Pages

Sunday, January 31, 2010

အမြဲတမ်းအတွက် ထာဝရအတွက်

ရုံးတက်ရက် နေ့ခင်းထမင်းစားချိန်မို့ စားသောက်ဆိုင်ခန်းများ တစ်လျှောက်မှာ လူတွေက ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။ ဆိုးရွားတဲ့ အနံ့ အသက်များနဲ့အတူ ဇွန်းသံ၊ ပန်းကန်သံများ ကျယ်လောင်စွာစကားပြောသံများ၊ ရီသံများနဲ့ စိတ်ရှုပ်ထွေးစရာ ကောင်းလွန်းလှ၍ ကျွန်မ စားလက်စ ခေါက်ဆွဲပန်းကန်ကို မြန်မြန်လက်စသိမ်းကာ အပြင် လူသွားစင်္ကြန်ဖက်ကို အမြန်ထွက်လာခဲ့မိသည်။ သို့သော်လည်း စင်္ကြန်တစ်လျှောက် အရောက်တွင် ပို၍ပင် စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းသည်များကို ကြုံတွေ့ရလေတော့သည်။ အလွန်အင်မတန်မှ ယဉ်ကျေးလှတဲ့ နိုင်ငံကြီးသားများ ပီသစွာ တစ်ဦးနဲ့တစ်ဦး တိုးကာတိုက်ကာဖြင့် စားသောက်ဆိုင်များ၌ သူတို့အတွက် မကျန်ရှိတော့မှာကို စိုးရိမ်ကြီးသည့် အလား အလုအယက် သွားလာနေကြတဲ့လူတွေလေ။ တခြားလူကို ၀င်တိုက်သွားမိသည့် အတွက်လည်း ဘယ်လိုမှတောင် မနေကြပါဘူး။ “ဆောရီး” ဆိုတဲ့ တောင်းပန်စကားလေးတစ်ခွန်း ပြောဖို့ဆိုတာတောင်မှ သတိမရနိုင်ကြလောက်အောင် ပျာယာတွေခတ်နေကြတာလေ။ အဲဒီလိုလူတွေကြားထဲမှာ ကျွန်မ စိတ်မကြည်မလင်နဲ့ စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာရင်း ရုတ်တရက် ဆိုသလို ညစ်ညူး ဒေါသထွက်နေတဲ့ ကျွန်မရဲ့ စိတ်အစဉ်ကို တမဟုတ်ချင်း ငြိမ်းချမ်းသွားစေမယ့် မြင်ကွင်းလေးတစ်ခုက ကျွန်မရဲ့ရှေ့မှာ။

အသက် ၇၀ကျော်ခန့် အရွယ်စုံတွဲ အဘိုးနဲ့အဘွားနှစ်ဦးရယ်ပါ။ ကျွန်မအထင်ဖြင့် စားသောက်ဆိုင်တန်းတစ်လျှောက် စားသောက်စားပွဲဝိုင်းများတွင် တစ်ရှူးများ လိုက်လံရောင်းချတဲ့ အလုပ်ကိုလုပ်ကိုင်နေရသော အဘိုးနဲ့အဘွား ဖြစ်ဟန်တူပါသည်။ အဘိုးရဲ့ လက်တစ်ဖက်က တောင်ဝှေးတုတ်ကောက်လေးကို ကိုင်ကာ ကျန်တစ်ဖက်က အဘွားရဲ့ လက်ကလေးကို ဆွဲကိုင်ပြီး ရှေ့ကနေ ဖြေးဖြေးချင်း ဦးဆောင်သွားနေတာလေ။ အဘွားလုပ်တဲ့သူကတော့ တစ်ရှူးထုပ်တွေ ထည့်ထားတဲ့ အိတ်ကြီးကိုလွယ်ထားကာ လက်တစ်ဖက်ကတော့ အဘိုးရဲ့ ဆုပ်ကိုင်ထားခြင်းကို ခံထားရပြီး ကျန်တစ်ဖက်က ရောင်းချရန် တစ်ရှူးထုပ်လေးများကို ကိုင်ကာ အဘိုးရဲ့ ခေါ်ဆောင်ရာနောက်ကို တရွေ့ရွေ့ခြင်း လိုက်ပါလျက်။ သူတို့နှစ်ဦးကို ကြည့်ရတာ ရှုပ်ထွေးလှတဲ့ လူတွေကြားထဲမှာ တစ်ဦးနဲ့ တစ်ဦး မျက်စိအောက်ကပျောက်သွားမှာ၊ လက်တွဲလေးတွေပြုတ်သွားမှာကို စိုးရိမ်နေဘိသည့်အလား။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး ကြင်နာမှုတွေ ဖေးမမှုတွေ အပြည့်အ၀နဲ့ တရွေ့ရွေ့သွားနေပုံလေး။ သူတို့ရဲ့ မျက်နှာလေးတွေကို ကြည့်ရတာကလည်း တကယ်ကို ကြည်လင်အေးမြနေတာပါပဲ။ ကျွန်မ သူတို့နှစ်ဦးကို ကြည့်ရတာ ကြည်နူးငြိမ်းချမ်းလွန်း၍ ကျော်တက်မသွားပဲ လူသွားလမ်းအဆုံး ကားလမ်းကူးသည့် နေရာလေးကို ရောက်သည်အထိ နောက်ကနေ အသာလေးကြည့်ရင်း လိုက်သွားမိသည်။ ကားလမ်းကူးသည့်နေရာရောက်လို့ သူတို့နဲ့ လမ်းခွဲခဲ့ရပေမယ့်လည်း ကျွန်မရဲ့စိတ်အစဉ်ထဲတွင် ထိုမြင်ကွင်းလေးက စွဲလို့နေသည်။ လောကကြီးမှာ ဒီလို ဘ၀ရဲ့ နေ၀င်ချိန်တွေအထိ တစ်ဦးနဲ့ တစ်ဦး သစ္စာတွေ၊ မေတ္တာတွေမပျက်ပဲ ကြင်နာဖေးမစွာနဲ့ အေးအတူပူအမျှ နေထိုင်သွားကြတယ်ဆိုတာ ဒီခေတ်ကြီးထဲမှာတော့ တကယ့် ကို ရှားရှားပါးပါးပါပဲ။

တစ်ဆက်တည်းမှာပဲ ကွယ်လွန်သွားရှာခဲ့ပြီ ဖြစ်တဲ့ ကျွန်မရဲ့ အဘိုးနဲ့ အဘွား (ကျွန်မမေမေရဲ့ အဖေနဲ့အမေ) အကြောင်းကို စိတ်အစဉ်က ရောက်သွားမိသည်။ တကယ်တမ်း တွေးကြည့်လိုက်တော့မှ အဘိုးနဲ့ အဘွားဟာ တစ်ဦးကို တစ်ဦး သိပ်ကို သံယောဇဉ်ကြီးခဲ့ကြရှာတာပါလား။ နှစ်ဦးစလုံးက တစ်နယ်တစ်ကျေးဆီက ဖြစ်သော်လည်း မကွေးတိုင်း အောင်လံမြို့နယ်မှာရှိတဲ့ ရွာလေးတစ်ရွာကို ရောက်ရှိလာကြကာ တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံ မေတ္တာမျှခဲ့ကြတယ်။ နှစ်ဦးသား ထိမ်းမြားလက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ အဘွားက သမီးတွေချည်း ခြောက်ယောက် မွေးဖွားခဲ့ပါတယ်။ ထိုရွာလေးမှာ အဓိက လုပ်ငန်းက လယ်ယာလုပ်ငန်း ဆိုပေမယ့်လည်း အဘိုးက သမီးတွေအားလုံးကို ပညာတတ်ကြီးတွေဖြစ်စေချင်လို့ လယ်ယာလုပ်ငန်းကို သူများနဲ့ပေးလုပ်ခိုင်းပြီး သူကိုယ်တိုင်ကတော့ မုန့်ဖတ် (မုန့်ဟင်းခါးဖတ်) လုပ်တဲ့ မုန့်ပေါင်းဖိုကြီးကို ထူထောင်ကာ အနီးအနားမှာရှိတဲ့ ရွာတွေကို မုန့်ဖတ်တွေ လက်လီလက်ကား ရောင်းချပြီး သမီးတွေ အကုန်လုံးကို ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တာလေ။ သမီးတွေအများကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းနေဖို့ရာ အတွက်လည်း ဧရာတီမြစ်ကမ်းဘေးမှာ ခြံကျယ်ကြီးကို ၀ယ်ကာ အိမ်အကြီးကြီးကိုလည်း တည်ဆောက်ခဲ့သေးတာပါ။

ဒါပေမယ့်လည်း သမီးတွေအားလုံးက ပညာတွေတတ်မြောက်ပြီးတဲ့အခါ မြို့ရွာအသီးသီးမှာ အလုပ်တာဝန်တွေကျ အိမ်ထောင်တွေကျသွားတဲ့ အခါကျတော့ အဲဒီခြံကြီးမှာ အဘိုးနဲ့ အဘွားနှစ်ယောက် တည်းပဲ ကျန်ရစ်ခဲ့တော့တယ်လေ။ သားသမီး မြေးမြစ်တွေက နွေရာသီ ကျောင်းပိတ်ရက်လိုမျိုး သီတင်းကျွတ် ရက်ရှည် ကျောင်းပိတ်ရည်တွေလိုမျိုးမှသာ အဘိုးနဲ့ အဘွားဆီကို ရောက်နိုင်ကြတော့တယ်။ သမီးတွေက မြို့မှာ အတူလာနေဖို့ ဘယ်လောက်ပဲ ခေါ်ခဲ့ပေမယ့်လည်း အဘိုးရော အဘွားရောက သူတို့နှစ်ဦးရဲ့ ဘ၀လေးကို စတင်ခဲ့တဲ့ ဒီခြံနဲ့ အိမ်ကို လုံးဝမစွန့်ခွာခဲ့ကြပဲ တစ်ဦးနဲ့တစ်ဦး ဖေးမစောင့်ရှောက်ကာနဲ့ပဲ နှစ်ဦးတည်း နေထိုင်ခဲ့ကြတာလေ။ အဘိုး သို့မဟုတ် အဘွား တစ်ယောက်ယောက်များ မြို့ကို ခဏ လာရောက်လည်ပတ်ပြီ ဆိုရင်လည်း ဘယ်လိုမှ ရက်ကြာကြာ မနေနိုင်ကြပါဘူး။ ရွာမှာကျန်ခဲ့တဲ့ တစ်ယောက်အတွက်ကို စိတ်မဖြောင့်ကြရှာဘူးလေ။ ရက်အနည်းငယ်နေပြီးတာနဲ့ ချက်ချင်းပြန်ပို့ခိုင်းကြတော့တာပါပဲ။

အဲဒီလိုနဲ့ အဘိုးနဲ့ အဘွား အသက်တွေ တဖြည်းဖြည်းရလာပြီး အဘိုး မကျန်းမမာ ဖြစ်လာတဲ့အခါကျတော့ မေမေတို့ ညီအမတွေ အလှည့်နဲ့ တစ်ယောက်တစ်လဲ သွားရောက် ကြည့်ရှု စောင့်ရှောက်ခဲ့ကြပါတယ်။ မြို့မှာဆေးကုသမှုခံယူဖို့ အဘိုးကို ဘယ်လိုမှခေါ်လို့မရခဲ့လို့လေ။ ကျွန်မ မှတ်မိပါသေးတယ်။ မေမေ အဘိုးတို့ အဘွားတို့ဆီကို သွားရတော့မယ်ဆိုရင် ကျွန်မနဲ့ ညီမလေးပါ ကျောင်းကနေ ခွင့်ရက်ရှည်တွေယူကာ လိုက်သွားရတာကိုလေ။ အဆုတ်ကင်ဆာဝေဒနာကို ခံစားနေရတဲ့ အဘိုးဟာ မှတ်ဥာဏ်တွေလည်းချို့ယွင်းကာ သတိရတစ်ချက် မရတစ်ချက်နဲ့ ဖြစ်နေတတ်ခဲ့တာ။ အရင်တုန်းကဆိုရင် အဘိုးက အိမ်ရှေ့ခန်း ဘုရားစင်ဘေး ကပ်လျက်နေရာမှာ အိပ်စက်ပြီး အဘွားက အိမ်ခန်းထဲမှာ အိပ်စက်ခဲ့ပေမယ့် အဘိုးနေမကောင်းဖြစ်တဲ့ အချိန်ကစလို့ အဘွားဟာ အဘိုးရဲ့ အိပ်ရာဘေးလေးမှာ ခြင်ထောင်တောင်မထောင်ရှာပဲ (အဖိုးကညဖက် ရုတ်တရက်နှိုးလာတာမျိုး...အဖိုးကို တစ်ခုခုလုပ်ပေးဖို့ လိုအပ်တာမျိုးဆိုရင် အဆင်သင့်ဖြစ်နေနိုင်အောင်လို့ ဆိုပါတယ်) ခွေခွေလေး အမြဲစောင့်အိပ်ရှာတာပါ။ ကျွန်မတို့ မေမေတို့ တွေကလည်း အဖိုးနဲ့ မလှမ်းမကမ်းမှာပဲ အိပ်ကြတာမို့ အဘွားကို ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့ ပြောပေမယ့်လည်း ဘယ်လိုမှ မရခဲ့ပါဘူး။ အဘိုးအတွက် ဝေယျာဝိစ္စမှန်သမျှကိုလည်း တခြားသူတွေ လုပ်ပေးတာကို မလိုလားခဲ့ပဲ အဘွားကပဲ ဘေးကနေ လိုအပ်တာမှန်သမျှကို တောက်လျှောက် ဒိုင်ခံလုပ်ပေးခဲ့တာ အဘိုး ဘ၀ရဲ့ နောက်ဆုံးအချိန်အထိပါပဲ။ အဘိုး ဆုံးသွားတော့ အဘွားလည်း အရုပ်ကြိုးပြတ် ဖြစ်ပြီး ကျန်ခဲ့ရရှာတာပါ။

အဘိုးမရှိတော့တဲ့ အခါကျတော့ အဘွားကို ရွာမှာတစ်ယောက်တည်းထားဖို့လုံးဝမဖြစ်နိုင်ဘဲ မြို့ကိုခေါ်ထားဖို့ ရာကို ဘယ်လောက်ပဲ နားချခဲ့ပေမယ့် အဘွားက ဘယ်လိုမှ လက်မခံခဲ့ပါဘူး။ အဘိုးရဲ့ အရိပ်အငွေ့တွေ ရှိနေတဲ့ ရွာက အိမ်နဲ့ခြံကြီးကို အဘွားက ဘယ်လိုမှ ခွဲခွာမသွားချင်ခဲ့ဘူးလေ။ အဲဒီတော့ ကျွန်မရဲ့ အဒါ် ကျောင်းဆရာမတစ်ယောက်က အဘွားနဲ့ အတူနေနိုင်ဖို့အတွက် အဘွားတို့ရွာနားက ကျောင်းကို လုပ်ငန်းတာဝန် ပြောင်းရွှေ့ယူခဲ့ပြီး ကျွန်မအဒေါ်တို့ တစ်မိသားစုလုံး အဘွားနဲ့အတူ လာရောက်နေထိုင်ပေးခဲ့ကြပါတယ်။

အဲဒီလိုနဲ့ အဘွားလည်းတဖြည်းဖြည်းနဲ့ အသက်၉၀ ကျော်လာတော့ ဇရာရဲ့ ဒဏ်ကိုခံလာရပါပြီ။ အဘွားရဲ့ ကျန်းမာရေးအတွက် မြို့မှာနေထိုင်နေတဲ့ မေမေတို့ ညီအစ်မတွေက အဘွားကို မြို့ကိုခေါ်ထားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ပြုလုပ်ပေးကာ အနားမှာ တစ်ယောက်တလဲ လိုလေသေးမရှိ ပြုစုပေးနေခဲ့ပေမယ့် အဘွားဟာ သူ့ကို ရွာကိုပဲ ပြန်ပို့ပေးဖို့ကို တစ်ချိန်လုံး တောင်းဆိုနေခဲ့တာပါ။ အဘွားက သူ့ကိုယ်သူလည်း သိပ်မနေရတော့ဘူးဆိုတာ ရိပ်မိနေတော့ သူဟာ အဘိုးခေါင်းချသွားတဲ့ ရွာကအိမ်မှာပဲ ပြန်ပြီးခေါင်းချချင်ခဲ့တာလေ။ ဒါပေမယ့် ရွာမှာဆိုရင် ဆရာဝန်မရှိ ဆေးဝါး အာဟာရ တစ်ခုခုကို အရေးတကြီးလိုအပ်ခဲ့ရင်လည်း ၀ယ်ဖို့ နေရာက အဆင်သင့်ရှိတာ မဟုတ်တော့ သမီးတွေအားလုံးက ပြန်မပို့ချင်ခဲ့ကြဘူး။ ဒါပေမယ့်လည်း သနားစရာကောင်းလွန်းလှတဲ့ အဘွားကို သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်လေးမှာ သူ့ရဲ့ ဆန္ဒလေးကို လိုက်လျောလိုက်ကြမယ် ဆိုပြီး မရတော့ဘူးဆိုတာ သိသိနဲ့ပဲ အဘွားကို ရွာကို ပြန်ခေါ်သွားပေးခဲ့ကြတယ်။ ရွာကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ အဘွားဟာ သူသိတ်ချစ်၊ သိတ်သံယောဇဉ်ကြီးရှာတဲ့ သားသမီးမြေးမြစ်တွေ နဲ့အတူ ဒီအိမ်ကြီး၊ ဒီခြံကြီး အားလုံးကို ချန်ထားရစ်ခဲ့ကာ အဘိုးရဲ့နောက်ကို လိုက်သွားခဲ့ရှာပါတော့တယ်။

မေမေတို့ ညီအမခြောက်ယောက်ကနေ မွေးဖွားခဲ့ကြတဲ့ ကျွန်မတို့ ညီအစ်ကိုမောင်နှမ၀မ်းကွဲ တွေဟာဆိုရင် အဘိုးနဲ့ အဘွားကို သိပ်ချစ်ကြတာပါ။ အဘိုး နဲ့ အဘွားဟာ ကျွန်မတို့ မောင်နှမ၀မ်းကွဲတွေအားလုံးကို ၀မ်းကွဲလိုစိတ်မျိုးမထားပဲ မောင်နှမရင်းချာတွေလို ချစ်တတ်အောင် သွန်သင်ပေးခဲ့ကြတယ်။ ကျွန်မတို့တွေ အားလုံးအဖို့တော့ အဘိုးနဲ့ အဘွားမရှိတော့တာဟာ ကျွန်မတို့ ဘ၀မှာ ရွှေတောင်ကြီးတွေ ပြိုခဲ့သလိုပါပဲ။ ကျွန်မတို့မြေးတွေက အဘွားကိုများ ဘယ်လောက်ထိချစ်ကြလဲဆိုရင် အဘွားကို အဘွားလို့ခေါ်ကြတာ မဟုတ်ပါဘူး။ “အမေ”လို့ပဲခေါ်ခဲ့ကြတာပါ။ မောင်နှမတွေစုမိလို့ အဘိုးနဲ့ အဘွားအကြောင်းကို ပြန်ပြောဖြစ်ကြပြီ ဆိုရင်လည်း အခုထိ မျက်ရည်တွေကျရတုန်းပါပဲ။

အဘိုးနဲ့ အဘွားဟာ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာစွာ၊ သံယောဇဉ်တွေကြီးစွာနဲ့ နားလည်မှုတွေ မေတ္တာတရားတွေနဲ့ လက်တွဲမဖြုတ် ဖေးမစောင့်ရှောက်ကာ နေထိုင်သွားခဲ့ကြတယ်။ တကယ်လို့များ အဘိုးနဲ့အဘွား နောင်ဘ၀ တစ်နေရာမှာ ပြန်လည်ဆုံဆည်း ဖြစ်ခဲ့ကြရင်လည်း အခုဘ၀မှာလိုပဲ သားသမီးမြေးမြစ်တွေနဲ့ မခွဲမခွာထာဝရ ချမ်းမြေ့ပျော်ရွှင်တဲ့ မိသားစုရိပ်မြုံကြီးကို ထပ်မံတည်ဆောက်နိုင်ပါစေ လို့လည်း ကျွန်မ ရင်ထဲမှာ အမြဲဆုတောင်းနေမိပါသေးတယ်။

လောကကြီးမှာရှိတဲ့ ချစ်သူ ဇနီးမောင်နှံတွေ အားလုံးလည်း တစ်ဦးနဲ့ တစ်ဦး နားလည်မှုအလွဲတွေ၊ အမုန်း အာဃာတ တရားတွေ ကင်းစင်ကာ ကျွန်မရဲ့ အဘိုးနဲ့ အဘွားလိုပဲ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေအထိ ချစ်ခင်ကြင်နာစွာ ထာဝရလက်တွဲတွေ ခိုင်ခိုင်မြဲနိုင်ကြပါစေ.......။

Sunday, January 24, 2010

ဖြေဆေးမရှိ

နာဖျားမှု ဒီဂရီတွေ
တစ်ရိပ်ရိပ်တက်လို့
နာကျင်မှုဝေဒနာတွေ
တဆစ်ဆစ်ကိုက်ခံနေရတဲ့ငါ
ဒီဝေဒနာကို အဖြေရှာတော့
သေချာတာက “အလွမ်းကင်ဆာ” တဲ့လေ

ကုရာနတ္ထိ ဆေးမရှိတဲ့
ဒီဝေဒနာရဲ့ဒဏ်
လူးကာလိမ့်ကာခံစားလို့
တစ်ခါ တစ်ခါမှာ
ငါ့ကိုယ်ငါတောင်
ငါ ပြန်မသနားချင်မိလောက်အောင်
ဒီနေရာမှာ
ဝေဒနာတွေ တက်နေခဲ့ပေမယ့်

ဟို အဝေးနေရာဆီမှ
နင့်ရင်ဘတ်ထဲမှာကတော့
ငါနဲ့အမည်တူတဲ့သစ်ပင်
နင်မြင်ခဲ့ရင်တောင်
ငါ့ကိုသတိရဖို့ဆိုတာ
မသေချာခဲ့လေသမျှတော့
ဒီဘ၀အတွက်မှာ
ဆုတောင်းတိုင်းသာ ပြည့်ဖြစ်ခဲ့မယ်ဆိုရင်
ဆန္ဒတစ်ခုကိုသာ ငါလေပြုချင်ပါရဲ့
ဝဋ်တွေရှိသမျှကျေ...။

Tuesday, January 19, 2010

ရိုးရိုးလေးပဲ ဖြေလိုက်ပါတယ် (၂)

ကိုဏီလင်းညိုရဲ့ တက်ဂ်ပိုစ့်လေးမှာ ပါတဲ့ မေးခွန်းလေးနှစ်ခုမှာ ပထမမေးခွန်းလေးကို ကျွန်မအနေနဲ့ လွယ်လွယ်ကူကူဖြေလို့ ရခဲ့သလောက် ဒုတိယမေးခွန်းလေးကို ဖြေဖို့ကျတော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အိမ်ထောင်ရေး ဆိုတဲ့ အကြောင်း စဉ်းစားဖို့ ဆိုတာကို အတော်အတန် ၀န်လေးကြောက်ရွံ့နေတဲ့သူ တစ်ယောက်ဖြစ်နေလို့ပါပဲ။ ဘာဖြစ်လို့ကြောက်ရတာလဲ ဆိုတဲ့ အကြောင်းရင်းလေးတွေကလဲ ကျွန်မမှာ ရှိနေတော့လေ။ ဒီလိုပါ ကျွန်မ ဖြတ်သန်းလာခဲ့တဲ့ ဘ၀တစ်လျှောက်မှာ ကျွန်မနဲ့ အတူတူနေခဲ့ရတဲ့ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ၊ အစ်မ ၀မ်းကွဲတွေ၊ ကျွန်မရဲ့ ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အိမ်ထောင်ရေးတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်မအနေနဲ့ မြင်တွေ့ခဲ့ရတာက အဆင်ပြေတဲ့ အိမ်ထောင်ရေးဆိုတာ တော်တော်လေးကို ရှားပါးတယ်ဆိုတာကိုပါပဲ။

ပြီးတော့ ကျွန်မဆိုတဲ့သူက သိပ်ပြီးတော့ အတွေးများတဲ့သူပါ။ ရှာရှာဖွေဖွေ မရှိရှိတာ ရှာကြံပြီး တွေးတတ်တဲ့သူလေ။ အဲဒီတော့ တစ်နေ့တစ်နေ့ ကိုယ့်မျက်စိရှေ့မှာ မြင်နေ တွေ့နေရတာတွေက အဆင်ပြေမှုထက် အဆင်မပြေမှုတွေက များနေတော့လည်း ကျွန်မအနေနဲ့ အိမ်ထောင်ရေးဆိုတာကို တဖြည်းဖြည်းနဲ့ လန့်လာတာဟာ မဆန်းဘူးလို့ထင်ပါတယ်နော်။ နောက်ထပ် အံ့သြစရာကောင်းတာ တစ်ခုက အဲဒီအဆင်မပြေတဲ့ အိမ်ထောင်ရေးတွေဟာ ဘယ်သူကမှ သူတို့ကို အတင်းအကျပ်ပေးစားခဲ့ကြတာ မဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်က တစ်ဦးနဲ့တစ်ဦး မခွဲနိုင်မခွာရက် သိပ်ကိုချစ်လှပါတယ် ဆိုပြီး တည်ထောင်ခဲ့ကြတဲ့ အိမ်ထောင်ရေးတွေ ဖြစ်နေတာပါပဲ။ ဒါပေမယ့် တကယ့်ဘ၀ထဲကို တိုးဝင်ကြရတဲ့အခါကျတော့ သူတို့ရဲ့ အဲဒီရင်ခုန်သံတို့၊အချစ်တို့ဆိုတာတွေက အသုံးမ၀င်တော့ဘူး ထင်ပါရဲ့နော်။

ဒါပေမယ့် ဒီတက်ဂ်ပိုစ့်လေးကလည်း ကိုယ့်မှာ အကြွေးဆပ်ဖို့ကျန်နေသေးတာကတစ်ပိုင်း၊ တော်ကြာ အရမ်းကြာနေခဲ့ရင်လည်း သူကများ ကြီးကြီးကျယ်ကျယ် ဘာတွေများကြံစည်နေပါလိမ့်ရယ်လို့ အထင်ခံရမှာလည်းကြောက်တော့ ကြောက်ကြောက်နဲ့ပဲ ကျွန်မရဲ့ အိမ်ထောင်ဖက်ဆိုတဲ့သူကို စိတ်ကူးလေးနဲ့တော့ တွေးကြည့်လိုက်ပြီး တဂ်ပိုစ့်ရဲ့ကျန်တဲ့အပိုင်းလေးကို ရေးပေးလိုက်ပါတယ်။ (ကျွန်မဘယ်လောက် အတွေးများလည်း ဆိုတာကို အောက်ဖက်မှာ ဆက်ပြီး ဖတ်ကြည့်ပေးကြပါဦး။) ဒါပေမယ့်လည်း စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်တာနော်။ ကိုယ်ယဉ်ချင်သလောက် ယဉ်ခွင့်ရှိနေတာပဲလေ။ ဖတ်ပြီးသွားရင်တော့ ဖတ်တဲ့သူတွေရဲ့ စိတ်ထဲမှာ ကျွန်မရဲ့ အတွေးတွေဟာ အရမ်းကို ကလေးဆန်တဲ့ အတွေးတွေလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါမှမဟုတ် အတော်လေး ရီချင်စရာကောင်းနေတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မဟာ ကျွန်မရဲ့ အသက်အရွယ်နဲ့ နှိုင်းစာရင် အတော်လေးကို မရင့်ကျက်သေးတဲ့ သူတစ်ယောက်ပါလို့ ဟိုးအစောကြီးကတည်းက ၀န်ခံထားခဲ့ဘူးတာပါ။ (ကဲ.....ကျွန်မရဲ့ အတွေးတွေဟာ စိတ်ကူးယဉ်ကြည့်တာပါလို့ နောက်တစ်ခေါက် ထပ်ပြီး ပြောလိုက်ပါတယ်နော် :))

ပထမဦးဆုံး နံပါတ်တစ်အနေနဲ့ စဉ်းစားလိုက်တော့ အင်.း...... ကျွန်မရဲ့ အိမ်ထောင်ဘက်က ကျွန်မထက်ငယ်နေတာမျိုး၊ ဒါမှ မဟုတ် ကျွန်မနဲ့ရွယ်တူဖြစ်နေတာမျိုးဆိုရင်တော့ သိပ်အဆင်မပြေလောက်ဘူး လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက စိတ်လည်းကြီး၊ ဒေါသလည်းကြီးတတ်တဲ့ သူတစ်ယောက်ဆိုတော့ကာ အကယ်ရွေ့များ သူက ကျွန်မထက်ငယ်နေမယ်၊ ရွယ်တူဖြစ်နေမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အလျှော့ပေးချင်မှာ မဟုတ်လောက်ဘူးလေ။ အဲဒီလိုဆိုတော့ အမြဲတမ်း ရန်ပဲဖြစ်နေရလိမ့်မယ် ထင်တယ်နော်။ ကျွန်မထက်ကြီးတဲ့သူ ဆိုရင်တော့ ဘာပဲပြောပြော သြော်.....ကိုယ့်ထက်အကြီးပါလား ဆိုတဲ့စိတ်ကလေးနဲ့ ရိုသေလေးစားမှုလေး ရှိနေတော့ကာ မဆိုးလောက်ဘူးလို့ ထင်မိလို့ပါ။

နံပါတ်နှစ်အနေနဲ့ကျတော့ အသက်ကြီးရုံနဲ့လည်း မပြီးသေးဘူးလို့ထင်တယ်။ ဥာဏ်ပညာ အမြော်အမြင် ဗဟုသုတနဲ့လည်း ပြည့်စုံထက်မြက်ပါဦးမှ ထင်တယ်နော်။ ဒါမှလည်း မိသားစုတစ်စုကို ကောင်းကောင်းမွန်မွန် နိုင်နိုင်နင်းနင်း ဦးဆောင်နိုင်မှာ မဟုတ်လား။ ဒါတင် မဟုတ်သေးပါဘူးလေ။ ကျွန်မက ရုပ်ဝတ္ထုပစ္စည်းတွေထက် ဥာဏ်ပညာထက်မြက်မှုကို သိပ်တန်ဖိုးထားတဲ့သူ ဆိုတော့ကာ တကယ်လို့များ သူက တုံးတုံးအအ ဖြစ်နေခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ ကလေးလေးတွေများ ရလာခဲ့ရင် ထုံထုံထိုင်းထိုင်း လေးတွေမွေးလာခဲ့ရင် ဘယ်လိုလုပ်မလဲနော်။ ဒါမှမဟုတ် တစ်မျိုးလှည့်တွေးပြန်ရင်လည်း ဒီလိုခေတ်ကြီးမျိုးမှာ ကိုယ်တွေက သားသမီးတွေထက် အရာရာမှာ ရှေ့ကို သုံးလေးလှမ်းလောက် ကြိုတင်မြင်သိထားနိုင်မှ တော်ကာကျလိမ့်မယ်လို့ ထင်မိလို့ပါ။ ခုခေတ် ကလေးလေးတွေက အတုမြင်အတတ်သင်စရာကိစ္စ တွေကလည်း ပေါလှပါဘိသနဲ့ တော်တော့်ကို မလွယ်ကြတာကို ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာတွေ မြင်နေတွေ့နေရတာဆိုတော့လေ။

အင်း.....နံပါတ်သုံးအနေနဲ့က အရမ်းကြီးမဟုတ်ခဲ့ရင်တောင် နည်းနည်းပါးပါးတော့ ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းတတ်သူဖြစ်မှ ထင်တယ်။ တော်ကြာ သူကလည်းဘုရားမေ့ တရားမေ့၊ ကိုယ်ကလည်း သတိရတစ်ချက် မရတစ်ချက်ဆိုရင်တော့ ဟုတ်သေးဘူး ထင်တယ်နော်။ ပြီးတော့ ဘာသာတရားအကြောင်းကို သိရှိနားလည်ထားတဲ့သူဖြစ်မှ ကျွန်မပဲဖြစ်ဖြစ်၊ ကျွန်မတို့ရဲ့ သားသမီးတွေပဲ ဖြစ်ဖြစ် မလိမ္မာတဲ့အခါကျရင် သူ့အနေနဲ့ ဘာသာတရားနဲ့ အညီ ပြောပြဆုံးမလို့ ရမှာပေါ့။

ဘာသာတရားကို ရိုသေကိုင်းရှိုင်းခြင်းနဲ့ အတူ လူကြီးမိဘတွေ အပေါ်မှာလည်း ရိုသေလေးစားတတ်သူ ဖြစ်ဦးမှပါ။ (ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ မိဘကို မိဘမှန်းမသိ၊ လူကြီးသူမတွေကိုလည်း လူကြီးသူမလို ရိုသေလေးစားရကောင်းမှန်းမသိပဲ ရိုင်းစိုင်းတဲ့သူတွေကို တွေ့ဖူးလို့ပါ)။ နောက်ပြီးတော့ ကိုယ်အမူအရာ နှုတ်အမူအရာ ရုန့်ရင်းကြမ်းတမ်းတဲ့သူတွေကို ဆိုရင် ကျွန်မက သိပ်မုန်းတာလည်း ပါပါတယ်။

သြော်.....နောက် အရေးကြီးတဲ့ တစ်ချက်က ဂီတကို ချစ်မြတ်နိုးတတ်တဲ့သူ ဖြစ်ဦးမှ ထင်တယ်နော်။ နို့မို့လို့ဆိုရင် ကျွန်မနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေမှာပေါ့။ သီချင်းတစ်ပုဒ်ကိုတောင် ဖြောင့်အောင်မဆိုတတ်တဲ့သူ ဂစ်တာလေးတစ်လက်တောင် ကောင်းကောင်းမတီးတတ်တဲ့သူမျိုး ဆိုရင်တော့ ကျွန်မနဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လောက်ဘူးဆိုတာ သေချာပါတယ်။ ကျွန်မက သီချင်းဆိုတော်တဲ့သူတို့ ဂစ်တာတီးတော်တဲ့သူတို့ကိုဆို ရင် သိပ်သဘောကျတာပါ။

ပြီးတော့ အရာရာကို အကောင်းဘက်က ရှုမြင်တတ်ပြီး ဟာသဥာဏ်လေးလည်း ရှိဦးမှပါလေ။ ကျွန်မက တစ်ခါတစ်လေကျရင် တွေးတာတွေကများပြီး စိတ်ညစ်စရာမရှိ ကြံဖန်ပြီး ညစ်တတ်တဲ့သူမျိုးဆိုတော့ တော်ကြာ သူကလည်း အဲဒီလိုလူမျိုးဆိုရင် ကိုယ်ကလည်းညစ် သူကလည်းညစ်နဲ့ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ပြီး ညစ်ပြီးရင်းညစ်နေကြရင် မကိုက်သေးဘူး ထင်တယ်နော်။

အင်း.....ရဲရဲရင့်ရင့်နဲ့ သတ္တိရှိတဲ့သူလည်း ဖြစ်ဦးမှ ထင်ပါတယ်လေ။ တော်ကြာ တစ်ခုခုဆိုရင် သူက ကိုယ့်ထက်အရင် ဦးအောင်ပြေးနေရင် မခက်ပေဘူးလား။ သတ္တိရှိတဲ့အပြင် ပြဿနာတစ်ခုခုဖြစ်ပြီ ဆိုရင်လည်း တာဝန်ယူဖြေရှင်းတတ်တဲ့စိတ် ရှိသူမျိုး၊ သူတစ်ပါးကို ကူညီရိုင်းပင်း စာနာသနားတတ်တဲ့သူမျိုးလည်း ဖြစ်ဦးမှ ကျွန်မက လေးစားလို့ရမှာပါ။(ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်တော့မှ တာဝန်ယူဖို့ မကြိုးစားပဲ ခေါင်းရှောင်တတ်တဲ့သူမျိုးတွေ၊ သူတစ်ပါးဒုက္ခရောက်နေတာ မြင်တွေ့နေရရဲ့သားနဲ့ နေစိမ့်စွာ ရှောင်ရှားသွားတတ်ကြတဲ့ သူမျိုးတွေကိုလည်း တွေ့ဖူးလို့ပါ။) လိမ်ညာတတ်ပြီး မရိုးသားတဲ့သူမျိုး မိန်းခလေးတွေနဲ့ ပွေပွေရှုပ်ရှုပ် နေတတ်တဲ့သူမျိုး ဆိုရင်တော့လည်း လုံးဝစဉ်းစားလို့ရမယ် မထင်ပါဘူး။

ဘာရှိသေးလဲဆိုတော့ ကလေးလည်း ချစ်တတ်ဦးမှ ထင်တယ်နော်။ ကျွန်မက ကလေးတွေဆို အရမ်းချစ်တတ်လို့ပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေကိုရောပေါ့။ ပြီးတော့ အားကစားကိုလည်း စိတ်ဝင်စားဦးမှပါလေ။ ဒါမှ ကျွန်မနဲ့အတူတူ ဘောလုံးပွဲတွေကို ကြည့်လို့ရမှာပေါ့နော်။ အင်း အရာရာမှာ နှမြောတွန့်တိုပြီး ကပ်စေးနဲတတ်တဲ့သူမျိုး ဆိုရင်တော့လည်း ကျွန်မနဲ့ ဘယ်လိုမှ အဆင်ပြေနိုင်မယ် မထင်ပြန်ဘူး။ သြော်.....မေ့တော့မလို့ ထမင်း ဟင်းလေးလည်း နည်းနည်းတော့ ချက်တတ်တဲ့သူဖြစ်ဦးမှ ထင်တယ်။ အထင် မလွဲကြပါနဲ့နော်၊ ကျွန်မကို ချက်ကျွေးခိုင်းဖို့ အတွက် မဟုတ်ပါဘူး။ ကျွန်မကလည်း အချက်အပြုတ်ကို မကျွမ်းကျင် သူကလည်း အချက်အပြုတ်အကြောင်း နည်းနည်းမှ မသိဆိုရင် ထမင်းစားဖို့အတွက်က ခက်ပြီထင်တယ်လေ။ ဘာပဲပြောပြော သူလည်းနည်းနည်းသိ ကိုယ်လည်းနည်းနည်းသိ ဆိုရင်တော့ နှစ်ယောက်ပေါင်းပြီး တိုင်တိုင်ပင်ပင် ချက်လိုက်ရင် မဆိုးလောက်ဘူးလို့ထင်မိလို့ပါ နော် :)) ဘာတွေပဲ ဖြစ်နေပါစေလေ ရာနှုန်းပြည့် သေချာတာ တစ်ခုကတော့ စိတ်ဓာတ်မကောင်းတဲ့သူ ဆိုရင်တော့ လုံးဝကို မစဉ်းစားဘူးဆိုတာပါပဲ။

အဲ.....အခုမှ ပြန်ကြည့်လိုက်တဲ့ အခါကြတော့ ကျွန်မစိတ်ကူးယဉ်ထားလိုက်တာတွေက အတော့်ကို များသွားပြီပဲ။ သြော်.....ကျွန်မက တော်တော်ကို လောဘကြီးတာပဲနော်။ လောကကြီးမှာ ဘယ်လိုလုပ်ပြီးများ ဒီလို ခြောက်ပြစ်ကင်း သဲလဲစင်တဲ့လူမျိုးကို ရှာလို့တွေ့နိုင်ပါ့မလဲ၊ လူတိုင်းမှာ ချို့ယွင်းချက်ဆိုတာရှိကြတာပါပဲ။ (တော်သေးတာပေါ့နော် ကျွန်မ စိတ်ကူးယဉ်တဲ့အထဲမှာ ကိုးရီးယားမင်းသားလေးလို ချောရမယ်တို့၊ သိန်းဘယ်နှစ်ထောင်လောက် ချမ်းသာမှတို့ ဆိုတာတွေ မပါလာလို့ :)) ကဲပါလေ စိတ်ကူးကတော့ ယဉ်လို့ပြီးသွားပါပြီ။ ဒါပေမယ့်လည်း စိတ်ကူးဟာ စိတ်ကူး၊ လက်တွေ့က လက်တွေ့ပါပဲ။ ဘ၀မှာ စိတ်ကူးနဲ့ လက်တွေ့ ပေါင်းစပ်ဖို့နိုင်ဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းတယ်လို့ထင်ပါတယ်။

ကျွန်မ ဖတ်ခဲ့ဖူးတဲ့ ဂျူးရဲ့ “အမှတ်တရ” ဆိုတဲ့ ၀တ္ထု ထဲမှာ ပညာတတ်တဲ့ မိန်းမတွေဟာ ကံဆိုးတတ်ကြတယ်တဲ့။ အဲဒီလိုပဲ ဖတ်ခဲ့ဖူးတဲ့ အခြားစာတစ်ပုဒ်ထဲမှာလည်း သိတာ တတ်တာတွေ သိပ်များနေတဲ့ မိန်းမတွေရဲ့ အိမ်ထောင်ရေးတွေဟာ များသောအားဖြင့် အဆင်မပြေတတ်ကြဘူးတဲ့၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ ယောကျာ်းတွေက သူတို့ကိုလိမ်လို့မရလို့ပဲတဲ့လေ။ မှန်ပါတယ် အရာရာမှာသိတာတွေများနေတာဟာ တစ်ခါတစ်လေတော့လည်း မကောင်းပါဘူး။ တကယ်တမ်းကျတော့ ယောကျာ်းတွေဘက်က ကြည့်ရင်လည်း သူတို့ဟာ ပညာတတ်ပြီး ထက်မြက်တဲ့ မိန်းမတွေကို ချစ်မိခဲ့ရင် ချစ်မိခဲ့ကြလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း နောက်ဆုံးမှာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြပြီဆိုရင်တော့ သူတို့ထားရာနေ စေရာသွားမယ့် မိန်းခလေးမျိုးတွေ၊ သိမ်မွေ့နူးညံ့စွာနဲ့ အိမ်ထောင်မှုထိန်းသိမ်းတဲ့ အတတ်ပညာတွေကို ကျွမ်းကျင်စွာတတ်မြောက်တဲ့ မိန်းမပီပီသသ မိန်းခလေးမျိုးတွေကိုပဲ ရွေးချယ်ချင်တတ်ကြတာပဲလေ။

အဲဒီတော့ ကျွန်မအနေနဲ့ စဉ်းစားမိပါတယ်။ ကျွန်မဆိုတဲ့သူက ဘယ်အရာလေးကိုမဆို သိပ်ပြီး ထိရှခံစားလွယ်တတ်တဲ့သူ ၊နည်းနည်းလေးဆိုရင် အများကြီးခံစားတတ်တဲ့သူမျိုး ဆိုတော့ကာ နောင်တစ်ချိန်မှာ တကယ်လို့များ သူ့မာန ကိုယ့်မာန၊ သူ့အတ္တ ကိုယ့်အတ္တတွေကို နှစ်ဖက်စလုံးက မလျှော့နိုင်ခဲ့ကြလို့ ထိခိုက် ခံစားစရာတွေ ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မအနေနဲ့ ခံနိုင်ရည်ရှိပါ့မလားဆိုတာ မသေချာလှပါဘူး။ အဲဒါကြာင့်လည်း ကျွန်မအနေနဲ့ ကိုယ့်ကိုကိုယ်လည်း ဒုက္ခပေးရာမရောက်အောင်၊ သူတစ်ပါးကိုလည်း နာကျင်စရာတွေ မဖြစ်စေရအောင်လို့ ဘ၀မှာ တစ်ယောက်တည်းပဲ နေသွားတာဟာ အကောင်းဆုံးများ ဖြစ်လေမလားရယ်လို့ တွေးနေမိတာဟာ မလွန်လောက်ဘူးလို့တော့ ထင်ပါတယ်နော်။

ကဲ.....တက်ဂ်ပိုစ့်လေးမှာပါတဲ့ နောက်ငါးနှစ်အကြာကျရင် ကျွန်မ အနေနဲ့ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အရာလေးတွေကို အားလုံးကိုတော့ဖြေလို့ ပြီးသွားပါပြီ။ ဒါပေမယ့်လည်း မရေရာမှု မသေချာမှုတွေ များပြားလွန်းလှတဲ့ လောကကြီးမှာ ကျွန်မရဲ့ စိတ်ကူးလေးတွေ တကယ်ဖြစ်လာမလာဆိုတာကတော့ ကျွန်မအနေနဲ့ အသေအချာ တပ်အပ်မပြောနိုင်သေးဘူးဆိုတာ အမှန်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားတော့သွားရမှာပါပဲလေ။ မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်ရင်းပေါ့။

(ကိုဏီးရေ.....ခက်ခဲခဲ့ပေမယ့်လည်း အကြွေးတွေကိုကျေအောင်ဆပ်ပေးတယ်နော်။ ထပ်ပြောချင်ပါသေးတယ် သတိတရနဲ့ တက်ဂ်ပေးခဲ့လို့ကျေးဇူးအရမ်းတင်ပါတယ်လို့။ ဒီလိုကြာသွားခဲ့တာကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့တဲ့ အတွက်ရောပေါ့။)

Saturday, January 16, 2010

ရိုးရိုးလေးပဲ ဖြေလိုက်ပါတယ် (၁)

နောင် ငါးနှစ်ကျရင်တဲ့....ကိုဏီလင်းညိုက ပိုစ့်လေးတစ်ခု တက်ဂ်လာပါတယ်။ သူက ကျွန်မကို တက်ဂ်ထားတယ်လို့ ပြောလို့ သူ့ရဲ့ မူရင်းပိုစ့်လေးကို သွားဖတ်ကြည့်လိုက်တော့ သူရေးထားလိုက်တဲ့ ဇာတ်လမ်းလေးက ၀မ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းလေး။ ပြီးတော့ သူက တကယ်ကို စာရေးတော်တဲ့သူ တစ်ယောက်။ ကျွန်မ ဆိုတာက စာကိုရေးချင်လွန်းလို့သာ ရေးနေတာ။ အမြီးအမောက် တည့်အောင် ဖတ်လို့ကောင်းအောင် ရေးနိုင်တာမျိုး မဟုတ်ဘူး။ တကယ်ဆိုရင် ကျွန်မကို သတိတရနဲ့ တက်ဂ်ပေးတဲ့ အတွက်ရော၊ ကျွန်မအတွက် ပထမဆုံး တက်ဂ်ပိုစ့်လေး ဖြစ်နေတဲ့အတွက်ရော ကောင်းကောင်းမွန်မွန်နဲ့ ရသပိုင်းပါတဲ့ ၀တ္ထုတို ပိုစ့်လေးတစ်ခု အမှတ်တရ ရေးပေးဖို့ကျွန်မ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရေးနေရင်း ဘယ်လိုမှ ရှေ့ကို ဆက်တက်လို့ မရခဲ့ဘူး။ အရမ်းကြာနေခဲ့ရင်လည်း ကိုဏီလင်းညိုကို အားနာစရာကောင်းလို့ အဲဒီ ခံစားချက်ဝတ္ထုလေးကို သိမ်းပဲထားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရိုးရိုးလေးပဲ ရေးပေးလိုက်ပါတော့တယ်။ (ကျွန်မရဲ့ အားထုတ်မှု ညံ့ဖျင်းခဲ့တဲ့ အတွက်လည်း ကိုဏီလင်းညိုကို တောင်းပန်ပါတယ်နော်၊ နောင်လည်း တက်ဂ်ချင်တော့မှာ မဟုတ်လောက်တော့ပါဘူး။)

မူရင်းပိုစ့်လေးက တကယ်တော့ မ၀ါဝါခိုင်မင်းရဲ့ ပိုစ့်လေး ဖြစ်ပြီး အဲဒီမှာ သူက မေးခွန်းလေးနှစ်ခု မေးထားတာပါ။ နံပါတ် တစ်က နောင်ငါးနှစ်ကြာရင် ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲဆိုတဲ့ မေးခွန်းလေး နဲ့ နံပါတ် နှစ်က မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့) စိတ်ကူးထဲက အိမ်ထောင်ရေး (မိမိရဲ့ စိတ်ကူးထဲက အိမ်ထောင်ဘက်ဟာ ဘယ်လို စိတ်ဓါတ် ၊ ဘယ်လိုပုံစံမျိုးလေး ဖြစ်စေချင်ပါသလဲ) ဆိုတဲ့မေးခွန်းလေးပါ။ ကဲ....အပေါ်မှာ ပြောခဲ့သလိုပဲ မေးခွန်းလေးတွေကို ရိုးရိုးစင်းစင်းပဲ ဖြေပေးလိုက်ပါတယ်။

နောင် ငါးနှစ်....အင်း......နောင်ငါးနှစ်ဆိုရင် ကျွန်မအသက်က သုံးဆယ်ကို စွန်းသွားပြီပေါ့။ သေချာသလောက် ရှိတာကတော့ အဲဒီအချိန်ဆိုရင် ကျွန်မ မြန်မာပြည်ကို ပြန်ရောက်နေဖြစ်လောက်ပြီ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ဒီနိုင်ငံမှာ အကြာကြီးနေထိုင်ဖို့ကို ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့တဲ့သူမို့ပါ။ အဲဒီတော့ကာ....ပြန်တာကတော့ ဟုတ်ပါပြီ။ မြန်မာပြည်ကို ပြန်ရောက်ရင် ဘာလုပ်မလဲဆိုတာက ကျွန်မအတွက် စဉ်းစားစရာပါ။ တကယ်တန်းဆို ကျွန်မက ဘ၀ကို အေးအေးချမ်းချမ်းနဲ့ပဲ ဖြတ်သန်းသွားချင်တဲ့သူ။ ဒါပေမယ့်လည်း ကိုယ်တတ်ထားတဲ့ပညာက နေ့စဉ်နဲ့ အမျှစိတ်မော လူမောရတဲ့ပညာ။ အဲဒီတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေကိုပဲ လုပ်သွားကာ အေးအေးချမ်းချမ်း နေမယ်ဆိုပြီး သင်ထားတဲ့ပညာတွေကို စွန့်ပစ်လိုက်ရမလား ဆိုပြန်တော့လည်း တတ်သည့်ပညာမနေသာ ဆိုသလို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို မြင်ရပြီ ဆိုရင်ကိုပဲ မျက်စိက အလိုလိုရောက်သွားပြီးသား၊ လူက အလိုလို စူးစမ်းမိရက်သား ၊ ဦးနှောက်က အလိုလို စဉ်းစားတွေးခေါ်မိရက်သားတွေ ဖြစ်ဖြစ်သွားတာက ခက်တယ်။ ပြီးတော့ ကျွန်မက တခြား အရောင်းအ၀ယ် လုပ်ငန်းတွေကိုလည်း လားလားမှ သိတဲ့သူမဟုတ်တော့ ခက်သား။ နဂိုကမှ ကိုယ်က ငွေရေးကြေးရေး စီးပွားရေးနဲ့ပတ်သက်လာရင် ခပ်ထူထူ ခပ်ပိန်းပိန်းရယ် ဆိုတော့ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို သွားလုပ်လိုက်မိရင်လည်း တော်ကြာ သူများနိုင်ငံမှာ မိဝေးဖဝေး အောက်ကျနောက်ကျနဲ့ လာအလုပ်လုပ်ပြီး စုဆောင်းရရှိထားတဲ့ ရှိစုမဲ့စုလေးတွေ သူများ နောက်ပါသွားရင် မခက်ပေဘူးလား။ ပြီးတော့ ကျွန်မတို့မိသားစုက ဖေဖေက၀န်ထမ်း၊ မေမေက၀န်ထမ်း ၀န်ထမ်းမိသားစု စစ်စစ်။ စီးပွားရေးနဲ့က လုံးဝ အစိမ်းသက်သက်ပဲ။

အဲဒီတော့ကာ နောင်ငါးနှစ်ကြာရင် ကျွန်မလုပ်ဖြစ်မယ့် စီးပွားရေးက ကိုယ်တတ်ထားတဲ့ ဆောက်လုပ်ရေးနည်းပညာနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးတစ်ခုခုပဲ ဖြစ်ဖို့ များမယ်ထင်ပါတယ်။ ကိုယ်တတ်ထားတာနဲ့ ဆက်နွယ်နေတာမျိုးဆိုရင်တော့ ဘာပဲပြောပြော တော်သေးတယ် ထင်တာပဲလေ။ ပြီးတော့ ကျွန်မတို့မိသားစုမှာ မိသားစု ငါးယောက်ရှိတာကို မေမေကလွဲရင် ဖေဖေ၊ ကိုကြီး၊ ကျွန်မနဲ့ ညီမလေးတို့ လေးယောက်စလုံးက အင်ဂျင်နီယာတွေချည်းဆိုတော့ အင်အားကလည်း တောင့်တယ်လေ။ :)) အဲဒီတော့ လုပ်ဖြစ်မယ်ထင်တာက အဆောက်အဦးနဲ့ ပတ်သက်လို့ ကန်ထရိုက်ဆွဲတာမျိုး၊ အဆောက်အဦး ဒီဇိုင်းတွေ လက်ခံ ဆွဲပေးတာမျိုး၊ အိမ်ဆောက်ပစ္စည်းတွေ ရောင်းဝယ်တာမျိုး စတာတွေပဲ ဖြစ်ဖို့များမယ်ထင်ပါတယ်။ အဲဒီအချိန်ကျရင် မြန်မာပြည်ကြီးကလည်း အခြေအနေတွေက အရမ်းကို တိုးတက်ပြောင်းလဲကာ နိုင်ငံတကာနဲ့ အမှီ ရင်ဘောင်တန်း လိုက်နိုင်ဖို့ အတွက် ခေတ်မှီနိုင်ငံတော်ကြီး ဖြစ်အောင် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း အရမ်းကို အရေးပါ အရာရောက်နေလောက်ပြီလေ။ ဟုတ်တယ်.....ဟုတ်။ (ဟုတ်ချင်လည်းဟုတ်၊ မဟုတ်ချင်လည်း ဟုတ်လိုက်ကြပေါ့နော်)

အင်း.......တစ်ခါတည်းကြုံတုန်း မှာထားဦးမှ ထင်ပါတယ်နော်။ ကျွန်မရဲ့ မောင်နှမတွေထဲက တကယ်လို့များ နောင်ငါးနှစ်ကြာလို့ မြန်မာပြည်မှာ အိမ်လှလှလေးတွေ၊ တိုက်လှလှလေးတွေ ဆောက်ချင်တာ၊ အိမ်ဒီဇိုင်းကောင်းကောင်းလေးတွေ လိုချင်တာ၊ အရည်အသွေးကောင်းကောင်း အိမ်ဆောက်ပစ္စည်းတွေ လိုချင်တာ အစရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ၀န်ဆောင်မှုလုပ်ငန်းတွေများ လိုအပ်ခဲ့တယ်ဆိုရင် ကျွန်မကို ဆက်သွယ်ပါလို့။ ကျွန်မရဲ့ မောင်နှမတွေကို သူများတွေထက် ဈေးလျှော့ယူပေးမှာ ဖြစ်သလို အကောင်းဆုံးဝန်ဆောင်မှုတွေ ကိုလည်း ပေးမှာပါလို့ ။ ဒီလိုမှ မဟုတ်ဘဲ ဆိုင်ခန်း၊ တိုက်ခန်း ကောင်းကောင်းလေးတွေ ၀ယ်ချင်တယ်ဆိုရင်လည်း ကျွန်မ ကန်ထရိုက်ယူပြီး ဆောက်ထားတဲ့ အခန်းတွေကို ၀ယ်ကြပါလို့ ခိုင်ခံ့မှုအတွက် ရာနှုန်းပြည့် အာမခံပါတယ်လို့ စသည်ဖြင့်ပေါ့နော် :)) ။ (ကြိုကြော်ငြာထားတာပါ။ ခုကတည်းက စာရင်းပေးထားချင်ရင်လည်း ရပါတယ်။ ယုံကြည်တယ်ဆိုရင်တော့ ပိုက်ဆံကို အရင်ချေထားရင်လည်း စိတ်မဆိုးပါဘူးနော်း))) ဒါက စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်မ လုပ်ဖြစ်မယ်ထင်တာလေးတွေပါ။

နောက်တစ်ခုက မြန်မာပြည်မှာ လူမှုရေးပရဟိတ လုပ်ငန်းလေးတွေကိုလည်း ကျွန်မလုပ်ချင်ပါတယ်။ ကျွန်မက ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကို မြင်ရရင်များ ဘယ်လိုသနားမှန်းကို မသိတာပါ။ ကျွန်မ မြန်မာပြည်မှာ နေခဲ့တုန်းကဆိုရင် အပြင်ထွက်လို့ရှိရင် ကျွန်မပိုက်ဆံအိတ်ထဲမှာ ပါသွားတဲ့ ၅၀ိတန် ၁၀၀ိတန်တွေက လမ်းမှာ အဲဒီလိုသနားစရာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့တွေ့ရင် သူတို့ကိုလှူတာနဲ့ ကုန်တာပါပဲ။ လိုင်းကားစီးရင်းနဲ့ ကားပေါ်မှာ အဲဒီလိုသနားစရာ သက်ကြီးရွယ်အိုတွေနဲ့ စကားစမည်ပြောမိလို့ သူတို့ဘ၀အကြောင်းတွေကို သိသွားပြီများ ဆိုရင်တော့ ၅၀ိတန် ၁၀၀ိတန်တင် မဟုတ်တော့ပဲ ၅၀၀ိတန် ၁၀၀၀ိတန်ပါ ပေးပစ်ခဲ့မိတာမျိုးပါ။ ပြီးတော့ ကျွန်မစိတ်ထဲမှာ ကျွန်မခပ်ငယ်ငယ် အရွယ်ကတည်းက ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေ၊ သားသမီးတွေက မစောင့်ရှောက်ပဲ ပစ်ထားတဲ့ သနားစရာ အဖိုးအိုအဖွားအိုတွေ အတွက် စေတနာ့ဘိုးဘွားရိပ်သာလေး တစ်ခုကို လုပ်ပေးချင်တဲ့စိတ်ကလေး က ရှိနေခဲ့ပါတယ်။ နောင်ငါးနှစ်ကြာတဲ့ အချိန်မှာ အဲဒီဆန္ဒလေးကိုလည်း ကျွန်မ အကောင်အထည် ဖော်ချင်ပါသေးတယ်။

နောက်တစ်ခုက ဆင်းရဲနွမ်းပါးလို့ ကျောင်းမနေနိုင်တဲ့ ကလေးလေးတွေ၊ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသလေးတွေမှာ ရှိနေတဲ့ ချိုတဲ့ တဲ့ စာသင်ကျောင်းလေးတွေ၊ စတာတွေကိုလည်း ကျွန်မ တတ်နိုင်သလောက် ထောက်ပံ့ပေးချင်တယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာလေးတွေမှာ ဆိုရင်လည်း ကျေးရွာစာကြည့်တိုက်လေးတွေ ဆောက်ပေးချင်တယ်။ စာအုပ်တွေ လှူပေးချင်တယ် အစရှိသဖြင့်ပေါ့နော်။ ကျွန်မရဲ့ အကူအညီဟာ အုတ်တစ်ချပ်လောက် မဖြစ်ခဲ့ရင်တောင်မှ သဲတစ်ပွင့်စာမျှလေး ဖြစ်ဖြစ်ပေါ့လေ ကူညီခွင့် ရချင်ပါတယ်။ ဒါက လူမှုရေးနဲ့ ပတ်သက်လို့ လုပ်ချင်တာလေးတွေပါ။ (တကယ်လို့များ ကျွန်မရဲ့ မောင်နှမတွေထဲမှာ ကျွန်မလိုပဲ ဒီလိုလူမှုရေးလုပ်ငန်းလေးတွေကို လုပ်ချင်သူများရှိခဲ့ကြရင်၊ ဒါမှမဟုတ် လုပ်နှင့်နေပြီးသား ဖြစ်နေကြမယ်များဆိုရင် ကျွန်မကိုလည်း လက်တို့လိုက်ကြပါဦးနော်။ တတ်စွမ်းသမျှလေး ပါဝင်ချင်လို့ပါ။)

နောက်တစ်ခု လုပ်ချင်တာက ကျွန်မ၀ါသနာပါတဲ့ အရာတွေပေါ့။ သိကြတဲ့အတိုင်း ကျွန်မက စာပေနဲ့ ဂီတကို အရူးအမူး စွဲလမ်းသူတစ်ယောက် ဆိုတော့လေ။ ငယ်ငယ်လေးကတည်းက ကျွန်မ အရမ်းဖြစ်ချင်ခဲ့တာက အဆိုတော်။ ဖြစ်လာတာက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက အင်ဂျင်နီယာ။ မဆိုးပါဘူး........နေ့စဉ် အော်ဟစ်နေရတာ ချင်းတော့ တူသားနော်။ ဒီအသက်အရွယ်ပဲ ရောက်နေပြီ၊ အဆိုတော်ဘ၀ကတော့ ဖြစ်တော့မှာလည်း မဟုတ်တော့ပါဘူး။ နောင်ငါးနှစ်ကြာဆို ပိုဝေးပြီပေါ့။ အဲဒါနဲ့ ရင်နာနာနဲ့ပဲ အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်တွေကိုတော့ စွန့်လွှတ်လိုက်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ် အဆိုတော်လုပ်နေရရင် တော်ပြီပေါ့နော်။ ကျွန်မနဲ့ အတူတူနေတဲ့ သူတွေကတော့ အဲဒီ နားငြီးတဲ့ ဒဏ်ကို တော်တော်ခံကြရရှာတာပါ။

အဲဒီတော့ကာ ကျန်တဲ့ ကျွန်မ၀ါသနာပါတဲ့ စာရေးစာဖတ်တဲ့ အလုပ်ကိုတော့ မဖြစ်မနေကို လုပ်ချင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်မ စာတွေအများကြီး ရေးချင်ပါတယ်။ အရည်မရ အဖတ်မရစာတွေ မဟုတ်ပဲ စာဖတ်သူအတွက် တစ်ခုခုရစေမယ့် စာမျိုးတွေပေါ့။ အဲဒီလိုစာမျိုးတွေကို ရေးလည်း ရေးတတ်ချင်ပါတယ်။ နောက်ဆုံး ဘယ်သူမှ အားမပေးခဲ့ရင်လည်း ကိုယ်ပဲစာရေးဆရာ ကိုယ်ပဲ စာဖတ်ပရိတ်သတ်ပေါ့လေ :) ။ နောင် ငါးနှစ်မှ မဟုတ်ပါဘူး။ ဘ၀ရဲ့ နောက်ဆုံးအချိန်အထိ မပူမပင် အေးအေးချမ်းချမ်းလေးနဲ့ စာတွေဖတ်၊ စာတွေရေးပြီး နေသွားလို့ရမယ် ဆိုရင်တော့ တော်တော့်ကို ကောင်းမယ်နော်။

ဒါတွေကတော့ နောင်ငါးနှစ် အကြာမှာ ကျွန်မအနေနဲ့ လုပ်ဖြစ်လိမ့်မယ်လို့ စိတ်ကူးထားမိတဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။

(မှတ်ချက်။ ။ကိုဏီလင်းညိုရေ.......မေးခွန်းနှစ်ခုထဲက ပထမတစ်ခုကိုတော့ ဖြေလိုက်ပါပြီ။ ထုံးစံအတိုင်း ကျွန်မက စာရေးရင် မပြီးနိုင်မစီးနိုင် ရှည်ကြောလွန်းလို့ နောက်မေးခွန်းကိုတော့ နောက်တစ်ပိုင်းမှာ ဖြေပေးပါ့မယ်နော်။)

Thursday, January 7, 2010

လူမသိခဲ့တဲ့ပွဲ

လူတွေအလယ်မှာ

နင်နဲ့ငါ


မာနတွေ စည်းချင်းထိုးခဲ့တဲ့ပွဲ

ပရိတ်သတ်ရဲ့ သတ်မှတ်ချက်

ငါက အောင်နိုင်သူတဲ့........။

လူတွေမသိခဲ့တဲ့ ပွဲတစ်ပွဲ

တစ်ချိန်တည်းမှာပဲ

ငါ့ရဲ့ မာနတွေက

ငါ့နှလုံးသားကို ကြိုးစင်တင်

ခံစားချက်တွေကို မီးရှို့သတ်တဲ့ပွဲ

ငါ့ရင်ဘတ်တစ်ခုလုံး ပြာကျလောင်ကျွမ်းခဲ့ပြီးတာ

ခုဆို ဘယ်နှစ်ရာသီတောင်ရှိခဲ့ပြီလဲ........။

Sunday, January 3, 2010

ကုသိုလ်မျှဝေ ရစေလို၍


မင်္ဂလာဝီဟာရကျောင်းတိုက်ရှိ ဗုဒ္ဓရုပ်ပွားတော်


ဗုဒ္ဓဘုရားရဲ့ အကြီးဆုံးဓာတ်တော်ပုံ (၂၈ မီလီမီတာရှိပါတယ်) ကျွန်မရိုက်ခဲ့တဲ့ ပုံက မကောင်းလို့ ဒီပုံတော်ကို ဒီနေရာကနေ ယူထားပါတယ်။

ကျွန်မခင်မင်လေးစားရတဲ့ ကျွန်မရဲ့ သူငယ်ချင်း မောင်နှမတွေအားလုံး ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြီးပြည့်စုံတဲ့ နှစ်သစ်အခါသမယလေး ဖြစ်ကြပါစေ။ ကျွန်မရဲ့ စိတ်ထဲမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့လေးဟာ ၂၀၁၀ခုနှစ်ရဲ့ အစပထမနေ့လေးဆိုတော့ ဘာပဲပြောပြော အဲဒီနေ့လေးကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကုသိုလ်ရမယ့် အလုပ်တစ်ခုခုကိုတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ ဗုဒ္ဓရဲ့ဓာတ်တော်မွေတော်တွေနဲ့ အတူ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တွေကိုပါပြသတဲ့ "THE 5TH INTERNATIONAL BUDDHA'S RELICS ARTS & CULTURAL EXHIBITION" နဲ့ မင်္ဂလာ ၀ီဟာရ ဘုန်းကြီးကျောင်းတို့ကို သွားရောက်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ဓာတ်တော်တွေ ပြသတဲ့ပွဲကို အရင်သွားရောက်ခဲ့တာဖြစ်ပြီး ကျင်းပတဲ့နေရာကတော့ Suntec City, Hall No. 401-404 မှာပါ။ ကျင်းပတဲ့ရက်က 30 Dec 2009 - 3 Jan 2010 အထိဖြစ်ပြီး ပြသချိန်ကတော့ 10.00 am to 10 pm ပါ။ တကယ်တော့ တနင်္ဂနွေနေ့မှ သွားဖို့မှန်းထားခဲ့ပေမယ့် အခုနပြောခဲ့သလိုပဲ ၁ ရက်နေ့မှာသွားချင်လာတာနဲ့ သွားလိုက်တာပါ။ ပြီးတော့လည်း ကျွန်မရဲ့ ဘလော့ဂါမောင်နှမတွေ သူငယ်ချင်းတွေကိုလည်း မျှဝေပေးချင်လို့ပါ။

ပြပွဲနေရာကို ကျွန်မတို့ရောက်သွားချိန်မှာတော့ ခန်းမအပြင်မှာတန်းစီနေကြတဲ့ လူတန်းကြီးက နည်းနည်းနောနော မဟုတ်ပါဘူး။ ကျွန်မ အထင် ၉၀% လောက်က တရုတ်လူမျိုးတွေပါ။ တန်းစီနေတဲ့လူတွေ အကုန်လုံးကို အထဲကို မ၀င်ခင် ကိုယ်ရေးအချက်အလက်တွေဖြည့်ဖို့အတွက် စာရွက်လေးတွေဝေပါတယ်။ အားလုံးဖြည့်စွက်ပြီးရင်တော့ အထဲကိုမ၀င်ခင် အပေါက်ဝမှာ ပေးထားခဲ့ရပြီး သူတို့က ကျွန်မတို့လက်မောင်းမှာ တံဆိပ်လေးကပ်ပေးလိုက်ပါတယ်။ အထဲကိုလည်းရောက်ရော ကျွန်မတွေ့လိုက်ရတာက တကယ့်ကို ခမ်းခမ်းနားနားပြင်ဆင်ထားတာကိုပါပဲ။ ကျွန်မလည်း ၀မ်းသာအားရနဲ့ ဓာတ်ပုံတွေ တစ်ဝကြီးရိုက်သွားပြီး ကျွန်မရဲ့ ဘလော့ဂ်လေးမှာ ပြန်လည်မျှဝေမယ်ဆိုတဲ့စိတ်ကူးနဲ့ အ၀င်ဝနားမှာ ဓာတ်ပုံတွေ တစ်ဖျတ်ဖျတ်ရိုက်နေတုန်းပဲရှိသေး ကျွန်မသူငယ်ချင်းက "No Photo Taking" ဆိုတဲ့ စာတန်းလေးကို မြင်သွားပြီး ကျွန်မကိုလှမ်းသတိပေးတဲ့ အတွက် ကင်မရာလေးကို အိတ်ထဲအသာလေး ပြန်ထည့်လိုက်ရပါတယ်။ (ကင်မရာဆိုလို့ပြောရဦးမယ်။ ကျွန်မက ဘလော့ဂ်လုပ်ပြီး စာသာရေးနေတာ၊ ကိုယ်ပိုင်ကင်မရာ တစ်လုံးတောင်မရှိပါဘူး။ ဒီကင်မရာလေးက ကျွန်မသူငယ်ချင်းရဲ့ ကင်မရာလေးပါ။ သူကကျွန်မကို ရိုက်ချင်သလိုရိုက်နိုင်အောင် ကျွန်မလက်ထဲ ထည့်ပေးထားတာပါ။ ဓာတ်ပုံတွေက မကျွမ်းမကျင်နဲ့ ရိုက်ရတဲ့အပြင် လူအလစ်မှာ ရိုက်ရတာဆိုတော့ သိပ်တော့မကောင်းပါဘူး။)



ဒါကတော့ ပြပွဲခန်းမ အပြင်ဘက်မှာ လူတွေတန်းစီနေကြတာပါ။


ဒါကတော့ ၀င်ဝင်ချင်းနေရာမှာပါ။ လူတွေအားလုံး ပိုက်ဆံအကြွေစေ့တွေ လှမ်းလှမ်းပစ်ပြီး ဆုတွေတောင်းနေကြတာတွေတွေ့တော့ ကျွန်မလည်းဝင်ရောက် ဆုတွေတောင်းခဲ့ပါသေးတယ်။ :)




ဒါကတော့ အတွင်းဘက်ပိုင်း ဓာတ်တော်တွေကို စီတန်းပြထားတဲ့ နေရာကိုလှမ်းရိုက်ခဲ့တာပါ၊ ဓာတ်ပုံရိုက်ခွင့်မရှိတဲ့ အတွက်ကျွန်မမှာ ဗုဒ္ဓရဲ့ ဓာတ်တော်ပုံတွေကို အနီးကပ်ရိုက်ယူခဲ့ဖို့ရာဘယ်လိုမှ အခွင့်မသာခဲ့ပါဘူ။ ဒါပေမယ့်လည်း ကိုယ်ဖူးမြော်ရသလို သူများတကာတွေကိုပါဖူးမြော်စေချင်တဲ့စိတ်က တစ်ဖွားဖွားဖြစ်နေတာမို့ အဲဒီပြပွဲနဲ့ ပတ်သက်ပြီး အင်တာနက်မှာ မရရအောင်ရှာလိုက်တော့ website တစ်ခုမှာ ဓာတ်တော်ပုံတစ်ချို့ကို တင်ထားတာ ၀မ်းသာစရာတွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်မလည်း ဖူးစေချင်တဲ့စေတနာနဲ့ အဲဒီကနေပဲ ယူလိုက်ပါတယ်။








ဓာတ်တော်တွေကတော့ Buddha's Blood Relics, Buddha's Flesh Relics, Buddha's Bone Relics, Buddha's Brain Relics စသည်ဖြင့် အစုံပါပဲ။

အဲဒီမှာ အကယ်၍ ဓာတ်တော်တွေကို မှန်ဘီလူးနဲ့ ကြည့်ချင်ရင်လည်း ထိုင်ပြီးကြည့်လို့ရပါတယ်။ တာဝန်ယူပြီး ပြောပြရှင်းပြနေသူတွေလည်းရှိပါတယ်။


ဒီနေရာကတော့ ဗုဒ္ဒရုပ်ပွားတော်မြတ်ကို ဆီမီးတွေနဲ့ ပူဇော်ထားတဲ့နေရာပါ။ ဆီမီးဖိုး
အလှူငွေ ကောက်ခံနေတဲ့အတွက် ကျွန်မတို့လည်း အလှူငွေထည့်ခဲ့ပါသေးတယ်။

ဒါကလည်းဆီမီးရောင်စုံတွေနဲ့ ပူဇော်ထားတဲ့ပုံပါ။



ဒါကတော့ ဗုဓ္ဒရုပ်ပွားတော်မြတ်ပုံကို အနီးကပ်ရိုက်လာခဲ့တာပါ။



ဒီပုံတော်နှစ်ပုံကတော့ မြတ်စွာဘုရားအားဖွားမြင်တော်မူပြီးခါစပုံတော်ကိုရိုက်ယူခဲ့တာပါ။

အဲဒီလိုနဲ့ ဆက်လက်ဖူးမျှော်လာရင်း တစ်နေရာရောက်တော့ ယောကျာ်း၊ မိန်းမမခွဲခြားဘဲ ရွှေသင်္ကန်းကပ်ဖို့ ရွှေဆိုင်းတွေဝေနေတာတွေ့တော့ ကျွန်မတို့သူငယ်ချင်းတစ်သိုက်လည်း မြတ်စွာဘုရားရှင်ကိုရွှေသင်္ကန်း ကပ်လှူခွင့်ရခဲ့ပါတယ်။


ရွှေသင်္ကန်းများဆက်ကပ်လှူဒါန်းထားသော ဗုဒ္ဓရုပ်ပွားတော်



ဒါကတော့ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ညောင်ပင်ပါ။သူတို့တရုတ်တွေကတော့ အဲဒီလို ညောင်ရွက်တွေကို ချည်ပြီး ဆုတွေတောင်းနေကြပါတယ်။ ကျွန်မတို့တော့ နားမလည်လို့ မလုပ်ခဲ့ပါဘူး။


အဲဒီလိုနဲ့ တဖြည်းဖြည်းဆက်လျှောက်လာတော့ ဗုဒ္ဒရုပ်ပွားတော်တွေ၊ ဆင်းတုတော်တွေ တန်းစီပြီးပြထားတဲ့နေရာကိုရောက်လာပါတယ်။ အဲဒီမှာကျွန်မတို့ တအံ့တသြ ဖြစ်စရာ ဘာသွားတွေ့သလဲဆိုတော့ ဆင်းတုတော်အကုန်လုံးနီးပါး (တော်တော်များများ) ဟာမြန်မာပြည်က ရှေးဟောင်းဆင်းတုတွေဖြစ်နေတာကိုပါပဲ။ အဓိက ကတော့ မန္တလေးနဲ့ ရှမ်းပြည်နယ်ကရုပ်ပွားတော်တွေပါ။ စင်ကာပူဒေါ်လာ ဘယ်နှစ်သောင်း၊ ဘယ်နှစ်သိန်း စသည်ဖြင့်ဈေးနှုန်းတွေလည်းကပ်ထားတာပါ။ ကျွန်မ ကတော့ မစဉ်းစားတတ်လောက်အောင်ပါပဲ (ကိုယ်ကလည်း ခပ်ပိန်းပိန်းဆိုတော့လေ....)။ ဒီလောက်များပြားလှတဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းအမွေအနှစ် ရုပ်ပွားတော်တွေဟာ ဘယ်လိုဖြစ်လို့ ဒီနေရာမှာရောက်ရှိနေရတာလဲ လို့ပေါ့။ ကျွန်မကြည့်ရင်းကြည့်ရင်း ရင်ထဲမှာဘယ်လိုဖြစ်လာမှန်းမသိပါဘူး။ စိတ်မကောင်းဖြစ်သလိုလို၊ ၀မ်းနည်းသလိုလို ခံစားရပြီး ငိုချင်စိတ်တွေတောင်ပေါက်လာ သလိုပါပဲ။ ကိုယ်သာ မီလျံနာ၊ ဘီလျံနာ သူဌေးဆိုလို့ ကတော့ အဲဒီမြန်မာပြည်က ရုပ်ပွားတော်တွေအကုန်လုံးကို ပြန်ဝယ်ပြီး မြန်မာပြည်မှာ နဂိုမူလစံမြန်းရာ ကျောင်းတော်တွေကိုပြန်သာ ပင့်ဆောင်လိုက်ချင်တော့တာပါပဲ။


ရှားရှားပါးပါးတစ်ပုံတော့ ရအောင်ရိုက်ယူခဲ့ပါတယ် :)

အဲဒါနဲ့ ကျွန်မတို့လည်း အဲဒီနေရာကနေမြန်မြန်ခွာပြီး ပန်းချီကားတွေပြထားတဲ့ နေရာကို ရောက်သွားကြပါတယ်။ပန်းချီကားတွေကတော့ တရုတ်ပန်းချီကားတွေ များပါတယ်။ ဒါပေမယ့် အဲဒီထဲမှာမှ မြန်မာပြည်က ရှုခင်းရှုကွက်တွေနဲ့ တူတဲ့ ပန်းချီကားတစ်ချို့ကို တွေ့ရတော့ ကျွန်မဘယ်လိုမှ မနေနိုင်တော့ဘဲ ဓာတ်ပုံတွေ ရိုက်ယူခဲ့မိပါတော့တယ်။ ပန်းချီတွေက အထွက်နေရာနားမှာ ရှိတဲ့အပြင် အခန်းလိုက် အခန်းလိုက်ပြထားတာဆိုတော့ ဓာတ်ပုံရိုက်မရိုက် စစ်နေတဲ့ သူတွေလည်းမရှိပါဘူး။ ဓာတ်ပုံမရိုက်ရလို့ ကပ်ထားတဲ့ စာတန်းလည်း အဲဒီနားမှာမတွေ့ရပါဘူး။ အဲဒါနဲ့ ကျွန်မလည်း ကျွန်မ နှစ်သက်မိတဲ့ သဘာဝ ပန်းချီပုံလေးတွေကိုပါ ရိုက်ယူလာခဲ့ပါတယ်။ :)


ဒီပုံလေးကမြန်မာပြည်နဲ့တော်တော်တူတာပါ။ ဒါပေမယ့် ပုံဆွဲတဲ့သူ နာမည်က တရုတ်နာမည် ဖြစ်နေတယ်။ မြန်မာပြည်ကိုသူ ရောက်ရှိခဲ့ပြီး ဆွဲခဲ့တယ်ထင်တာပဲ


ဒီပုံလေးကရော...မြန်မာပြည်ရဲ့ တစ်ချို့နေရာတွေမှာ မြင်တွေ့နေရဆဲ ဖြစ်တဲ့ မြင်ကွင်းမျိုးပဲမဟုတ်လား....ဘေးမှာ ရှင်းလင်းချက်တွေကလည်း တရုတ်လိုရေးထားတာ ဆိုတော့ ကျွန်မကလည်း ဘာမှနားမလည်ခဲ့ဘူး


ဒီပုံလေးဆိုရင်လည်း အိမ်ဘေးက ကြိုးတန်းလေးမှာ အ၀တ်တွေလှမ်းနေတဲ့ပုံလေး.....မြန်မာပြည်နဲ့တော်တော်တူတယ်ထင်တာပဲ...


ဒီပုံလေးကလည်း လမ်းဘေးမှာ ဆိုင်ကယ်တွေနဲ့ တွန်းလှည်းမုန့်ဆိုင်တွေနဲ့ ဆိုတော့.....







ဒီပုံလေး ၃ပုံ ကတော့ ကျွန်မ နှစ်သက်လို့ ရိုက်ယူလာခဲ့တဲ့ပုံလေးတွေပါ။

ကျွန်မတို့လည်း အားလုံးကို လှည့်ပတ်ကြည့်ရှု ဖူးမျှော်လေ့လာ ပြီးတဲ့အခါမှာတော့ အဲဒီကမှတဆင့် မင်္ဂလာ ၀ီဟာရ ဘုန်းကြီးကျောင်းကို ခရီးဆက်ခဲ့ကြပြီး ဘုရားမှာ ဆီမီး၊ နံ့သာတိုင်၊ အလှူငွေတို့ဖြင့် ပူဇော်ရင်း ဘုရားကျောင်းဆောင်ဘေး ပရ၀ုဏ်တစ်ဝိုက်မှာရှိတဲ့ အမှိုက်သရိုက်များကို သိမ်းဆည်းကုသိုလ်ယူကာ
ပြန်ခဲ့ကြပါတယ် ဆိုတဲ့ အကြောင်းကို ကျွန်မရဲ့ မောင်နှမတွေ၊ သူငယ်ချင်းတွေကိုလည်း ကုသိုလ်တွေကိုမျှဝေပေးလိုတဲ့ စေတနာနဲ့ ရေးသားလိုက်ရပါကြောင်း............။

Friday, January 1, 2010

အကောင်းဆုံးတွေ ဖြစ်လာပါစေ

ဒီနေ့က ၂၀၁၀ ခုနှစ်ရဲ့ အစ၊ တစ်နှစ်တာပတ်လုံး အတွက်ဆိုရင် ရက်ပေါင်း ၃၆၅ ရက်ကို ဖြတ်သန်းဖို့ အစ ပထမနေ့လေးဆိုတော့ ကျွန်မရဲ့ ဘလော့ဂ်လေးမှာ အမှတ်တရ ဖြစ်အောင် တစ်ခုခုလေး လုပ်ချင်ပါတယ်။ ဒါပေမယ့်လည်း ကဗျာတွေ၊ စာတွေကို အမှတ်တရဖြစ်စရာကောင်းဖို့ ပြောင်မြောက်လောက်အောင် ရေးဖွဲ့ဖို့ရာ မစွမ်းသာတော့ ဘလော့ဂ်လေးကို အိမ်ပုံစံ အသစ်လေးပဲ ပြောင်းလိုက်ပါတယ်။ (:D ........တော်လိုက်တာနော်) အင်း.........နှစ်တစ်နှစ်ကတော့ ပြီးဆုံးသွားပြီပေါ့။ နောက်ထပ်နှစ်တစ်နှစ်ကို ဖြတ်သန်းကြရတော့မယ်။

လူသားတွေအားလုံး နှစ်သစ်မှာ မိမိတို့မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေ၊ ဆုတောင်းတွေ အတိုင်း ဖြစ်လာခဲ့ကြမယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း မရေရာ မသေချာမှုတွေရောပြွန်းနေတဲ့ လမ်းခရီးကို လျှောက်လှမ်းနေရတဲ့ လူသားတစ်ယောက်ပေပဲမို့ ဆုတောင်းတွေ၊ မျှော်လင့်ချက်တွေ ပြည့်ဝဖို့ မပြည့်ဝဖို့ ဆိုတာထက် သေချာတာတစ်ခုကတော့ နေ့စဉ်နေ့တိုင်းမှာ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေနဲ့ပဲ ဘ၀ခရီးကို မမောမပန်း ဆက်ပြီး ချီတက်ရဦးမှာပေါ့လေ။ အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာတာနဲ့အမျှ တော်ရုံတန်ရုံ ဘ၀အမောတွေကိုလည်း သိပ်တော့ မမှုတော့ပါဘူး။ အပြုံးမပျက် ရှေ့သို့ ဆက်လက်ချီတက်ရုံပဲပေါ့။

ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မ ချစ်တဲ့ ခင်တဲ့ မိသားစု၊ ဘလော့ဂါမောင်နှမတွေပါ အပါအ၀င် ၊သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ လူသားအားလုံးကို ၂၀၁၀ ခုနှစ်မှာ မိမိတို့မျှော်လင့်ထားသမျှ အရာတိုင်း အတွက် အကောင်းဆုံးတွေကိုပဲ ရရှိနိုင်ပါစေရယ်လို့တော့ ဆန္ဒလေးပြုလိုက်ပါရစေ။

(မှတ်ချက်။ ။ဓာတ်ပုံလေးက ဒီနေရာကနေရှာထားတာပါ။)