Pages

Thursday, December 10, 2009

ဂျင်းနဲ့ စတိုင် ဘာကိုရွေးမလဲ

တကယ်တော့ ဒီအကြောင်းအရာလေးကို ရေးချင်နေတာ ပြီးခဲ့တဲ့ တစ်ပတ် ကတည်းကပါ။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ တကယ် ရေးဖြစ်တော့တယ်။ အကြောင်းအရာက ဒီစင်ကာပူမှာ ကျွန်မ ရုံးတက်တဲ့အခါ အ၀တ်အစား ၀တ်ဆင်တာနဲ့ ပတ်သက်လို့ပါ။ အရင်က အမှုမဲ့ အမှတ်မဲ့ နေခဲ့ရာက အခုတလောကျမှ သတိထားမိလာတဲ့ အကြောင်းအရာလေးပါ။

ဘယ်ကနေ ဘယ်လို စပြီး သတိထားမိသွားတာလဲ ဆိုရင်တော့ ကျွန်မတို့ရဲ့ Site က အခုဆိုရင် လုပ်ငန်း လက်စသိမ်းနေပြီ ဖြစ်တဲ့အတွက် ကျွန်မ ရုံးချုပ်ကို ပြောင်းပြီး နေနေရတာ အခုတစ်ပတ်နဲ့ ဆိုရင် သုံးပတ် ရှိသွားပါပြီ။ တကယ်ဆိုရင် ကျွန်မက အဲဒီလို ရုံးချုပ်တွေမှာ တာဝန် ထမ်းဆောင်ရတာမျိုးကို သိပ်မနှစ်သက်လှပါဘူး။ ရုံးချုပ်ပေါ်မှာ နေရတာက စိတ်ကျဉ်းကျပ်ဖို့ကောင်းတယ်လို့ ခံစားမိလို့ပါ။ ပြီးတော့ အ၀တ်အစား ၀တ်တာကမှအစ ဂရုတစိုက်နဲ့ ၀တ်ဆင်ဖို့ လိုအပ်လှပါတယ်။ ရုံးပေါ်မှာ သူဌေးတွေက အမြဲတန်းလိုလို ရှိနေတတ်တာ ဆိုတော့ သူတို့မျက်စိထဲမှာ ထောင့်မကျိုးတဲ့ ပုံစံမျိုး မဖြစ်ရအောင် ဂရုတစိုက်နဲ့ နေနေရတာလေ။

ဆိုဒ်မှာ နေတုန်းကတော့ ဘယ်သူ့မှ သိပ်ဂရုစိုက်စရာ မလိုဘူးပေါ့။ အ၀တ်အစား ဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့ရတယ်။ ဘယ်သူကမှလည်း ဘာမှ ပြောမနေပါဘူး။ လူကြီးတွေကလည်း ဆယ်ကွေ့ တစ်ကွေ့မှ ဆိုဒ်ကို လာတာဆိုတော့လေ။ ၀တ်ချင်တာဝတ် ဆိုလို့ သရုပ်ပျက်တွေ ၀တ်လို့ရတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ရုံးချုပ်တွေမှာ ၀တ်သလိုမျိုး Formal ကျအောင် ဂရုတစိုက် ၀တ်ဆင်နေဖို့ မလိုဘူးလို့ ဆိုလိုချင်တာပါ။

ကျွန်မက စတိုင်တွေ၊ ကုဒ်တွေ၊ စကတ်တွေ၊ ဒေါက်တွေနဲ့ နေရတာကို အရမ်းကို စိတ်ကျဉ်းကျပ်တဲ့သူ တစ်ယောက်ပါ။ စင်ကာပူကို လာရမယ်ဆိုတုန်းက ဟိုက သူတွေက စတိုင်ဘောင်းဘီတွေပဲ ၀ယ်သွားဖို့ တိုက်တွန်းကြတဲ့အပြင် ဒီမှာ ရောက်နှင့်နေကြတဲ့ အစ်မတွေကလည်း စတိုင်ပဲ ၀ယ်လာဖို့ ပြောတဲ့အတွက် ကျွန်မ ဒီကို လာတော့ အများဆုံး ပါလာတာက စတိုင်ဘောင်းဘီ၊ စတိုင်စကတ် တွေပါပဲ။ ပြီးတော့ မြန်မာပြည်မှာ အင်္ဂလိပ်စာသင်တန်းတွေ၊ အင်တာဗျူးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်တော့လည်း ဆရာ၊ ဆရာမတွေက အလုပ်အင်တာဗျူးသွားရင် စမတ်ကျကျ ဘယ်လိုဝတ်စား ဆင်ယင်သွားရမယ် ဆိုတဲ့ အကြောင်းတွေကိုပါ သင်ပေးလိုက်ကြတာပါ။

အင်း...... အင်တာဗျူးသွားရင် စမတ်ကျကျ ၀တ်ရမယ် ဆိုလို့ ကြုံတုန်း ကျွန်မ ဒီနိုင်ငံမှာ ပထမဆုံး အလုပ်စရတဲ့ အကြောင်းလေးကို ပြောပြရဦးမယ်။ လူတွေ တော်တော်များများ ပြောကြတာက အလုပ်အတွက် အင်တာဗျူးသွားမယ်ဆိုရင် အ၀တ်အစားက စကားပြောတယ်။ စတိုင်ကျကျ၊ စမတ်ကျကျ ၀တ်စားသွားနိုင်မှ ကိုယ့်ကို အထင်ကြီးမယ် စသည်ဖြင့် ပြောကြပါတယ်။ ကျွန်မ ဒီနိုင်ငံမှာ ပထမဆုံး စပြီးရတဲ့ အင်တာဗျူးမှာ ကျွန်မရဲ့ဝတ်စားဆင်ယင်သွားပုံကို ပြောပြရရင်တော့ တော်တော်ရီစရာ ကောင်းမယ် ထင်ပါတယ်။

ဒီနိုင်ငံကို ကျွန်မရောက်လာပြီး အလုပ်စရှာတော့ တစ်ပတ်ကျော်သည်အထိ ကျွန်မဆီကို အင်တာဗျူးက တစ်ခုမှကို မလာပါဘူး။ ကျွန်မသူငယ်ချင်းနဲ့ အတူတူလာကြတာမှာ ကျွန်မသူငယ်ချင်းက အလုပ်စလျှောက်တဲ့နေ့ ကတည်းက အင်တာဗျူးတွေ စရတာပါ။ တစ်ပတ်ကြာတဲ့အထိ ကျွန်မဆီကို အင်တာဗျူး တစ်ခုမှ မ၀င်သေးချိန်မှာ ကျွန်မသူငယ်ချင်းက လူတွေ့အင်တာဗျူး ၂ခု ၃ခုလောက်တောင် ရပြီးပါပြီ။ ကျွန်မလည်း တော်တော်လေးကို စိတ်ပူစပြုနေပါပြီ။ ကျွန်မရဲ့ CV မှာဘာများ အမှားအယွင်း ရှိနေသလဲပေါ့ ။ အဲဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ ကျွန်မတည်းတဲ့ အိမ်ကနေ ကျွန်မရဲ့ အစ်မ(အခုတော့ အတူတူနေနေပါပြီ) အိမ်ကို လာပြီးအိပ်ရော။ လူက စိတ်တွေညစ်ပြီး အီးမေးလ်တွေ ဘာတွေလည်း စစ်ချင်စိတ်ကို မရှိတော့လို့ အဲဒီညမှာ ဒီတိုင်းပဲ အိပ်ရာဝင်ခဲ့ပါတယ်။ (ဒီနိုင်ငံမှာ Short Visit နဲ့ အလုပ်လာရှာတဲ့သူတွေရဲ့ ခံစားချက်ကို အဲဒီလို လာရှာဘူးတဲ့သူတွေ နားလည်နိုင်မယ် ထင်ပါတယ်။) နောက်နေ့မနက် အိပ်ရာက နိုးတော့လည်း အဲဒီလိုပါပဲ....။ အောက်ဆင်း သတင်းစာဝယ်၊ ဘာဝယ်နဲ့ မေးလ်ကို လုံးဝ မကြည့်မိပါဘူး။ ကျွန်မက အဓိက ဖုံးကိုပဲ မျှော်နေတာလေ။

အဲဒီလိုနဲ့ သူငယ်ချင်းက နင့်အီးမေးလ်လေးလည်း စစ်ကြည့်ပါဦးလို့ တိုက်တွန်းလို့ မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်လိုက်တော့ လားလား........ ကျွန်မကို အင်တာဗျူးလာဖို့ ခေါ်ထားပါလား၊ ၉နာရီ အရောက်တဲ့.....။ နာရီကို ကြည့်လိုက်တော့ ၉နာရီက ထိုးနေပြီ။ စင်ကာပူကို အခုမှ ခြေစချဘူးတဲ့ ကျွန်မ သူတို့ ခေါ်ထားတဲ့ လိပ်စာက ဝေးလားလည်း မသိ၊ နီးလားလည်း မသိ။ ကျွန်မ အစ်မကလည်း အိမ်မှာ မရှိပါဘူး။ သူက NUH မှာ သူနာပြုဆရာမပါ။ အဲဒီညမှာသူက Night Duty ဆင်းရတာလေ။

အဲဒါနဲ့ ကျွန်မလည်း မသွားတော့ပါဘူး ဆိုပြီး ကျွန်မ အစ်မဆီကို ဖုန်းလှမ်းဆက်လိုက်ပါတယ် ။ကျွန်မ ဖုန်းဆက်တော့ အစ်မက Duty ပြီးလို့ ဆေးရုံက အပြန်လမ်းမှာပါ။ ကျွန်မက အဲဒီလို မသွားတော့ဘူး ဆိုပြီး ဖုန်းလည်း ဆက်ရော သူက ကျွန်မကို ဆူတော့တာပါပဲ။ ဒါ့အပြင် ကျွန်မကို ဟိုရုံးကို ဖုန်းဆက်ပြီး နောက်ထပ် တစ်နာရီလောက် စောင့်ပေးဖို့ အကျိုးအကြောင်း လှမ်းပြောခိုင်းပါတယ်။ ကျွန်မကိုလည်း ချက်ချင်း အောက်ကို ဆင်းခဲ့ဖို့၊ အင်တာဗျူးကို သူနဲ့အတူ Taxi ငှားပြီးသွားဖို့တွေ ကိုလည်း တစ်ခါတည်း ပြောပါတယ်။ ကျွန်မလည်း ကျွန်မ အစ်မပြောသလို ဟိုရုံးကို ချက်ချင်း ဖုံးဆက်ပြီး ကျွန်မ အစ်မကိုလည်း ကြောက်တော့ လိုတဲ့ စာရွက်စာတမ်းတွေ ယူပြီး မြန်မြန်ဆန်ဆန်ပဲ အောက်ကို ဆင်းသွားလိုက်ပါတယ်။ ကျွန်မ သူငယ်ချင်း ကလည်း ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါတယ်။

ကျွန်မ ပြောချင်တာက အဲဒီမှာပါ။ ကျွန်မအနေနဲ့ အင်တာဗျူး သွားဖြေတယ်သာ ပြောတယ်။ ဘာမှလည်း မျက်နှာကို ပြင်ဆင်ချယ်သသွားဖို့ အချိန် မရှိသလို ၀တ်သွားစရာ ဘောင်းဘီကလည်း မနေ့ကညက အစ်မအိမ်ကို လာတော့ ၀တ်လာတဲ့ 4quarter ဂျင်းဘောင်းဘီပဲ ရှိပါတယ်။ ပစ္စည်းပစ္စယတွေ အကုန်လုံးကလည်း လောလောဆယ် ခဏနေနေတဲ့ အိမ်မှာ ထားထားတာလေ။ (ကံကောင်းလို့ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ မကွာ အမြဲ ထည့်ထည့်ယူသွားတတ်လို့.........)။ မျက်နှာကလည်း အိပ်ရာကနိုး မျက်နှာသစ်ပြီးထားတဲ့ အနေအထား အတိုင်းပဲ၊ ဘာမှမရှိဘူး မျက်နှာပြောင်နဲ့။ စီးသွားတဲ့ ဖိနပ်ကိုလည်း ကြည့်လိုက်ဦး။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ Scholl ကွင်းထိုးဖိနပ်က အရမ်းခေတ်စားနေတဲ့ အချိန်ဆိုတော့ အဲဒီဖိနပ်ကို ၀ယ်စီးလာတာလေ။ ကဲ......4quarter ဂျင်းဘောင်းဘီ၊ Scholl ကွင်းထိုးဖိနပ်၊ မျက်နှာကမျက်နှာပြောင်နဲ့ အင်တာဗျူးသွားတဲ့ ကျွန်မရဲ့ ပုံစံကို မြင်ယောင် ကြည့်ကြပေါ့နော်။

ဘယ်မှာလဲ.......အင်တာဗျူးသွားရင် ၀တ်ဖို့ ဆိုပြီးဝယ်လာခဲ့တဲ့ ဒေါက်တွေ၊ စတိုင်တွေ ဘာတစ်ခုမှ ၀တ်လိုက်ခွင့် မရဘူး။ ဒါပေမယ့်လည်း ဘာမှ မတတ်နိုင်ဘူးလေ၊ ဒီအတိုင်းပဲ သွားရတော့တာပဲ။ သွားဗျူးရမယ့် Position က Site Engineer Position ပါ။ ဟိုရောက်တော့ သူဌေး ကိုယ်တိုင်က ဗျူးတာပါ။ သူမေးတဲ့ မေးခွန်းတွေထဲမှာ အဓိကက ဆိုဒ်ထဲမှာကျွန်မ ထမ်းဆောင်ရတဲ့ တာဝန်တွေအကြောင်း ဆိုတော့ ကျွန်မအတွက်က ဖြေဆိုရတာအရမ်းကို လွယ်ကူပါတယ်။ ကျွန်မကလည်း မြန်မာပြည်မှာ Site Engineer လုပ်နေရာကနေ ပူပူနွေးနွေး အလုပ်ထွက်လာခဲ့တဲ့သူ ဆိုတော့လေ။ ၀တ်စားသွားတဲ့ ပုံစံ အဆင်အပြင်ကလည်း သူ့မျက်လုံးထဲမှာ Site Engineer ရာထူးနဲ့ တော်တော်ကိုက်ညီနေပုံ ရပါတယ်။

သိတယ်မို့လား.......... Site Engineer ဆိုတာမျိုးက စုတ်စုတ် ပြတ်ပြတ် ပေပေ တေတေ နေရတဲ့ အပြင် ယောကျာ်းလေးတွေနဲ့ ယဉ်ဘောင်တန်းပြီး အလုပ် လုပ်ရတာ ဆိုတော့လေ။ အဲဒါနဲ့ ကျွန်မကို သူဌေးက Second Interview တွေ ဘာတွေတောင် မခေါ်တော့ဘဲ ချက်ချင်းကို အလုပ်ခန့်လိုက်ပါတယ်။ အင်း.....နောင်တစ်ချိန်ကျရင် သူနဲ့နေ့တိုင်း ရန်ဖြစ်ဖို့ အတွက် ရေစက်ကပါလာလို့လည်း နေမှာပေါ့နော်။ ကျွန်မ တွေးကြည့်မိတယ် တကယ်လို့များ အဲဒီတုန်းက ကျွန်မအနေနဲ့ ကြွကြွ ရွရွ လှလှ ပပ ၀တ်စား ပြင်ဆင်သွားမယ် ဆိုရင်တောင် သူကခန့်ချင်မှ ခန့်မယ်ထင်တယ်လို့။ ပြန်တွေးကြည့်ရင် ရီစရာအတော်ကောင်းပါတယ်။ ကျွန်မက တော့ဒီနေ့ အထိကို အဲဒီ ပထမဆုံး အင်တာဗျူးတုန်းက ကျွန်မပုံစံကို မျက်စိထဲက မထွက်ပါဘူး။

အဲဒီတော့ကာ အခုန စကားဆက်လို့ အခုလက်ရှိ ကုမ္ပဏီမှာ ရုံးချုပ်ကို ပြောင်းရပြီ ဆိုတော့ MRT စီးတာက အစ နေရာပြောင်းပြီး စီးရပါတယ်။ ကျွန်မတို့ ရုံးချုပ်ရဲ့ တည်နေရာက Singapore ရဲ့ Downtown Area မှာ လို့ပြောလို့တော့ ရပါတယ်။ Shenton Way ပေါ်က Shenton House ပေါ်မှာလေ။ အရင်တုန်းကတော့ ဆိုဒ်ရဲ့ တည်နေရာက Marina Bay မှာဆိုတော့ Raffles ကိုအရင်စီး၊ Raffles ကနေမှတဆင့် Marina Bay ကိုစီးလိုက်ရုံပါပဲ။ ပြီးတော့လည်း အဲဒီ Raffles ကနေ Marina Bay ကိုသွားတဲ့လိုင်းက လူအရမ်းရှင်းပါတယ်။ ရထားပေါ်မှာ ပါလာတဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ကလည်း Marina Bay မှာရှိတဲ့ Construction Site တွေမှာ အလုပ်ဆင်းကြမယ့် Engineer တွေ၊ အလုပ်သမားတွေချည်း ပါပဲ။ မိန်းခလေးလည်း တော်တော်ရှားပါတယ်။ ကျွန်မတို့ ဆိုဒ်မှာ ဆိုရင်လည်း မိန်းခလေးဆိုလို့ စုစုပေါင်းမှ ကျွန်မ တစ်ယောက်ပဲ ရှိတာပါ။

ဝတ်ကြတဲ့ အ၀တ်အစားတွေကလည်း Site သမားတွေဆိုတော့ သိတဲ့အတိုင်း ဂျင်းတွေပဲ များသောအားဖြင့် ၀တ်ဆင်ကြတာများပါတယ်။ ကျွန်မ ဆိုတဲ့သူကလည်း ဂျင်းကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင် တတ်တဲ့သူဆိုတော့ ဆိုဒ်မှာ နေရတာဟာ ကျွန်မအတွက်တော့ အရမ်းကို အဆင်ပြေပါတယ်။ ဂျင်း ဟာ ကျွန်မ အနှစ်သက်ဆုံး crazy အဖြစ်ဆုံး အ၀တ်အစား ပါပဲ။ ကျွန်မ ကုမ္ပဏီ သုံးခုတောင် ပြောင်းခဲ့တဲ့သူ ဆိုပေမယ့် ပထမ ကုမ္ပဏီမှာ Site Engineer လုပ်တုန်းကလည်း ဂျင်းပဲ နေ့တိုင်း ကျွန်မ ၀တ်တယ်။ ဒုတိယကုမ္ပဏီ ကျတော့လည်း ရုံးပေါ်မှာ လုပ်ရတာ ဆိုပေမယ့် ကုမ္ပဏီက သေးသေးလေးပါ၊ ဒါ့အပြင် ကျွန်မရဲ့ စီနီယာကအစ နေ့တိုင်း ဂျင်းကိုပဲ ၀တ်တာဆိုတော့ ကျွန်မကလည်းနေ့တိုင်း ဂျင်းကြီးပဲပေါ့။ အခုလက်ရှိကုမ္ပဏီကျတော့လည်း အလုပ်စ၀င်ကတည်းက ဆိုဒ်က ရုံးမှာစပြီးလုပ်ရတာ ဆိုတော့ ထုံးစံအတိုင်းနေ့တိုင်း ဂျင်းပဲပေါ့။

ကျွန်မ ဒီနိုင်ငံမှာ နေနေတဲ့ ကာလတောက်လျှောက် ခုချိန်ထိ အများဆုံး ၀ယ်ဖြစ်တာကလည်း ဂျင်းတွေချည်းပါပဲ။ စတိုင်ဘောင်းဘီတို့ စတိုင်စကတ်တို့ကို တစ်ခါမှ ယောင်လို့တောင် မ၀ယ်ဖြစ်ပါဘူး။ မြန်မာပြည်ကနေ ၀ယ်လာခဲ့တဲ့ စတိုင်ဘောင်းဘီတွေကလည်း ပုံမကျ ပန်းမကျနဲ့ ကျွန်မ တစ်ခါမှကို ရုံးကို မ၀တ်ဖြစ်တဲ့ အပြင် မြန်မြန် ဟောင်းသွားအောင် ဆိုပြီး တစ်ခါတစ်လေ အိမ်မှာနေရင်း ၀တ်ပစ်လိုက်ပါတယ်။ အဲဒီလိုနဲ့ ဆိုဒ်မှာသာသာ ယာယာ နေနေရင်း ဗြုန်းစား ဒိုင်းစားကြီး ရုံးချုပ်ကို ပြောင်းရမယ်လည်း ဆိုရော ကျွန်မမှာ ရုံးချုပ်ကိုဝတ်ဖို့ စတိုင်ကျကျ ဘောင်းဘီဆိုတာ တစ်ထည်မှ မရှိပါဘူး။ တနင်္ဂနွေည ကျမှ ကျွန်မသိရတာ ဆိုတော့ အဲဒီအချိန်ကျမှ ဘောင်းဘီ ထွက်ရှာဖို့ကလည်း မလွယ်တော့ပါဘူး။

အဲဒီလိုနဲ့ ရုံးချုပ်ကိုသွားတော့ MRT ကလည်း Raffles အထိမသွား ရတော့ဘဲ Tanjong Pargar MRT မှာဆင်းပြီး Shenton Way ကို ရောက်အောင် လမ်းပြန်လျှောက် ရပါတယ်။ ရုံးချုပ်ကို စပြီးသွားတဲ့ နေ့ကဆိုရင် ရီဖို့တောင် ကောင်းပါတယ်။ Tanjong Pargar MRT ကနေဆင်းပြီး Robinson Road ကိုအထွက် Exit တစ်လျှောက်လုံးမှာ ဂျင်းဘောင်းဘီ ၀တ်ထားတာဆိုလို့ ကျွန်မတစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်။ ကျွန်မရဲ့ ရှေ့နောက်ဝဲယာ တစ်လျှောက်က လူတွေ အကုန်လုံးကို ကြည့်လိုက်တော့ ဟား........ အားလုံးက ၀တ်စားထားကြတာများ လန်ထွက်နေတာပါပဲ။ တစ်ချို့များဆိုရင် ရုံးလာတယ်လို့ မထင်ရပဲ ရုပ်ရှင်ရိုက်ဖို့ လာသလားလို့များတောင် ထင်ရပါတယ်။

ဒီနိုင်ငံက လူတွေက အ၀တ်အစားဝတ်တဲ့ နေရာမှာတော့ တော်တော့်ကို စမတ်ကျကျ ၀တ်စားတတ်ကြတာကို တွေ့ရပါတယ်။ ကျွန်မ အဲဒီ Exit တစ်လျှောက်မှာ တွေ့ရတဲ့သူတွေ တော်တော်များများက Robinson Road နဲ့ Shenton Way တစ်လျှောက်မှာ အလုပ်ဆင်းကြရမယ့် သူတွေပါ။ အဖြူတွေလည်း တော်တော်များများ ပါပါတယ်။ တကယ်ဆိုရင် ကျွန်မဆိုတဲ့ သူက သူများတွေ ၀တ်တာစားတာကို စိတ်ဝင်တစားနဲ့ စပ်စပ်စုစု လိုက်ကြည့်တတ်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီနေ့ကတော့ ထူးထူးခြားခြားကြီးကို သတိထားမိလိုက် တာပါ။ အဲဒါနဲ့ ကျွန်မလည်း မနေသာတော့ပါဘူး။ ရုံးကပြန်တဲ့ အချိန်တွေမှာ စတိုင်ဘောင်းဘီ ရှာဖွေရေး စတင်ရပါတော့တယ်။

ကျွန်မ တစ်ခုကံကောင်းတာက ကျွန်မတို့ ကုမ္ပဏီက Construction Company ဆိုတော့ အ၀တ်အစားနဲ့ ပတ်သက်လို့ တင်းတင်း ကျပ်ကျပ် စည်းကမ်းချက်တွေ မရှိတာပါပဲ။ ဒါပေမယ့်လည်း ကျွန်မ အနေနဲ့က နေ့တိုင်း Site မှာဝတ်သလိုမျိုး နေ့တိုင်း ဂျင်းကြီးပဲ ၀တ်နေလို့လည်း ဘယ်သင့်တော်ပါ့မလဲနော်။ ရောမ ရောက်ရင် ရောမလို ကျင့်ရမယ် ဆိုတဲ့ စကားလိုပဲ ကိုယ်နဲ့ အဆင်ပြေမယ့် စတိုင်ဘောင်းဘီကို ရအောင်ရှာဝယ်ပြီး ရုံးကို အလျဉ်းသင့်သလို ၀တ်ဝတ်သွားရပါတယ်။ စ၀တ်သွားတဲ့နေ့ တုန်းကများဆိုရင် တော်တော်ကို မနေတတ် မထိုင်တတ် ဖြစ်တာပါ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ၊ ၀တ်ရတာပါပဲ။

ကျွန်မ အနေနဲ့ နောက်ထပ် အံ့သြစရာတစ်ခု ထပ်တွေ့ရတာက သောကြာနေ့ ရုံးတက်တော့ MRT ပေါ်က အဆင်းမှာ ထူးထူးခြားခြား သတိထားလိုက်မိတာ လူတိုင်းလိုလိုက ဂျင်းတွေ ၀တ်ထားကြတာ ကိုပါ။ အားလုံးကလည်း အရင်နေ့တွေက ထက် လွပ်လပ်ပေါ့ပါး နုပျိုလန်းဆန်း နေကြသလိုပါပဲ။ ကျွန်မလည်း မနေနိုင်တော့ နေ့ခင်းထမင်းဆိုင်မှာ ကျွန်မတို့ ရုံးက စလုံးမတစ်ယောက်ကို မေးကြည့်လိုက်တော့.....ဟုတ်တယ်တဲ့၊ ဒီ စင်ကာပူမှာ ရုံးတွေက သောကြာနေ့ တစ်ရက်ပဲ ဂျင်းကို ၀တ်ဆင်ခွင့်ပြုတာတဲ့။ ဒါပေမယ့် Construction Company တွေကတော့ ရပါတယ်၊ ဘာပဲဝတ်ဝတ်တဲ့။ ဟူး...........တော်ပါသေးရဲ့ နော်။ ကျွန်မ ဟာ Civil Engineer တစ်ယောက် ဖြစ်နေပြီး ဒီနိုင်ငံမှာ ရှိတဲ့ Construction Company တွေမှာ အလုပ်လုပ်ခွင့်ရလို့.....။ နို့မို့လို့ကတော့ ကျွန်မ မ၀တ်ချင်တဲ့ စတိုင်တွေ၊ စကတ်တွေ၊ ဒေါက်တွေနဲ့ ပဲ နေ့တိုင်းသာ ရုံးတက်နေရမယ်ဆိုရင်တော့လား.......စိတ်ကျဉ်းကျပ်စရာ ကောင်းလိုက်မယ့်ဖြစ်ခြင်း။

ကျွန်မကတော့ အခုအချိန်အထိ ဘယ်လို နေရာ ဘယ်လို အခြေအနေမျိုးနဲ့ ရုံးကိုပဲ တက်ရတက်ရ..... ကျွန်မကိုများ ရုံးသွားခါနီး “ဂျင်းနဲ့စတိုင် ဘာကိုရွေးမလဲ” လို့ မေးလာခဲ့ရင် ကျွန်မ မဆိုင်းမတွ ဖြေလိုက်မိမှာကတော့ “ဂျင်း” လို့ ပါပဲလို့။

6 comments:

M said...

Hi Little Sis, Hooray!!
Paid visit to your site.
Carry on....

nguwahwin said...

တော်သေးတာပေါ့... မောလိုက်တာ ဖတ်ရင်းနဲ့... :P

SHWE ZIN U said...

ညီမငယ်အင်ကြင်းရေ

အမလည်း ငယ်ငယ်တုန်းကတော့ ဂျင်းကြိုက်တယ်

ချစ်ကြည်အေး said...

Jean ပဲ ကြိုက်တယ် ဝတ်မှာပဲ...:D

မောင်မိုး said...

ပထမ ဂျင်းတွေကို ခရေဇီပေါ့။ နောက်တော့ စတိုင်ဘောင်းဘီတွေအရမ်းကြိုက်ခဲ့တယ်။ အခုကျတော့ ဂျင်းမှ ဂျင်းဖြစ်နေပြီ။

kiki said...

အမ လည်း ၊ စတိုင်တွေ မလိုင်တွေ မကြိုက်ဘူး ..
ပေါ့ပါးလွတ်လပ်တာ ကိုပဲ ကြိုက်တယ်