Pages

Friday, March 26, 2010

စိတ်ကူးသက်သက်ဖြင့်သာ

ခြံဝင်းလေးကတော့ဖြင့်..... အတန်အသင့် ကျယ်ပြန့်လှသည်ဟု ပြောလို့ရပါသည်။ ခြံစည်းရိုး တစ်လျှောက်မှာတော့..... ခြံစည်းရိုးနဲ့အပြိုင် လူတစ်ယောက်၏ ခါးသာသာမျှ အမြင့်လောက်သာရှိသော ပုဏ္ဏရိပ်ပင်များကို စီတန်းကာ စိုက်ပျိုးထားလေ၏။ ခြံဝန်း၏ ပတ်ပတ်လည်တွင်မူ..... သရက်၊ မာလကာ၊ သြဇာ၊ အစရှိတဲ့ သီးပင်မျိုးတွေကို ပုဏ္ဏရိပ်ပင်များ ကြားတွင် ဆယ့်ငါးပေခန့်စီ ခြားလျက် စိုက်ထားတာကို တွေ့ရမှာ ဖြစ်ပြီး ခြံဝင်းထဲက မြေနေရာ၏ သုံးပုံတစ်ပုံခန့်ကိုတော့ ခြံတစ်ဖက်ခြမ်းကို ကပ်လျက် ဆောက်ထားသည့် အိမ်ကလေးက နေရာယူထားပါသည်...။ အိမ်ရဲ့ အရှေ့ဘက်ခြမ်းတွင်မူ..... နှင်းဆီပင်၊ စံပယ်ပင်၊ ရွက်လှပင်မျိုးစုံနဲ့ ပိန်းပန်းအိုးများက နေရာယူနေပြီး အိမ်အနောက်ဖက်မှာတော့ ချဉ်ပေါင်၊ ငရုတ်၊ ပင်စိမ်း ၊ သခွား.... အစရှိသည့် စားပင်လေးများကို ဘောင်လေးတွေဖော်ကာ စနစ်တကျ စီတန်းကာ စိုက်ပျိုးထားတာကို တွေ့ရမှာဖြစ်လေသည်...။

ထိုခြံဝင်းနဲ့ အိမ်ကလေးဟာဆိုရင်ဖြင့် ဖေဖေ၊ မေမေ၊ ကိုကြီး၊ ကျွန်မနဲ့ ညီမလေးတို့ရဲ့ ပျော်စံနေထိုင်ရာ၊ ဟန်ဆောင်မှု ဂုဏ်ပကာသနတွေ မပါပဲ ရိုးစင်းသော၊ အေးချမ်းသော၊ မေတ္တာတရားတို့ဖြင့်သာ ထုံမွှမ်းထားရာ “မေတ္တာရိပ်မြုံ”ံ ဟု ကျွန်မရဲ့ စိတ်ထဲကနေ တိတ်တဆိတ် အမည်ပေးထားမိသော ကျွန်မတို့မိသားစုလေးရဲ့ နေအိမ်ဂေဟာလေးပင် ဖြစ်ပါသည်။

အိမ်ကလေးရဲ့ အပေါ်ထပ် ထောင့်အစွန် တစ်နေရာလေးမှာတော့ဖြင့် ကျွန်မရဲ့ ၀မ်းနည်း ၀မ်းသာမှုတွေ၊ နာကျင်မှု ပျော်ရွှင်မှုတွေ၊ ရှုံးနိမ့်မှု အောင်မြင်မှုတွေ အားလုံးကို သွန်အန်ချရာ၊ ကျွန်မအမြဲတမ်း နားခိုရာ ဖြစ်တဲ့၊ ကျွန်မရဲ့ကမ္ဘာငယ်လေးလို့လည်း ပြောလို့ရတဲ့ ကျွန်မရဲ့ အခန်းငယ်လေး တည်ရှိပါသည်။ နံနက်ခင်းတွေကိုရောက်တိုင်း ကျွန်မ အိပ်ရာက နှိုးထလာတဲ့အခါ အိပ်ရာနံဘေးက ပြတင်းတံခါးလေးကို ဖွင့်လိုက်ပြီဆိုရင် ပြတင်းပေါက်မှတဆင့် လှမ်းမြင်နေရတဲ့ အိမ်အရှေ့ ပိတောက်ပင်ကြီးရဲ့ သစ်ကိုင်းများထက်မှာ နေရာအသီးသီး ယူထားကြတဲ့ ငှက်ကလေးတွေက တတျီတျီတတျာတျာဖြင့် ကျွန်မကို နေ့စဉ်နေ့တိုင်း တေးသံသာများဖြင့် ဖျော်ဖြေရန် တာဝန်မပျက်မကွက် ယူထားကြသလို အမြဲပင် ရှိနေတတ်ကြပါသည်..။ ကျွန်မကလည်း အိပ်ရာက နိုးလျှင်နိုးချင်း ရေချိုးခန်းသို့ မ၀င်တတ်သေးပဲ ပိတောက်ပင်ပေါ်မှ ငှက်ကလေးများ၏ တေးသံသာများကို နားထောင်ရင်း နံနက်ခင်းမှာ တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေအေးအေးမြမြတို့ကို ခဏတာမျှ ရှူရှိုက်ရင်း ခြံအပြင်ဘက် လမ်းမပေါ်တွင် ဥဓဟို သွားလာလှုပ်ရှားနေကြသည့် လူအများနဲ့အတူ ယာဉ်ကြီး၊ ယာဉ်လတ်၊ ယဉ်ငယ် အသွယ်သွယ်တို့ကို ခဏတာမျှတော့ ငေးမောကြည့်နေမိတတ်လေ့ရှိပါသည်...။

မျက်နှာသစ် ရေမိုးချိုးပြီးလို့ မီးဖိုချောင်ထဲကို ဆင်းသွားလိုက်ပြီ ဆိုရင်တော့ နံနက်စောစောကတည်းက ကိုကြီး (သို့မဟုတ်) ဖေဖေနဲ့ အတူတူ ဈေးကိုထွက်သွားတဲ့ မေမေက ဈေးမှ ပြန်ရောက်နေပြီ ဖြစ်ပြီး သူမ၀ယ်ယူလာတဲ့ ဟင်းလျာတွေကို တကုတ်ကုတ်နဲ့ ချက်ပြုတ်နေတာကို တွေ့ရမည် ဖြစ်သည်။ ညီမလေးကတော့ ထိုအချိန်ဆိုလျှင် ကျောင်းသို့ ထွက်သွားပြီ ဖြစ်ချေသည်.....။ ကျွန်မက အဲဒီအချိန်ကျမှ ဟင်းချက်နေသော မေမေ့ကို စကားတွေ လှမ်းပြောရင်း မေမေ ဈေးမှ ၀ယ်ယူလာပေးသည့် မုန့်ဟင်းခါး (သို့မဟုတ်) အသုတ်စုံ တစ်ခုခုကို ထမင်းစားပွဲမှာ ထိုင်စားလေ့ရှိသည်။ မေမေနဲ့ပြောဖြစ်လေ့ရှိသော အကြောင်းအရာများမှာ တစ်ခါတစ်ရံတော့လည်း ကုန်ဈေးနှုန်းများအကြောင်း၊ တစ်ခါတစ်ရံတော့လည်း ဈေးထဲမှာ သူမဆုံတွေ့ခဲ့သော မိတ်ဆွေ တစ်ဦးတစ်ယောက်၏ အကြောင်း ဒါမှမဟုတ် ဈေးထဲက ထူးထူးခြားခြား အဖြစ်အပျက် တစ်ခုခု၏ အကြောင်းများပဲ ဖြစ်လေ့ရှိပါသည်။ စားလျက်စ မုန့်ကိုလည်း ဆက်စားရင်း တစ်ဖက်မှလည်း မေမေ ပြောပြသည်တို့ကို နားထောင်ရင်းနဲ့ပဲ ကျွန်မရဲ့ နံနက်စာစားချင်းက ပြီးဆုံးသွားလေ့ရှိပါသည်...။

နံနက်စာ စားသုံးပြီးသွားပြီ ဆိုရင်တော့ ကျွန်မတတ်ထားတဲ့ အတတ်ပညာလေးနဲ့ အဆောက်အဦး ဒီဇိုင်းတွေကို ရေးဆွဲတွက်ချက်သည့် ကျွန်မ၏ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလေးကို ကျွန်မရဲ့ ကမ္ဘာငယ်လေးထဲမှာပဲ ကျွန်မစတင် လုပ်ဆောင်ပါသည်...။ လိုအပ်သည့် အခါများတွင်တော့လည်း အလုပ်ကိစ္စတွေ အတွက် အပြင်သို့ သွားရောက်ရသည့် အခါမျိုးတွေရှိတတ်သည်။ အလုပ်ထဲမှာ အာရုံနစ်မြုပ်သွားပီ ဆိုရင် ဘေးဘီကို လုံးဝ သတိမရတော့ပဲ ထမင်းစားဖို့ကိုတောင် မေ့လျော့နေတတ်တဲ့ ကျွန်မကို မေမေက အမြဲတမ်း ''ဂျင်းရေ...ထမင်း စားတော့လေ...အလုပ်ကို ခဏနားထားလိုက်ဦး...ကျန်းမာရေးထိခိုက်လိမ့်မယ်...'' ဆိုပြီး အခန်းဝကနေ ခဏ ခဏ လာရောက်ကာ သတိပေးရတတ်လေ့ ရှိသည်...။

ဒီလိုနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးကို တကုပ်ကုပ် လုပ်ကိုင်ရင်းနဲ့ပဲ ကျွန်မရဲ့ တစ်နေ့တာကို ဖြတ်သန်း ကုန်ဆုံးသွားရပြီး ရာသီဥတု ကြည်လင်သည့် တစ်ချို့သော ညနေခင်းလေးတွေမှာ ဆိုရင်တော့ ကျွန်မ လမ်းလျှောက်ထွက်တတ်ပါသည်။ များသောအားဖြင့် ကျွန်မသွားလေ့ရှိတာက ကျွန်မတို့ အိမ်ခြံဝင်းလေးနှင့် မနီးမဝေး လူရှင်းတဲ့ ကန်ဘောင်ရိုးလေး တစ်လျှောက်ကိုပါပဲ...။ လူများတဲ့ နေရာမျိုးတွေကိုတော့ အထူးသဖြင့် ကျွန်မ ရှောင်လေ့ရှိပါသည်။ တစ်ခါတစ်လေမှာ ကိုယ်တွေးချင်တာလေးတွေကို တွေးနေပြီး တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ်လေး လမ်းလျှောက်ထွက်ရတဲ့ အရသာက ဘာနဲ့မှ မတူပါဘူး...။ တစ်ချို့သော လမ်းလေးတွေက တစ်ကိုယ်တည်း လျှောက်မှ အဓိပ္ပာယ် ပိုရှိတယ်လို့ ကျွန်မက ထင်မိတတ်ပါတယ်...။

ကန်ဘောင်ပေါ်မှာ လမ်းလျှောက်ရတာ ညောင်းလာပြီ ဆိုရင်တော့ ကန်ဘောင်၏ ဆင်ခြေလျှော တစ်လျှောက်တွင် ပေါက်ရောက်နေကြသည့် မြက်ခင်းများ၏ တစ်နေရာရာပေါ်တွင် ထိုင်ချကာ ကန်ဘောင်နံဘေး ကွင်းပြင်ထဲတွင် ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက် ဆော့ကစားနေကြသော ကလေးတစ်သိုက်တို့အား ငေးမောကြည့်နေတတ်ပါသည်။ တစ်ခါတစ်ရံ လွင့်ပျံ့လာတတ်သည့် သူတို့ရဲ့ တစ်ဦးနဲ့တစ်ဦး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေကြသံများ၊ သူတို့ရဲ့ ရီမောသံများမှတဆင့် သူတို့၏ ပျော်ရွှင်မှုများက ကျွန်မဆီသို့ ကူးစက်လာတတ်ပါသည်။

အကယ်ရွေ့များ ကျွန်မသာ ယောက်ျားလေး တစ်ယောက် ဖြစ်ခဲ့မည် ဆိုရင်တော့ ထိုကွင်းပြင်ကြီးထဲတွင် ပေါက်ရောက်နေသော မြက်ပင်ရိုင်းများကြားမှာ လဲလျောင်းအိပ်စက်ရင်း ကျယ်ပြောလှသည့် အပြာရောင် ကောင်းကင်ကြီးထဲမှာ အဆုံးအစမရှိ လှပစွာ မျောလွင့်နေသည့် အဖြူရောင် တိမ်စိုင်တိမ်လိပ်များကို ငေးမောကြည့်နေချင်မိပါသည်။ မိန်းခလေးဖြစ်နေရသည့် ဘ၀တွင် ပတ်ဝန်းကျင်ဆိုသည့် အရာကြီးကို ခေါင်းထဲမှာထည့်ထားရပြီး အရာရာကို အကန့်အသတ်တွေ၊ ဘောင်တွေနဲ့ ထိန်းချုပ်ထားရသည်မှာ တစ်ခါတစ်ရံတော့လည်း စိတ်ပင်ပန်းစရာ ကောင်းလှပါသည်။

လမ်းလျှောက်မထွက်ချင်သည့် တစ်ချို့သော ညနေခင်းတွေမှာတော့ ပန်းပင်စိုက်တာ သိပ်ဝါသနာပါသော မေမေနဲ့အတူ သူမ၏ ပန်းပင်လေးများကို ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာကျွေး စသည့် လုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးရင်း သားအမိနှစ်ယောက် စကားတွေ တွတ်ထိုးကြပါသည်။ အပေါင်းအသင်း များများစားစား မရှိတတ်သော၊ ရပ်ကွက်ထဲမှာ အိမ်လည်ရတာကို ၀ါသနာမပါသော၊ အိမ်ကို ဧည့်သည်လာပြီ ဆိုရင်လည်း များသောအားဖြင့် အခန်းထဲမှာပဲ အောင်းနေတတ်သော ကျွန်မအတွက် မေမေ့ဆီကနေ ပြောပြသမျှ ရပ်ကွက်ထဲက လူများအကြောင်း၊ အသိမိတ်ဆွေ တစ်ချို့တို့၏ အကြောင်းများ၊ ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်ရင်း၊ ကျွန်မ သိချင်သည့် အကြောင်းအရာများ၊ နားမလည်သည်များကိုလည်း ကျွန်မက ပြန်လည် မေးခွန်းတွေ ထုတ်ရင်း သားအမိနှစ်ယောက်ရဲ့ ညနေခင်းတွေက ပေါ့ပါးသာယာစွာ ရှိလှပါသည်။

ရေဒီယို နားထောင်ရတာ နှစ်သက်သည့် မေမေက တစ်ခါတစ်ရံ လက်တ၀ါးစာမျှလောက်သာ ရှိသော ရေဒီယိုလေးကို သူမရဲ့ပန်းပင်တွေကြားကို ယူလာတတ်ပြီး မြက်ခင်းပြင် တစ်နေရာလေးပေါ်တွင် ဖြစ်စေ၊ ပန်းပင်လေးတွေအား ၀န်းရံထားသည့် ခြံစည်းရိုးငုတ်လေး တစ်ခုခုပေါ်တွင် ချိတ်ရွေ့ဖြစ်စေ နားထောင်လေ့ ရှိပါသည်။ မေမေနဲ့ အတူတူနေတာကြာတော့ ကျွန်မတောင် ရေဒီယိုကလာတဲ့ သီချင်းတွေကို နှစ်သက်တတ်နေပြီလေ...။ တစ်ခါတစ်ရံမှာ အပြင်မှာ ကြားရခဲလှသော ရေဒီယိုက လွှင့်ပေးတဲ့ ပြည်လှဖေတို့၊ မေရှင်တို့ရဲ့ သီချင်းတွေကို နားထောင်ရတာဟာဖြင့် အရသာတစ်မျိုး ရှိလှပါပေသည်။

ညစာစားပြီးပြီကြပြီဆိုရင်တော့ မေမေတို့အတွက်က တီဗွီကနေ ညစဉ် ထုတ်လွှင့်ပေးနေသော တရုတ်၊ ကိုးရီးယား အစရှိသည့် ဇာတ်လမ်းတွဲများကို ကြည့်ကြရန် အချိန်အခါဖြစ်ပါတော့သည်။ ရုပ်ရှင်ဇာတ်လမ်းကြည့်ဖို့ဆိုလျှင် ဇာတ်လမ်းရွေးလွန်းသော၊ မင်းသား၊ မင်းသမီးရွေးလွန်းသော ကျွန်မကတော့ များသောအားဖြင့် ကျွန်မလိုပဲ တီဗွီသိပ်မကြည့်တတ်သည့် ဖေဖေနဲ့ သားအဖနှစ်ယောက် စကားတွေထိုင်ပြောချင်ပြောကြပါသည်။ အလုပ်အကိုင်အကြောင်းလေးတွေ ဆွေးနွေးတတ်ကြပါသည်။ လူအများရဲ့ ရှေ့မှာဘယ်လိုပဲ လူကြီးတစ်ယောက်လို ဟန်ဆောင်ကာနေရပေမယ့် ဖေဖေနဲ့ဆိုရင်တော့ ဒီနေ့ဒီအချိန်အထိ ကျွန်မဟာ ဖေဖေ့ရင်ခွင်ကို ခေါင်းတိုးဝင်တတ်တုန်းပါပဲ။ ဖေဖေနဲ့စကားတွေ မပြောဖြစ်ဘူးဆိုရင်တော့ ကျွန်မ၀ါသနာပါသည့် စာရေး စာဖတ်ခြင်း၊ သီချင်းနားထောင်ချင်းတို့ကိုသာ ကျွန်မလုပ်လေ့ရှိပါသည်။ အဲဒီ အချိန်လေးကတော့ ကျွန်မ လုပ်ချင်တာလေးတွေ၊ ကျွန်မ ၀ါသနာပါတာလေးတွေကို လုပ်ဖို့ ကျွန်မရဲ့ ကိုယ်ပိုင် သီးသန့်် အချိန်လေး၊ တစ်နေ့တာအတွက် ကျွန်မရဲ့ အပျော်ဆုံးအချိန်လေး ဆိုရင်လည်း မမှားပါဘူး...။ တစ်ခါတစ်ရံတော့လည်း ဘုရားခန်းထဲတွင် ဘုရားရှိခိုးနေသည့် မေမေ့နံဘေးလေးတွင် ကျွန်မ အသာလေး သွားပြီး အိပ်နေတတ်ပါသည်။ တိတ်ဆိတ်နေသည့် ညယံမှာ တိုးတိုးလေး ပျံ့လွင့်နေသော မေမေ့နှုတ်မှ ဘုရားရှိခိုးသံတို့ကို တိတ်တိတ်ဆိတ်ဆိတ်လေး ငြိမ်ပြီး နားထောင်နေရသည်မှာ နှလုံးအိမ်ထဲအထိကို ပျံ့နှံ့စိမ့်ဝင်သွားသည်အထိ ကြည်နူးစရာ ကောင်းလွန်းလှပါသည်။

စာရေးဖို့ခေါင်းထဲက မထွက်သည့်အခါမျိုးတွေ၊ စိတ်တွေ ညစ်ညူး နောက်ကျိလာသည့် အခါမျိုးတွေမှာတော့ ပြတင်းပေါက်လေးရှိရာသို့ ထရပ်ကာ အဝေးဆီမှ မှုန်ပြပြ မာကျူရီမီးများ ရှိရာသို့ ဖြစ်စေ ဒါမှမဟုတ် ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ ကောင်းကင်ပြင်ကြီးဆီသို့ ဖြစ်စေ...ငေးစိုက်ကြည့်ရင်း အတွေးတို့၏ ခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားနေမိတတ်သည်။ တစ်ခါတစ်ရံတော့လည်း...... အတွေးတွေထဲကို တစ်စုံတစ်ယောက်သောသူရဲ့ အကြောင်းက မဖိတ်ခေါ်ပဲ အလိုလို ရောက်ရှိလို့လာတတ်ပါသည်။

ကျွန်မရဲ့ ပါးပြင်ပေါ်က သနပ်ခါး အမှုန်လေးတွေကို ဖြတ်တိုက်သွားတဲ့ လေညှင်းတစ်ချက် (သို့မဟုတ်) ကျွန်မရဲ့ ဆံစတွေကို တိုးဝှေ့သွားတဲ့ လေညှင်း တစ်ချက်ဟာ တစ်စုံတစ်ယောက်သောသူ ရှူရှိုက်သွင်းလိုက်တဲ့ ပင့်သက်တစ်ချက်ထဲမှာ ရာခိုင်နှုန်း မည်မျှနည်းပါးသည် ဖြစ်ပါစေ အငွေ့အသက်လောက်လေး ဖြစ်ဖြစ် ပါများပါသွားနိုင်မလား ဆိုတဲ့ ရူးကြောင်ကြောင်အတွေးတွေကိုလည်း ကျွန်မက တစ်ခါတစ်ရံ တွေးမိတတ်ပါသေးသည်။ ဒီလိုမှ မဟုတ်ရင်လည်း ပြတင်းပေါက်ကို ဖြတ်တိုက်လာတဲ့ လေပြေလေညှင်းလေးတွေထဲမှာ (ဘယ်လောက် အတိုင်းအတာ ရှိမယ်မှန်း မခန့်မှန်း မသိရှိနိုင်တဲ့ သူနဲ့ကျွန်မရဲ့ကြားက ဝေးကွာခြင်းကို မေ့လျော့ကာ) တစ်စုံတစ်ယောက်သောသူ တီးခတ်ကောင်း တီးခတ်နေမည့် ဂစ်တာသံစဉ် အပိုင်းအစလေးတွေပဲ ဖြစ်ဖြစ်၊ သူဆိုညည်းတတ်လေ့ရှိသော သီချင်းသံ တိုးတိုးလေးရဲ့ အပိုင်းအစလေးတွေပဲ ဖြစ်ဖြစ် ပါများပါလာလေမလားရယ်လို့ နားစွင့်ကြည့်မိတာမျိုး၊ လေညှင်းတွေကို ယောင်ယမ်း ဖမ်းဆုပ်ကြည့်မိတာမျိုးပေါ့...။ ကျွန်မရဲ့ အတွေးတွေထဲမှာ အမြဲရှိနေတတ်တဲ့ အကြောင်းအရာ တစ်ခုကတော့ ....တစ်စုံတစ်ယောက်သောသူကို

ပြောချင်တဲ့စကားတွေ ရှိခဲ့တယ်.....
ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ဘူး။
မပြောဖြစ်ခဲ့တဲ့ စကားတွေရှိခဲ့တယ်.....
ဘယ်တော့မှလည်းပြောဖြစ်မှာ မဟုတ်လောက်တော့ဘူး။

ဆိုတာပါပဲ။

စာရေးဖို့ အတွေးလေးတွေ ထွက်လာပြီ ဆိုရင်တော့ ကျွန်မ စာတွေ ထိုင်ရေးဖြစ်ပါသည်။ တစ်ခါတစ်ရံတော့လည်း တစ်စုံတစ်ယောက်သောသူ အတွက် ကဗျာတွေ ချရေးဖြစ်သွားတတ်ပါသည်။ စာတွေဆက်တိုက် ရေးရင်း ဖတ်ရင်း ကျွန်မရဲ့ ညအိပ်ရာဝင်ချိန် တော်တော်များများက နံနက် ၂နာရီ ၃နာရီ ပတ်ဝန်းကျင်မှာသာ အမြဲရှိနေတတ်သည်။ လူတွေနဲ့ စကားပြောရတာ၊ လူထူတဲ့ နေရာတွေမှာ သွားလာနေထိုင်ရတာမျိုးထက် တစ်ကိုယ်တည်း တွေးချင်ရာတွေး၊ ရေးချင်ရာရေးနေရတာမျိုးကို ပိုနှစ်သက်တတ်တဲ့ ကျွန်မက ညလူခြေတိတ်ချိန်တွေမှာ တိတ်တိတ်ဆိတ်ဆိတ်လေး တစ်ကိုယ်တည်း နေထိုင်နေရတာမျိုးကို ပိုမိုနှစ်သက်တတ်ပါသည်။ ပုံမှန်အားဖြင့် အမြဲတမ်းလိုလို စာဖတ်ရင်း တန်းလန်းဖြစ်စေ...... သီချင်းနားထောင်ရင်း တန်းလန်းဖြစ်စေ အိပ်ပျော်သွားတတ်သော ကျွန်မကို ဖေဖေနဲ့မေမေက အမြဲ စိတ်မချစွာ လာလာကြည့်ရှုတတ်ပြီး အိပ်ရာပေါ်မှာ နေသားတကျဖြစ်အောင် လုပ်ပေးတတ်ခြင်း၊ စောင်ခြုံပေးတတ်ခြင်း စသည်တို့ကို တစ်ခါတစ်ရံမှာတော့ ကျွန်မ တကယ်ပဲ မသိလိုက်စွာ၊ တစ်ခါတစ်ရံမှာတော့လည်း သိပင်သိလျက်နဲ့ပင် တမင်အိပ်ချင်ယောင်ဆောင်ကာ ငြိမ်နေတတ်ပါသည်။ ဒီအသက်အရွယ်ရောက်သည်အထိ မိဘကို ကြောင့်ကြများစေတတ်သော ကျွန်မအား မလိမ္မာမိုက်မဲလှသည်လို့ စကားတင်း ဆိုမည့်သူတွေလည်း ဆိုကြပါစေတော့.....။ လူအများတို့၏ ရှေ့မှောက်မှာ လူမှုကျင့်ဝတ် ၀တ္တရားတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ ဖုံးလွှမ်းကာ လျှောက်လှမ်းနေရတဲ့ ဘ၀ခရီးမှာ ဖေဖေ၊မေမေတို့ရဲ့ ရင်ခွင်မှာတော့ ကျွန်မ ကလေးတစ်ယောက်လို နေဖို့ အခွင့်ရှိတုန်းလေး ကျွန်မ နေချင်ပါသေးသည်။......။

ကျွန်မဟာ ကမ္ဘာမြေပေါ်မှာ ခြေချခွင့်ရတဲ့ တစ်ခိုက်မှာ လူပေါင်းမြောက်မြားစွာကို အကျိုးပြုနိုင်သော လူသား တစ်ယောက် မဖြစ်ရရင်လည်း နေပါစေ လူပေါင်းမြောက်မြားစွာကို ဆင်းရဲဒုက္ခရောက်အောင်၊ ကြီးနိုင်ငယ်ညှဉ်းနဲ့ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်မှုတွေပြုလုပ်ကာ အနိုင်ကျင့်တတ်သော၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်နဲ့ သူများတကာတွေ ဘယ်လိုပဲ ဆင်းရဲဒုက္ခရောက်နေပါစေ ကိုယ့်တစ်ဖို့တည်း ကြီးပွားချမ်းသာဖို့ကိုသာပဲ ကြည့်တတ်တဲ့ လူစားမျိုးတွေထဲမှာ မပါဝင်မိခဲ့လေခြင်း အတွက်တော့ ကိုယ့်ကိုကိုယ် ကျေနပ်မိပါသည်။ ဒီလိုနဲ့ပဲ......... ကျွန်မဟာ ကျွန်မရဲ့ နေ့စဉ်ဘ၀လေးတွေကို ကျွန်မချစ်တဲ့ ဖေဖေ၊ မေမေ၊ ကျွန်မရဲ့ မောင်နှမတွေနဲ့ အတူတူ အေးချမ်းစွာ၊ ရိုးစင်းစွာ၊ ပူပင်ကြောင့်ကြမှုတွေ ကင်းစွာ၊ လိပ်ပြာသန့်စွာနဲ့ ကုန်ဆုံးရင်း ဖြတ်သန်းသွားနေမိပါတော့သည်.....။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်လေးက ကျွန်မလေးစားချစ်ခင်ရတဲ့ ကျွန်မရဲ့အစ်မကြီး မချောက တက်ဂ်လိုက်တဲ့ “အတွေးတစ်ချို့” ဆိုတဲ့ တက်ဂ်ပိုစ့်လေးဖြစ်ပါတယ်။ လူဆိုတာ မိုးလင်းကနေ မိုးချုပ် အသက်ရှင်နေသမျှကာလ ပတ်လုံး အတွေးတွေနဲ့သာ နေနေရတာမို့ အတွေးအကြောင်းကို ရေးရမယ်ဆိုရင်ဖြင့် ကုန်နိုင်ဖွယ်ရာ ရှိမည် မထင်ပါ...။ အတွေးတွေမှာလည်း အမျိုးမျိုးရှိကြမှာပါပဲ....။ တစ်ခါတစ်ရံတော့လည်း ကောင်းတာတွေ၊ တစ်ခါတစ်ရံတော့လည်းဆိုးတာတွေ၊ တစ်ခါတစ်ရံတော့လည်း ဘ၀အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေ၊ တစ်ခါတစ်ရံမှာတော့ အရေးမပါတာတွေ စသည်ဖြင့် အမျိုးမျိုးပဲ ရှိကြတာပါပဲ။ ကျွန်မမှာလည်း အတွေးပေါင်း မြောက်မြားစွာ ရှိတဲ့အထဲက အခုရေးထားတဲ့ အကြောင်းအရာလေးက ကျွန်မ အနေနဲ့ ယခုလက်ရှိ ပစက္ခဘ၀ကနေ လွတ်မြောက်ခွင့်ရပြီး ဘ၀ကို ကိုယ်လိုသလိုသာ တည်ဆောက်ခွင့်ရခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးတို့နဲ့ စိတ်ကူးသက်သက်တို့ဖြင့်သာ မကြာခဏ ဖွဲ့တည်မိသော စိတ်ကူးယဉ် အိမ်ကလေးနဲ့ဘ၀ အကြောင်းကို ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ ကြီးပွားရာ ကြီးပွားကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း မဟုတ်တဲ့ ခပ်ညံ့ညံ့ အတွေးများလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်...။

မချောရေ...ဒီလောက်နဲ့ပဲကျေနပ်ပေးပါလို့...ညီမလေးကို သတိတရ တက်ဂ်ပေးလို့လည်း မမကို ကျေးဇူးအရမ်းတင်တယ်နော်...။ ကြာသွားတဲ့ အတွက်လည်း တောင်းပန်ပါတယ်...။

ဒီပိုစ့်ကိုတော့ ဘယ်သူ့ကိုမှ ဆက်မတက်ဂ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ “အသိတရား” ဆိုတဲ့ ပထမ တက်ဂ်ပိုစ့်တုန်းက အဲဒီပိုစ့်ကိုရေးဖို့ စဉ်းစားရတာ ခေါင်းက ဆံပင်မွှေးတွေ အကုန်လုံး ကျွတ်ခမန်းလိလိ ဖြစ်သွားတယ်လို့ဆိုတဲ့ သူရှိသလို ကြောက်ကြောက်လန့်လန့်နဲ့ ရေးပေးရတဲ့သူလည်း ရှိနေတဲ့ အတွက် ခုနစ်ရက်သားသမီးကို ဒုက္ခပေးရာကျမှာစိုးလို့ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မတက်ဂ်တော့ပါဘူးလို့...။ :)))

Monday, March 15, 2010

အသိတရားဆိုတာ...???

လောကကြီးမှာ လူတွေဟာ “အသိတရား” ဆိုတဲ့ အရာကို ဘာတွေနဲ့ တိုင်းတာကြသလဲ ဆိုတာကို ကျွန်မ အနေနဲ့ အသေအချာတော့ မသိပါဘူး...။ လူတစ်ယောက် အသိတရား ရှိတယ်၊ မရှိဘူး ဆိုတာကရော...??? ဘယ်လို အရာမျိုးတွေ အပေါ်မှာများ မူတည်နေတာပါလိမ့်...။ အသက်အရွယ် ငယ်တာကြီးတာနဲ့လည်း သိပ်တော့ ဆိုင်မယ် မထင်မိပါဘူး...။ တစ်ချို့က အသက်အရွယ်တွေသာ ကြီးရင့်လာပေမယ့် အသိစိတ်ဓါတ်ကတော့ အသက်နဲ့လိုက်ပြီး ကြီးရင့်မလာကြသလို တစ်ချို့ကျတော့လည်း အသက်အရွယ်လေးနဲ့ မလိုက်အောင်ကိုပဲ အသိဥာဏ်တွေ ပြည့်ဝကြတာကို လေးစားအတုယူစရာ တွေ့မိပါရဲ့...။ ကျွန်မအထင်တော့ မိမိ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ မိသားစုပတ်ဝန်းကျင်၊ မိမိရဲ့ ပင်ကိုဗီဇ အကျင့်စရိုက်၊ ကိုယ်ပိုင် ခံယူချက် သဘောထားတွေ၊ ဥာဏ်ပညာ ဗဟုသုတ ဖြည့်ဆည်းမှု၊ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့ လူတစ်ဦး တစ်ယောက်ချင်းစီမှာ ရှိတဲ့ အသိတရားတွေကလည်း တူနိုင်မှာတော့ မဟုတ်ကြပါဘူး...။

ဒါပေမယ့်လည်း လူတိုင်း လူတိုင်းမှာတော့ ယေဘူယျ သဘောဆန်တဲ့ အခြေခံ အသိတရားလေးတွေ ကိုယ်စီတော့ ရှိသင့်ကြမယ်လို့ ထင်ပါတယ်...။ ဒီလိုသာ ဆိုရပေမယ့်လို့ တစ်ခါတစ်ခါမှာ အခြေခံ အသိတရားလောက်တောင်မှ မရှိကြတဲ့ လူတစ်ချို့ကို တွေ့ကြုံရတဲ့ အခါတွေကျတော့ လောကကြီးမှာ ကိုယ်ပဲ ဘ၀နေထိုင်မှု အသိတရားတွေ များ မှားယွင်းနေသလား၊ “ငါများ စည်းအပြင်ဘက်ကို ရောက်နေပြီလား...” လို့ တွေးမိတဲ့ အထိပါပဲ။ တွေ့ခဲ့ ကြုံခဲ့ဘူးတဲ့ လူအမျိုးမျိုး၊ အဖြစ်အပျက် အထွေထွေ(အရေးကြီးကိစ္စများရော၊ အသေးအဖွဲကိစ္စများရော) များထဲကမှ သိပ်မကြာသေးခင်ကမှ ကြုံတွေ့ခဲ့ရတဲ့ အခုထိလဲ ခေါင်းထဲမှာ ရှိနေသေးတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဥပမာထားပြီး (ပိုစ့်ရှည်မှာကို အားနာသော်လည်း) ကျွန်မ ပြောပြချင်ပါတယ်...။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲမှာပေါ့...။ ကျွန်မတို့ရုံးမှာ နှစ်ပတ်လည် ကုမ္ပဏီဒင်နာ ပြုလုပ်ခဲ့ပါတယ်။ ရုံးကလည်း အဲဒီ ဒင်နာ လုပ်ဖို့ကို သတင်းထွက်နေတာကတော့ ကြာပါပြီ...၂၀၀၉ ခုနှစ်မကုန်ခင် ကတည်းကပါ။ ဒါပေမယ့်လည်း ကုမ္ပဏီရဲ့ ဘတ်ဂျက် အခြေအနေနဲ့ ရက်ကို ရွှေ့ရွှေ့လာလိုက်တာ ဒီနှစ် ဖေဖော်ဝါရီလထဲကျမှပဲ အတည်ပြုဖြစ်ပါတော့တယ်။ ဒါနဲ့ အားလုံးကို တရားဝင် ကြေငြာတဲ့အခါမှာ အချိန်က တစ်ပတ်ပဲ လိုပါတော့တယ်။ ထုံးစံအတိုင်း ကုမ္ပဏီရဲ့ နှစ်ပတ်လည် ညစာစားပွဲဆိုတော့ အားလုံး (အထူးသဖြင့် မိန်းကလေးတွေကို ပြောတာပါ...) အဓိက အရေးပေးပြီး စဉ်းစားကြတာက အ၀တ်အစားလေ...။

ကျွန်မ ဆိုတဲ့ သူကလည်း ဘာပွဲပဲ သွားဖို့ ရှိရှိ များသောအားဖြင့် အ၀တ်အစားကို ကြိုတင်ဝယ်ထားလေ့ မရှိပါဘူး။ အနားနီးမှပဲ ဖုတ်ပူမီးတိုက် အမြဲစီစဉ်လေ့ ရှိပါတယ်...။ (အဲဒါကလည်း ကျွန်မရဲ့ မကောင်းတဲ့ အကျင့်ဆိုး တစ်ခုပါပဲ)။ ပထမတော့ ကျွန်မက ခါတိုင်းလိုပဲ သွားခါနီးမှ ဂါဝန်လေး တစ်ထည် ရှာဝယ်ပြီး ၀တ်လိုက်မယ် ဆိုပြီး အေးအေးဆေးဆေးပဲ နေနေရင်းက ဒင်နာမှာ အ၀တ်အစားဝတ်ဖို့ကို စကားတွေ စပ်မိကြတော့ အားလုံး တစ်ညီတစ်ညွှတ်တည်းနဲ့ ကျွန်မကို တောင်းဆိုကြတာက မြန်မာ ၀တ်စုံလေး ၀တ်လာခဲ့ဖို့...။ ကုမ္ပဏီမှာကလည်း မြန်မာယောကျာ်းလေး အင်ဂျင်နီယာတွေ အများကြီးရှိပေမယ့် မြန်မာမိန်းကလေးက ကျွန်မ တစ်ယောက်တည်းပဲ ရှိတာလေ...။

အဲဒါနဲ့ သူတို့က ကျွန်မကို မြန်မာဝတ်စုံလေးကို မဖြစ်မနေ ၀တ်ခဲ့ပါ ဆိုပြီး ၀ိုင်းပြောကြပါတယ်။ ကျွန်မကလည်း ရုတ်တရက် စိတ်ထဲမှာ တကယ်ပဲ ၀တ်ချင်စိတ်ပေါက်သွားမိတာက တစ်ကြောင်း၊ ပြီးတော့ ကုမ္ပဏီ တစ်ခုလုံးရဲ့ အလယ်မှာ မြန်မာဝတ်စုံဆိုတာ ဘယ်လိုဆိုတာလေးကို ကြွားချင်တာက တစ်ကြောင်းနဲ့ သူတို့ရဲ့ ဆန္ဒကို လိုက်လျောမယ်လို့ ဆုံးဖြတ်လိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ သူတို့တွေ အားလုံးကလည်း သဘောကျသွားကြပြီး ရုံးမှာ ရှိသမျှ လူကုန်ကို “အင်ကြင်းက ဒင်နာကို မြန်မာဝတ်စုံလေးနဲ့ လာမှာ” ဆိုပြီး လိုက်ပြောကြပါတယ်။ သူဌေးတွေကလည်း မြန်မာဝတ်စုံက ဘယ်လိုပုံစံမျိုးလေးလဲ စသည်ဖြင့် စိတ်ဝင်တစားနဲ့ လာမေးကြပါတယ်။ (ကျွန်မအလုပ်လုပ်နေတဲ့ ကုမ္ပဏီက ကိုးရီးယား ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး သူဌေးတွေကလည်း မြန်မာကို ဆိုရင် အရမ်း သဘောကျကြသလို မြန်မာတွေ အကြောင်းကိုလည်း စိတ်ဝင်စားကြပါတယ်။)

အဲဒါနဲ့ ကျွန်မလည်း “အင်း...သတင်းကတော့ ကြီးနေပြီ...မဖြစ်ချေတော့ဘူး... ငါ့မှာလည်း ပွဲတက်လောက်စရာ မြန်မာဝတ်စုံ ကောင်းကောင်းမွန်မွန်ကလည်း ရှိတာမဟုတ်တော့ (အဲဒီအကြောင်းကို မမချစ်ကြည်အေးရဲ့ လုံချည် တက်ဂ်ပိုစ့်မှာလည်း ကြွားထားပြီးပါပြီ...) ဒီမှာပဲ အ၀တ်စ လိုက်ရှာဝယ်ပြီး အမြန်ချုပ်မှ ဖြစ်တော့မယ်...” ဆိုပြီးတော့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ အားထားရာ ပင်နီဆူလာ ပလာဇာကြီးကို သွားပြီး အ၀တ်စ အရင် ရှာရပါတယ်...။ ကိုယ်သဘောကျတဲ့ အဆင်ကိုရဖို့ရှာရဖွေရတာလည်း တကယ်တော့ မလွယ်လှပါဘူး။ ဒီလိုနဲ့ တော်တော်ကြာကြာ ရွေးချယ်ပြီးခါမှ စိတ်ကြိုက်အစလေးလဲ ရရော (အဆမတန် ဈေးကြီးမှန်း သိပေမယ့်လည်း) ချက်ချင်းပဲ ၀ယ်ခဲ့လိုက်ပြီး အဲဒီဆိုင်ကိုပဲ စက်ချုပ်ဆိုင်ကောင်းကောင်း ဘယ်နေရာမှာရှိလဲလို့ စုံစမ်းကြည့်တော့ကာ သူက ဆိုင်တစ်ဆိုင်ကို ညွှန်းပါတယ်...။ ညွှန်းတာမှ တော်တော့်ကို ညွှန်းတာပါ...။

ကျွန်မလည်း ၀မ်းသာအားရနဲ့ သူတို့ညွှန်းတဲ့ အဲဒီဆိုင်ကိုပဲ တန်းတန်းမတ်မတ် သွားလိုက်ပြီး ကျွန်မ အင်္ကျီအပ်ချင်တဲ့ အကြောင်း၊ ကုမ္ပဏီဒင်နာမှာ ၀တ်မှာမို့လို့ အရေးကြီးတဲ့ အပြင် အမြန်လိုချင်တာလဲ ဖြစ်လို့ အဆင်ပြေနိုင်ပါ့မလား ဆိုတဲ့အကြောင်းတွေ မေးပါတယ်။ ဆိုင်မှာ လက်ခံစကားပြောတဲ့သူက အသက်အရွယ်အားဖြင့် ကျွန်မမေမေထက်တောင် ကြီးဦးမယ်လို့ ထင်ရတဲ့ အမျိုးသမီးကြီး တစ်ယောက် ဖြစ်ပါတယ်။ သူကလည်း အမြန်ဆိုတာ ဘယ်လောက် မြန်မြန်လဲတဲ့...။ ကျွန်မ သူ့ဆီကို သွားတာက တနင်္လာနေ့ပါ...။ ဒင်နာက စနေနေ့ညနေ ဆိုတော့ကာ ကျွန်မကလည်း သောကြာနေ့ည ရရင် ဖြစ်တယ်အန်တီ ဆိုတော့ သူက စဉ်းစားပြီး အင်း...ရတယ်တဲ့ ဆိုပြီးတော့ အတိုင်းတွေ အထွာတွေယူ၊ အင်္ကျီဒီဇိုင်းတွေ ဘာတွေ ကျွန်မကို သေချာမေးပြီး ဆွဲယူထားကာ၊ တစ်ခုခုဆိုရင် ဆက်သွယ်လို့ရအောင်ဆိုပြီး ကျွန်မရဲ့ နာမည်နဲ့အတူ ဖုံးနံပါတ်ကိုပါ မှတ်ထားလိုက်ပါတယ်။

ဈေးနှုန်းကို မေးကြည့်လိုက်တော့ အမြန်မို့လို့ အမြန်ဈေးနှုန်းပေးရမယ်တဲ့...။ အ၀တ်စဖိုးထက်တောင် ချုပ်ခက ပိုဈေးကြီးနေပါတယ်။ ဒါပေမယ့် ကျွန်မကလည်း လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် မပြင်ချင်တော့တာကြောင့် အပ်ထားခဲ့လိုက်ပါတယ်။ ငွေကို ချက်ချင်းချေခဲ့ရမလား ဆိုတော့ ရတယ် လာယူတဲ့နေ့မှပေးတဲ့...။ သောကြာနေ့ ဘယ်အချိန် လာယူရမလဲ ဆိုတော့ သူက ဒီနေ့လိုပဲ ရုံးဆင်းတဲ့အချိန် လာခဲ့ပါ ရတယ်တဲ့။ ကျွန်မလည်း အားလုံးပြီးပြီဆိုတာနဲ့ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ ပြန်လာခဲ့လိုက်ပါတော့တယ်...။

ကြားထဲက သုံးရက်မှာတော့ “ငါ သောကြာနေ့ ရုံးကပြန်ရင် အင်္ကျီ အရင် ၀င်ယူမယ်၊ ပြီးမှ အင်္ကျီလေးနဲ့လိုက်ဖက်မယ့် လိုအပ်တဲ့ Accessories လေးတွေကို အပြန်မှာ ၀င်ဝယ်မယ်” ဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ပျော်နေတာပါ့လေ...။ စိတ်ကူးထဲမှာလည်း ချုပ်ထားတဲ့ အင်္ကျီလေးကို စိတ်ကူးနဲ့ဝတ်ကြည့်ပြီး ဒင်နာကို သွားကြည့်နေရတာလည်း အကြိမ်ကြိမ်ပါပဲ...။ Accessories လေးတွေကိုလည်း အဲဒီ ၀မ်းဆက် အရောင်လေးနဲ့ လိုက်ဖက်မယ် ထင်တာလေးတွေကို ကြိုတင် စဉ်းစားထားမိပါရဲ့...။ သောကြာနေ့ ရောက်ရင် ချက်ချင်း ၀ယ်လို့ အဆင်ပြေအောင် ဆိုပြီးတော့လေ...။

အဲဒီလိုနဲ့ သောကြာနေ့ကို ရောက်ရော ပြောပါတော့...။ ရုံးက ဆင်းဆင်းချင်း သူငယ်ချင်းနဲ့ ချိန်းပြီး ပင်နီဆူလာကိုပဲ တန်းတန်းမတ်မတ် သွားလိုက်ပါတယ်။ ဗိုက်တွေ အရမ်းကို ဆာနေပေမယ့်လည်း အစားကို အရင် မစားနိုင်သေးပါဘူး။ “ငါတော့... အင်္ကျီလေးကို ဆိုင်မှာပဲ ချက်ချင်း ၀တ်ကြည့်ရမယ်၊ အဆင်မပြေရင် ချက်ချင်းပြင်ခိုင်းရမယ်...” စသည်ဖြင့် အတွေးတွေနဲ့ တက်ကြွပျော်ရွှင်စွာ ထိုဆိုင်ကို အပြေးကလေး သွားမိပါတယ်။

ဆိုင်ကို ရောက်သွားတဲ့ အခါကျတော့ အရင်တစ်ခါ တွေ့ခဲ့တဲ့ အမျိုးသမီးကြီးကို မတွေ့ရပါဘူး။ တွေ့ရတာက နောက်ထပ် အမျိုးသမီး တစ်ယောက်ပါ။ သူကလည်း ကျွန်မတို့ကို ဘာလဲ ဆိုတဲ့ ပုံစံနဲ့ ကြောင်းအမ်းအမ်းနဲ့ ကြည့်နေပါတယ်...။ ကျွန်မတို့ကလည်း ငါတို့ ဆိုင်များ မှားလာလေသလားပေါ့...။ ကျွန်မ သူငယ်ချင်းကလည်း မဟုတ်ပါဘူး မှန်ပါတယ် ဆိုင်နာမည်က အသေအချာကြီးကိုတဲ့ ....။

အဲဒါနဲ့ ကျွန်မလည်း သူမကို “ကျွန်မတို့က တနင်္လာနေ့က ဒီဆိုင်က အန်တီ တစ်ယောက်ဆီမှာ အင်္ကျီ လာအပ်သွားတာပါ...၊ သူက ဒီနေ့ ရမယ်လို့ ရက်ချိန်းပေးထားလို့ လာယူတာပါ...” လို့ အကျိုးအကြောင်း ပြောပြလိုက်တော့ သူကလည်း “ဘယ်သူ့ဆီမှာအပ်တာတုန်း...၊ နာမည်က ဘာတုန်း...” စသည်ဖြင့် ခေါင်းတစ်ကုတ်ကုတ်နဲ့ စစ်ဆေးမေးမြန်းနေတော့... ကျွန်မလည်း အနည်းငယ်တော့ စိတ်တိုစပြုလာပါတယ်...။ “အန်တီ့အရွယ်ပဲ နောက်ထပ် အန်တီတစ်ယောက်... သူ့ဆီမှာ အပ်ခဲ့တာ...စာအုပ်ကို ပြန်ရှာကြည့်လိုက်ပါ ကျွန်မ နာမည် တွေ့လိမ့်မယ်...” ဆိုတော့ သူက စာအုပ်ထဲ ရှာလိုက်၊ အဲဒီနေ့ လာရွေးမယ့် အင်္ကျီတွေ ချိတ်ထားတဲ့ အထုပ်တွေကြားကို လှန်လှောကြည့်လိုက်နဲ့ သူကလည်း မျက်စိမျက်နှာ ပျက်ပြီး ခေါင်းတစ်ကုပ်ကုပ်နဲ့ ဖြစ်နေပါတယ်...။ ဟိုနေ့က အမျိုးသမီးကြီးဆီကို သူမ ဖုံးခေါ်တော့လည်း ဟိုဘက်က ဖုံးမကိုင်ပါဘူး။ ကျွန်မလည်း တစ်ခုခုတော့ မှားယွင်းနေပြီ ဆိုတာကို ရိပ်မိလိုက်ပါတယ်။

အဲဒီလို ရှာရင်း ဖွေရင်းနဲ့ နောက်ဆုံး ထွက်လာတာက ကျွန်မရဲ့ အ၀တ်စလေးကို ထည့်ပေးထားခဲ့တဲ့ အထုပ်ကလေး...။ ကျွန်မကလည်း ၀မ်းသာအားရနဲ့ “ဟုတ်တယ်...ဟုတ်တယ်...အဲဒီ အထုတ်ပဲ...” ဆိုပြီး အလျင်အမြန်နဲ့ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ကျွန်မရဲ့ အ၀တ်စလေးက ကျွန်မပေးထားခဲ့တဲ့ အတိုင်းလေး...ဘာမှတောင် အရာမယွင်းသေးဘူး...။ အဲဒီ အချိန်မှာ ကျွန်မရဲ့ စိတ်ခံစားမှု ဘယ်လိုဖြစ်သွားမယ် ဆိုတာကို ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်နော်..။ ကျွန်မလည်း ကျွန်မရှေ့က အမျိုးသမီးကို “ဟယ်...ဒါက ဘယ်လိုဖြစ်ရတာလဲ အန်တီ...” ဆိုတော့ သူကလည်း သူမသိဘူးတဲ့...။ ဟိုတစ်ယောက်မှ သိမှာတဲ့...သူ့ကိုလည်း အဲဒါနဲ့ ပတ်သက်လို့ ဘာမှပြောမသွားဘူးတဲ့...။ ကျွန်မ တော်တော်လေးကို ဒေါသထွက်သွားမိပါတယ်...။ သူမကို ကြည့်လိုက်တော့လည်း သူမရဲ့ပုံစံက သူနဲ့လုံးဝ မသက်ဆိုင်သလို ပုံစံမျိုးနဲ့ အေးအေးဆေးဆေးပါပဲ...။ သူက မေးပါသေးတယ်... ဘယ်လိုလုပ်ချင်လဲ... အခုလည်း ဆိုင်က ပိတ်တော့မှာတဲ့... ကျွန်မရဲ့ ဒင်နာက မနက်ဖြန် ညနေဆိုတော့... တစ်မနက်နဲ့လည်း အင်္ကျီက ချုပ်လို့ မပြီးနိုင်ဘူးတဲ့... ကျွန်မ သဘောပဲ ထားချင်လည်း ထားခဲ့ ယူချင်လည်း ပြန်ယူသွားတဲ့...။

ကျွန်မမှာ ဒေါသတွေ ထွက်လွန်းလို့ ပြောချင်တဲ့ စကားလုံးတွေက နှုတ်ခမ်းဝမှာ တရွရွနဲ့ ထိုးတက်လာနေပါတယ်...။ ဒါပေမယ့်လည်း “အော်... ငါ ဒီလိုတွေ ပြောလိုက်လို့ မဖြစ်သေးပါဘူး... ငါ့အနေနဲ့ ရိုင်းစိုင်းရာ ကျမယ်...ငရဲလည်း ကြီးမယ်... တကယ်ဆို သူတို့ နှစ်ယောက်စလုံးက မေမေ့ရဲ့ အသက်အရွယ်လောက်တွေ ရှိတာပဲ...” ဆိုတဲ့ အသိစိတ်တွေနဲ့ ဒေါသကို မနည်း ထိန်းချုပ်ပြီးနေလိုက်ပါတယ်...။ တကယ်ဆို သူလည်းပဲ ဆိုင်ရှင် မဟုတ်ပေဘူးလား... ဒီလိုဖြစ်သွားခဲ့တဲ့ အတွက် သူတို့မှာ ယဉ်ကျေးမှု အရ အကျိုးသင့် အကြောင်းသင့် ပြောပြဖို့၊ တောင်းပန် စကားလေး တစ်ခွန်းလောက်ပြောဖို့ ဆိုတဲ့ အသိလေးတောင် မရှိဘူးလား...။ အခုတော့ တောင်းပန်ဖို့ဆိုတာ ဝေးလို့ ဘာမှ အရေးမကြီးတဲ့ သာမန် အဖြစ်အပျက် တစ်ခု ဖြစ်ပျက်သလို ပုံစံမျိုးနဲ့လေ...။ သူတို့ အနေနဲ့က ဒါမျိုးတွေ လုပ်နေကျ၊ ဖြစ်နေကျမို့ ရိုးနေတာလား...။ သူတို့အတွက် ဘာမှ အရေးမကြီးသလို ခံစားရပေမယ့် တစ်ဖက်လူရဲ့ ခံစားချက်၊ ဒီဝတ်စုံတစ်ထည်ရဲ့ အရေးပါ အရာရောက်မှု ဒါတွေကို ထည့်စဉ်းစားပေးဖို့ အသိလေးတွေ နည်းနည်းလေးမှ မရှိကြတော့ဘူးလား...။ ဒီအချိန်ကျမှ ကျွန်မအနေနဲ့ နောက်တစ်ဆိုင်ကိုရှာပြီးအပ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး...။ မြန်မာပြည်မှာလို မြန်မာဝတ်စုံက အလွယ်တကူနဲ့ ရှာဖွေဝယ်ယူလို့ ရတာလည်းမဟုတ်ဘူး...။ ကျွန်မက ဘယ်လိုလုပ်ရတော့မှာလဲ...။ အားလုံးကိုလည်း မြန်မာဝတ်စုံနဲ့ လာဖို့ ကတိပေးခဲ့ပြီ...။ အားလုံးကလည်း မြန်မာဝတ်စုံနဲ့ ကျွန်မကို တွေ့ရဖို့ မျှော်လင့်ထားကြတာ...။ အခု...ကျွန်မက ဘာဆက်လုပ်ရမှာလဲ...။ တကယ်လို့သာ မနက်ဖြန်ပွဲက ဒင်နာမဟုတ်ဘဲ ကျွန်မရဲ့ စေ့စပ်ပွဲ သို့မဟုတ် မင်္ဂလာဆောင်သာ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီဝတ်စုံအတွက် သူတို့ ဘယ်လို တာဝန်ယူပေးမှာလဲ...။

ကျွန်မလည်း သူ့ရှေ့မှာ ကြာကြာ ဆက်ရပ်မနေချင်တော့ပါဘူး...။ ဒီလို လူမျိုးတွေနဲ့လည်း နောက်ထပ် ဘယ်လိုအကြောင်းနဲ့မှလည်း ဆက်ဆံ စကားပြောချင်စိတ်ဆိုတာလည်း မရှိတော့ပါဘူး...။ ဒါ့ကြောင့်ပဲ “ရတယ် အန်တီ...ကျွန်မ အ၀တ်စကို ကျွန်မ ပြန်ယူသွားလိုက်တော့မယ်... အန်တီတို့ ဆိုင်နာမည်ကိုလည်း ကျွန်မ သေချာ မှတ်ထားလိုက်ပါမယ်...ကျေးဇူးတင်ပါတယ်...။” လို့ ပြောပြီး ကျွန်မလည်း အ၀တ်စထုပ်ကို ဆွဲယူပြီး ထွက်လာခဲ့လိုက်ပါတယ်...။ တစ်လမ်းလုံးလည်း ဒေါသတွေ ထွက်လွန်းလို့ လူက နေလို့ ထိုင်လို့ မရပါဘူး...။ ကျွန်မအနေနဲ့ နောက်နေ့ မနက်ပိုင်းရောက်မှ ဂါဝန်တစ်ထည်သွားဝယ်ပြီး ဒင်နာကို သွားလိုက်မယ် ဆိုရင်လည်း ရပေမယ့် သူဌေးကိုမှ အစ ကျွန်မ မြန်မာဝတ်စုံနဲ့ လာခဲ့ပါမယ်လို့ ကတိခံခဲ့တာ ဆိုတော့ ကျွန်မ ဘယ်လို လုပ်ရမှာလဲ...။ ကျွန်မမှာ အဲဒီညက မြန်မာဝတ်စုံ တစ်ထည်ရဖို့ အရေးကို ကမောက်ကမနဲ့ တော်တော်လေးကို စိတ်ဒုက္ခများခဲ့ရပါတယ်...။နောက်ဆုံးမှာ ကျွန်မ အစ်မရဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဆီမှာ မြန်မာဝတ်အင်္ကျီ လှလှလေးတစ်စုံ ရှိတယ် လာယူပြီး ၀တ်ကြည့်လှည့် ဆိုလို့ ကျွန်မမှာ ည ၁၂နာရီကျော်ကြီးကို တက်စီခ အကုန်ခံပြီး တကူးတက သွားယူခဲ့ရပါတယ်...။

အဲဒီ စက်ချုပ်ဆိုင်ကလို လူမျိုးတွေကိုလည်း ကျွန်မ တော်တော်လေး အံ့သြမိခဲ့ပါတယ်...။ ဒီနိုင်ငံမှာ အနေကြာတဲ့ သူတွေဆီကနေ အဲဒီဆိုင်က အမြဲတမ်း အဲဒီအတိုင်းပဲ ဆိုတဲ့အကြောင်းကိုလည်း နောက်ပိုင်းသိလာရရော ကျွန်မ ပိုပြီး အံ့အားသင့်သွားမိပါတယ်...။ ဒီအချိန်အထိ သူတို့လိုလူမျိုးတွေ ဒီလို ရပ်တည်နေနိုင်သေးတာကိုပေါ့...။ အဲဒါကြောင့် ကျွန်မ ပြောတာပါ...။ ကျွန်မရဲ့ နေထိုင်မှု အသိတရားတွေပဲ မှားယွင်းနေပြီလား ဆိုတာလေ...။

ဒါလေးကတော့ ကျွန်မတွေ့ကြုံခဲ့ဘူးတဲ့ အဖြစ်အပျက်ပေါင်းများစွာထဲက နမူနာ အဖြစ်အပျက်လေး တစ်ခုကိုပဲ ပြောပြတာပါ...။ တကယ်တမ်း ပြောပြရမယ်ဆိုရင်တော့ တစ်ထောင့်တစ်ည ပုံပြင်လောက်ရှိမယ့် အတွေ့အကြုံတွေ အများကြီးရှိခဲ့ဖူးပါတယ်...။ သို့ပါသော်လည်း... ကျွန်မ ဆိုတဲ့သူ ကိုယ်တိုင်ကလည်းပဲ အသိတရား ဆိုတဲ့အရာနဲ့ ပြည့်စုံဖို့ ဆိုတာ တော်တော်လေးကို လိုအပ်နေဆဲ... ဖြည့်ဆည်းနေဆဲ သူတစ်ယောက်မို့ “ကိုယ့်ဘက်က ကြည့်တော့ လက်ဝါး၊ သူ့ဘက်က ကြည့်တော့ လက်ဖမိုး” ဆိုတဲ့ စကားလိုပဲ ကိုယ့်ဘက်က ကြည့်ရင် ကိုယ်မှန်တယ်လို့ ထင်နေတဲ့ ကိစ္စတစ်ခုဟာ သူ့ဘက်ကကြည့်ရင်လည်း အကျိုးတရား အကြောင်းတရားတွေနဲ့ သူမှန်ရင် မှန်နေမှာပေါ့...။ အဲဒီတော့ လောကကြီးမှာ မတူညီတဲ့ အသိတရားတွေကို တူအောင် အဖြေညှိဖို့ရာလည်း ကြိုးစားမနေချင်တော့ပါဘူး...။ ဒါပေမယ့် ကျွန်မ စိတ်ထဲမှာ တစ်သက်လုံး ရိုက်သွင်းထားတဲ့ အသိတရားလေး တစ်ခုကတော့ “ဘယ်သောအခါမှ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကိုယ့်ကြောင့် သူတစ်ဖက်သား စိတ်ဆင်းရဲ ဒုက္ခရောက်ရမှာမျိုး၊ သူတစ်ဖက်သား အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမှာမျိုးကိုတော့ ဘယ်တော့မှ မလုပ်မိစေရအောင် တတ်နိုင်သမျှ ဆင်ခြင်နေထိုင်သွားမယ်” ဆိုတဲ့ အသိတရားလေးတစ်ခုပါပဲလို့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်လေးက ခင်နေတဲ့ မောင်လေးတစ်ယောက် ဖြစ်တဲ့ ကိုရင်စည်သူက သူ့ရဲ့ မူရင်းပိုစ့်မှာ တက်ဂ်ထားတဲ့သူတွေထဲမှာ ကျွန်မ နာမည်ကျန်ခဲ့ပေမယ့် ကျွန်မကို ရေးပေးပါလို့ တစ်ကူးတစ်က လာပြောသွားတဲ့အတွက်ရော...နောက်ပြီး ကျွန်မ ခင်မင်လေးစားရတဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကိုမိုးကလည်း သတိတရနဲ့ တက်ဂ်လိုက်တဲ့အတွက်ရော ရေးလိုက်တဲ့ တက်ဂ်ပိုစ့်လေးဖြစ်ပါတယ်...။ ဒီ့အတွက် ကိုရင်စည်သူကိုရော ကိုမိုးကိုရော အရမ်းကျေးဇူးတင်ပါတယ်လို့ပြောပါရစေ...။ ကျွန်မက တက်ကျမ်းလို စကားလုံးခပ်မြင့်မြင့်တွေကို မရေးတတ်တဲ့အတွက် ကျွန်မရဲ့ အားထုတ်မှုညံ့ဖျင်းခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့...။

ဒီအကြောင်းအရာလေးက အကြောင်းအရာကောင်းလေးမို့လို့ အတွေးအမြင်လေးတွေ ဖလှယ်လို့ရအောင် ခင်နေရတဲ့ မောင်နှမတစ်ချို့ကို ဆက်ပြီး တက်ဂ်လိုက်ချင်ပါသေးတယ်...။ ဒုက္ခပေးတာတော့ မဟုတ်ပါဘူး...။ အားမှ၊ အချိန်ရမှ ရေးပေးကြပါနော်...။ သူတို့တွေကတော့...

၁။ ဒီနေ့ပဲ ညီမလေး သေးသေးလေးပျောက်နေလို့ဆိုပြီး စိတ်ပူစွာနဲ့ လာမေးတဲ့ မမဒဏ္ဍာရီ
၂။ ဘယ်လောက်ဂျီကျ ဂျီကျ ညီမဆိုးဆိုးလေးကို အမြဲသည်းခံပေးတတ်တဲ့ ကျွန်မရဲ့ ချစ်အစ်မကြီး မချော
၃။ အလွမ်းအဆွေးသံသရာထဲကနေ ခုထိရုန်းမထွက်နိုင်သေးတဲ့ ဆရာတူး (ညရဲ့ကောင်းကင်)
၎။ ကျွန်မနဲ့ တနယ်ထဲသား မောင်နှတွေဖြစ်တဲ့(ကျွန်မထက် ၃၆၅ရက်ကြီးတယ်ဆိုတဲ့) ဆင်တဲကဖေးက ကိုချိုကျ
၅။ ရင်ဘတ်ချင်းတူလို့ ခင်မိတယ် ဆိုတဲ့ ခင်ရတဲ့ သူငယ်ချင်းသဒ္ဓါ
၆။ တစ်နေရာကို သွားဖို့အတွက် အကြံကြီးကြီးနဲ့ လမ်းစရိတ် ကြိတ်စုနေတဲ့ မောင်လေး လင်းတိုင်း
၇။ ကျွန်မကို ကံကောင်းပါစေလို့ ဆုတောင်းပေးသွားတဲ့ ညီမလေး Angel Shaper နဲ့
၈။ စာမရေးဖြစ်ပဲ တော်တော်ကြာကြာ ပျောက်သွားခဲ့တဲ့ ကိုသော်ဇင်စိုး တို့ကို ဆက်ပြီး တက်ဂ်လိုက်ပါတယ်နော်...။ အဆင်ပြေတဲ့ အခါရေးပေးကြပါဦးလို့...။

Sunday, March 7, 2010

အနာဂတ်လေးတွေ လင်းစေချင်၍

ပြီးခဲတဲ့ တစ်ပတ်လောက်တုန်းကပေါ့... မြန်မာပြည်က ကျွန်မရဲ့ မောင်လေးဝမ်းကွဲ တစ်ယောက်က အွန်လိုင်းမှာ စကား လာပြောရင်း... သူ့အစ်ကို (ကျွန်မရဲ့ မောင်ပါပဲ) မလေးရှားမှာ အေးဂျင့်နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ဖို့ သွားတာ အခုအထိ အဆင်မပြေသေးဘူးလို့ ပြောတယ်တဲ့။ မကြီး ဆက်သွယ်လို့ရရင် ဆက်သွယ်လိုက်ပါဦးတဲ့။ ကျွန်မလည်း စိတ်ပူသွားပြီး ဘယ်လို အဆင်မပြေတာလဲ... သူ့ရဲ့ ဆက်သွယ်ရမယ့် အီးမေးလိပ်စာ ဖြစ်ဖြစ်၊ ဖုံးနံပါတ် ဖြစ်ဖြစ် မကြီးကို ပြောပြ... သူသွားတုန်းကလည်း မကြီးကို ဆက်သွယ်ဖို့ မကြီးရဲ့ ဖုံးနံပါတ်တွေ လိပ်စာတွေကို သေချာ ပေးလိုက်တယ်မို့လား... စသည်ဖြင့် မေးတော့ အဲဒီမောင်လေးက သူဘာမှ ရေရေရာရာ မသိဘူးတဲ့...။ ရန်ကုန်က သူ့အစ်မ (ကျွန်မ ညီမလေးပဲ) ကမှ သေချာ သိတာတဲ့...၊ သူ့ကို မေးကြည့်တဲ့လေ...။

အဲဒါမျိုးတွေကြောင့်ပါပဲလေ...။ ကျွန်မရဲ့ မောင်လေးတွေကို ကျွန်မ အားမရမိတာ၊ စိတ်တိုမိတာ။ ကျွန်မမှာက ဖေဖေ့ဘက်ကရော မေမေ့ဘက်ကရော ဆိုရင် မောင်လေး ၀မ်းကွဲတွေ အများကြီး ရှိပါတယ်။ အခု ပြောပြနေတဲ့ မောင်လေးတွေက ဖေဖေ့ရဲ့ ညီမက မွေးတဲ့ မောင်လေးတွေပါ။ အဲဒီ အဒေါ်က သမီးတစ်ယောက်၊ သားက ငါးယောက်တောင် မွေးထားတာလေ...။ မောင်လေးတွေလို့ ဆိုရပေမယ့်လို့ အားလုံးက ကျွန်မထက် သာပါတယ်။ သူတို့တွေက အိမ်ထောင်တွေကျပြီးကြလို့ ကလေးအဖေတွေတောင် ဖြစ်နေကြပြီလေ...။

ကျွန်မရဲ့မောင်လေးတွေ အကြောင်းကို စဉ်းစားလိုက်မိရင် သူတို့ကတော့ ဘယ်လိုနေတယ်ရယ် မသိပါဘူး။ ကျွန်မကဖြင့် သူတို့တွေအစား ရင်တွေမောလိုက်တာ။ အားလုံး ကလေးအဖေတွေ ဖြစ်နေကြပြီသာ ဆိုတယ်။ အခုအချိန်အထိ ဘ၀တွေက အခြေတကျ မရှိနိုင်ကြသေးပါဘူး။ ကျွန်မကတော့ သူတို့တွေအတွက် စိတ်ပူပန်ရခြင်းနဲ့ အတူ တွေးလေတွေးလေ ကျွန်မရဲ့ အဒေါ်ကိုသာ သနားမိလေ ဖြစ်တော့တာပါပဲ။

သူတို့တွေ ငယ်ငယ်တုန်းကများ ဆိုရင် ကျွန်မတို့မှာ စိတ်ကူးတွေ ယဉ်ကြည့်လိုက်ရတာ။ ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့ မောင်လေးတွေ အကုန်လုံးက လူချောတွေချည်းပါပဲ။ ကျွန်မရဲ့ အဒေါ် ကိုယ်တိုင်ကကို အခု အသက်ငါးဆယ် ကျော်လာတောင်မှ ချောတုန်း၊ လှတုန်းပါပဲ။ ကျွန်မရဲ့ ဦးလေး (သူမ အမျိုးသား)က ရှမ်းတရုတ် ဆိုတော့ကာ ကျွန်မ မောင်လေးတွေက အမေ ရုပ်ချောတာရယ်၊ အဖေ အသားအရေ လှတာရယ်ကို ပေါင်းပြီး အမွေ ရထားကြတာလေ...။

ကျွန်မက သူတို့ရဲ့ ရုပ်ရည်လေးတွေကို ကြည့်ပြီး သြော်...ငါ့ မောင်လေးတွေသာ အရာရှိကြီးတွေများ ဖြစ်လိုက်ရင် ဘယ်လောက်တောင် ခန့်လိုက်မလဲ... ဆရာဝန် ၀တ်စုံကြီးတွေသာနဲ့ ဆိုရင် ဘယ်လောက်များ ကြည့်ကောင်းလိုက်မလဲလို့ ပုံဖေါ်ကြည့်လိုက်ရတာ...။ သူတို့ ကလည်း သိပ်ကို ထူးချွန်ခဲ့ကြပါတယ်။ ၁၃နှစ်၊ ၁၄နှစ်သား အရွယ်လောက်တွေကို ရောက်ကတည်းက အ၀တ်အစား အမျိုးမျိုးကို စတိုင်ကျကျနဲ့ ၀တ်ဆင်တတ်ကြ၊ ဆံပင်ကို ပုံစံအမျိုးမျိုးနဲ့ ထားတတ်ကြကာ ကောင်မလေးတွေကို ပိုးတဲ့နေရာတို့၊ အုပ်စုဖွဲ့ပြီး ရန်ဖြစ်တဲ့ နေရာတို့မှာ သိပ်ကို ထူးချွန်တာပါ။ သူတို့မြို့မှာတော့ သူတို့ ညီအစ်ကို တစ်တွေက နာမည်ကြီးပါပဲ။

ကျွန်မ မှတ်မိနေပါသေးတယ်...။ ကျွန်မတို့တွေ ငယ်ငယ်က ကျွန်မက အိမ်ရှေ့မှာ သူတို့နဲ့ အတူတူ ထိုင်နေတယ် ဆိုပါစို့...။ အဲဒီမှာ ကျွန်မ သူတို့ကို သတိထားမိခဲ့တာက သူတို့အရှေ့ လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကောင်မလေးတွေကို တစ်ယောက် တစ်မျိုး မရိုးစေရအောင်ကို စကြပါလိမ့်မယ်။ (ကျွန်မ ဆိုလိုတာ ရိုင်းရိုင်းစိုင်းစိုင်း အရှက်ရစေတဲ့ စကားလုံးမျိုးတွေ၊ ကာအိနြေ္ဒပျက်စေတဲ့ စကားလုံးမျိုးတွေနဲ့ စတာ နောက်တာမျိုးကို ပြောတာ မဟုတ်ပါဘူး... ကျွန်မရဲ့ မောင်လေးတွေကလည်း ဘယ်တုန်းကမှ အဲဒီလို အပြုအမူမျိုးတွေကို မလုပ်ခဲ့ပါဘူး။) သူတို့ စတာ နောက်တာက ရီချင်စရာ၊ ပြုံးချင်စရာ စကားလုံးလေးတွေနဲ့ပါ...။ ဒါမျိုးတွေ ဆိုရင် ကိုယ်တော်ချောတွေရဲ့ ဦးနှောက်တွေကလည်း ရွှင်သလား မမေးပါနဲ့...။

ဖြတ်သွားတဲ့ ကောင်မလေးတွေမှာ ဆိုရင်လည်း ပြုံးတဲ့ သူလေးတွေက ပြုံးသွား၊ နှုတ်ခမ်းကိုက်ပြသွားတဲ့ သူလေးတွေကလည်း ကိုက်ပြ၊ တချို့ကကျတော့လည်း မသိကျိုးကျွံပေါ့လေ...။ ကျွန်မက သူတို့ကို လှမ်းဆူရင်လည်း သူတို့က မျက်စိမှိတ်ပြပြီး မကြီး...မသိပါဘူး...အသာနေပါ ဆိုတဲ့ ပုံစံမျိုးကလည်း လုပ်ပြကြသေးတာ။ သူတို့က တစ်ယောက်နဲ့တစ်ယောက် စကားကို အထာတွေနဲ့လည်း ပြောကြသေးတာပါ...။ ဒါက သူတို့ရဲ့ လျှို့ဝှက်ချက် စကားလုံးတွေ ဆိုတော့ကာ ကျွန်မတို့က အဓိပ္ပာယ်ကို မေးလည်း မပြောပြကြပါဘူး...။

ဒါပေမယ့် အံ့သြစရာ ကောင်းတာက သူတို့က ဘယ်ကောင်မလေးကိုမှ ဟိုးတစ်မျှော် တစ်ခေါ် အထိလိုက်ပြီး မပြီးနိုင် မစီးနိုင် စနောက်နေကြတာမျိုး မဟုတ်ပါဘူး...။ သူတို့ မြင်ကွင်းထဲက ပျောက်သွားရင် မေ့သွားတာပါပဲ... ။ ကျွန်မလေ သူတို့ရဲ့ စိတ်တွေကိုလည်း အံ့သြမိပါရဲ့ (ကျွန်မက ဒီနေရာမှာ ကျွန်မရဲ့ မောင်လေးတွေကိုပဲ သုံးသပ်ပြတာပါ...အခြားသူများကို မရည်ရွယ်ပါ...အကယ်၍ သဘောထား မတိုက်ဆိုင်မှုများ ရှိခဲ့ပါက နားလည်ပေးစေချင်ပါတယ်...။)

သူတို့တွေ အဲဒီအရွယ်တွေတုန်းက ကျွန်မတို့ပြည်မြို့ကို အလည်လာကြပြီဆိုရင် ကြာကြာမနေနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အိမ်ကို ရောက်တာနဲ့ ကျွန်မနဲ့ ဖေဖေနဲ့က အိမ်မှာရှိတဲ့ စာအုပ်ပေါင်းမြောက်မြားစွာထဲက ကောင်းနိုးရာရာတွေကို တစ်ပုံတစ်ပင်ရွေးထုတ်ကာ သူတို့ကို စာဖတ်ခိုင်းတော့တာပါပဲ။ ကျွန်မရဲ့အဒေါ်က နေ့စဉ် မိုးလင်းက မိုးချုပ် ဆိုင်တစ်ဖက်နဲ့ဆိုတော့ သားသမီးတွေ အတွက် ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေ ကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် စာပေဗဟုသုတ အတွေးအခေါ် ဥာဏ်ပညာတွေ ရစေဖို့ အတွက်ဆိုတာမျိုးကျတော့ တစ်ကူးတစ်က အချိန်ပေးပြီး ညွှန်ကြားပြသမပေးနိုင်ခဲ့ဘူးလေ...။

ဒါကိုသိထားတဲ့ ကျွန်မတို့တွေက သူတို့တွေကို စာတွေ သိပ်ဖတ်စေချင်တယ်...။ ဖေဖေကဆိုရင်လည်း (သူတို့ရဲ့ ဘကြီးလည်း ဖြစ်နေတော့) သူတို့လာပြီဆိုရင် အ၀တ်အစား ၀တ်တာ၊ စကားပြောတာဆိုတာကမှ အစ မျက်စိထဲမှာ အမြင်မတော်တာတွေကို စာပေအကိုးအကားတွေ ပုံတိုပတ်စတွေနဲ့ ပြောဆိုဆုံးမတာဆိုတော့ သူတို့က စိတ်ညစ်ပါတယ်...။ ကျွန်မကလည်း ငယ်ငယ်လေးကတည်းက စာအုပ်ကိုအမျိုးစုံအောင် ဖတ်တတ်တဲ့သူဆိုတော့ကာ သူတို့ကို အစ်မကြီးဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့ တစ်ခုခုဆိုရင် ဘယ်ဟာကဖြင့်ဘယ်လို မကောင်းတာ၊ ဘယ်ဟာကဖြင့် ဘယ်လိုဖြစ်သင့်တာ စသည်ဖြင့် ဆရာမကြီးလုပ်လွန်းတော့ သူတို့က အဲဒီဒဏ်တွေကို ကြာကြာမခံစားနိုင်ကြပါဘူး။ ရက်အနည်းငယ်နေပြီးတာနဲ့ သူတို့မြို့ကို ပြန်ပြေးကြတော့တာပါပဲ...။

နောက်ပိုင်းဆို သူတို့မှာ ပြည်ကိုလာဖို့ဆိုရင်ကိုပဲ ကြောက်နေကြတော့တာပါ။ တော်တော်နဲ့လည်း မလာဖြစ်ကြတော့ပါဘူး။ ကျွန်မအဒေါ်က တစ်ခါတစ်လေ သူတို့ကို ကျွန်မတို့နဲ့ အတူတူ လာနေစေချင်ပေမယ့်လည်း သူတို့က မနေနိုင်ခဲ့ကြပါဘူး...။ တစ်ခါတစ်ရံမှာ ကိုယ်က စေတနာနဲ့ ပြုလုပ်လိုက်တဲ့ လုပ်ရပ်တွေဟာ လက်ခံတဲ့သူဘက်က စေတနာလို့ မမြင်နိုင်တဲ့အခါမှာ သူတို့အတွက် ဝေဒနာတွေလို ဖြစ်သွားတတ်ကြတာ လောက ဓမ္မတာပဲ ထင်ပါရဲ့နော်...။

ဒီလိုတွေ နေနေကြပေမယ့်လည်း သူတို့တွေ အတည်အတံ့ ကြိုက်နေတဲ့ ကောင်မလေးတွေကဖြင့် ရှိနေပြီး ရည်းစားတွေလည်း စောစောစီးစီး ဖြစ်သွားခဲ့ကြပါတယ်။ အဲဒီ ညီမလေးတွေ ခမျာမှာ ကျွန်မမောင်လေးတွေရဲ့ ရုပ်ချောချောကလေးတွေကိုပဲ စွဲလမ်းသွားကြသလား...၊ အပြော ချိုချိုလေးတွေကိုပဲ နှစ်သက်သွားကြသလား မသိပါဘူး...။ ငယ်ငယ် ရွယ်ရွယ်လေးတွေနဲ့ပဲ ကျွန်မရဲ့ မောင်လေးတွေ နောက်ကို ယုံကြည်စိတ်ချစွာ အားကိုးကြီးစွာ သျှောင်နောက် ဆံထုံးပါခဲ့ကြပါတော့တယ်...။

အဲဒီလိုနဲ့ ကျွန်မရဲ့ မောင်လေးတွေဟာလည်း ကျွန်မ ရစေချင်ခဲ့တဲ့ ဘွဲ့ကြီးတွေ၊ ဒီဂရီကြီးတွေ၊ ရာထူးကြီးတွေကိုတော့ မရခဲ့ကြဘဲနဲ့ ဘ၀အတွက် သင်ခန်းစာတွေ မကျေညက်သေးခင်၊ ဘ၀ပင်လယ်ပြင်ကို ကူးခတ်ဖို့အတွက် အသိပညာ အတတ်ပညာတွေ မစုံသေးခင်မှာ အိမ်ထောင်ရှင်ယောကျာ်း၊ ကလေးအဖေ ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးလေးတွေကိုတော့ သူ့ထက်ငါဦးအောင် လျင်မြန်စွာ ယူသွားခဲ့ကြပါတယ်။

ကျွန်မ သူတို့မြို့ကို အလည်သွားခဲ့တဲ့ အခါတွေများဆိုရင် အိမ်ထောင်ရှင် ယောကျာ်းအကြီးကြီးတွေလို သူတို့ရဲ့ ဟန်ပန်တွေကို မြင်တဲ့အခါ ၀မ်းနည်းသလိုလို စိတ်မကောင်းသလိုလို ခံစားမိတာပါပဲ။ ကျွန်မ ဆိုလိုတာက ဒီလိုလေ... ။ ကျွန်မအမြင်မှာ သူတို့ကို ဒီလိုပုံစံတွေနဲ့ တွေ့ဖို့ အချိန်မတန်သေးဘူးလို့ ထင်မိလို့ပါ...။ ကျွန်မ မျက်လုံးထဲမှာ သူတို့ကို ခလေးတွေလို့ ထင်နေမိဆဲ အပြင် သူတို့ကလည်း စကားပြောရင် ငယ်ငယ်တုန်းကလိုပဲ (ကျွန်မနဲ့ သူတို့နဲ့ အသက်က သိပ်မကွာကြပေမယ့်...) ''မကြီး...သားကလေ...'' ဆိုပြီးပြောကြတုန်း...။ ကလေးတစ်ဖက်နဲ့ သူတို့ရဲ့ မိန်းမလေးတွေကို (ကျွန်မရဲ့ ယောင်းမလေးတွေပေါ့...) လည်း ကျွန်မက ဘေးကနေ ထိုင်ကြည့်ပြီး အတွေးတွေ နယ်ချဲ့နေခဲ့မိတော့တာပါပဲ...။

တကယ်ဆို သူတို့လေးတွေ အရွယ်က တက္ကသိုလ် တစ်ခုခုမှာ၊ သို့မဟုတ် သင်တန်းကျောင်းတစ်ခုခုမှာ လှလှပပ ကြော့ကြော့မော့မော့လေးတွေနဲ့ ပညာတွေ သင်ယူနေရမယ့် အရွယ်လေးတွေလေ...။ ဘ၀ခရီးလမ်းမှာ ဆက်လျှောက်မယ် ဆိုရင် ကြိုးစားရင် ကြိုးစားသလောက် ဆက်ပြီး ခရီးပေါက်ဦးမယ့် အရွယ်လေးတွေ...။ ခုတော့ သူုတို့မှာ ကလေးတစ်ဖက်နဲ့ ဘာတစ်ခုကိုမှလည်း ကျွမ်းကျင်စွာ မလုပ်တတ် မကိုင်တတ်ဆိုတော့ အခက်တွေ့ကြရတာပေါ့။ ဘ၀တစ်ခုကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တည်ထောင်ပစ်လိုက်ကြတဲ့ သူတို့တွေရဲ့ သတ္တိတွေကိုလည်း ချီးကျူးမိပါရဲ့...။

ကျွန်မက အိမ်ထောင်ပြုတာကို အပြစ်လို့ သူတို့ကို ပြောချင်တာ မဟုတ်ပါဘူး...။ အရာရာ အဆင်သင့် မဖြစ်သေးခင်မှာ ဘ၀ပင်လယ်ပြင်ကို စွန့်စွန့်စားစား ရွက်လွှင့်ခဲ့ကြတော့ လောက လှိုင်းဒဏ်ပိုးတွေနဲ့ ကြုံတွေ့လာတဲ့ အခါ ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာကို သူတို့ မသိခဲ့ကြတော့ဘူးလေ...။ အဲဒီတော့ အဆင်ပြေမှုဆိုတာထက် အဆင်မပြေမှုတွေကသာ များလာကြတော့တာပေါ့။

သူတို့က အရာရာ အဆင်သင့် မဖြစ်သေးခင်မှာ ဘာကိုမှ မစဉ်းစားခဲ့ကြပဲနဲ့ ဘ၀တစ်ခုကို တည်ထောင်ခဲ့ကြပေမယ့် နောက်ဆုံး ဖြစ်လာသမျှ အရာအားလုံးကို တာဝန်ယူခဲ့ရသူက ကျွန်မရဲ့ အဒေါ်ပဲလေ...။ ကျွန်မ အဒေါ်ကလည်း ဘယ်သားကိုမှ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ပစ်မထားရက်ရှာပါဘူး...။ သားတွေရော၊ ချွေးမတွေရော၊ မြေးတွေရောကို သူ့အိမ်ပေါ်မှာပဲ တင်ခေါ်ထားပြီး ကျွေးမွေးထားတုန်းပါပဲ...။ ဒါ့အပြင် သားတွေရဲ့ မိသားစုဘ၀ရှေ့ရေးကို သူ့ခမျာမှာ တွေးတောပူပန်ကာ ရနိုင်တဲ့ အခွင့်အလမ်းတွေကို တတ်နိုင်သမျှ ရှာဖွေ ဖန်တီး ပေးပြန်ပါသေးတယ်...။

အခု မလေးရှားမှာ အလုပ်လာလုပ်တယ်ဆိုတဲ့ မောင်လေးက သူတို့မိသားစုမှာ အကြီးဆုံးပါ။ သူကတော့ လိမ္မာတယ်လို့ပဲ ပြောရမလားပါပဲ...။ အကြီးဆုံးပီပီ ငယ်ငယ်ကတည်းက မိဘကို တတ်နိုင်သလောက် ကူခဲ့၊ မိသားစုတာဝန်ကို တတ်နိုင်သလောက် ထမ်းခဲ့တာ ဒီအရွယ်အထိပဲ ဆိုပါတော့...။ အခုလည်း မိသားစုတာဝန်ကို တတ်နိုင်သမျှ ထမ်းဖို့အတွက် မလေးရှားကို အေးဂျင့်နဲ့ ကျွန်မအဒေါ်ကပဲ ပို့ပေးခဲ့တာပါ...။ အခုတစ်ခါ သူက အဆင်မပြေပြန်ဘူးဆိုတော့ ကျွန်မအနေနဲ့ ရတက်မအေးဖြစ်ရတာ လွန်မယ် မထင်ပါဘူးနော်...။

ဘာပဲပြောပြောပေါ့လေ...သေချာတာ တစ်ခုက လိမ္မာတဲ့ မောင်လေးပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ မောင်လေးပဲ ဖြစ်ဖြစ်...၊ သူတို့ရဲ့ ဘ၀တွေကို ကောင်းမွန် တိုးတက်စေချင်တဲ့ စိတ်ဇောတွေနဲ့ ပြောဆိုသွန်သင်ခဲ့တဲ့ ကျွန်မရဲ့ စေတနာတွေကို သူတို့တွေ နားလည်ခဲ့သည်ပဲဖြစ်စေ၊ နားမလည်ခဲ့သည်ဖြစ်စေ...၊ ကျွန်မအပေါ်မှာ သူတို့ အထင်အမြင် လွဲမှားနေခဲ့သည်ပဲ ဖြစ်နေပါစေ... ကျွန်မအနေနဲ့ကတော့ ကျွန်မမောင်လေးတွေ၊ ကျွန်မရဲ့ယောင်းမလေးတွေ၊ ကျွန်မရဲ့ တူလေး၊ တူမလေးတွေရဲ့ ဘ၀ အနာဂတ်လေးတွေ အမှန်တကယ်ပဲ ထွန်းလင်းတောက်ပပါစေ ဆိုတဲ့ အစ်မကြီးတစ်ယောက် အနေနဲ့ ရင်ထဲမှာ အမြဲဖြစ်နေတဲ့ ခံစားချက် ဆန္ဒကတော့ ဘယ်တော့မှ ပျောက်ပျယ်သွားမှာ မဟုတ်ပါဘူး ဆိုတာပါပဲ...။