Pages

Friday, December 25, 2009

Men Dominated World လား၊ Women Dominated World လား - အပိုင်း (၁)

တစ်နေ့ပေါ့..... ကျွန်မရဲ့ စီနီယာမန်နေဂျာနဲ့ ကျွန်မ ရောက်တတ်ရာရာ စကားတွေ ထိုင်ပြောကြရင်း ကျွန်မ သိချင်နေတာကြာပြီ ဖြစ်တဲ့ အကြောင်းအရာ တစ်ခုကို သူ့ဆီကနေ တစ်စွန်းတစ်စလေး သိခွင့်ရလိုက်ပါတယ်။ အဲဒီလို တစ်စွန်းတစ်စ သိခွင့်ရလိုက်ခြင်းနဲ့အတူ နောက်ထပ် စဉ်းစားစရာတွေ အများကြီးကိုလည်း ကျွန်မ ထပ်ရလာခဲ့တယ်။ ဒီလိုနဲ့ အဲဒီအကြောင်းက ဒီရက်ပိုင်းအတွင်း ကျွန်မရဲ့ အတွေးတွေထဲမှာ နေရာယူထားပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အခြားသူတွေရဲ့ အမြင်လေးတွေကိုပါ သိချင်လာတဲ့အတွက် ကျွန်မရဲ့ဘလော့ဂ်လေးမှာ ရေးမယ်လို့ စိတ်ကူးမိလိုက်ပါတယ်။ အဲဒီလို ရေးချင်နေတဲ့ အရာတစ်ခုကို ချမရေးလိုက်ရမချင်း လူက တစ်ခုခုနဲ့ငြိနေသလိုလို တစ်ခုခုကို ထမ်းထားရသလိုလိုကြီး ဖြစ်နေတဲ့အတွက် ဒီပိုစ့်လေးကို ကျွန်မ ရေးလိုက်မိပါတယ်။

အခုနစကားကို ဆက်လို့ အဲဒီနေ့မှာ သူနဲ့ကျွန်မ စကားတွေပြောကြရင်း ဘယ်အကြောင်းအရာကို ရောက်သွားသလည်းဆိုတော့ အမျိုးသားဘော့စ် နဲ့ အမျိုးသမီးဘော့စ်တွေရဲ့ ကွာခြားပုံအကြောင်းတွေကို ရောက်သွားပါတယ်။ ကျွန်မတို့ပြောတဲ့ ဘောစ့်ဆိုတာ ကုမ္ပဏီပိုင်ရှင် သူဌေးတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်နဲ့အလုပ်အတူတူ တွဲဖက်လုပ်ကိုင်နေရတဲ့ ကိုယ့်ထက် ရာထူးကြီးတဲ့သူတွေကို ဆိုလိုချင်တာပါ။ အဲဒီမှာ သူက ကျွန်မကို ဘာစပြောသလဲဆိုတော့.....

“အင်ကြင်း.....လူတော်တော်များများ (အထူးသဖြင့် မိန်းခလေးတွေ)ဟာ အမျိုးသမီးဘော့စ် (သူ့အပြောနဲ့ ပြောရရင်တော့ လေဒီဘော့စ်ပေါ့လေ)တွေနဲ့ တွဲပြီး အလုပ်မလုပ်ချင်ကြဘူး၊ အမျိုးသားဘော့စ်တွေနဲ့ တွဲပြီး အလုပ်လုပ်ရတာကိုပဲ ပိုနှစ်သက်ကြတယ်။ အဲဒါကို မင်းလက်ခံသလား ” တဲ့...။

သူက တစ်ခုခုပြောလို့ရှိရင် “ငါပြောတာအမှန်၊ နင်ငါပြောတာကိုပဲ လက်ခံရမယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ ကျွန်မ လက်ခံနိုင်၊ လက်မခံနိုင်၊ ယုတ္တိရှိ မရှိ စဉ်းစားနိုင်အောင် အကျိုးတွေ အကြောင်းတွေနဲ့ အရင် ရှင်းပြသေးတာပါ။ သူက ဆက်ပြောပါတယ်.....

“ငါ ဘာကြောင့် အဲဒီလို ပြောရသလဲဆိုတော့ မိန်းမတွေနဲ့ ယောကျာ်းတွေဟာ ပြဿနာ တစ်ရပ်ကို ဖြေရှင်းကြတဲ့အခါမှာ ဖြေရှင်းပုံ ဖြေရှင်းနည်း ပုံစံတွေ ကွာခြားကြလို့ပဲ” တဲ့.....။

သူက ရုတ်တရက် အဲဒီလိုတွေ ပြောလိုက်တဲ့အခါ ကျွန်မအနေနဲ့ ချက်ချင်း ဘာမှ ပြန်မပြောသေးပဲ အင်တင်တင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင်က မိန်းမတစ်ယောက် ဖြစ်နေပြီး ယောကျာ်းတွေဆီက နေပြီး မိန်းမတွေကို အထင်သေး၊ အမြင်သေးတဲ့ အပြောအဆိုမျိုး၊ အပြုအမူမျိုးတွေကိုများ တွေ့ရရင် ကျွန်မက သိပ်မုန်းတာမို့ပါ။

အဲဒီမှာပဲ သူက ကျွန်မအဲဒီလို အင်တင်တင်ဖြစ်နေတာကို ရိပ်မိသွားပြီး..... “အိုကေ....အိုကေ....နင် ချက်ချင်းလက်မခံနိုင်တာ ငါသိတယ်။ ဒါပေမယ့် ငါ နင့်ကို ဥပမာလေးတစ်ခုတော့ ပြောပြချင်တယ်” ဆိုပြီး ဒီလို ပြောပြပါတယ်။

ဥပမာ ကျွန်မတို့ ကုမ္ပဏီမှာ ကုမ္ပဏီအတွက် အရမ်းအရေးကြီးတဲ့ တင်ဒါတစ်ခုကို မနက်ဖြန် မနက်မှာ တင်စရာရှိတယ် ဆိုပါစို့.....။ တင်ဒါပိတ်ချိန်က မွန်းတည့် ၁၂နာရီ တိတိ။ ဒါ့အပြင် ကျွန်မတို့ သူဌေးကလည်း မနက်ဖြန်မှာပဲ နိုင်ငံခြား ခရီးစဉ်တစ်ခုကို သွားစရာရှိနေတယ် ထားပါတော့။ အဲဒီမှာ ကျွန်မရဲ့ မန်နေဂျာလုပ်သူက ကျွန်မကို အဲဒီတင်ဒါ တင်ဖို့အတွက် စီစဉ်စရာရှိတာတွေကို အကုန်စီစဉ်ဖို့၊ စစ်ဆေးဖို့ တာဝန်ပေးထားတယ်။ ဒါကြောင့် ကျွန်မကလည်း ပြင်ဆင်စရာရှိတာ၊ စစ်စရာရှိတာ၊ သူဌေးဆီက လက်မှတ်ယူစရာရှိတာ တွေကို ဒီနေ့မှာပဲ ပြီးစီးအောင် ပြင်ဆင်စစ်ဆေးပြီး စိတ်ချရပြီဆိုမှ ပြန်ခဲ့တယ်။

ဟုတ်ပြီ..... မနက်ဖြန်မနက်ကို ရောက်ပြီ။ အခုနတင်ဒါကို ကျွန်မရဲ့မန်နေဂျာက အပြီးသပ်တစ်ကြိမ် စစ်ဆေးပြီးတာနဲ့ စာရွက်စာတမ်း ချုပ်စရာရှိတာတွေကို ချုပ်ပြီး ၁၂နာရီမထိုးခင် အမီ သွားတင်ရတော့မယ်။ သူဌေးကလည်း အဲဒီအချိန်မှာ သူ့ခရီးစဉ်အတွက် လေဆိပ်ကို ထွက်သွားပြီ။ အဲ.....အဲဒီမှာပဲ မထင်မှတ်ထားတာ တစ်ခုကဖြစ်လာခဲ့တယ်။ မန်နေဂျာက စစ်ဆေးနေရင်းနဲ့ တင်ဒါရဲ့ အရမ်းအရေးကြီးတဲ့ တစ်နေရာမှာ သူဌေးလက်မှတ်ထိုးဖို့ လိုနေတာကို သွားတွေ့လိုက်ရတယ်။ ဟာ.....သွားပြီ၊ ဘယ်လိုလုပ်ပါ့မလဲ????? လေဆိပ်ကိုလိုက်ပြီး သူဌေးရဲ့လက်မှတ်ကို လိုက်ယူမယ် ဆိုရင်လည်း တင်ဒါပိတ်ချိန် ၁၂နာရီကို အမီသွားတင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် ဒီအကြောင်းကို သူဌေးသိသွားပြီ ဆိုပါကလည်း ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ဒီလို ပေါ့ဆရပါ့မလား ဆိုပြီး ကောင်းကောင်း အပြစ်ပေးခြင်းကို ခံရတော့မယ်။

သူဌေးလက်မှတ် မပါပဲ ဒီတင်ဒါကို သွားတင်ဖို့၊ ကိုယ်စားလက်မှတ်ထိုးဖို့ ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး။ အဲဒီစာရွက်က အရမ်းအရေးကြီးတဲ့စာရွက် ဖြစ်နေတယ်။ သူဌေးကိုယ်တိုင်ကို လက်မှတ်ထိုးမှဖြစ်မယ့် ကိစ္စဖြစ်နေတယ်။ ဘယ်လိုလုပ်မလဲ?????

သူက ဆက်ပြောပါတယ်.....။ အဲဒီလိုအချိန်မျိုးမှာ ကျွန်မရဲ့မန်နေဂျာဟာ အမျိုးသမီးသာ ဖြစ်နေခဲ့မယ်ဆိုရင် ကျွန်မရဲ့အခြေအနေက မလွယ်တော့ဘူးလို့သာ မှတ်တော့တဲ့။ သူမဟာ ဒီကိစ္စ ဖြစ်ရခြင်းအတွက် ကျွန်မကို ဒေါသတွေထွက် ဆူပူပြစ်တင်မာန်မဲမဆုံး ဖြစ်နေမယ့်အပြင် ဒီလိုဖြစ်ရခြင်းဟာ ကျွန်မရဲ့ ပေါ့ဆမှုကြောင့်သာလျှင်ဖြစ်ကြောင်း၊ ဒီကိစ္စအတွက် ကျွန်မမှာသာလျှင် အလုံးစုံတာဝန်ရှိတဲ့ အကြောင်းတွေကို report တစ်စောင် ချက်ချင်းကောက်ရေးပြီး အထက်လူကြီးတွေဆီကို ပို့လိမ့်မယ်။ အဲဒီလိုတွေ အဲဒီလိုတွေဖြစ်နေရတာနဲ့ပဲ တင်ဒါကိုလည်း သွားမတင်ဖြစ်လိုက်တော့ဘူးပဲ ဆိုပါတော့.....။

ဒါက လေဒီဘော့စ်တစ်ယောက်ရဲ့ ပြဿနာတစ်ရပ်အပေါ် တုန့်ပြန်ပုံ တုန့်ပြန်နည်း။

ဟုတ်ပြီ..... တကယ်လို့များ အဲဒီမန်နေဂျာနေရာမှာ ယောကျာ်းတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီကိစ္စကို ဘယ်လို ဖြေရှင်းမယ်ထင်သလဲတဲ့.....။ သူဌေးရဲ့လက်မှတ် လိုနေတယ်လို့ သူသိလိုက်ရတဲ့ အချိန်မှာ အိုကေ..... အကောင်းဆုံး အဖြေတစ်ခုကို ရအောင် သူ ခဏစဉ်းစားလိမ့်မယ်။

ရပြီ..... ပထမဆုံးအနေနဲ့ တင်ဒါသွားတင်ရမယ့် နေရာကို သူကဖုံးဆက်ပြီး လှမ်းပြောမယ်။ တင်ဒါကို လာတင်ဖြစ်အောင် တင်ပါ့မယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် အခက်အခဲလေးတွေ အနည်းငယ် ဖြစ်နေတဲ့အတွက် တင်ဒါပိတ်ချိန်ကို နောက်ထပ် တစ်နာရီလောက် စောင့်ပေးဖို့ဆိုတဲ့ အကြောင်းတွေကို မရရအောင် request လုပ်မယ်။

ပြီးတာနဲ့ တပြိုင်နက်တည်း လေဆိပ်ကို ထွက်သွားပြီဖြစ်တဲ့ သူဌေးနောက်ကို လိုက်သွားပြီး လက်မှတ်ကို မရရအောင် ယူမယ်။ သူဌေးရဲ့ ပြစ်တင်ကြိမ်းမောင်း ငေါက်ငန်းဆဲဆိုခြင်းတွေကိုလည်း ခံလိုက်မယ်။ အဓိကက သူဌေးဆီက လက်မှတ်ကို ယူပြီး တင်ဒါကို တင်ဖြစ်အောင် သွားတင်နိုင်ဖို့ပဲ။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်လို့လည်း report တစ်စောင်ကို မဖြစ်မနေတော့ တင်ရမယ်။ ဒါပေမယ့် သူသည် report ထဲမှာ ဒီကိစ္စဖြစ်ရခြင်းသည် အားလုံးမှာ တာဝန်ရှိကြောင်း၊ ဒီအမှားကို အားလုံးက shareလုပ်ပြီး ယူကြရမှာ ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် အဲဒီလို မဖြစ်ဖို့အတွက် အားလုံးအနေနဲ့ သတိထားပြီး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းတို့ကို သူထည့်ရေးလိမ့်မယ်တဲ့။

ဒါက အမျိုးသားဘော့စ်တစ်ယောက်ရဲ့ ပြဿနာတစ်ရပ်အပေါ် တုန့်ပြန်ပုံ တုန့်ပြန်နည်း။

အဲဒီလို ဥပမာလေးနဲ့လည်း ပြောပြီးရော သူက

“ဘယ်လိုလဲ.........အင်ကြင်း၊ အဲဒီ ဥပမာလေးကို မင်း လက်ခံနိုင်သလား” တဲ့.....။

ကျွန်မကလည်း “အင်း.....သိပ်တော့ လက်မခံချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုနလို ပြဿနာဖြေရှင်းပုံ ကွာခြားခြင်းဟာ ယောကျာ်း၊ မိန်းမဆိုတဲ့ ကွာခြားချက်ပေါ်မှာ မူတည်နေတယ်လို့ ငါတော့ မထင်ပါဘူး၊ လူတစ်ဦးချင်းစီပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်” ဆိုတော့ သူက မလျှော့သေးပါဘူး။

“မဟုတ်သေးဘူး အင်ကြင်း..... အခုနလိုမျိုး ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ မိန်းမနဲ့ယောကျာ်း ဘာ့ကြောင့် ကွာခြားသွားရသလဲ ဆိုရင်၊ လောကကြီးမှာ ရှိတဲ့ နေရာဌာနအသီးသီးမှာ၊ ရာထူးပုံစံအမျိုးမျိုးနဲ့ တာဝန် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေ အားလုံးမှာ (ရာထူးကြီးတာပဲဖြစ်ဖြစ်၊ ငယ်တာပဲဖြစ်ဖြစ်) တူညီတဲ့ စိတ်ခံစားမှုတစ်မျိုး ရှိကြတယ်။ အဲဒါကဘာလဲ ဆိုတော့ insecurity လို့ခေါ်တဲ့ ခံစားချက်တစ်မျိုးပဲ။ လောကကြီးမှာ ယောကျာ်းနဲ့မိန်းမ ယှဉ်လိုက်ရင် ယောကျာ်းတွေဟာ ဘယ်လိုနေရာမျိုးကိုပဲ သွားသွား၊ ဘယ်လိုပဲ နေထိုင်ပြောဆိုပြောဆို သူတို့အတွက် ပြဿနာ သိပ်မရှိပေမယ့် မိန်းမတွေကြတော့ မတူတော့ဘူး။ သူတို့မှာ အရှက်တွေ၊ သိက္ခာတွေ၊ အိနြေ္ဒတွေနဲ့ ဘ၀ကို တည်ဆောက်ထားရတဲ့ အတွက် ဘယ်လို နေရာမှာပဲနေနေ သတိနဲ့ ဆင်ခြင်နေထိုင်ပြောဆိုကြရတယ်။ အမှားအယွင်းတစ်ခုခု၊ အတိမ်းအစောင်း တစ်ခုခုများ ဖြစ်သွားခဲ့ပြီဆိုရင် သူတို့ဟာ သူ့တို့ရဲ့အရှက်တရား၊ ဂုဏ်သိက္ခာတွေ သူတို့ရပ်တည်နေရတဲ့ နေရာအနေအထားအတွက် အမြဲထည့်စဉ်းစားရတယ်။ ဒါ့ကြောင့် ပြဿနာတစ်ခု ဖြစ်လာပြီဟေ့ ဆိုရင် သူတို့ဟာ သူတို့ကိုယ်သူတို့ protect လုပ်ဖို့ကို အလိုအလျောက် အရင်ဆုံး စဉ်းစားမိကြတယ်။ အဲဒီလို သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ကြိုးစားလိုက်ခြင်းဟာ အခြားတစ်ဖက်က ကြည့်လိုက်တော့ သူတစ်ပါးအပေါ်ကို အပြစ်တွေပုံချရာ ရောက်သွားတယ်” တဲ့.....။

အဲ.....အဆုံးသတ်မှာ ကျွန်မရဲ့စီနီယာမန်နေဂျာက ကျွန်မကို ပိုင်ပိုင်နိုင်နိုင်ကြီးနဲ့ ပြောချလိုက်တာကတော့ .....

“အင်ကြင်းရေ.....အဲဒါကြောင့်မို့လို့လည်း ကမ္ဘာကြီးပေါ်မှာရှိတဲ့ အရေးပါ အရာရောက်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြသူ အများစုဟာ ယောကျာ်းတွေပဲ ဖြစ်နေပြီးတော့ ဒီကမ္ဘာကြီးဟာလည်း အမြဲတမ်း Men Dominated World ပဲ ဖြစ်နေရတယ် ဆိုတာကို မင်းလက်ခံနိုင်ပြီလား” တဲ့.....။

သူက အဲဒီလို ပိုင်ပိုင်နိုင်နိုင် ဥပမာ၊ ဥပမေယျတွေနဲ့ ပြောလို့ပြီးသွားတဲ့အခါမှာ ကျွန်မ ဘာကိုမှ ပြန်မပြောနိုင်ပဲ တွေဝေသွားခဲ့ပါတယ်။ တကယ်ဆိုရင် ကျွန်မဟာ မိန်းမမှမိန်းမ ဆိုပြီး မိန်းမ၀ါဒီကို စွဲကိုင်ထားတဲ့သူတစ်ယောက် မဟုတ်ပေမယ့်လည်း ကမ္ဘာကြီးကို Men Dominated World လို့ပြောနေတာကိုတော့ ကျွန်မဘက်က တစ်ခုခု ပြန်လည်ချေပသင့်တာပေါ့နော်။ သူပြောသလိုဆို ကမ္ဘာကြီးက အမြဲတမ်း Men Dominated Worldပဲ ဖြစ်နေရတော့မှလား။ Women Dominated Worldကို ဘယ်တော့မှ မရနိုင်တော့ဘူးလား။

ဒါပေမယ့်လည်း သူပြောပြနေတာတွေက ကျွန်မတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဆင်ဆင်တူနေတာဆိုတော့ ကျွန်မ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ အဲဒီလို ဘာမှ ပြန်မပြောနိုင်ခဲ့တဲ့ အပြင် အတိတ်က အကြောင်းအရာတွေကလည်း ကျွန်မရဲ့ အာရုံတွေထဲကို အလိုလို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ ဘာတွေလဲဆိုတော့ ကျွန်မအနေနဲ့ လေဒီဘော့စ်တွေနဲ့ ပတ်သက်လို့ ခံစားခဲ့ရတဲ့ အကြောင်းအရာတွေပဲပေါ့.....။

ကျွန်မရဲ့ အဲဒီအတွေ့အကြုံတွေကိုပါ တစ်ဆက်တည်း ရေးလိုက်ရင် ပိုစ့်က အရမ်းရှည်သွားမှာမို့လို့ အပိုင်း (၂) ဆိုပြီးတော့ပဲ ဆက်ရေးတာကောင်းမယ် ထင်ပါတယ်။

(မှတ်ချက်။ ။တကယ်လို့များ ကျွန်မရဲ့ ဘလော့ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေ ဒီပိုစ့်လေးကိုဖတ်ဖြစ်ခဲ့ရင် ထင်မြင်ချက်လေးတစ်ခုလောက် ချန်ထားပေးခဲ့ပါလား၊ တကယ်လို့ အခါအခွင့်သင့်ခဲ့ရင် ကျွန်မသူ့ကို အကျိုးနဲ့အကြောင်းနဲ့ ပြန်ပြီး ချေပချင်သေးလို့ပါ.... :)))

10 comments:

ချစ်ကြည်အေး said...

ညီမ အင်ကြင်းရေ...သွေးအေးအေး နဲ့ သေချာ စဉ်းစား ဆုံးဖြတ်ချက်ချ တယ်ဆိုတဲ့ နေရာမှာ ကျား၊ မ နဲ့ မဆိုင်ပါဘူး၊ Decision Making သိတ်ကောင်းတဲ့ Leading Lady တွေ အများကြီးပါ၊ အမျိုးသမီးတွေက အရှက် နဲ့ ဂုဏ်သိက္ခာငဲ့ နေရလို့ ဆိုရင် သူတို့ အမျိုးသားတွေကျတော့ ဒါတွေ ငဲ့စရာ မလိုဘူးလို့ သူက ဆိုချင်တာလား၊ ကိုယ်ရည်ကိုယ်သွေးဟာ လူတဦးတယောက်ချင်းဆီ နဲ့သာ ဆိုင်ပါတယ် ညီမရယ်၊ အမက ငါဟဲ့ မိန်းမ လို့ ဆိုချင်တာမျိုး မဟုတ်ပါဘူး၊ ကျား မ တန်းတူ ဝါဒီပါ။ ခွန်အားအရာ မှာ သူတို့ သာတယ်ဆိုရင်တောင် တချို့များ ပိစိလေးတွေ၊ ဘုရားဆုပန်လို့ရတာ တခုတော့ သူတို့က သာလွန်ကြပါတယ်။ နောက် မြင့်မြတ်တဲ့ ဘုရား အထက် ပစ္စယံကို သူတို့ပဲတက်ရတာမျိုးတို့ပေါ့။ ကျန်တာတွေမှာတော့ တန်းတူပါပဲ ညီမရယ်။ စာဟောင်းလေးတွေ အကြွေးလာ ရှင်းတယ်နော်...။

လုံမလေး said...

လုံလုံ လည်တန်းတူပဲ
ဘယ်သူကဘယ်လိုတော့ မဟုတ်ပါဘူးအပေါ်ကတယောက်ပြောသလိုပဲ
တဦးချင်းစီရဲ့ စိတ်နဲ့ပဲဆိုင်မယ်ထင်တယ်ကျမ လက်ရှိ အလုပ်လုပ်နေတဲ့ ရုံးက
ဘောစ့်ဆိုရင် ယောင်္ကျားလေး။အဲ့ဒီနေရာမှာရာထူးမတက်တာသူတယောက်ပဲ ကျန်နေတာတဲ့သူ့ထက်လက်အောက်ငယ်သားတွေရာထူးတိုးလို့
နေရာကောင်းတွေ ရောက်နေတဲ့ မိန်းမတွေ တပုံကြီးပဲလေ။ ဒီလောကကြိးမှာ ယောက်ျားမလုပ်နိုင်တဲ့အလုပ်ကိုမိန်းမတွေလုပ်နိုင်ကြတယ်လေ။ ဒီလိုပဲပေါ့ မိန်းမတွေမလုပ်နိုင်တဲ့အရာတွေ ယောက်ျားလေးတွေ လုပ်နိုင်ကြတာပေါ့ ဒီလိုပဲထင်မိပါတယ်ကျန်တာတော့ မပြောတတ်ဖူး။ အားလုံးတန်းတူပါပဲ

ခင်မင်စွာဖြင့်
လုံမလေး

SHWE ZIN U said...

sex အပေါ် မှာ တည်မှီခြင်း မရှိပါဘူး..အခုဖြေရှင်းသလို မိန်းမ တယောက်လည်း မဖြေရှင်းနိုင်ဘူးလို့ ဘယ်သူပြောနိုင် မှာလည်း..

သူတို့ တွေ့ဘူးတာတွေက ခပ်ညံညံ lady boss တွေဘဲဖြစ်လို့ နေမှာပေါ့
အပိုင်း ၂ ကိုမျှော်နေမယ်နော်...

ညီမက စာရေးကောင်းတယ်..များများရေးနော်

~ဏီလင်းညို~ said...

အင်းကြင်းရေ...
ဒီစာလေးကိုဖတ်ပြီး အစ်ကိုမြင်တာတွေကို ပြောကြည့်မယ်နော်...။
အစ်ကိုလည်း...သိပ်တော်တဲ့ မန်နေဂျာအမျိုးသမီးတွေကို တွေ့ဖူးခဲ့ပါတယ်..။ တစ်ချို့ အမျိုးသားတွေဆို သူတို့ကိုမမှီတတ်ကြဘူး...။ (တစ်ကယ်ပြောတာပါ)
တစ်ချို့မိန်းကလေးတွေအနေနဲ့ အမျိုးသားဘော့စ်နဲ့ တွဲပြီးအလုပ်လုပ်ရတာ နှစ်သက်တတ်ကြတယ်ဆိုတာကတော့ မိန်းကလေးတစ်ချို့ရဲ့ ရင်ထဲက (အငုံစိတ်လို့ဆိုနိုင်တဲ့) အားကိုးတတ်ချင်တဲ့ စိတ်ကြောင့်နေမှာပါ...။ အားလုံးကိုမဆိုလိုပါဘူးနော်...။ ပြီးတော့ အမျိုးသမီးအချင်းချင်းဆိုတော့ မနာလိုဝန်တိုမှုလေးတစ်ချို့လည်းပါကောင်းပါနေမှာလို့ထင်မိသေးတယ်...။ (သူ့လောက်...ကိုယ်တော်မနေခဲ့လို့လေ...)
အဓိက အနေနဲ့ကတော့ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ်..ကိုယ်ချင်းစာတရားများများရှိတတ်ဖို့ပဲလိုမယ်ထင်ပါတယ်...။ ဒါမှ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မှန်မှန်ကန်ကန်ချနိုင်မယ်ထင်လို့လေ...။ (ငါစွဲ သိပ်မပါတော့လို့ပါ...) နောက်တစ်ခုရှိတာက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ကိုယ်စီ အားနည်းချက်၊ အားသာချက်ဆိုတာတွေရှိနေကြမှာ ၊ ရှိနေဦးမှာ အခုရောနောင်ရောအတွက် အသေအချာပဲမို့... ဘယ်သူကသာတယ်...၊ ဘယ်သူက မသာလွန်ဘူးဆိုတာ ပြောဖို့ခက်ပါတယ်...။
အရေးကြီးဆုံးက ဟန်ချက်ညီညီနဲ့ တွေးခေါ်မြော်မြင်တတ်ဖို့ပဲလို့ အစ်ကိုတော့မြင်မိပါတယ်...။ မိန်းမတစ်ယောက်...၊ ယောက်ျားတစ်ယောက်ရယ်မှ မဟုတ်ပါဘူးနော်...။
(အပိုင်း၂ လည်းဆက်ရေးဦးနော်...)
ခင်မင်တဲ့
ဏီလင်းညို

မောင်ဘကြိုင် said...

း) မှန်ပါတယ် အပေါ်ကသူတွေပြောသွားတာလဲမှန်ပါတယ်
ကျွန်တော်က အမျိုးသမီးတွေကို နှိပ်ချချင်စိတ်တော့မရှိတာအမှန်ပါခင်ဗျာ့
ဒါပေမယ့် Men Dominated World ကတော့ဖြစ်နေအုံးမှာပါ
Women Dominated World ဖြစ်လာဖို့ လုံးဝမလွယ်သေးဖူးထင်တယ်ခင်
ဗျာ့ ထူးချွန်ထက်မြက်တယ်ဆိုတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက
ထူးချွန်လာအောင် ထူးချွန်မူ့တွေကိုပြသနိုင်အောင် အခွင့်ရေးပေးသူတွေဖြစ်နေ
သရွှေ့တော့ Men Dominated World ဖြစ်နေတုန်းပါပဲ

မောင်မိုး said...

ဆုံးဖြတ်နိုင်မှုစွမ်းရည်ဟာ လူအပေါ်မှာပဲမူတည်နေပါတယ်။ လိင်အပေါ်မှာမူမတည်ပါဘူး။ ထို့အတူပဲ ခေါင်းဆောင်မှုစွမ်းရည်သည်လည်း ထိုနည်း၎င်းပါပဲ။ ပင်ကိုအားနည်းသူတွေဟာ ဘယ်လောက်ပဲထက်မြက်ထက်မြက် မှီခိုချင်စိတ်ရှိနေရင် သွားတော့တာပဲ။ အမျိုးသမီးအများစုမှာ ဒီလိုဖြစ်နေကြလို့ အမျိုးသားတွေက ကြီးစိုးနေတာပါ။

dandaryee.com said...

ညီမလေးရေ.... မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ယောကျာင်္း မိန်းမ မရွေးဘူးလို့ မမထင်တယ်နော်..။ ပြည့်ဝတဲ့ အရည်အချင်း ရှိသူတွေ မည်သူမဆို ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ကိုဏီး ပြောသွားသလိုပေါ့နော်..။ နောက်ဆက်တွဲလေး မျှော်နေမယ်နော်..။
လာလည်ခဲ့တဲ့အတွက်လည်း ကျေဇူးပါ ညီမလေးရေ..။

ခင်မင်လေးစားလျှက်

မြတ်မွန် said...

အင်ကြင်းရေ..ကိစ္စတစ်ခုကိုဖြေရှင်းတာ ယောင်္ကျား မိန်းမ နဲ့တော့ မဆိုင်ဘူးလို့ ကျွန်မထင်တယ်။ လူတစ်ယောက်ရဲ့ ဖြေရှင်းပုံခြင်းမတူတာပါ။ လူတိုင်းရဲ့ရှုထောင့်နဲ့ဝေဖန်ပိုင်းခြားချက်ကလဲ မတူနိုင်သလို ဘယ်ဘက်ကကြည့်ကြည့် မှန်နေတက်ပါတယ်။မိန်ကလေးတွေတော်ရင် ယောင်္ကျားလေးတွေ တောင်လိုက်လို့မမှီတာလဲ အများကြီးပါ။ စိတ်ဓာတ်နဲ့ စေ့စပ်သေခြာမှု စဉ်စားပုံ ဖြေရှင်းပုံမတူတာလို့ဘဲ ကျွန်မထင်ပါတယ်။

minthant2009 said...

အိမ်မှာတော့ women dominant ဗျို...

နေ့အိပ်မက် said...

နေ့အိပ်မက်ထင်တာတစ်ခုပြောကြည့်မယ်နော်။ ထက်မြက်တယ် မထက်မြက်ဘူး၊ တော်တယ်၊ မတော်ဘူးဆိုတာကတော့ ယောင်္ကျားမိန်းမခွဲစရာမလိုဘဲ တစ်ဦးချင်းနဲ့ပဲဆိုင်တယ်။ ဒါပေမဲ့ အုပ်ချုပ်တဲ့နေရာကျတော့ အသေးစိတ်တွေကို လိုက်မတွက်ကပ်တတ်တဲ့ ယောင်္ကျားတွေနဲ့ပိုလိုက်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ နေ့အိပ်မက်ကိုယ်တိုင်လည်း မိန်းမတွေကို ထိရင်မကြိုက်ဘူး။ ဒါပေမဲ့ စာသင်ရပြီဆိုရင်တော့ ဆရာတွေနဲ့သင်ရတာပဲ ပိုကြိုက်တယ်။ဘာလို့လဲဆိုတာ သေချာမသိဘူး။ စဉ်းစားကြည့်ရသလောက်တော့ ဆရာမတွေက ပွစိပွစိပိုပြောလို့နဲ့တူတယ်။ ဆရာတွေက ဆူတယ်ဆိုရင်တောင် တစ်ခါနဲ့ပြီးသွားသလိုပဲ။ နေ့အိပ်တော့ men/women dominated worldထက် human dominated worldကြီး မပျောက်သွားအောင်ပဲ ဆုတောင်းတယ်။ တော်ကြာ robot dominated worldတို့ alliance dominated worldတို့ ပေါ်လာမှာစိုးလို့။ :P