နောင် ငါးနှစ်ကျရင်တဲ့....ကိုဏီလင်းညိုက ပိုစ့်လေးတစ်ခု တက်ဂ်လာပါတယ်။ သူက ကျွန်မကို တက်ဂ်ထားတယ်လို့ ပြောလို့ သူ့ရဲ့ မူရင်းပိုစ့်လေးကို သွားဖတ်ကြည့်လိုက်တော့ သူရေးထားလိုက်တဲ့ ဇာတ်လမ်းလေးက ၀မ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းလေး။ ပြီးတော့ သူက တကယ်ကို စာရေးတော်တဲ့သူ တစ်ယောက်။ ကျွန်မ ဆိုတာက စာကိုရေးချင်လွန်းလို့သာ ရေးနေတာ။ အမြီးအမောက် တည့်အောင် ဖတ်လို့ကောင်းအောင် ရေးနိုင်တာမျိုး မဟုတ်ဘူး။ တကယ်ဆိုရင် ကျွန်မကို သတိတရနဲ့ တက်ဂ်ပေးတဲ့ အတွက်ရော၊ ကျွန်မအတွက် ပထမဆုံး တက်ဂ်ပိုစ့်လေး ဖြစ်နေတဲ့အတွက်ရော ကောင်းကောင်းမွန်မွန်နဲ့ ရသပိုင်းပါတဲ့ ၀တ္ထုတို ပိုစ့်လေးတစ်ခု အမှတ်တရ ရေးပေးဖို့ကျွန်မ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရေးနေရင်း ဘယ်လိုမှ ရှေ့ကို ဆက်တက်လို့ မရခဲ့ဘူး။ အရမ်းကြာနေခဲ့ရင်လည်း ကိုဏီလင်းညိုကို အားနာစရာကောင်းလို့ အဲဒီ ခံစားချက်ဝတ္ထုလေးကို သိမ်းပဲထားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရိုးရိုးလေးပဲ ရေးပေးလိုက်ပါတော့တယ်။ (ကျွန်မရဲ့ အားထုတ်မှု ညံ့ဖျင်းခဲ့တဲ့ အတွက်လည်း ကိုဏီလင်းညိုကို တောင်းပန်ပါတယ်နော်၊ နောင်လည်း တက်ဂ်ချင်တော့မှာ မဟုတ်လောက်တော့ပါဘူး။)
မူရင်းပိုစ့်လေးက တကယ်တော့ မ၀ါဝါခိုင်မင်းရဲ့ ပိုစ့်လေး ဖြစ်ပြီး အဲဒီမှာ သူက မေးခွန်းလေးနှစ်ခု မေးထားတာပါ။ နံပါတ် တစ်က နောင်ငါးနှစ်ကြာရင် ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲဆိုတဲ့ မေးခွန်းလေး နဲ့ နံပါတ် နှစ်က မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့) စိတ်ကူးထဲက အိမ်ထောင်ရေး (မိမိရဲ့ စိတ်ကူးထဲက အိမ်ထောင်ဘက်ဟာ ဘယ်လို စိတ်ဓါတ် ၊ ဘယ်လိုပုံစံမျိုးလေး ဖြစ်စေချင်ပါသလဲ) ဆိုတဲ့မေးခွန်းလေးပါ။ ကဲ....အပေါ်မှာ ပြောခဲ့သလိုပဲ မေးခွန်းလေးတွေကို ရိုးရိုးစင်းစင်းပဲ ဖြေပေးလိုက်ပါတယ်။
နောင် ငါးနှစ်....အင်း......နောင်ငါးနှစ်ဆိုရင် ကျွန်မအသက်က သုံးဆယ်ကို စွန်းသွားပြီပေါ့။ သေချာသလောက် ရှိတာကတော့ အဲဒီအချိန်ဆိုရင် ကျွန်မ မြန်မာပြည်ကို ပြန်ရောက်နေဖြစ်လောက်ပြီ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ဒီနိုင်ငံမှာ အကြာကြီးနေထိုင်ဖို့ကို ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့တဲ့သူမို့ပါ။ အဲဒီတော့ကာ....ပြန်တာကတော့ ဟုတ်ပါပြီ။ မြန်မာပြည်ကို ပြန်ရောက်ရင် ဘာလုပ်မလဲဆိုတာက ကျွန်မအတွက် စဉ်းစားစရာပါ။ တကယ်တန်းဆို ကျွန်မက ဘ၀ကို အေးအေးချမ်းချမ်းနဲ့ပဲ ဖြတ်သန်းသွားချင်တဲ့သူ။ ဒါပေမယ့်လည်း ကိုယ်တတ်ထားတဲ့ပညာက နေ့စဉ်နဲ့ အမျှစိတ်မော လူမောရတဲ့ပညာ။ အဲဒီတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေကိုပဲ လုပ်သွားကာ အေးအေးချမ်းချမ်း နေမယ်ဆိုပြီး သင်ထားတဲ့ပညာတွေကို စွန့်ပစ်လိုက်ရမလား ဆိုပြန်တော့လည်း တတ်သည့်ပညာမနေသာ ဆိုသလို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို မြင်ရပြီ ဆိုရင်ကိုပဲ မျက်စိက အလိုလိုရောက်သွားပြီးသား၊ လူက အလိုလို စူးစမ်းမိရက်သား ၊ ဦးနှောက်က အလိုလို စဉ်းစားတွေးခေါ်မိရက်သားတွေ ဖြစ်ဖြစ်သွားတာက ခက်တယ်။ ပြီးတော့ ကျွန်မက တခြား အရောင်းအ၀ယ် လုပ်ငန်းတွေကိုလည်း လားလားမှ သိတဲ့သူမဟုတ်တော့ ခက်သား။ နဂိုကမှ ကိုယ်က ငွေရေးကြေးရေး စီးပွားရေးနဲ့ပတ်သက်လာရင် ခပ်ထူထူ ခပ်ပိန်းပိန်းရယ် ဆိုတော့ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို သွားလုပ်လိုက်မိရင်လည်း တော်ကြာ သူများနိုင်ငံမှာ မိဝေးဖဝေး အောက်ကျနောက်ကျနဲ့ လာအလုပ်လုပ်ပြီး စုဆောင်းရရှိထားတဲ့ ရှိစုမဲ့စုလေးတွေ သူများ နောက်ပါသွားရင် မခက်ပေဘူးလား။ ပြီးတော့ ကျွန်မတို့မိသားစုက ဖေဖေက၀န်ထမ်း၊ မေမေက၀န်ထမ်း ၀န်ထမ်းမိသားစု စစ်စစ်။ စီးပွားရေးနဲ့က လုံးဝ အစိမ်းသက်သက်ပဲ။
အဲဒီတော့ကာ နောင်ငါးနှစ်ကြာရင် ကျွန်မလုပ်ဖြစ်မယ့် စီးပွားရေးက ကိုယ်တတ်ထားတဲ့ ဆောက်လုပ်ရေးနည်းပညာနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးတစ်ခုခုပဲ ဖြစ်ဖို့ များမယ်ထင်ပါတယ်။ ကိုယ်တတ်ထားတာနဲ့ ဆက်နွယ်နေတာမျိုးဆိုရင်တော့ ဘာပဲပြောပြော တော်သေးတယ် ထင်တာပဲလေ။ ပြီးတော့ ကျွန်မတို့မိသားစုမှာ မိသားစု ငါးယောက်ရှိတာကို မေမေကလွဲရင် ဖေဖေ၊ ကိုကြီး၊ ကျွန်မနဲ့ ညီမလေးတို့ လေးယောက်စလုံးက အင်ဂျင်နီယာတွေချည်းဆိုတော့ အင်အားကလည်း တောင့်တယ်လေ။ :)) အဲဒီတော့ လုပ်ဖြစ်မယ်ထင်တာက အဆောက်အဦးနဲ့ ပတ်သက်လို့ ကန်ထရိုက်ဆွဲတာမျိုး၊ အဆောက်အဦး ဒီဇိုင်းတွေ လက်ခံ ဆွဲပေးတာမျိုး၊ အိမ်ဆောက်ပစ္စည်းတွေ ရောင်းဝယ်တာမျိုး စတာတွေပဲ ဖြစ်ဖို့များမယ်ထင်ပါတယ်။ အဲဒီအချိန်ကျရင် မြန်မာပြည်ကြီးကလည်း အခြေအနေတွေက အရမ်းကို တိုးတက်ပြောင်းလဲကာ နိုင်ငံတကာနဲ့ အမှီ ရင်ဘောင်တန်း လိုက်နိုင်ဖို့ အတွက် ခေတ်မှီနိုင်ငံတော်ကြီး ဖြစ်အောင် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း အရမ်းကို အရေးပါ အရာရောက်နေလောက်ပြီလေ။ ဟုတ်တယ်.....ဟုတ်။ (ဟုတ်ချင်လည်းဟုတ်၊ မဟုတ်ချင်လည်း ဟုတ်လိုက်ကြပေါ့နော်)
အင်း.......တစ်ခါတည်းကြုံတုန်း မှာထားဦးမှ ထင်ပါတယ်နော်။ ကျွန်မရဲ့ မောင်နှမတွေထဲက တကယ်လို့များ နောင်ငါးနှစ်ကြာလို့ မြန်မာပြည်မှာ အိမ်လှလှလေးတွေ၊ တိုက်လှလှလေးတွေ ဆောက်ချင်တာ၊ အိမ်ဒီဇိုင်းကောင်းကောင်းလေးတွေ လိုချင်တာ၊ အရည်အသွေးကောင်းကောင်း အိမ်ဆောက်ပစ္စည်းတွေ လိုချင်တာ အစရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ၀န်ဆောင်မှုလုပ်ငန်းတွေများ လိုအပ်ခဲ့တယ်ဆိုရင် ကျွန်မကို ဆက်သွယ်ပါလို့။ ကျွန်မရဲ့ မောင်နှမတွေကို သူများတွေထက် ဈေးလျှော့ယူပေးမှာ ဖြစ်သလို အကောင်းဆုံးဝန်ဆောင်မှုတွေ ကိုလည်း ပေးမှာပါလို့ ။ ဒီလိုမှ မဟုတ်ဘဲ ဆိုင်ခန်း၊ တိုက်ခန်း ကောင်းကောင်းလေးတွေ ၀ယ်ချင်တယ်ဆိုရင်လည်း ကျွန်မ ကန်ထရိုက်ယူပြီး ဆောက်ထားတဲ့ အခန်းတွေကို ၀ယ်ကြပါလို့ ခိုင်ခံ့မှုအတွက် ရာနှုန်းပြည့် အာမခံပါတယ်လို့ စသည်ဖြင့်ပေါ့နော် :)) ။ (ကြိုကြော်ငြာထားတာပါ။ ခုကတည်းက စာရင်းပေးထားချင်ရင်လည်း ရပါတယ်။ ယုံကြည်တယ်ဆိုရင်တော့ ပိုက်ဆံကို အရင်ချေထားရင်လည်း စိတ်မဆိုးပါဘူးနော်း))) ဒါက စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်မ လုပ်ဖြစ်မယ်ထင်တာလေးတွေပါ။
နောက်တစ်ခုက မြန်မာပြည်မှာ လူမှုရေးပရဟိတ လုပ်ငန်းလေးတွေကိုလည်း ကျွန်မလုပ်ချင်ပါတယ်။ ကျွန်မက ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကို မြင်ရရင်များ ဘယ်လိုသနားမှန်းကို မသိတာပါ။ ကျွန်မ မြန်မာပြည်မှာ နေခဲ့တုန်းကဆိုရင် အပြင်ထွက်လို့ရှိရင် ကျွန်မပိုက်ဆံအိတ်ထဲမှာ ပါသွားတဲ့ ၅၀ိတန် ၁၀၀ိတန်တွေက လမ်းမှာ အဲဒီလိုသနားစရာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့တွေ့ရင် သူတို့ကိုလှူတာနဲ့ ကုန်တာပါပဲ။ လိုင်းကားစီးရင်းနဲ့ ကားပေါ်မှာ အဲဒီလိုသနားစရာ သက်ကြီးရွယ်အိုတွေနဲ့ စကားစမည်ပြောမိလို့ သူတို့ဘ၀အကြောင်းတွေကို သိသွားပြီများ ဆိုရင်တော့ ၅၀ိတန် ၁၀၀ိတန်တင် မဟုတ်တော့ပဲ ၅၀၀ိတန် ၁၀၀၀ိတန်ပါ ပေးပစ်ခဲ့မိတာမျိုးပါ။ ပြီးတော့ ကျွန်မစိတ်ထဲမှာ ကျွန်မခပ်ငယ်ငယ် အရွယ်ကတည်းက ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေ၊ သားသမီးတွေက မစောင့်ရှောက်ပဲ ပစ်ထားတဲ့ သနားစရာ အဖိုးအိုအဖွားအိုတွေ အတွက် စေတနာ့ဘိုးဘွားရိပ်သာလေး တစ်ခုကို လုပ်ပေးချင်တဲ့စိတ်ကလေး က ရှိနေခဲ့ပါတယ်။ နောင်ငါးနှစ်ကြာတဲ့ အချိန်မှာ အဲဒီဆန္ဒလေးကိုလည်း ကျွန်မ အကောင်အထည် ဖော်ချင်ပါသေးတယ်။
နောက်တစ်ခုက ဆင်းရဲနွမ်းပါးလို့ ကျောင်းမနေနိုင်တဲ့ ကလေးလေးတွေ၊ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသလေးတွေမှာ ရှိနေတဲ့ ချိုတဲ့ တဲ့ စာသင်ကျောင်းလေးတွေ၊ စတာတွေကိုလည်း ကျွန်မ တတ်နိုင်သလောက် ထောက်ပံ့ပေးချင်တယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာလေးတွေမှာ ဆိုရင်လည်း ကျေးရွာစာကြည့်တိုက်လေးတွေ ဆောက်ပေးချင်တယ်။ စာအုပ်တွေ လှူပေးချင်တယ် အစရှိသဖြင့်ပေါ့နော်။ ကျွန်မရဲ့ အကူအညီဟာ အုတ်တစ်ချပ်လောက် မဖြစ်ခဲ့ရင်တောင်မှ သဲတစ်ပွင့်စာမျှလေး ဖြစ်ဖြစ်ပေါ့လေ ကူညီခွင့် ရချင်ပါတယ်။ ဒါက လူမှုရေးနဲ့ ပတ်သက်လို့ လုပ်ချင်တာလေးတွေပါ။ (တကယ်လို့များ ကျွန်မရဲ့ မောင်နှမတွေထဲမှာ ကျွန်မလိုပဲ ဒီလိုလူမှုရေးလုပ်ငန်းလေးတွေကို လုပ်ချင်သူများရှိခဲ့ကြရင်၊ ဒါမှမဟုတ် လုပ်နှင့်နေပြီးသား ဖြစ်နေကြမယ်များဆိုရင် ကျွန်မကိုလည်း လက်တို့လိုက်ကြပါဦးနော်။ တတ်စွမ်းသမျှလေး ပါဝင်ချင်လို့ပါ။)
နောက်တစ်ခု လုပ်ချင်တာက ကျွန်မ၀ါသနာပါတဲ့ အရာတွေပေါ့။ သိကြတဲ့အတိုင်း ကျွန်မက စာပေနဲ့ ဂီတကို အရူးအမူး စွဲလမ်းသူတစ်ယောက် ဆိုတော့လေ။ ငယ်ငယ်လေးကတည်းက ကျွန်မ အရမ်းဖြစ်ချင်ခဲ့တာက အဆိုတော်။ ဖြစ်လာတာက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက အင်ဂျင်နီယာ။ မဆိုးပါဘူး........နေ့စဉ် အော်ဟစ်နေရတာ ချင်းတော့ တူသားနော်။ ဒီအသက်အရွယ်ပဲ ရောက်နေပြီ၊ အဆိုတော်ဘ၀ကတော့ ဖြစ်တော့မှာလည်း မဟုတ်တော့ပါဘူး။ နောင်ငါးနှစ်ကြာဆို ပိုဝေးပြီပေါ့။ အဲဒါနဲ့ ရင်နာနာနဲ့ပဲ အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်တွေကိုတော့ စွန့်လွှတ်လိုက်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ် အဆိုတော်လုပ်နေရရင် တော်ပြီပေါ့နော်။ ကျွန်မနဲ့ အတူတူနေတဲ့ သူတွေကတော့ အဲဒီ နားငြီးတဲ့ ဒဏ်ကို တော်တော်ခံကြရရှာတာပါ။
အဲဒီတော့ကာ ကျန်တဲ့ ကျွန်မ၀ါသနာပါတဲ့ စာရေးစာဖတ်တဲ့ အလုပ်ကိုတော့ မဖြစ်မနေကို လုပ်ချင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်မ စာတွေအများကြီး ရေးချင်ပါတယ်။ အရည်မရ အဖတ်မရစာတွေ မဟုတ်ပဲ စာဖတ်သူအတွက် တစ်ခုခုရစေမယ့် စာမျိုးတွေပေါ့။ အဲဒီလိုစာမျိုးတွေကို ရေးလည်း ရေးတတ်ချင်ပါတယ်။ နောက်ဆုံး ဘယ်သူမှ အားမပေးခဲ့ရင်လည်း ကိုယ်ပဲစာရေးဆရာ ကိုယ်ပဲ စာဖတ်ပရိတ်သတ်ပေါ့လေ :) ။ နောင် ငါးနှစ်မှ မဟုတ်ပါဘူး။ ဘ၀ရဲ့ နောက်ဆုံးအချိန်အထိ မပူမပင် အေးအေးချမ်းချမ်းလေးနဲ့ စာတွေဖတ်၊ စာတွေရေးပြီး နေသွားလို့ရမယ် ဆိုရင်တော့ တော်တော့်ကို ကောင်းမယ်နော်။
ဒါတွေကတော့ နောင်ငါးနှစ် အကြာမှာ ကျွန်မအနေနဲ့ လုပ်ဖြစ်လိမ့်မယ်လို့ စိတ်ကူးထားမိတဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။
(မှတ်ချက်။ ။ကိုဏီလင်းညိုရေ.......မေးခွန်းနှစ်ခုထဲက ပထမတစ်ခုကိုတော့ ဖြေလိုက်ပါပြီ။ ထုံးစံအတိုင်း ကျွန်မက စာရေးရင် မပြီးနိုင်မစီးနိုင် ရှည်ကြောလွန်းလို့ နောက်မေးခွန်းကိုတော့ နောက်တစ်ပိုင်းမှာ ဖြေပေးပါ့မယ်နော်။)
18 comments:
အင်ကြင်းရေ
အင်ကြင်းရဲ့ ရွယ်ရည်ချက်လေးပြည့်စုံပါစေနော်... တို့ကတော့ ခုကတည်းက ပိုက်ဆံစုထားတော့မယ်.. အင်ကြင်းဆီမှာ အိမ်လှလှလေးလာအပ်ဖို့လေ..
ဈေးလျှော့ပေးမယ်ဆိုလို့ တော်တော် စိတ်ဝင်စား သွားတယ်... အဟဲ
ခင်တဲ့
မချော
အင်ကြင်းရေ...
အင်ကြင်းတို့ မောင်နှမတွေ လုပ်ဖြစ်မယ့် အလုပ်ကတစ်ကယ်ကောင်းတယ်နော်...။ အင်ဂျင်နီယာတွေဆိုတော့ အဲ့ဒါနဲ့ပဲ ပိုကောင်းတယ်လေ...။
ကိုဏီးတို့ မျက်နှာငယ်လေးနဲ့ အိမ်လာအပ်ရင်..၊ အခန်းလာဝယ်ရင် တစ်ကယ်ဒက်စကောင့်ပေးမှာလားဟင်...?
(အားငယ်သော လေသံဖြင့်မေး၏..း))
အဲ့ခါကျမှ ရဲခေါ်ဖမ်းခိုင်းလို့ကတော့ ပြေးပေါက်မှားနေဦးမည်...း))
ကိုဏီးလည်း... အဖိုးအဖွားတွေ ကလေးလေးတွေ လမ်းမှာတွေ့ရင်သနားမိတာ...။ ဒါပေမယ့် ဘာဆိုဘာမှ လုပ်မပေးနိုင်ခဲ့သေးဘူးလေ...။ အဲ့ဒီတော့ နိုင်သလောက်ပေါ့ပေးမိတတ်တာ...း((
အဆိုတော်လုပ်ချင်ရင်တော့ သီချင်းအလကားရေးပေးမယ်...။ (ကြော်ငြာဝင်၏...း))
တက်ဂ်ပို့စ်တောင် သူက ဇာတ်လမ်းတွဲနဲ့...ဟွင်းးးးး......း)
ရေးပေးတာကို အများကြီးကျေးဇူးတင်တယ်နော်...။
ဒုတိယပိုင်းကို သိပ်စိတ်ဝင်စားမိကြောင်း...ပွင့်ပွင့်လင်းလင်း ပြောပါသည်......း))
(ဘယ်သူတုန်း.... အကျွန်ုပ်ကို စာရေးကောင်းသည်ဟု ပြောတာ...?
ဘယ်သူတုန်း.... ကိုယ့်ကိုယ်ကိုယ် စာရေးမတော်သည်ဟု...ပြောတာ...း))
ခင်မင်တဲ့
ဏီလင်းညို
I glad to read this post because I can know your desire for next five year that's quite good for you and your famaily. I hope as soon as all of your desire will fulfill in your life. I haven't any plan yet for that moment because I don't know,what about my life is going through.Even if I wanna to stay in peaceful life until to my final exhalation.
အားကျစရာကောင်းလိုက်ပါဘိတောင်း!
မအင်ကြင်းရေ..ကျွန်တော်တော့ အခန်းအော်ဒါမှာဖြစ်တော့မှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ ကျွန်တော်က မြန်မာနိုင်ငံကို ဘယ်တော့မှ ပြန်တော့မယ့်သူ မဟုတ်လို့လေ။ ဒါပေမဲ့ မအင်ကြင်းရဲ့ ပရဟိတအလုပ်တွေကို ၀ိုင်းကူလို့တော့ရမှာပါ။
စိတ်ကူးကောင်းလေးတွေ အမြန်ဆုံး လက်တွေ့ အကောင် အထည်ဖေါ်နိုင်ပါစေ ညီမလေး အင်ကြင်း ရေ ...
အိမ်လှလှလေးတော့ လိုချင်မိသားပဲကွယ် ...
ဒါပေမဲ့  လိုက်လို့ မမှီ အဝေးကြီး ဖြစ်နေတာမို့  .. ( အဟဲ.. ဈေးများများလျှော့ပေးအောင် သနားစဖွယ် ပြောသွားပါသည် ...)
အင်ဂျင်နီယာမိသားစုလေး..
မိုက်တယ်ဝေးးး :)
ညီမငယ် အင်ကြင်းရေ
မဲဆွယ်ကောင်းလှချီလား အခုကထဲက တိုက်လှလှလေး တလုံး ဆောက်ဖို့ စရံသပ် ထားလိုက်ပြီနော် ကိုယ့် ညီမ နဲဘဲ ဆောက်ရမှာပေါ့ လှလှလေးနော် ညီမက စာရေးကောင်းတယ် နောက် တက်ဂ် တပိုင်းလည်း ဆက်ဖတ်ချင်ပါသေးတယ်
မမရွှေစင်
ဒါဆို နေ့အိပ်မက်လည်း ဒီတဂ်ပို့စ်အတွက်ရေးထားတဲ့ စာကြည့်တိုက်လေးဖွင့်ဖြစ်ရင် မမကိုဆောက်ခိုင်းမယ် :P :P :P
မမလည်း ဒီတက်ပိုစ့်လေး ရေးဘူးတယ်။ မမစိတ်ကူးကတော့ ကိုပိုင်သင်တန်းကျောင်းလေး လုပ်ချင်တယ်။ သင်တန်းကျောင်းလေး ဆောက်ရင် ညီမလေး အင်ကြင်းကို အပ်မယ်နော်။ လှလှလေးနဲ့ ခေတ်မှီအောင် ဆောက်ပေး။ ခုထဲက ပိုက်ပိုက်စုထားတယ်။
း)
ခင်မင်လေးစားလျှက်
အားးးးးနောက်ကျသွားတယ် ဂျင်းရယ် ဆော်တီးနော်......။
ဂျင်းရဲ့ စဉ်းစားတာလေးတွေ ကောင်းလိုက်တာ ။ ဂျင်းရေ.. 50% လျှော့ပေးမလားဟင်..။ စိတ်ကူးယာဉ် ဆန်ဆန် အိမ်လေးတစ်လုံးလောက်လိုချင်တယ် ။ ခုကတည်း အပြီ ကပ်ထားတော့မယ်။ ၈ျင်းရဲ့ နောက်ပိုင် အဆက်လေးကို စိတ်ဝင်စားတယ်နော်..ညန်ညန်ရေးနော်။ ဂျင်းဂျင်းလည်း စာရေးကောင်းတာပဲနော်။ အမြဲတမ်းအားပေးနေတာနော်။ဟွန်း မကောင်းဘူး မပြောပါနဲ့။
ချစ်ခင်လေးစားလျှက်။
ညီမလေးရည်ရွယ်ချက်တွေပြည့်ဝအောင်မြင်ပါစေ
လို့ဆုတောင်းပေးလိုက်ပါတယ်။
ဒုတိယပိုင်းဆက်ပါအုန်း။
အင်ကြင်း ညီမလေး...များများရေးနော် ညီမလေး စာရေးဟန်လေး ညက်လာပြီ။ အမတော့ လောလောဆယ် ဝေဖာအိမ်ကြီး ဆောက်နေတုန်း...ဟိ...:))
အဲတာကြောင့်ပြောတာ ပေါ့... ချောတဲ့သူတွေများ စိတ်ကူး တကယ်ကောင်း.. (ဟဲဟဲ... ဖွလိုက်ပီကွ)...
နာ့ညမလေးတို့ ဘိုးဘွားရိပ်သာဆောက်ရင် မခြင်တို့ ကုသိုလ်လဲ ပါစေရမယ်.... စိတ်ချ.... ညီမလေးရေ....
ဆန္ဒလေးပြည့်ပါစေ။။အဟဲ..တိုက်ခန်းကို အင်စတောမန် ဘယ်လောက်နဲ့ ရောင်းမလဲဝေ့..နှစ်ရှည် စီမံကိန်းနဲ့မှ ၀ယ်ဖို့ တတ်နိုင်မှာမို့လေ. :))
ဂျင်အင်းရေ... ဖွဘွတ်မှာ အတ်ထားတယ်.. နာမည်ရှည်ရှည်နဲ့... :P
@မချော>>>မချောရေကျေးဇူးနော် အိုကေ ပိုက်ဆံစုထားတော့ နောက်ငါးနှစ်ကြာမှ စုဗူးကိုဖောက်၊ ဈေးလျှော့ပေးရမှာပေါ့ ကိုယ့်အစ်မပဲဟာကို :)
@ကိုဏီး>>>အိမ်ခန်းကို ဒစ်စကောင့်ပေးရမှာပေါ့ ကိုယ့်အစ်ကိုကြီးပဲဟာ ရဲခေါ်မဖမ်းခိုင်းပါဘူး။ စစ်တပ်လက်ပဲ အပ်လိုက်မယ် :)) ဟုတ်ပြီ ဆိုမယ့်သူလည်းရှိပြီ ရေးပေးမယ့်သူလည်းရှိပြီ အရှုံးခံပြီးထုတ်ပေးမယ့် ပရိုဂျူဆာပဲလိုတော့တယ် :))
@chit su >>> honey, don't worry. Think slowly and slowly. We got time because we are still very young, right? :))
@ကိုမိုး>>> အစ်ကို့ရေ...စိတ်ချ ကျနော်ပရဟိတ လုပ်ငန်းလေးတွေ လုပ်ဖြစ်ရင် အစ်ကို့ကို အကြောင်းကြားပါ့မယ်
@မမကိ>>>မမကိကို သနားသွားလို့ အိမ်လှလှလေးကို လျှော့ဈေးနဲ့ တကယ်ဆောက်ပေးတော့မယ် :))
@ကလေးငယ်လေး>>> မမတို့မိသားစုက လိမ္မာပါတယ် မမိုက်ပါဘူး သမီးရ... :))
@မမရွှေစင်>>>မမရွှေစင်ကို အဲဒါကြောင့် ချစ်တာ...:))))ဘွားစ်
@နေ့အိပ်မက်>>> ညီမလေးရေ...စိတ်ချ ညီမလေးရဲ့ စိတ်ကူးထဲက စာကြည့်တိုက်လေးကို မမကအကောင်အထည်ဖေါ်ပေးရမှာပေါ့
@ဒဏ္ဍာရီ>>> မမရေ...စိတ်ချ သင်တန်းကျောင်းလှလှလေးနဲ့ ခေတ်မှီမှီလေးကို သေချာဆောက်ပေးမယ်
@မြတ်မွန်>>> မြတ်မွန်ရေ...စိတ်ကူးယဉ်ဆန်ဆန်အိမ်လေးကို 50% ဒစ်စကောင့်.... ပေးမယ် ပေးမယ် ပြီးရင် ဂျင်းကို တစ်သက်လုံးခေါ်ထားမလား ဟီးးးးးးးးးးးးး
@စိတ်၏ဖြေရာ>>>မမရေ....ကျေးဇူးနော်
@မမချစ်ကြည်အေး>>> မမရေ...ညီမလေးကဝေဖာအိမ်လည်းလက်ခံတယ်။ ဒီဇိုင်းမကြိုက်ရင် ပိုက်ဆံမပေးနဲ့ ဝေဖာတွေပဲညီမလေးစားလိုက်မယ် :))
@မမခြင်လေး>>>မမခြင်လေးကတော့လုပ်ပီ.... မဟုတ်တာတွေကြောရင် မိုးဂျိုးကျစ်လိမ့်မယ်နော်...စိတ်ချ ဘိုးသွားရိပ်သာလေးဆောက်ဖြစ်ရင် မခြင်ကို အကြောင်းကြားမယ်
@မငုံ>>>မငုံကအင်စတောမန် ဘယ်လောက်လိုချင်လို့တုန်းဝေ့ စိတ်ချ မငုံအတွက်အထူး စပါယ်ရှယ် နှစ်ရှည်စီမံကိန်းလုပ်ပေးရမှာပေါ့ :))
@Anonymous>>> ဟုတ်ကဲ့ ဂျင်အင်း ဖွဘွတ်မှာ accept လုပ်လိုက်ပြီနော် :))
တကယ်ပါ မောင်နှမတွေ အကုန်လုံးကို ခင်လည်းခင်တယ်။ ချစ်လည်းချစ်တယ်။ ကျေးဇူးလည်း အရမ်းတင်ပါတယ်...
မအင်ကြင်းသန့်ရေ..
တစ်မိသားစုလုံး အင်ဂျင်နီယာဆိုတာကိုကြားလိုက်တာ
ကြက်သီးတောင်ဖြန်းခနဲပဲဗျ ..
ကျနော် ငယ်ငယ်ကတည်းက အင်ဂျင်နီယာဖြစ်ချင်ခဲ့တာ
အခု ဖြစ်မလာခဲ့ဘူး
မအင်ကြင်းသန့်ကတော့ အဆိုတော် ဖြစ်ချင်တာ အင်ဂျင်နီယာဖြစ်လာတယ်.. ဒီလိုပါပဲဗျာ...ဖြစ်သင့်တာတွေလည်း ဖြစ်ချင်တာတွေလည်း ရှိသေးတာကိုး..
ထားတော့ မအင်ကြင်းသန့်ရဲ့ စိတ်ကူးလေးတွေ ကောင်းပါတယ်.. စာကြည့်တိုက်တို့ဘာတို့ ဆောက်လုပ်လှုဒါန်းမယ် ဆိုတာမျိုးလေးပေါ့..း)
နောင်ငါးနှစ်ဆိုတဲ့ ကာလာ အတိုင်းတာကြားလေးထဲမှာ..လည်း ဖြစ်လာနိင်တာလေးတွေလည်း ကြိုးတွေးထားရင် ပိုကောင်းမလားပဲနော်..
ကျနော်ကတော့ အမှန်တိုင်းပြောရင်... ကြိုမတွေးတတ်တာတော့မဟုတ်ဘူး
ကြိုမတွေးချင်ဘူးဖြစ်ဖြစ်နေတယ်..အသက်ငယ်သေးလို့လည်းဖြစ်နိင်ပါတယ်
ဒါနဲ့ စကားမစပ် ကျနော်က အစ်မထက်အများကြီးငယ်တယ်နော်...ခိ
Post a Comment