Pages

Saturday, December 19, 2009

လာလည်ကြသောဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများသို့

ကျွန်မ ပိုစ့်အသစ်တွေကို အင်တိုက်အားတိုက်နဲ့ များများစားစား မရေးဖြစ်ပေမယ့်လည်း သူများဘလော့ဂ်တွေကိုတော့ စာတွေ အမြဲသွားသွား ဖတ်ဖြစ်ပါတယ်။ ဘလော့ဂ်ဂါနာမည် အသစ်အသစ်တွေလည်း အများကြီး တိုးတိုးပြီး သိလာရပါတယ်။ အဲဒီလို သူများဘလော့ဂ်တွေကို သွားလည်ရင်းနဲ့ ကျွန်မ တစ်ခုတွေ့ရတာက ဘလော့ဂါ တော်တော်များများဟာ တကယ့်ကို စာရေးကောင်းတဲ့သူတွေ ဖြစ်တာကိုပါပဲ။ ရေးထားလိုက်ကြတဲ့ အရေးအသားလေးတွေများ တကယ်ကို အားကျစရာပါ။ စာဖတ်သူကိုလည်း ရသအမျိုးမျိုးကို ပေးနိုင်ကြပါတယ်။ ပျော်စရာဆိုလည်း ပျော်စရာအလျောက်၊ ခံစားမှုဆိုလည်း ခံစားမှုအလျောက်၊ သရော်စာ၊ ကဗျာ၊ အတွေ့အကြုံ ဗဟုသုတ.....အို အမျိုးကို စုံလို့ပါပဲ။

တစ်ချို့ဘလော့ဂ်တွေကျတော့လည်း ကဗျာချည်းပဲ သီးသန့်ရေးတာကို တွေ့ရပါတယ်။ အဲဒီကဗျာဆရာတွေကလည်း တကယ့်ကို ခေသူတွေ မဟုတ်ပါဘူး။ ကဗျာသီးသန့်နဲ့ပဲ စာဖတ်သူတွေကို ဆွဲဆောင်နိုင်လိုက်ကြတာ...။ တစ်ချို့ကျတော့လည်း အချက်အပြုတ်၊ အလှအပ၊ ဖက်ရှင်စ သည်ဖြင့် မိန်းခလေး စာဖတ်ပရိတ်သတ်တွေအတွက် အကျိုးရှိစေမယ့် အရာတွေကို အများကြီး ပေးထားပါတယ်။ ကိုယ်သိထားတဲ့ အတတ်ပညာတွေကို စေတနာအပြည့် မချွင်းမချန်နဲ့ ပြန်လည်ဝေမျှပေးတဲ့ နည်းပညာပိုင်းဆိုင်ရာ ဘလော့ဂ်တွေလည်း ရှိပါတယ်။

ကျွန်မပြောချင်တာက ဘလော့ဂ်တော်တော်များများဟာ စာဖတ်သူကို အကျိုးရှိစေမယ့် တစ်ခုခုလေး ရသွားစေကြတယ် ဆိုတာပါ။ လာလည်တဲ့သူတွေ လာလည်ရကျိုး၊ အချိန်ပေးရကျိုး နပ်တယ်ပေါ့နော်။ အဲဒီမှာပဲ ကျွန်မ ကိုယ့်ကိုကိုယ် ပြန်ပြီး ဆင်ခြင်မိပါတယ်။ ငါ... ဘလော့ဂ်ရေးတဲ့ သက်တမ်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ဆိုရင် ၂လပြည့်ခဲ့ပြီ ။ အဲဒီ ၂လ အတွင်းမှာ.... ငါ ဘာတွေများ ရေးခဲ့မိပါလိမ့်.....လို့ Label ခွဲကြည့်လိုက်တော့ စာလာဖတ်တဲ့သူတွေအတွက် အကျိုးရှိစေမယ့်ပိုစ့် ရယ်လို့ မည်မည်ရရ ဘာတစ်ခုမှ ရှိတာကို မတွေ့ရပါဘူး။ ဘယ်တွေ့ရပါ့မလဲ.... ကိုယ့်စိတ်ထဲမှာ ခံစားရတဲ့ ခံစားချက်တွေ ကိုယ်ရေးချင်တာတွေကိုပဲ လျှောက်ရေးထားတာကိုး။ ဟုတ်ပြီ....အဲဒါဆိုရင် ဘယ်လိုလုပ်မလဲ။ ငါ့ရဲ့ ဘလော့ဂ်ကို လာလည်တဲ့သူတွေကို ငါဘာတွေများ ပေးနိုင်သလဲလို့ ကျွန်မ စဉ်းစားကြည့်မိတယ်။

အင်း........ ကဗျာလေးတွေရေးရင် ကောင်းမလား... မဖြစ်သေးပါဘူး... ကဗျာတစ်ပုဒ်စပ်တယ်ဆိုတာ စာလုံးရေ နည်းနည်းနဲ့ ရင်ထဲကို ထိအောင် ရေးရတာမျိုး၊ (တကယ်တော့ ကဗျာရေးရတာ စာရေးတာထက်ကို အများကြီးပိုခက်တယ်လို့ ကျွန်မတော့ ထင်ပါတယ်။)ပါရမီပါတဲ့သူတွေသာ ရေးနိုင်တာပါ၊ မဖြစ်သေးပါဘူး။ ဒါဆို ၀တ္ထုဆိုရင်ရော...အင်း.......၀တ္ထုကောင်းတစ်ပုဒ် ဖြစ်ဖို့ဆိုတာက ဇာတ်အိမ် ကောင်းကောင်းကို အရင်ဆုံး စဉ်းစားရဦးမယ်၊ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းရမယ်၊ အကြမ်း အရင်ရေးကြည့်ရဦးမယ်၊ အချိန်တွေ အများကြီးပေးရလိမ့်မယ် ထင်တယ်....မဖြစ်သေးပါဘူး။

ဟုတ်ပြီ...အချက်အပြုတ်???.... ဟင်း.......ကိုယ့်ဟာနဲ့ကိုယ် ကြက်ဥကြော်တာတောင် အချပ်လိုက် ဖြစ်အောင် မနည်း ကြိုးစားကြော်နေရတဲ့သူက ချက်နည်း ပြုတ်နည်းတွေကို ဘယ်လိုများ ပြန်ဝေငှရပါ့။ ဖက်ရှင်တို့ အလှအပတို့ဆိုတာကလည်း သူများတကာကို ဝေငှရလောက်အောင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သိတာမဟုတ်။ ဒါဆို နည်းပညာပိုင်းထဲကရော သိတာများ ဘာရှိသလဲဆိုတော့ ပစ္စည်းတစ်ခုခုကို ပျက်အောင် ဘယ်လိုဖျက်ရမလဲ ဆိုတာတော့ ကောင်းကောင်း သိတယ်။ ဒါပေမယ့် ပြန်ကောင်းအောင်တော့ ဘာတစ်ခုမှ မပြင်တတ်ဘူး။

ခက်ပြီ...ဒါဆိုရင် ကျွန်မတတ်တာ ဘာမှမရှိတော့ စာဖတ်သူကို ဘာမှလည်း ပေးစရာမရှိဘူးပေါ့။ ဒါဆိုရင် ကျွန်မ ဘလော့ဂ်ရေးတာကို ရပ်လိုက်ရတော့မှာလား....ဟာ...ဒါတော့လုံးဝ လုံးဝ မဖြစ်နိုင်ဘူး။ မစဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ စပြီးမှတော့ ရပ်ပစ်လိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စ။ အဲဒီတော့လည်း လာလည်တဲ့ ဧည့်သည်တွေကို ပေးနိုင်တာ ဘာရှိလဲ၊ တစ်ခုပဲ ရှိတော့တယ်။ “ကျေးဇူးစကားတွေ” ပဲပေါ.။ ဟုတ်တယ်....အဲဒီလို လာလည်ကြတဲ့ ဘလော့ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေသာ မရှိခဲ့ရင် ကျွန်မ ဘယ်လောက်ပဲ ရှေ့ကို ခရီးဆက်ချင်ပေမယ့် ဘယ်လိုမှ အားအင်တွေ ရှိမှာ မဟုတ်ပါဘူး။ အခုတော့ သူတို့ ပေးခဲ့တဲ့ ကွန်မန့်လေးတွေ၊ စီဘောက်ထဲက စကားလုံးလေးတွေကို အားဆေးတွေအဖြစ် စားသုံးရင်း ရှေ့ကို ကျွန်မ ခရီးဆက်သွားနိုင်ခဲ့တယ်။ အဲဒီတော့ လာလည်ကြတဲ့ ဘလော့ဂ်ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေ အားလုံးကို ဘာမှ မပေးနိုင်တာကို စိတ်မကောင်းစွာ၊ အားနာစွာနဲ့ပဲ ကျွန်မ စာတွေဆက်ရေးဖြစ်နေဦးမှာပါ။ ဒါပေမယ့် အားလုံးကို ကျွန်မပေးချင်တဲ့ ပေးနိုင်တဲ့ အရာတစ်ခုကတော့ အခုနပြောခဲ့သလိုပဲ “ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ တကယ်ကိုကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေးပါပဲ။

ဘလော့ဂါမောင်နှများ၊ သူငယ်ချင်းများ အားလုံး ကျန်းမာ၊ ချမ်းသာ ပျော်ရွှင်စွာနဲ့ အများကို အကျိုးပြုမယ့် စာပေတွေ အများကြီး ရေးနိုင်ကြပါစေ... အများအကျိုးပြုလုပ်ငန်းတွေကို အများကြီး လုပ်ဆောင်နိုင်ကြပါစေ .... လို့ဆန္ဒပြုရင်း..........။

7 comments:

မြတ်မွန်ဆိုတာ....... said...

ဟုတ်ကဲ့
အင်ကြင်းရေ......အင်းကြင်းလုပ်ဆောင်ချက်လေးတွေလဲ မဆိုးပါဘူး အင်ကြင်းရေ.......ကောင်းမွန်ပါတယ်...။
အရေးသားလေးတွေလဲ မဆိုးပါဘူးရှင်။ ဆက်လက်ကြိုးစားပါ အင်ကြင်းရေ..။
အားမငယ်ပါနဲ့ရှင်..။ ကိုယ်တာဝန်က စာရေးနေရဖို့ပဲ မဟုတ်လား အင်ကြင်းရေ..စာတွေရေးပါများလာရင် စာရေးကောင်းလာမှာပါ..။ အားပေးလျှက်ပါနော်..။

လုံမလေး said...

အင်ကြင်းရယ်....
အဲ့လိုပြောကြေးဆို လုံမလေးကတော့ သတ်သေသင့်ပြီနော် :P
စာမှမရေးတတ်တာ တူတူပဲ ဒါပေမဲ့ အင်ကြင်းကတော်နေတယ်နော်
အမြဲလာအးပေးမယ် တူတူဘလောဂ့်ဂင်းကျတာပေါ့ စုတ်ဖူးလား?

~ဏီလင်းညို~ said...

အင်ကြင်းရေ...
ဘာမှ ဖြစ်မနေနဲ့လေဗျာ...။ ကိုဏီလင်းညိုတို့ လာမှာပါ...။ ဒီလိုပဲကိုယ်သန်ရာသန်ရာရေးကြတာပဲလေ...။ အရေးအသားကောင်းမှ၊ ဗဟုသုတဖြစ်မှ မဟုတ်ပါဘူးနော်...။ လာလာလည်ပါ့မယ်ဗျ...။ နော့...။

ခင်မင်တတ်တဲ့
ဏီလင်းညို

SHWE ZIN U said...

ညီမငယ် အင်ကြင်းရေ

ကိုယ်ချစ်တဲ့သူ ရှိတဲ့ အိမ်လေး ကို ဘယ်သူလာမလည် နိုင်ဘဲ နေမှာလဲကွယ် ညီမငယ် က စာရေးကောင်းပါတယ် များများရေးပါ၊ များများဖတ်ပါ
နေမကောင်းဘူး ဆိုလို့ လိုက်လာတယ်နော်
ဆုတောင်းပေးနေပါတယ်

with love
shwezinu

မောင်ဘကြိုင် said...

အမ်လေးဗျာ အားငယ်တတ်ရန်ကောဗျ
း) အားငယ်နဲ့း) အားပေးတယ်နော့်
ကျွန်တော်ကြည့်ပါလား ရေးလိုက်တာပဲ စိတ်ထဲမှာရှိတာကို ဘာရေးချင်သလဲ
ရေးပါဗျ လာဖတ်မှာပေါ့လို့

INGJIN THANT said...

လာပြီးအားပေးသွားတဲ့မောင်နှမတွေအကုန်လုံးကို
အရမ်းပဲကျေးဇူးတင်ပါတယ်။ စာတွေဆက်ရေးဖို့လည်း အားတွေရှိသွားပါတယ်။

စိုင်းလင်းတိုင်း၊ said...

အစ်မရေ ရောက်တယ်။ ပျင်းပျင်းနဲ့ သီချင်းလာနားထောင်ခဲ့တယ်။ အောင်မေ..သူက အကြိုက်ချင်းတူခဲ့ရင်ပေါ့ တဲ့လေ... တူပ တူပး) အစစအရာရာ အဆင်ပြေပါစေ။
ကျနော့် အစ်မအင်ကြင်းက စာဖတ်ဝါသနာသိပ်ထုံတော့ အင်ဂျင်နီယာမလေး တစ်ဖက်နဲ့ စာရေးဆရာမလေးအဖြစ်နဲ့ရော အောင်မြင်မယ်လို့ အစ်မမောင်လေးကျနော် ယုံကြည်မိပါတယ်။