Pages

Monday, March 15, 2010

အသိတရားဆိုတာ...???

လောကကြီးမှာ လူတွေဟာ “အသိတရား” ဆိုတဲ့ အရာကို ဘာတွေနဲ့ တိုင်းတာကြသလဲ ဆိုတာကို ကျွန်မ အနေနဲ့ အသေအချာတော့ မသိပါဘူး...။ လူတစ်ယောက် အသိတရား ရှိတယ်၊ မရှိဘူး ဆိုတာကရော...??? ဘယ်လို အရာမျိုးတွေ အပေါ်မှာများ မူတည်နေတာပါလိမ့်...။ အသက်အရွယ် ငယ်တာကြီးတာနဲ့လည်း သိပ်တော့ ဆိုင်မယ် မထင်မိပါဘူး...။ တစ်ချို့က အသက်အရွယ်တွေသာ ကြီးရင့်လာပေမယ့် အသိစိတ်ဓါတ်ကတော့ အသက်နဲ့လိုက်ပြီး ကြီးရင့်မလာကြသလို တစ်ချို့ကျတော့လည်း အသက်အရွယ်လေးနဲ့ မလိုက်အောင်ကိုပဲ အသိဥာဏ်တွေ ပြည့်ဝကြတာကို လေးစားအတုယူစရာ တွေ့မိပါရဲ့...။ ကျွန်မအထင်တော့ မိမိ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ မိသားစုပတ်ဝန်းကျင်၊ မိမိရဲ့ ပင်ကိုဗီဇ အကျင့်စရိုက်၊ ကိုယ်ပိုင် ခံယူချက် သဘောထားတွေ၊ ဥာဏ်ပညာ ဗဟုသုတ ဖြည့်ဆည်းမှု၊ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့ လူတစ်ဦး တစ်ယောက်ချင်းစီမှာ ရှိတဲ့ အသိတရားတွေကလည်း တူနိုင်မှာတော့ မဟုတ်ကြပါဘူး...။

ဒါပေမယ့်လည်း လူတိုင်း လူတိုင်းမှာတော့ ယေဘူယျ သဘောဆန်တဲ့ အခြေခံ အသိတရားလေးတွေ ကိုယ်စီတော့ ရှိသင့်ကြမယ်လို့ ထင်ပါတယ်...။ ဒီလိုသာ ဆိုရပေမယ့်လို့ တစ်ခါတစ်ခါမှာ အခြေခံ အသိတရားလောက်တောင်မှ မရှိကြတဲ့ လူတစ်ချို့ကို တွေ့ကြုံရတဲ့ အခါတွေကျတော့ လောကကြီးမှာ ကိုယ်ပဲ ဘ၀နေထိုင်မှု အသိတရားတွေ များ မှားယွင်းနေသလား၊ “ငါများ စည်းအပြင်ဘက်ကို ရောက်နေပြီလား...” လို့ တွေးမိတဲ့ အထိပါပဲ။ တွေ့ခဲ့ ကြုံခဲ့ဘူးတဲ့ လူအမျိုးမျိုး၊ အဖြစ်အပျက် အထွေထွေ(အရေးကြီးကိစ္စများရော၊ အသေးအဖွဲကိစ္စများရော) များထဲကမှ သိပ်မကြာသေးခင်ကမှ ကြုံတွေ့ခဲ့ရတဲ့ အခုထိလဲ ခေါင်းထဲမှာ ရှိနေသေးတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဥပမာထားပြီး (ပိုစ့်ရှည်မှာကို အားနာသော်လည်း) ကျွန်မ ပြောပြချင်ပါတယ်...။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲမှာပေါ့...။ ကျွန်မတို့ရုံးမှာ နှစ်ပတ်လည် ကုမ္ပဏီဒင်နာ ပြုလုပ်ခဲ့ပါတယ်။ ရုံးကလည်း အဲဒီ ဒင်နာ လုပ်ဖို့ကို သတင်းထွက်နေတာကတော့ ကြာပါပြီ...၂၀၀၉ ခုနှစ်မကုန်ခင် ကတည်းကပါ။ ဒါပေမယ့်လည်း ကုမ္ပဏီရဲ့ ဘတ်ဂျက် အခြေအနေနဲ့ ရက်ကို ရွှေ့ရွှေ့လာလိုက်တာ ဒီနှစ် ဖေဖော်ဝါရီလထဲကျမှပဲ အတည်ပြုဖြစ်ပါတော့တယ်။ ဒါနဲ့ အားလုံးကို တရားဝင် ကြေငြာတဲ့အခါမှာ အချိန်က တစ်ပတ်ပဲ လိုပါတော့တယ်။ ထုံးစံအတိုင်း ကုမ္ပဏီရဲ့ နှစ်ပတ်လည် ညစာစားပွဲဆိုတော့ အားလုံး (အထူးသဖြင့် မိန်းကလေးတွေကို ပြောတာပါ...) အဓိက အရေးပေးပြီး စဉ်းစားကြတာက အ၀တ်အစားလေ...။

ကျွန်မ ဆိုတဲ့ သူကလည်း ဘာပွဲပဲ သွားဖို့ ရှိရှိ များသောအားဖြင့် အ၀တ်အစားကို ကြိုတင်ဝယ်ထားလေ့ မရှိပါဘူး။ အနားနီးမှပဲ ဖုတ်ပူမီးတိုက် အမြဲစီစဉ်လေ့ ရှိပါတယ်...။ (အဲဒါကလည်း ကျွန်မရဲ့ မကောင်းတဲ့ အကျင့်ဆိုး တစ်ခုပါပဲ)။ ပထမတော့ ကျွန်မက ခါတိုင်းလိုပဲ သွားခါနီးမှ ဂါဝန်လေး တစ်ထည် ရှာဝယ်ပြီး ၀တ်လိုက်မယ် ဆိုပြီး အေးအေးဆေးဆေးပဲ နေနေရင်းက ဒင်နာမှာ အ၀တ်အစားဝတ်ဖို့ကို စကားတွေ စပ်မိကြတော့ အားလုံး တစ်ညီတစ်ညွှတ်တည်းနဲ့ ကျွန်မကို တောင်းဆိုကြတာက မြန်မာ ၀တ်စုံလေး ၀တ်လာခဲ့ဖို့...။ ကုမ္ပဏီမှာကလည်း မြန်မာယောကျာ်းလေး အင်ဂျင်နီယာတွေ အများကြီးရှိပေမယ့် မြန်မာမိန်းကလေးက ကျွန်မ တစ်ယောက်တည်းပဲ ရှိတာလေ...။

အဲဒါနဲ့ သူတို့က ကျွန်မကို မြန်မာဝတ်စုံလေးကို မဖြစ်မနေ ၀တ်ခဲ့ပါ ဆိုပြီး ၀ိုင်းပြောကြပါတယ်။ ကျွန်မကလည်း ရုတ်တရက် စိတ်ထဲမှာ တကယ်ပဲ ၀တ်ချင်စိတ်ပေါက်သွားမိတာက တစ်ကြောင်း၊ ပြီးတော့ ကုမ္ပဏီ တစ်ခုလုံးရဲ့ အလယ်မှာ မြန်မာဝတ်စုံဆိုတာ ဘယ်လိုဆိုတာလေးကို ကြွားချင်တာက တစ်ကြောင်းနဲ့ သူတို့ရဲ့ ဆန္ဒကို လိုက်လျောမယ်လို့ ဆုံးဖြတ်လိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ သူတို့တွေ အားလုံးကလည်း သဘောကျသွားကြပြီး ရုံးမှာ ရှိသမျှ လူကုန်ကို “အင်ကြင်းက ဒင်နာကို မြန်မာဝတ်စုံလေးနဲ့ လာမှာ” ဆိုပြီး လိုက်ပြောကြပါတယ်။ သူဌေးတွေကလည်း မြန်မာဝတ်စုံက ဘယ်လိုပုံစံမျိုးလေးလဲ စသည်ဖြင့် စိတ်ဝင်တစားနဲ့ လာမေးကြပါတယ်။ (ကျွန်မအလုပ်လုပ်နေတဲ့ ကုမ္ပဏီက ကိုးရီးယား ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး သူဌေးတွေကလည်း မြန်မာကို ဆိုရင် အရမ်း သဘောကျကြသလို မြန်မာတွေ အကြောင်းကိုလည်း စိတ်ဝင်စားကြပါတယ်။)

အဲဒါနဲ့ ကျွန်မလည်း “အင်း...သတင်းကတော့ ကြီးနေပြီ...မဖြစ်ချေတော့ဘူး... ငါ့မှာလည်း ပွဲတက်လောက်စရာ မြန်မာဝတ်စုံ ကောင်းကောင်းမွန်မွန်ကလည်း ရှိတာမဟုတ်တော့ (အဲဒီအကြောင်းကို မမချစ်ကြည်အေးရဲ့ လုံချည် တက်ဂ်ပိုစ့်မှာလည်း ကြွားထားပြီးပါပြီ...) ဒီမှာပဲ အ၀တ်စ လိုက်ရှာဝယ်ပြီး အမြန်ချုပ်မှ ဖြစ်တော့မယ်...” ဆိုပြီးတော့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ အားထားရာ ပင်နီဆူလာ ပလာဇာကြီးကို သွားပြီး အ၀တ်စ အရင် ရှာရပါတယ်...။ ကိုယ်သဘောကျတဲ့ အဆင်ကိုရဖို့ရှာရဖွေရတာလည်း တကယ်တော့ မလွယ်လှပါဘူး။ ဒီလိုနဲ့ တော်တော်ကြာကြာ ရွေးချယ်ပြီးခါမှ စိတ်ကြိုက်အစလေးလဲ ရရော (အဆမတန် ဈေးကြီးမှန်း သိပေမယ့်လည်း) ချက်ချင်းပဲ ၀ယ်ခဲ့လိုက်ပြီး အဲဒီဆိုင်ကိုပဲ စက်ချုပ်ဆိုင်ကောင်းကောင်း ဘယ်နေရာမှာရှိလဲလို့ စုံစမ်းကြည့်တော့ကာ သူက ဆိုင်တစ်ဆိုင်ကို ညွှန်းပါတယ်...။ ညွှန်းတာမှ တော်တော့်ကို ညွှန်းတာပါ...။

ကျွန်မလည်း ၀မ်းသာအားရနဲ့ သူတို့ညွှန်းတဲ့ အဲဒီဆိုင်ကိုပဲ တန်းတန်းမတ်မတ် သွားလိုက်ပြီး ကျွန်မ အင်္ကျီအပ်ချင်တဲ့ အကြောင်း၊ ကုမ္ပဏီဒင်နာမှာ ၀တ်မှာမို့လို့ အရေးကြီးတဲ့ အပြင် အမြန်လိုချင်တာလဲ ဖြစ်လို့ အဆင်ပြေနိုင်ပါ့မလား ဆိုတဲ့အကြောင်းတွေ မေးပါတယ်။ ဆိုင်မှာ လက်ခံစကားပြောတဲ့သူက အသက်အရွယ်အားဖြင့် ကျွန်မမေမေထက်တောင် ကြီးဦးမယ်လို့ ထင်ရတဲ့ အမျိုးသမီးကြီး တစ်ယောက် ဖြစ်ပါတယ်။ သူကလည်း အမြန်ဆိုတာ ဘယ်လောက် မြန်မြန်လဲတဲ့...။ ကျွန်မ သူ့ဆီကို သွားတာက တနင်္လာနေ့ပါ...။ ဒင်နာက စနေနေ့ညနေ ဆိုတော့ကာ ကျွန်မကလည်း သောကြာနေ့ည ရရင် ဖြစ်တယ်အန်တီ ဆိုတော့ သူက စဉ်းစားပြီး အင်း...ရတယ်တဲ့ ဆိုပြီးတော့ အတိုင်းတွေ အထွာတွေယူ၊ အင်္ကျီဒီဇိုင်းတွေ ဘာတွေ ကျွန်မကို သေချာမေးပြီး ဆွဲယူထားကာ၊ တစ်ခုခုဆိုရင် ဆက်သွယ်လို့ရအောင်ဆိုပြီး ကျွန်မရဲ့ နာမည်နဲ့အတူ ဖုံးနံပါတ်ကိုပါ မှတ်ထားလိုက်ပါတယ်။

ဈေးနှုန်းကို မေးကြည့်လိုက်တော့ အမြန်မို့လို့ အမြန်ဈေးနှုန်းပေးရမယ်တဲ့...။ အ၀တ်စဖိုးထက်တောင် ချုပ်ခက ပိုဈေးကြီးနေပါတယ်။ ဒါပေမယ့် ကျွန်မကလည်း လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် မပြင်ချင်တော့တာကြောင့် အပ်ထားခဲ့လိုက်ပါတယ်။ ငွေကို ချက်ချင်းချေခဲ့ရမလား ဆိုတော့ ရတယ် လာယူတဲ့နေ့မှပေးတဲ့...။ သောကြာနေ့ ဘယ်အချိန် လာယူရမလဲ ဆိုတော့ သူက ဒီနေ့လိုပဲ ရုံးဆင်းတဲ့အချိန် လာခဲ့ပါ ရတယ်တဲ့။ ကျွန်မလည်း အားလုံးပြီးပြီဆိုတာနဲ့ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ ပြန်လာခဲ့လိုက်ပါတော့တယ်...။

ကြားထဲက သုံးရက်မှာတော့ “ငါ သောကြာနေ့ ရုံးကပြန်ရင် အင်္ကျီ အရင် ၀င်ယူမယ်၊ ပြီးမှ အင်္ကျီလေးနဲ့လိုက်ဖက်မယ့် လိုအပ်တဲ့ Accessories လေးတွေကို အပြန်မှာ ၀င်ဝယ်မယ်” ဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ပျော်နေတာပါ့လေ...။ စိတ်ကူးထဲမှာလည်း ချုပ်ထားတဲ့ အင်္ကျီလေးကို စိတ်ကူးနဲ့ဝတ်ကြည့်ပြီး ဒင်နာကို သွားကြည့်နေရတာလည်း အကြိမ်ကြိမ်ပါပဲ...။ Accessories လေးတွေကိုလည်း အဲဒီ ၀မ်းဆက် အရောင်လေးနဲ့ လိုက်ဖက်မယ် ထင်တာလေးတွေကို ကြိုတင် စဉ်းစားထားမိပါရဲ့...။ သောကြာနေ့ ရောက်ရင် ချက်ချင်း ၀ယ်လို့ အဆင်ပြေအောင် ဆိုပြီးတော့လေ...။

အဲဒီလိုနဲ့ သောကြာနေ့ကို ရောက်ရော ပြောပါတော့...။ ရုံးက ဆင်းဆင်းချင်း သူငယ်ချင်းနဲ့ ချိန်းပြီး ပင်နီဆူလာကိုပဲ တန်းတန်းမတ်မတ် သွားလိုက်ပါတယ်။ ဗိုက်တွေ အရမ်းကို ဆာနေပေမယ့်လည်း အစားကို အရင် မစားနိုင်သေးပါဘူး။ “ငါတော့... အင်္ကျီလေးကို ဆိုင်မှာပဲ ချက်ချင်း ၀တ်ကြည့်ရမယ်၊ အဆင်မပြေရင် ချက်ချင်းပြင်ခိုင်းရမယ်...” စသည်ဖြင့် အတွေးတွေနဲ့ တက်ကြွပျော်ရွှင်စွာ ထိုဆိုင်ကို အပြေးကလေး သွားမိပါတယ်။

ဆိုင်ကို ရောက်သွားတဲ့ အခါကျတော့ အရင်တစ်ခါ တွေ့ခဲ့တဲ့ အမျိုးသမီးကြီးကို မတွေ့ရပါဘူး။ တွေ့ရတာက နောက်ထပ် အမျိုးသမီး တစ်ယောက်ပါ။ သူကလည်း ကျွန်မတို့ကို ဘာလဲ ဆိုတဲ့ ပုံစံနဲ့ ကြောင်းအမ်းအမ်းနဲ့ ကြည့်နေပါတယ်...။ ကျွန်မတို့ကလည်း ငါတို့ ဆိုင်များ မှားလာလေသလားပေါ့...။ ကျွန်မ သူငယ်ချင်းကလည်း မဟုတ်ပါဘူး မှန်ပါတယ် ဆိုင်နာမည်က အသေအချာကြီးကိုတဲ့ ....။

အဲဒါနဲ့ ကျွန်မလည်း သူမကို “ကျွန်မတို့က တနင်္လာနေ့က ဒီဆိုင်က အန်တီ တစ်ယောက်ဆီမှာ အင်္ကျီ လာအပ်သွားတာပါ...၊ သူက ဒီနေ့ ရမယ်လို့ ရက်ချိန်းပေးထားလို့ လာယူတာပါ...” လို့ အကျိုးအကြောင်း ပြောပြလိုက်တော့ သူကလည်း “ဘယ်သူ့ဆီမှာအပ်တာတုန်း...၊ နာမည်က ဘာတုန်း...” စသည်ဖြင့် ခေါင်းတစ်ကုတ်ကုတ်နဲ့ စစ်ဆေးမေးမြန်းနေတော့... ကျွန်မလည်း အနည်းငယ်တော့ စိတ်တိုစပြုလာပါတယ်...။ “အန်တီ့အရွယ်ပဲ နောက်ထပ် အန်တီတစ်ယောက်... သူ့ဆီမှာ အပ်ခဲ့တာ...စာအုပ်ကို ပြန်ရှာကြည့်လိုက်ပါ ကျွန်မ နာမည် တွေ့လိမ့်မယ်...” ဆိုတော့ သူက စာအုပ်ထဲ ရှာလိုက်၊ အဲဒီနေ့ လာရွေးမယ့် အင်္ကျီတွေ ချိတ်ထားတဲ့ အထုပ်တွေကြားကို လှန်လှောကြည့်လိုက်နဲ့ သူကလည်း မျက်စိမျက်နှာ ပျက်ပြီး ခေါင်းတစ်ကုပ်ကုပ်နဲ့ ဖြစ်နေပါတယ်...။ ဟိုနေ့က အမျိုးသမီးကြီးဆီကို သူမ ဖုံးခေါ်တော့လည်း ဟိုဘက်က ဖုံးမကိုင်ပါဘူး။ ကျွန်မလည်း တစ်ခုခုတော့ မှားယွင်းနေပြီ ဆိုတာကို ရိပ်မိလိုက်ပါတယ်။

အဲဒီလို ရှာရင်း ဖွေရင်းနဲ့ နောက်ဆုံး ထွက်လာတာက ကျွန်မရဲ့ အ၀တ်စလေးကို ထည့်ပေးထားခဲ့တဲ့ အထုပ်ကလေး...။ ကျွန်မကလည်း ၀မ်းသာအားရနဲ့ “ဟုတ်တယ်...ဟုတ်တယ်...အဲဒီ အထုတ်ပဲ...” ဆိုပြီး အလျင်အမြန်နဲ့ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ကျွန်မရဲ့ အ၀တ်စလေးက ကျွန်မပေးထားခဲ့တဲ့ အတိုင်းလေး...ဘာမှတောင် အရာမယွင်းသေးဘူး...။ အဲဒီ အချိန်မှာ ကျွန်မရဲ့ စိတ်ခံစားမှု ဘယ်လိုဖြစ်သွားမယ် ဆိုတာကို ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်နော်..။ ကျွန်မလည်း ကျွန်မရှေ့က အမျိုးသမီးကို “ဟယ်...ဒါက ဘယ်လိုဖြစ်ရတာလဲ အန်တီ...” ဆိုတော့ သူကလည်း သူမသိဘူးတဲ့...။ ဟိုတစ်ယောက်မှ သိမှာတဲ့...သူ့ကိုလည်း အဲဒါနဲ့ ပတ်သက်လို့ ဘာမှပြောမသွားဘူးတဲ့...။ ကျွန်မ တော်တော်လေးကို ဒေါသထွက်သွားမိပါတယ်...။ သူမကို ကြည့်လိုက်တော့လည်း သူမရဲ့ပုံစံက သူနဲ့လုံးဝ မသက်ဆိုင်သလို ပုံစံမျိုးနဲ့ အေးအေးဆေးဆေးပါပဲ...။ သူက မေးပါသေးတယ်... ဘယ်လိုလုပ်ချင်လဲ... အခုလည်း ဆိုင်က ပိတ်တော့မှာတဲ့... ကျွန်မရဲ့ ဒင်နာက မနက်ဖြန် ညနေဆိုတော့... တစ်မနက်နဲ့လည်း အင်္ကျီက ချုပ်လို့ မပြီးနိုင်ဘူးတဲ့... ကျွန်မ သဘောပဲ ထားချင်လည်း ထားခဲ့ ယူချင်လည်း ပြန်ယူသွားတဲ့...။

ကျွန်မမှာ ဒေါသတွေ ထွက်လွန်းလို့ ပြောချင်တဲ့ စကားလုံးတွေက နှုတ်ခမ်းဝမှာ တရွရွနဲ့ ထိုးတက်လာနေပါတယ်...။ ဒါပေမယ့်လည်း “အော်... ငါ ဒီလိုတွေ ပြောလိုက်လို့ မဖြစ်သေးပါဘူး... ငါ့အနေနဲ့ ရိုင်းစိုင်းရာ ကျမယ်...ငရဲလည်း ကြီးမယ်... တကယ်ဆို သူတို့ နှစ်ယောက်စလုံးက မေမေ့ရဲ့ အသက်အရွယ်လောက်တွေ ရှိတာပဲ...” ဆိုတဲ့ အသိစိတ်တွေနဲ့ ဒေါသကို မနည်း ထိန်းချုပ်ပြီးနေလိုက်ပါတယ်...။ တကယ်ဆို သူလည်းပဲ ဆိုင်ရှင် မဟုတ်ပေဘူးလား... ဒီလိုဖြစ်သွားခဲ့တဲ့ အတွက် သူတို့မှာ ယဉ်ကျေးမှု အရ အကျိုးသင့် အကြောင်းသင့် ပြောပြဖို့၊ တောင်းပန် စကားလေး တစ်ခွန်းလောက်ပြောဖို့ ဆိုတဲ့ အသိလေးတောင် မရှိဘူးလား...။ အခုတော့ တောင်းပန်ဖို့ဆိုတာ ဝေးလို့ ဘာမှ အရေးမကြီးတဲ့ သာမန် အဖြစ်အပျက် တစ်ခု ဖြစ်ပျက်သလို ပုံစံမျိုးနဲ့လေ...။ သူတို့ အနေနဲ့က ဒါမျိုးတွေ လုပ်နေကျ၊ ဖြစ်နေကျမို့ ရိုးနေတာလား...။ သူတို့အတွက် ဘာမှ အရေးမကြီးသလို ခံစားရပေမယ့် တစ်ဖက်လူရဲ့ ခံစားချက်၊ ဒီဝတ်စုံတစ်ထည်ရဲ့ အရေးပါ အရာရောက်မှု ဒါတွေကို ထည့်စဉ်းစားပေးဖို့ အသိလေးတွေ နည်းနည်းလေးမှ မရှိကြတော့ဘူးလား...။ ဒီအချိန်ကျမှ ကျွန်မအနေနဲ့ နောက်တစ်ဆိုင်ကိုရှာပြီးအပ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး...။ မြန်မာပြည်မှာလို မြန်မာဝတ်စုံက အလွယ်တကူနဲ့ ရှာဖွေဝယ်ယူလို့ ရတာလည်းမဟုတ်ဘူး...။ ကျွန်မက ဘယ်လိုလုပ်ရတော့မှာလဲ...။ အားလုံးကိုလည်း မြန်မာဝတ်စုံနဲ့ လာဖို့ ကတိပေးခဲ့ပြီ...။ အားလုံးကလည်း မြန်မာဝတ်စုံနဲ့ ကျွန်မကို တွေ့ရဖို့ မျှော်လင့်ထားကြတာ...။ အခု...ကျွန်မက ဘာဆက်လုပ်ရမှာလဲ...။ တကယ်လို့သာ မနက်ဖြန်ပွဲက ဒင်နာမဟုတ်ဘဲ ကျွန်မရဲ့ စေ့စပ်ပွဲ သို့မဟုတ် မင်္ဂလာဆောင်သာ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီဝတ်စုံအတွက် သူတို့ ဘယ်လို တာဝန်ယူပေးမှာလဲ...။

ကျွန်မလည်း သူ့ရှေ့မှာ ကြာကြာ ဆက်ရပ်မနေချင်တော့ပါဘူး...။ ဒီလို လူမျိုးတွေနဲ့လည်း နောက်ထပ် ဘယ်လိုအကြောင်းနဲ့မှလည်း ဆက်ဆံ စကားပြောချင်စိတ်ဆိုတာလည်း မရှိတော့ပါဘူး...။ ဒါ့ကြောင့်ပဲ “ရတယ် အန်တီ...ကျွန်မ အ၀တ်စကို ကျွန်မ ပြန်ယူသွားလိုက်တော့မယ်... အန်တီတို့ ဆိုင်နာမည်ကိုလည်း ကျွန်မ သေချာ မှတ်ထားလိုက်ပါမယ်...ကျေးဇူးတင်ပါတယ်...။” လို့ ပြောပြီး ကျွန်မလည်း အ၀တ်စထုပ်ကို ဆွဲယူပြီး ထွက်လာခဲ့လိုက်ပါတယ်...။ တစ်လမ်းလုံးလည်း ဒေါသတွေ ထွက်လွန်းလို့ လူက နေလို့ ထိုင်လို့ မရပါဘူး...။ ကျွန်မအနေနဲ့ နောက်နေ့ မနက်ပိုင်းရောက်မှ ဂါဝန်တစ်ထည်သွားဝယ်ပြီး ဒင်နာကို သွားလိုက်မယ် ဆိုရင်လည်း ရပေမယ့် သူဌေးကိုမှ အစ ကျွန်မ မြန်မာဝတ်စုံနဲ့ လာခဲ့ပါမယ်လို့ ကတိခံခဲ့တာ ဆိုတော့ ကျွန်မ ဘယ်လို လုပ်ရမှာလဲ...။ ကျွန်မမှာ အဲဒီညက မြန်မာဝတ်စုံ တစ်ထည်ရဖို့ အရေးကို ကမောက်ကမနဲ့ တော်တော်လေးကို စိတ်ဒုက္ခများခဲ့ရပါတယ်...။နောက်ဆုံးမှာ ကျွန်မ အစ်မရဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဆီမှာ မြန်မာဝတ်အင်္ကျီ လှလှလေးတစ်စုံ ရှိတယ် လာယူပြီး ၀တ်ကြည့်လှည့် ဆိုလို့ ကျွန်မမှာ ည ၁၂နာရီကျော်ကြီးကို တက်စီခ အကုန်ခံပြီး တကူးတက သွားယူခဲ့ရပါတယ်...။

အဲဒီ စက်ချုပ်ဆိုင်ကလို လူမျိုးတွေကိုလည်း ကျွန်မ တော်တော်လေး အံ့သြမိခဲ့ပါတယ်...။ ဒီနိုင်ငံမှာ အနေကြာတဲ့ သူတွေဆီကနေ အဲဒီဆိုင်က အမြဲတမ်း အဲဒီအတိုင်းပဲ ဆိုတဲ့အကြောင်းကိုလည်း နောက်ပိုင်းသိလာရရော ကျွန်မ ပိုပြီး အံ့အားသင့်သွားမိပါတယ်...။ ဒီအချိန်အထိ သူတို့လိုလူမျိုးတွေ ဒီလို ရပ်တည်နေနိုင်သေးတာကိုပေါ့...။ အဲဒါကြောင့် ကျွန်မ ပြောတာပါ...။ ကျွန်မရဲ့ နေထိုင်မှု အသိတရားတွေပဲ မှားယွင်းနေပြီလား ဆိုတာလေ...။

ဒါလေးကတော့ ကျွန်မတွေ့ကြုံခဲ့ဘူးတဲ့ အဖြစ်အပျက်ပေါင်းများစွာထဲက နမူနာ အဖြစ်အပျက်လေး တစ်ခုကိုပဲ ပြောပြတာပါ...။ တကယ်တမ်း ပြောပြရမယ်ဆိုရင်တော့ တစ်ထောင့်တစ်ည ပုံပြင်လောက်ရှိမယ့် အတွေ့အကြုံတွေ အများကြီးရှိခဲ့ဖူးပါတယ်...။ သို့ပါသော်လည်း... ကျွန်မ ဆိုတဲ့သူ ကိုယ်တိုင်ကလည်းပဲ အသိတရား ဆိုတဲ့အရာနဲ့ ပြည့်စုံဖို့ ဆိုတာ တော်တော်လေးကို လိုအပ်နေဆဲ... ဖြည့်ဆည်းနေဆဲ သူတစ်ယောက်မို့ “ကိုယ့်ဘက်က ကြည့်တော့ လက်ဝါး၊ သူ့ဘက်က ကြည့်တော့ လက်ဖမိုး” ဆိုတဲ့ စကားလိုပဲ ကိုယ့်ဘက်က ကြည့်ရင် ကိုယ်မှန်တယ်လို့ ထင်နေတဲ့ ကိစ္စတစ်ခုဟာ သူ့ဘက်ကကြည့်ရင်လည်း အကျိုးတရား အကြောင်းတရားတွေနဲ့ သူမှန်ရင် မှန်နေမှာပေါ့...။ အဲဒီတော့ လောကကြီးမှာ မတူညီတဲ့ အသိတရားတွေကို တူအောင် အဖြေညှိဖို့ရာလည်း ကြိုးစားမနေချင်တော့ပါဘူး...။ ဒါပေမယ့် ကျွန်မ စိတ်ထဲမှာ တစ်သက်လုံး ရိုက်သွင်းထားတဲ့ အသိတရားလေး တစ်ခုကတော့ “ဘယ်သောအခါမှ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကိုယ့်ကြောင့် သူတစ်ဖက်သား စိတ်ဆင်းရဲ ဒုက္ခရောက်ရမှာမျိုး၊ သူတစ်ဖက်သား အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမှာမျိုးကိုတော့ ဘယ်တော့မှ မလုပ်မိစေရအောင် တတ်နိုင်သမျှ ဆင်ခြင်နေထိုင်သွားမယ်” ဆိုတဲ့ အသိတရားလေးတစ်ခုပါပဲလို့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်လေးက ခင်နေတဲ့ မောင်လေးတစ်ယောက် ဖြစ်တဲ့ ကိုရင်စည်သူက သူ့ရဲ့ မူရင်းပိုစ့်မှာ တက်ဂ်ထားတဲ့သူတွေထဲမှာ ကျွန်မ နာမည်ကျန်ခဲ့ပေမယ့် ကျွန်မကို ရေးပေးပါလို့ တစ်ကူးတစ်က လာပြောသွားတဲ့အတွက်ရော...နောက်ပြီး ကျွန်မ ခင်မင်လေးစားရတဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကိုမိုးကလည်း သတိတရနဲ့ တက်ဂ်လိုက်တဲ့အတွက်ရော ရေးလိုက်တဲ့ တက်ဂ်ပိုစ့်လေးဖြစ်ပါတယ်...။ ဒီ့အတွက် ကိုရင်စည်သူကိုရော ကိုမိုးကိုရော အရမ်းကျေးဇူးတင်ပါတယ်လို့ပြောပါရစေ...။ ကျွန်မက တက်ကျမ်းလို စကားလုံးခပ်မြင့်မြင့်တွေကို မရေးတတ်တဲ့အတွက် ကျွန်မရဲ့ အားထုတ်မှုညံ့ဖျင်းခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့...။

ဒီအကြောင်းအရာလေးက အကြောင်းအရာကောင်းလေးမို့လို့ အတွေးအမြင်လေးတွေ ဖလှယ်လို့ရအောင် ခင်နေရတဲ့ မောင်နှမတစ်ချို့ကို ဆက်ပြီး တက်ဂ်လိုက်ချင်ပါသေးတယ်...။ ဒုက္ခပေးတာတော့ မဟုတ်ပါဘူး...။ အားမှ၊ အချိန်ရမှ ရေးပေးကြပါနော်...။ သူတို့တွေကတော့...

၁။ ဒီနေ့ပဲ ညီမလေး သေးသေးလေးပျောက်နေလို့ဆိုပြီး စိတ်ပူစွာနဲ့ လာမေးတဲ့ မမဒဏ္ဍာရီ
၂။ ဘယ်လောက်ဂျီကျ ဂျီကျ ညီမဆိုးဆိုးလေးကို အမြဲသည်းခံပေးတတ်တဲ့ ကျွန်မရဲ့ ချစ်အစ်မကြီး မချော
၃။ အလွမ်းအဆွေးသံသရာထဲကနေ ခုထိရုန်းမထွက်နိုင်သေးတဲ့ ဆရာတူး (ညရဲ့ကောင်းကင်)
၎။ ကျွန်မနဲ့ တနယ်ထဲသား မောင်နှတွေဖြစ်တဲ့(ကျွန်မထက် ၃၆၅ရက်ကြီးတယ်ဆိုတဲ့) ဆင်တဲကဖေးက ကိုချိုကျ
၅။ ရင်ဘတ်ချင်းတူလို့ ခင်မိတယ် ဆိုတဲ့ ခင်ရတဲ့ သူငယ်ချင်းသဒ္ဓါ
၆။ တစ်နေရာကို သွားဖို့အတွက် အကြံကြီးကြီးနဲ့ လမ်းစရိတ် ကြိတ်စုနေတဲ့ မောင်လေး လင်းတိုင်း
၇။ ကျွန်မကို ကံကောင်းပါစေလို့ ဆုတောင်းပေးသွားတဲ့ ညီမလေး Angel Shaper နဲ့
၈။ စာမရေးဖြစ်ပဲ တော်တော်ကြာကြာ ပျောက်သွားခဲ့တဲ့ ကိုသော်ဇင်စိုး တို့ကို ဆက်ပြီး တက်ဂ်လိုက်ပါတယ်နော်...။ အဆင်ပြေတဲ့ အခါရေးပေးကြပါဦးလို့...။

36 comments:

sosegado said...

မအင်ကြင်းသန့် ဆိုလိုတဲ့ အသိတရားကို ရလိုက်ပေမဲ့၊ အထင်နှင့် ပြောရရင်၊ ဖြစ်ရပ်ဟာ တာဝန်သိတတ်မူ့ နှင့် ယုံကြည်မူ့ ပျက်ပြယ်တဲ့ သဘောလားလို့၊
အသိစိတ်တွေနဲ့ ဒေါသကို မနည်း ထိန်းချုပ်ပြီးနေလိုက်ပါတယ်...။ဆိုတာကတော့ တကယ် အသိတရားပါ၊ မျှဝေပေးတဲ့အတွက်ကျေးဇူးပါ၊ ဆိုင်ကိုမှတ်ထားလိုက်တယ်။ အစစ အရာရာ အဆင်ပြေပါစေ။

kiki said...

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့ ဆိုတဲ့စကား လက်ကိုင်ထားကြသူတွေကို ၊
မှားယွင်းတဲ့ အသိတရား ဖုံးလွှမ်းနေသူတွေက ပြုကြတဲ့အမှု တွေကြောင့်သာ မမှန်မကန်လုပ်သူတွေ သက်ဆိုးရှည်နေကြရတယ် ။

လူတိုင်း လူတိုင်း အသိတရားမှန်နေကြရင်တော့ ဒီကမ္ဘာလောကကြီးမှာ ဒုက္ခဆိုတာ ဂျိုနဲ့ လားလို့  မေးယူရတော့မပေါ့ ညီမလေး ရယ်...
(စကားမစပ် အဲ့ဒီနေ့ က မြန်မာဆန်ဆန်လေးဝတ်သွားရတာ အဆင်ပြေရဲ့ လား နော် .. ဓါတ်ပုံလေး ဘာလေး ရိုက်ထားတာရှိရင် ပြအုံးလေ..း)) ) .. ရှိမှာပါ.. သိနေတယ် နော် .။ လျှို မထား နဲ့  .. .

စိတ်၏ဖြေရာ said...

လောကမှာဒီလိုလူမျိုးတွေအများကြီးပါညီမရယ်။
ကတိမတည်၊တာဝန်မယူ၊အလေးအနက်မရှိတဲ့
လူတွေဖွင့်တဲ့ဆိုင်နောက်ဘယ်တော့မှမဆက်ဆံ
တော့ယုံရှိတာဘဲ။
မြန်မာဝတ်စုံလေးနဲ့ကျက်သရေရှိပြီးလှနေတဲ့
ညီမလေးကိုစိတ်ကူးနဲ့မြင်ယောင်နေပါတယ်။
ခင်မင်စွာဖြင့်
မမ စိတ်၏ဖြေရာ

Anonymous said...

ဒီအဖြစ်အပျက်လိုမျိုး ထပ်တူနီးပါးကြုံဘူးထားတော့
ညီမလေးရဲ့ ရင်ထဲက ခံစားချက်ကို လုံးဝနီးပါး ခံစားနားလည်ပေးနိုင်တယ်.. ကိုယ်တိုင်သာဆိုရင် အခုလို တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခွန်းမှ မပြောဘဲ ပြန်လှည့်ထွက်ခဲ့နိုင်ပါ့မလား စဉ်းစားမိတယ်.. ဘာဘဲပြောပြော ညီမလေးက အသိတရားနဲ့ အများကြီး ထိန်းချုပ်နိုင်ခဲ့သားဘဲ.. ချီးကျူးပါတယ်..
ပြီးတော့ ဒင်နာကို မြန်မာဝတ်စုံနဲ့ မတက်ဖြစ်ခဲ့မှာကို
သိပ်စိတ်ပူမိတယ်.. တက်ဖြစ်ခဲ့တဲ့အတွက်လည်း ၀မ်းသာပါတယ်..
တဂ်လိုက်တဲ့အတွက်တော့ ၀မ်းမသာပါဘူး.. ရေးရတော့မှာမို့လေ.. :P
အချိန်နည်းနည်းလေးတော့ ယူမယ်နော်.. ကျုပ်တဂ်ထားတာသူကမရေးသေးဘဲ ကျုပ်ကို ပြန်တဂ်လာတယ်.. ဟွန့်...

ကိုရင်စည်သူ said...

မမအင်းကြင်း... ရှေးဦးစွာတော့ တက်စ်ပို့စ်ကို တကူးတက ရေးပေးလို့ ကျေးဇူးတင်ကြောင်းပြောပါရစေ။ အရေးအသားလည်း တော်တော်ကောင်းပါတယ်။ အမ ပို့စ်ကို ဖတ်တော့ ကျွန်တော့်အသိတရားလေးနဲ့ တခုပြောရရင်တော့ စက်ချုပ်ဆိုင်ကလို လူတွေရပ်တည်နိုင်တယ်ဆိုတာ သူတို့နဲ့ တူတူရာရာလူတွေ ရှိနေသေးလို့ပါ။ အသက်တရာမနေရသော်လည်း အမှုတစ်ရာကြုံရဦးမှာပါ။ ကိုယ့်ဘက်ကတော့ နားလည်စွာ လက်ခံပြီး ကျွန်တော် ရေးသားထားခဲ့တဲ့ မေတ္တာတရားနဲ့ ရှိသလောက်အသိတရားသာပေါင်းစပ်ပေးလိုက်ပါ။ ပျော်ရွှင်ပါစေနော်.. မမ အင်ကြင်း

ခင်တဲ့
မောင်လေး ကိုရင်စည်

ဒဏ္ဍာရီ said...

ညီမလေးရေ........ ပိုစ့်လေးကို ဖတ်ပြီး အဲဒီညနေက ဘယ်လောက်များ သောကများလိုက်မလဲလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်က စကားတခွန်း၊ ကတိတလုံးအတွက် တာဝန်ကျေခဲ့ပြီးပြီပဲလေ။ အသက်အရွယ် ကြီးတာ ငယ်တာနဲ့ မဆိုင်ပဲ ဦးနှောက်က အသိတရားကို လက်ကိုင်ထားတတ်ဖို့သာ အရေးကြီးပါတယ်။ လူ့တန်ဘိုးဆိုတာ အဲဒါပဲ ညီမလေး။ ဆင်းရဲ၊ ချမ်းသာ မဆိုင်ဘူး။ မိမိရဲ့ အသိတရားနဲ့ ယှဉ်ပြီး လူ့ကျင့်ဝတ်ကို စောင့်ထိန်းနိုင်ရမယ်လေ။

တာဝန်မသိတတ်တဲ့ သူတွေကို လစ်လျူရှုပြီး အသိတရားနဲ့ ထိန်းချုပ်နိုင်ခဲ့လို့လည်း ညီမလေးရဲ့ စိတ်ဓါတ်ကို လေးစားမိပါတယ်။

တဂ့်ပိုစ့်လေးကိုလည်း မမရေးပေးမယ်နော်။ တဂ့်ကြွေးတွေ များနေလို့ မမကို အချိန်လေးပေးနော်။ ပျောက်နေရင်တော့ စိတ်ပူပြီး လာမေးနေရမှာ။း)

ခင်မင်လေးစားလျှက်

ညရဲ့ကောင်းကင် said...

ဟုတ်တယ် အင်ကြင်းရ...
လူဆိုတာ အခြေခံ အသိတရားလေးတွေ ရှိတတ်ရတယ်...
မရှိဘူးဆိုတဲ့ သူကိုတော့ ဝေးဝေးကပဲ ရှောင်တယ်...

ရေးပေးရမှာပေါ့ဗျာ...နောက်ကျမှရေးနိုင်ရင်တော့ ခွင့်လွှတ်...

ခင်တဲ့
ညရဲ့ကောင်းကင်

မောင်မိုး said...

တက်ဂ်ပို့စ်ကို ဂရုတစိုက်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မအင်ကြင်း။ အသိတရားချင်းဖလှယ်လို့ ရလိုက်တဲ့ အသိတရားတွေက တကယ်ကို တန်ဖိုးရှိပါတယ်ဗျာ။ လူ့ဘ၀ကြီးထဲက အသိတရားအမျိုးမျိုးတွေကြားထဲမှာ ဘ၀ရှင်သန်တိုးတက်အောင် နေနိုင်မယ့် အသိတရားတွေကို အမှတ်မထင်တွေ့လိုက်ရတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။

ကော်မန့်နောက်ကျတာအတွက် ခွင့်လွှတ်ပါ။

~ဏီလင်းညို~ said...

အင်ကြင်းရေ......
ကောင်းပါတယ်...ညီမလေးရယ်....
အဲ့သလိုလေး လှည့်ထွက်လာနိုင်တာ......
ကိုဏီးဆိုရင်တော့ မျက်နှာကို အသကုန်ပြုံးထားပြီး (မိုက်မိုက်ရိုင်းရိုင်းမဟုတ်ပဲ) လဲသေချင်စိတ်ပေါက်သွားအောင် စကားလှလှလေးတွေနဲ့ ပစ်ပေါက်ခဲ့မိမယ်ထင်တယ်....။
အဲ့သလိုလူမျိုးတွေကို အလွတ်မပေးရဘူး.....။
နောင်ကျဉ်အောင်လုပ်ရတယ်.....။
ဒါမှ နည်းနည်းဖြစ်ဖြစ် ကိုယ်ချင်းစာတတ်သွားမှာ...။
(ဆိုင်နာမည် လာတဲ့တုန်း.......း))
ခင်မင်တဲ့
ဏီလင်းညို

THE STARRY NIGHT said...

ဒီလိုလူမျိုးတွေက ဒီကမ္ဘာကြီးရဲ့ တို့မီး ရှို့မီးဆိုင်ရာ ပါရဂူတွေပါပဲ ထူးခြားချက် သာမန်လူထက် အသက်နှဆလောက် ပိုရှည်ပါတယ် တက်ဂ်ပေးတဲ့အတွက် ကျေးဇူးပါ ကြိုးစားပြီးရေးပါ့မယ်ခင်ဗျား :P
လေးစားလျက်.....

chit su said...

Yes, knowledge is very important for us. Some people are like that they destroy somebody's hope. But they didn't know the person who was suffering that their manners or promise. I also think, this isn't depend on age and mature. Totally depend on knowledge. I hate that person who belong to this behaviours. :) This case doesn't matter for your life. You have to gratitude them as you learn pretty good lesson that no need to pay any fees. That's mean you got PROFIT. :) Anyway, I just want to see your lose face at this shop. (pretty or not???) :P

Love With,
Chit Su.

P.S you guys didn't take dinner at there???
Both of you should go straight to INLAY for dinner.(har har har)

မငုံ said...

အင်ကြင်းရေ..လူတိုင်း အနည်းဆုံး အခြေခံအသိတရားလေး ရှိရင်အကောင်းဆုံးပေါ့နော်။

SHWE ZIN U said...

ညီမ အင်ကြင်းရေ

ညီမ ရဲ့ အသိတရားရှိရှိ ဒေါသ ထိမ်းသိမ်းခဲ့တဲ့ ညီမ ရဲ့ စိတ်ကို လေးစားတယ် .. အသိတရား မရှိတဲ့ အင်ကျီ ချုပ်ဆိုင် က မိန်းမတွေကို သတ်ချင်တဲ့ မမစိတ် ကို အသိတရားရှိရှိ ပြန်လည် ထိမ်းချုပ်လိုက်ပြီနော်..

ချစ်တဲ့
မမရွှေစင်

ချိုကျ said...

အင်ကြင်းရေ...ဒါမျိုးတွေကို ကိုယ်တိုင်လဲ ကြုံဘူးတယ်။သူငယ်ချင်းတွေထဲမှာလဲ တွေ့ဘူးတယ်ဗျ။ အဲဒီလိုလူတွေနဲ့ ဝေးဝေး နေတာကောင်းပါတယ်ဗျာ။

Anonymous said...

အစ်မ အင်ကြင်းရယ်...
ဒီလောကမှာ သက်ရှိသတ္တ၀ါ မှန်သမျှ အသိတရားကိုယ်စီတော့ရှိပါတယ်။ ဒီအသိတရားတွေထဲမှာ နှစ်မျိုးနှစ်စားတော့ ကွဲတာပေါ့ အစ်မရေ၊ အသိတရား နှစ်မျိုးနှစ်စားဆိုတာက ကောင်းသောအသိနဲ့ မကောင်းသောအသိပါပဲ။ ကောင်းသောအသိ ရှိတဲ့လူတွေဟာ အလိုက်သိတတ်ပြီး ကိုယ်ချင်းစာတရားရှိကြစမြဲပါ၊ မကောင်းတဲ့အသိ ရှိတဲ့လူတွေမှာတော့ ကောက်ကျစ်တယ်၊ ခေါင်းပုံဖြတ်တယ်၊ ကိုယ်ချင်းစာတရားဆိုတာ ဝေလာဝေး ကောင်းတဲ့ဘက်မှာ သူတို့ ဘယ်တော့မှ တွေးနေလိမ့်မယ်မဟုတ်၊ သူများတွေကို အလေးထားနေမှာလည်းမဟုတ် ဘယ်သူသေသေ ငါမသေရင်ပြီးရောဆိုတဲ့ စိတ်ထားမျိုးရှိကြတယ်။
အဲ့ဒီလို လူမျိုးတွေနဲ့ တွေ့ဆုံကြုံမိ ဆက်ဆန်ရတဲ့အခါ ကျနော်တို့မှာ အခြေခံသဘောတရား(လောကဓံတရား)ကို အမြဲသတိရပါ။ အဲ့ဒါ လတ်တလော ကျနော်တို့ ခံစားရတဲ့ စိတ်ခံပြင်းချက်ဝေဒနာတွေကို ကုပေးမယ့် ဆေးကောင်းတစ်ခွက်ပါ။ တရားဟောနေတာ မဟုတ်ဘူးနော်။ သိသလောက်ပြေပြနေတာပါနော်။
အဲ့ဒီလို အစ်မပြောတဲ့ စိတ်ဓါတ်အောက်တန်းကျတဲ့ သူတွေကို ရှောင်လွဲလို့မရပါဘူး၊ နောက်နောင်လည်း မကြုံချင်လည်း တွေ့ရအုန်းမယ်၊ ဆုံချင်တဲ့သူတွေနဲ့လည်း ခွဲခွါရအုန်းမယ် မမရေ...
ဘယ်လိုဖြစ်ဖြစ် လောကဓံတရားဆေးဝါးကိုသောက်ပြီး၊ စိတ်ပျော်အောင်နေပါ အစ်မ အင်ကြင်းသန့်ရေ...

အစ်မ အားငယ်နေမှာစိုးလို့ ဖျားနေရင်းက လာရေးပေးပါတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး အစ်မရေ၊ ပြောတော့ပြောချလိုက်တာပဲ မှတ်မိတတ်သိသလောက်။ :)
ကျနော်လည်း အဲ့ဒီဆေးကိုသောက်ကသောက်ကာ နေလာခဲ့တာ
အခါပေါင်း မရေတွက်နိုင်တော့ဘူးလေ။

ချစ်ခင်လေးစားစွာဖြင့်
စိုင်းလင်းတိုင်း

Anonymous said...

မိမိစိတ်ကို ထိန်းသိမ်းနိုင်ခြင်းသည် အောင်ခြင်းတစ်ပါးမည်၏
အင်ကြင်းကလေးငယ်ငယ်ပေမယ့်
စိတ်သဘောထားကြီးကြီး ထားနိုင်ပေတယ်
တော်ပါပေ၏ တော်ပေ၏
ခန္တီစ သည်းခံခြင်းသည်လည်း မင်္ဂလာတစ်ပါး

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ညီမငယ်
အောင်မြင်ခြင်းအပေါင်းနဲ့ပြည့်ဝပါစေ

ခင်မင်တဲ့
seesein

Angel Shaper said...

ချစ်မရေ....
စိတ်မကောင်းလဲဖြစ်၊ ဒေါသလဲထွက်မိတယ်။ တကယ်..
ချစ်မ.. ဘယ်လိုခံစားမလဲဆိုတာ စာနာနားလည်ပါတယ်။
အဲလို အသိတရားလေးထားပြီး စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းလေးကို လေးစားအားကျမိတယ် အတုယူသွားပါ့မယ်။

“ဘယ်သောအခါမှ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကိုယ့်ကြောင့် သူတစ်ဖက်သား စိတ်ဆင်းရဲ ဒုက္ခရောက်ရမှာမျိုး၊ သူတစ်ဖက်သား အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမှာမျိုးကိုတော့ ဘယ်တော့မှ မလုပ်မိစေရအောင် တတ်နိုင်သမျှ ဆင်ခြင်နေထိုင်သွားမယ်”
ဟုတ်တယ်....
ချစ်အစ်မ သေးသေးလေးရေ...
ချစ်ညီမသေးသေးလေး ထောက်ခံတယ်နော်။

အဲဒီနေ့က မြန်မာဝတ်စုံလေးနဲ့လဲ လှနေမှာသေချာတယ်။
ကြည့်ချင်လှပြီနော်။

ငုဝါ said...

အင်း... နာမည် နဲ့ သေချာ ရေး လိုက်ဟာ... ဒီလို မျိုးသည်းခံ အားနာလို့ မပြော စတာ တွေ ကြောင့် ၀ယ်သူတွေ ရဲ့ အခွင့်အရေး တွေ ဆုံးရှုံးနေတာ ငါ တို့ နိုင်ငံမှာ ဖြစ်နေတာ ကြာပါ ရော့လား... အကျင့် က ပါနေတာကိုး... receipt လည်းမပေးဘူးလား.. ဘယ်နေ့ က လာအပ်တယ်... ဘယ်နေ့ရမယ် ရေးထားတာမျိုး... ရေးရင်းစိတ်တိုလာပြီး.. :P

သဒ္ဓါလှိုင်း said...

အင်ကြင်းရေ..
အသိတရာလေးကိုဖတ်ပြီး လူတိုင်းမှာကောင်းမွန်တဲ့အသိတရားလေးတွေရှိကြရင်
ကောင်းမှာပဲလို့တွေးမိတယ်။ အင်ကြင်းရဲ့သည်းခံတတ်တဲ့
စိတ်ကလေးကို လေးစားပါတယ်။
တက်ဂ်ပိုစ့်လေးကို မကြာခင်မှာရေးပေးပါ့မယ်နော်။

ခင်တဲ့
သဒ္ဓါ

ဘာသာတိုင်းအတွက် အလယ်လူ said...

I really like this post. I will visit again. Please visit my blog. Have a nice day.

ရေနွေးကြမ်း said...

တစ်ချို့က အသက်အရွယ်တွေသာ ကြီးရင့်လာပေမယ့် အသိစိတ်ဓါတ်ကတော့ အသက်နဲ့လိုက်ပြီး ကြီးရင့်မလာကြသလို တစ်ချို့ကျတော့လည်း အသက်အရွယ်လေးနဲ့ မလိုက်အောင်ကိုပဲ အသိဥာဏ်တွေ ပြည့်ဝကြတာကို လေးစားအတုယူစရာ တွေ့မိပါရဲ့...။ ....ဘယ်သောအခါမှ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကိုယ့်ကြောင့် သူတစ်ဖက်သား စိတ်ဆင်းရဲ ဒုက္ခရောက်ရမှာမျိုး၊ သူတစ်ဖက်သား အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမှာမျိုးကိုတော့ ဘယ်တော့မှ မလုပ်မိစေရအောင် တတ်နိုင်သမျှ ဆင်ခြင်နေထိုင်သွားမယ်” ဆိုတဲ့ အသိတရားလေးတစ်ခုပါပဲလို့...။တဲ့.အင်ကြင်းရဲ့ ရင်ထဲကခံစားချက်တွေကိုစာသားတွေအဖြစ်ရေးလိုက်တာလေးတွေက တော်တော်လေး ကောင်းတယ်။အသက်အရွယ် အရလေးစားသင့်တဲ့လူမျိုးတွေဖြစ်ပေမဲ့ စိတ်ဓာတ်နဲ့လုပ်ဆောင်ချက်တွေက ဟိုးအောက်ဆုံးမှာဆိုတဲ့လူမျိုးတွေ တွေ့ဖူးပါတယ်။Dinner ပွဲကိုမြန်မာဝတ်စုံနဲ့တက်နိုင်ပါ့မလားလို့ပို့စ်လေးရဲ့အလယ်လောက် အရောက်မှာ တော်တော်စိတ်ပူသွါးတာပါ။

ချော (အစိမ်းရောင်လွင်ပြင်) said...

အင်ကြင်း
အပေါ်မှာ နံပါတ်၃မှာ မမ comment ရေးပြီးပြီနော်
နံမည်မပါဘဲ Anomynous နဲ့ဖြစ်နေတာ ခုမှ ပြန်တွေ့တယ်.
ဟိ တော်ကြာ ညည်းက ကျုပ်လာမဖတ်သေးဘူး ထင်နေမှာစိုးလို့ ခုတစ်ခေါက်ပြန်ရေးလိုက်တာ..
ဒါဘဲ.. တာ့တာ

Anonymous said...

စာကောင်း ပေကောင်းလေးများ လာရောက်ဖတ်တော်မူပါအုံးတဲ့
နှမတော်.....

အမတော်ကြီး မှာတော်မူတယ်
အသစ်ကလေးများလည်း တင်တော်မူကြပါအုံး
ရွှေပြည်က ရုပ်ရှင်တွေလို လပေါက်အောင် ထားကြတော့မှာလား.......

ခင်တဲ့
seesein

Anonymous said...

်face book မှာတွေ့ဘူးတယ်ထင်ပါတယ်။
နာမည်တူလားဘာလားမသိပါဘူး အတွေးအေ၇းမဆိုးဘူး။

ကိုလူထွေး said...

တာဝန်ယူတတ်တဲ့ အသိစိတ်မရှိရင် ဘယ်အလုပ်မဆို ကြာကြာမမြဲနိုင်ပါဘူး...

အခုပဲကြည့် မအင်ကြင်းက အဲဒီဆိုင်ကို နောင် အမြဲပဲ ရှောင်တော့မယ်... ဒီလိုပဲ တခြားအပ်ထည်တွေ လက်မခံရတော့ရင် ဒီလို တာဝန်မသိတတ်သူတွေ ဘယ်လို ဆက်ပြီး ရှင်သန်တော့မလဲ...

ရေးပြထားပုံ ကောင်းပါ့...

းဝ)

ဇွန်မိုးစက် said...

အင်ကြင်းရေ...မဇွန်လာလည်သွားတယ်။
အဲဒီ့နေ့က ညီမလေးထိန်းချုပ်နိုင်ခဲ့တဲ့ ဒေါသတရားအတွက် ချီးကျူးမိတယ်။ ကိုယ့်ကြောင့် တစ်ပါးသူတွေ ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူးဆိုတဲ့ အသိတရားလေးနဲ့ ရှင်သန်နေထိုင်နိုင်သူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတာ ၀မ်းသာမိတယ်ကွယ်။ လင့်ခ်လုပ်ထားလိုက်မယ်နော်။

သဒ္ဓါလှိုင်း said...

အင်ကြင်းရေ..
သတိရလို့လာကြည့်တာပါ။နေကောင်းတယ်နော်။ဒီလိုပဲသတိ
ရရင်လာကြည့်တတ်တယ်။

ခင်တဲ့
သဒါ

မွန် said...

ဂျင်းရေ..လူတွေမှာ အတ္တတွေ မရှိရင် သိပ်ကောင်းမယ်ဂျင်းရေ..
ဂျင်းခဲ့ခံစားချက်လေးကို မြင်နေရတယ် နားလည်ပါတယ်ဂျင်းရေ..
မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ..သိပ်ခံစားရတယ်နော်..

မြစ်ကျိုးအင်း said...

နောက်ကျမှ ရောက်လာပေမယ့် သေသေချာချာ ဖတ်သွားပါတယ်။ တာဝန်ယူမှု မရှိသ၍ အသိတရားလည်း ရှိဖို့ မလွယ်ပါဘူး။
လူအမျိုးမျိုး အထွေထွေမှာ တခါတလေ အလိုက်သင့်နေရဖို့ အခက်ကြုံရပါတယ်။

သိင်္ဂါကျော် said...

အလည်လာပြီး စာကောင်းလေးတွေ ဖတ်သွားပါတယ်..

SHWE ZIN U said...

ညီမရေ

စာရေးအုန်းလေ.. မမ လာတယ်
ဆီပုန်းလေး လည်း ပြန်တတ်ပါအုန်း လာရခက်တယ်..

ချစ်တဲ့
မမရွှေစင်

ပေါ့ဆိမ့် said...

လိုက်တဂ်ထားတဲ့ အသိတရားတွေ ရှိတဲ့ ရပ်ဝန်းတွေလည်း သွားရောက်အားပေး ခဲ့ပါသေးတယ်...။
အမြင်မျိုးစုံ ရသွားအောင် လုပ်ပေးလိုက်တဲ့ အင်ကြင်းရေ .. ကျေးဇူး...
ထပ်ရောက်ခဲပါတယနော်.. စိတ်ကူးထဲကလူ အကြောင်း ပြောပြချင်လို့.. လာဖတ်လှည့်ဦးဝှေ့...။
ခင်တဲ့
ပေါ့ဆိမ့်

chit su said...

Honey! I thought ,you would be post any new article. That's why I turned on my p.c as soon as I went straight to your home. But I hadn't saw any new post. :(

May be tonight, is it? :)

Love With,
Chit Su.

ဂျစ်တူး ( မုံရွာ ) said...

ပြောချင်တဲ့စကားတွေ ရှိခဲ့တယ်.....
ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ဘူး။ ။
မပြောဖြစ်ခဲ့တဲ့ စကားတွေရှိခဲ့တယ်.....
ဘယ်တော့မှလည်းပြောဖြစ်မှာ မဟုတ်လောက်တော့ဘူး။ ။
အင်း - - - -
အဲလိုစိတ်ကိုထိမ်းနိုင်တာကောင်းတာပေါ့လေ-
သာဓုဗျာ သာဓု သာဓု

စံလင်းထွန်း said...

သတိတရနဲ့ လာလည်သွားပါတယ်အစ်မရေ ..။

SHWE ZIN U said...

ညီမ ရေ

မမလာတယ်..သတိရလို့

သင်္ကြန်ပြန်မလာဘူးလား..

သတိရနေမယ်နော်...

ချစ်တဲ့
မမရွှေစင်