Pages

Sunday, January 3, 2010

ကုသိုလ်မျှဝေ ရစေလို၍


မင်္ဂလာဝီဟာရကျောင်းတိုက်ရှိ ဗုဒ္ဓရုပ်ပွားတော်


ဗုဒ္ဓဘုရားရဲ့ အကြီးဆုံးဓာတ်တော်ပုံ (၂၈ မီလီမီတာရှိပါတယ်) ကျွန်မရိုက်ခဲ့တဲ့ ပုံက မကောင်းလို့ ဒီပုံတော်ကို ဒီနေရာကနေ ယူထားပါတယ်။

ကျွန်မခင်မင်လေးစားရတဲ့ ကျွန်မရဲ့ သူငယ်ချင်း မောင်နှမတွေအားလုံး ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြီးပြည့်စုံတဲ့ နှစ်သစ်အခါသမယလေး ဖြစ်ကြပါစေ။ ကျွန်မရဲ့ စိတ်ထဲမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့လေးဟာ ၂၀၁၀ခုနှစ်ရဲ့ အစပထမနေ့လေးဆိုတော့ ဘာပဲပြောပြော အဲဒီနေ့လေးကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကုသိုလ်ရမယ့် အလုပ်တစ်ခုခုကိုတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ ဗုဒ္ဓရဲ့ဓာတ်တော်မွေတော်တွေနဲ့ အတူ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တွေကိုပါပြသတဲ့ "THE 5TH INTERNATIONAL BUDDHA'S RELICS ARTS & CULTURAL EXHIBITION" နဲ့ မင်္ဂလာ ၀ီဟာရ ဘုန်းကြီးကျောင်းတို့ကို သွားရောက်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ဓာတ်တော်တွေ ပြသတဲ့ပွဲကို အရင်သွားရောက်ခဲ့တာဖြစ်ပြီး ကျင်းပတဲ့နေရာကတော့ Suntec City, Hall No. 401-404 မှာပါ။ ကျင်းပတဲ့ရက်က 30 Dec 2009 - 3 Jan 2010 အထိဖြစ်ပြီး ပြသချိန်ကတော့ 10.00 am to 10 pm ပါ။ တကယ်တော့ တနင်္ဂနွေနေ့မှ သွားဖို့မှန်းထားခဲ့ပေမယ့် အခုနပြောခဲ့သလိုပဲ ၁ ရက်နေ့မှာသွားချင်လာတာနဲ့ သွားလိုက်တာပါ။ ပြီးတော့လည်း ကျွန်မရဲ့ ဘလော့ဂါမောင်နှမတွေ သူငယ်ချင်းတွေကိုလည်း မျှဝေပေးချင်လို့ပါ။

ပြပွဲနေရာကို ကျွန်မတို့ရောက်သွားချိန်မှာတော့ ခန်းမအပြင်မှာတန်းစီနေကြတဲ့ လူတန်းကြီးက နည်းနည်းနောနော မဟုတ်ပါဘူး။ ကျွန်မ အထင် ၉၀% လောက်က တရုတ်လူမျိုးတွေပါ။ တန်းစီနေတဲ့လူတွေ အကုန်လုံးကို အထဲကို မ၀င်ခင် ကိုယ်ရေးအချက်အလက်တွေဖြည့်ဖို့အတွက် စာရွက်လေးတွေဝေပါတယ်။ အားလုံးဖြည့်စွက်ပြီးရင်တော့ အထဲကိုမ၀င်ခင် အပေါက်ဝမှာ ပေးထားခဲ့ရပြီး သူတို့က ကျွန်မတို့လက်မောင်းမှာ တံဆိပ်လေးကပ်ပေးလိုက်ပါတယ်။ အထဲကိုလည်းရောက်ရော ကျွန်မတွေ့လိုက်ရတာက တကယ့်ကို ခမ်းခမ်းနားနားပြင်ဆင်ထားတာကိုပါပဲ။ ကျွန်မလည်း ၀မ်းသာအားရနဲ့ ဓာတ်ပုံတွေ တစ်ဝကြီးရိုက်သွားပြီး ကျွန်မရဲ့ ဘလော့ဂ်လေးမှာ ပြန်လည်မျှဝေမယ်ဆိုတဲ့စိတ်ကူးနဲ့ အ၀င်ဝနားမှာ ဓာတ်ပုံတွေ တစ်ဖျတ်ဖျတ်ရိုက်နေတုန်းပဲရှိသေး ကျွန်မသူငယ်ချင်းက "No Photo Taking" ဆိုတဲ့ စာတန်းလေးကို မြင်သွားပြီး ကျွန်မကိုလှမ်းသတိပေးတဲ့ အတွက် ကင်မရာလေးကို အိတ်ထဲအသာလေး ပြန်ထည့်လိုက်ရပါတယ်။ (ကင်မရာဆိုလို့ပြောရဦးမယ်။ ကျွန်မက ဘလော့ဂ်လုပ်ပြီး စာသာရေးနေတာ၊ ကိုယ်ပိုင်ကင်မရာ တစ်လုံးတောင်မရှိပါဘူး။ ဒီကင်မရာလေးက ကျွန်မသူငယ်ချင်းရဲ့ ကင်မရာလေးပါ။ သူကကျွန်မကို ရိုက်ချင်သလိုရိုက်နိုင်အောင် ကျွန်မလက်ထဲ ထည့်ပေးထားတာပါ။ ဓာတ်ပုံတွေက မကျွမ်းမကျင်နဲ့ ရိုက်ရတဲ့အပြင် လူအလစ်မှာ ရိုက်ရတာဆိုတော့ သိပ်တော့မကောင်းပါဘူး။)



ဒါကတော့ ပြပွဲခန်းမ အပြင်ဘက်မှာ လူတွေတန်းစီနေကြတာပါ။


ဒါကတော့ ၀င်ဝင်ချင်းနေရာမှာပါ။ လူတွေအားလုံး ပိုက်ဆံအကြွေစေ့တွေ လှမ်းလှမ်းပစ်ပြီး ဆုတွေတောင်းနေကြတာတွေတွေ့တော့ ကျွန်မလည်းဝင်ရောက် ဆုတွေတောင်းခဲ့ပါသေးတယ်။ :)




ဒါကတော့ အတွင်းဘက်ပိုင်း ဓာတ်တော်တွေကို စီတန်းပြထားတဲ့ နေရာကိုလှမ်းရိုက်ခဲ့တာပါ၊ ဓာတ်ပုံရိုက်ခွင့်မရှိတဲ့ အတွက်ကျွန်မမှာ ဗုဒ္ဓရဲ့ ဓာတ်တော်ပုံတွေကို အနီးကပ်ရိုက်ယူခဲ့ဖို့ရာဘယ်လိုမှ အခွင့်မသာခဲ့ပါဘူ။ ဒါပေမယ့်လည်း ကိုယ်ဖူးမြော်ရသလို သူများတကာတွေကိုပါဖူးမြော်စေချင်တဲ့စိတ်က တစ်ဖွားဖွားဖြစ်နေတာမို့ အဲဒီပြပွဲနဲ့ ပတ်သက်ပြီး အင်တာနက်မှာ မရရအောင်ရှာလိုက်တော့ website တစ်ခုမှာ ဓာတ်တော်ပုံတစ်ချို့ကို တင်ထားတာ ၀မ်းသာစရာတွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်မလည်း ဖူးစေချင်တဲ့စေတနာနဲ့ အဲဒီကနေပဲ ယူလိုက်ပါတယ်။








ဓာတ်တော်တွေကတော့ Buddha's Blood Relics, Buddha's Flesh Relics, Buddha's Bone Relics, Buddha's Brain Relics စသည်ဖြင့် အစုံပါပဲ။

အဲဒီမှာ အကယ်၍ ဓာတ်တော်တွေကို မှန်ဘီလူးနဲ့ ကြည့်ချင်ရင်လည်း ထိုင်ပြီးကြည့်လို့ရပါတယ်။ တာဝန်ယူပြီး ပြောပြရှင်းပြနေသူတွေလည်းရှိပါတယ်။


ဒီနေရာကတော့ ဗုဒ္ဒရုပ်ပွားတော်မြတ်ကို ဆီမီးတွေနဲ့ ပူဇော်ထားတဲ့နေရာပါ။ ဆီမီးဖိုး
အလှူငွေ ကောက်ခံနေတဲ့အတွက် ကျွန်မတို့လည်း အလှူငွေထည့်ခဲ့ပါသေးတယ်။

ဒါကလည်းဆီမီးရောင်စုံတွေနဲ့ ပူဇော်ထားတဲ့ပုံပါ။



ဒါကတော့ ဗုဓ္ဒရုပ်ပွားတော်မြတ်ပုံကို အနီးကပ်ရိုက်လာခဲ့တာပါ။



ဒီပုံတော်နှစ်ပုံကတော့ မြတ်စွာဘုရားအားဖွားမြင်တော်မူပြီးခါစပုံတော်ကိုရိုက်ယူခဲ့တာပါ။

အဲဒီလိုနဲ့ ဆက်လက်ဖူးမျှော်လာရင်း တစ်နေရာရောက်တော့ ယောကျာ်း၊ မိန်းမမခွဲခြားဘဲ ရွှေသင်္ကန်းကပ်ဖို့ ရွှေဆိုင်းတွေဝေနေတာတွေ့တော့ ကျွန်မတို့သူငယ်ချင်းတစ်သိုက်လည်း မြတ်စွာဘုရားရှင်ကိုရွှေသင်္ကန်း ကပ်လှူခွင့်ရခဲ့ပါတယ်။


ရွှေသင်္ကန်းများဆက်ကပ်လှူဒါန်းထားသော ဗုဒ္ဓရုပ်ပွားတော်



ဒါကတော့ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ညောင်ပင်ပါ။သူတို့တရုတ်တွေကတော့ အဲဒီလို ညောင်ရွက်တွေကို ချည်ပြီး ဆုတွေတောင်းနေကြပါတယ်။ ကျွန်မတို့တော့ နားမလည်လို့ မလုပ်ခဲ့ပါဘူး။


အဲဒီလိုနဲ့ တဖြည်းဖြည်းဆက်လျှောက်လာတော့ ဗုဒ္ဒရုပ်ပွားတော်တွေ၊ ဆင်းတုတော်တွေ တန်းစီပြီးပြထားတဲ့နေရာကိုရောက်လာပါတယ်။ အဲဒီမှာကျွန်မတို့ တအံ့တသြ ဖြစ်စရာ ဘာသွားတွေ့သလဲဆိုတော့ ဆင်းတုတော်အကုန်လုံးနီးပါး (တော်တော်များများ) ဟာမြန်မာပြည်က ရှေးဟောင်းဆင်းတုတွေဖြစ်နေတာကိုပါပဲ။ အဓိက ကတော့ မန္တလေးနဲ့ ရှမ်းပြည်နယ်ကရုပ်ပွားတော်တွေပါ။ စင်ကာပူဒေါ်လာ ဘယ်နှစ်သောင်း၊ ဘယ်နှစ်သိန်း စသည်ဖြင့်ဈေးနှုန်းတွေလည်းကပ်ထားတာပါ။ ကျွန်မ ကတော့ မစဉ်းစားတတ်လောက်အောင်ပါပဲ (ကိုယ်ကလည်း ခပ်ပိန်းပိန်းဆိုတော့လေ....)။ ဒီလောက်များပြားလှတဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းအမွေအနှစ် ရုပ်ပွားတော်တွေဟာ ဘယ်လိုဖြစ်လို့ ဒီနေရာမှာရောက်ရှိနေရတာလဲ လို့ပေါ့။ ကျွန်မကြည့်ရင်းကြည့်ရင်း ရင်ထဲမှာဘယ်လိုဖြစ်လာမှန်းမသိပါဘူး။ စိတ်မကောင်းဖြစ်သလိုလို၊ ၀မ်းနည်းသလိုလို ခံစားရပြီး ငိုချင်စိတ်တွေတောင်ပေါက်လာ သလိုပါပဲ။ ကိုယ်သာ မီလျံနာ၊ ဘီလျံနာ သူဌေးဆိုလို့ ကတော့ အဲဒီမြန်မာပြည်က ရုပ်ပွားတော်တွေအကုန်လုံးကို ပြန်ဝယ်ပြီး မြန်မာပြည်မှာ နဂိုမူလစံမြန်းရာ ကျောင်းတော်တွေကိုပြန်သာ ပင့်ဆောင်လိုက်ချင်တော့တာပါပဲ။


ရှားရှားပါးပါးတစ်ပုံတော့ ရအောင်ရိုက်ယူခဲ့ပါတယ် :)

အဲဒါနဲ့ ကျွန်မတို့လည်း အဲဒီနေရာကနေမြန်မြန်ခွာပြီး ပန်းချီကားတွေပြထားတဲ့ နေရာကို ရောက်သွားကြပါတယ်။ပန်းချီကားတွေကတော့ တရုတ်ပန်းချီကားတွေ များပါတယ်။ ဒါပေမယ့် အဲဒီထဲမှာမှ မြန်မာပြည်က ရှုခင်းရှုကွက်တွေနဲ့ တူတဲ့ ပန်းချီကားတစ်ချို့ကို တွေ့ရတော့ ကျွန်မဘယ်လိုမှ မနေနိုင်တော့ဘဲ ဓာတ်ပုံတွေ ရိုက်ယူခဲ့မိပါတော့တယ်။ ပန်းချီတွေက အထွက်နေရာနားမှာ ရှိတဲ့အပြင် အခန်းလိုက် အခန်းလိုက်ပြထားတာဆိုတော့ ဓာတ်ပုံရိုက်မရိုက် စစ်နေတဲ့ သူတွေလည်းမရှိပါဘူး။ ဓာတ်ပုံမရိုက်ရလို့ ကပ်ထားတဲ့ စာတန်းလည်း အဲဒီနားမှာမတွေ့ရပါဘူး။ အဲဒါနဲ့ ကျွန်မလည်း ကျွန်မ နှစ်သက်မိတဲ့ သဘာဝ ပန်းချီပုံလေးတွေကိုပါ ရိုက်ယူလာခဲ့ပါတယ်။ :)


ဒီပုံလေးကမြန်မာပြည်နဲ့တော်တော်တူတာပါ။ ဒါပေမယ့် ပုံဆွဲတဲ့သူ နာမည်က တရုတ်နာမည် ဖြစ်နေတယ်။ မြန်မာပြည်ကိုသူ ရောက်ရှိခဲ့ပြီး ဆွဲခဲ့တယ်ထင်တာပဲ


ဒီပုံလေးကရော...မြန်မာပြည်ရဲ့ တစ်ချို့နေရာတွေမှာ မြင်တွေ့နေရဆဲ ဖြစ်တဲ့ မြင်ကွင်းမျိုးပဲမဟုတ်လား....ဘေးမှာ ရှင်းလင်းချက်တွေကလည်း တရုတ်လိုရေးထားတာ ဆိုတော့ ကျွန်မကလည်း ဘာမှနားမလည်ခဲ့ဘူး


ဒီပုံလေးဆိုရင်လည်း အိမ်ဘေးက ကြိုးတန်းလေးမှာ အ၀တ်တွေလှမ်းနေတဲ့ပုံလေး.....မြန်မာပြည်နဲ့တော်တော်တူတယ်ထင်တာပဲ...


ဒီပုံလေးကလည်း လမ်းဘေးမှာ ဆိုင်ကယ်တွေနဲ့ တွန်းလှည်းမုန့်ဆိုင်တွေနဲ့ ဆိုတော့.....







ဒီပုံလေး ၃ပုံ ကတော့ ကျွန်မ နှစ်သက်လို့ ရိုက်ယူလာခဲ့တဲ့ပုံလေးတွေပါ။

ကျွန်မတို့လည်း အားလုံးကို လှည့်ပတ်ကြည့်ရှု ဖူးမျှော်လေ့လာ ပြီးတဲ့အခါမှာတော့ အဲဒီကမှတဆင့် မင်္ဂလာ ၀ီဟာရ ဘုန်းကြီးကျောင်းကို ခရီးဆက်ခဲ့ကြပြီး ဘုရားမှာ ဆီမီး၊ နံ့သာတိုင်၊ အလှူငွေတို့ဖြင့် ပူဇော်ရင်း ဘုရားကျောင်းဆောင်ဘေး ပရ၀ုဏ်တစ်ဝိုက်မှာရှိတဲ့ အမှိုက်သရိုက်များကို သိမ်းဆည်းကုသိုလ်ယူကာ
ပြန်ခဲ့ကြပါတယ် ဆိုတဲ့ အကြောင်းကို ကျွန်မရဲ့ မောင်နှမတွေ၊ သူငယ်ချင်းတွေကိုလည်း ကုသိုလ်တွေကိုမျှဝေပေးလိုတဲ့ စေတနာနဲ့ ရေးသားလိုက်ရပါကြောင်း............။

8 comments:

ချော (အစိမ်းရောင်လွင်ပြင်) said...

"ကိုယ်သာ မီလျံနာ၊ ဘီလျံနာ သူဌေးဆိုလို့ ကတော့ အဲဒီမြန်မာပြည်က ရုပ်ပွားတော်တွေအကုန်လုံးကို ပြန်ဝယ်ပြီး မြန်မာပြည်မှာ နဂိုမူလစံမြန်းရာ ကျောင်းတော်တွေကိုပြန်သာ ပင့်ဆောင်လိုက်ချင်တော့တာပါပဲ။"
လို့ရေးထားတဲ့ အင်ကြင်းရေ..
ဒီစကားလေးအတွက် ရင်ထဲမှာ ၀မ်းသာ ပီတိဖြစ်မိပါတယ်.. ဘာသာ သာသနာယဉ်ကျေးမှုကို ချစ်တဲ့စိတ်လေးကို လေးစားမိပါတယ်... ဓာတ်တော်နဲ့ ဆင်းတုတော်တွေကို တစ်ဝကြီး ဖူးမျှော်သွားပါတယ်..
ဒီအတွက် ကျေးဇူးပါနော်..

ခင်တဲ့
မချော

လုံမလေး said...

မမရေ..
လုံလုံဓါတ်ပုံတွေမြင်ရဖူးရယ်လေ
စာတွေဖတ်သွားတယ်နော်
နောက်တခါပြန်လာမယ်
အခုလို မမစိတ်လေးကိုသိရတော့
ပိုတောင် ကြည်နူးမိတယ် လေးစာတယ်မမရေ

ချစ်တဲ့
လုံလုံ

~ဏီလင်းညို~ said...

အင်ကြင်းရေ...
ဘုရားပုံတော်တွေဖူးရတာရော...၊ ဓာတ်ပုံလေးတွေကြည့်ရတာရော ကျေးဇူးပါဗျာ...။
ရှေးဟောင်းဆင်းတုတော်တွေနဲ့ပတ်သတ်လို့ ညီမခံစားရတာ... ကိုယ်ချင်းစာမိတယ်...။ ကိုဏီးတို့လည်း အဲ့သလိုမျိုးပဲလေ...
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

အင်ကြင်းရေ......ပုံတွေက ကြည့်လို့ရဘူးရော်..
စာတွေတော့ဖတ်သွားတယ် အင်ကြင်းရယ်..။
ခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ် အင်ကြင်းရေ.. ဘုရားလာဖူးသွားတယ် ။

ခြင် said...

အင်ကြင်းရေ... ပုံတွေကို ရအောင်ရိုက်လာပြီး တင်ပေးတာ ကျေးဇူးပါပဲ ညီမလေးရေ... အမခြင်လဲ မရရအောင် ကြည့်ပလိုက်တယ်... အမလဲ သွား မလို့ မသွားလိုက်ရဘူးလေ....

shwezinu said...

ညီမရေ

လာလည်တယ် ဆီပုံးက ရေးလို့မရဘူးဖြစ်နေတယ် ပုံတွေက သိပ်လေးနေတယ်ထင်တယ် add image နဲ့ တင်ရင်တော့ ကောင်းတယ် ပုံတွေက ဖွင့်ဖို့လည်း ခက်နေတယ်

၂ရက်ရှိပြီ လာလာချောင်းတာ မရဘူးဖြစ်နေတယ်
အိမ်သစ်လေးနဲ့ လန်းနေကြောင်းလာပြောတာလေ
အားကျတယ်နော်
မမရွှေစင်

ကိုဇော် said...

ကြည့်ခွင့် ၊ ဖူးမျှော်ခွင့်ရလို့ ကျေးဇူးပါဗျာ။

နောက်လည်း တင်နိုင်ပါစေ.။

Anonymous said...

ဘုရားလာဖူးရင်း ပုံတစ်ချို့ခိုးသွားပါကြောင်း အသိပေးလိုက်ပါတယ် အမရယ်... :)

ခင်တဲ့
အမရဲ့ မောင်လေးသေးသေးလေး