် အမတို့ကခေါင်းထဲမှာ အထီးအမကိစ္စထည့်ကို မစဉ်းစားပေါင် မြက်ခင်းထဲ အိပ်ချင်ရင်အိပ်ချလိုက်ပေါ့ မဟုတ်တာလုပ်တာမှ မဟုတ်တာ
ပြောချင်တဲ့စကားတွေ ရှိခဲ့တယ်.....
ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ဘူး။ ပြောချင်တာများ ပြောရောပေါ့ ဘာတွေများ မြိုသိပ်နေရတာလည်း?
ပွင့်ပွင့်လင်းလင်းပေါ့ဟ စိတ်ကူးသက်သက်နဲ့ပြောသွားခြင်း ဖြစ်ပါသည်။

ခင်မင်တဲ့
seesein

ဒဏ္ဍာရီ said...

ညီမလေးရေ....... အရမ်းကို သိမ်မွေ့နူးညံ့တဲ့ အတွေးလေးပါပဲ။ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ အတွေးထဲက ဘ၀မျိုးလေး မမ ညီမလေး ပိုင်ဆိုင်နိုင်ပါစေကွယ်။ စာတွေ၊ ကဗျာတွေကို ရေးတတ်တဲ့ ညီမလေး စိတ်ကူးလေးကလည်း သိပ်လှတာပဲ။ ပေးထားတဲ့ နာမည်လေးကိုက အေးချမ်းတဲ့ အဓိပ္ပါယ်လေး။ ချစ်သူကို ချစ်တတ်တဲ့ ညီမလေး တူညီတဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။
ပြောချင်တဲ့ စကားတွေကို ပြောခွင့်ရသလို မပြောဖြစ်ခဲ့တဲ့ စကားတွေကိုလည်း ပြောစရာမလိုပဲ သူသိနိုင်ပါစေ..။

မနက်ကို အရမ်းနောက်ကျမှ အိပ်တဲ့ အကျင့်ကို မလုပ်နဲ့နော်။ ကျန်းမာရေး ထိခိုက်မယ်...။

ချစ်တဲ့ မမ

ချိုကျ said...

ဟဲဟဲ...အင်ကြင်းရေ မဖွကျေးနော်..ညီမက လိမ္မာပါတယ် :) သာယာချမ်းမြေ့တဲ့ ဘဝလေးတစ်ခုအကြောင်း ကိုဖတ်ရတာ အေးချမ်းမှုတွေ ကူးဆက်သွားသလိုပဲဗျ။

ချစ်ကြည်အေး said...

ညီမလေး အင်ကြင်း ...နေ့လည်က ရောက်ခဲ့၊ ဖတ်ခဲ့ပြီးသားပါ...ခုမှလာပြန်မန့်တာ၊ ညီမလေးရဲ့ အေးချမ်းတဲ့ အတွေးလေးတွေ လက်တွေ့နဲ့တထပ်ထဲ ကျပါစေကွယ်...:)

SHWE ZIN U said...

ညီမရေ

နေ့လည်က လာဖတ်ပြီး မန့်သေးတယ် မရလို့ပြန်သွားတယ်..

ညီမ ရဲ့ အတွေးထဲက အိမ်ကလေးက ပျော်စရာကောင်းလိုက်တာ.. ထာဝရပျော်စရာ အတွေးထဲက အိမ်လေးထဲမှာ နေနိုင်ပါစေ..

ချစ်မ
ရွှေစင်

မွန် said...

ဂျင်းရေ..သိပ်ချစ်စရာကောင်းတယ် အရေးအသားလေးက ..ကြည်နူးစရာလည်းကောင်းတယ်နော်..
ချစ်တဲ့
မြတ်မွန်

sosegado said...

လှပတဲ့စိတ်ကူးလေးပါပဲ၊ တွေးရင်းစိတ်ကူးရင်း ဖြစ်သွားတာတွေ အများကြီးပါ၊ ပျော်ရွှင်ဖွယ် အိမ်မက်များမက်ပါစေ၊ အဲဒီလိုအိမ်လေးတွေ့ရင် ပြောရမလား၊

ဇွန်မိုးစက် said...

ညီမလေးရေ..နေ့လည်ကပို့စ်အသစ်တက်တွေ့ပေမယ့် အိမ်ပြန်ရောက်မှ အေးအေးဆေးဆေးဖတ်ချင်တာနဲ့ ခုမှဖတ်ပြီးတယ်။ ဖြူစင်ချစ်စရာအတွေးစိတ်ကူးလေးပါပဲ။ မျက်စိထဲမှာလည်း မြင်ယောင်သွားတယ်။ ဖြစ်ချင်တဲ့ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းကျနိုင်ပါစေလို့ မဇွန်ဆုတောင်းပေးသွားတယ်နော်။း)

ကိုရင် စည်သူ said...

ရေးမယ့်ရေးတော့လည်း အပီကိုရေးထားတာပါလား၊ စာနဲ့အတူတောင် စီးမျောသွားတယ်.. တားတားလည်း အဲ့လိုလေးပဲ အေးဆေးနေချင်တာ..။ အထုတော့ ဗြဲ.ဗြဲ.. စဉ်းစားရတာ ခေါင်းမွှေးကျွတ်အောင် လုပ်တဲ့သူထဲမှာ တားတားမပါဘူးနော်..မမအင်းကြင်း.. ဟိ.. စိတ်ကူးနဲ့ဘ၀ တစ်ထပ်တည်းကျပါစေခင်ဗျာ..

ခင်တဲ့
မောင်လေး တိုရင်စီတူ..း)

chit su said...

Hi Ginger!
I read this article two times as soon as you uploaded it. Your post was too good and smooth and hadn't any fault. I think, your strive and then your desire that's inside your heard, these two items were united on this post. That's mean you can create be sufficient post. I want to you that you far away from sorrow and difficult things. If possibe you just settle down with your lovely family as your imagine house. If I got chance, I wish I could your best neighbourhood. If we got time we can rally in your nice house where we'll make together something for eat and chatting about our childhood life the whole day.
HOW PEACEFULL. :)

Love With,
Chit Su.

မြစ်ကျိုးအင်း said...

အေးချမ်း သိမ်မွေ့တဲ့ စိတ်ကူးလေးအတိုင်း ဖြစ်လာမှာပါ။ စိတ်ကူးလေးက တကယ့်ကို သာသာယာယာပဲ။ ဖန်တီးချင်တဲ့ အိမ်လေး အကြောင်းတောင် ရေးချင်စိတ် ဖြစ်သွားရတယ်။

ဂျစ်တူး ( မုံရွာ ) said...

ဂျစ်တူးလည်းအဲလိုအိမ်လေးနဲ့ နေချင်သေးတယ်ဗျ-
ဒီမှာတော့စင်္ကာပူကိုပြောုတာဗျာ-
(မေမေပြောစကားနဲ့ဌားပြီးပြောရရင်)တော့ - - -
တဝဂူအိမ်ကလေးမှာဈေးကြီးကြီးပေးဌားနေရပြီး
အိမ်ချိန်ကလေးဘဲနေခွင့်ရတဲ့အိမ်ထဲမှာနေ နေရတုံးပါဗျာ
မေမေရင်ခွင်မှာကလေးလေးတယောက်လိုအမြဲတမ်းနေနိုင်
ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ-ကျန်းမာပါစေ

kiki said...

အင်မတန် အေးချမ်းတဲ့ စိတ်ကူးလေးပါလား ဂျင်ဂျင်းရယ် ။
စိတ်ကူးထဲက အတိုင်း ချစ်တဲ့ မိသားစုနဲ့ အတူ အမြန်ဆုံး ပျော်ရွှင်စွာ နေရပါစေနော် ။
မပြောဖြစ်တဲ့ စကားလေးတွေလည်း အမြန်ဆုံး ပြောဖြစ်ပါစေ လို့.....

ခင်တဲ့
မကိ

~ဏီလင်းညို~ said...

အင်ကြင်းရေ....
ဖတ်ရတာကောင်းတယ်ဝေ့.....
အတွေးထဲက အိမ်လေးကို ကိုဏီးတို့လာလည်ရင် နှင်ထုတ်မှာလားဟ....း))
(မနေ့ညက ရောက်ခဲ့သေးသကိုး.....။ စိတ်ပဲရှိပြီး လူက စာမဖတ်နိုင်တော့လို့ပြန်သွားတာ...။။ စကားမစပ်..... အိမ်ဒီဇိုင်းပြောင်းဖို့ပြောမလို့ ကိုဏီးကချောင်းနေတာ....။ အခုတော့ အိုကေသွားပြီ....။ ဟိုအိမ်ပုံလေးက တစ်အားသေးနေသလိုမျိုးကိုး.......း))
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ဂျင်းရေးထားတာ ကောင်းတယ်ဗျ ...
ခု ဆိုက်ပုံစံလေးလည်း မိုက်တယ် ...
ခုလို အမြဲတမ်း နေနိုင်ပါစေဗျာ ... ဆုတောင်းပေးပါတယ် ...
စိတ်ကူးလေးလည်းကောင်းတယ် ...

ခင်တဲ့
ညရဲ့ကောင်းကင်

Anonymous said...

တီလေး...
အနော့်ကို စောင်းပြောတယ် ... ဟွန်း သထိထား ...

ကိုရင်စည်သူ said...

အေးဆေးလေးဘဲ နေ့တိုင်း ဖြည်းဖြည်းချင်း လာဖတ်နေတယ်.. ပို့စ်အဟောင်းတွေကိုလေ.. လွယ်လွယ်ကူကူအော်စရာမရျိတော့ ဒီမှာပဲ လာအော်လိုက်တယ်နော်.. လာအားပေးနေတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။

ခင်တဲ့
မောင်လေး ချီတူ

busymozzee said...

ဂျင်းရေ.... လာလည်တယ် ညီမလေး...

ကလေးငယ်လေး said...

မမ စိတ်ကူးယဉ်ထားတဲ့ မိသားစုလေးက
ဖတ်ရတာနဲ့ တင် ပျော်ဖို့ ကောင်းနေပြီ.. :)
ဒါနဲ့ မမ.. cbox မထားတော့ဖူးလားဟင် ?

စံလင်းထွန်း said...

အစ်မ တင်ထားတဲ့ သီချင်းလေးကောင်းတယ်။
အရင်တုန်းကလည်း ကျနော်ခဏခဏနားထောင်ဖူးတဲ့ သီချင်းတစ်ပုဒ်ပါ။