Pages

Friday, February 26, 2010

“အသွင်ပြောင်း မိုးတိမ်”

နေ့ရာသီ ညရာသီတွေတိုင်းမှာ
ငါ့စိတ်က မင်းအကြောင်းတွေကိုပဲ
ငွေ့ရည်ဖွဲ့မိနေခဲ့လေတော့
ငါ့ရင်ခွင်ကောင်းကင်တစ်ပြင်လုံး
အချစ်တိမ်စိုင်တိမ်လိပ်တွေနဲ့ ပြည့်နေတာတော့
မဆန်းဘူးထင်ပါရဲ့ကွယ်။ ။

မင်းရဲ့ ကမ္ဘာမြေပေါ်မှာ
သည်းသည်းမည်းမည်း ရွာချချင်ခဲ့ပေမယ့်လည်း
ဥပေက္ခာလေအဝှေ့မှာ
ငါ့တိမ်ငွေ့တွေကို ပြန်ပြန်ရုတ်ခဲ့ရတယ်။ ။

စိတ်ချပါကွယ်...
ငါ့ကြောင့်
မင်းရဲ့မျှော်လင့်ချက်ပျိုးပင်တွေ
မပျက်စီးစေရပါဘူး...
ငါ့ကြောင့်
မင်းရဲ့ အနာဂတ်လမ်းတွေလည်း
ရေမလွှမ်းစေရပါဘူး...။ ။

ဒီလိုနဲ့
ငါပြန်ရုတ်ခဲ့ရတဲ့ မိုးတိမ်တွေလည်း
အသွင်တွေပြောင်း အချိုးတွေပြောင်း
နေရာတွေပြောင်းပြီး
ရွာကျကြတော့မယ်ထင်ပါရဲ့...။ ။

နှလုံးသား မိုးလေ၀သဌာနကကြေငြာသံ
ကျယ်လောင်စွာ ငါကြားလိုက်မိတယ်
ငါ့မျက်ဝန်းဒေသတစ်ဝိုက်မှာ
နေ့စဉ် ရွာရန်
ရာနှုန်းက ကိုးဆယ်တဲ့လေ....။ ။

Friday, February 12, 2010

“သွားဦးမှာ”


(ဒီပိုစ့်လေးကို ဖတ်မိတဲ့သူတွေကတော့ ကျွန်မကို တော်တော်လေးကို နှာခေါင်းရှုံ့ပြီး မျက်စိထဲမှာ ခရော့စ် ဖြစ်သွားကြမလားတော့ မသိပါဘူး။ ဒါပေမယ့်လည်း ကျွန်မက သိပ်ပြီးတော့ ဟန်မဆောင် မဖုံးကွယ်တတ်တဲ့သူ ဆိုတော့ရာ ကျွန်မရဲ့ ကဲတတ်တဲ့အပိုင်းလေးတွေကိုလည်း လူတွေသိစေချင်လို့ပါ။ လူတစ်ကိုယ်စီမှာ ကိုယ်ရှင်သန်ရာဘ၀မှာ ကိုယ်ယုံကြည်တဲ့ ရူးသွပ်တဲ့အရာ တစ်ခုခုစီတော့ရှိကြမှာပဲလေ။ ဒီပိုစ့်လေးကို ဒီနေ့တင်ရတာ သိပ်တော့စိတ်မလုံပါဘူး။ သူများတွေက ပြည်ထောင်စုနေ့အကြောင်း ဗိုလ်ချုပ်မွေးနေ့အကြောင်းတွေ တင်နေချိန်မှာ ကျွန်မက ဒီလိုပိုစ့်ကိုတင်ရတာဆိုတော့။ ကျွန်မကပြည်ထောင်စုနေ့ကိုမမေ့သလို ကျွန်မရဲ့ဘ၀မှာ အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့မွေးနေ့ကိုလည်း ကျွန်မရဲ့ခန္ဓာအသက်ရှင်နေသရွေ့ ကျွန်မရင်ထဲမှာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ပြည်ထောင်စုနေ့ အကြောင်းတို့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတို့ကို ရေးချင်ပေမယ့်လည်း ကျွန်မလိုလူတစ်ယောက်အနေနဲ့ ဒီလိုစာကြီးပေကြီးတွေကိုရေးမယ်ဆိုရင် တယ်ပြီးမတင့်တယ်လှဘူးထင်လို့ပါ။ ကျွန်မချစ်ခင်ရတဲ့ အစ်ကို အစ်မတစ်ချို့ကလည်း ထိုအကြောင်းအရာလေးတွေကို တော်တော်လေးကောင်းမွန်အောင် ရေးဖွဲ့ထားကြတာတွေ တွေ့ရတော့ ပိုလို့တောင် မရေးရဲတော့ပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့တန်ရာတန်ရာ ဖေဖော်ဝါရီ ၁၄ရက်နေ့ နဲ့သက်ဆိုင်တဲ့အကြောင်းလေးပဲရေးလိုက်ပါတော့တယ်လေ :)))

ကဲကဲ... ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ချစ်သူများနေ့ဆိုတာ အားလုံးသိကြမယ်တော့ ထင်ပါတယ်နော်။ သိကြတဲ့အတိုင်းလည်း ကျွန်မချစ်ခင်ရတဲ့ ကျွန်မရဲ့ကိုကို၊ မမ၊ မောင်မောင်၊ ညီမလေးများလည်း ကိုယ်စီကိုယ်စီ စုံတွဲတွေနဲ့ ပျော်ကြရွှင်ကြမှာပေါ့နော်။ ဒါဆို ကျွန်မကရော...မကဲဘူးလားလို့မေးစရာရှိပါတယ်။ ဘယ်နေလိမ့်မလဲ ကဲရမှာပေါ့။ ကဲရမှာပေါ့ ဆိုလို့...သို့လော သို့လောတွေ မတွေးကြပါနဲ့ဦး။ ကျွန်မကဲမှာက တခြားပါ။ ဒီလိုလေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့က ကျွန်မသိပ်ချစ်ရတဲ့ ကျွန်မရဲ့ အစ်ကိုကြီးတွေ ဒီနိုင်ငံကို ရောက်လာကြပါပြီ။ ကျွန်မ ဟိုးငယ်ငယ် ၅တန်း၊ ၆တန်း ကျောင်းသူ ဘ၀ကနေ စပြီး ယနေ့ထက်တိုင် စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့ရတဲ့ ကျွန်မရဲ့အစ်ကိုကြီးတွေလေ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာ တစ်ခုက ကျွန်မကသာ အဲဒီလိုရူးသွပ်ခဲ့ရပေမယ့် သူတို့ကတော့ ကျွန်မဆိုတဲ့ သူတစ်ယောက် ဒီလောကကြီးမှာရှိပါလားဆိုတာ သိတောင်မသိကြပါဘူး။ ကဲသူတို့ဘယ်သူတွေလဲဆိုတာ သိသွားချင်ကြပြီလား။ သူတို့ကဘယ်သူတွေလဲဆိုတော့ တိုင်းသိ ပြည်သိ အားလုံးသိကြတဲ့ ကိုကြီးလေးဖြူ၊ ကိုကြီးငဲ၊ ကိုမျိုးကြီး၊ ကိုဝိုင်ဝိုင်း နဲ့ ကိုအာဇာနည်တို့ပဲပေါ့ :))))) ။ ကျွန်မ ကဲမယ်ဆိုတာ ကျွန်မရဲ့ အစ်ကိုကြီးတွေကို ဒီ Feb 14 ရက်နေ့မှာ ကျင်းပမယ့် IC Show ပွဲမှာ အပြတ်သွားရောက် အားပေးမှာကို ပြောတာပါ။

ကျွန်မ ဒီနိုင်ငံကို စရောက်တဲ့အချိန်ကတည်းကစပြီး အခုအချိန်အထိ ၂နှစ်နီးပါးအတောအတွင်းမှာ IC Show ပွဲလုပ်တာ ဒါနဲ့ဆို ၃ကြိမ်ရှိသွားပါပြီ။ ပြီးခဲ့တဲ့ 09/08/09 ပွဲမှာ ကတည်းက ဒီ Feb 14 မှာ သူတို့ပြန်လာမယ်ဆိုတာ တစ်ခါတည်း ပြောသွားတာပါ။ ဒါပေမယ့် လက်မှတ်တွေဝယ်လို့ရပြီလဲဆိုရော ကျွန်မငိုင်သွားပါတယ်။ လက်မှတ်ဈေးက တက်သွားလိုက်တာ $70 တဲ့။ ကျွန်မ ချီတုံချတုံဖြစ်သွားပါတယ်။ $70 ဆိုတာ MRT ကဒ်ထဲကို ထည့်ထားလိုက်ရင် တစ်လကတော့ အေးအေးဆေးဆေးစီးလို့ရတယ်လေ။ ပြီးခဲ့တဲ့ပွဲနဲ့ကလည်း လကသိပ်မကွာသေးဘူးဆိုတော့ ငါမကြည့်တော့ရင် ကောင်းမလားပေါ့။ အဲဒီအချိန်မှာ ကျွန်မကို သူငယ်ချင်းတွေကလဲ လက်မှတ်ဖြတ်ဖို့အတွက် မေးနေပြီ။ ကျွန်မကလည်း အဖြေတော်တော်နဲ့ မပေးသေးပဲ အိုက်တင်ခံနေလိုက်ပါတယ် ငါစဉ်းစားဦးမယ်ပေါ့။ အဲဒီတော့ကာကျွန်မ စဉ်းစားခန်းဝင်ရပါပြီ။ စဉ်စားစမ်း စဉ်းစားစမ်း...သူငယ်ချင်းတွေအကုန်လုံးက ဒီပွဲကိုသွားပြီး ငါတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ရမှာလား။ အတော်တော့ ၀မ်းနည်းစရာပဲ။ နေပါဦးလေ...သူတို့တွေအကြောင်း စဉ်းစားလိုက်ဦးမယ်။

ပထမဆုံးက လေးဖြူ...။ ဟုတ်ပြီ...လေးဖြူဆိုတာက ကျွန်မ လေးတန်း၊ ငါးတန်းကျောင်းသူ ဘ၀မှာစတင်ပေါ်ပေါက်ခဲ့တဲ့ အဆိုတော်။ ကျွန်မက အဲဒီတုန်းက ငယ်သေးတော့ အခွေတွေဘာတွေ ကိုယ်တိုင် မ၀ယ်တတ်သေးတော့ကာ အစ်ကို အစ်မတွေ ၀ယ်တာဖွင့်တာတွေကိုပဲ နားထောင်ရတာလေ။ အဲဒီကတည်းက သူ့ရဲ့သီချင်းတွေကို နားထဲမှာစွဲနေခဲ့တာ တဖြည်းဖြည်းနဲ့ ခုနစ်တန်း၊ ရှစ်တန်းအရွယ်ရောက်တော့ တိတ်ခွေတွေကို ကိုယ်တိုင်ဝယ်တတ်လာသလို လေးဖြူဆိုတာကိုလည်း အရူးသွပ်ဆုံးဖြစ်သွားတတ်ခဲ့ပြီ။ အဲဒီတုန်းက ၀ယ်ထားတဲ့ သီချင်းစာအုပ်တွေများ ခုထိရှိသေးတယ်။ မသွားတော့ပါဘူးဆိုမှ သူ့သီချင်းတွေကနားထဲမှာ ကြားယောင်လာတယ်။ ကန္တာရလမင်းပင်လယ်အော်သံတို့က အစပြုလို့ ဒီကြားထဲမှာ ပါဝါ၊ ဂီတမဉ္ဖူရီ၊ ကမ္ဘာသစ်တေး၊ ကျိန်စာ၊ မံမီများ၊ သားကောင်၊ အိမ်မက်ကဗျာ၊ လိပ်ပြာ စသည်တို့အပါအ၀င် နောက်ဆုံးမှာဆိုရင် ခဏလေးများ နဲ့ ဘင်္ဂလားပင်လယ်အော် စသည် စသည်ဖြင့် လေးဖြူ၏ ထွက်ပြီးသမျှခွေတွေထဲမှ ကျွန်မနှစ်သစ်တဲ့ သီချင်းတွေက ခေါင်းထဲကို တန်းစီပြီး ရောက်လာသည်။ နောက်ဆုံးဘင်္ဂလားပင်လယ်အော်ခွေထွက်တော့ သူ့သီချင်းတွေက နဲနဲပျော့သွားပြီဆိုပေမယ့် အဲဒီခွေကိုစနားထောင်တဲ့ ညတုန်းကများ တစ်ညလုံး Repeat ရိုက်ပြီးနားထောင်နေတာ အိပ်လို့တောင်မပျော်ခဲ့ဘူး။ ဒီစာမျက်နှာကိုလှန်မိတိုင်း နာကျင်စွာခံစားရပေမယ့် ယနေ့ထက်တိုင် ခဏတိုင်းဆိုသလို ပြန်ပြန်လှန်မိနေတာက စာမျက်နှာ တစ်ဆယ့်ငါး။ “အဓိပ္ပာယ်မရှိတာ သိပေမယ့် တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်.....ဘယ်ဆီကို မင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်.... ” ဒီပွဲမှာလည်း သူဆိုချင်ဆိုမှာ...ငါကျန်ခဲ့လို့ ဖြစ်ပါ့မလား...။

ဟုတ်ပြီ...နောက်တစ်ယောက်က အငဲ။ မှတ်မိပါသေးတယ် ကျွန်မ ခြောက်တန်းကျောင်းသူဘ၀မှာ ကျွန်မရဲ့အစ်ကိုက အငဲရဲ့ ၀ိညာဉ်များနဲ့ကခုန်ခြင်းခွေနဲ့ သီချင်းစာအုပ်ဝယ်လာတာ။ သီချင်းခွေနဲ့စာအုပ်ရဲ့ကာဗာကတော့ ကျောချမ်းချင်စရာပါ။ ဒါပေမယ့် တစ်ခါပဲနားထောင်ရုံနဲ့ ကျွန်မရဲ့ရင်ထဲမှာသီချင်းတွေ အကုန်လုံးကို စွဲသွားခဲ့ပါတယ်။ အဲဒီခွေလေးကို ကျွန်မနဲ့ ကျွန်မအစ်ကိုနဲ့က တစ်ယောက် တစ်လဲစီ မရပ်မနားဖွင့်လိုက်၊ မေမေက နားတွေငြီးလို့ ကျွန်မတို့ကို ဆူလိုက်နဲ့လေ။ အဲဒီကတည်းကစ၍ ကျွန်မကလည်း အငဲခရေဇီဖြစ်လိုက်တာ ဆာဟာရ၊ သီချင်းများရဲ့ဒဏ္ဍာရီ ၊ နောက် စိတ်ရွက်လှေ၊ Unplugged၊ ဆဌမအာရုံ၊ ခုနစ်ထွေအက၊ ဇာစ်မြစ်နဲ့ နောက်ဆုံး သည်းသည်းလှုပ်ကြိုက်ခဲ့ရတဲ့ ကိုး။ ကိုး အခွေထွက်တုန်းကဆိုရင် မရပ်မနားကို နားထောင်တာ။ အိမ်မှာလည်း ကိုး၊ ရုံးမှာလည်း ကိုး။ အဲဒီတုန်းက facebook မှာ အငဲ fan ၀င်ထားတာဆိုတော့ အရမ်းကြိုက်တဲ့အကြောင်းတစ်ခုခုပီပီပြင်ပြင် ကျွန်မကွန်မန့်ဝင်ပေးမလို့ စဉ်းစားနေတုန်း လူတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကိုတွေ့ပြီး ဖျားသွားတယ်။ သူက သူတို့သူငယ်ချင်းတွေအကုန်လုံး အငဲကို ဘယ်လောက်အထိကြိုက်သလဲဆိုရင် အငဲလေလည်တဲ့အသံကိုတောင်ကြိုက်တယ်တဲ့...။ ဟင်းဟင်း...ကျွန်မဘာဆက်ရေးရမှန်းမသိဘဲ အသာလေးပြန်ထွက်လာခဲ့ရတယ်။ အင်း...ဒီပွဲမှာ ကိုးထဲက သီချင်းတွေဆိုမှာသေချာတယ်လေ... “နောက်ဆုံးအခန်း နောက်ဆုံးအနမ်း နောက်ဆုံးလမ်းခွဲချိန်လေး ခဏ........နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့် ဒါနောက်ဆုံး ငါ့ဘ၀” ခက်ပြီ ... နေခဲ့လို့ မဖြစ်ဘူး ထင်တယ်။

အိုကေ...နောက်တစ်ယောက်က မျိုးကြီး။ မျိုးကြီးက ကျွန်မတို့ ခုနစ်တန်းနှစ်မှာ စပေါ်တာ။ တီဗွီမှာ မျိုးကြီးရဲ့ ကျောက်စာများခွေ ကြော်ငြာလာရင် ကျွန်မတို့မှာ အပြေးကြည့်ရတာ အမော။ အခွေကိုနားထောင်မိတော့လည်း တော်တော်အော်နိုင်တဲ့အဆိုတော်တစ်ယောက်ဆိုပြီင်္းတော့ သဘောကျသွားပါတယ်။အဲဒီကစလို့ လေပြေ ခွေလည်းထွက်ရော ကျွန်မဟာ မျိုးကြီးရဲ့ အခိုင်အမာ ပရိတ်သတ်တစ်ယောက် လုံးဝဖြစ်သွားပါပြီ။ အဲဒီနောက်သူ့အခွေတွေက အပြန်လမ်း၊ ဆန့်ကျင်ဘက်၊ နိစ္စဓူဝ နဲ့ အခမ်းနားဆုံး စတာတွေ ထွက်လာတော့လည်း အကုန်လုံးကိုကြိုက်တာပါပဲ။ “မကျေနပ်တာ ကြုံတဲ့အခါ ပြန်ပြောရင် ရိုင်းတယ်ပြောမယ်......ဖြည်း...ဖြည်း...ဖြည်းဖြည်းပြော...နားနားပြီးပြော မောမယ်...” ဟာ...အဲဒီ အသံကို ကြားရပြီဆိုရင်ကို ဘယ်လိုမှ မနေနိုင်တာ။ သွားမှပါလေ...။

နောက်ထပ်နှစ်ယောက်က ၀ိုင်ဝိုင်းနဲ့ အာဇာနည် သူတို့ဆိုတာကလည်း ကျွန်မတို့တွေ ဂျီတီစီ တက်ခဲ့တဲ့ ကာလတစ်လျှောက်လုံး ကျွန်မတို့ရဲ့ အချိန်တွေ ကျွန်မတို့ရဲ့ စကားဝိုင်းတွေ တော်တော်များများမှာ နေရာယူခဲ့တဲ့သူတွေ။ “မဆုံတဲ့ ဖူးစာမေ့ပစ်လိုက်ပါနော်.....” “ကြေကွဲရင်းနဲ့ ငိုရှိုက်ခဲ့ ညတွေ ဘယ်သူသိနိုင်မလဲ....အိပ်မပျော်တဲ့ ညတိုင်းအတွေးများလည်း အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ” သွားပြီးခံစားဦးမှပါ။ “ကိုယ် ဟိုးအဝေးမှာနေတဲ့ အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်...” သေချာပါတယ် ဆုံးဖြတ်လိုက်ပြီ သူငယ်ချင်းကို တစ်ခါတည်းဖုံးဆက်ပြီး လက်မှတ်ထည့်ဝယ်ဖို့ပြောလိုက်ပါတော့တယ်။

ပွဲကြည့်နေတဲ့အချိန်လား...ဘယ်လောက် အရေးကြီးတဲ့ အကြောင်းအရာပဲ ဖြစ်နေနေ လာမခေါ်ပါနဲ့တော့။ သိကြားမင်းဆင်းခေါ်ရင်တောင် မလိုက်တော့ဘူး။ ဆိုတဲ့အဆိုတော်တွေကသာ တစ်ယောက်တစ်လဲပြောင်းပြီးဆိုသွားတာ အင်ကြင်းသန့်တို့က ပွဲအစကနေအဆုံး တစ်ပုဒ်မှမလွတ်ရအောင် လိုက်ဆိုရတာ။ ပွဲလည်းပြီးရော အသားကုန် တက်ကြွအော်ဟစ်ပျော်ရွှင်စွာ အားပေးထားတဲ့ ဒဏ်ကြောင့် လူက အသံတောင် မထွက်ချင်တော့တဲ့အပြင် ခြေတွေလက်တွေကလည်း နောက်တစ်ရက်နှစ်ရက်လောက်အထိကို နာကျင်ကိုက်ခဲနေတော့တာပါပဲ။ အင်ကြင်းသန့်တို့ ကဲချက်ကတော့နော် မပြောချင်တော့ပါဘူး။ အင်း...ဒီလိုနဲ့ပဲ ဒီပွဲပြီးလို့ နောက်ထပ်တစ်ခါလာဦးမယ်ဆိုရင်ရောလို့မေးခဲ့ရင်...မထူးပါဘူး ဒီတစ်ခါတော့ အိုက်တင်ခံပြီး စဉ်းစားမနေတော့ဘူး။ အလကား ဆံပင်ဖြူတယ်။ “သွားဦးမှာ” လို့ ချက်ချင်းပဲ ဖြေလိုက်မယ်။

ကဲ...ဒါလေးကတော့ ကျွန်မအနေနဲ့ ဒီဖေဖော်ဝါရီ ၁၄ ရက်နေ့လေးမှာ လုပ်ဖြစ်မယ့် ကျွန်မရဲ့ ဘ၀မှာ သိပ်ကို ခရေဇီဖြစ်တဲ့ အကြောင်းအရာတွေထဲက တစ်ခုကိုပြောပြလိုက်တာပေါ့နော်။ ကျွန်မရဲ့ မောင်နှမတွေထဲမှာလည်း ကျွန်မအတိုင်း အဲဒီလိုမျိုး ရူးသွပ်တဲ့သူများ ဘယ်နှစ်ယောက်လောက် ရှိမလဲလို့ သိချင်စမ်းလှပါဘိ။

ဓာတ်ပုံလေးက facebook IC fan ကနေယူသုံးထားတာပါ။

Monday, February 8, 2010

ကိုယ့်အကြိုက် (ကျွန်မနှစ်သက်တဲ့ လုံချည်လေးတွေ)

ဒီတစ်ခါ မမချစ်ကြည်အေးရဲ့ တက်ဂ်ပိုစ့်လေးကို ရေးရတာ အတော်လေးတော့ မျက်နှာငယ်မိသား။ သူ့ရဲ့ မူရင်းပိုစ့်လေးကို ဖတ်ရတုန်းကတော့ အားကျလိုက်တာ။ လုံချည်လေးတွေကို ဓာတ်ပုံတွေနဲ့တကွ ခင်းကျင်းပြသထားလိုက်တာကလည်း သွားရည်ယိုချင်စရာပါ။ မမက တခုတ်တရနဲ့တက်ဂ်ပေးလို့ ကျေးဇူးလည်း အရမ်းတင်ပါရဲ့။ ဒါနဲ့ပဲ ဒီတက်ဂ်ပိုစ့်လေးအတွက် ငါ့မှာ မရှိရှိတာလေးတွေကို ကုတ်ခြစ်ကြွားမယ်ဆိုပြီး ရှာလိုက်ဖွေလိုက်တာ ဘီရိုတစ်ခုလုံးသာ ပွစာကြဲသွားတယ် လုံချည်အရေအတွက်က လက်တစ်ဖက်စာတောင် မပြည့်ခဲ့ဘူး။

အဲဒီလိုပြောလို့ လုံချည်မကြိုက်သူလို့ မထင်လိုက်ကြပါနဲ့နော်။ ကျွန်မက လုံချည်ဝတ်ရတာကို သိပ်နှစ်သက်တဲ့သူတစ်ယောက်ပါ။ မြန်မာပြည်မှာ ဂျီတီစီ တက်ခဲ့တဲ့ ကာလတစ်လျှောက်လုံးရော၊ ရန်ကုန်မှာ အလုပ်ဝင်ခဲ့တဲ့ ကာလတစ်လျှောက်လုံးရော လုံချည်ကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့တဲ့သူပါ။ လုံချည်လေးဝတ်ပြီး သနပ်ခါးပါးကွက်ကျားလေးနဲ့ နေခဲ့ရတဲ့ ကာလလေးတွေကို တကယ်ပဲ လွမ်းဆွတ်မိပါရဲ့။ ဒီကိုလာမယ်ဆိုတော့ ကျွန်မနှစ်သက်တဲ့ လုံချည်လေးတွေကို နှမြောတသစွာနဲ့ အကုန်ထားပစ်ခဲ့တာလေ။ မေမေကတော့ တကယ်လို့များ ၀တ်စရာအခွင့်အလမ်းပေါ်ခဲ့ရင် ၀တ်ရအောင်ဆိုပြီး အချိတ်ထမီလေးတစ်ထည်နဲ့ အပေါ်က ဇာအဖြူရောင်အင်္ကျီလေးရယ် နောက်ထပ် အုန်းခွံရောင် ပါတိတ်ဝမ်းဆက်လေး တစ်စုံရယ် လိုရမယ်ရဆိုပြီး ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ အိမ်နေရင်း ၀တ်ချင်ဝတ်ရအောင်ဆိုပြီး ချည်လုံချည်လေးနှစ်ထည်ပါလာတယ်။ ဒါပဲရှိတယ်။ အဲဒါကြောင့်မို့ မမရေ.....ညီမလေး နှစ်သက်တဲ့လုံချည်လေးတွေ အကြောင်းကို မျက်နှာငယ်ငယ်နဲ့ စာနဲ့ပဲရေးပြီး ပြောပြလိုက်ပါတယ်နော်။

ကျွန်မအနေနဲ့ လုံချည်ကို စ၀တ်ဖူးတာ ခြောက်တန်းကျောင်းသူ ဘ၀မှာပါ။ အဲဒါကလည်း ကျွန်မတို့တွေ ဖေဖေတာဝန်ကျခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လိုက်သွားရတော့ ဟိုမှာက ကျွန်မတို့ပြည်မဘက်မှာလို အဖြူအစိမ်းကို ၀တ်ချင်သလို ၀တ်လို့မရပါဘူး။ လုံချည်အစိမ်းနဲ့ ရင်ဖုံးရင်စေ့ အဖြူလေးတွေကို တွဲဖက်ပြီးဝတ်ရတာပါ။ အဲဒီတုန်းကတော့ ကျွန်မတော်တော် စိတ်ကျဉ်းကျပ်ခဲ့ပါတယ်။ ကျွန်မက ငယ်ငယ်လေးကတည်းက အဖေကို အကပ်များတဲ့ သမီးဆိုတော့ ဖေဖေကလည်း ကျွန်မကို တော်တော်ချစ်တဲ့အပြင် အ၀တ်အစားဝတ်ဆင်တော့လည်း ယောကျာ်းလေးတစ်ယောက်လိုပဲ ၀တ်ဆင်စေခဲ့တာပါ။ အဲဒီတော့ကာ ကျွန်မငယ်ငယ်လေးကတည်းက ၀တ်ဆင်ခဲ့တာက ဘောင်းဘီတို ဘောင်းဘီရှည် တီရှပ် စပိုတ့်ရှပ် စတာတွေပါပဲ။ အဲ...မြစ်ကြီးနားကိုလည်းရောက်ရော ကျွန်မအခက်တွေ့ပါရောလား။ ပြီးတော့ ကျွန်မက ရင်ဖုံးရင်စေ့ဝတ်ရမှာကိုတော့ဖြင့် အတော်စိတ်အိုက်သူတစ်ယောက်ပါ။ ကိုယ့်ကိုကိုယ် မလုံခြုံသလိုခံစားမိတယ်။ အဲဒါကြောင့် ကျွန်မက ဘယ်လိုလုပ်သလဲဆိုတော့ ရင်ဖုံးရင်စေ့တွေ အပေါ်ကနေ ရှပ်အင်္ကျီ ပွပွကြီးတွေကို ထပ်ဝတ်ပစ်လိုက်တယ်လေ။

အဲဒီလိုနဲ့ ဖေဖေက ပြည်ကို ပြန်ပြောင်းရတော့လည်း ကျွန်မက ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားတာပါပဲ။ ဒါပေမယ့် ကိုးတန်းကျောင်းသူဘ၀ရောက်တော့ ကျောင်းမှာလုံချည်က မဖြစ်မနေ၀တ်ရပါပြီ။ ကျွန်မတို့ပြည်ကျောင်းမှာက အပေါ်အင်္ကျီကို ရင်ဖုံးရင်စေ့ ၀တ်စရာ မလိုတော့ကာ အဆင်တော့ပြေပါသေးတယ်။ ဒါကတော့ ကျွန်မ၀တ်ခဲ့ဘူးတဲ့ အဖြူအစိမ်းလုံချည်လေးတွေ အကြောင်းပေါ့နော်။

ကျွန်မအနေနဲ့ အပြင်လုံချည်ကို စတင်ပိုင်ဆိုင်ဖူးတာ စတင်ဝတ်ဆင်ဖူးတာကတော့ ဂျီတီစီ ပထမနှစ်စတက်တဲ့ အချိန်မှာပဲပေါ့။ အဲဒီတုန်းက စိန်မိုက်ကယ်ဆိုတဲ့ ထမီရှောရှောလေးတွေ တအားခေတ်စားတာလေ။ မေမေက ကျွန်မကို စိန်မိုက်ကယ် ထမီလေး သုံးထည်ကို ကျောင်းကိုဝတ်ဖို့အတွက် စပြီးဝယ်ပေးခဲ့တယ်။ ဒါ့အပြင် မေမေက သိမ်းထားတဲ့ သူမရဲ့ ထမီလေးတွေထဲက ကျွန်မနဲ့ လိုက်ဖက်မယ်ထင်တဲ့ ကောင်းနိုးရာရာလေးတွေကိုလည်း ထုတ်ပေးခဲ့သေးတယ်။ ကျွန်မက စိန်မိုက်ကယ်လိုမျိုး ထမီလျှောလျှောလေးတွေကိုပဲ ၀တ်ရတာ သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းကို စက်ဘီးနဲ့သွားရတာဆိုတော့ ထမီကတုတ်နေရင် စက်ဘီးစီးရတာ အဆင်မပြေဘူးလေ။ ခုနလို အစလေးတွေကျတော့ အဆင်ပြေတယ်။ အဲဒါကြောင့် ကျောင်းတက်တုန်းက ကျွန်မဆီမှာ ပါတိတ်တို့ ချည်ထည်တို့ သိပ်မရှိခဲ့ဘူး။

မှတ်မှတ်ရရ တစ်ရက် မေမေပေးထားတဲ့ ကချင်လုံချည်လေးတစ်ထည်ကိုဝတ်ပြီး ကျောင်းကိုသွားတာ ဘယ်လိုမှ အဆင်မပြေပဲ ထမီက တော်တော်တုတ်နေတော့ကာ လမ်းလျှောက်လိုက်တိုင်း အောက်နားကို ဆောင့်ဆွဲလိုက်သလိုဖြစ်ပြီး အောင်နားတွေပြဲကုန်ပါတယ်။ အပြဲကို အတွင်းထဲကထားပြီး လှည့်ဝတ်လိုက်ပြန်တော့လည်း နောက်တစ်ဖက်ထပ်ပြဲပါတယ်။ ကျောင်းမှာ ထမီအောက်နားအပြဲ ပတ်ပတ်လည်နဲ့ အဲဒီနေ့ကတော့ ရှက်လိုက်တာမှ ပြောမနေပါနဲ့တော့။ အဲဒီကတည်းကကျောင်းကို ချည်ထည်မ၀တ်တော့တာပါ။

အဆင်ကတော့ ဘယ်လိုမျိုးကိုကြိုက်သလဲဆိုရင် အနက်ခံ၊ နက်ပြာခံ၊ မီးခိုးရင့်ရင့်၊ နီညိုခံ စတာတွေပေါ်ကမှ အပွင့်နုပ်နုပ်လေးတွေ၊ အစက်အပြောက် အလုံးသေးသေးလေးတွေကို တအားသဘောကျတာပါ။ အဲဒီအရာင်တွေကို ပြောင်ဆိုရင်လည်းကြိုက်တယ်။ ကျွန်မက အရောင်နုနုတွေ ပန်းပွင့် ပန်းခက်တွေကို သဘောမကျတတ်ခဲ့ဘူး။ ဒါကြောင့် ကျွန်မမှာ ရှိတဲ့ ထမီဆင်တွေကဆိုရင် ထပ်နေတတ်ပါတယ်။ သူငယ်ချင်းတွေကဆိုရင်လည်း သိနေကြပြီ။ ဒါဆိုရင် အင်ကြင်းကြိုက်တတ်တဲ့ အဆင်မျိုး၊ ဒါဆိုရင် အင်ကြင်းမကြိုက်တဲ့အဆင်မျိုး စသည်ဖြင့်လေ ။ ကျွန်မရဲ့မွေးနေ့ကိုရောက်တိုင်းလည်း သူတို့က ကျွန်မ ကြိုက်တတ်တဲ့ အဆင်လေးတွေကို တခုတ်တရရှာဝယ်ပြီး လက်ဆောင်ပေးတတ်ကြတယ်။

ကျွန်မတို့ကျောင်းတက်တဲ့ အချိန်တွေတုန်းက အေစကပ်တို့၊ ဘေးခွဲတို့ ၊နောက်ခွဲတို့ လမ်းလျှောက်လိုက်ရင် ၀င်းကနဲ ၀င်းကနဲ (ခြေသလုံးကို ပြောတာပါ) ပေါ်သွားတတ်တဲ့စကပ်တို့ စတာတွေခေတ်စားတဲ့ အပြင် သူများတွေက အဲဒီစကပ်တွေကို စတိုင်အမျိုးမျိုးနဲ့ ၀တ်ခဲ့ကြပေမယ့် ကျွန်မကတော့ ရိုးရိုးလုံချည်ကိုပဲ ကျောင်းပြီးသည်အထိ စွဲစွဲမြဲမြဲ ၀တ်ခဲ့တာပါ။ ပြီးတော့ ကျွန်မတို့ ကျောင်းတက်တုန်းက လက်တွေ့ထဲမှာ ပန်းရံတို့ လက်သမားတို့ လုပ်ရတဲ့ အချိန်တွေပါပါတယ်။ ကိုယ်ကိုယ်တိုင် ရွေဘော်ထိုးရတယ်၊ လွှဆွဲရတယ်၊ မဆလာသယ်ရတယ်၊ အုတ်စီရတယ်။ အဲဒီတော့ကာ ခုနလိုစကတ်မျိုးတွေနဲ့သာဆိုရင် ကျွန်မကတော့ဖြင့် ဘယ်လိုမှကို အလုပ်ဖြစ်လိမ့်မယ် မထင်မိဘူး။

အဲဒီလိုနဲ့ ကျောင်းပြီးလို့ရန်ကုန်မှာ အလုပ်ဝင်ခဲ့တော့လည်း အလုပ်ကို ထမီလေးတွေဝတ်ပြီးတော့ပဲ ဆင်းခဲ့တာပါ။ ဒါပေမယ့် ရန်ကုန်ရောက်တော့ ချည်ဝမ်းဆက်လေးတွေဝတ်လို့ အဆင်ပြေသွားပြီလေ။ စက်ဘီးစီးစရာမှ မလိုတော့တာ။ ဘတ်စ်ကားနဲ့ဆိုတော့ အဆင်ပြေတယ်လေ။ ကျွန်မရဲ့ အလုပ်ထဲကို ၀တ်တဲ့ ထမီလေးတွေအကုန်လုံးဟာဆိုရင်လည်း အောက်နားတွေက အကောင်းတစ်ခုမှ သိပ်မရှိပါဘူး။ ထမီနဲ့ပဲ တိုက်ပေါ်တွေကို တက်ပြီးသံချောင်းတွေ စစ်ရတယ်၊ ကွန်ကရစ်လောင်းတဲ့ အချိန်တွေဆိုရင်လည်း တစ်ချိန်လုံး အနားနားမှာ နေနေရတာမျိုးဆိုတော့ ထမီတွေမှာက သံချောင်းနဲ့ ငြိထားတဲ့ အပြဲအရှရာတွေ၊ ကွန်ကရစ်အရည်တွေစင်ထားလို့ ဘိလပ်မြေအစက်တွေနဲ့ ပွစာကြဲနေတာမျိုးတွေချည်းပါပဲ။ ဒါပေမယ့်လည်း ကျွန်မပျော်ပါတယ်။ အဲဒီလုံချည်လေးတွေကိုပဲ နောက်ဆုံး အလုပ်ထွက်တဲ့ အချိန်အထိ မြတ်မြတ်နိုးနိုး ၀တ်ဆင်ခဲ့တယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ ကျွန်မဒီလိုလာတော့မယ်ဆိုတော့ ကျွန်မမြတ်နိုးတဲ့ လုံချည်လေးတွေကို အကုန်ထားခဲ့ရတယ်။ ဒီကြားထဲ မြန်မာပြည်ကို တစ်ခေါက်ပြန်ခဲ့တုန်းကဆိုရင် ကျွန်မလုံချည်ပဲ ၀တ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့လုံချည်လေးတွေက မရှိတော့ဘူး။ ဘယ်ရောက်ကုန်တာလဲဆိုတော့ မေမေနဲ့ ညီမလေးက သူများတွေကို ပေးပစ်လိုက်ပြီတဲ့။ ကျွန်မလည်း စိတ်မကောင်းစွာနဲ့ပဲ မေမေနဲ့ညီမလေးတို့ရဲ့ ထမီတွေကိုပဲ ယူဝတ်ပစ်ခဲ့လိုက်တယ် :))

အင်း....နောက်ဆုံးအနေနဲ့ သေချာတာ တစ်ခုကတော့ ကျွန်မရဲ့ ဘ၀မှာ ဘယ်နေရာ ဘယ်လိုဒေသမျိုးကိုပဲရောက်နေနေ ကျွန်မမြတ်နိုးခဲ့ရတဲ့ လုံချည်လေးတွေကိုတော့ဖြင့် ဘယ်တော့မှ မေ့လို့ရမယ် မဟုတ်ဘူးဆိုတာပါပဲ။

(ကဲ...မမချစ်ကြည်အေးရေ...ညီမလေး ကြိုးစားပြီးရေးပေးလိုက်တယ်နော်။ ရှိတဲ့လုံချည်လေးတွေကိုတော့ ဓာတ်ပုံရိုက်ပြီး မပြတော့ပါဘူး။ တော်ကြာ ကျွန်မမှာ ဒါတွေပိုင်ဆိုင်ပါတယ်လို့ ကြွားရာမရောက်ပဲ ကျွန်မမှာ ဒါလေးတွေပဲရှိတာပါလို့ သနားစရာဖြစ်နေမှာစိုးလို့လေ...တော်ကြာသနားပြီး မောင်နှမတွေက ထမီတစ်ယောက်တစ်ထည်စီဝယ်ပြီး လက်ဆောင်ပေးနေမှဖြင့် မယူရင်လည်း အချင်းချင်းမျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာစိုးလို့ :)))))