Pages

Sunday, January 31, 2010

အမြဲတမ်းအတွက် ထာဝရအတွက်

ရုံးတက်ရက် နေ့ခင်းထမင်းစားချိန်မို့ စားသောက်ဆိုင်ခန်းများ တစ်လျှောက်မှာ လူတွေက ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။ ဆိုးရွားတဲ့ အနံ့ အသက်များနဲ့အတူ ဇွန်းသံ၊ ပန်းကန်သံများ ကျယ်လောင်စွာစကားပြောသံများ၊ ရီသံများနဲ့ စိတ်ရှုပ်ထွေးစရာ ကောင်းလွန်းလှ၍ ကျွန်မ စားလက်စ ခေါက်ဆွဲပန်းကန်ကို မြန်မြန်လက်စသိမ်းကာ အပြင် လူသွားစင်္ကြန်ဖက်ကို အမြန်ထွက်လာခဲ့မိသည်။ သို့သော်လည်း စင်္ကြန်တစ်လျှောက် အရောက်တွင် ပို၍ပင် စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းသည်များကို ကြုံတွေ့ရလေတော့သည်။ အလွန်အင်မတန်မှ ယဉ်ကျေးလှတဲ့ နိုင်ငံကြီးသားများ ပီသစွာ တစ်ဦးနဲ့တစ်ဦး တိုးကာတိုက်ကာဖြင့် စားသောက်ဆိုင်များ၌ သူတို့အတွက် မကျန်ရှိတော့မှာကို စိုးရိမ်ကြီးသည့် အလား အလုအယက် သွားလာနေကြတဲ့လူတွေလေ။ တခြားလူကို ၀င်တိုက်သွားမိသည့် အတွက်လည်း ဘယ်လိုမှတောင် မနေကြပါဘူး။ “ဆောရီး” ဆိုတဲ့ တောင်းပန်စကားလေးတစ်ခွန်း ပြောဖို့ဆိုတာတောင်မှ သတိမရနိုင်ကြလောက်အောင် ပျာယာတွေခတ်နေကြတာလေ။ အဲဒီလိုလူတွေကြားထဲမှာ ကျွန်မ စိတ်မကြည်မလင်နဲ့ စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာရင်း ရုတ်တရက် ဆိုသလို ညစ်ညူး ဒေါသထွက်နေတဲ့ ကျွန်မရဲ့ စိတ်အစဉ်ကို တမဟုတ်ချင်း ငြိမ်းချမ်းသွားစေမယ့် မြင်ကွင်းလေးတစ်ခုက ကျွန်မရဲ့ရှေ့မှာ။

အသက် ၇၀ကျော်ခန့် အရွယ်စုံတွဲ အဘိုးနဲ့အဘွားနှစ်ဦးရယ်ပါ။ ကျွန်မအထင်ဖြင့် စားသောက်ဆိုင်တန်းတစ်လျှောက် စားသောက်စားပွဲဝိုင်းများတွင် တစ်ရှူးများ လိုက်လံရောင်းချတဲ့ အလုပ်ကိုလုပ်ကိုင်နေရသော အဘိုးနဲ့အဘွား ဖြစ်ဟန်တူပါသည်။ အဘိုးရဲ့ လက်တစ်ဖက်က တောင်ဝှေးတုတ်ကောက်လေးကို ကိုင်ကာ ကျန်တစ်ဖက်က အဘွားရဲ့ လက်ကလေးကို ဆွဲကိုင်ပြီး ရှေ့ကနေ ဖြေးဖြေးချင်း ဦးဆောင်သွားနေတာလေ။ အဘွားလုပ်တဲ့သူကတော့ တစ်ရှူးထုပ်တွေ ထည့်ထားတဲ့ အိတ်ကြီးကိုလွယ်ထားကာ လက်တစ်ဖက်ကတော့ အဘိုးရဲ့ ဆုပ်ကိုင်ထားခြင်းကို ခံထားရပြီး ကျန်တစ်ဖက်က ရောင်းချရန် တစ်ရှူးထုပ်လေးများကို ကိုင်ကာ အဘိုးရဲ့ ခေါ်ဆောင်ရာနောက်ကို တရွေ့ရွေ့ခြင်း လိုက်ပါလျက်။ သူတို့နှစ်ဦးကို ကြည့်ရတာ ရှုပ်ထွေးလှတဲ့ လူတွေကြားထဲမှာ တစ်ဦးနဲ့ တစ်ဦး မျက်စိအောက်ကပျောက်သွားမှာ၊ လက်တွဲလေးတွေပြုတ်သွားမှာကို စိုးရိမ်နေဘိသည့်အလား။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး ကြင်နာမှုတွေ ဖေးမမှုတွေ အပြည့်အ၀နဲ့ တရွေ့ရွေ့သွားနေပုံလေး။ သူတို့ရဲ့ မျက်နှာလေးတွေကို ကြည့်ရတာကလည်း တကယ်ကို ကြည်လင်အေးမြနေတာပါပဲ။ ကျွန်မ သူတို့နှစ်ဦးကို ကြည့်ရတာ ကြည်နူးငြိမ်းချမ်းလွန်း၍ ကျော်တက်မသွားပဲ လူသွားလမ်းအဆုံး ကားလမ်းကူးသည့် နေရာလေးကို ရောက်သည်အထိ နောက်ကနေ အသာလေးကြည့်ရင်း လိုက်သွားမိသည်။ ကားလမ်းကူးသည့်နေရာရောက်လို့ သူတို့နဲ့ လမ်းခွဲခဲ့ရပေမယ့်လည်း ကျွန်မရဲ့စိတ်အစဉ်ထဲတွင် ထိုမြင်ကွင်းလေးက စွဲလို့နေသည်။ လောကကြီးမှာ ဒီလို ဘ၀ရဲ့ နေ၀င်ချိန်တွေအထိ တစ်ဦးနဲ့ တစ်ဦး သစ္စာတွေ၊ မေတ္တာတွေမပျက်ပဲ ကြင်နာဖေးမစွာနဲ့ အေးအတူပူအမျှ နေထိုင်သွားကြတယ်ဆိုတာ ဒီခေတ်ကြီးထဲမှာတော့ တကယ့် ကို ရှားရှားပါးပါးပါပဲ။

တစ်ဆက်တည်းမှာပဲ ကွယ်လွန်သွားရှာခဲ့ပြီ ဖြစ်တဲ့ ကျွန်မရဲ့ အဘိုးနဲ့ အဘွား (ကျွန်မမေမေရဲ့ အဖေနဲ့အမေ) အကြောင်းကို စိတ်အစဉ်က ရောက်သွားမိသည်။ တကယ်တမ်း တွေးကြည့်လိုက်တော့မှ အဘိုးနဲ့ အဘွားဟာ တစ်ဦးကို တစ်ဦး သိပ်ကို သံယောဇဉ်ကြီးခဲ့ကြရှာတာပါလား။ နှစ်ဦးစလုံးက တစ်နယ်တစ်ကျေးဆီက ဖြစ်သော်လည်း မကွေးတိုင်း အောင်လံမြို့နယ်မှာရှိတဲ့ ရွာလေးတစ်ရွာကို ရောက်ရှိလာကြကာ တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံ မေတ္တာမျှခဲ့ကြတယ်။ နှစ်ဦးသား ထိမ်းမြားလက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ အဘွားက သမီးတွေချည်း ခြောက်ယောက် မွေးဖွားခဲ့ပါတယ်။ ထိုရွာလေးမှာ အဓိက လုပ်ငန်းက လယ်ယာလုပ်ငန်း ဆိုပေမယ့်လည်း အဘိုးက သမီးတွေအားလုံးကို ပညာတတ်ကြီးတွေဖြစ်စေချင်လို့ လယ်ယာလုပ်ငန်းကို သူများနဲ့ပေးလုပ်ခိုင်းပြီး သူကိုယ်တိုင်ကတော့ မုန့်ဖတ် (မုန့်ဟင်းခါးဖတ်) လုပ်တဲ့ မုန့်ပေါင်းဖိုကြီးကို ထူထောင်ကာ အနီးအနားမှာရှိတဲ့ ရွာတွေကို မုန့်ဖတ်တွေ လက်လီလက်ကား ရောင်းချပြီး သမီးတွေ အကုန်လုံးကို ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တာလေ။ သမီးတွေအများကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းနေဖို့ရာ အတွက်လည်း ဧရာတီမြစ်ကမ်းဘေးမှာ ခြံကျယ်ကြီးကို ၀ယ်ကာ အိမ်အကြီးကြီးကိုလည်း တည်ဆောက်ခဲ့သေးတာပါ။

ဒါပေမယ့်လည်း သမီးတွေအားလုံးက ပညာတွေတတ်မြောက်ပြီးတဲ့အခါ မြို့ရွာအသီးသီးမှာ အလုပ်တာဝန်တွေကျ အိမ်ထောင်တွေကျသွားတဲ့ အခါကျတော့ အဲဒီခြံကြီးမှာ အဘိုးနဲ့ အဘွားနှစ်ယောက် တည်းပဲ ကျန်ရစ်ခဲ့တော့တယ်လေ။ သားသမီး မြေးမြစ်တွေက နွေရာသီ ကျောင်းပိတ်ရက်လိုမျိုး သီတင်းကျွတ် ရက်ရှည် ကျောင်းပိတ်ရည်တွေလိုမျိုးမှသာ အဘိုးနဲ့ အဘွားဆီကို ရောက်နိုင်ကြတော့တယ်။ သမီးတွေက မြို့မှာ အတူလာနေဖို့ ဘယ်လောက်ပဲ ခေါ်ခဲ့ပေမယ့်လည်း အဘိုးရော အဘွားရောက သူတို့နှစ်ဦးရဲ့ ဘ၀လေးကို စတင်ခဲ့တဲ့ ဒီခြံနဲ့ အိမ်ကို လုံးဝမစွန့်ခွာခဲ့ကြပဲ တစ်ဦးနဲ့တစ်ဦး ဖေးမစောင့်ရှောက်ကာနဲ့ပဲ နှစ်ဦးတည်း နေထိုင်ခဲ့ကြတာလေ။ အဘိုး သို့မဟုတ် အဘွား တစ်ယောက်ယောက်များ မြို့ကို ခဏ လာရောက်လည်ပတ်ပြီ ဆိုရင်လည်း ဘယ်လိုမှ ရက်ကြာကြာ မနေနိုင်ကြပါဘူး။ ရွာမှာကျန်ခဲ့တဲ့ တစ်ယောက်အတွက်ကို စိတ်မဖြောင့်ကြရှာဘူးလေ။ ရက်အနည်းငယ်နေပြီးတာနဲ့ ချက်ချင်းပြန်ပို့ခိုင်းကြတော့တာပါပဲ။

အဲဒီလိုနဲ့ အဘိုးနဲ့ အဘွား အသက်တွေ တဖြည်းဖြည်းရလာပြီး အဘိုး မကျန်းမမာ ဖြစ်လာတဲ့အခါကျတော့ မေမေတို့ ညီအမတွေ အလှည့်နဲ့ တစ်ယောက်တစ်လဲ သွားရောက် ကြည့်ရှု စောင့်ရှောက်ခဲ့ကြပါတယ်။ မြို့မှာဆေးကုသမှုခံယူဖို့ အဘိုးကို ဘယ်လိုမှခေါ်လို့မရခဲ့လို့လေ။ ကျွန်မ မှတ်မိပါသေးတယ်။ မေမေ အဘိုးတို့ အဘွားတို့ဆီကို သွားရတော့မယ်ဆိုရင် ကျွန်မနဲ့ ညီမလေးပါ ကျောင်းကနေ ခွင့်ရက်ရှည်တွေယူကာ လိုက်သွားရတာကိုလေ။ အဆုတ်ကင်ဆာဝေဒနာကို ခံစားနေရတဲ့ အဘိုးဟာ မှတ်ဥာဏ်တွေလည်းချို့ယွင်းကာ သတိရတစ်ချက် မရတစ်ချက်နဲ့ ဖြစ်နေတတ်ခဲ့တာ။ အရင်တုန်းကဆိုရင် အဘိုးက အိမ်ရှေ့ခန်း ဘုရားစင်ဘေး ကပ်လျက်နေရာမှာ အိပ်စက်ပြီး အဘွားက အိမ်ခန်းထဲမှာ အိပ်စက်ခဲ့ပေမယ့် အဘိုးနေမကောင်းဖြစ်တဲ့ အချိန်ကစလို့ အဘွားဟာ အဘိုးရဲ့ အိပ်ရာဘေးလေးမှာ ခြင်ထောင်တောင်မထောင်ရှာပဲ (အဖိုးကညဖက် ရုတ်တရက်နှိုးလာတာမျိုး...အဖိုးကို တစ်ခုခုလုပ်ပေးဖို့ လိုအပ်တာမျိုးဆိုရင် အဆင်သင့်ဖြစ်နေနိုင်အောင်လို့ ဆိုပါတယ်) ခွေခွေလေး အမြဲစောင့်အိပ်ရှာတာပါ။ ကျွန်မတို့ မေမေတို့ တွေကလည်း အဖိုးနဲ့ မလှမ်းမကမ်းမှာပဲ အိပ်ကြတာမို့ အဘွားကို ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့ ပြောပေမယ့်လည်း ဘယ်လိုမှ မရခဲ့ပါဘူး။ အဘိုးအတွက် ဝေယျာဝိစ္စမှန်သမျှကိုလည်း တခြားသူတွေ လုပ်ပေးတာကို မလိုလားခဲ့ပဲ အဘွားကပဲ ဘေးကနေ လိုအပ်တာမှန်သမျှကို တောက်လျှောက် ဒိုင်ခံလုပ်ပေးခဲ့တာ အဘိုး ဘ၀ရဲ့ နောက်ဆုံးအချိန်အထိပါပဲ။ အဘိုး ဆုံးသွားတော့ အဘွားလည်း အရုပ်ကြိုးပြတ် ဖြစ်ပြီး ကျန်ခဲ့ရရှာတာပါ။

အဘိုးမရှိတော့တဲ့ အခါကျတော့ အဘွားကို ရွာမှာတစ်ယောက်တည်းထားဖို့လုံးဝမဖြစ်နိုင်ဘဲ မြို့ကိုခေါ်ထားဖို့ ရာကို ဘယ်လောက်ပဲ နားချခဲ့ပေမယ့် အဘွားက ဘယ်လိုမှ လက်မခံခဲ့ပါဘူး။ အဘိုးရဲ့ အရိပ်အငွေ့တွေ ရှိနေတဲ့ ရွာက အိမ်နဲ့ခြံကြီးကို အဘွားက ဘယ်လိုမှ ခွဲခွာမသွားချင်ခဲ့ဘူးလေ။ အဲဒီတော့ ကျွန်မရဲ့ အဒါ် ကျောင်းဆရာမတစ်ယောက်က အဘွားနဲ့ အတူနေနိုင်ဖို့အတွက် အဘွားတို့ရွာနားက ကျောင်းကို လုပ်ငန်းတာဝန် ပြောင်းရွှေ့ယူခဲ့ပြီး ကျွန်မအဒေါ်တို့ တစ်မိသားစုလုံး အဘွားနဲ့အတူ လာရောက်နေထိုင်ပေးခဲ့ကြပါတယ်။

အဲဒီလိုနဲ့ အဘွားလည်းတဖြည်းဖြည်းနဲ့ အသက်၉၀ ကျော်လာတော့ ဇရာရဲ့ ဒဏ်ကိုခံလာရပါပြီ။ အဘွားရဲ့ ကျန်းမာရေးအတွက် မြို့မှာနေထိုင်နေတဲ့ မေမေတို့ ညီအစ်မတွေက အဘွားကို မြို့ကိုခေါ်ထားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ပြုလုပ်ပေးကာ အနားမှာ တစ်ယောက်တလဲ လိုလေသေးမရှိ ပြုစုပေးနေခဲ့ပေမယ့် အဘွားဟာ သူ့ကို ရွာကိုပဲ ပြန်ပို့ပေးဖို့ကို တစ်ချိန်လုံး တောင်းဆိုနေခဲ့တာပါ။ အဘွားက သူ့ကိုယ်သူလည်း သိပ်မနေရတော့ဘူးဆိုတာ ရိပ်မိနေတော့ သူဟာ အဘိုးခေါင်းချသွားတဲ့ ရွာကအိမ်မှာပဲ ပြန်ပြီးခေါင်းချချင်ခဲ့တာလေ။ ဒါပေမယ့် ရွာမှာဆိုရင် ဆရာဝန်မရှိ ဆေးဝါး အာဟာရ တစ်ခုခုကို အရေးတကြီးလိုအပ်ခဲ့ရင်လည်း ၀ယ်ဖို့ နေရာက အဆင်သင့်ရှိတာ မဟုတ်တော့ သမီးတွေအားလုံးက ပြန်မပို့ချင်ခဲ့ကြဘူး။ ဒါပေမယ့်လည်း သနားစရာကောင်းလွန်းလှတဲ့ အဘွားကို သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်လေးမှာ သူ့ရဲ့ ဆန္ဒလေးကို လိုက်လျောလိုက်ကြမယ် ဆိုပြီး မရတော့ဘူးဆိုတာ သိသိနဲ့ပဲ အဘွားကို ရွာကို ပြန်ခေါ်သွားပေးခဲ့ကြတယ်။ ရွာကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ အဘွားဟာ သူသိတ်ချစ်၊ သိတ်သံယောဇဉ်ကြီးရှာတဲ့ သားသမီးမြေးမြစ်တွေ နဲ့အတူ ဒီအိမ်ကြီး၊ ဒီခြံကြီး အားလုံးကို ချန်ထားရစ်ခဲ့ကာ အဘိုးရဲ့နောက်ကို လိုက်သွားခဲ့ရှာပါတော့တယ်။

မေမေတို့ ညီအမခြောက်ယောက်ကနေ မွေးဖွားခဲ့ကြတဲ့ ကျွန်မတို့ ညီအစ်ကိုမောင်နှမ၀မ်းကွဲ တွေဟာဆိုရင် အဘိုးနဲ့ အဘွားကို သိပ်ချစ်ကြတာပါ။ အဘိုး နဲ့ အဘွားဟာ ကျွန်မတို့ မောင်နှမ၀မ်းကွဲတွေအားလုံးကို ၀မ်းကွဲလိုစိတ်မျိုးမထားပဲ မောင်နှမရင်းချာတွေလို ချစ်တတ်အောင် သွန်သင်ပေးခဲ့ကြတယ်။ ကျွန်မတို့တွေ အားလုံးအဖို့တော့ အဘိုးနဲ့ အဘွားမရှိတော့တာဟာ ကျွန်မတို့ ဘ၀မှာ ရွှေတောင်ကြီးတွေ ပြိုခဲ့သလိုပါပဲ။ ကျွန်မတို့မြေးတွေက အဘွားကိုများ ဘယ်လောက်ထိချစ်ကြလဲဆိုရင် အဘွားကို အဘွားလို့ခေါ်ကြတာ မဟုတ်ပါဘူး။ “အမေ”လို့ပဲခေါ်ခဲ့ကြတာပါ။ မောင်နှမတွေစုမိလို့ အဘိုးနဲ့ အဘွားအကြောင်းကို ပြန်ပြောဖြစ်ကြပြီ ဆိုရင်လည်း အခုထိ မျက်ရည်တွေကျရတုန်းပါပဲ။

အဘိုးနဲ့ အဘွားဟာ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာစွာ၊ သံယောဇဉ်တွေကြီးစွာနဲ့ နားလည်မှုတွေ မေတ္တာတရားတွေနဲ့ လက်တွဲမဖြုတ် ဖေးမစောင့်ရှောက်ကာ နေထိုင်သွားခဲ့ကြတယ်။ တကယ်လို့များ အဘိုးနဲ့အဘွား နောင်ဘ၀ တစ်နေရာမှာ ပြန်လည်ဆုံဆည်း ဖြစ်ခဲ့ကြရင်လည်း အခုဘ၀မှာလိုပဲ သားသမီးမြေးမြစ်တွေနဲ့ မခွဲမခွာထာဝရ ချမ်းမြေ့ပျော်ရွှင်တဲ့ မိသားစုရိပ်မြုံကြီးကို ထပ်မံတည်ဆောက်နိုင်ပါစေ လို့လည်း ကျွန်မ ရင်ထဲမှာ အမြဲဆုတောင်းနေမိပါသေးတယ်။

လောကကြီးမှာရှိတဲ့ ချစ်သူ ဇနီးမောင်နှံတွေ အားလုံးလည်း တစ်ဦးနဲ့ တစ်ဦး နားလည်မှုအလွဲတွေ၊ အမုန်း အာဃာတ တရားတွေ ကင်းစင်ကာ ကျွန်မရဲ့ အဘိုးနဲ့ အဘွားလိုပဲ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေအထိ ချစ်ခင်ကြင်နာစွာ ထာဝရလက်တွဲတွေ ခိုင်ခိုင်မြဲနိုင်ကြပါစေ.......။

18 comments:

ဒဏ္ဍာရီ said...

ညီမရေ.... ပိုစ့်လေးကို ဖတ်ရင်း စိတ်မကောင်းလည်း ဖြစ်ရသလို သံဝေဂလည်း ရမိတယ်။ အမတို့ အလှည့်လည်း တချိန်မှာ ရောက်လာမှာပဲ လို့ပေါ့။ ပုံလေးနဲ့ သီချင်းလေးနဲ့ လိုက်သွားအောင် မြန်မာမှုပြုပြီး သန္တာဦး ဆိုထားတဲ့ စလည်ဝင်အိုးလေး ဆိုတဲ့ သီချင်းလေးလိုပေါ့။း)
စတာနော်..။

ခင်မင်လေးစားလျှက်

THE STARRY NIGHT said...

မမအင်ကြင်းလည်း...မမအဘိုးနဲ့အဘွားလို သားတသိုက် မြေးတသိုက်နဲ့ ဘ၀ရဲ့နောက်ဆုံးအချိန်ထိ
ကြင်နာသူနဲ့ပျော်ရွှင်နိုင်ပါစေဗျာ.........

chit su said...

good post for us..... I didn't see grandmother from my daddy side and grandfather form my mom side. My mother side grandmother was alot of control me everything. I very crossed eye to her when I was young :).... Now I miss her alot.. :(

Love is never end............




Love With
chit su

shwezinu said...

ညီမရေ

သိပ်ချစ်စရာ ကောင်းတဲ့ post လေးပါဘဲ
ဒီလို အဖိုးအဖွား ရဲ့မြေးဖြစ် ခဲ့တဲ့ ညီမ အင်ကြင်း အတွက် ဂုဏ်ယူပါတယ်နော်

ချော (အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တာ ညီမလေးရယ်.. ဖတ်ရတာ ရင်ထဲကို စွဲသွားတာပါဘဲ.. ဒီလိုအချစ်မျိုးကို အားကျမိပါရဲ့..ရှိတော့ရှိတယ်...ရှားတယ် ဆိုတာမျိုးလို ဖြစ်နေပြီ.. ခုခေတ်လူတွေနဲ့စာရင် ရှေးခတ်ကလူတွေရဲ့ အချစ်က ပိုခိုင်မြဲတယ်လို့ ပြောရမယ်ထင်ပါရဲ့..ဒီနေ့ခေတ်မှာ အိမ်ထောင်ကွဲတာ ခနခနကြားရလွန်းလို့ အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်နေခဲ့မိတာပါ... ဒီလို စာမျိုးလေးတွေ ဖတ်မိတော့လဲ အားကျမိပါတယ်...

ချစ်တဲ့
မချော

kiki said...

ကိန္နရီ ကိန္နရာ မောင်နှံလို ခိုင်မြဲ သစ္စာရှိတဲ့  အချစ်မျိုးနဲ့ ချစ်တတ်ကြတဲ့ ညီမလေးအင်ကြင်းရဲ့  အဘိုး နဲ့  အဘွား တို့ လို အချစ်မျိုး ခုခေတ်ကြီးမှာ တကယ်ပဲ ရှာမှရှားပါ ....

ညီမလေးလည်း ဒီလို အချစ်မျိုးနဲ့ တွေ့ ရပါစေ လို့  နော် ..... ။
( မတွေ့ ရင် တွေ့ အောင်ရှာပါ မသိုးထမင်း မသိုးဟင်း ပို့ ပေးလိုက်မယ် ..း))

သဒ္ဓါလှိုင်း said...

မအင်ကြင်းရေ..
ဒီနေ့မှပဲ ပိုစ့်လေးကို ဖတ်ရတော့တယ်.ပိုစ့်လေးကို ဖတ်ပြီး သဒ္ဓါ့ရဲ့ သိပ်ချစ်ရတဲ့ အဖိုးနဲ့အဖွားကို အရမ်းသတိရသွားတယ်။

ခင်တဲ့
သဒ္ဓါ

~ဏီလင်းညို~ said...

အင်ကြင်းရေ...
ဒီပို့စ်လေးဖတ်လို့ကောင်းတယ်...
အဖိုးနဲ့...အဖွားတို့ရဲ့ မပြယ်နိုင်တဲ့မေတ္တာလေးပေါ့နော့်...။
(ကွိကွိစ်ကပြောတယ်...မသိုးထမင်း..ဟင်းပို့ပေးမယ်တဲ့...။ လိုက်ရှာရအောင်...။
တစ်ကယ်လို့ သူမအားရင်... အစ်ကိုရှယ်ချက်ပေးမယ်သိလား...း))
ခင်မင်တဲ့
ဏီလင်းညို

ချစ်ကြည်အေး said...

ရှေးလူကြီးတွေက သံယောဇဉ် ပိုတွယ်တတ် ကြသလိုပဲနော်...တယောက်ရှေ့ကဆုံးတာနဲ့ ကျန်တယောက်လည်း အင်အားမဲ့တော့တာ...အဲလို အဖြစ်တွေ တွေ့ဖူးတယ်...

ညရဲ့ကောင်းကင် said...

အဖိုးနဲ့ အဖွား ဇာတ်လမ်းလေးကို ဖတ်ရတာ ကြည်နူးစရာပါဗျာ...
တကယ်ချစ်ကြတဲ့ သူတွေဟာ တသက်လုံးရိုးမြေကျ ပေါင်းဆုံနိုင်ကြတယ်...ဒါဟာလည်း သူတို့ရဲ့ ကတိသစ္စာ၊ သံယောဇဉ်၊ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးနိုင်မှုကြောင့်လို့ ကျွန်တော်တော့ ထင်တယ်လေ...
သီချင်းလေးလည်း ကောင်းပါတယ်....


ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

မောင်မိုး said...

ဟုတ်တယ်..အရင်းနှီးဆုံးတစ်စိမ်းနှစ်ဦးကို ချည်နှောင်ထားတာ အချစ်နဲ့ နားလည်မှုပဲ။ အဲင်္ဒီ နှစ်ခုမရှိရင် ကျန်တာတွေ ဘာမှ ဖြစ်မလာတော့ဘူး။ မအင်ကြင်းရဲ့ အဘိုးအဘွားတွေကို အားကျမိပါတယ်။

ခင်မင်စွာဖြင့်

Anonymous said...

အားပါး..အမြဲတမ်းအတွက် ထာဝရအတွက်ဆိုပါလား။ တော်ပါပေတယ် ရေးထားတာ။ အဘိုးနဲ့ အဘွားလိုပဲ ဘ၀ရဲ့ နောက်ဆုံးချိန်ထိ ချစ်ခင်ကြင်နာစွာ ထာဝရလက်တွဲ ခိုင်မြဲနိုင်ကြပါစေ...။
မအင်ကြင်းကိုတော့ မငိုစေချင်ဘူးဗျ။ ငိုရင်းနဲ့ ပြုံးလိုက်ပါ :D
သီချင်းကိုလည်း ခံစားသွားပါတယ်ခင်ဗျားး

စလတ

မြတ်မွန် said...

သိပ်ကောင်းတယ်ဂျင်းရေ..
ပိုစ့်လေးရော..သီချင်းလေးပါ အရမ်းကြည်နူးစရာ
ကောင်းတယ်ဂျင်း..
ချစ်တဲ့

မငုံ said...

အင်ကြင်းရေ.. ပိုစ့်ကောင်းလေး ။ ဖတ်ရင်း စိတ်ထဲမှာ လိုက်ပြီး ခံစားရတယ်။ သီချင်းပါနားထောင်သွားတယ်နော့။

အိမ် said...

ဖတ်လို့ကောင်းအောင် ရေးတတ်တာ မဆိုးဘူး တော်တယ်ဗျာ... အားကျသွားပါတယ်..။ ဒီလိုရေးနိုင်ဖို့ ကြိုးစားရဦးမယ်ဗျာ..။

အင်ကြင်းသန့် said...
This comment has been removed by a blog administrator.
လင်းကြယ်ဖြူ said...

ပျော်စရာကောင်းတဲ့ အချိန်တွေ ပြန်လည် ရရှိ ဦးမှာပါ..
ဒီလိုပါပဲ တွေ့လိုက်ဆုံလိုက် ကွဲလိုက်တြနဲ့ ..
မတည်မြဲခြင်းတွေ က တည်မြဲရင်း အုတ်မြစ်ခိုင်ခိုင်ချထထားကြလေပါရဲ့ဗျာ...
ပျော်ပါစေ...
(ပြည်သူ ပြည်သား ချင်းမို့ အားပေးပါတယ်..ဆက်လက်အောင်မြင်ပါစေခင်ဗျာ)
လေးစားစွာ
*.*.*.

ရေနွေးကြမ်း said...

ညီမလေး အင်ကြင်းရေ။ တခါမှ အလည်မလာ ဖြစ်ခဲ့ပါဘူး။ဒီတခါ အလည်ရောက်လာပြီး ရေးထားတဲ့ ပိုစ့်အဟောင်းတွေပါ ၀င်ဖတ်သွားပါတယ်။အင်ကြင်း ကစာဖတ်နာသူတယောက် ဖြစ်ပြီး အရေးအသား ကလည်း ဆွဲဆောင်မှု ရှိပါတယ်။ခံစားချက်နဲ့စာသားအသုံးအနှုန်းတွေကို သဘောကျပါတယ်။ပြီးတော့ ဖေဖေ အောင်လံသား၊ မေမေ ပြည်သူ အဖြစ်ချင်းတွေ တိုက်ဆိုင်နေလို့ ခင်မင်ပါကြောင်းနှင့် နောင်လည်း လာရောက်လည်ပတ်မည် ဖြစ်ပါကြောင်း...။