Pages

Tuesday, January 19, 2010

ရိုးရိုးလေးပဲ ဖြေလိုက်ပါတယ် (၂)

ကိုဏီလင်းညိုရဲ့ တက်ဂ်ပိုစ့်လေးမှာ ပါတဲ့ မေးခွန်းလေးနှစ်ခုမှာ ပထမမေးခွန်းလေးကို ကျွန်မအနေနဲ့ လွယ်လွယ်ကူကူဖြေလို့ ရခဲ့သလောက် ဒုတိယမေးခွန်းလေးကို ဖြေဖို့ကျတော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အိမ်ထောင်ရေး ဆိုတဲ့ အကြောင်း စဉ်းစားဖို့ ဆိုတာကို အတော်အတန် ၀န်လေးကြောက်ရွံ့နေတဲ့သူ တစ်ယောက်ဖြစ်နေလို့ပါပဲ။ ဘာဖြစ်လို့ကြောက်ရတာလဲ ဆိုတဲ့ အကြောင်းရင်းလေးတွေကလဲ ကျွန်မမှာ ရှိနေတော့လေ။ ဒီလိုပါ ကျွန်မ ဖြတ်သန်းလာခဲ့တဲ့ ဘ၀တစ်လျှောက်မှာ ကျွန်မနဲ့ အတူတူနေခဲ့ရတဲ့ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ၊ အစ်မ ၀မ်းကွဲတွေ၊ ကျွန်မရဲ့ ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အိမ်ထောင်ရေးတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်မအနေနဲ့ မြင်တွေ့ခဲ့ရတာက အဆင်ပြေတဲ့ အိမ်ထောင်ရေးဆိုတာ တော်တော်လေးကို ရှားပါးတယ်ဆိုတာကိုပါပဲ။

ပြီးတော့ ကျွန်မဆိုတဲ့သူက သိပ်ပြီးတော့ အတွေးများတဲ့သူပါ။ ရှာရှာဖွေဖွေ မရှိရှိတာ ရှာကြံပြီး တွေးတတ်တဲ့သူလေ။ အဲဒီတော့ တစ်နေ့တစ်နေ့ ကိုယ့်မျက်စိရှေ့မှာ မြင်နေ တွေ့နေရတာတွေက အဆင်ပြေမှုထက် အဆင်မပြေမှုတွေက များနေတော့လည်း ကျွန်မအနေနဲ့ အိမ်ထောင်ရေးဆိုတာကို တဖြည်းဖြည်းနဲ့ လန့်လာတာဟာ မဆန်းဘူးလို့ထင်ပါတယ်နော်။ နောက်ထပ် အံ့သြစရာကောင်းတာ တစ်ခုက အဲဒီအဆင်မပြေတဲ့ အိမ်ထောင်ရေးတွေဟာ ဘယ်သူကမှ သူတို့ကို အတင်းအကျပ်ပေးစားခဲ့ကြတာ မဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်က တစ်ဦးနဲ့တစ်ဦး မခွဲနိုင်မခွာရက် သိပ်ကိုချစ်လှပါတယ် ဆိုပြီး တည်ထောင်ခဲ့ကြတဲ့ အိမ်ထောင်ရေးတွေ ဖြစ်နေတာပါပဲ။ ဒါပေမယ့် တကယ့်ဘ၀ထဲကို တိုးဝင်ကြရတဲ့အခါကျတော့ သူတို့ရဲ့ အဲဒီရင်ခုန်သံတို့၊အချစ်တို့ဆိုတာတွေက အသုံးမ၀င်တော့ဘူး ထင်ပါရဲ့နော်။

ဒါပေမယ့် ဒီတက်ဂ်ပိုစ့်လေးကလည်း ကိုယ့်မှာ အကြွေးဆပ်ဖို့ကျန်နေသေးတာကတစ်ပိုင်း၊ တော်ကြာ အရမ်းကြာနေခဲ့ရင်လည်း သူကများ ကြီးကြီးကျယ်ကျယ် ဘာတွေများကြံစည်နေပါလိမ့်ရယ်လို့ အထင်ခံရမှာလည်းကြောက်တော့ ကြောက်ကြောက်နဲ့ပဲ ကျွန်မရဲ့ အိမ်ထောင်ဖက်ဆိုတဲ့သူကို စိတ်ကူးလေးနဲ့တော့ တွေးကြည့်လိုက်ပြီး တဂ်ပိုစ့်ရဲ့ကျန်တဲ့အပိုင်းလေးကို ရေးပေးလိုက်ပါတယ်။ (ကျွန်မဘယ်လောက် အတွေးများလည်း ဆိုတာကို အောက်ဖက်မှာ ဆက်ပြီး ဖတ်ကြည့်ပေးကြပါဦး။) ဒါပေမယ့်လည်း စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်တာနော်။ ကိုယ်ယဉ်ချင်သလောက် ယဉ်ခွင့်ရှိနေတာပဲလေ။ ဖတ်ပြီးသွားရင်တော့ ဖတ်တဲ့သူတွေရဲ့ စိတ်ထဲမှာ ကျွန်မရဲ့ အတွေးတွေဟာ အရမ်းကို ကလေးဆန်တဲ့ အတွေးတွေလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါမှမဟုတ် အတော်လေး ရီချင်စရာကောင်းနေတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မဟာ ကျွန်မရဲ့ အသက်အရွယ်နဲ့ နှိုင်းစာရင် အတော်လေးကို မရင့်ကျက်သေးတဲ့ သူတစ်ယောက်ပါလို့ ဟိုးအစောကြီးကတည်းက ၀န်ခံထားခဲ့ဘူးတာပါ။ (ကဲ.....ကျွန်မရဲ့ အတွေးတွေဟာ စိတ်ကူးယဉ်ကြည့်တာပါလို့ နောက်တစ်ခေါက် ထပ်ပြီး ပြောလိုက်ပါတယ်နော် :))

ပထမဦးဆုံး နံပါတ်တစ်အနေနဲ့ စဉ်းစားလိုက်တော့ အင်.း...... ကျွန်မရဲ့ အိမ်ထောင်ဘက်က ကျွန်မထက်ငယ်နေတာမျိုး၊ ဒါမှ မဟုတ် ကျွန်မနဲ့ရွယ်တူဖြစ်နေတာမျိုးဆိုရင်တော့ သိပ်အဆင်မပြေလောက်ဘူး လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက စိတ်လည်းကြီး၊ ဒေါသလည်းကြီးတတ်တဲ့ သူတစ်ယောက်ဆိုတော့ကာ အကယ်ရွေ့များ သူက ကျွန်မထက်ငယ်နေမယ်၊ ရွယ်တူဖြစ်နေမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အလျှော့ပေးချင်မှာ မဟုတ်လောက်ဘူးလေ။ အဲဒီလိုဆိုတော့ အမြဲတမ်း ရန်ပဲဖြစ်နေရလိမ့်မယ် ထင်တယ်နော်။ ကျွန်မထက်ကြီးတဲ့သူ ဆိုရင်တော့ ဘာပဲပြောပြော သြော်.....ကိုယ့်ထက်အကြီးပါလား ဆိုတဲ့စိတ်ကလေးနဲ့ ရိုသေလေးစားမှုလေး ရှိနေတော့ကာ မဆိုးလောက်ဘူးလို့ ထင်မိလို့ပါ။

နံပါတ်နှစ်အနေနဲ့ကျတော့ အသက်ကြီးရုံနဲ့လည်း မပြီးသေးဘူးလို့ထင်တယ်။ ဥာဏ်ပညာ အမြော်အမြင် ဗဟုသုတနဲ့လည်း ပြည့်စုံထက်မြက်ပါဦးမှ ထင်တယ်နော်။ ဒါမှလည်း မိသားစုတစ်စုကို ကောင်းကောင်းမွန်မွန် နိုင်နိုင်နင်းနင်း ဦးဆောင်နိုင်မှာ မဟုတ်လား။ ဒါတင် မဟုတ်သေးပါဘူးလေ။ ကျွန်မက ရုပ်ဝတ္ထုပစ္စည်းတွေထက် ဥာဏ်ပညာထက်မြက်မှုကို သိပ်တန်ဖိုးထားတဲ့သူ ဆိုတော့ကာ တကယ်လို့များ သူက တုံးတုံးအအ ဖြစ်နေခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ ကလေးလေးတွေများ ရလာခဲ့ရင် ထုံထုံထိုင်းထိုင်း လေးတွေမွေးလာခဲ့ရင် ဘယ်လိုလုပ်မလဲနော်။ ဒါမှမဟုတ် တစ်မျိုးလှည့်တွေးပြန်ရင်လည်း ဒီလိုခေတ်ကြီးမျိုးမှာ ကိုယ်တွေက သားသမီးတွေထက် အရာရာမှာ ရှေ့ကို သုံးလေးလှမ်းလောက် ကြိုတင်မြင်သိထားနိုင်မှ တော်ကာကျလိမ့်မယ်လို့ ထင်မိလို့ပါ။ ခုခေတ် ကလေးလေးတွေက အတုမြင်အတတ်သင်စရာကိစ္စ တွေကလည်း ပေါလှပါဘိသနဲ့ တော်တော့်ကို မလွယ်ကြတာကို ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာတွေ မြင်နေတွေ့နေရတာဆိုတော့လေ။

အင်း.....နံပါတ်သုံးအနေနဲ့က အရမ်းကြီးမဟုတ်ခဲ့ရင်တောင် နည်းနည်းပါးပါးတော့ ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းတတ်သူဖြစ်မှ ထင်တယ်။ တော်ကြာ သူကလည်းဘုရားမေ့ တရားမေ့၊ ကိုယ်ကလည်း သတိရတစ်ချက် မရတစ်ချက်ဆိုရင်တော့ ဟုတ်သေးဘူး ထင်တယ်နော်။ ပြီးတော့ ဘာသာတရားအကြောင်းကို သိရှိနားလည်ထားတဲ့သူဖြစ်မှ ကျွန်မပဲဖြစ်ဖြစ်၊ ကျွန်မတို့ရဲ့ သားသမီးတွေပဲ ဖြစ်ဖြစ် မလိမ္မာတဲ့အခါကျရင် သူ့အနေနဲ့ ဘာသာတရားနဲ့ အညီ ပြောပြဆုံးမလို့ ရမှာပေါ့။

ဘာသာတရားကို ရိုသေကိုင်းရှိုင်းခြင်းနဲ့ အတူ လူကြီးမိဘတွေ အပေါ်မှာလည်း ရိုသေလေးစားတတ်သူ ဖြစ်ဦးမှပါ။ (ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ မိဘကို မိဘမှန်းမသိ၊ လူကြီးသူမတွေကိုလည်း လူကြီးသူမလို ရိုသေလေးစားရကောင်းမှန်းမသိပဲ ရိုင်းစိုင်းတဲ့သူတွေကို တွေ့ဖူးလို့ပါ)။ နောက်ပြီးတော့ ကိုယ်အမူအရာ နှုတ်အမူအရာ ရုန့်ရင်းကြမ်းတမ်းတဲ့သူတွေကို ဆိုရင် ကျွန်မက သိပ်မုန်းတာလည်း ပါပါတယ်။

သြော်.....နောက် အရေးကြီးတဲ့ တစ်ချက်က ဂီတကို ချစ်မြတ်နိုးတတ်တဲ့သူ ဖြစ်ဦးမှ ထင်တယ်နော်။ နို့မို့လို့ဆိုရင် ကျွန်မနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေမှာပေါ့။ သီချင်းတစ်ပုဒ်ကိုတောင် ဖြောင့်အောင်မဆိုတတ်တဲ့သူ ဂစ်တာလေးတစ်လက်တောင် ကောင်းကောင်းမတီးတတ်တဲ့သူမျိုး ဆိုရင်တော့ ကျွန်မနဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လောက်ဘူးဆိုတာ သေချာပါတယ်။ ကျွန်မက သီချင်းဆိုတော်တဲ့သူတို့ ဂစ်တာတီးတော်တဲ့သူတို့ကိုဆို ရင် သိပ်သဘောကျတာပါ။

ပြီးတော့ အရာရာကို အကောင်းဘက်က ရှုမြင်တတ်ပြီး ဟာသဥာဏ်လေးလည်း ရှိဦးမှပါလေ။ ကျွန်မက တစ်ခါတစ်လေကျရင် တွေးတာတွေကများပြီး စိတ်ညစ်စရာမရှိ ကြံဖန်ပြီး ညစ်တတ်တဲ့သူမျိုးဆိုတော့ တော်ကြာ သူကလည်း အဲဒီလိုလူမျိုးဆိုရင် ကိုယ်ကလည်းညစ် သူကလည်းညစ်နဲ့ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ပြီး ညစ်ပြီးရင်းညစ်နေကြရင် မကိုက်သေးဘူး ထင်တယ်နော်။

အင်း.....ရဲရဲရင့်ရင့်နဲ့ သတ္တိရှိတဲ့သူလည်း ဖြစ်ဦးမှ ထင်ပါတယ်လေ။ တော်ကြာ တစ်ခုခုဆိုရင် သူက ကိုယ့်ထက်အရင် ဦးအောင်ပြေးနေရင် မခက်ပေဘူးလား။ သတ္တိရှိတဲ့အပြင် ပြဿနာတစ်ခုခုဖြစ်ပြီ ဆိုရင်လည်း တာဝန်ယူဖြေရှင်းတတ်တဲ့စိတ် ရှိသူမျိုး၊ သူတစ်ပါးကို ကူညီရိုင်းပင်း စာနာသနားတတ်တဲ့သူမျိုးလည်း ဖြစ်ဦးမှ ကျွန်မက လေးစားလို့ရမှာပါ။(ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်တော့မှ တာဝန်ယူဖို့ မကြိုးစားပဲ ခေါင်းရှောင်တတ်တဲ့သူမျိုးတွေ၊ သူတစ်ပါးဒုက္ခရောက်နေတာ မြင်တွေ့နေရရဲ့သားနဲ့ နေစိမ့်စွာ ရှောင်ရှားသွားတတ်ကြတဲ့ သူမျိုးတွေကိုလည်း တွေ့ဖူးလို့ပါ။) လိမ်ညာတတ်ပြီး မရိုးသားတဲ့သူမျိုး မိန်းခလေးတွေနဲ့ ပွေပွေရှုပ်ရှုပ် နေတတ်တဲ့သူမျိုး ဆိုရင်တော့လည်း လုံးဝစဉ်းစားလို့ရမယ် မထင်ပါဘူး။

ဘာရှိသေးလဲဆိုတော့ ကလေးလည်း ချစ်တတ်ဦးမှ ထင်တယ်နော်။ ကျွန်မက ကလေးတွေဆို အရမ်းချစ်တတ်လို့ပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေကိုရောပေါ့။ ပြီးတော့ အားကစားကိုလည်း စိတ်ဝင်စားဦးမှပါလေ။ ဒါမှ ကျွန်မနဲ့အတူတူ ဘောလုံးပွဲတွေကို ကြည့်လို့ရမှာပေါ့နော်။ အင်း အရာရာမှာ နှမြောတွန့်တိုပြီး ကပ်စေးနဲတတ်တဲ့သူမျိုး ဆိုရင်တော့လည်း ကျွန်မနဲ့ ဘယ်လိုမှ အဆင်ပြေနိုင်မယ် မထင်ပြန်ဘူး။ သြော်.....မေ့တော့မလို့ ထမင်း ဟင်းလေးလည်း နည်းနည်းတော့ ချက်တတ်တဲ့သူဖြစ်ဦးမှ ထင်တယ်။ အထင် မလွဲကြပါနဲ့နော်၊ ကျွန်မကို ချက်ကျွေးခိုင်းဖို့ အတွက် မဟုတ်ပါဘူး။ ကျွန်မကလည်း အချက်အပြုတ်ကို မကျွမ်းကျင် သူကလည်း အချက်အပြုတ်အကြောင်း နည်းနည်းမှ မသိဆိုရင် ထမင်းစားဖို့အတွက်က ခက်ပြီထင်တယ်လေ။ ဘာပဲပြောပြော သူလည်းနည်းနည်းသိ ကိုယ်လည်းနည်းနည်းသိ ဆိုရင်တော့ နှစ်ယောက်ပေါင်းပြီး တိုင်တိုင်ပင်ပင် ချက်လိုက်ရင် မဆိုးလောက်ဘူးလို့ထင်မိလို့ပါ နော် :)) ဘာတွေပဲ ဖြစ်နေပါစေလေ ရာနှုန်းပြည့် သေချာတာ တစ်ခုကတော့ စိတ်ဓာတ်မကောင်းတဲ့သူ ဆိုရင်တော့ လုံးဝကို မစဉ်းစားဘူးဆိုတာပါပဲ။

အဲ.....အခုမှ ပြန်ကြည့်လိုက်တဲ့ အခါကြတော့ ကျွန်မစိတ်ကူးယဉ်ထားလိုက်တာတွေက အတော့်ကို များသွားပြီပဲ။ သြော်.....ကျွန်မက တော်တော်ကို လောဘကြီးတာပဲနော်။ လောကကြီးမှာ ဘယ်လိုလုပ်ပြီးများ ဒီလို ခြောက်ပြစ်ကင်း သဲလဲစင်တဲ့လူမျိုးကို ရှာလို့တွေ့နိုင်ပါ့မလဲ၊ လူတိုင်းမှာ ချို့ယွင်းချက်ဆိုတာရှိကြတာပါပဲ။ (တော်သေးတာပေါ့နော် ကျွန်မ စိတ်ကူးယဉ်တဲ့အထဲမှာ ကိုးရီးယားမင်းသားလေးလို ချောရမယ်တို့၊ သိန်းဘယ်နှစ်ထောင်လောက် ချမ်းသာမှတို့ ဆိုတာတွေ မပါလာလို့ :)) ကဲပါလေ စိတ်ကူးကတော့ ယဉ်လို့ပြီးသွားပါပြီ။ ဒါပေမယ့်လည်း စိတ်ကူးဟာ စိတ်ကူး၊ လက်တွေ့က လက်တွေ့ပါပဲ။ ဘ၀မှာ စိတ်ကူးနဲ့ လက်တွေ့ ပေါင်းစပ်ဖို့နိုင်ဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းတယ်လို့ထင်ပါတယ်။

ကျွန်မ ဖတ်ခဲ့ဖူးတဲ့ ဂျူးရဲ့ “အမှတ်တရ” ဆိုတဲ့ ၀တ္ထု ထဲမှာ ပညာတတ်တဲ့ မိန်းမတွေဟာ ကံဆိုးတတ်ကြတယ်တဲ့။ အဲဒီလိုပဲ ဖတ်ခဲ့ဖူးတဲ့ အခြားစာတစ်ပုဒ်ထဲမှာလည်း သိတာ တတ်တာတွေ သိပ်များနေတဲ့ မိန်းမတွေရဲ့ အိမ်ထောင်ရေးတွေဟာ များသောအားဖြင့် အဆင်မပြေတတ်ကြဘူးတဲ့၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ ယောကျာ်းတွေက သူတို့ကိုလိမ်လို့မရလို့ပဲတဲ့လေ။ မှန်ပါတယ် အရာရာမှာသိတာတွေများနေတာဟာ တစ်ခါတစ်လေတော့လည်း မကောင်းပါဘူး။ တကယ်တမ်းကျတော့ ယောကျာ်းတွေဘက်က ကြည့်ရင်လည်း သူတို့ဟာ ပညာတတ်ပြီး ထက်မြက်တဲ့ မိန်းမတွေကို ချစ်မိခဲ့ရင် ချစ်မိခဲ့ကြလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း နောက်ဆုံးမှာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြပြီဆိုရင်တော့ သူတို့ထားရာနေ စေရာသွားမယ့် မိန်းခလေးမျိုးတွေ၊ သိမ်မွေ့နူးညံ့စွာနဲ့ အိမ်ထောင်မှုထိန်းသိမ်းတဲ့ အတတ်ပညာတွေကို ကျွမ်းကျင်စွာတတ်မြောက်တဲ့ မိန်းမပီပီသသ မိန်းခလေးမျိုးတွေကိုပဲ ရွေးချယ်ချင်တတ်ကြတာပဲလေ။

အဲဒီတော့ ကျွန်မအနေနဲ့ စဉ်းစားမိပါတယ်။ ကျွန်မဆိုတဲ့သူက ဘယ်အရာလေးကိုမဆို သိပ်ပြီး ထိရှခံစားလွယ်တတ်တဲ့သူ ၊နည်းနည်းလေးဆိုရင် အများကြီးခံစားတတ်တဲ့သူမျိုး ဆိုတော့ကာ နောင်တစ်ချိန်မှာ တကယ်လို့များ သူ့မာန ကိုယ့်မာန၊ သူ့အတ္တ ကိုယ့်အတ္တတွေကို နှစ်ဖက်စလုံးက မလျှော့နိုင်ခဲ့ကြလို့ ထိခိုက် ခံစားစရာတွေ ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မအနေနဲ့ ခံနိုင်ရည်ရှိပါ့မလားဆိုတာ မသေချာလှပါဘူး။ အဲဒါကြာင့်လည်း ကျွန်မအနေနဲ့ ကိုယ့်ကိုကိုယ်လည်း ဒုက္ခပေးရာမရောက်အောင်၊ သူတစ်ပါးကိုလည်း နာကျင်စရာတွေ မဖြစ်စေရအောင်လို့ ဘ၀မှာ တစ်ယောက်တည်းပဲ နေသွားတာဟာ အကောင်းဆုံးများ ဖြစ်လေမလားရယ်လို့ တွေးနေမိတာဟာ မလွန်လောက်ဘူးလို့တော့ ထင်ပါတယ်နော်။

ကဲ.....တက်ဂ်ပိုစ့်လေးမှာပါတဲ့ နောက်ငါးနှစ်အကြာကျရင် ကျွန်မ အနေနဲ့ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အရာလေးတွေကို အားလုံးကိုတော့ဖြေလို့ ပြီးသွားပါပြီ။ ဒါပေမယ့်လည်း မရေရာမှု မသေချာမှုတွေ များပြားလွန်းလှတဲ့ လောကကြီးမှာ ကျွန်မရဲ့ စိတ်ကူးလေးတွေ တကယ်ဖြစ်လာမလာဆိုတာကတော့ ကျွန်မအနေနဲ့ အသေအချာ တပ်အပ်မပြောနိုင်သေးဘူးဆိုတာ အမှန်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားတော့သွားရမှာပါပဲလေ။ မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်ရင်းပေါ့။

(ကိုဏီးရေ.....ခက်ခဲခဲ့ပေမယ့်လည်း အကြွေးတွေကိုကျေအောင်ဆပ်ပေးတယ်နော်။ ထပ်ပြောချင်ပါသေးတယ် သတိတရနဲ့ တက်ဂ်ပေးခဲ့လို့ကျေးဇူးအရမ်းတင်ပါတယ်လို့။ ဒီလိုကြာသွားခဲ့တာကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့တဲ့ အတွက်ရောပေါ့။)

19 comments:

shwezinu said...

ညီမငယ် ရေ

ညီမ စဉ်းစားတာတွေမှန်ပါတယ် ကလေးမဆန်ပါဘူး ဒါပေမဲ့ သိပ်မစဉ်းစားနဲ့ အချစ်မှာ မျက်စိမရှိဘူးတဲ့ ချစ်သွားရင် တော်တော်များများ ခွင့်လွှတ်နိုင်မှာပါ

နောက်ပြီး ချစ်ကြပြီဆိုရင် နားလည်မှု့ ကအရေးကြီးဆုံးပါ ဘဲ နားလည်မှု့ မရှိရင် ဘယ်အရာမှ အဆင်မပြေပါ

ညီမ ကြိုက်တာတွေ သိသွားရင် ရှာလို့ရပြီနော်..
ကဲ..မျှော်တော့ကွယ်..ရှာပေးမယ်..မုံ့လည်းဝယ် ကျွေး အုန်းနော်..အဟဲ

seesein said...

သေချာပါတယ်ကွယ်
ဒီဘ၀အတွက်တော့ ဝေးပြီကွယ်
တို့လိုဘဲပေါ့ အဟိ

မြတ်မွန် said...

ဂျင်းရေ..စဉ်းစားတာလေး ကောင်းတယ်။
အကြံတစ်ခုပေးမယ် ဂျင်းရယ်...
ညာဏ်ထက်တဲ့ ယောင်္ကျားဖြစ်ပြီးတော့ ကိုယ်ကို ချစ်တဲ့ ယောင်္ကျားမျိုးဆိုရပြီ။ ကိုယ့်ကို တော်တော်လေး ချစ်ရမယ်နော်။ အဲတာမှ ဂျင်းလိုချင်တဲ့ ပုံစံမျိုး သူကို လုပ်ခိုင်း သူက ဂျင်းထက်အသက်လဲကြီး အရမ်းလဲ ချစ်တော့ အားလုံးအိုကေပဲ။

ဟင်း ပြောတာပြောရတာ တော်တော်စဉ်းစားတာပဲနော်..။ စီးပွါးရှာတဲ့ မိန်းမတွေမှာ အိမ်ထောင်ရေး အဆင်မပြေတက်ကြတာ တော်တော်များများ မြင်ဖူးပါတယ်။ တစ်ခုလိုချင် တစ်ခုတော့ စွန့်လွတ်ရမယ် ထင်တယ် ဂျင်းရေ..။ တစ်ခါတစ်လေ စိတ်ကူးနဲ့ လက်တွေ့က တစ်ထပ်တည်း မကြတက်ဘူး။ လက်တွေ့ဘဝမှာပဲ အဆင်ပြေအောင် ကြည့်က ရတော့မှာပေါ့။
ချစ်တဲ့။

မောင်ဖိုးနမ်း said...

အဲ့လိုယောကျာ်းမျိုးတော့ အတော်ရှားမယ်ထင်တယ်နော်
ဟီး ဒီတစ်သက်အပျိုကြီးဖြစ်တော့မယ်ထင်တယ်နော်
စိတ်ကိုလျှော့း))

စတာနော် ဟီး

~ဏီလင်းညို~ said...

အင်ကြင်းရေ...
တက်ဂ်တုန်းက တက်ဂ်ထားပြီး အခုမှ လာဖတ်ရတယ်...း(
(လိုချင်တာတွေကလည်း... များထှာအေ....း))
နောက်တာနော်....
လိုချင်တဲ့ အချက်လေးတွေများတာ... အပြစ်မဟုတ်နိုင်ပါဘူး...။ ရင်လောက်တင်မှ ဒူးလောက်ကျတာကိုး....း))
ဟုတ်တယ်...ဟုတ်...?
ဘာပဲဖြစ်ဖြစ် ကိုဏီးကတော့ ဆုတောင်းပေးပါတယ်...။ အင်ကြင်းနဲ့လိုက်ဖက်မယ့် ရင်ဘတ်တစ်ခြမ်းကို အဆင်ပြေဆုံးအနေအထားနဲ့ နောက်ငါးနှစ်အတောအတွင်းတွေ့နိုင်ပါစေလို့...။
ရေးပေးတာ အရမ်းကျေးဇူးတင်တယ်...။
ကျေးဇူးတင်လို့... ဇီးထုတ်ဝယ်ကျွးသွားတယ်...း))
ဈေးကြီးတာဆို ကိုဏီးက မတတ်နိုင်ဘူးလေ....။
ဆင်းရဲသားမို့လို့ဗျာ...........း))
ခင်မင်တဲ့
ဏီလင်းညို

ချော (အစိမ်းရောင်လွင်ပြင်) said...

ကောင်မလေး
စိတ်ကူးတွေယဉ်လှချည်လား.. တရုတ်ကြီးတစ်ယောက်ကို အဲလိုပုံစံနဲ့ ရှာပေးထားရမလား.. ရေမချိုးလဲရတယ်ဆို နံချင်လဲနံဆို...ဟိဟိ လာဖွလိုက်ပြီနော်.. ဒါဘဲ
စိတ်ကူးထဲကသူအတိုင်းတစ်ထပ်ထဲ ဖြစ်ပါစေကွယ်

မောင်မိုး said...

အရှုပ်တွေနဲ့မို့ အပိုင်း-၂ ကို အခုမှ လာဖတ်ရတော့တယ်။
အင်း..ဝေဖန်လေကန်ရရင်တော့ သိပ်မစဉ်းစားနဲ့ဗျ။ အပျိုကြီးဖြစ်နေဦးမယ်။ ဖူးစာဆိုတာ လိပ်စာနဲ့လာတာမျိုး။
ကဲပါလေ..။ ဆုတောင်းပေးခဲ့ဦးမှ။
မအင်ကြင်း လိုလားတောင့်တသမျှ ပြည့်စုံပါစေသတည်း။

ခင်မင်စွာဖြင့်

shwezinu said...

ညီမ အင်ကြင်း ရေ

ပိုက်ဆံမရှိရင်လည်း ပြောပါကွယ်
ဆီပုံး မတွေ့တော့ဘူး ရောင်းများစားလိုက်သလေလား

တက်ဂ် ပို့စ် လည်းပြီးသွားပါပြီ
ဘာတွေ အလုပ်ရှုတ်နေလည်း
နောက်ကြနေလို့ လိုက်လာတယ်နော်

မန်းလေး သင်္ကြန် အကြောင်းလည်းဖတ်သွားအုန်းနော်

ချစ်တဲ့ အမရွှေစင်

shwezinu said...

ညီမ အင်ကြင်း ရေ

ပိုက်ဆံမရှိရင်လည်း ပြောပါကွယ်
ဆီပုံး မတွေ့တော့ဘူး ရောင်းများစားလိုက်သလေလား

တက်ဂ် ပို့စ် လည်းပြီးသွားပါပြီ
ဘာတွေ အလုပ်ရှုတ်နေလည်း
နောက်ကြနေလို့ လိုက်လာတယ်နော်

မန်းလေး သင်္ကြန် အကြောင်းလည်းဖတ်သွားအုန်းနော်

ချစ်တဲ့ အမရွှေစင်

shwezinu said...

ညီမ အင်ကြင်း ရေ

ပိုက်ဆံမရှိရင်လည်း ပြောပါကွယ်
ဆီပုံး မတွေ့တော့ဘူး ရောင်းများစားလိုက်သလေလား

တက်ဂ် ပို့စ် လည်းပြီးသွားပါပြီ
ဘာတွေ အလုပ်ရှုတ်နေလည်း
နောက်ကြနေလို့ လိုက်လာတယ်နော်

မန်းလေး သင်္ကြန် အကြောင်းလည်းဖတ်သွားအုန်းနော်

ချစ်တဲ့ အမရွှေစင်

busymozzee said...

ဂျင်အင်းရေ.... လာလည်တယ် ညီမလေးရေ... နေကောင်းလား

yamin said...

နာမည်လည်း ဆန်းလို့လာလည်တာ။ ကြက်သရေ တကယ်ရှိတဲ့ဆိုက်လေးတစ်ဆိုက်ကို တန်ဖိုးရှိစွာ တွေ့လိုက်ရတယ်။

စမ်း said...

အပျိုကြီး တကယ်လုပ်မှာလား ပြောစမ်းပါ....

nguwahwin said...

အပျိုကြီးပဲ လုပ်တော့မယ် ဆိုတာ သေချာလား... သေချာရင် ငါ့သားသမီးတွေ ထိန်းခိုင်းမယ်... ဟဲ..ဟဲ.... စိတ်မပူနဲ့ သယ်ဂျင်း...

shwezinu said...

ညီမ မအင်ကြင်းရေ

အလည်လွန်တာလား နေမကောင်းတာလား

စာလည်း လာမဖတ်ဘူးနော်

စိတ်ပူနေပါတယ်

ချစ်တဲ့ အမရွှေစင်

အင်ကြင်းသန့် said...

@မမရွှေစင်>>>ဟဲဟဲ...ငါ့အစ်မတော့ ဒီတစ်သက်မုန့်စားရပါ့မလား :))
@seesein>>> အင်း...အဲလိုပဲ ထင်တာပဲ :))
@မြတ်မွန်>>>မြတ်မွန်ပေးတဲ့အကြံက မဆိုးဘူးပဲ၊ ဘာကိုစွန့်ရမှန်းမသိတာက ခက်နေတာ နေဦး..ကြည့်ကလိုက်ဦးမယ် :D
@ကိုဖိုးနမ်း>>>ကိုဖိုးနမ်းကလဲ စိတ်ကူးယဉ်ပါတယ်ဆိုမှ ပိုက်ဆံပေးရတာမှ မဟုတ်တာ ဘယ့်နှယ်စိတ်လျှော့ခိုင်းနေရတာတုန်း :)
@ကိုဏီး>>>ကပ်စေးနှဲလိုက်တာ ဇီးထုတ်တဲ့ :(( မသကာ KFC လောက်ဆိုတော်သေး :D
@မချော>>>မချောနော်...ထပ်စင်ချင်ပြန်ပြီထင်တယ် နေဦး...ဟီးးးးးးးးးးးးးးးးးးးးးးးး(ငိုတာ)..ရွှတ် :D
@ကိုမိုး>>>အစ်ကို့ရေ စာပို့သမားတော့ခက်ပြီ လိပ်စာရှာလို့မရလို့လည်နေတော့မယ် :D
@မမရွှေစင်>>>မမရွှေစင်ရေ...ဆီဗုံးကိစ္စကတော့ မမကိုပြောခဲ့အတိုင်းပဲ ပိုစ့်အသစ်တင်ရင်ပြန်ထားမယ်
@busymozzee>>>မမရေ...ညီမလေးနေကောင်းတယ်
@yamin>>>မယမင်းရေ လာလည်သွားတဲ့အတွက်ရော ချီးကျူးသွားတဲ့အတွက်ရော ကျေးဇူးကမ္ဘာပါ (စာလုံးပေါင်းလေးကိုကြည့်ပြီးရီရမလို ငိုရမလိုဖြစ်သွားတာက လွဲရင်....ဟီးးးးးးးးးး နောက်တာနော်)
@စမ်း>>>နောက်ငါးနှစ်ကျ အဖြေပေးမယ် :D
@ငုဝါ>>>အမလေး...နင့်သားသမီးတွေတော့ မထိန်းပါရစေနဲ့ တော်ကြာနင်နဲ့တူနေရင် ငါခေါင်းမွေးတောင်ကျန်မှာမဟုတ်လောက်ဘူး :D
@မမရွှေစင်>>>မမဂျီတော့ထဲမှာဖြေထားတယ်နော် ဒီမှာဖြေရမှာ ရှက်ဆြာဂျီး ဟီးဟီးးးးးးးးးးးးး

စိတ်၏ဖြေရာ said...

ညီမရေ..အိမ်ထောင်ရေးဆိုတာထီထိုးသလိုမျိုးပါဘဲ။
စိတ်ကူးနဲ့လက်တွေ့တထပ်ထဲကျတဲ့အိမ်ထောင်ဖက်နဲ့
တွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ထို့ကြောင့် အားပြိုဂျီး ဖြစ်နေပါသည်... ကြာရင် အိုဂျီဖြစ်လာမည်(အိုလေဂျီးကျလေ၊ အိုလေဂျီးများလေ) အဟိဟိ

အင်ကြင်းသန့် said...

@စိတ်၏ဖြေရာ>>>မရေ...ညီမလေးက ထီထိုးဖို့ကို ၀ါသနာမပါတဲ့သူဆိုတော့ ခက်ပြီ :D
@ကိုအိမ်>>> ကိုအိမ်ကလည်း...အသက်ကြီးလေ....လုပ်ပါ။ ဘယ်နဲ့ အိုလေ....ရမှာလဲ :))