Pages

Tuesday, December 29, 2009

Men Dominated World လား၊ Women Dominated World လား - အပိုင်း (၂)

ကျွန်မက ၂၀၀၆ ဒီဇင်ဘာမှာ ကျောင်းပြီးခဲ့ပြီး ၂၀၀၇ ဇန်န၀ါရီမှာ အလုပ်စ၀င်ခဲ့တာဆိုတော့ ကျွန်မရဲ့ အလုပ်လုပ်တဲ့ သက်တမ်းက မြန်မာပြည်မှာ ၁နှစ်၊ အခု ဒီမှာ၂နှစ်နီးပါးနဲ့ ဆိုရင် ၃ နှစ်နီးပါးရှိပြီပဲ ဆိုပါတော့။ အဲဒီ ၃နှစ်အတွင်းမှာ အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီပေါင်းက စုစုပေါင်း ၄ခု......။ ပထမဆုံးအနေနဲ့က မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ စပြီး အလုပ်ဝင်ခဲ့တာပါ။ အဲဒီမှာ ကျွန်မ လုပ်ခဲ့ရတဲ့အလုပ်က ကျွန်မတို့ကုမ္ပဏီကနေ တာဝန်ယူပြီး တည်ဆောက်နေတဲ့ ဥယာဉ်အိမ်ယာ စီမံကိန်းတစ်ခုမှာ ရှိတဲ့ အဆောက်အဦးတစ်ခုကို တာဝန်ယူရတဲ့ ဆိုဒ်အင်ဂျင်နီယာအလုပ်ပါ။ တကယ်တော့ ကျွန်မတို့ကုမ္ပဏီက Main Contractor အနေနဲ့ ပရောဂျက်ကိုရထားပြီး အဆောက်အဦးတစ်ခုချင်းစီကိုဆောက်ဖို့ကြတော့ Sub-Contractor တွေကိုပြန်ပေးလိုက်တာပါ။ ဆိုဒ်အင်ဂျင်နီယာတွေရဲ့တာဝန်က Sub - Con တွေလုပ်သမျှကို ဆိုဒ်မှာအမြဲ စစ်ဆေးနေရတဲ့တာဝန်ပါ။ (ကျွန်မတို့အဖြစ်က Main Con ကနေ Sub - Con ကို ကြီးကြပ်ဖို့အတွက် ပိုက်ဆံပေးပြီးငှားထားတဲ့ လူမိုက်တွေလို့ ပြောရမယ်ဆိုရင်မမှားပါဘူး.......။ နောက်ကြုံမှ Sub - Con တွေနဲ့ရန်ဖြစ်တဲ့အကြောင်းတွေ ရေးရဦးမယ်။) ထားပါတော့.......... အခုနစကားကိုဆက်လို့ ဥယာဉ်အိမ်ယာစီမံကိန်းဆိုတော့သိတဲ့အတိုင်း အဆောက်အဦးတွေက အများကြီးဆောက်ရတဲ့အပြင် အဆောက်အဦးတိုင်းမှာလည်း အဲဒီအဆောက်အဦး တစ်ခုလုံးအတွက်အလုံးစုံတာဝန်ယူရတဲ့ ဆိုဒ်အင်ဂျင်နီယာ တစ်ယောက်စီခန့်ထားတယ်။ ဒါ့အပြင် တစ်ခြား ရေပိုင်း၊ မီးပိုင်းကိုတာဝန်ယူရတဲ့ အင်ဂျင်နီယာတွေပါ အပါအ၀င်ဆိုရင် ကျွန်မတို့ရဲ့ အဲဒီပရောဂျက်ကြီးမှာ အင်ဂျင်နီယာ ယောကျာ်းလေးတွေရော၊ မိန်းခလေးတွေပါ မနည်းလှပါဘူး။

အဲ.............အဲဒီ များပြားလှတဲ့ အင်ဂျင်နီယာတွေ အားလုံးကို အုပ်ချုပ်တာဝန်ယူရတဲ့သူကတော့ အသက်အားဖြင့်ဆိုရင် ကျွန်မတို့ထက် များစွာမကြီးလှသေးတဲ့ အမျိုးသမီး ပရောဂျက်မန်နေဂျာ (ပရောဂျက်ဒါရိုက်တာလို့ ပြောလို့လည်းရပါတယ်) တစ်ယောက်ပါ။ ကျွန်မတို့အင်ဂျင်နီယာတွေအားလုံးရဲ့ လေဒီဘော့စ်လို့ပဲ ဆိုပါတော့။ သူမဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီလိုရာထူးကြီးကြီးကို ရထားနိုင်သူ ဆိုကတည်းက သူမရဲ့အရည်အချင်းကို ခန့်မှန်းလို့ရပါတယ်။ ကျွန်မ အနေနဲ့ သတိထားမိခဲ့တဲ့ သူမမှာရှိတဲ့ ထူးခြားတဲ့ အရည်အချင်းတွေကတော့ စကားကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်ခြင်းနဲ့ တစ်ပါးသူတွေရဲ့ အားနည်းချက်၊ ပျော့ကွက်၊ ဟာကွက်များကို ပါးနပ်လှစွာ ထိုးထွင်းသိမြင်တတ်ခြင်းတို့ပါပဲ။

အဲဒီတုန်းက ကျွန်မတို့အင်ဂျင်နီယာတွေဟာ အပတ်စဉ်တနင်္လင်္ာနေ့တိုင်းမှာ သူမနဲ့အတူ Progress Meeting တစ်ခု လုပ်ရပါတယ်။ တကယ်တော့ အဲဒီ Meeting ဟာ လုပ်ငန်းရဲ့ Progress ကိုဆွေးနွေးတဲ့ အစည်းအဝေးလို့ဆိုတာထက် ကျွန်မတို့အင်ဂျင်နီယာတွေအတွက်ကတော့ ကိုယ့်ရဲ့ပြစ်ချက်တွေ၊ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ကျန်တဲ့အင်ဂျင်နီယာတွေရှေ့မှာ သူမရဲ့ထောက်ပြပြောဆို ဝေဖန်ခြင်းကိုခံရဖို့ တွေ့ဆုံပွဲဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ တစ်ခါတစ်ရံမှာဆိုရင် အင်ဂျင်နီယာတွေဟာ သူမရဲ့ချောင်ပိတ်မေးတဲ့ မေးခွန်းတွေကြားမှာ မရှူနိုင်မကယ်နိုင် အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရတာကလဲ အကြိမ်ကြိမ်ပါပဲ.....။

ဥပမာ.........ဒီတစ်ပတ်မှာ ကျွန်မဆိုဒ်ထဲမှာ ပြဿနာတစ်ခုခုဖြစ်တယ် ဆိုပါတော့........ဒါဆိုရင် သေချာပြီ၊ တနင်္လာနေ့အစည်းအဝေးကျရင် ကျွန်မအနေနဲ့ ဒီပြဿနာနဲ့ပတ်သက်ပြီး သူမကို ဆွေးနွေး တင်ပြရတော့မယ်ဆိုတာ......အဲတော့ ကျွန်မက အဲဒီပြဿနာနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ အချက်အလက်တွေကိုရော၊ သူမဆီက မေးလာနိုင်မယ့်မေးခွန်းတွေအတွက် ဖြေရှင်းချက်တွေကိုရော ကြိုတင်စဉ်းစားပြီး ပြင်ဆင်သွားတယ်ဆိုပါတော့..............စိတ်ချပါ.... အစည်းအဝေးကျရင် သူမဆီမှာ ကျွန်မ ဘယ်လိုမှထင်မထားခဲ့တဲ့ မေးခွန်းတွေ ရှိနေတတ်သလို၊ ကျွန်မ လုံးဝမစဉ်းစားမိခဲ့တဲ့ (ကိုယ့်ကိုကိုယ်တောင် သတိမထားမိခဲ့တဲ့) ကျွန်မရဲ့ဟာကွက်၊ ပျော့ကွက် တွေကို သူမက လက်တန်း ဒက်ခနဲ၊ ဒက်ခနဲနေအောင် ပြောပြသွားပါလိမ့်မယ်။ အဲဒီအချိန်မှာ ဖြေရှင်းဖို့တော့ သွားမကြိုးစားလိုက်လေနဲ့၊ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ဖို့အတွက် ကြိုးစကို ဆွဲထုတ်လိုက်သလို ဖြစ်သွားလိမ့်မယ်။(ဘောလုံးစကားနဲ့ ပြောရရင်တော့ “တစ်ဘက်ကနေ တစ်လုံးပြီးတစ်လုံး ဂိုးတွေဆင့်ကာဆင့်ကာ အသွင်းခံနေရတာကို ချေပဂိုးဆိုလို့တစ်ဂိုးတစ်လေလေးတောင်မသွင်းလိုက်နိုင်ရှာပဲ နောက်ဆုံးပွဲပြီးသည်အထိ ခံစစ်နဲ့ချည်းကစားသွားရရှာကာ လှလှပပကြီးကိုရှုံးနိမ့်သွားရပါတယ်ခင်ဗျာ” လို့ပြောရမလိုပါပဲ............) ။အဲဒီလိုအချိန်မျိုးကို ရောက်ပြီဆိုရင်များ လူကမြေကြီးထဲပဲ လျှိုးသွားချင်သလိုလို၊ မိုးပေါ်ပဲပျံသွားချင်သလိုလို စိတ်မျိုးတွေ ဖြစ်လာတတ်ပြီး အဲဒီနေရာကနေ ခဏလောက်ကို ပျောက်ကွယ်သွားချင် တော့တာပါပဲ။ စဉ်းစားကြည့်ကြပါဦးနော်.......ကိုယ်နဲ့သက်တူရွယ်သူ အင်ဂျင်နီယာတွေ (ယောကျာ်းလေးအင်ဂျင်နီယာတွေပါ အပါအ၀င်) အများကြီးရှေ့မှာ ချောင်ပိတ်မိနေပြီး မရှူနိုင်မကယ်နိုင်နဲ့ ဖြစ်နေရတဲ့ အဖြစ်ဟာ ရှက်ဖို့ကလည်းကောင်း၊ ထထွက်သွားဖို့ကလည်းမဖြစ်နိုင် နဲ့ တော်တော့်ကို ဆိုးတဲ့ခံစားချက်ပါ။

တကယ်တော့ အဲဒီလို ခံစားမှုတွေကို ခံစားခဲ့ရတာ ကျွန်မတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ အင်ဂျင်နီယာတိုင်းလိုလို ပါပဲလို့ ပြောလို့ရပါတယ်။ အပတ်စဉ် အလှည့်ကျပဲဆိုပါတော့.....။ အစည်းအဝေးခန်းထဲမှာတင် ငိုခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ကျွန်မတို့တွေဟာ သူမနဲ့တွေ့ဆုံဖို့တို့၊ စကားပြောဖို့တို့ဆိုရင်အရမ်းကို ၀န်လေးကြောက်ရွံ့လာကြပါတယ်။ ကျွန်မတို့ အင်ဂျင်နီယာတွေတွေ့ရင် အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ် “တကယ်လို့များ တနင်္လာနေ့တွေရောက်တိုင်း အစည်းအဝေးခန်းထဲဝင်မလား၊ ကျားမြီးဆွဲကြမလားလို့ရွေးချယ်ခွင့်များရှိခဲ့မယ်ဆိုရင်၊ ကျားတွေမှာအမြီးတွေတောင်ရှိမှာမဟုတ်တော့ဘူး” ဆိုတဲ့စကားပါပဲ။

ကျွန်မတို့အင်ဂျင်နီယာတွေတင် မဟုတ်ပါဘူး၊ တော်တော်များများ အမျိုးသားကန်ထရိုက်တာတွေ ဆိုရင်လည်း သူမနဲ့ အစည်းအဝေးတွေလုပ်မယ်၊ အခြေအတင် စကားတွေပြောကြမယ် ဆိုရင် သူမကိုနိုင်အောင် တော်ရုံတန်ရုံ ဘယ်သူမှ မပြောနိုင်ပါဘူး။ ထုံးစံအတိုင်း သူမကပဲ အနိုင်နဲ့ပိုင်းသွားတာချည်းပါပဲ။ အဲဒါနဲ့ ကျွန်မသူမနဲ့ပတ်သက်ပြီး တစ်ခုစဉ်းစားမိပါတယ်။ သူမဟာ အဲဒီလိုသူတစ်ပါးရဲ့ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက်တွေကို ဘာကြောင့်များ ထူးထူးခြားခြားသိနေနိုင်၊ ထောက်ပြနိုင်နေနိုင်ရတာလဲ၊ အဲဒါကိုတော်တယ် ထက်မြက်တယ်လို့ဆိုလိုတာလား၊ ဒီအရည်အချင်းတွေကြောင့် ပဲသူမဟာ အဲဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးကြီးကြီးကိုရထားတာလား.........ဒါဟာသူမရဲ့သူမတူတဲ့ မွေးရာပါ အရည်အချင်းတစ်ရပ်ပဲလား၊ အဲဒီလိုမျိုး တော်ဖို့ဆိုတာ လေ့ကျင့်ယူလို့ရသလား၊ နောက်တစ်ချက်က တော်ရုံတန်ရုံအမျိုးသားတွေကလည်း ဘာကြောင့် သူမကိုယှဉ်ပြီး နိုင်အောင်မပြောနိုင်ရတာလဲ ဒါဆိုလူတွေကရော ဘာလို့သူမနဲ့စကားပြောရမှာ၊ တွေ့ရမှာကိုကြောက်ကြရတာလဲ စသဖြင့်ပေါ့လေ.....။ ကျွန်မဆိုရင် သူ့ကိုဘယ်လောက်အထိ ကြောက်လဲဆိုရင် သူဒီလမ်းကလာနေတာ မြင်ရင် ဟိုဘက်လမ်းကနေ ပတ်သွားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မ သူမနဲ့ပတ်သက်လို့ခံစားခဲ့ရတာက အစည်းအဝေးခန်းထဲက ခံစားချက်တွေတင်မကလို့ပါပဲ။ တခြားအဖြစ်အပျက်တွေလည်းရှိခဲ့သေးလို့ပါ။ အခုအချိန်အထိမေ့လို့မရနိုင်တဲ့ အဖြစ်တွေပဲဆိုပါတော့လေ.......။ အဲဒီအထဲကမှ ပြောပြရမယ်ဆိုရင်တော့........

(မှတ်ချက်။ ။မရည်ရွယ်ပဲနဲ့ ပိုစ့်ကရှည်ရှည်သွားတယ်။ အဲဒါနဲ့ အပိုင်း (၃) ကိုမခွဲချင်ပဲခွဲလိုက်ရတယ်။ ကိုယ်ကရေးချင်တာတွေ စွတ်ရေးဖို့ပဲသိတာလေ။ ကျန်တဲ့မောင်နှမတွေက အားနာနာနဲ့ဘာမှ မပြောဘဲသည်းခံပြီးဖတ်ပေးပေမယ့် ကလေးငယ်လေးက ကလေးပီပီ ဟန်မဆောင်ပဲ ဆီဗုံးထဲမှာ ပိုစ်အရှည်ကြီးတွေရေးလို့တဲ့ ပြောသွားတော့မှပဲ ကိုယ့်မှာ ရီရတော့မလို ငိုရတော့မလိုနဲ့ ဟီးးးးးးးးးးးးး.............။)

Friday, December 25, 2009

Men Dominated World လား၊ Women Dominated World လား - အပိုင်း (၁)

တစ်နေ့ပေါ့..... ကျွန်မရဲ့ စီနီယာမန်နေဂျာနဲ့ ကျွန်မ ရောက်တတ်ရာရာ စကားတွေ ထိုင်ပြောကြရင်း ကျွန်မ သိချင်နေတာကြာပြီ ဖြစ်တဲ့ အကြောင်းအရာ တစ်ခုကို သူ့ဆီကနေ တစ်စွန်းတစ်စလေး သိခွင့်ရလိုက်ပါတယ်။ အဲဒီလို တစ်စွန်းတစ်စ သိခွင့်ရလိုက်ခြင်းနဲ့အတူ နောက်ထပ် စဉ်းစားစရာတွေ အများကြီးကိုလည်း ကျွန်မ ထပ်ရလာခဲ့တယ်။ ဒီလိုနဲ့ အဲဒီအကြောင်းက ဒီရက်ပိုင်းအတွင်း ကျွန်မရဲ့ အတွေးတွေထဲမှာ နေရာယူထားပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အခြားသူတွေရဲ့ အမြင်လေးတွေကိုပါ သိချင်လာတဲ့အတွက် ကျွန်မရဲ့ဘလော့ဂ်လေးမှာ ရေးမယ်လို့ စိတ်ကူးမိလိုက်ပါတယ်။ အဲဒီလို ရေးချင်နေတဲ့ အရာတစ်ခုကို ချမရေးလိုက်ရမချင်း လူက တစ်ခုခုနဲ့ငြိနေသလိုလို တစ်ခုခုကို ထမ်းထားရသလိုလိုကြီး ဖြစ်နေတဲ့အတွက် ဒီပိုစ့်လေးကို ကျွန်မ ရေးလိုက်မိပါတယ်။

အခုနစကားကို ဆက်လို့ အဲဒီနေ့မှာ သူနဲ့ကျွန်မ စကားတွေပြောကြရင်း ဘယ်အကြောင်းအရာကို ရောက်သွားသလည်းဆိုတော့ အမျိုးသားဘော့စ် နဲ့ အမျိုးသမီးဘော့စ်တွေရဲ့ ကွာခြားပုံအကြောင်းတွေကို ရောက်သွားပါတယ်။ ကျွန်မတို့ပြောတဲ့ ဘောစ့်ဆိုတာ ကုမ္ပဏီပိုင်ရှင် သူဌေးတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်နဲ့အလုပ်အတူတူ တွဲဖက်လုပ်ကိုင်နေရတဲ့ ကိုယ့်ထက် ရာထူးကြီးတဲ့သူတွေကို ဆိုလိုချင်တာပါ။ အဲဒီမှာ သူက ကျွန်မကို ဘာစပြောသလဲဆိုတော့.....

“အင်ကြင်း.....လူတော်တော်များများ (အထူးသဖြင့် မိန်းခလေးတွေ)ဟာ အမျိုးသမီးဘော့စ် (သူ့အပြောနဲ့ ပြောရရင်တော့ လေဒီဘော့စ်ပေါ့လေ)တွေနဲ့ တွဲပြီး အလုပ်မလုပ်ချင်ကြဘူး၊ အမျိုးသားဘော့စ်တွေနဲ့ တွဲပြီး အလုပ်လုပ်ရတာကိုပဲ ပိုနှစ်သက်ကြတယ်။ အဲဒါကို မင်းလက်ခံသလား ” တဲ့...။

သူက တစ်ခုခုပြောလို့ရှိရင် “ငါပြောတာအမှန်၊ နင်ငါပြောတာကိုပဲ လက်ခံရမယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ ကျွန်မ လက်ခံနိုင်၊ လက်မခံနိုင်၊ ယုတ္တိရှိ မရှိ စဉ်းစားနိုင်အောင် အကျိုးတွေ အကြောင်းတွေနဲ့ အရင် ရှင်းပြသေးတာပါ။ သူက ဆက်ပြောပါတယ်.....

“ငါ ဘာကြောင့် အဲဒီလို ပြောရသလဲဆိုတော့ မိန်းမတွေနဲ့ ယောကျာ်းတွေဟာ ပြဿနာ တစ်ရပ်ကို ဖြေရှင်းကြတဲ့အခါမှာ ဖြေရှင်းပုံ ဖြေရှင်းနည်း ပုံစံတွေ ကွာခြားကြလို့ပဲ” တဲ့.....။

သူက ရုတ်တရက် အဲဒီလိုတွေ ပြောလိုက်တဲ့အခါ ကျွန်မအနေနဲ့ ချက်ချင်း ဘာမှ ပြန်မပြောသေးပဲ အင်တင်တင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင်က မိန်းမတစ်ယောက် ဖြစ်နေပြီး ယောကျာ်းတွေဆီက နေပြီး မိန်းမတွေကို အထင်သေး၊ အမြင်သေးတဲ့ အပြောအဆိုမျိုး၊ အပြုအမူမျိုးတွေကိုများ တွေ့ရရင် ကျွန်မက သိပ်မုန်းတာမို့ပါ။

အဲဒီမှာပဲ သူက ကျွန်မအဲဒီလို အင်တင်တင်ဖြစ်နေတာကို ရိပ်မိသွားပြီး..... “အိုကေ....အိုကေ....နင် ချက်ချင်းလက်မခံနိုင်တာ ငါသိတယ်။ ဒါပေမယ့် ငါ နင့်ကို ဥပမာလေးတစ်ခုတော့ ပြောပြချင်တယ်” ဆိုပြီး ဒီလို ပြောပြပါတယ်။

ဥပမာ ကျွန်မတို့ ကုမ္ပဏီမှာ ကုမ္ပဏီအတွက် အရမ်းအရေးကြီးတဲ့ တင်ဒါတစ်ခုကို မနက်ဖြန် မနက်မှာ တင်စရာရှိတယ် ဆိုပါစို့.....။ တင်ဒါပိတ်ချိန်က မွန်းတည့် ၁၂နာရီ တိတိ။ ဒါ့အပြင် ကျွန်မတို့ သူဌေးကလည်း မနက်ဖြန်မှာပဲ နိုင်ငံခြား ခရီးစဉ်တစ်ခုကို သွားစရာရှိနေတယ် ထားပါတော့။ အဲဒီမှာ ကျွန်မရဲ့ မန်နေဂျာလုပ်သူက ကျွန်မကို အဲဒီတင်ဒါ တင်ဖို့အတွက် စီစဉ်စရာရှိတာတွေကို အကုန်စီစဉ်ဖို့၊ စစ်ဆေးဖို့ တာဝန်ပေးထားတယ်။ ဒါကြောင့် ကျွန်မကလည်း ပြင်ဆင်စရာရှိတာ၊ စစ်စရာရှိတာ၊ သူဌေးဆီက လက်မှတ်ယူစရာရှိတာ တွေကို ဒီနေ့မှာပဲ ပြီးစီးအောင် ပြင်ဆင်စစ်ဆေးပြီး စိတ်ချရပြီဆိုမှ ပြန်ခဲ့တယ်။

ဟုတ်ပြီ..... မနက်ဖြန်မနက်ကို ရောက်ပြီ။ အခုနတင်ဒါကို ကျွန်မရဲ့မန်နေဂျာက အပြီးသပ်တစ်ကြိမ် စစ်ဆေးပြီးတာနဲ့ စာရွက်စာတမ်း ချုပ်စရာရှိတာတွေကို ချုပ်ပြီး ၁၂နာရီမထိုးခင် အမီ သွားတင်ရတော့မယ်။ သူဌေးကလည်း အဲဒီအချိန်မှာ သူ့ခရီးစဉ်အတွက် လေဆိပ်ကို ထွက်သွားပြီ။ အဲ.....အဲဒီမှာပဲ မထင်မှတ်ထားတာ တစ်ခုကဖြစ်လာခဲ့တယ်။ မန်နေဂျာက စစ်ဆေးနေရင်းနဲ့ တင်ဒါရဲ့ အရမ်းအရေးကြီးတဲ့ တစ်နေရာမှာ သူဌေးလက်မှတ်ထိုးဖို့ လိုနေတာကို သွားတွေ့လိုက်ရတယ်။ ဟာ.....သွားပြီ၊ ဘယ်လိုလုပ်ပါ့မလဲ????? လေဆိပ်ကိုလိုက်ပြီး သူဌေးရဲ့လက်မှတ်ကို လိုက်ယူမယ် ဆိုရင်လည်း တင်ဒါပိတ်ချိန် ၁၂နာရီကို အမီသွားတင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် ဒီအကြောင်းကို သူဌေးသိသွားပြီ ဆိုပါကလည်း ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ဒီလို ပေါ့ဆရပါ့မလား ဆိုပြီး ကောင်းကောင်း အပြစ်ပေးခြင်းကို ခံရတော့မယ်။

သူဌေးလက်မှတ် မပါပဲ ဒီတင်ဒါကို သွားတင်ဖို့၊ ကိုယ်စားလက်မှတ်ထိုးဖို့ ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး။ အဲဒီစာရွက်က အရမ်းအရေးကြီးတဲ့စာရွက် ဖြစ်နေတယ်။ သူဌေးကိုယ်တိုင်ကို လက်မှတ်ထိုးမှဖြစ်မယ့် ကိစ္စဖြစ်နေတယ်။ ဘယ်လိုလုပ်မလဲ?????

သူက ဆက်ပြောပါတယ်.....။ အဲဒီလိုအချိန်မျိုးမှာ ကျွန်မရဲ့မန်နေဂျာဟာ အမျိုးသမီးသာ ဖြစ်နေခဲ့မယ်ဆိုရင် ကျွန်မရဲ့အခြေအနေက မလွယ်တော့ဘူးလို့သာ မှတ်တော့တဲ့။ သူမဟာ ဒီကိစ္စ ဖြစ်ရခြင်းအတွက် ကျွန်မကို ဒေါသတွေထွက် ဆူပူပြစ်တင်မာန်မဲမဆုံး ဖြစ်နေမယ့်အပြင် ဒီလိုဖြစ်ရခြင်းဟာ ကျွန်မရဲ့ ပေါ့ဆမှုကြောင့်သာလျှင်ဖြစ်ကြောင်း၊ ဒီကိစ္စအတွက် ကျွန်မမှာသာလျှင် အလုံးစုံတာဝန်ရှိတဲ့ အကြောင်းတွေကို report တစ်စောင် ချက်ချင်းကောက်ရေးပြီး အထက်လူကြီးတွေဆီကို ပို့လိမ့်မယ်။ အဲဒီလိုတွေ အဲဒီလိုတွေဖြစ်နေရတာနဲ့ပဲ တင်ဒါကိုလည်း သွားမတင်ဖြစ်လိုက်တော့ဘူးပဲ ဆိုပါတော့.....။

ဒါက လေဒီဘော့စ်တစ်ယောက်ရဲ့ ပြဿနာတစ်ရပ်အပေါ် တုန့်ပြန်ပုံ တုန့်ပြန်နည်း။

ဟုတ်ပြီ..... တကယ်လို့များ အဲဒီမန်နေဂျာနေရာမှာ ယောကျာ်းတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီကိစ္စကို ဘယ်လို ဖြေရှင်းမယ်ထင်သလဲတဲ့.....။ သူဌေးရဲ့လက်မှတ် လိုနေတယ်လို့ သူသိလိုက်ရတဲ့ အချိန်မှာ အိုကေ..... အကောင်းဆုံး အဖြေတစ်ခုကို ရအောင် သူ ခဏစဉ်းစားလိမ့်မယ်။

ရပြီ..... ပထမဆုံးအနေနဲ့ တင်ဒါသွားတင်ရမယ့် နေရာကို သူကဖုံးဆက်ပြီး လှမ်းပြောမယ်။ တင်ဒါကို လာတင်ဖြစ်အောင် တင်ပါ့မယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် အခက်အခဲလေးတွေ အနည်းငယ် ဖြစ်နေတဲ့အတွက် တင်ဒါပိတ်ချိန်ကို နောက်ထပ် တစ်နာရီလောက် စောင့်ပေးဖို့ဆိုတဲ့ အကြောင်းတွေကို မရရအောင် request လုပ်မယ်။

ပြီးတာနဲ့ တပြိုင်နက်တည်း လေဆိပ်ကို ထွက်သွားပြီဖြစ်တဲ့ သူဌေးနောက်ကို လိုက်သွားပြီး လက်မှတ်ကို မရရအောင် ယူမယ်။ သူဌေးရဲ့ ပြစ်တင်ကြိမ်းမောင်း ငေါက်ငန်းဆဲဆိုခြင်းတွေကိုလည်း ခံလိုက်မယ်။ အဓိကက သူဌေးဆီက လက်မှတ်ကို ယူပြီး တင်ဒါကို တင်ဖြစ်အောင် သွားတင်နိုင်ဖို့ပဲ။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်လို့လည်း report တစ်စောင်ကို မဖြစ်မနေတော့ တင်ရမယ်။ ဒါပေမယ့် သူသည် report ထဲမှာ ဒီကိစ္စဖြစ်ရခြင်းသည် အားလုံးမှာ တာဝန်ရှိကြောင်း၊ ဒီအမှားကို အားလုံးက shareလုပ်ပြီး ယူကြရမှာ ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် အဲဒီလို မဖြစ်ဖို့အတွက် အားလုံးအနေနဲ့ သတိထားပြီး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းတို့ကို သူထည့်ရေးလိမ့်မယ်တဲ့။

ဒါက အမျိုးသားဘော့စ်တစ်ယောက်ရဲ့ ပြဿနာတစ်ရပ်အပေါ် တုန့်ပြန်ပုံ တုန့်ပြန်နည်း။

အဲဒီလို ဥပမာလေးနဲ့လည်း ပြောပြီးရော သူက

“ဘယ်လိုလဲ.........အင်ကြင်း၊ အဲဒီ ဥပမာလေးကို မင်း လက်ခံနိုင်သလား” တဲ့.....။

ကျွန်မကလည်း “အင်း.....သိပ်တော့ လက်မခံချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုနလို ပြဿနာဖြေရှင်းပုံ ကွာခြားခြင်းဟာ ယောကျာ်း၊ မိန်းမဆိုတဲ့ ကွာခြားချက်ပေါ်မှာ မူတည်နေတယ်လို့ ငါတော့ မထင်ပါဘူး၊ လူတစ်ဦးချင်းစီပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်” ဆိုတော့ သူက မလျှော့သေးပါဘူး။

“မဟုတ်သေးဘူး အင်ကြင်း..... အခုနလိုမျိုး ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ မိန်းမနဲ့ယောကျာ်း ဘာ့ကြောင့် ကွာခြားသွားရသလဲ ဆိုရင်၊ လောကကြီးမှာ ရှိတဲ့ နေရာဌာနအသီးသီးမှာ၊ ရာထူးပုံစံအမျိုးမျိုးနဲ့ တာဝန် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေ အားလုံးမှာ (ရာထူးကြီးတာပဲဖြစ်ဖြစ်၊ ငယ်တာပဲဖြစ်ဖြစ်) တူညီတဲ့ စိတ်ခံစားမှုတစ်မျိုး ရှိကြတယ်။ အဲဒါကဘာလဲ ဆိုတော့ insecurity လို့ခေါ်တဲ့ ခံစားချက်တစ်မျိုးပဲ။ လောကကြီးမှာ ယောကျာ်းနဲ့မိန်းမ ယှဉ်လိုက်ရင် ယောကျာ်းတွေဟာ ဘယ်လိုနေရာမျိုးကိုပဲ သွားသွား၊ ဘယ်လိုပဲ နေထိုင်ပြောဆိုပြောဆို သူတို့အတွက် ပြဿနာ သိပ်မရှိပေမယ့် မိန်းမတွေကြတော့ မတူတော့ဘူး။ သူတို့မှာ အရှက်တွေ၊ သိက္ခာတွေ၊ အိနြေ္ဒတွေနဲ့ ဘ၀ကို တည်ဆောက်ထားရတဲ့ အတွက် ဘယ်လို နေရာမှာပဲနေနေ သတိနဲ့ ဆင်ခြင်နေထိုင်ပြောဆိုကြရတယ်။ အမှားအယွင်းတစ်ခုခု၊ အတိမ်းအစောင်း တစ်ခုခုများ ဖြစ်သွားခဲ့ပြီဆိုရင် သူတို့ဟာ သူ့တို့ရဲ့အရှက်တရား၊ ဂုဏ်သိက္ခာတွေ သူတို့ရပ်တည်နေရတဲ့ နေရာအနေအထားအတွက် အမြဲထည့်စဉ်းစားရတယ်။ ဒါ့ကြောင့် ပြဿနာတစ်ခု ဖြစ်လာပြီဟေ့ ဆိုရင် သူတို့ဟာ သူတို့ကိုယ်သူတို့ protect လုပ်ဖို့ကို အလိုအလျောက် အရင်ဆုံး စဉ်းစားမိကြတယ်။ အဲဒီလို သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ကြိုးစားလိုက်ခြင်းဟာ အခြားတစ်ဖက်က ကြည့်လိုက်တော့ သူတစ်ပါးအပေါ်ကို အပြစ်တွေပုံချရာ ရောက်သွားတယ်” တဲ့.....။

အဲ.....အဆုံးသတ်မှာ ကျွန်မရဲ့စီနီယာမန်နေဂျာက ကျွန်မကို ပိုင်ပိုင်နိုင်နိုင်ကြီးနဲ့ ပြောချလိုက်တာကတော့ .....

“အင်ကြင်းရေ.....အဲဒါကြောင့်မို့လို့လည်း ကမ္ဘာကြီးပေါ်မှာရှိတဲ့ အရေးပါ အရာရောက်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြသူ အများစုဟာ ယောကျာ်းတွေပဲ ဖြစ်နေပြီးတော့ ဒီကမ္ဘာကြီးဟာလည်း အမြဲတမ်း Men Dominated World ပဲ ဖြစ်နေရတယ် ဆိုတာကို မင်းလက်ခံနိုင်ပြီလား” တဲ့.....။

သူက အဲဒီလို ပိုင်ပိုင်နိုင်နိုင် ဥပမာ၊ ဥပမေယျတွေနဲ့ ပြောလို့ပြီးသွားတဲ့အခါမှာ ကျွန်မ ဘာကိုမှ ပြန်မပြောနိုင်ပဲ တွေဝေသွားခဲ့ပါတယ်။ တကယ်ဆိုရင် ကျွန်မဟာ မိန်းမမှမိန်းမ ဆိုပြီး မိန်းမ၀ါဒီကို စွဲကိုင်ထားတဲ့သူတစ်ယောက် မဟုတ်ပေမယ့်လည်း ကမ္ဘာကြီးကို Men Dominated World လို့ပြောနေတာကိုတော့ ကျွန်မဘက်က တစ်ခုခု ပြန်လည်ချေပသင့်တာပေါ့နော်။ သူပြောသလိုဆို ကမ္ဘာကြီးက အမြဲတမ်း Men Dominated Worldပဲ ဖြစ်နေရတော့မှလား။ Women Dominated Worldကို ဘယ်တော့မှ မရနိုင်တော့ဘူးလား။

ဒါပေမယ့်လည်း သူပြောပြနေတာတွေက ကျွန်မတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဆင်ဆင်တူနေတာဆိုတော့ ကျွန်မ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ အဲဒီလို ဘာမှ ပြန်မပြောနိုင်ခဲ့တဲ့ အပြင် အတိတ်က အကြောင်းအရာတွေကလည်း ကျွန်မရဲ့ အာရုံတွေထဲကို အလိုလို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ ဘာတွေလဲဆိုတော့ ကျွန်မအနေနဲ့ လေဒီဘော့စ်တွေနဲ့ ပတ်သက်လို့ ခံစားခဲ့ရတဲ့ အကြောင်းအရာတွေပဲပေါ့.....။

ကျွန်မရဲ့ အဲဒီအတွေ့အကြုံတွေကိုပါ တစ်ဆက်တည်း ရေးလိုက်ရင် ပိုစ့်က အရမ်းရှည်သွားမှာမို့လို့ အပိုင်း (၂) ဆိုပြီးတော့ပဲ ဆက်ရေးတာကောင်းမယ် ထင်ပါတယ်။

(မှတ်ချက်။ ။တကယ်လို့များ ကျွန်မရဲ့ ဘလော့ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေ ဒီပိုစ့်လေးကိုဖတ်ဖြစ်ခဲ့ရင် ထင်မြင်ချက်လေးတစ်ခုလောက် ချန်ထားပေးခဲ့ပါလား၊ တကယ်လို့ အခါအခွင့်သင့်ခဲ့ရင် ကျွန်မသူ့ကို အကျိုးနဲ့အကြောင်းနဲ့ ပြန်ပြီး ချေပချင်သေးလို့ပါ.... :)))

Saturday, December 19, 2009

လာလည်ကြသောဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများသို့

ကျွန်မ ပိုစ့်အသစ်တွေကို အင်တိုက်အားတိုက်နဲ့ များများစားစား မရေးဖြစ်ပေမယ့်လည်း သူများဘလော့ဂ်တွေကိုတော့ စာတွေ အမြဲသွားသွား ဖတ်ဖြစ်ပါတယ်။ ဘလော့ဂ်ဂါနာမည် အသစ်အသစ်တွေလည်း အများကြီး တိုးတိုးပြီး သိလာရပါတယ်။ အဲဒီလို သူများဘလော့ဂ်တွေကို သွားလည်ရင်းနဲ့ ကျွန်မ တစ်ခုတွေ့ရတာက ဘလော့ဂါ တော်တော်များများဟာ တကယ့်ကို စာရေးကောင်းတဲ့သူတွေ ဖြစ်တာကိုပါပဲ။ ရေးထားလိုက်ကြတဲ့ အရေးအသားလေးတွေများ တကယ်ကို အားကျစရာပါ။ စာဖတ်သူကိုလည်း ရသအမျိုးမျိုးကို ပေးနိုင်ကြပါတယ်။ ပျော်စရာဆိုလည်း ပျော်စရာအလျောက်၊ ခံစားမှုဆိုလည်း ခံစားမှုအလျောက်၊ သရော်စာ၊ ကဗျာ၊ အတွေ့အကြုံ ဗဟုသုတ.....အို အမျိုးကို စုံလို့ပါပဲ။

တစ်ချို့ဘလော့ဂ်တွေကျတော့လည်း ကဗျာချည်းပဲ သီးသန့်ရေးတာကို တွေ့ရပါတယ်။ အဲဒီကဗျာဆရာတွေကလည်း တကယ့်ကို ခေသူတွေ မဟုတ်ပါဘူး။ ကဗျာသီးသန့်နဲ့ပဲ စာဖတ်သူတွေကို ဆွဲဆောင်နိုင်လိုက်ကြတာ...။ တစ်ချို့ကျတော့လည်း အချက်အပြုတ်၊ အလှအပ၊ ဖက်ရှင်စ သည်ဖြင့် မိန်းခလေး စာဖတ်ပရိတ်သတ်တွေအတွက် အကျိုးရှိစေမယ့် အရာတွေကို အများကြီး ပေးထားပါတယ်။ ကိုယ်သိထားတဲ့ အတတ်ပညာတွေကို စေတနာအပြည့် မချွင်းမချန်နဲ့ ပြန်လည်ဝေမျှပေးတဲ့ နည်းပညာပိုင်းဆိုင်ရာ ဘလော့ဂ်တွေလည်း ရှိပါတယ်။

ကျွန်မပြောချင်တာက ဘလော့ဂ်တော်တော်များများဟာ စာဖတ်သူကို အကျိုးရှိစေမယ့် တစ်ခုခုလေး ရသွားစေကြတယ် ဆိုတာပါ။ လာလည်တဲ့သူတွေ လာလည်ရကျိုး၊ အချိန်ပေးရကျိုး နပ်တယ်ပေါ့နော်။ အဲဒီမှာပဲ ကျွန်မ ကိုယ့်ကိုကိုယ် ပြန်ပြီး ဆင်ခြင်မိပါတယ်။ ငါ... ဘလော့ဂ်ရေးတဲ့ သက်တမ်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ဆိုရင် ၂လပြည့်ခဲ့ပြီ ။ အဲဒီ ၂လ အတွင်းမှာ.... ငါ ဘာတွေများ ရေးခဲ့မိပါလိမ့်.....လို့ Label ခွဲကြည့်လိုက်တော့ စာလာဖတ်တဲ့သူတွေအတွက် အကျိုးရှိစေမယ့်ပိုစ့် ရယ်လို့ မည်မည်ရရ ဘာတစ်ခုမှ ရှိတာကို မတွေ့ရပါဘူး။ ဘယ်တွေ့ရပါ့မလဲ.... ကိုယ့်စိတ်ထဲမှာ ခံစားရတဲ့ ခံစားချက်တွေ ကိုယ်ရေးချင်တာတွေကိုပဲ လျှောက်ရေးထားတာကိုး။ ဟုတ်ပြီ....အဲဒါဆိုရင် ဘယ်လိုလုပ်မလဲ။ ငါ့ရဲ့ ဘလော့ဂ်ကို လာလည်တဲ့သူတွေကို ငါဘာတွေများ ပေးနိုင်သလဲလို့ ကျွန်မ စဉ်းစားကြည့်မိတယ်။

အင်း........ ကဗျာလေးတွေရေးရင် ကောင်းမလား... မဖြစ်သေးပါဘူး... ကဗျာတစ်ပုဒ်စပ်တယ်ဆိုတာ စာလုံးရေ နည်းနည်းနဲ့ ရင်ထဲကို ထိအောင် ရေးရတာမျိုး၊ (တကယ်တော့ ကဗျာရေးရတာ စာရေးတာထက်ကို အများကြီးပိုခက်တယ်လို့ ကျွန်မတော့ ထင်ပါတယ်။)ပါရမီပါတဲ့သူတွေသာ ရေးနိုင်တာပါ၊ မဖြစ်သေးပါဘူး။ ဒါဆို ၀တ္ထုဆိုရင်ရော...အင်း.......၀တ္ထုကောင်းတစ်ပုဒ် ဖြစ်ဖို့ဆိုတာက ဇာတ်အိမ် ကောင်းကောင်းကို အရင်ဆုံး စဉ်းစားရဦးမယ်၊ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းရမယ်၊ အကြမ်း အရင်ရေးကြည့်ရဦးမယ်၊ အချိန်တွေ အများကြီးပေးရလိမ့်မယ် ထင်တယ်....မဖြစ်သေးပါဘူး။

ဟုတ်ပြီ...အချက်အပြုတ်???.... ဟင်း.......ကိုယ့်ဟာနဲ့ကိုယ် ကြက်ဥကြော်တာတောင် အချပ်လိုက် ဖြစ်အောင် မနည်း ကြိုးစားကြော်နေရတဲ့သူက ချက်နည်း ပြုတ်နည်းတွေကို ဘယ်လိုများ ပြန်ဝေငှရပါ့။ ဖက်ရှင်တို့ အလှအပတို့ဆိုတာကလည်း သူများတကာကို ဝေငှရလောက်အောင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သိတာမဟုတ်။ ဒါဆို နည်းပညာပိုင်းထဲကရော သိတာများ ဘာရှိသလဲဆိုတော့ ပစ္စည်းတစ်ခုခုကို ပျက်အောင် ဘယ်လိုဖျက်ရမလဲ ဆိုတာတော့ ကောင်းကောင်း သိတယ်။ ဒါပေမယ့် ပြန်ကောင်းအောင်တော့ ဘာတစ်ခုမှ မပြင်တတ်ဘူး။

ခက်ပြီ...ဒါဆိုရင် ကျွန်မတတ်တာ ဘာမှမရှိတော့ စာဖတ်သူကို ဘာမှလည်း ပေးစရာမရှိဘူးပေါ့။ ဒါဆိုရင် ကျွန်မ ဘလော့ဂ်ရေးတာကို ရပ်လိုက်ရတော့မှာလား....ဟာ...ဒါတော့လုံးဝ လုံးဝ မဖြစ်နိုင်ဘူး။ မစဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ စပြီးမှတော့ ရပ်ပစ်လိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စ။ အဲဒီတော့လည်း လာလည်တဲ့ ဧည့်သည်တွေကို ပေးနိုင်တာ ဘာရှိလဲ၊ တစ်ခုပဲ ရှိတော့တယ်။ “ကျေးဇူးစကားတွေ” ပဲပေါ.။ ဟုတ်တယ်....အဲဒီလို လာလည်ကြတဲ့ ဘလော့ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေသာ မရှိခဲ့ရင် ကျွန်မ ဘယ်လောက်ပဲ ရှေ့ကို ခရီးဆက်ချင်ပေမယ့် ဘယ်လိုမှ အားအင်တွေ ရှိမှာ မဟုတ်ပါဘူး။ အခုတော့ သူတို့ ပေးခဲ့တဲ့ ကွန်မန့်လေးတွေ၊ စီဘောက်ထဲက စကားလုံးလေးတွေကို အားဆေးတွေအဖြစ် စားသုံးရင်း ရှေ့ကို ကျွန်မ ခရီးဆက်သွားနိုင်ခဲ့တယ်။ အဲဒီတော့ လာလည်ကြတဲ့ ဘလော့ဂ်ဂါမောင်နှမတွေ၊ သူငယ်ချင်းတွေ အားလုံးကို ဘာမှ မပေးနိုင်တာကို စိတ်မကောင်းစွာ၊ အားနာစွာနဲ့ပဲ ကျွန်မ စာတွေဆက်ရေးဖြစ်နေဦးမှာပါ။ ဒါပေမယ့် အားလုံးကို ကျွန်မပေးချင်တဲ့ ပေးနိုင်တဲ့ အရာတစ်ခုကတော့ အခုနပြောခဲ့သလိုပဲ “ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ တကယ်ကိုကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေးပါပဲ။

ဘလော့ဂါမောင်နှများ၊ သူငယ်ချင်းများ အားလုံး ကျန်းမာ၊ ချမ်းသာ ပျော်ရွှင်စွာနဲ့ အများကို အကျိုးပြုမယ့် စာပေတွေ အများကြီး ရေးနိုင်ကြပါစေ... အများအကျိုးပြုလုပ်ငန်းတွေကို အများကြီး လုပ်ဆောင်နိုင်ကြပါစေ .... လို့ဆန္ဒပြုရင်း..........။

Thursday, December 10, 2009

ဂျင်းနဲ့ စတိုင် ဘာကိုရွေးမလဲ

တကယ်တော့ ဒီအကြောင်းအရာလေးကို ရေးချင်နေတာ ပြီးခဲ့တဲ့ တစ်ပတ် ကတည်းကပါ။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ တကယ် ရေးဖြစ်တော့တယ်။ အကြောင်းအရာက ဒီစင်ကာပူမှာ ကျွန်မ ရုံးတက်တဲ့အခါ အ၀တ်အစား ၀တ်ဆင်တာနဲ့ ပတ်သက်လို့ပါ။ အရင်က အမှုမဲ့ အမှတ်မဲ့ နေခဲ့ရာက အခုတလောကျမှ သတိထားမိလာတဲ့ အကြောင်းအရာလေးပါ။

ဘယ်ကနေ ဘယ်လို စပြီး သတိထားမိသွားတာလဲ ဆိုရင်တော့ ကျွန်မတို့ရဲ့ Site က အခုဆိုရင် လုပ်ငန်း လက်စသိမ်းနေပြီ ဖြစ်တဲ့အတွက် ကျွန်မ ရုံးချုပ်ကို ပြောင်းပြီး နေနေရတာ အခုတစ်ပတ်နဲ့ ဆိုရင် သုံးပတ် ရှိသွားပါပြီ။ တကယ်ဆိုရင် ကျွန်မက အဲဒီလို ရုံးချုပ်တွေမှာ တာဝန် ထမ်းဆောင်ရတာမျိုးကို သိပ်မနှစ်သက်လှပါဘူး။ ရုံးချုပ်ပေါ်မှာ နေရတာက စိတ်ကျဉ်းကျပ်ဖို့ကောင်းတယ်လို့ ခံစားမိလို့ပါ။ ပြီးတော့ အ၀တ်အစား ၀တ်တာကမှအစ ဂရုတစိုက်နဲ့ ၀တ်ဆင်ဖို့ လိုအပ်လှပါတယ်။ ရုံးပေါ်မှာ သူဌေးတွေက အမြဲတန်းလိုလို ရှိနေတတ်တာ ဆိုတော့ သူတို့မျက်စိထဲမှာ ထောင့်မကျိုးတဲ့ ပုံစံမျိုး မဖြစ်ရအောင် ဂရုတစိုက်နဲ့ နေနေရတာလေ။

ဆိုဒ်မှာ နေတုန်းကတော့ ဘယ်သူ့မှ သိပ်ဂရုစိုက်စရာ မလိုဘူးပေါ့။ အ၀တ်အစား ဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့ရတယ်။ ဘယ်သူကမှလည်း ဘာမှ ပြောမနေပါဘူး။ လူကြီးတွေကလည်း ဆယ်ကွေ့ တစ်ကွေ့မှ ဆိုဒ်ကို လာတာဆိုတော့လေ။ ၀တ်ချင်တာဝတ် ဆိုလို့ သရုပ်ပျက်တွေ ၀တ်လို့ရတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ရုံးချုပ်တွေမှာ ၀တ်သလိုမျိုး Formal ကျအောင် ဂရုတစိုက် ၀တ်ဆင်နေဖို့ မလိုဘူးလို့ ဆိုလိုချင်တာပါ။

ကျွန်မက စတိုင်တွေ၊ ကုဒ်တွေ၊ စကတ်တွေ၊ ဒေါက်တွေနဲ့ နေရတာကို အရမ်းကို စိတ်ကျဉ်းကျပ်တဲ့သူ တစ်ယောက်ပါ။ စင်ကာပူကို လာရမယ်ဆိုတုန်းက ဟိုက သူတွေက စတိုင်ဘောင်းဘီတွေပဲ ၀ယ်သွားဖို့ တိုက်တွန်းကြတဲ့အပြင် ဒီမှာ ရောက်နှင့်နေကြတဲ့ အစ်မတွေကလည်း စတိုင်ပဲ ၀ယ်လာဖို့ ပြောတဲ့အတွက် ကျွန်မ ဒီကို လာတော့ အများဆုံး ပါလာတာက စတိုင်ဘောင်းဘီ၊ စတိုင်စကတ် တွေပါပဲ။ ပြီးတော့ မြန်မာပြည်မှာ အင်္ဂလိပ်စာသင်တန်းတွေ၊ အင်တာဗျူးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်တော့လည်း ဆရာ၊ ဆရာမတွေက အလုပ်အင်တာဗျူးသွားရင် စမတ်ကျကျ ဘယ်လိုဝတ်စား ဆင်ယင်သွားရမယ် ဆိုတဲ့ အကြောင်းတွေကိုပါ သင်ပေးလိုက်ကြတာပါ။

အင်း...... အင်တာဗျူးသွားရင် စမတ်ကျကျ ၀တ်ရမယ် ဆိုလို့ ကြုံတုန်း ကျွန်မ ဒီနိုင်ငံမှာ ပထမဆုံး အလုပ်စရတဲ့ အကြောင်းလေးကို ပြောပြရဦးမယ်။ လူတွေ တော်တော်များများ ပြောကြတာက အလုပ်အတွက် အင်တာဗျူးသွားမယ်ဆိုရင် အ၀တ်အစားက စကားပြောတယ်။ စတိုင်ကျကျ၊ စမတ်ကျကျ ၀တ်စားသွားနိုင်မှ ကိုယ့်ကို အထင်ကြီးမယ် စသည်ဖြင့် ပြောကြပါတယ်။ ကျွန်မ ဒီနိုင်ငံမှာ ပထမဆုံး စပြီးရတဲ့ အင်တာဗျူးမှာ ကျွန်မရဲ့ဝတ်စားဆင်ယင်သွားပုံကို ပြောပြရရင်တော့ တော်တော်ရီစရာ ကောင်းမယ် ထင်ပါတယ်။

ဒီနိုင်ငံကို ကျွန်မရောက်လာပြီး အလုပ်စရှာတော့ တစ်ပတ်ကျော်သည်အထိ ကျွန်မဆီကို အင်တာဗျူးက တစ်ခုမှကို မလာပါဘူး။ ကျွန်မသူငယ်ချင်းနဲ့ အတူတူလာကြတာမှာ ကျွန်မသူငယ်ချင်းက အလုပ်စလျှောက်တဲ့နေ့ ကတည်းက အင်တာဗျူးတွေ စရတာပါ။ တစ်ပတ်ကြာတဲ့အထိ ကျွန်မဆီကို အင်တာဗျူး တစ်ခုမှ မ၀င်သေးချိန်မှာ ကျွန်မသူငယ်ချင်းက လူတွေ့အင်တာဗျူး ၂ခု ၃ခုလောက်တောင် ရပြီးပါပြီ။ ကျွန်မလည်း တော်တော်လေးကို စိတ်ပူစပြုနေပါပြီ။ ကျွန်မရဲ့ CV မှာဘာများ အမှားအယွင်း ရှိနေသလဲပေါ့ ။ အဲဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ ကျွန်မတည်းတဲ့ အိမ်ကနေ ကျွန်မရဲ့ အစ်မ(အခုတော့ အတူတူနေနေပါပြီ) အိမ်ကို လာပြီးအိပ်ရော။ လူက စိတ်တွေညစ်ပြီး အီးမေးလ်တွေ ဘာတွေလည်း စစ်ချင်စိတ်ကို မရှိတော့လို့ အဲဒီညမှာ ဒီတိုင်းပဲ အိပ်ရာဝင်ခဲ့ပါတယ်။ (ဒီနိုင်ငံမှာ Short Visit နဲ့ အလုပ်လာရှာတဲ့သူတွေရဲ့ ခံစားချက်ကို အဲဒီလို လာရှာဘူးတဲ့သူတွေ နားလည်နိုင်မယ် ထင်ပါတယ်။) နောက်နေ့မနက် အိပ်ရာက နိုးတော့လည်း အဲဒီလိုပါပဲ....။ အောက်ဆင်း သတင်းစာဝယ်၊ ဘာဝယ်နဲ့ မေးလ်ကို လုံးဝ မကြည့်မိပါဘူး။ ကျွန်မက အဓိက ဖုံးကိုပဲ မျှော်နေတာလေ။

အဲဒီလိုနဲ့ သူငယ်ချင်းက နင့်အီးမေးလ်လေးလည်း စစ်ကြည့်ပါဦးလို့ တိုက်တွန်းလို့ မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်လိုက်တော့ လားလား........ ကျွန်မကို အင်တာဗျူးလာဖို့ ခေါ်ထားပါလား၊ ၉နာရီ အရောက်တဲ့.....။ နာရီကို ကြည့်လိုက်တော့ ၉နာရီက ထိုးနေပြီ။ စင်ကာပူကို အခုမှ ခြေစချဘူးတဲ့ ကျွန်မ သူတို့ ခေါ်ထားတဲ့ လိပ်စာက ဝေးလားလည်း မသိ၊ နီးလားလည်း မသိ။ ကျွန်မ အစ်မကလည်း အိမ်မှာ မရှိပါဘူး။ သူက NUH မှာ သူနာပြုဆရာမပါ။ အဲဒီညမှာသူက Night Duty ဆင်းရတာလေ။

အဲဒါနဲ့ ကျွန်မလည်း မသွားတော့ပါဘူး ဆိုပြီး ကျွန်မ အစ်မဆီကို ဖုန်းလှမ်းဆက်လိုက်ပါတယ် ။ကျွန်မ ဖုန်းဆက်တော့ အစ်မက Duty ပြီးလို့ ဆေးရုံက အပြန်လမ်းမှာပါ။ ကျွန်မက အဲဒီလို မသွားတော့ဘူး ဆိုပြီး ဖုန်းလည်း ဆက်ရော သူက ကျွန်မကို ဆူတော့တာပါပဲ။ ဒါ့အပြင် ကျွန်မကို ဟိုရုံးကို ဖုန်းဆက်ပြီး နောက်ထပ် တစ်နာရီလောက် စောင့်ပေးဖို့ အကျိုးအကြောင်း လှမ်းပြောခိုင်းပါတယ်။ ကျွန်မကိုလည်း ချက်ချင်း အောက်ကို ဆင်းခဲ့ဖို့၊ အင်တာဗျူးကို သူနဲ့အတူ Taxi ငှားပြီးသွားဖို့တွေ ကိုလည်း တစ်ခါတည်း ပြောပါတယ်။ ကျွန်မလည်း ကျွန်မ အစ်မပြောသလို ဟိုရုံးကို ချက်ချင်း ဖုံးဆက်ပြီး ကျွန်မ အစ်မကိုလည်း ကြောက်တော့ လိုတဲ့ စာရွက်စာတမ်းတွေ ယူပြီး မြန်မြန်ဆန်ဆန်ပဲ အောက်ကို ဆင်းသွားလိုက်ပါတယ်။ ကျွန်မ သူငယ်ချင်း ကလည်း ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါတယ်။

ကျွန်မ ပြောချင်တာက အဲဒီမှာပါ။ ကျွန်မအနေနဲ့ အင်တာဗျူး သွားဖြေတယ်သာ ပြောတယ်။ ဘာမှလည်း မျက်နှာကို ပြင်ဆင်ချယ်သသွားဖို့ အချိန် မရှိသလို ၀တ်သွားစရာ ဘောင်းဘီကလည်း မနေ့ကညက အစ်မအိမ်ကို လာတော့ ၀တ်လာတဲ့ 4quarter ဂျင်းဘောင်းဘီပဲ ရှိပါတယ်။ ပစ္စည်းပစ္စယတွေ အကုန်လုံးကလည်း လောလောဆယ် ခဏနေနေတဲ့ အိမ်မှာ ထားထားတာလေ။ (ကံကောင်းလို့ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ မကွာ အမြဲ ထည့်ထည့်ယူသွားတတ်လို့.........)။ မျက်နှာကလည်း အိပ်ရာကနိုး မျက်နှာသစ်ပြီးထားတဲ့ အနေအထား အတိုင်းပဲ၊ ဘာမှမရှိဘူး မျက်နှာပြောင်နဲ့။ စီးသွားတဲ့ ဖိနပ်ကိုလည်း ကြည့်လိုက်ဦး။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ Scholl ကွင်းထိုးဖိနပ်က အရမ်းခေတ်စားနေတဲ့ အချိန်ဆိုတော့ အဲဒီဖိနပ်ကို ၀ယ်စီးလာတာလေ။ ကဲ......4quarter ဂျင်းဘောင်းဘီ၊ Scholl ကွင်းထိုးဖိနပ်၊ မျက်နှာကမျက်နှာပြောင်နဲ့ အင်တာဗျူးသွားတဲ့ ကျွန်မရဲ့ ပုံစံကို မြင်ယောင် ကြည့်ကြပေါ့နော်။

ဘယ်မှာလဲ.......အင်တာဗျူးသွားရင် ၀တ်ဖို့ ဆိုပြီးဝယ်လာခဲ့တဲ့ ဒေါက်တွေ၊ စတိုင်တွေ ဘာတစ်ခုမှ ၀တ်လိုက်ခွင့် မရဘူး။ ဒါပေမယ့်လည်း ဘာမှ မတတ်နိုင်ဘူးလေ၊ ဒီအတိုင်းပဲ သွားရတော့တာပဲ။ သွားဗျူးရမယ့် Position က Site Engineer Position ပါ။ ဟိုရောက်တော့ သူဌေး ကိုယ်တိုင်က ဗျူးတာပါ။ သူမေးတဲ့ မေးခွန်းတွေထဲမှာ အဓိကက ဆိုဒ်ထဲမှာကျွန်မ ထမ်းဆောင်ရတဲ့ တာဝန်တွေအကြောင်း ဆိုတော့ ကျွန်မအတွက်က ဖြေဆိုရတာအရမ်းကို လွယ်ကူပါတယ်။ ကျွန်မကလည်း မြန်မာပြည်မှာ Site Engineer လုပ်နေရာကနေ ပူပူနွေးနွေး အလုပ်ထွက်လာခဲ့တဲ့သူ ဆိုတော့လေ။ ၀တ်စားသွားတဲ့ ပုံစံ အဆင်အပြင်ကလည်း သူ့မျက်လုံးထဲမှာ Site Engineer ရာထူးနဲ့ တော်တော်ကိုက်ညီနေပုံ ရပါတယ်။

သိတယ်မို့လား.......... Site Engineer ဆိုတာမျိုးက စုတ်စုတ် ပြတ်ပြတ် ပေပေ တေတေ နေရတဲ့ အပြင် ယောကျာ်းလေးတွေနဲ့ ယဉ်ဘောင်တန်းပြီး အလုပ် လုပ်ရတာ ဆိုတော့လေ။ အဲဒါနဲ့ ကျွန်မကို သူဌေးက Second Interview တွေ ဘာတွေတောင် မခေါ်တော့ဘဲ ချက်ချင်းကို အလုပ်ခန့်လိုက်ပါတယ်။ အင်း.....နောင်တစ်ချိန်ကျရင် သူနဲ့နေ့တိုင်း ရန်ဖြစ်ဖို့ အတွက် ရေစက်ကပါလာလို့လည်း နေမှာပေါ့နော်။ ကျွန်မ တွေးကြည့်မိတယ် တကယ်လို့များ အဲဒီတုန်းက ကျွန်မအနေနဲ့ ကြွကြွ ရွရွ လှလှ ပပ ၀တ်စား ပြင်ဆင်သွားမယ် ဆိုရင်တောင် သူကခန့်ချင်မှ ခန့်မယ်ထင်တယ်လို့။ ပြန်တွေးကြည့်ရင် ရီစရာအတော်ကောင်းပါတယ်။ ကျွန်မက တော့ဒီနေ့ အထိကို အဲဒီ ပထမဆုံး အင်တာဗျူးတုန်းက ကျွန်မပုံစံကို မျက်စိထဲက မထွက်ပါဘူး။

အဲဒီတော့ကာ အခုန စကားဆက်လို့ အခုလက်ရှိ ကုမ္ပဏီမှာ ရုံးချုပ်ကို ပြောင်းရပြီ ဆိုတော့ MRT စီးတာက အစ နေရာပြောင်းပြီး စီးရပါတယ်။ ကျွန်မတို့ ရုံးချုပ်ရဲ့ တည်နေရာက Singapore ရဲ့ Downtown Area မှာ လို့ပြောလို့တော့ ရပါတယ်။ Shenton Way ပေါ်က Shenton House ပေါ်မှာလေ။ အရင်တုန်းကတော့ ဆိုဒ်ရဲ့ တည်နေရာက Marina Bay မှာဆိုတော့ Raffles ကိုအရင်စီး၊ Raffles ကနေမှတဆင့် Marina Bay ကိုစီးလိုက်ရုံပါပဲ။ ပြီးတော့လည်း အဲဒီ Raffles ကနေ Marina Bay ကိုသွားတဲ့လိုင်းက လူအရမ်းရှင်းပါတယ်။ ရထားပေါ်မှာ ပါလာတဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ကလည်း Marina Bay မှာရှိတဲ့ Construction Site တွေမှာ အလုပ်ဆင်းကြမယ့် Engineer တွေ၊ အလုပ်သမားတွေချည်း ပါပဲ။ မိန်းခလေးလည်း တော်တော်ရှားပါတယ်။ ကျွန်မတို့ ဆိုဒ်မှာ ဆိုရင်လည်း မိန်းခလေးဆိုလို့ စုစုပေါင်းမှ ကျွန်မ တစ်ယောက်ပဲ ရှိတာပါ။

ဝတ်ကြတဲ့ အ၀တ်အစားတွေကလည်း Site သမားတွေဆိုတော့ သိတဲ့အတိုင်း ဂျင်းတွေပဲ များသောအားဖြင့် ၀တ်ဆင်ကြတာများပါတယ်။ ကျွန်မ ဆိုတဲ့သူကလည်း ဂျင်းကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင် တတ်တဲ့သူဆိုတော့ ဆိုဒ်မှာ နေရတာဟာ ကျွန်မအတွက်တော့ အရမ်းကို အဆင်ပြေပါတယ်။ ဂျင်း ဟာ ကျွန်မ အနှစ်သက်ဆုံး crazy အဖြစ်ဆုံး အ၀တ်အစား ပါပဲ။ ကျွန်မ ကုမ္ပဏီ သုံးခုတောင် ပြောင်းခဲ့တဲ့သူ ဆိုပေမယ့် ပထမ ကုမ္ပဏီမှာ Site Engineer လုပ်တုန်းကလည်း ဂျင်းပဲ နေ့တိုင်း ကျွန်မ ၀တ်တယ်။ ဒုတိယကုမ္ပဏီ ကျတော့လည်း ရုံးပေါ်မှာ လုပ်ရတာ ဆိုပေမယ့် ကုမ္ပဏီက သေးသေးလေးပါ၊ ဒါ့အပြင် ကျွန်မရဲ့ စီနီယာကအစ နေ့တိုင်း ဂျင်းကိုပဲ ၀တ်တာဆိုတော့ ကျွန်မကလည်းနေ့တိုင်း ဂျင်းကြီးပဲပေါ့။ အခုလက်ရှိကုမ္ပဏီကျတော့လည်း အလုပ်စ၀င်ကတည်းက ဆိုဒ်က ရုံးမှာစပြီးလုပ်ရတာ ဆိုတော့ ထုံးစံအတိုင်းနေ့တိုင်း ဂျင်းပဲပေါ့။

ကျွန်မ ဒီနိုင်ငံမှာ နေနေတဲ့ ကာလတောက်လျှောက် ခုချိန်ထိ အများဆုံး ၀ယ်ဖြစ်တာကလည်း ဂျင်းတွေချည်းပါပဲ။ စတိုင်ဘောင်းဘီတို့ စတိုင်စကတ်တို့ကို တစ်ခါမှ ယောင်လို့တောင် မ၀ယ်ဖြစ်ပါဘူး။ မြန်မာပြည်ကနေ ၀ယ်လာခဲ့တဲ့ စတိုင်ဘောင်းဘီတွေကလည်း ပုံမကျ ပန်းမကျနဲ့ ကျွန်မ တစ်ခါမှကို ရုံးကို မ၀တ်ဖြစ်တဲ့ အပြင် မြန်မြန် ဟောင်းသွားအောင် ဆိုပြီး တစ်ခါတစ်လေ အိမ်မှာနေရင်း ၀တ်ပစ်လိုက်ပါတယ်။ အဲဒီလိုနဲ့ ဆိုဒ်မှာသာသာ ယာယာ နေနေရင်း ဗြုန်းစား ဒိုင်းစားကြီး ရုံးချုပ်ကို ပြောင်းရမယ်လည်း ဆိုရော ကျွန်မမှာ ရုံးချုပ်ကိုဝတ်ဖို့ စတိုင်ကျကျ ဘောင်းဘီဆိုတာ တစ်ထည်မှ မရှိပါဘူး။ တနင်္ဂနွေည ကျမှ ကျွန်မသိရတာ ဆိုတော့ အဲဒီအချိန်ကျမှ ဘောင်းဘီ ထွက်ရှာဖို့ကလည်း မလွယ်တော့ပါဘူး။

အဲဒီလိုနဲ့ ရုံးချုပ်ကိုသွားတော့ MRT ကလည်း Raffles အထိမသွား ရတော့ဘဲ Tanjong Pargar MRT မှာဆင်းပြီး Shenton Way ကို ရောက်အောင် လမ်းပြန်လျှောက် ရပါတယ်။ ရုံးချုပ်ကို စပြီးသွားတဲ့ နေ့ကဆိုရင် ရီဖို့တောင် ကောင်းပါတယ်။ Tanjong Pargar MRT ကနေဆင်းပြီး Robinson Road ကိုအထွက် Exit တစ်လျှောက်လုံးမှာ ဂျင်းဘောင်းဘီ ၀တ်ထားတာဆိုလို့ ကျွန်မတစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်။ ကျွန်မရဲ့ ရှေ့နောက်ဝဲယာ တစ်လျှောက်က လူတွေ အကုန်လုံးကို ကြည့်လိုက်တော့ ဟား........ အားလုံးက ၀တ်စားထားကြတာများ လန်ထွက်နေတာပါပဲ။ တစ်ချို့များဆိုရင် ရုံးလာတယ်လို့ မထင်ရပဲ ရုပ်ရှင်ရိုက်ဖို့ လာသလားလို့များတောင် ထင်ရပါတယ်။

ဒီနိုင်ငံက လူတွေက အ၀တ်အစားဝတ်တဲ့ နေရာမှာတော့ တော်တော့်ကို စမတ်ကျကျ ၀တ်စားတတ်ကြတာကို တွေ့ရပါတယ်။ ကျွန်မ အဲဒီ Exit တစ်လျှောက်မှာ တွေ့ရတဲ့သူတွေ တော်တော်များများက Robinson Road နဲ့ Shenton Way တစ်လျှောက်မှာ အလုပ်ဆင်းကြရမယ့် သူတွေပါ။ အဖြူတွေလည်း တော်တော်များများ ပါပါတယ်။ တကယ်ဆိုရင် ကျွန်မဆိုတဲ့ သူက သူများတွေ ၀တ်တာစားတာကို စိတ်ဝင်တစားနဲ့ စပ်စပ်စုစု လိုက်ကြည့်တတ်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီနေ့ကတော့ ထူးထူးခြားခြားကြီးကို သတိထားမိလိုက် တာပါ။ အဲဒါနဲ့ ကျွန်မလည်း မနေသာတော့ပါဘူး။ ရုံးကပြန်တဲ့ အချိန်တွေမှာ စတိုင်ဘောင်းဘီ ရှာဖွေရေး စတင်ရပါတော့တယ်။

ကျွန်မ တစ်ခုကံကောင်းတာက ကျွန်မတို့ ကုမ္ပဏီက Construction Company ဆိုတော့ အ၀တ်အစားနဲ့ ပတ်သက်လို့ တင်းတင်း ကျပ်ကျပ် စည်းကမ်းချက်တွေ မရှိတာပါပဲ။ ဒါပေမယ့်လည်း ကျွန်မ အနေနဲ့က နေ့တိုင်း Site မှာဝတ်သလိုမျိုး နေ့တိုင်း ဂျင်းကြီးပဲ ၀တ်နေလို့လည်း ဘယ်သင့်တော်ပါ့မလဲနော်။ ရောမ ရောက်ရင် ရောမလို ကျင့်ရမယ် ဆိုတဲ့ စကားလိုပဲ ကိုယ်နဲ့ အဆင်ပြေမယ့် စတိုင်ဘောင်းဘီကို ရအောင်ရှာဝယ်ပြီး ရုံးကို အလျဉ်းသင့်သလို ၀တ်ဝတ်သွားရပါတယ်။ စ၀တ်သွားတဲ့နေ့ တုန်းကများဆိုရင် တော်တော်ကို မနေတတ် မထိုင်တတ် ဖြစ်တာပါ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ၊ ၀တ်ရတာပါပဲ။

ကျွန်မ အနေနဲ့ နောက်ထပ် အံ့သြစရာတစ်ခု ထပ်တွေ့ရတာက သောကြာနေ့ ရုံးတက်တော့ MRT ပေါ်က အဆင်းမှာ ထူးထူးခြားခြား သတိထားလိုက်မိတာ လူတိုင်းလိုလိုက ဂျင်းတွေ ၀တ်ထားကြတာ ကိုပါ။ အားလုံးကလည်း အရင်နေ့တွေက ထက် လွပ်လပ်ပေါ့ပါး နုပျိုလန်းဆန်း နေကြသလိုပါပဲ။ ကျွန်မလည်း မနေနိုင်တော့ နေ့ခင်းထမင်းဆိုင်မှာ ကျွန်မတို့ ရုံးက စလုံးမတစ်ယောက်ကို မေးကြည့်လိုက်တော့.....ဟုတ်တယ်တဲ့၊ ဒီ စင်ကာပူမှာ ရုံးတွေက သောကြာနေ့ တစ်ရက်ပဲ ဂျင်းကို ၀တ်ဆင်ခွင့်ပြုတာတဲ့။ ဒါပေမယ့် Construction Company တွေကတော့ ရပါတယ်၊ ဘာပဲဝတ်ဝတ်တဲ့။ ဟူး...........တော်ပါသေးရဲ့ နော်။ ကျွန်မ ဟာ Civil Engineer တစ်ယောက် ဖြစ်နေပြီး ဒီနိုင်ငံမှာ ရှိတဲ့ Construction Company တွေမှာ အလုပ်လုပ်ခွင့်ရလို့.....။ နို့မို့လို့ကတော့ ကျွန်မ မ၀တ်ချင်တဲ့ စတိုင်တွေ၊ စကတ်တွေ၊ ဒေါက်တွေနဲ့ ပဲ နေ့တိုင်းသာ ရုံးတက်နေရမယ်ဆိုရင်တော့လား.......စိတ်ကျဉ်းကျပ်စရာ ကောင်းလိုက်မယ့်ဖြစ်ခြင်း။

ကျွန်မကတော့ အခုအချိန်အထိ ဘယ်လို နေရာ ဘယ်လို အခြေအနေမျိုးနဲ့ ရုံးကိုပဲ တက်ရတက်ရ..... ကျွန်မကိုများ ရုံးသွားခါနီး “ဂျင်းနဲ့စတိုင် ဘာကိုရွေးမလဲ” လို့ မေးလာခဲ့ရင် ကျွန်မ မဆိုင်းမတွ ဖြေလိုက်မိမှာကတော့ “ဂျင်း” လို့ ပါပဲလို့။