Pages

Sunday, March 7, 2010

အနာဂတ်လေးတွေ လင်းစေချင်၍

ပြီးခဲတဲ့ တစ်ပတ်လောက်တုန်းကပေါ့... မြန်မာပြည်က ကျွန်မရဲ့ မောင်လေးဝမ်းကွဲ တစ်ယောက်က အွန်လိုင်းမှာ စကား လာပြောရင်း... သူ့အစ်ကို (ကျွန်မရဲ့ မောင်ပါပဲ) မလေးရှားမှာ အေးဂျင့်နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ဖို့ သွားတာ အခုအထိ အဆင်မပြေသေးဘူးလို့ ပြောတယ်တဲ့။ မကြီး ဆက်သွယ်လို့ရရင် ဆက်သွယ်လိုက်ပါဦးတဲ့။ ကျွန်မလည်း စိတ်ပူသွားပြီး ဘယ်လို အဆင်မပြေတာလဲ... သူ့ရဲ့ ဆက်သွယ်ရမယ့် အီးမေးလိပ်စာ ဖြစ်ဖြစ်၊ ဖုံးနံပါတ် ဖြစ်ဖြစ် မကြီးကို ပြောပြ... သူသွားတုန်းကလည်း မကြီးကို ဆက်သွယ်ဖို့ မကြီးရဲ့ ဖုံးနံပါတ်တွေ လိပ်စာတွေကို သေချာ ပေးလိုက်တယ်မို့လား... စသည်ဖြင့် မေးတော့ အဲဒီမောင်လေးက သူဘာမှ ရေရေရာရာ မသိဘူးတဲ့...။ ရန်ကုန်က သူ့အစ်မ (ကျွန်မ ညီမလေးပဲ) ကမှ သေချာ သိတာတဲ့...၊ သူ့ကို မေးကြည့်တဲ့လေ...။

အဲဒါမျိုးတွေကြောင့်ပါပဲလေ...။ ကျွန်မရဲ့ မောင်လေးတွေကို ကျွန်မ အားမရမိတာ၊ စိတ်တိုမိတာ။ ကျွန်မမှာက ဖေဖေ့ဘက်ကရော မေမေ့ဘက်ကရော ဆိုရင် မောင်လေး ၀မ်းကွဲတွေ အများကြီး ရှိပါတယ်။ အခု ပြောပြနေတဲ့ မောင်လေးတွေက ဖေဖေ့ရဲ့ ညီမက မွေးတဲ့ မောင်လေးတွေပါ။ အဲဒီ အဒေါ်က သမီးတစ်ယောက်၊ သားက ငါးယောက်တောင် မွေးထားတာလေ...။ မောင်လေးတွေလို့ ဆိုရပေမယ့်လို့ အားလုံးက ကျွန်မထက် သာပါတယ်။ သူတို့တွေက အိမ်ထောင်တွေကျပြီးကြလို့ ကလေးအဖေတွေတောင် ဖြစ်နေကြပြီလေ...။

ကျွန်မရဲ့မောင်လေးတွေ အကြောင်းကို စဉ်းစားလိုက်မိရင် သူတို့ကတော့ ဘယ်လိုနေတယ်ရယ် မသိပါဘူး။ ကျွန်မကဖြင့် သူတို့တွေအစား ရင်တွေမောလိုက်တာ။ အားလုံး ကလေးအဖေတွေ ဖြစ်နေကြပြီသာ ဆိုတယ်။ အခုအချိန်အထိ ဘ၀တွေက အခြေတကျ မရှိနိုင်ကြသေးပါဘူး။ ကျွန်မကတော့ သူတို့တွေအတွက် စိတ်ပူပန်ရခြင်းနဲ့ အတူ တွေးလေတွေးလေ ကျွန်မရဲ့ အဒေါ်ကိုသာ သနားမိလေ ဖြစ်တော့တာပါပဲ။

သူတို့တွေ ငယ်ငယ်တုန်းကများ ဆိုရင် ကျွန်မတို့မှာ စိတ်ကူးတွေ ယဉ်ကြည့်လိုက်ရတာ။ ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့ မောင်လေးတွေ အကုန်လုံးက လူချောတွေချည်းပါပဲ။ ကျွန်မရဲ့ အဒေါ် ကိုယ်တိုင်ကကို အခု အသက်ငါးဆယ် ကျော်လာတောင်မှ ချောတုန်း၊ လှတုန်းပါပဲ။ ကျွန်မရဲ့ ဦးလေး (သူမ အမျိုးသား)က ရှမ်းတရုတ် ဆိုတော့ကာ ကျွန်မ မောင်လေးတွေက အမေ ရုပ်ချောတာရယ်၊ အဖေ အသားအရေ လှတာရယ်ကို ပေါင်းပြီး အမွေ ရထားကြတာလေ...။

ကျွန်မက သူတို့ရဲ့ ရုပ်ရည်လေးတွေကို ကြည့်ပြီး သြော်...ငါ့ မောင်လေးတွေသာ အရာရှိကြီးတွေများ ဖြစ်လိုက်ရင် ဘယ်လောက်တောင် ခန့်လိုက်မလဲ... ဆရာဝန် ၀တ်စုံကြီးတွေသာနဲ့ ဆိုရင် ဘယ်လောက်များ ကြည့်ကောင်းလိုက်မလဲလို့ ပုံဖေါ်ကြည့်လိုက်ရတာ...။ သူတို့ ကလည်း သိပ်ကို ထူးချွန်ခဲ့ကြပါတယ်။ ၁၃နှစ်၊ ၁၄နှစ်သား အရွယ်လောက်တွေကို ရောက်ကတည်းက အ၀တ်အစား အမျိုးမျိုးကို စတိုင်ကျကျနဲ့ ၀တ်ဆင်တတ်ကြ၊ ဆံပင်ကို ပုံစံအမျိုးမျိုးနဲ့ ထားတတ်ကြကာ ကောင်မလေးတွေကို ပိုးတဲ့နေရာတို့၊ အုပ်စုဖွဲ့ပြီး ရန်ဖြစ်တဲ့ နေရာတို့မှာ သိပ်ကို ထူးချွန်တာပါ။ သူတို့မြို့မှာတော့ သူတို့ ညီအစ်ကို တစ်တွေက နာမည်ကြီးပါပဲ။

ကျွန်မ မှတ်မိနေပါသေးတယ်...။ ကျွန်မတို့တွေ ငယ်ငယ်က ကျွန်မက အိမ်ရှေ့မှာ သူတို့နဲ့ အတူတူ ထိုင်နေတယ် ဆိုပါစို့...။ အဲဒီမှာ ကျွန်မ သူတို့ကို သတိထားမိခဲ့တာက သူတို့အရှေ့ လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကောင်မလေးတွေကို တစ်ယောက် တစ်မျိုး မရိုးစေရအောင်ကို စကြပါလိမ့်မယ်။ (ကျွန်မ ဆိုလိုတာ ရိုင်းရိုင်းစိုင်းစိုင်း အရှက်ရစေတဲ့ စကားလုံးမျိုးတွေ၊ ကာအိနြေ္ဒပျက်စေတဲ့ စကားလုံးမျိုးတွေနဲ့ စတာ နောက်တာမျိုးကို ပြောတာ မဟုတ်ပါဘူး... ကျွန်မရဲ့ မောင်လေးတွေကလည်း ဘယ်တုန်းကမှ အဲဒီလို အပြုအမူမျိုးတွေကို မလုပ်ခဲ့ပါဘူး။) သူတို့ စတာ နောက်တာက ရီချင်စရာ၊ ပြုံးချင်စရာ စကားလုံးလေးတွေနဲ့ပါ...။ ဒါမျိုးတွေ ဆိုရင် ကိုယ်တော်ချောတွေရဲ့ ဦးနှောက်တွေကလည်း ရွှင်သလား မမေးပါနဲ့...။

ဖြတ်သွားတဲ့ ကောင်မလေးတွေမှာ ဆိုရင်လည်း ပြုံးတဲ့ သူလေးတွေက ပြုံးသွား၊ နှုတ်ခမ်းကိုက်ပြသွားတဲ့ သူလေးတွေကလည်း ကိုက်ပြ၊ တချို့ကကျတော့လည်း မသိကျိုးကျွံပေါ့လေ...။ ကျွန်မက သူတို့ကို လှမ်းဆူရင်လည်း သူတို့က မျက်စိမှိတ်ပြပြီး မကြီး...မသိပါဘူး...အသာနေပါ ဆိုတဲ့ ပုံစံမျိုးကလည်း လုပ်ပြကြသေးတာ။ သူတို့က တစ်ယောက်နဲ့တစ်ယောက် စကားကို အထာတွေနဲ့လည်း ပြောကြသေးတာပါ...။ ဒါက သူတို့ရဲ့ လျှို့ဝှက်ချက် စကားလုံးတွေ ဆိုတော့ကာ ကျွန်မတို့က အဓိပ္ပာယ်ကို မေးလည်း မပြောပြကြပါဘူး...။

ဒါပေမယ့် အံ့သြစရာ ကောင်းတာက သူတို့က ဘယ်ကောင်မလေးကိုမှ ဟိုးတစ်မျှော် တစ်ခေါ် အထိလိုက်ပြီး မပြီးနိုင် မစီးနိုင် စနောက်နေကြတာမျိုး မဟုတ်ပါဘူး...။ သူတို့ မြင်ကွင်းထဲက ပျောက်သွားရင် မေ့သွားတာပါပဲ... ။ ကျွန်မလေ သူတို့ရဲ့ စိတ်တွေကိုလည်း အံ့သြမိပါရဲ့ (ကျွန်မက ဒီနေရာမှာ ကျွန်မရဲ့ မောင်လေးတွေကိုပဲ သုံးသပ်ပြတာပါ...အခြားသူများကို မရည်ရွယ်ပါ...အကယ်၍ သဘောထား မတိုက်ဆိုင်မှုများ ရှိခဲ့ပါက နားလည်ပေးစေချင်ပါတယ်...။)

သူတို့တွေ အဲဒီအရွယ်တွေတုန်းက ကျွန်မတို့ပြည်မြို့ကို အလည်လာကြပြီဆိုရင် ကြာကြာမနေနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အိမ်ကို ရောက်တာနဲ့ ကျွန်မနဲ့ ဖေဖေနဲ့က အိမ်မှာရှိတဲ့ စာအုပ်ပေါင်းမြောက်မြားစွာထဲက ကောင်းနိုးရာရာတွေကို တစ်ပုံတစ်ပင်ရွေးထုတ်ကာ သူတို့ကို စာဖတ်ခိုင်းတော့တာပါပဲ။ ကျွန်မရဲ့အဒေါ်က နေ့စဉ် မိုးလင်းက မိုးချုပ် ဆိုင်တစ်ဖက်နဲ့ဆိုတော့ သားသမီးတွေ အတွက် ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေ ကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် စာပေဗဟုသုတ အတွေးအခေါ် ဥာဏ်ပညာတွေ ရစေဖို့ အတွက်ဆိုတာမျိုးကျတော့ တစ်ကူးတစ်က အချိန်ပေးပြီး ညွှန်ကြားပြသမပေးနိုင်ခဲ့ဘူးလေ...။

ဒါကိုသိထားတဲ့ ကျွန်မတို့တွေက သူတို့တွေကို စာတွေ သိပ်ဖတ်စေချင်တယ်...။ ဖေဖေကဆိုရင်လည်း (သူတို့ရဲ့ ဘကြီးလည်း ဖြစ်နေတော့) သူတို့လာပြီဆိုရင် အ၀တ်အစား ၀တ်တာ၊ စကားပြောတာဆိုတာကမှ အစ မျက်စိထဲမှာ အမြင်မတော်တာတွေကို စာပေအကိုးအကားတွေ ပုံတိုပတ်စတွေနဲ့ ပြောဆိုဆုံးမတာဆိုတော့ သူတို့က စိတ်ညစ်ပါတယ်...။ ကျွန်မကလည်း ငယ်ငယ်လေးကတည်းက စာအုပ်ကိုအမျိုးစုံအောင် ဖတ်တတ်တဲ့သူဆိုတော့ကာ သူတို့ကို အစ်မကြီးဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့ တစ်ခုခုဆိုရင် ဘယ်ဟာကဖြင့်ဘယ်လို မကောင်းတာ၊ ဘယ်ဟာကဖြင့် ဘယ်လိုဖြစ်သင့်တာ စသည်ဖြင့် ဆရာမကြီးလုပ်လွန်းတော့ သူတို့က အဲဒီဒဏ်တွေကို ကြာကြာမခံစားနိုင်ကြပါဘူး။ ရက်အနည်းငယ်နေပြီးတာနဲ့ သူတို့မြို့ကို ပြန်ပြေးကြတော့တာပါပဲ...။

နောက်ပိုင်းဆို သူတို့မှာ ပြည်ကိုလာဖို့ဆိုရင်ကိုပဲ ကြောက်နေကြတော့တာပါ။ တော်တော်နဲ့လည်း မလာဖြစ်ကြတော့ပါဘူး။ ကျွန်မအဒေါ်က တစ်ခါတစ်လေ သူတို့ကို ကျွန်မတို့နဲ့ အတူတူ လာနေစေချင်ပေမယ့်လည်း သူတို့က မနေနိုင်ခဲ့ကြပါဘူး...။ တစ်ခါတစ်ရံမှာ ကိုယ်က စေတနာနဲ့ ပြုလုပ်လိုက်တဲ့ လုပ်ရပ်တွေဟာ လက်ခံတဲ့သူဘက်က စေတနာလို့ မမြင်နိုင်တဲ့အခါမှာ သူတို့အတွက် ဝေဒနာတွေလို ဖြစ်သွားတတ်ကြတာ လောက ဓမ္မတာပဲ ထင်ပါရဲ့နော်...။

ဒီလိုတွေ နေနေကြပေမယ့်လည်း သူတို့တွေ အတည်အတံ့ ကြိုက်နေတဲ့ ကောင်မလေးတွေကဖြင့် ရှိနေပြီး ရည်းစားတွေလည်း စောစောစီးစီး ဖြစ်သွားခဲ့ကြပါတယ်။ အဲဒီ ညီမလေးတွေ ခမျာမှာ ကျွန်မမောင်လေးတွေရဲ့ ရုပ်ချောချောကလေးတွေကိုပဲ စွဲလမ်းသွားကြသလား...၊ အပြော ချိုချိုလေးတွေကိုပဲ နှစ်သက်သွားကြသလား မသိပါဘူး...။ ငယ်ငယ် ရွယ်ရွယ်လေးတွေနဲ့ပဲ ကျွန်မရဲ့ မောင်လေးတွေ နောက်ကို ယုံကြည်စိတ်ချစွာ အားကိုးကြီးစွာ သျှောင်နောက် ဆံထုံးပါခဲ့ကြပါတော့တယ်...။

အဲဒီလိုနဲ့ ကျွန်မရဲ့ မောင်လေးတွေဟာလည်း ကျွန်မ ရစေချင်ခဲ့တဲ့ ဘွဲ့ကြီးတွေ၊ ဒီဂရီကြီးတွေ၊ ရာထူးကြီးတွေကိုတော့ မရခဲ့ကြဘဲနဲ့ ဘ၀အတွက် သင်ခန်းစာတွေ မကျေညက်သေးခင်၊ ဘ၀ပင်လယ်ပြင်ကို ကူးခတ်ဖို့အတွက် အသိပညာ အတတ်ပညာတွေ မစုံသေးခင်မှာ အိမ်ထောင်ရှင်ယောကျာ်း၊ ကလေးအဖေ ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးလေးတွေကိုတော့ သူ့ထက်ငါဦးအောင် လျင်မြန်စွာ ယူသွားခဲ့ကြပါတယ်။

ကျွန်မ သူတို့မြို့ကို အလည်သွားခဲ့တဲ့ အခါတွေများဆိုရင် အိမ်ထောင်ရှင် ယောကျာ်းအကြီးကြီးတွေလို သူတို့ရဲ့ ဟန်ပန်တွေကို မြင်တဲ့အခါ ၀မ်းနည်းသလိုလို စိတ်မကောင်းသလိုလို ခံစားမိတာပါပဲ။ ကျွန်မ ဆိုလိုတာက ဒီလိုလေ... ။ ကျွန်မအမြင်မှာ သူတို့ကို ဒီလိုပုံစံတွေနဲ့ တွေ့ဖို့ အချိန်မတန်သေးဘူးလို့ ထင်မိလို့ပါ...။ ကျွန်မ မျက်လုံးထဲမှာ သူတို့ကို ခလေးတွေလို့ ထင်နေမိဆဲ အပြင် သူတို့ကလည်း စကားပြောရင် ငယ်ငယ်တုန်းကလိုပဲ (ကျွန်မနဲ့ သူတို့နဲ့ အသက်က သိပ်မကွာကြပေမယ့်...) ''မကြီး...သားကလေ...'' ဆိုပြီးပြောကြတုန်း...။ ကလေးတစ်ဖက်နဲ့ သူတို့ရဲ့ မိန်းမလေးတွေကို (ကျွန်မရဲ့ ယောင်းမလေးတွေပေါ့...) လည်း ကျွန်မက ဘေးကနေ ထိုင်ကြည့်ပြီး အတွေးတွေ နယ်ချဲ့နေခဲ့မိတော့တာပါပဲ...။

တကယ်ဆို သူတို့လေးတွေ အရွယ်က တက္ကသိုလ် တစ်ခုခုမှာ၊ သို့မဟုတ် သင်တန်းကျောင်းတစ်ခုခုမှာ လှလှပပ ကြော့ကြော့မော့မော့လေးတွေနဲ့ ပညာတွေ သင်ယူနေရမယ့် အရွယ်လေးတွေလေ...။ ဘ၀ခရီးလမ်းမှာ ဆက်လျှောက်မယ် ဆိုရင် ကြိုးစားရင် ကြိုးစားသလောက် ဆက်ပြီး ခရီးပေါက်ဦးမယ့် အရွယ်လေးတွေ...။ ခုတော့ သူုတို့မှာ ကလေးတစ်ဖက်နဲ့ ဘာတစ်ခုကိုမှလည်း ကျွမ်းကျင်စွာ မလုပ်တတ် မကိုင်တတ်ဆိုတော့ အခက်တွေ့ကြရတာပေါ့။ ဘ၀တစ်ခုကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တည်ထောင်ပစ်လိုက်ကြတဲ့ သူတို့တွေရဲ့ သတ္တိတွေကိုလည်း ချီးကျူးမိပါရဲ့...။

ကျွန်မက အိမ်ထောင်ပြုတာကို အပြစ်လို့ သူတို့ကို ပြောချင်တာ မဟုတ်ပါဘူး...။ အရာရာ အဆင်သင့် မဖြစ်သေးခင်မှာ ဘ၀ပင်လယ်ပြင်ကို စွန့်စွန့်စားစား ရွက်လွှင့်ခဲ့ကြတော့ လောက လှိုင်းဒဏ်ပိုးတွေနဲ့ ကြုံတွေ့လာတဲ့ အခါ ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာကို သူတို့ မသိခဲ့ကြတော့ဘူးလေ...။ အဲဒီတော့ အဆင်ပြေမှုဆိုတာထက် အဆင်မပြေမှုတွေကသာ များလာကြတော့တာပေါ့။

သူတို့က အရာရာ အဆင်သင့် မဖြစ်သေးခင်မှာ ဘာကိုမှ မစဉ်းစားခဲ့ကြပဲနဲ့ ဘ၀တစ်ခုကို တည်ထောင်ခဲ့ကြပေမယ့် နောက်ဆုံး ဖြစ်လာသမျှ အရာအားလုံးကို တာဝန်ယူခဲ့ရသူက ကျွန်မရဲ့ အဒေါ်ပဲလေ...။ ကျွန်မ အဒေါ်ကလည်း ဘယ်သားကိုမှ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ပစ်မထားရက်ရှာပါဘူး...။ သားတွေရော၊ ချွေးမတွေရော၊ မြေးတွေရောကို သူ့အိမ်ပေါ်မှာပဲ တင်ခေါ်ထားပြီး ကျွေးမွေးထားတုန်းပါပဲ...။ ဒါ့အပြင် သားတွေရဲ့ မိသားစုဘ၀ရှေ့ရေးကို သူ့ခမျာမှာ တွေးတောပူပန်ကာ ရနိုင်တဲ့ အခွင့်အလမ်းတွေကို တတ်နိုင်သမျှ ရှာဖွေ ဖန်တီး ပေးပြန်ပါသေးတယ်...။

အခု မလေးရှားမှာ အလုပ်လာလုပ်တယ်ဆိုတဲ့ မောင်လေးက သူတို့မိသားစုမှာ အကြီးဆုံးပါ။ သူကတော့ လိမ္မာတယ်လို့ပဲ ပြောရမလားပါပဲ...။ အကြီးဆုံးပီပီ ငယ်ငယ်ကတည်းက မိဘကို တတ်နိုင်သလောက် ကူခဲ့၊ မိသားစုတာဝန်ကို တတ်နိုင်သလောက် ထမ်းခဲ့တာ ဒီအရွယ်အထိပဲ ဆိုပါတော့...။ အခုလည်း မိသားစုတာဝန်ကို တတ်နိုင်သမျှ ထမ်းဖို့အတွက် မလေးရှားကို အေးဂျင့်နဲ့ ကျွန်မအဒေါ်ကပဲ ပို့ပေးခဲ့တာပါ...။ အခုတစ်ခါ သူက အဆင်မပြေပြန်ဘူးဆိုတော့ ကျွန်မအနေနဲ့ ရတက်မအေးဖြစ်ရတာ လွန်မယ် မထင်ပါဘူးနော်...။

ဘာပဲပြောပြောပေါ့လေ...သေချာတာ တစ်ခုက လိမ္မာတဲ့ မောင်လေးပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ မောင်လေးပဲ ဖြစ်ဖြစ်...၊ သူတို့ရဲ့ ဘ၀တွေကို ကောင်းမွန် တိုးတက်စေချင်တဲ့ စိတ်ဇောတွေနဲ့ ပြောဆိုသွန်သင်ခဲ့တဲ့ ကျွန်မရဲ့ စေတနာတွေကို သူတို့တွေ နားလည်ခဲ့သည်ပဲဖြစ်စေ၊ နားမလည်ခဲ့သည်ဖြစ်စေ...၊ ကျွန်မအပေါ်မှာ သူတို့ အထင်အမြင် လွဲမှားနေခဲ့သည်ပဲ ဖြစ်နေပါစေ... ကျွန်မအနေနဲ့ကတော့ ကျွန်မမောင်လေးတွေ၊ ကျွန်မရဲ့ယောင်းမလေးတွေ၊ ကျွန်မရဲ့ တူလေး၊ တူမလေးတွေရဲ့ ဘ၀ အနာဂတ်လေးတွေ အမှန်တကယ်ပဲ ထွန်းလင်းတောက်ပပါစေ ဆိုတဲ့ အစ်မကြီးတစ်ယောက် အနေနဲ့ ရင်ထဲမှာ အမြဲဖြစ်နေတဲ့ ခံစားချက် ဆန္ဒကတော့ ဘယ်တော့မှ ပျောက်ပျယ်သွားမှာ မဟုတ်ပါဘူး ဆိုတာပါပဲ...။

36 comments:

မောင်မိုး said...

ပုဇွန်ဆိတ်ကလေးဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်ဆိုတဲ့ သီချင်းလေးသွားသတိရမိတယ်။ ဒါပေမဲ့ ဘ၀ကို ကြံ့ကြံ့ခံပြီး ကြိုးစားမယ်ဆိုရင်ဖြင့် သူတို့ဘ၀လေးတွေ သာယာလှပလာမှာပါဗျာ.။ အိမ်ထောင်ရှင်ဖြစ်လာပြီဆိုရင် အတွေးအခေါ်အနေအထိုင် တွေက မုချပြောင်းလဲသွားမှာပါ။ စိတ်ပူတာလဲ စိတ်ပူပေါ့။

အင်ကြင်းသန့် said...

ဟုတ်တယ် ကိုမိုးရေ...ကျနော်လည်း ကိုယ့်ကိုကိုယ် ပြန်ပြန်သတိပေးနေရပါတယ်...ကိုယ်က အဲဒီလို အကုန်လိုက်လိုက်ပြီး ပူပင်တတ်ပေမယ့် သူတို့ကကျတော့ သူတို့ဘ၀နဲ့ သူတို့ပျော်လို့လေ...ကျနော့်ကိုတောင် သူတို့က ပြန်သနားချင် သနားနေကြဦးမှာ... :))

ဒဏ္ဍာရီ said...

ငယ်ငယ်တုန်းက မသိ၊နာမလည်ခင်မှာ အိမ်ထောက်ကျခဲ့ပေမယ့် အခုအချိန်မှာ ဘ၀ကို မိသားစုဆိုတဲ့ အသိစိတ်ဓါတ်လေးနဲ့ ရုံးကန်ကြိုးစားမယ်ဆိုရင် အောင်မြင်လာမှာပါ ညီမလေးရယ်။ ရင့်ကျက်မှုနဲ့ ဘ၀ကပေးတဲ့ သင်ခန်းစာတွေကို သူတို့က ပိုတောင် နားလည်နေအုံးမှာ။ စိတ်မပူနဲ့ ညီမလေး... မောင်လေးတွေ ဘ၀ အဆင်ပြေ ချောမွေ့ပါစေ...။

ခင်မင်လေးစားလျှက်

ချော (အစိမ်းရောင်လွင်ပြင်) said...

မောင်လေးတွေ အိမ်ထောင်အကျစောလို့ ကရုဏာဒေါသောနဲ့ ပူပန်မိတဲ့ အစ်မတစ်ယောက်ရဲ့ စေတနာတွေကို ရင်ထဲထိ လှမ်းမြင်လိုက်မိပါတယ်..
ဒီလိုဘဲ.. ညီမလေးတစ်ယောက် အိမ်ထောင်မကျမှာစိုးလို့ ပူပန်နေတဲ့ အစ်မတစ်ယောက်ရှိနေသေးတယ်ဆိုတာကို
သတိရပါ........ :)

~ဏီလင်းညို~ said...

အင်ကြင်းရေ...
နောက်တစ်ခါဆို သေချာမေးမြန်းခိုင်းညီမလေးရေ...။
အခုက အဲ့ဒီအေးဂျင့်ဆိုတာတွေက အတော့ကို လုပ်စားနေကြတာ...။ ပြောတော့တစ်မျိုး...ဒီရောက်တော့ ဒုက္ခနဲ့ လှလှတွေတွေ့ကြရော...။ မခံနိုင်တော့ ထွက်ပြေးကြနဲ့..ကိုဏီးခဏခဏကြားနေရတယ်...။
ပြောရမယ်ဆိုရင်...မြန်မာပြည်က လူငယ်လေးတွေကို မလေးရှားကိုမလာစေချင်ဘူး...။ ကိုဏီးမြင်ရသလောက်ကအဆင်မပြေတာတွေခပ်များများ ဖြစ်နေလို့ပဲ...။အေးဂျင့်တော်တော်များများကတစ်အားဖြတ်စားကြတယ်ဆိုကြတယ်လေ....။
ခင်မင်တဲ့

ထာဝရစကား said...

ကျနော် ဘာပြောရမှန်းမသိလို့ ဒီလိုနဲ့ပဲ ရေးသွားခဲ့တယ်။ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဖြစ်နိုင်ပါစေဗျာ။ အမရဲ့ ကောင်းမြတ်တဲ့ စေတနာဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အကြိုးပေးပါလိမ့်မယ် အမရေ။
ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်အုန်းနော် စိတ်ထောင်းတော့ကိုယ် စိတ်ပျော်တော့ကိုယ်နုတဲ့လေ..။ တော်ကြာ နေမကောင်းဖြစ်နေပါအုန်းမယ်။

ခင်တဲ့
လင်းတိုင်း

ချစ်ကြည်အေး said...

ဘ၀တစ်ခုကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တည်ထောင်ပစ်လိုက်ကြတဲ့ သူတို့တွေရဲ့ သတ္တိတွေကိုလည်း ချီးကျူးမိပါရဲ့...။

ညီမ အင်ကြင်းရေ...သတ္တိဆိုတာထက် အချစ်ကို ကိုးကွယ်တတ်တဲ့ အရွယ်မှာ မိုက်ရူးရဲခဲ့ ကြတာပေါ့ကွယ်....ဘာပဲဖြစ်ဖြစ်လေ...ခုနောက်ပိုင်းမှာတော့ သားအတွက် မယားအတွက် လောကပင်လယ်ပြင်ကြီးထဲ သတ္တိနဲ့ ဇွဲနဲ့ လုံ့လ ဝီရိယ နဲ့ ကူးခတ်ပေအုံးတော့ပေါ့....စိတ်မပူပါနဲ့ အင်ကြင်းရယ်...

kiki said...

အစ်မကြီး အမိအရာ ဆိုတဲ့အတိုင်းပါပဲလား ညီမလေးအင်ကြင်းရေ ..
အတွေ့ အကြုံဆိုတာက ကိုယ်တိုင် တွေ့ ထိခံစားရမှ ပိုပြီးတန်ဘိုးရှိတာလေ ။မောင်လေးတွေအတွက် သိပ်လည်းစိတ်ပူမနေနဲ့ပေါ့ ။ကိုယ့်အိမ်ထောင်နဲ့  မိသားစုအတွက် ကိုယ့်ဟာကိုယ် တာဝန်ယူတတ်လာကြမှာပါ ။ ဘဝ ဆိုတာ ဒါပဲလေ ။ လူတိုင်း လူတိုင်း ကိုယ့် လမ်းကိုယ်လျှောက်ကြရမှာပါပဲ ။
နောက်ကားတွေ ကျော်တက်ကုန်ကြပြီနော်.. ငါ့ညီမလေးလည်း ကြိုးစားအုံး ။။း)))

chit su said...

You are very smart sister for them. I believe that they will be know your desire soon. I would like as your little sister. how?




Love With
chit su.

shwezinu said...

ညီမ အင်ကြင်းရေ

ညီမ ပိုစ် အသစ်တင်တာ မသိလို့ပါ လာဖတ်မှာပေါ့ မြန်မာပြည်က လူငယ်အများစု ဟာ အခုညီမမောင်လေး လိုမျိုးတွေ ဖြစ်နေကြတယ် အဆင်ပြေသွားမှာပါ သိပ်စိတ်မပူပါနဲ့နော်

ချစ်တဲ့
မမရွှေစင်

ကိုလူထွေး said...

ရေးပြထားတဲ့ပုံစံက ဖတ်လို့ကောင်းတယ်...
အမတယောက်ရဲ့ စေတနာကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်မိပါတယ်...
ရုန်းကန်နေရသေးတဲ့ ညီငယ်ကိုလည်း အမြန်ဆုံး အောင်မြင်ပါစေ ဆုတောင်းပေးပါတယ်ဗျာ...

းဝ)

သဒ္ဓါလှိုင်း said...

အင်ကြင်းရေ...
အမတယောက်ရဲ့စေတနာတွေကိုအရင်ကနားမလည်
တာတောင်အခုလိုအချိန်မျိုးမှာနားလည်လာပါလိမ့်မယ်။
အိမ်ထောင်ရှင်ဘ၀မှာဆိုတော့ ပိုသိလာမှာပါ။ အင်ကြင်းမောင်လေးတွေ
အဆင်ပြေသွားပါလိမ့်မယ်။
ခင်တဲ့
သဒ္ဓါ

မြတ်မွန် said...

ဂျင်းရေ..မွန်လာဖတ်သွားတယ်..
ဘာမှ မပြောတော့ဘူးကွယ်..

ကိုရင် စည်သူ said...

မအင်းကြင်းရေ..
တိုရင်စီတူလို မောင်မောင်လေးမရလိုက်တာ မအင်ကြင်း ကံဆိုးသွားတာပဲ... အဟီး။ မဟုတ်ရင် ထမီတောင် နိုင်မှာမဟုတ်ဘူး... လိုက်ထိန်းရမှာ။ :P အစ်မမှာ အစ်မကြီး အမိရာ စိတ်ထားမျိုးရှိတာတွေ့ရတော့ လေးစား ၀မ်းသာမိပါတယ်။ လူတိုင်းကတော့ ကိုယ့်ဘ၀ကို ကိုယ်လျှောက်လှမ်းနေကြတာပါပဲ.. ဘာမှမပူနဲ့ အေးချေးပဲနေ... လောလောဆယ်တော့ တက်စ်ပေးထားတယ် အားရင်တော့ ရေးပေးပေါ့လေ.. ဒါဗြဲ..
ခင်တဲ့
မောင်လေး တိုရင်စီတို..

ညရဲ့ကောင်းကင် said...

အင်ကြင်းရေ...
ဒီလိုပါပဲ ... အချိန်နဲ့ ပတ်ဝန်းကျင် လက်ရှိအနေအထားတွေက သူတို့တွေမဖြစ်ချင်ဘူးဆိုရင်တောင် ဖြစ်လာမှာပါ...

တီလေးက စေတနာတွေပိုနေလို့ပါနော်.. အဟီး ..

ကိုရင်စည်သူ said...

မအင်းကြင်းရေ.. နာမည်ကျန်ခဲ့လို့ အားတုံအားနာ ဖြစ်မိပါတယ်။ ဖြစ်နိုင်ရင်တော့ ရေးပေးစေချင်ပါတယ်။ တကူးတကလာရောက် ရေးဖို့ လာရောက်တိုက်တွန်းတာပါ။ အိမ်တိုက်ရာရောက် လာဖိတ်တယ်ဆိုတာ ဒါမျိုးလေ..။ အဟီး.. လာရောက်အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ခင်မင်တဲ့
မောင်လေး တိုရင်ချီတူး)

ချိုကျ said...

ဘာပြောရမလဲကိုမသိပါဘူးဗျာ..တကယ်ပါ။စိတ်မကောင်း ဖြစ်မိတယ် အင်ကြင်းရေ...

Anonymous said...

မစဉ်းစားတတ်သေးခင် ယူတာကောင်းပါတယ် စဉ်းစားရင်း စဉ်းစားရင်နဲ့ အပျိုကြီး လူပျိုကြီးတွေ ဖြစ်ကုန်ရော (စိတ်ဖြေသာအောင်ပြောခြင်းဖြစ်) အဲဒီအခါကျတော့လည်း အထီးကျန်သလေး အမကျန်သလေးလုပ်သေးတာ ပြောမပြောချင်ပေါင် ဟုတ်တယ်နော် တို့ရွှေပြည်မှာတော့ အနာဂတ်ဆိုတာ ပလာစတာပါ သိပ်မတွေးနဲ့ သိပ်မငေးနဲ့ လုပ်စရာရှိတာ ပြီးအောင်မြန်မြန်လုပ် များများလုပ် ငွေချမ်းဖို့ မစဉ်းစားဘဲ စိတ်ချမ်းသာဖို့ကိုစဉ်းစားကြစို့နော် အချိန်တန်ရင် အရာရာပြီးဆုံးသွားမှာပါ ခင်တဲ့ seesein

sosegado said...

အထင်ပေါ့ လူငယ်အများစုဟာ စဉ်းစားကြပါတယ် ဒါပေမဲ့ ဘယ်လောက်ထိ စဉ်းစားခွင့်ပေးသလဲ ပေးသလောက်ထိပေါ့ ၊ ဘာဖြစ်ချင်လဲ၊ ဖြစ်သွားမှာပါ နဲ့ မြန်မာပြည်တော့ အဆင်ပြေသွားမှာပါ၊ မလေးရှားဆိုရင်တော့ ပူသလို ပူတဲ့အတိုင်းဖြစ်တတ်တော့ အမြန်ဆုံးဆက်သွယ် ကူညီရင် ကောင်းမလားလို့ ။

busymozzee said...

ဂျင်းဂျင်းရေ.... နှစ်ယောက်ပေါင်းပြီး ဘ၀ကို ရင်ဆိုင်တာလဲ တမျိုးကောင်းတယ်လို့ တွက်လိုက်ပေါ့ညီမလေးရေ.... ဟိုဟာလေ... ဆိုရိုးစကားရှိတယ်.... လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်ရမယ် ဆိုလားဘာလား... ဟေးဟေး

Junction Point said...

အရာရာ အဆင်သင့် မဖြစ်သေးခင်မှာ ဘ၀ပင်လယ်ပြင်ကို စွန့်စွန့်စားစား ရွက်လွှင့်ခဲ့ကြတော့ လောက လှိုင်းဒဏ်ပိုးတွေနဲ့ ကြုံတွေ့လာတဲ့ အခါ ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာကို သူတို့ မသိခဲ့ကြတော့ဘူးလေ...။

×××××××××××××××

မှန်ပါတယ်ဗျာ
ကိုယ်တိုင်ကြူံတွေ့ရမှ သူတို့တွေဟာ အမြန်ဆုံးနားလည်သဘောပေါက်လာလို့
ပြင်ဆင်နိုင်ရင် ဘ၀အတွက် တန်ဖိုးရှိပါတယ်

Junction Point said...

အရာရာ အဆင်သင့် မဖြစ်သေးခင်မှာ ဘ၀ပင်လယ်ပြင်ကို စွန့်စွန့်စားစား ရွက်လွှင့်ခဲ့ကြတော့ လောက လှိုင်းဒဏ်ပိုးတွေနဲ့ ကြုံတွေ့လာတဲ့ အခါ ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာကို သူတို့ မသိခဲ့ကြတော့ဘူးလေ...။

............
ဒါကို အမြန်ဆုံးနားလည် သိမြင်လာမယ်ဆိုရင်
သူတို့အတွက်နဲ့ မိသားစုပါ အများကြီး အကျိုးပြုနိုင်ကြမှာပါ

မြစ်ကျိုးအင်း said...

ကျနော့်ညီလည်း ဖုန်းဆက်တိုင်း နားချရတယ်။
မိန်းမတစ်ယောက်ယူဖို့ဆိုတာ အတွေးသေးသေးလေးနဲ့ လုံလောက်တယ် ထင်နေတာ မိဘတွေကလည်း ဖြစ်လာသမျှ ရှင်းပေးမယ် ဆိုတဲ့အသိကြောင့် လုပ်ဝံ့ကြတာ များလား မသိပါဘူးအမရာ။ လူငယ်ဘဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားစေချင်သေးတယ်

SHWE ZIN U said...

ညီမရေ

မပျောက်ပါဘူးနော် ညီမ စီလာလည်ဖို့ ဆီပုံးလေး ပြန်တတ်ထားပါအုန်း အပိုင်း ၃ လည်းဆက်ရေးပေးအုန်းနော်

ချစ်တဲ့
မမရွှေစင်

သဒ္ဓါလှိုင်း said...

အင်ကြင်းရေ..
မအားတဲ့ကြားထဲကစာလာဖတ်ပြီး အမြဲအားပေးတတ်တဲ့အင်ကြင်းကိုခင်မင်မိတယ်။
ဘ၀တူတွေဆိုတော့လည်းအားတက်မိပါရဲ့..။

်ခင်တဲ့
သဒ္ဓါ

စိတ်၏ဖြေရာ said...

ိဲညီမလေးရေ..အသက်ကြီးလာလေလေကိုယ့်
အတွေ့အကြုံအရငယ်ရွယ်သူတွေကိုအားမလိုအားမရ
ဖြစ်လေလေပါ။သူတို့တွေလည်းအသက်ကြီးလာပြီး
အတွေ့အကြုံတွေများလာရင်တည်ငြိမ်ရင့်ကျက်လာမှာမို့
သိပ်စိတ်မပူပါနဲ့နော်။

SHWE ZIN U said...

ညီမရေ

ဘယ်ပျောက်နေလဲ စာလာဖတ်အုန်း စာလည်း ရေးအုန်း

ချစ်တဲ့
မမရွှေစင်

THE STARRY NIGHT said...

အမရေ... အမရဲ့မောင်လေးတွေကချောတဲ့ဆိုတော့ အမလည်းချောမှပဲနော်.. :P
အေးဗျာ.. အရွယ်လေးရောက်လာတာနဲ့ ပြဿနာတွေ တန်းစီစောင့်နေတတ်တာက ကျွန်တော်တို့အတွက် အမှတ်အသားသင်္ကေတတစ်ခုလို ဖြစ်နေပါပြီ။ သူတို့အိမ်ထောင်စောစောကျသွားတာကိုတော့ ဘာပဲဖြစ်ဖြစ်အားပေးတယ်ဗျာ။ ကိုဏီလင်းညိုပြောသလိုပဲ မလေးရှားကတော့မကောင်းဘူးဗျာ အေးဂျင့်တွေခေါင်းရှောင်တာကတစ်ခု နောက်သူတို့နိုင်ငံသားဆိုတဲ့ကောင်တွေကလည်း တော်တော်များများ လူမျိုးကြီးဝါဒီတွေကများတယ် တတ်နိုင်ရင်ပြန်ခေါ်ပြီး တစ်ခြားတစ်ခုခု ပြောင်းကြိုးစားခိုင်းပါလားဗျာ
ခင်တဲ့

အင်ကြင်းသန့် said...

ဘယ်ကသာချောရမှာလဲ မောင်တွေနဲ့ အစ်မလုပ်တဲ့သူနဲ့က ပြောင်းပြန် ကိုသော်ဇင်စိုးရ...:))
ကျနော်လည်း တတ်နိုင်သလောက်သူ့ကိုကူညီဖို့ ကြိုးစားနေတယ်...
စိတ်ပူပန်ပေးတဲ့ ကျန်တဲ့မောင်နှတွေရော...အားပေးကြတဲ့မောင်နှမတွေရော အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်...

ကိုရင်စည်သူ said...

အမတော်ကြီး.. စဉ်းစားကာနေရဦးမယ်.. အဟိ... ရေးနိုင်လိုက်တာတော့ပြောမနေနဲ့ ... ရေးရေးပီးချင်း လတ်လတ်ဆတ်ဆတ်ကို ဖတ်စေချင်လို့ လတ်လတ်ဆတ်ဆတ်တွေပဲတင်နေတာ။ လာဖတ်ပေးသွားလို့ ကျေးဇူးပါခင်ဗျာ
ခင်တဲ့
မောင်လေး တိုးရင်ချီ

သဒ္ဓါလှိုင်း said...

အင်ကြင်းရေ..
ဆုတောင်းပေးလို့ကျေးဇူးတင်ဝမ်းမြောက်မိတယ်..။
ရင်ဘတ်ချင်းတူတဲ့သူအဖြစ်အမြဲခင်မင်နေမှာပါ။

ခင်တဲ့
သဒ္ဓါ

khin oo may said...

:cool:

ဒဏ္ဍာရီ said...

ညီမလေး သေးသေးလေးရေ....... ဘယ်တွေပျောက်နေလဲ။ နေကောင်းရဲ့လား။ စာတွေရေးဦးနော်။ သတိတရ လာကြည့်တာ။

busymozzee said...

၈ျင်းရေ.... စီဘောက်တတ်တော့လေ... အော်မယ်ဆော့မယ်.... :P

Anonymous said...

ဘာပြောရမလဲမသိဘူး.. အားလုံးအဆင်ပြေသွားမှာပါ..

TZA said...

ခုမှဖတ်မိတာ နာတာပဲ၊ အရေးအသားကောင်းပြီး စိတ်သဘောထား အရမ်းကောင်းတဲ့ ဘလော့ပိုင်ရှင်ကို လေးစားပါတယ်။