Pages

Tuesday, November 17, 2009

မိုးတွေရွာရင် (၂)

မိုးတွေရွာရင်....(၁) မှာတုန်းက မိုးရာသီမှာရှိတဲ့ ကျွန်မ ကြိုက်တဲ့ အချက်တွေကို ရေးခဲ့ပြီးပြီဆိုတော့ မကြိုက်တဲ့ အချက်တွေကိုလည်း ပြောပြချင်ပါသေးတယ်။ အင်း.........မကြိုက်တာက သိပ်များများစားစားကြီးတော့ မရှိပါဘူး။ မိုးရွာရင် ကျွန်မ မကြိုက်တာ တစ်ခုက အရာဝတ္ထု အားလုံးက ခြောက်ခြောက်သွေ့သွေ့ မရှိတော့ပဲ စိုထိုင်းထိုင်းနဲ့ ဖြစ်နေတာကိုပါပဲ။ တကယ်လို့ မိုးက တစ်ပတ်လောက်ကို မပြတ်တော့ပဲ တောက်လျှောက် ဆက်ရွာနေပြီ ဆိုရင်တော့ လျှော်ပြီးသား အ၀တ်အစားတွေကို လှမ်းဖို့ အတွက်က တော်တော်လေးကို အဆင်မပြေ ဖြစ်သွားပါပြီ။ တစ်ခါတစ်လေ ကိုယ်က အပြင်ကိုသွားဖို့ အရေးကြီးနေတယ် ကိုယ်ဝတ်ချင်တဲ့ အင်္ကျီက မခြောက်နိုင်သေး......မီးပူတိုက်ဖို့ကျပြန်တော့လည်း မြန်မာပြည်က မီးက သိတဲ့အတိုင်း....။ ကျွန်မဆိုတဲ့ လူကလည်း ဒီခရီးလမ်း သွားရင် ဒီအင်္ကျီပဲ ၀တ်မယ်လို့မှန်းထားရင် အဲဒါကိုပဲ ၀တ်ရမှ ကျေနပ်တဲ့သူ၊ တခြား ဖွပ်ပြီးသား မီးပူတိုက်ပြီးသား အင်္ကျီတွေ ဘယ်လောက် ရှိနေနေ ဒါဆို ဒါမှ ၀တ်ချင်တဲ့သူ ဆိုတော့ အဲဒီလို မိုးတွေကရွာ မီးကမလာ ဆိုရင်တော့ ကျွန်မလို လူမျိုးအတွက် တော်တော်လေးကို စိတ်အနှောက်အယှက် ဖြစ်ရတာပါ......။ နောက်တစ်ချက်က ကျွန်မကညဖက် မိုးတွေရွာတဲ့အချိန်မျိုးဆိုရင် မီးလာမှ ကြိုက်တာပါ။ ကျွန်မက မိုးအေးအေးနဲ့ ကွေးနေရင်း မီးလေး ဖွင့်ထားပြီး စာဖတ်နေချင်တဲ့သူလေ။ အဲဒီလိုမှ မဟုတ်ပဲ ညဖက်ကို မိုးတွေကရွာ မီးကမလာနဲ့ မှောင်မည်းနေတဲ့ အချိန်မျိုးတွေ ဆိုရင်တော့ အရမ်းကို စိတ်ညစ်တာပါ။ အင်း....မကြိုက်တဲ့ အချက်တွေကတော့ အဲဒီလောက်ပဲ ထင်ပါတယ်....။

မိုးရာသီနဲ့ ပတ်သက်လို့ ကြိုက်တာတွေ မကြိုက်တာတွေ ပြီးသွားပြီဆိုတော့ နောက်ရေးဖို့ကျန်တာက မိုးတွေရွာရင် အလိုလို သတိရမိသွားတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ အကြောင်းပဲပေါ့။ တကယ်ဆို မိုးရာသီက ကျွန်မဘ၀မှာ အရေးပါတယ်လို့တော့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးတွေရွာနေတဲ့ ဇွန်လမှာပဲ ကျွန်မကို မေမေက မွေးခဲ့တာလေ......။ ပြီးတော့လည်း ကျောင်းသွားရမှာ အရမ်းကြောက်၊ အရမ်းပျင်းတဲ့ ကျွန်မ ကျောင်းနေတဲ့ဘ၀ကို စတင်ခဲ့ရတာလည်း ဇွန်လရဲ့မိုးစက်တွေ ကြားထဲမှာပဲပေါ့။ နောက်တစ်ခုက ကျွန်မဟာ ငယ်ငယ်တုန်းက တော်တော်ကို ဆိုးတဲ့ ကလေးလေးတစ်ယောက် ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ သူငယ်တန်း တက်တော့ မေမေက ကျွန်မ ညီမလေးကို ကိုယ်ဝန်ဆောင်ထားရချိန်ပါ။ ဒါပေမယ့် မေမေဟာ ကျွန်မကို နေ့တိုင်းနေ့တိုင်း ကျောင်းမှာ တစ်နေကုန်အောင် လိုက်စောင့် ပေးရပါတယ်.....။ လိုက်စောင့်ပေးရတာမှ ရိုးရိုးတောင် မဟုတ်ပါဘူး။ ကျွန်မ တို့စာသင်ခန်းရဲ့ ပြတင်းပေါက်ကနေ ကျွန်မ မြင်အောင် နေပေးနေရတာပါ။ ကျွန်မ ဆိုတဲ့သူက တစ်နေ့တစ်နေ့ ဆရာမ သင်နေတဲ့စာကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ ပြတင်းပေါက်ကနေ မေမေ ရှိမရှိ အပြင်ကိုပဲ လှမ်းလှမ်း ကြည့်နေတာပါ။ အဲဒီတုန်းကကျောင်းအုပ်ဆရာမကြီး ကလည်းမိဘတွေကိုအဲဒီလို စောင့်ခွင့် မပေးပါဘူး။ အဲဒီတော့ မေမေ့မှာ ကျောင်းအုပ်ဆရာမကြီး လိုက်စစ်တဲ့ အချိန်တွေဆိုရင် မမြင်အောင်လည်း ပုန်းရပါသေးတယ်။ ကျွန်မဆိုတဲ့သူကလည်း မေမေ့ကို မတွေ့လိုက်တာနဲ့ ထွန့်ထွန့်လူးအောင် ငိုတော့တာပါပဲ။
ကဲ....စဉ်းစားသာကြည့်ကြ ပါတော့နော်။ မေမေဟာ ညီမလေးရဲ့ ကိုယ်ဝန်ကြီးကိုလဲ လွယ်ထားရသေးတယ်၊ ကျွန်မ ကိုလည်း စာကောင်းကောင်း သင်ဖို့အတွက် တနေကုန်ကျောင်းမှာ စောင့်ပေးရသေးတယ်။ အဲဒီ မိုးစက်တွေအောက်မှာ ပဲပေါ့.........။ ကျွန်မ သိတတ်တဲ့ အရွယ်ကိုရောက်တော့ အဲဒီအကြောင်းတွေကို ပြန်အောက်မေ့ တွေးတော စဉ်းစားကြည့်မိတယ်........ မေမေဟာ အဲဒီတုန်းက ကျွန်မအတွက်နဲ့ ဘယ်လောက်များ ပင်ပန်းလိုက်မလဲ လို့ပေါ့....။

ကျွန်မ သူငယ်ချင်းတွေဆိုရင် ကျွန်မ မှတ်မိသလောက် ဘယ်သူမှ သူတို့အမေတွေက အဲဒီလို လိုက်စောင့်ပေးဖို့ မလိုဘူး ထင်တာပါပဲ။ သူတို့ဟာ သူတို့နေကြတာပါပဲ။ ကျောင်းပို့၊ ကျောင်းကြို၊ နေ့ခင်း ထမင်းလာကျွေး ကြတာတွေတော့ တွေ့ပါတယ်။ မေမေ့ လိုတော့ ဘယ်သူမှ တစ်နေကုန်အောင် စောင့်ပေးနေစရာ မလိုဘူး ထင်ပါတယ်။ ကျွန်မအခုအသက်တွေ တဖြည်းဖြည်းကြီး လာတော့ မိုးတွေ ရွာပြီဆိုတိုင်း ကျွန်မ သူငယ်တန်းတုန်းက ကျွန်မကို ကျောင်းကိုလိုက်ပို့ပေးပြီး ကျောင်းမှာ တစ်နေကုန်စောင့်ပေးနေရရှာတဲ့ ကိုယ်ဝန်ကြီးနဲ့ မေမေ့ ရဲ့ပုံကို အမြဲလိုလို မြင်ယောင်မိတယ်။ မြင်ယောင်မိတိုင်းလည်း အမြဲ စိတ်မကောင်း ဖြစ်ရတယ်။ စိတ်ထဲကနေလည်း “ သမီးဟာ အဲဒီလို ကလေးဆိုးလေး တစ်ယောက် ဖြစ်ခဲ့တဲ့ အတွက် ခွင့်လွှတ်ပါ မေမေ” လို့လဲအမြဲ ပြောနေမိတယ်။

့ဒါပေမယ့် ကျွန်မ ကြာကြာတော့ ဆိုးခွင့်မရလိုက်ပါဘူး......။ မိုးတွေ ရွာနေသေးတဲ့ စက်တင်ဘာလထဲမှာပဲ ညီမလေးကို မေမေက မွေးဖွားခဲ့ပါတယ်။ ကျွန်မ မှတ်မိ သလောက် မိုးတွေအရမ်းရွာနေတဲ့ အတွက်ကြောင့် ညီမလေးအတွက် အနှီးတွေ မခြောက်လို့ အိမ်ပေါ်မှာ မီးဖိုဖိုပြီး ဖေဖေရယ်၊ ကိုကြီးရယ် ကျွန်မရယ် ညီမလေးရဲ့ အနှီးတွေကို ခြောက်အောင် မီးကင်ပေးရတာတွေကို အမှတ်ရနေ ပါသေးတယ်။ အင်း......တကယ်တမ်း စဉ်းစားကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့မောင်နှမ သုံးယောက်လုံးက မိုးတွင်းမှာ မွေးခဲ့ကြသူတွေချည်းပါပဲလား.....။

အဲဒီ ငယ်စဉ် ဘ၀တုန်းက ဆိုရင် မိုးဦးစကျလာပြီ ဆိုရင် ကျောင်းတွေပြန်ဖွင့်ပြီး ကျောင်းပြန်တက်ရတော့မယ် ဆိုတာကို သိတာနဲ့ ကျွန်မ မပျော်တော့ပါဘူး။ ကျွန်မက မိုးရွာတဲ့နေ့တွေ ဆိုရင် ကျောင်းကို လုံးဝမသွားချင်ပါဘူး။ ကျွန်မက ငယ်ငယ်တုန်းက အဆုတ် သိပ်မကောင်းတဲ့အတွက် အဆုတ်ဆေးတွေ သောက်ရသေးတဲ့ အပြင် မိုးမိလည်း သိပ်မခံနိုင်ပါဘူး။ ဖေဖေ နဲ့ မေမေ ကလည်း သူတို့ သမီး အလိမ္မာတုံးလေးကို သိပ်ကို အလိုလိုက်တာပါ။မိုးနဲနဲရွာတာနဲ့ကျောင်းကို ခွင့်ကတိုင်ပြီးသားပဲ......ဟဲဟဲ.....အင်ကြင်းသန့်တို့ကတော့
အကြိုက်ပေါ့။ ကျွန်မက ကျောင်းခဏခဏပျက်လို့လဲ စာတွေအတွက် စိတ်မပူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေမေကကျောင်းဆရာမလေ......။ ဒါ့အပြင် မေမေက ညီမလေးရဲ့ ကိုယ်ဝန်ကိုဆောင်ရချိန်ကတည်းက အလုပ်ကနေထွက်လိုက်တာ ဆိုတော့ အိမ်မှာကျွန်မတို့မောင်နှမတွေကိုပဲ ကောင်းကောင်းစာသင်ပေးတော့တာပေါ့။ ဒါကြောင့် ကျွန်မက ကျောင်းပျက်လည်း စိတ်မပူပါဘူး.....အိမ်မှာ မေမေ ရှိတယ်လေ......။ ဒါကတော့ မိုးရာသီနဲ့ပတ်သက်လို့ ကျွန်မ ဘ၀ရဲ့မှတ်ဥာဏ်တွေထဲမှာ အစောဆုံးမှတ်မှတ်ရရ ဖြစ်နေတဲ့ အကြောင်းအရာ တွေပေါ့နော်။

နောက်တစ်ခု ကျွန်မ မှတ်ဥာဏ်ထဲမှာ မေ့မရတဲ့ အရာတစ်ခုက မိုးစက်မိုးပေါက်တွေရဲ့ အသံနဲ့အတူ အမြဲကြားရလေ့ရှိတဲ့ ဖားအော်သံတွေပါပဲ။ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေတဲ့ မိုးစက်သံတွေနဲ့ အတူကြားနေရတဲ့ အဲဒီဖားအော်သံတွေဟာ ကျွန်မအတွက်တော့ အရမ်းကိုနားထောင်လို့ကောင်းတဲ့ မိုးရာသီရဲ့သံစဉ်တစ်ပုဒ် လိုပါပဲ။ ကျွန်မက ငယ်ငယ်လေး ကတည်းက အဲဒီလိုဘာမဟုတ်တာလေးတွေကိုက အစ နှစ်သက် ခံစားနေတတ်တာလေ....။ နောက်တစ်ခုက မိုးတွေရွာနေတဲ့ ညတွေမှာ ရန်ကုန်-ပြည်မီးရထားကြီး ဆိုက်ပြီဆိုတာနဲ့ မရှေးမနှောင်းမှာပဲ ကြားရလေ့ရှိတဲ့ “ဆင်မြီးဆွဲ ပြောင်းဖူးပြုတ် ပူပူလေး” ဆိုပြီး အထမ်းတွေနဲ့ လာရောင်းကြတဲ့ ပြောင်းဖူးပြုတ်သည်တွေရဲ့ အသံပါပဲ။ ကျွန်မတို့မိသားစုလည်း အမြဲလိုလို လှမ်းခေါ်ပြီး ၀ယ်စားလေ့ ရှိခဲ့ပါတယ်။ အေးစက်နေတဲ့ မိုးရေတွေအောက်မှာ ပြောင်းဖူးပြုတ်သည်ကြီးရဲ့ ပြောင်းဖူးတောင်းကြီးထဲက ပြောင်းဖူးတွေက အငွေ့တွေ တစ်ထောင်းထောင်းထ နေပြီး တောင်းကိုအုပ်ထားတဲ့ ပလတ်စတစ်စမှာ အငွေ့တွေရိုက်နေတဲ့ ပုံစံက မြင်ယုံနဲ့ကို စားချင်စရာပါ......။ သူ့ရဲ့ ပြောင်းဖူးပြုတ်တောင်းကြီးကိုချ ပလတ်စတစ်စကို ဖယ်လှပ်လိုက်ရင်များဖြင့် ထွက်လာတဲ့ ပြောင်းဖူးပြုတ်တွေရဲ့ အပူငွေ့တွေကြောင့် မိုးအေးလို့ချမ်းနေတာတွေတောင် ပြေသွားသလိုပါပဲ....။ မိုးကအေးအေး အချိန်လေးမှာ ဆင်မြီးဆွဲပြောင်းဖူးပြုတ် ပူပူအိအိလေးကို ဆားသုတ်ပြီးစားရတာ အရမ်းကို အရသာရှိတာပါ။ အခုများတော့လည်း အဲဒီအရသာတွေနဲ့ဝေးခဲ့တာ ကြာလှပေါ့....။ အထမ်းနဲ့လာရောင်းကြတဲ့ ဆင်မြီးဆွဲ ပြောင်းဖူးပြုတ်သည်တွေကိုတောင် မတွေ့ရတော့တာ အတော်ကြာခဲ့ပြီ ထင်ပါတယ်။ အင်း......မိုးတွေရွာရင်ငိုချင်တာ အဲဒီတုန်းက ပြောင်းဖူးပြုတ်ကို ပြန်စားချင်လို့လည်းပါမယ်ထင်ပါတယ်....:)
(ဆက်ပါဦးမည်.....)
(မှတ်ချက်။ ။မိုးရာသီနဲ့ပတ်သက်လို့တကယ်တမ်းရေးစရာတွေက အများကြီးပါ။ ဒါပေမယ့် ပိုစ့်တိုင်းက တောက်လျှောက် ဒါကြီးပဲ ဆက်နေမယ် ဆိုရင်လည်းပျင်းစရာကြီးဖြစ်နေမယ် ထင်တယ်။ ကြိုကြား ကြိုကြား အလျဉ်းသင့်သလိုရေးသွားတာပဲကောင်းမယ်လို့ထင်ပါတယ်။)

1 comment:

Lengtai said...

မိုးကအေးအေး အချိန်လေးမှာ ဆင်မြီးဆွဲပြောင်းဖူးပြုတ် ပူပူအိအိလေးကို ဆားသုတ်ပြီးစားရတာ အရမ်းကို အရသာရှိတာပါ...။
အောင်မေလေး အမရယ်.. စားချင်လိုက်တာ ပြောင်းဖူးပြုတ်ကို မစားရတာအတော်ကြာသွားပြီ..။
တော်ပြီ တော်ပြီ ဆက်ဖတ်ရဲတော့ဘူး တော်ကြာ ပြောင်းဖူးမက် အိမ်မက်မက်နေအုန်းမယ်..။ :P

yours truly