Pages

Tuesday, December 29, 2009

Men Dominated World လား၊ Women Dominated World လား - အပိုင်း (၂)

ကျွန်မက ၂၀၀၆ ဒီဇင်ဘာမှာ ကျောင်းပြီးခဲ့ပြီး ၂၀၀၇ ဇန်န၀ါရီမှာ အလုပ်စ၀င်ခဲ့တာဆိုတော့ ကျွန်မရဲ့ အလုပ်လုပ်တဲ့ သက်တမ်းက မြန်မာပြည်မှာ ၁နှစ်၊ အခု ဒီမှာ၂နှစ်နီးပါးနဲ့ ဆိုရင် ၃ နှစ်နီးပါးရှိပြီပဲ ဆိုပါတော့။ အဲဒီ ၃နှစ်အတွင်းမှာ အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီပေါင်းက စုစုပေါင်း ၄ခု......။ ပထမဆုံးအနေနဲ့က မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ စပြီး အလုပ်ဝင်ခဲ့တာပါ။ အဲဒီမှာ ကျွန်မ လုပ်ခဲ့ရတဲ့အလုပ်က ကျွန်မတို့ကုမ္ပဏီကနေ တာဝန်ယူပြီး တည်ဆောက်နေတဲ့ ဥယာဉ်အိမ်ယာ စီမံကိန်းတစ်ခုမှာ ရှိတဲ့ အဆောက်အဦးတစ်ခုကို တာဝန်ယူရတဲ့ ဆိုဒ်အင်ဂျင်နီယာအလုပ်ပါ။ တကယ်တော့ ကျွန်မတို့ကုမ္ပဏီက Main Contractor အနေနဲ့ ပရောဂျက်ကိုရထားပြီး အဆောက်အဦးတစ်ခုချင်းစီကိုဆောက်ဖို့ကြတော့ Sub-Contractor တွေကိုပြန်ပေးလိုက်တာပါ။ ဆိုဒ်အင်ဂျင်နီယာတွေရဲ့တာဝန်က Sub - Con တွေလုပ်သမျှကို ဆိုဒ်မှာအမြဲ စစ်ဆေးနေရတဲ့တာဝန်ပါ။ (ကျွန်မတို့အဖြစ်က Main Con ကနေ Sub - Con ကို ကြီးကြပ်ဖို့အတွက် ပိုက်ဆံပေးပြီးငှားထားတဲ့ လူမိုက်တွေလို့ ပြောရမယ်ဆိုရင်မမှားပါဘူး.......။ နောက်ကြုံမှ Sub - Con တွေနဲ့ရန်ဖြစ်တဲ့အကြောင်းတွေ ရေးရဦးမယ်။) ထားပါတော့.......... အခုနစကားကိုဆက်လို့ ဥယာဉ်အိမ်ယာစီမံကိန်းဆိုတော့သိတဲ့အတိုင်း အဆောက်အဦးတွေက အများကြီးဆောက်ရတဲ့အပြင် အဆောက်အဦးတိုင်းမှာလည်း အဲဒီအဆောက်အဦး တစ်ခုလုံးအတွက်အလုံးစုံတာဝန်ယူရတဲ့ ဆိုဒ်အင်ဂျင်နီယာ တစ်ယောက်စီခန့်ထားတယ်။ ဒါ့အပြင် တစ်ခြား ရေပိုင်း၊ မီးပိုင်းကိုတာဝန်ယူရတဲ့ အင်ဂျင်နီယာတွေပါ အပါအ၀င်ဆိုရင် ကျွန်မတို့ရဲ့ အဲဒီပရောဂျက်ကြီးမှာ အင်ဂျင်နီယာ ယောကျာ်းလေးတွေရော၊ မိန်းခလေးတွေပါ မနည်းလှပါဘူး။

အဲ.............အဲဒီ များပြားလှတဲ့ အင်ဂျင်နီယာတွေ အားလုံးကို အုပ်ချုပ်တာဝန်ယူရတဲ့သူကတော့ အသက်အားဖြင့်ဆိုရင် ကျွန်မတို့ထက် များစွာမကြီးလှသေးတဲ့ အမျိုးသမီး ပရောဂျက်မန်နေဂျာ (ပရောဂျက်ဒါရိုက်တာလို့ ပြောလို့လည်းရပါတယ်) တစ်ယောက်ပါ။ ကျွန်မတို့အင်ဂျင်နီယာတွေအားလုံးရဲ့ လေဒီဘော့စ်လို့ပဲ ဆိုပါတော့။ သူမဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီလိုရာထူးကြီးကြီးကို ရထားနိုင်သူ ဆိုကတည်းက သူမရဲ့အရည်အချင်းကို ခန့်မှန်းလို့ရပါတယ်။ ကျွန်မ အနေနဲ့ သတိထားမိခဲ့တဲ့ သူမမှာရှိတဲ့ ထူးခြားတဲ့ အရည်အချင်းတွေကတော့ စကားကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်ခြင်းနဲ့ တစ်ပါးသူတွေရဲ့ အားနည်းချက်၊ ပျော့ကွက်၊ ဟာကွက်များကို ပါးနပ်လှစွာ ထိုးထွင်းသိမြင်တတ်ခြင်းတို့ပါပဲ။

အဲဒီတုန်းက ကျွန်မတို့အင်ဂျင်နီယာတွေဟာ အပတ်စဉ်တနင်္လင်္ာနေ့တိုင်းမှာ သူမနဲ့အတူ Progress Meeting တစ်ခု လုပ်ရပါတယ်။ တကယ်တော့ အဲဒီ Meeting ဟာ လုပ်ငန်းရဲ့ Progress ကိုဆွေးနွေးတဲ့ အစည်းအဝေးလို့ဆိုတာထက် ကျွန်မတို့အင်ဂျင်နီယာတွေအတွက်ကတော့ ကိုယ့်ရဲ့ပြစ်ချက်တွေ၊ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ကျန်တဲ့အင်ဂျင်နီယာတွေရှေ့မှာ သူမရဲ့ထောက်ပြပြောဆို ဝေဖန်ခြင်းကိုခံရဖို့ တွေ့ဆုံပွဲဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ တစ်ခါတစ်ရံမှာဆိုရင် အင်ဂျင်နီယာတွေဟာ သူမရဲ့ချောင်ပိတ်မေးတဲ့ မေးခွန်းတွေကြားမှာ မရှူနိုင်မကယ်နိုင် အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရတာကလဲ အကြိမ်ကြိမ်ပါပဲ.....။

ဥပမာ.........ဒီတစ်ပတ်မှာ ကျွန်မဆိုဒ်ထဲမှာ ပြဿနာတစ်ခုခုဖြစ်တယ် ဆိုပါတော့........ဒါဆိုရင် သေချာပြီ၊ တနင်္လာနေ့အစည်းအဝေးကျရင် ကျွန်မအနေနဲ့ ဒီပြဿနာနဲ့ပတ်သက်ပြီး သူမကို ဆွေးနွေး တင်ပြရတော့မယ်ဆိုတာ......အဲတော့ ကျွန်မက အဲဒီပြဿနာနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ အချက်အလက်တွေကိုရော၊ သူမဆီက မေးလာနိုင်မယ့်မေးခွန်းတွေအတွက် ဖြေရှင်းချက်တွေကိုရော ကြိုတင်စဉ်းစားပြီး ပြင်ဆင်သွားတယ်ဆိုပါတော့..............စိတ်ချပါ.... အစည်းအဝေးကျရင် သူမဆီမှာ ကျွန်မ ဘယ်လိုမှထင်မထားခဲ့တဲ့ မေးခွန်းတွေ ရှိနေတတ်သလို၊ ကျွန်မ လုံးဝမစဉ်းစားမိခဲ့တဲ့ (ကိုယ့်ကိုကိုယ်တောင် သတိမထားမိခဲ့တဲ့) ကျွန်မရဲ့ဟာကွက်၊ ပျော့ကွက် တွေကို သူမက လက်တန်း ဒက်ခနဲ၊ ဒက်ခနဲနေအောင် ပြောပြသွားပါလိမ့်မယ်။ အဲဒီအချိန်မှာ ဖြေရှင်းဖို့တော့ သွားမကြိုးစားလိုက်လေနဲ့၊ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ဖို့အတွက် ကြိုးစကို ဆွဲထုတ်လိုက်သလို ဖြစ်သွားလိမ့်မယ်။(ဘောလုံးစကားနဲ့ ပြောရရင်တော့ “တစ်ဘက်ကနေ တစ်လုံးပြီးတစ်လုံး ဂိုးတွေဆင့်ကာဆင့်ကာ အသွင်းခံနေရတာကို ချေပဂိုးဆိုလို့တစ်ဂိုးတစ်လေလေးတောင်မသွင်းလိုက်နိုင်ရှာပဲ နောက်ဆုံးပွဲပြီးသည်အထိ ခံစစ်နဲ့ချည်းကစားသွားရရှာကာ လှလှပပကြီးကိုရှုံးနိမ့်သွားရပါတယ်ခင်ဗျာ” လို့ပြောရမလိုပါပဲ............) ။အဲဒီလိုအချိန်မျိုးကို ရောက်ပြီဆိုရင်များ လူကမြေကြီးထဲပဲ လျှိုးသွားချင်သလိုလို၊ မိုးပေါ်ပဲပျံသွားချင်သလိုလို စိတ်မျိုးတွေ ဖြစ်လာတတ်ပြီး အဲဒီနေရာကနေ ခဏလောက်ကို ပျောက်ကွယ်သွားချင် တော့တာပါပဲ။ စဉ်းစားကြည့်ကြပါဦးနော်.......ကိုယ်နဲ့သက်တူရွယ်သူ အင်ဂျင်နီယာတွေ (ယောကျာ်းလေးအင်ဂျင်နီယာတွေပါ အပါအ၀င်) အများကြီးရှေ့မှာ ချောင်ပိတ်မိနေပြီး မရှူနိုင်မကယ်နိုင်နဲ့ ဖြစ်နေရတဲ့ အဖြစ်ဟာ ရှက်ဖို့ကလည်းကောင်း၊ ထထွက်သွားဖို့ကလည်းမဖြစ်နိုင် နဲ့ တော်တော့်ကို ဆိုးတဲ့ခံစားချက်ပါ။

တကယ်တော့ အဲဒီလို ခံစားမှုတွေကို ခံစားခဲ့ရတာ ကျွန်မတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ အင်ဂျင်နီယာတိုင်းလိုလို ပါပဲလို့ ပြောလို့ရပါတယ်။ အပတ်စဉ် အလှည့်ကျပဲဆိုပါတော့.....။ အစည်းအဝေးခန်းထဲမှာတင် ငိုခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ကျွန်မတို့တွေဟာ သူမနဲ့တွေ့ဆုံဖို့တို့၊ စကားပြောဖို့တို့ဆိုရင်အရမ်းကို ၀န်လေးကြောက်ရွံ့လာကြပါတယ်။ ကျွန်မတို့ အင်ဂျင်နီယာတွေတွေ့ရင် အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ် “တကယ်လို့များ တနင်္လာနေ့တွေရောက်တိုင်း အစည်းအဝေးခန်းထဲဝင်မလား၊ ကျားမြီးဆွဲကြမလားလို့ရွေးချယ်ခွင့်များရှိခဲ့မယ်ဆိုရင်၊ ကျားတွေမှာအမြီးတွေတောင်ရှိမှာမဟုတ်တော့ဘူး” ဆိုတဲ့စကားပါပဲ။

ကျွန်မတို့အင်ဂျင်နီယာတွေတင် မဟုတ်ပါဘူး၊ တော်တော်များများ အမျိုးသားကန်ထရိုက်တာတွေ ဆိုရင်လည်း သူမနဲ့ အစည်းအဝေးတွေလုပ်မယ်၊ အခြေအတင် စကားတွေပြောကြမယ် ဆိုရင် သူမကိုနိုင်အောင် တော်ရုံတန်ရုံ ဘယ်သူမှ မပြောနိုင်ပါဘူး။ ထုံးစံအတိုင်း သူမကပဲ အနိုင်နဲ့ပိုင်းသွားတာချည်းပါပဲ။ အဲဒါနဲ့ ကျွန်မသူမနဲ့ပတ်သက်ပြီး တစ်ခုစဉ်းစားမိပါတယ်။ သူမဟာ အဲဒီလိုသူတစ်ပါးရဲ့ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက်တွေကို ဘာကြောင့်များ ထူးထူးခြားခြားသိနေနိုင်၊ ထောက်ပြနိုင်နေနိုင်ရတာလဲ၊ အဲဒါကိုတော်တယ် ထက်မြက်တယ်လို့ဆိုလိုတာလား၊ ဒီအရည်အချင်းတွေကြောင့် ပဲသူမဟာ အဲဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးကြီးကြီးကိုရထားတာလား.........ဒါဟာသူမရဲ့သူမတူတဲ့ မွေးရာပါ အရည်အချင်းတစ်ရပ်ပဲလား၊ အဲဒီလိုမျိုး တော်ဖို့ဆိုတာ လေ့ကျင့်ယူလို့ရသလား၊ နောက်တစ်ချက်က တော်ရုံတန်ရုံအမျိုးသားတွေကလည်း ဘာကြောင့် သူမကိုယှဉ်ပြီး နိုင်အောင်မပြောနိုင်ရတာလဲ ဒါဆိုလူတွေကရော ဘာလို့သူမနဲ့စကားပြောရမှာ၊ တွေ့ရမှာကိုကြောက်ကြရတာလဲ စသဖြင့်ပေါ့လေ.....။ ကျွန်မဆိုရင် သူ့ကိုဘယ်လောက်အထိ ကြောက်လဲဆိုရင် သူဒီလမ်းကလာနေတာ မြင်ရင် ဟိုဘက်လမ်းကနေ ပတ်သွားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မ သူမနဲ့ပတ်သက်လို့ခံစားခဲ့ရတာက အစည်းအဝေးခန်းထဲက ခံစားချက်တွေတင်မကလို့ပါပဲ။ တခြားအဖြစ်အပျက်တွေလည်းရှိခဲ့သေးလို့ပါ။ အခုအချိန်အထိမေ့လို့မရနိုင်တဲ့ အဖြစ်တွေပဲဆိုပါတော့လေ.......။ အဲဒီအထဲကမှ ပြောပြရမယ်ဆိုရင်တော့........

(မှတ်ချက်။ ။မရည်ရွယ်ပဲနဲ့ ပိုစ့်ကရှည်ရှည်သွားတယ်။ အဲဒါနဲ့ အပိုင်း (၃) ကိုမခွဲချင်ပဲခွဲလိုက်ရတယ်။ ကိုယ်ကရေးချင်တာတွေ စွတ်ရေးဖို့ပဲသိတာလေ။ ကျန်တဲ့မောင်နှမတွေက အားနာနာနဲ့ဘာမှ မပြောဘဲသည်းခံပြီးဖတ်ပေးပေမယ့် ကလေးငယ်လေးက ကလေးပီပီ ဟန်မဆောင်ပဲ ဆီဗုံးထဲမှာ ပိုစ်အရှည်ကြီးတွေရေးလို့တဲ့ ပြောသွားတော့မှပဲ ကိုယ့်မှာ ရီရတော့မလို ငိုရတော့မလိုနဲ့ ဟီးးးးးးးးးးးးး.............။)

4 comments:

SHWE ZIN U said...

ဖတ်သွားပြီ ညီမရေ ညီမရဲ့ လေဒီဘောစ် က အားနဲချက်တွေဘဲ မြင်တတ်ပြီး ကောင်းတဲ့ အချက်တွေကို မမြင်တတ်တော့ ခက်တော့တာပေါ့ အခန်း(၃)ကိုဆက်ဖတ်ကြည့်မှ ဘဲ ဇာတ်ရည် လည်မယ်ထင်တယ်

မြတ်မွန် said...

အင်ကြင်းရေ..ကျွန်မ ထင်တာတော့ သူမမှာ စာတွေ့ရော လက်တွေ့တွေတော်တော်များ ပုံရတယ်။ အလုပ်တစ်ခုကို တော်တော်လေး ကျွမ်းကျင်လေ့လာ ထားပုံရလို့ ထင်မိတယ်။
လုပ်သက်ကလည်းစကားပြောမယ်ထင်တယ်နော်။

လုံမလေး said...

မမရေ...
ပို့စ်ရှည်လေ ဖတ်လို့ကောင်းလေပဲသိလား
မမရဲ့ပို့စ်က တခုခုပြန်ရလို့ ဘာမှမဖြစ်ပါဘူး
လုံ့ကိုပဲကြည့်လေ ဟီ ဟိ အရေမရအဖတ်မရတဲ့
စာတွေရေးနေတာ အာာာာာာာာာာာာာာရှက်တာ မမရာ
နောက်သမီးရေးတော့ဘူးအဲ့လိုမျိုး သမီးကိုလည်းပြောတယ်
အဆင်မျှော်ပေါ၏

ချစ်ခင်တဲ့
လုံလုံ

~ဏီလင်းညို~ said...

အင်ကြင်းရေ...
အစ်ကို့ အထင်ကတော့ အဲ့ဒီလေဒီဘော့စ်က တစ်ကယ်တော်မယ်ထင်တယ်...။ ဘာလို့လည်းဆိုတော့ သူများပျော့ကွက်ကိုသိတာရယ်..နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာ နှံ့နှံ့စပ်စပ်ရှိမယ်ထင်လို့လေ...။ တော်တိုင်းလည်း... မအောင်မြင်တတ်ဘူးထင်တယ်လေ...။ ဒါပေမယ့် အဲ့ဒီလို ကျွမ်းကျင်မှုတွေကို သူများချောင်ပိတ်မေးမယ့်အစား... အနေခက်အောင်လုပ်မဲ့အစား... discuss လုပ်ပြီး... အတူတူပြေပြေလည်လည်လုပ်ကြဖို့ ကြိုးစားခဲ့မယ်ဆို သူဟာ... လူကြီးပီသတဲ့ လူကြီးတစ်ယောက်ဖြစ်လာမှာပါ...။ အောင်မြင်မှုနဲ့ နေရာဆိုတာ ကိုယ်ကိုယ်တိုင် သတ်မှတ်လို့ရတဲ့အရာမဟုတ်ဘူးလေ...။ အများက ၀ိုင်းပြီးသတ်မှတ်နေရာပေးမှ ရနိုင်တဲ့အရာမျိုးလို့ အစ်ကိုတော့ထင်တယ်...။ အဲ့ဒီလိုမျိုးလူကြီးဆို... ချစ်ကြောက်မဟုတ်ပဲ...ရွံကြောက်ကြီးဖြစ်နေမှာလေ...။
အပိုင်း၃ ကိုမျှော်နေပါ၏။
( ဘယ်လိုခေါ်ခေါ်ရတယ်...ခင်လို့ခေါ်တာမှန်သမျှ ကိုဏီးက အေးဆေးးးး:D)
ခင်မင်တဲ့
ဏီလင်းညို