Pages

Saturday, November 14, 2009

မိုးတွေရွာရင် (၁)

မိုးနဲ့ပတ်သက်လို့ ပိုစ့်တစ်ပုဒ်လောက်ကို ကျွန်မ ရေးချင်နေတာတော့ အတော်ကြာခဲ့ပါပြီ။ မိုးတွေရွာလာပြီဆိုရင် လူက ဘာဖြစ်တာမှန်းမသိ...။ အလိုလိုနေရင်းကို ငိုချင်လာတော့တာပါပဲ...။ ဘာကိုမှန်းမသိတဲ့ မရေရာတဲ့ အလွမ်းတွေကလည်း ရင်ထဲကို အလိုလို ရောက်ရောက်လာတတ်တယ်။ ကျွန်မအထင်တော့ ငယ်ငယ်တုန်းက အကြောင်းအရာတွေနဲ့ မြန်မာပြည်မှာ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေ တော်တော်များများကိုပဲ ဖြစ်မယ် ထင်ပါတယ်။ ခုရက်ပိုင်းမှာလဲ ဒီစင်ကာပူမှာက ရက်ဆက်ဆိုသလို မိုးက မပြတ်ပဲ နေ့တိုင်းလိုလို ရွာနေတော့တာလေ။ အိမ်မှာဆိုတော်သေးတယ်...။ ရုံးမှာဆိုရင်ပိုဆိုးတယ်။ ထိုင်တာကလည်း ပြတင်းပေါက်နဲ့ကပ်လျက် ပြတင်းပေါက်ကို ကျောခိုင်းပြီးထိုင်ရတာ...။ မိုးရွာလာပြီဆိုရင် လူက အလိုလိုနေရင်း direction က ပြောင်းပြောင်း သွားတတ်တယ် (အလုပ်စားပွဲကိုကျောခိုင်းပြီး ပြတင်းပေါက်ကို မျက်နှာမူရက်သား ဖြစ်ဖြစ် သွားတာလေ)။

အဲဒီအချိန်ဆို ညို့မှိုင်းနေတဲ့ကောင်းကင်မှာ လျှပ်စီးကြောင်းတွေ ပြိုးပြိုးပြက်ပြက် လက်နေတာကို လှမ်းမြင်နေရတာကိုက ခံစားမှုတစ်မျိုးကို ပေးနေသလိုပဲ....။ တစ်ခါတစ်လေဆိုရင် အဲဒီ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးကပဲ မြေပေါ်ကို တအိအိနဲ့ပြိုဆင်းလာတော့ မယောင်ယောင် ထင်မိတတ်သေးတာ။ သည်းကြီးမည်းကြီး အရှိန်နဲ့ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တွေက မာကျောတဲ့ ကတ္တရာလမ်းမနဲ့ ထိတွေ့တဲ့ အခါမှာ ဘေးကိုလွင့်စင်ကာ ဖျာဖျာထွက်သွားတဲ့ မြင်ကွင်းကလည်း အရမ်းကို ကြည့်လို့ကောင်းတဲ့ မြင်ကွင်းတစ်ခုပေါ့...။ မိုးနဲ့အတူ လေပါ ပါလာပြီဆိုရင်တော့ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်ဆီက သစ်ပင်တွေက ယိမ်းကနေသလိုမျိုး လေခေါ်ဆောင်ရာ direction အတိုင်း ညီညီညာညာ ယိမ်းထိုးနေကြပုံကလည်း ရှုမငြီးချင်စရာပါပဲ....။ ကျွန်မ အဲဒီမြင်ကွင်းတွေကို ကြာကြာ ငေးကြည့်နေမိပြီဆိုရင် လူက အလိုလိုနေရင်း ဆွံ့အတိတ်ဆိတ်သွားပြီး အတွေးကလည်း အတိတ်တွေဆီကို အလိုလို ရောက်သွားတော့တာပါပဲ....။

မြန်မာနိုင်ငံမှာရှိတဲ့ ရာသီဥတုသုံးမျိုးထဲမှာ ကျွန်မအတွက်ကတော့ ဘယ်ရာသီကို အကြိုက်ဆုံး၊ ဘယ်ရာသီကို မကြိုက်ဆုံး ရယ်လို့တော့မရှိပါဘူး။ ကျွန်မက ဘယ်အရာလေးကိုမဆို အရမ်းခံစားလွယ်တတ်တဲ့သူ ဆိုတော့ ဘယ်ရာသီမှာမဆို ကျွန်မ ကြိုက်တဲ့အချက်တွေ ရှိသလို....မကြိုက်တဲ့ အချက်တွေလည်း ရှိတာပါပဲ...။ အင်း...အခုမိုးနဲ့ပတ်သက်တာကို ရေးနေတာဆိုတော့ မိုးရာသီအကြောင်းပဲ ပြောတာကောင်းမယ် ထင်ပါတယ်။

မိုးရာသီမှာဆိုရင်တော့ ကျွန်မကြိုက်တဲ့အချက်တွေ တော်တော်များများလေးတော့ရှိတယ်။ အခုနပြောခဲ့သလိုပေါ့.....မိုးတွေရွာပြီဆိုရင် အဲဒီလို ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းပြီး ငေးနေရတဲ့အရသာ၊ လမ်းဘေး တစ်ဖက်တစ်ချက်စီက ရေမြောင်းတွေထဲမှာ မိုးရေတွေ စီးမျောသွားသလိုမျိုး အတွေးတွေ ခေါ်ဆောင်ရာနောက်ကို မျောပါသွားရတဲ့ အရသာ...အဲဒါတွေကို ကျွန်မ တော်တော်ကြိုက်တယ်။ တကယ်လို့ ပြတင်းပေါက်က မှန်ပြတင်းပေါက် ဖြစ်ခဲ့မယ် ဆိုရင်လည်း အဲဒီ ပြတင်းပေါက်မှန်သားကို မိုးစက်တွေ လာလာထိမှန်တဲ့ပုံစံ.......အဲဒါကိုလည်း ကြိုက်တယ်။ ပြတင်းကို လာစင်တဲ့ မိုးစက်တွေက ပုံသဏ္ဍန်အမှန် မရှိဘူးလေ...။ ပုံစံမျိုးမျိုးနဲ့ ပက်စင်ချင်သလို ပက်ကြတာမျိုး..။ ပြီးတော့ မိုးစက်တွေက ပြတင်းပေါက်ကို လာထိပြီးရင် မှန်သားတစ်လျှောက် အောက်ဘက်ကို ပြန်စီးကျသွားတဲ့ မြင်ကွင်း...အဲဒါလေးတွေကိုလိုက်ကြည့်နေရတာကိုပဲ ဘာမှမဟုတ်ပဲနဲ့နှစ်သက်နေတာ။

တကယ်ဆိုရင် ကျွန်မက မိုးရွာတဲ့ အချိန်တွေဆိုရင် ပြတင်းပေါက်ကို ပိတ်ထားရတာကို သိပ်မနှစ်သက်ချင်ဘူး...။ အခု ဒီမှာကတော့ ပြတင်းပေါက်တွေကု အမြဲတန်းလိုလိုပဲ ပိတ်ထားတတ်ကြပါတယ်။ ကျွန်မတို့ရဲ့ မြန်မာပြည်က အိမ်လေးမှာဆိုရင် မိုးရွာပြီဆိုရင် ကျွန်မက များသောအားဖြင့် ကျွန်မအခန်းရဲ့ပြတင်းပေါက်လေးကို မပိတ်ဖြစ်တာ များပါတယ်။ ကျွန်မက ပြတင်းပေါက်ကို ဖွင့်ထားပြီးတော့ အဲဒီပြတင်းပေါက်လေးမှာ မတ်တတ်ရပ်ပြီး ပြတင်းကို ဖြတ်ဝင်လာတဲ့ ရေငွေ့ပါတဲ့လေရဲ့ အထိအတွေ့ကို ခံစားချင်တတ်တဲ့ သူလေ..။ အဲဒီလို ဖွင့်ထားလိုက်တဲ့ အတွက် မိုးစက်တွေက ကိုယ့်ကို တိုက်ရိုက် လာလာပြီး ထိမှန်တာမျိုးကို ကျွန်မက လိုချင်တာ....။ တံစက်မြိတ်ကနေ ညီညီညာညာ စီးကျနေတဲ့ မိုးရေစက်တွေကို ကြည့်နေရတာကိုလည်း နှစ်သက်ပြန်သေးတာ။ နောက်တစ်ခုက ပြတင်းပေါက်မှာ တပ်ဆင်ထားတဲ့ ခန်းစီးစလေး တဖျတ်ဖျတ် လွင့်နေတာကိုရောပေါ့။ ပြီးတော့ မြေသင်းနံ့.......ဟုတ်တယ်......အဲဒါ ကျွန်မအရမ်းနှစ်သက်တဲ့ ရနံ့တစ်ခုပေါ့။ ပြတင်းပေါက်ကို ဖွင့်ထားမှသာ အဲဒီမြေသင်းနံ့လေးကို ကျွန်မရှူရှိုက်ခွင့်ရမှာပေါ့။ ဒါကလည်း မိုးတွေက အရမ်းကို သည်းကြီးမည်းကြီး ရွာလာရင်တော့ မဖြစ်နိုင်တော့ဘူးပေါ့လေ....။ အဲဒီအခါကျရင်တော့ ကျွန်မ ပြတင်းပေါက်ကိုပိတ်ဖို့ မဖြစ်မနေ လိုအပ်လာပြီလေ။

ဒါပေမယ့် အဲဒီလိုပြတင်းပေါက်ကို ပိတ်ထားလိုက်ပြီးရင်လည်း ကျွန်မကမိုးတွေရွာနေတဲ့ အချိန်လေးကိုအကျိုးရှိရှိအသုံးချတဲ့ နောက်တစ်နည်း ရှိသေးတယ်......။ အဲဒါကတော့ ကျွန်မရဲ့အိပ်ရာလေးပေါ်မှာ စောင်လေးခြုံကွေးနေပြီး ကိုယ်အရမ်းကြိုက်တဲ့ စာရေးဆရာတစ်ယောက်ယောက်ရဲ့ ၀တ္ထုစာအုပ်လေးတစ်အုပ်အုပ်ကို ဖတ်နေတာမျိုးပေါ့။ စာအုပ်ဖတ်နေရင်းနဲ့ ခေါင်မိုးပေါ်ကို မိုးစက်တွေတစ်ဝုန်းဝုန်း ရွာကျနေတဲ့အသံကို နားထောင်နေရတာကလည်း ဘာနဲ့မှမတူတဲ့ အရသာတစ်မျိုးပါပဲ။ မိုးတွေရွာရင် အလိုလိုငိုချင်လာတယ် ဆိုတာ ကျွန်မရဲ့စိတ်က ဟိုတုန်းက အဲဒီအရသာတွေကို ပြန်မရနိုင်တော့တာကို မသိစိတ်ထဲကသိနေလို့ ပဲဖြစ်မယ်ထင်ပါတယ်....။ (ဆက်ပါဦးမည်.........)

4 comments:

waiwaisoe07 said...

ငါ မှတ်မိ နေသေး တယ် သူငယ်ချင်းေ၇ ပထမနှစ် က အချိန်တခုကိုပေါ့ အဲဒီနေ့ က မိုးတွေ သဲသဲ မဲမဲ ၇ွာ နေတယ် လေ။ ထမင်းစား ပြီး လို့ တက်၇တဲ့ အချိန် အတန်းေ၇ာက်လို့ နာ၇ီ ဝက် ကျော် လောက် မှာ အတန်း အပေါက်ဝ မှာ နှင်းလျှံသင်း အင်္ကျီ တွေဝတ်ထား တဲ့ နင်နဲ့ ဖြူအိဆွေ။ ပဲများပြီး လှိုင်ဝါမှာ ပတ်စပို့ ဓာတ်ပုံ သွား ၇ိုက်ပြီး အပြန် မိုးတွေ စိုလို့ နှင်းလျှံသင်းအိမ်မှာ အဝတ် ဝင် လဲပြီး ပြန်လာ တာ။ အတန်းချိန်က လဲ တဝတ် တပျက်နဲ့ ဝင်၇မှာ ၊ဝတ်ထားတော့ လဲသူများ အကျီင်္တွေနဲ့။ ၇ီကျဲကျဲ မျက်နာ တွေနဲ့ အတန်း ပေါက်ဝ မှာ ၇ပ် နေတဲ့ သူငယ်ချင်း ၂ယောက်၇ဲ့ နောက် မှာ မိုး၇ွာနေတဲ့ မြင်ကွင်း ဟာ မိုးတွေ ၇ွာ တိုင်း တော့ သတိ ၇ နေတာပဲ။

INGJIN THANT said...

ဟားဟား....ရှူး...တိုးတိုးလေ၊ သယ်ရင်းကလည်း...ငါပဲများတဲ့အကြောင်းကိုလူတွေ
သိကုန်တော့မယ် :P

ချစ်ကြည်အေး said...

လာဖတ်သွားတယ်နော် ညီမ အင်ကြင်း၊ မိုးနဲ့ ပတ်သက်လို့ လူတိုင်းဆီမှာ ခံစားချက် တမျိုးဆီတော့ အနဲဆုံး ရှိကြမှာပါ၊ ညီမ စာရေးရင် အပိုဒ်လေးတွေ နဲနဲ ခြားပြီးရေးကြည့်ပါလားဟင် ကြည့်ရတာ ညှပ်သိတ်မနေတော့ဘူးပေါ့ ဆရာကြီးလုပ်တာ ဟုတ်ဘူး ,ချစ်လို့ စာစုလေး သပ်ရပ်စေချင်လို့ပါ....

INGJIN THANT said...

အိုး.... မရယ်...ဆရာကြီးလုပ်တယ်လို့ လုံးဝမထင်တဲ့အပြင် အရမ်းကိုလည်း ကျေးဇူးတင်မိပါတယ်။ ညီမလေးက စာကိုရေးချင်တာပဲ သိပြီးစွတ်ရေးတာ...ပြီးသွားရင် ကိုယ့်စာပိုဒ်တွေ ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ...ဘာကိုစိတ်တိုင်းမကျမှန်းလည်း မသိဘူး....အခု မ ပြောပြမှပဲ လိုနေတာကိုသိသွားတော့တယ်....နောက်လည်း အမြင်မတော်တာရှိရင် ပြောပြပေးဦးနော်....