Pages

Saturday, November 28, 2009

နှမ်းဖြူးတဲ့နေ့အကြောင်း အမှတ်တရ

သောကြာနေ့က ကျွန်မ သူငယ်ချင်းမချစ်စု Bukit Batok ကနေ Lakeside ကို အိမ်ပြောင်းပါတယ်။ အဲဒီအခါကျတော့ ကျွန်မနဲ့ ဝေစိုးနဲ့ နှစ်ယောက်က မချစ်စုရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး နှစ်ယောက်ဆိုတော့ ဘယ်နေသာလိမ့်မလဲ နှမ်းသွားဖြူးရတာပေါ့ :P ။ အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်လေ။ ကျွန်မတို့နှစ်ယောက် အမှန်အကန်ကို နှမ်းဖြူးကြတာပါ။

မချစ်စုကို မနက်ပိုင်း ကျွန်မ ဖုံးလှမ်းဆက်တဲ့ အချိန်က ဆယ်နာရီခွဲနေပါပြီ။ သူကပစ္စည်းတွေ အကုန်လုံးကို သိမ်းဆည်းပြီးလို့ ကားပေါ်တင်ဖို့ပဲကျန်တော့တယ်၊ ပစ္စည်းတွေ ကူတင်ပေးဖို့ သူ့အသိ အစ်မတွေလည်း ရောက်နေပြီတဲ့၊ ကားကလည်း လာနေပြီတဲ့။ အဲဒီကားက တကယ်တော့သူတို့ ကုပ္မဏီက ကားလေ။ ကားမောင်းတာကလည်း ဗမာ အစ်ကိုကြီးဆိုတော့ အဆင်ပြေတယ်၊ မချစ်စု အိမ်ပြောင်းဖို့ အတွက် ဆိုပြီး ကားကို ယူလာလို့ရတယ်လေ။ မချစ်စုက ကျွန်မတို့ကို Bukit Batok ကိုလာရင် မမီလောက်တော့ဘူး ဆိုတာနဲ့ ကျွန်မတို့နှစ်ယောက်လည်း Lakeside အိမ်ကိုပဲ တန်းသွားလိုက်ကြပါတယ်။

ဟိုရောက်တော့ ပစ္စည်းတွေ အကုန်လုံးကို ကားပေါ်ကနေ ချပြီးလို့ ဓာတ်လှေခါးနားမှာ အကုန် အဆင်သင့်တောင် ရောက်နေကြပါပြီ။ သူ့ရဲ့မိတ်ဆွေ အစ်မနှစ်ယောက်ရယ်၊ ကားမောင်းတဲ့အစ်ကိုကြီးရယ် အကုန်လုံးက ကူညီချပေးထားပြီးကြပါပြီ။ ဟဲဟဲ .... အဲဒါနဲ့ ကျွန်မတို့နှစ်ယောက်လဲ အားနာနာနဲ့ ပစ္စည်းတွေ အကုန်လုံးကို သူနေမယ့် တိုက်ကိုးလွှာပေါ် အထိကြီးများတောင် ရောက်အောင် တင်ပေးလိုက်ကြပါတယ် (ဓာတ်လှေခါးနဲ့လေ :D။ အိမ်ကလည်း ဓာတ်လှေခါးအပေါက် ဘေးလေးမှာတင်ပဲ။ ဓာတ်လှေခါးထဲက ဆွဲထုတ်ပြီး အိမ်ထဲသွင်းလိုက်ရုံပဲ :) ။

ပစ္စည်းတွေ အိမ်ထဲလည်း သွင်းပြီးရော မချစ်စုက “သွားကြမယ်၊ သွားကြမယ်.... အားလုံးကို Boon Lay ကမြန်မာထမင်းဆိုင်မှာ ထမင်းလိုက်ကျွေးမယ်၊ ပစ္စည်းတွေကိုတော့ ပြန်လာမှပဲ နေရာချတော့မယ် ” တဲ့ ဆိုတော့ ကျွန်မတို့ တွေ ဘယ်ရမလဲ ခုနကားပေါ်ကို ပျော်ရွှင်စွာနဲ့ ရှေ့ဆုံးကနေ တက်ကြတာပေါ့။ ကားက ပစ္စည်းသယ်တဲ့ကား ဆိုတော့ နောက်ခန်းမှာ ခုံတွေမရှိပါဘူး။ ကျွန်မတို့တွေကလည်း မိန်းခလေးတွေဆိုတော့ကာ သိတဲ့အတိုင်း သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့ ဒီအတိုင်းပဲ ထိုင်ချလိုက်ကြပါတယ်။ တဆက်တည်းမှာပဲ မြန်မာပြည်မှာ သင်္ကြန် ရေပက်ခံထွက်ကြတာတွေကို အားလုံး သွားသတိရကြပါတယ်။ အဲဒါနဲ့ ကျွန်မတို့ ကားမောင်းတဲ့ အစ်ကိုကြီးကိုတောင် နောက်လိုက်သေးတယ်၊ “ကားဆီဖိုးစိုက်မယ်၊ Singapore တစ်မြို့လုံးကို ဒီကားနဲ့ တစ်ပတ်လောက် ပတ်လိုက်ရအောင်၊ ဘယ်လိုလဲလို့”လေ။ အဲဒါနဲ့ အစ်မတစ်ယောက်က ၀င်ပြောပါတယ်။ “မသွားနဲ့၊ မတန်ဘူး၊ ကိုယ့်ကို ရေပက်မယ့်သူ ဘယ်သူမှ မရှိဘူး” တဲ့။

အဲဒီလိုနဲ့ Boon Lay ဈေးကို ရောက်ကြတော့ ကားပေါ်ကဆင်းကြပြီး ဟိုကြည့်ဒီကြည့် ကြည့်နေရင်း တစ်နေရာမှာ ကျွန်မ တအံ့တသြ လှမ်းတွေ့လိုက်ရတာက မြန်မာစာလုံး အကြီးကြီးတွေနဲ့ ရေးထားတဲ့ ဆိုင်ခန်းတစ်ခု။ “မော်လမြိုင် ဆံသ” တဲ့။ ကျွန်မလည်း အားလုံးကို ၀မ်းသာအားရနဲ့ လှမ်းပြောပြီး လက်ညှိုးထိုး ညွှန်ပြလိုက်ပါတယ်။ အမလေးဟဲ့ ...... ဆံပင်ညှပ်ဆိုင်လေး တွေ့တာများ ဘာများ ထူးဆန်းလို့လည်းလို့ထင်စရာ ရှိပါတယ်။ ဟုတ်ကဲ့ ထူးဆန်းပါတယ်။ အခုလိုတိုင်းတပါးမှာ အင်္ဂလိပ်စာတန်းတွေ၊ တရုတ်စာတန်းတွေပဲ နေရာတိုင်းမှာ တွေ့နေရချိန်မှာ ထူးထူးခြားခြား အဲဒီလို မြန်မာစာတန်းကြီးကို တွေ့လိုက်ရတော့ ပျောက်ဆုံးနေတဲ့ ကိုယ့်ရဲ့ အဖိုးတန်ပစ္စည်း တစ်ခုကို မမျှော်လင့်ပဲ ရုတ်တရက် ပြန်တွေ့လိုက်ရသလိုပဲ ခံစားရလို့ပါ။ တဆက်တည်းမှာပဲ မြန်မာပြည်ဈေးက ဆိုင်ခန်းတွေကိုလည်း သတိရသွားပြန်ပါတယ်။

ဒီလိုနဲ့ ကျွန်မတို့အုပ်စု မြန်မာထမင်းဆိုင် ရှိတဲ့ စားသောက်ဆိုင်ခန်းတွေနေရာကို သွားကြပါတယ်။ နေရာက အကျယ်ကြီးပါပဲ။ သန့်သန့်ရှင်းရှင်းလည်းရှိပါတယ်။ ထမင်းဆိုင်နာမည်က Kay-Tu တဲ့။ “ကေတု” လို့အသံထွက်မယ် ထင်ပါတယ်။ ကျွန်မတို့ အုပ်စုဆိုင်ရှေ့ရောက်သွာပြီး ဘာစားကြရင် ကောင်းမလဲလို့ ဆွေးနွေးတိုင်ပင်နေကြတုန်းမှာပဲ ဆိုင်ထဲကနေ ဦးကြီးတစ်ယောက် ထွက်လာပြီး ရုတ်တရက် သူကနေ “မီးလေးတို့ ဘာစားကြမလဲ” တဲ့ဆိုတော့ ကျွန်မတို့လည်း ဟဲ့ ဗုဒ္ဓေါ မီးလေးတဲ့ ဘယ်သူ့ကိုများ မေးနေတာပါလိမ့်လို့ ဘေးဘီကို ဝေ့၀ဲကြည့်လိုက်တော့လည်း ဆိုင်ရှေ့မှာ မိန်းခလေးဆိုလို့ ကျွန်မတို့ပဲရှိတာ ဆိုတော့ သေချာနေပြီပေါ့။ :D :D မီးလေးဆိုတာ ကျွန်မတို့ကို ခေါ်နေတာ ဆိုတာလေ။ သူများတွေတော့ ဘယ်လိုနေလည်း မသိပါဘူး ကျွန်မကတော့ ပီတိတွေဖြာပြီး ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချလိုက်မိပါတယ်။ နောက်တစ်ခါ Boon Lay ကိုရောက်ရင် ဒီဆိုင်မှာပဲ လာစားတော့မယ်လို့။ မီးလေးလို့ခေါ်လို့လေ။ :PP ကျွန်မတို့တွေလည်း ဆာဆာနဲ့ ၀က်ဝက်ကွဲအောင်ကို အားပေးခဲ့ကြပါတယ်။ ကျွန်မက သူများတွေလို ထမင်းတင်မကဘူး။ မုန့်ဟင်းခါးပါ မှာစားလိုက်သေးတယ်။ ကိုယ်သောက်ဖို့ကျတော့ ကော်ဖီကိုမှာထားပြီး ထမင်းလည်းစားပြီးရော ရေဆာလို့ဆိုပြီး သူများတွေမှာထားတဲ့ အအေးကိုပါ ယူသောက်လိုက်ပါသေးတယ်။ တော်တော့်ကို အမြင်ကတ်စရာကောင်းတာနော်။ မချစ်စုလည်းမနည်းဘူး ရှင်းလိုက်ရပါတယ် ။ (သယ်ရင်းရေ...... ကိုယ်က သယ်ရင်း ကုသိုလ်တွေ အများကြီးရအောင် အများကြီးစားပေးတာပါနော်။ ဒါမှ ဒါနမြောက်မှာပေါ့ :P )

ကျွန်မတို့တွေ စားသောက်လည်းပြီးရော ဈေးအပေါ်ကို တက်ခဲ့ကြပါတယ်။ အပေါ်ထပ်မှာ ဖိနပ်ဆိုင်တစ်ဆိုင်လည်းတွေ့ရော ကျွန်မတို့တွေ ၀င်ပြီးသောင်းကျန်းကြတာမှ ပြောမနေပါနဲ့တော့.။ သိတယ်မို့လား တစ်ရံပြီးတစ်ရံကိုယူစီး၊ မှန်ထဲမှာသွားကြည့်လိုက်၊ လမ်းလျှောက်ကြည့်လိုက်၊ ပြန်ထားလိုက်၊ နောက်တစ်ရံ ယူစီးလိုက်၊ မှန်ကြည့်လိုက်၊ ပြန်ထားလိုက်နဲ့ ကျွန်မတို့တွေ မပြီးနိုင်မစီးနိုင်နဲ့ ယောက်ယက်တွေ ခပ်နေကြတော့ ဆိုင်ရှင်ကလည်း တဖြည်းဖြည်းနဲ့တော်တော်လေးကို မျက်စိစပါးမွေးစူးတဲ့ရုပ် ဖြစ်လာတာကို တွေ့ရပါတယ်။ နည်းနည်းသာ ဆက်နေကြဦးမယ်ဆိုရင် ဆိုင်ထဲက၀န်ထမ်းတွေက ကျွန်မတို့ကို ထရိုက်ကြတော့မယ့် ပုံစံတွေ ပေါက်လာလို့ ကျွန်မတို့လည်း အသာလေး ကိုယ်ရှိန်သတ် ဘရိတ်အုပ်လိုက်ကြရပါတယ်။ (တစ်ခါတစ်လေတော့လည်း ဒီက စလုံးတွေကို အဲဒီလိုလေး အနိုင်ကျင့်ပေးဦးမှ။ သူတို့ချည်း ကိုယ်တွေအပေါ် အမြဲအနိုင်ကျင့်နေကြတာ.....ဟင်းဟင်း......။) ကျွန်မတို့လည်း အားနာပါးနာနဲ့ စုစုပေါင်းမှ ဖိနပ် တစ်ရံကြီးများတောင် အားပေးခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ကျွန်မတိုတွေ NTUC မှာဈေးဝင်ဝယ်ပြီး ပြန်လာခဲ့ကြပါတယ်။ ဈေးဝယ်တော့လည်း ကျွန်မတို့တွေက ဘာမှကူဝယ်ပေးတာ မဟုတ်ပါဘူး။ သူတို့ကဈေးဝယ်နေတုန်း ကျွန်မနဲ့ ဝေစိုးက လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် ဟိုကြည့်ဒီကြည့် လိုက်လုပ်နေကြတာပါ။ အပြန်လမ်းတလျှောက် ကားပေါ်မှာလည်း ကျွန်မတို့တွေ စကြနောက်ကြ ဓာတ်ပုံတွေရိုက်ကြနဲ့ တော်တော်တော့ ပျော်ဖို့ကောင်းပါတယ်။

Lakeside အိမ်ကိုပြန်ရောက်တော့ ကျန်တဲ့ အစ်ကိုအစ်မတွေကနှုတ်ဆက်ပြီး ပြန်သွားကြပါတယ်။ သူတို့လည်း တော်တော်လေး ကူညီပေးထားပြီးကြပြီလေ။ မချစ်စုက ကျွန်မတို့နှစ်ယောက်ကို “ကဲကဲ.... သူငယ်ချင်းတို့နှစ်ယောက်ကိုပဲ ကိုယ်ချောဆွဲထားလိုက်တော့မယ်၊ အေးအေးဆေးဆေးမှ ပြန်ကြပေါ့” တဲ့ ကျွန်မတို့ကလည်း “ရတယ်ရတယ် ကိုယ်တို့လုပ်စရာရှိတာ အကုန်လုပ်ပေးပြီးမှ ပြန်ကြမယ်” (ဖောတာ ဖောတာ၊ မဖောလို့ မဖြစ်ဘူး၊ ခုနမှ ထမင်းစားလာတဲ့ မျက်နှာရယ်၊ NTUC ကနေ၀ယ်လာတဲ့ အသီးတွေရဲ့မျက်နှာတွေက ရှိနေတယ်လေ။ :) ဆိုပြီး အိမ်ပေါ်ရောက်တာနဲ့ သူ့ပစ္စည်းတွေကို နေရာချဖို့လုပ်ကြပါတယ်။ ကျွန်မနဲ့ ဝေစိုးနဲ့က ဘာလုပ်လည်းဆိုတော့ အထုပ်လေးတွေကို ဟိုနားကနေ ဒီနား၊ ဒီနားကနေ ဟိုနားရွှေ့ပေးလည်းပြီးကြရော မချစ်စုဝယ်လာတဲ့ မွေ့ရာအသစ်၊ အိပ်ရာခင်းအသစ်ကြီးပေါ်မှာ အကျအနကို နေရာယူကြပြီး သူချကျွေးတဲ့ မုန့်တွေကို တစ်ခုပြီးတစ်ခု စားရင်းနဲ့ သူ့ပစ္စည်းတွေကို စီမံခန့်ခွဲ နေရာတွေချနေတဲ့ မချစ်စုကို မမောရအောင် စကားတွေ ၀ိုင်းပြောပေးကြပါတယ်။:D (သယ်ရင်း...... ကိုယ်တို့က ကူပြီးလုပ်မပေးချင်လို့ ဟုတ်ဖူးနော်။ သယ်ရင်းရဲ့ ပစ္စည်းတွေကို ဘယ်လို နေရာချမယ် ဆိုတာ သယ်ရင်းကပဲ သိတာလေ၊ ကိုယ်တို့က သိမှသိပဲနဲ့ကိုး နော်၊ မသိပဲနဲ့ဝင်လုပ်ပေးရင် ကူရာမရောက်ပဲ ရှုပ်နေမှာစိုးလို့ ကိုယ်တို့ကငြိမ်ငြိမ်းလေးပဲ ဘေးကထိုင်ကြည့်နေကြတာပါ၊ ရင်ထဲက စေတနာတွေနဲ့ပါ။ ကောင်းလိုက်တဲ့ ဆင်ခြေ :PP)

အဲဒီလိုနဲ့ မချစ်စုလည်း အလုပ်တွေပြီး၊ ကျွန်မတို့လည်း မုန့်တွေစားလို့ ကုန်သလောက် ရှိတဲ့၊ ဗိုက်တွေကလည်း တအားတင်းပြီး အိပ်ငိုက်လာတဲ့ အချိန်လည်း ရောက်ရော၊ မနက်က အစောကြီးနိုးနေလို့ အရမ်းအိပ်ချင်နေတယ်၊ လူကမကြည်ဘူး၊ ခေါင်းမလျှော်ရသေးလို့ ခေါင်းကိုလည်း စောစောလျှော်ချင်လို့ စတဲ့စတဲ့ အကြောင်းပြချက်တွေကို ပေးပြီးသကာလ ကျွန်မတို့နှစ်ယောက် အားမနာလျှာမကျိုးနဲ့ ပြန်ချလာခဲ့ ကြပါတယ်။ ကဲ ....... စဉ်းစားသာကြည့်ကြပါတော့။ ဘယ်လောက် ချစ်စရာကောင်းတဲ့ သူငယ်ချင်း နှစ်ယောက်လဲလို့နော်။ အဖိုးတန်လေးတွေ၊ အဖိုးတန်လေးတွေ။ ရိုက်ပစ်ချင်စရာကောင်းလိုက်တာ။ ဘာတစ်ခုမှ မယ်မယ်ရရ ကူလုပ်ပေးမသွားကြပဲ ကျွေးသမျှကိုကြတော့ သွားဖြဲနှစ်ဖြဲ အကုန်စားသွားကြတယ်။ ကာယကံရှင် မချစ်စုတော့ ဘယ်လိုနေလည်း မသိဘူး။ ကျွန်မတော့ ဒီစာရေးနေရင်း ကိုယ့်ကိုကိုယ် တော်တော်လေးကို အမြင်ကတ်စရာ ကောင်းတာကိုတွေ့ရပါတယ် :P ။ ကဲကဲ....... ကျန်တဲ့ သူငယ်ချင်းတွေထဲက အိမ်ပြောင်းချင်တဲ့သူတွေများ ရှိခဲ့ရင်လည်း အဲဒီလိုမျိုး အကူအညီလိုရင် ခေါ်ပါလို့။ မချစ်စုကို ကူညီသလိုပဲ အပြည့်အ၀ ကူညီပါ့မယ်လို့.....အဲလေ....မှားလို့ .....နှမ်းဖြူးပါ့မယ်လို့ :DD။

(မှတ်ချက်။ ။ဘာမှထူးခြားတဲ့အကြောင်းအရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ အမှတ်တရ ရေးချင်စိတ်လေးပေါက်လို့ ချရေးလိုက်တာပါ။)

Tuesday, November 17, 2009

မိုးတွေရွာရင် (၂)

မိုးတွေရွာရင်....(၁) မှာတုန်းက မိုးရာသီမှာရှိတဲ့ ကျွန်မ ကြိုက်တဲ့ အချက်တွေကို ရေးခဲ့ပြီးပြီဆိုတော့ မကြိုက်တဲ့ အချက်တွေကိုလည်း ပြောပြချင်ပါသေးတယ်။ အင်း.........မကြိုက်တာက သိပ်များများစားစားကြီးတော့ မရှိပါဘူး။ မိုးရွာရင် ကျွန်မ မကြိုက်တာ တစ်ခုက အရာဝတ္ထု အားလုံးက ခြောက်ခြောက်သွေ့သွေ့ မရှိတော့ပဲ စိုထိုင်းထိုင်းနဲ့ ဖြစ်နေတာကိုပါပဲ။ တကယ်လို့ မိုးက တစ်ပတ်လောက်ကို မပြတ်တော့ပဲ တောက်လျှောက် ဆက်ရွာနေပြီ ဆိုရင်တော့ လျှော်ပြီးသား အ၀တ်အစားတွေကို လှမ်းဖို့ အတွက်က တော်တော်လေးကို အဆင်မပြေ ဖြစ်သွားပါပြီ။ တစ်ခါတစ်လေ ကိုယ်က အပြင်ကိုသွားဖို့ အရေးကြီးနေတယ် ကိုယ်ဝတ်ချင်တဲ့ အင်္ကျီက မခြောက်နိုင်သေး......မီးပူတိုက်ဖို့ကျပြန်တော့လည်း မြန်မာပြည်က မီးက သိတဲ့အတိုင်း....။ ကျွန်မဆိုတဲ့ လူကလည်း ဒီခရီးလမ်း သွားရင် ဒီအင်္ကျီပဲ ၀တ်မယ်လို့မှန်းထားရင် အဲဒါကိုပဲ ၀တ်ရမှ ကျေနပ်တဲ့သူ၊ တခြား ဖွပ်ပြီးသား မီးပူတိုက်ပြီးသား အင်္ကျီတွေ ဘယ်လောက် ရှိနေနေ ဒါဆို ဒါမှ ၀တ်ချင်တဲ့သူ ဆိုတော့ အဲဒီလို မိုးတွေကရွာ မီးကမလာ ဆိုရင်တော့ ကျွန်မလို လူမျိုးအတွက် တော်တော်လေးကို စိတ်အနှောက်အယှက် ဖြစ်ရတာပါ......။ နောက်တစ်ချက်က ကျွန်မကညဖက် မိုးတွေရွာတဲ့အချိန်မျိုးဆိုရင် မီးလာမှ ကြိုက်တာပါ။ ကျွန်မက မိုးအေးအေးနဲ့ ကွေးနေရင်း မီးလေး ဖွင့်ထားပြီး စာဖတ်နေချင်တဲ့သူလေ။ အဲဒီလိုမှ မဟုတ်ပဲ ညဖက်ကို မိုးတွေကရွာ မီးကမလာနဲ့ မှောင်မည်းနေတဲ့ အချိန်မျိုးတွေ ဆိုရင်တော့ အရမ်းကို စိတ်ညစ်တာပါ။ အင်း....မကြိုက်တဲ့ အချက်တွေကတော့ အဲဒီလောက်ပဲ ထင်ပါတယ်....။

မိုးရာသီနဲ့ ပတ်သက်လို့ ကြိုက်တာတွေ မကြိုက်တာတွေ ပြီးသွားပြီဆိုတော့ နောက်ရေးဖို့ကျန်တာက မိုးတွေရွာရင် အလိုလို သတိရမိသွားတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ အကြောင်းပဲပေါ့။ တကယ်ဆို မိုးရာသီက ကျွန်မဘ၀မှာ အရေးပါတယ်လို့တော့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးတွေရွာနေတဲ့ ဇွန်လမှာပဲ ကျွန်မကို မေမေက မွေးခဲ့တာလေ......။ ပြီးတော့လည်း ကျောင်းသွားရမှာ အရမ်းကြောက်၊ အရမ်းပျင်းတဲ့ ကျွန်မ ကျောင်းနေတဲ့ဘ၀ကို စတင်ခဲ့ရတာလည်း ဇွန်လရဲ့မိုးစက်တွေ ကြားထဲမှာပဲပေါ့။ နောက်တစ်ခုက ကျွန်မဟာ ငယ်ငယ်တုန်းက တော်တော်ကို ဆိုးတဲ့ ကလေးလေးတစ်ယောက် ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ သူငယ်တန်း တက်တော့ မေမေက ကျွန်မ ညီမလေးကို ကိုယ်ဝန်ဆောင်ထားရချိန်ပါ။ ဒါပေမယ့် မေမေဟာ ကျွန်မကို နေ့တိုင်းနေ့တိုင်း ကျောင်းမှာ တစ်နေကုန်အောင် လိုက်စောင့် ပေးရပါတယ်.....။ လိုက်စောင့်ပေးရတာမှ ရိုးရိုးတောင် မဟုတ်ပါဘူး။ ကျွန်မ တို့စာသင်ခန်းရဲ့ ပြတင်းပေါက်ကနေ ကျွန်မ မြင်အောင် နေပေးနေရတာပါ။ ကျွန်မ ဆိုတဲ့သူက တစ်နေ့တစ်နေ့ ဆရာမ သင်နေတဲ့စာကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ ပြတင်းပေါက်ကနေ မေမေ ရှိမရှိ အပြင်ကိုပဲ လှမ်းလှမ်း ကြည့်နေတာပါ။ အဲဒီတုန်းကကျောင်းအုပ်ဆရာမကြီး ကလည်းမိဘတွေကိုအဲဒီလို စောင့်ခွင့် မပေးပါဘူး။ အဲဒီတော့ မေမေ့မှာ ကျောင်းအုပ်ဆရာမကြီး လိုက်စစ်တဲ့ အချိန်တွေဆိုရင် မမြင်အောင်လည်း ပုန်းရပါသေးတယ်။ ကျွန်မဆိုတဲ့သူကလည်း မေမေ့ကို မတွေ့လိုက်တာနဲ့ ထွန့်ထွန့်လူးအောင် ငိုတော့တာပါပဲ။
ကဲ....စဉ်းစားသာကြည့်ကြ ပါတော့နော်။ မေမေဟာ ညီမလေးရဲ့ ကိုယ်ဝန်ကြီးကိုလဲ လွယ်ထားရသေးတယ်၊ ကျွန်မ ကိုလည်း စာကောင်းကောင်း သင်ဖို့အတွက် တနေကုန်ကျောင်းမှာ စောင့်ပေးရသေးတယ်။ အဲဒီ မိုးစက်တွေအောက်မှာ ပဲပေါ့.........။ ကျွန်မ သိတတ်တဲ့ အရွယ်ကိုရောက်တော့ အဲဒီအကြောင်းတွေကို ပြန်အောက်မေ့ တွေးတော စဉ်းစားကြည့်မိတယ်........ မေမေဟာ အဲဒီတုန်းက ကျွန်မအတွက်နဲ့ ဘယ်လောက်များ ပင်ပန်းလိုက်မလဲ လို့ပေါ့....။

ကျွန်မ သူငယ်ချင်းတွေဆိုရင် ကျွန်မ မှတ်မိသလောက် ဘယ်သူမှ သူတို့အမေတွေက အဲဒီလို လိုက်စောင့်ပေးဖို့ မလိုဘူး ထင်တာပါပဲ။ သူတို့ဟာ သူတို့နေကြတာပါပဲ။ ကျောင်းပို့၊ ကျောင်းကြို၊ နေ့ခင်း ထမင်းလာကျွေး ကြတာတွေတော့ တွေ့ပါတယ်။ မေမေ့ လိုတော့ ဘယ်သူမှ တစ်နေကုန်အောင် စောင့်ပေးနေစရာ မလိုဘူး ထင်ပါတယ်။ ကျွန်မအခုအသက်တွေ တဖြည်းဖြည်းကြီး လာတော့ မိုးတွေ ရွာပြီဆိုတိုင်း ကျွန်မ သူငယ်တန်းတုန်းက ကျွန်မကို ကျောင်းကိုလိုက်ပို့ပေးပြီး ကျောင်းမှာ တစ်နေကုန်စောင့်ပေးနေရရှာတဲ့ ကိုယ်ဝန်ကြီးနဲ့ မေမေ့ ရဲ့ပုံကို အမြဲလိုလို မြင်ယောင်မိတယ်။ မြင်ယောင်မိတိုင်းလည်း အမြဲ စိတ်မကောင်း ဖြစ်ရတယ်။ စိတ်ထဲကနေလည်း “ သမီးဟာ အဲဒီလို ကလေးဆိုးလေး တစ်ယောက် ဖြစ်ခဲ့တဲ့ အတွက် ခွင့်လွှတ်ပါ မေမေ” လို့လဲအမြဲ ပြောနေမိတယ်။

့ဒါပေမယ့် ကျွန်မ ကြာကြာတော့ ဆိုးခွင့်မရလိုက်ပါဘူး......။ မိုးတွေ ရွာနေသေးတဲ့ စက်တင်ဘာလထဲမှာပဲ ညီမလေးကို မေမေက မွေးဖွားခဲ့ပါတယ်။ ကျွန်မ မှတ်မိ သလောက် မိုးတွေအရမ်းရွာနေတဲ့ အတွက်ကြောင့် ညီမလေးအတွက် အနှီးတွေ မခြောက်လို့ အိမ်ပေါ်မှာ မီးဖိုဖိုပြီး ဖေဖေရယ်၊ ကိုကြီးရယ် ကျွန်မရယ် ညီမလေးရဲ့ အနှီးတွေကို ခြောက်အောင် မီးကင်ပေးရတာတွေကို အမှတ်ရနေ ပါသေးတယ်။ အင်း......တကယ်တမ်း စဉ်းစားကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့မောင်နှမ သုံးယောက်လုံးက မိုးတွင်းမှာ မွေးခဲ့ကြသူတွေချည်းပါပဲလား.....။

အဲဒီ ငယ်စဉ် ဘ၀တုန်းက ဆိုရင် မိုးဦးစကျလာပြီ ဆိုရင် ကျောင်းတွေပြန်ဖွင့်ပြီး ကျောင်းပြန်တက်ရတော့မယ် ဆိုတာကို သိတာနဲ့ ကျွန်မ မပျော်တော့ပါဘူး။ ကျွန်မက မိုးရွာတဲ့နေ့တွေ ဆိုရင် ကျောင်းကို လုံးဝမသွားချင်ပါဘူး။ ကျွန်မက ငယ်ငယ်တုန်းက အဆုတ် သိပ်မကောင်းတဲ့အတွက် အဆုတ်ဆေးတွေ သောက်ရသေးတဲ့ အပြင် မိုးမိလည်း သိပ်မခံနိုင်ပါဘူး။ ဖေဖေ နဲ့ မေမေ ကလည်း သူတို့ သမီး အလိမ္မာတုံးလေးကို သိပ်ကို အလိုလိုက်တာပါ။မိုးနဲနဲရွာတာနဲ့ကျောင်းကို ခွင့်ကတိုင်ပြီးသားပဲ......ဟဲဟဲ.....အင်ကြင်းသန့်တို့ကတော့
အကြိုက်ပေါ့။ ကျွန်မက ကျောင်းခဏခဏပျက်လို့လဲ စာတွေအတွက် စိတ်မပူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေမေကကျောင်းဆရာမလေ......။ ဒါ့အပြင် မေမေက ညီမလေးရဲ့ ကိုယ်ဝန်ကိုဆောင်ရချိန်ကတည်းက အလုပ်ကနေထွက်လိုက်တာ ဆိုတော့ အိမ်မှာကျွန်မတို့မောင်နှမတွေကိုပဲ ကောင်းကောင်းစာသင်ပေးတော့တာပေါ့။ ဒါကြောင့် ကျွန်မက ကျောင်းပျက်လည်း စိတ်မပူပါဘူး.....အိမ်မှာ မေမေ ရှိတယ်လေ......။ ဒါကတော့ မိုးရာသီနဲ့ပတ်သက်လို့ ကျွန်မ ဘ၀ရဲ့မှတ်ဥာဏ်တွေထဲမှာ အစောဆုံးမှတ်မှတ်ရရ ဖြစ်နေတဲ့ အကြောင်းအရာ တွေပေါ့နော်။

နောက်တစ်ခု ကျွန်မ မှတ်ဥာဏ်ထဲမှာ မေ့မရတဲ့ အရာတစ်ခုက မိုးစက်မိုးပေါက်တွေရဲ့ အသံနဲ့အတူ အမြဲကြားရလေ့ရှိတဲ့ ဖားအော်သံတွေပါပဲ။ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေတဲ့ မိုးစက်သံတွေနဲ့ အတူကြားနေရတဲ့ အဲဒီဖားအော်သံတွေဟာ ကျွန်မအတွက်တော့ အရမ်းကိုနားထောင်လို့ကောင်းတဲ့ မိုးရာသီရဲ့သံစဉ်တစ်ပုဒ် လိုပါပဲ။ ကျွန်မက ငယ်ငယ်လေး ကတည်းက အဲဒီလိုဘာမဟုတ်တာလေးတွေကိုက အစ နှစ်သက် ခံစားနေတတ်တာလေ....။ နောက်တစ်ခုက မိုးတွေရွာနေတဲ့ ညတွေမှာ ရန်ကုန်-ပြည်မီးရထားကြီး ဆိုက်ပြီဆိုတာနဲ့ မရှေးမနှောင်းမှာပဲ ကြားရလေ့ရှိတဲ့ “ဆင်မြီးဆွဲ ပြောင်းဖူးပြုတ် ပူပူလေး” ဆိုပြီး အထမ်းတွေနဲ့ လာရောင်းကြတဲ့ ပြောင်းဖူးပြုတ်သည်တွေရဲ့ အသံပါပဲ။ ကျွန်မတို့မိသားစုလည်း အမြဲလိုလို လှမ်းခေါ်ပြီး ၀ယ်စားလေ့ ရှိခဲ့ပါတယ်။ အေးစက်နေတဲ့ မိုးရေတွေအောက်မှာ ပြောင်းဖူးပြုတ်သည်ကြီးရဲ့ ပြောင်းဖူးတောင်းကြီးထဲက ပြောင်းဖူးတွေက အငွေ့တွေ တစ်ထောင်းထောင်းထ နေပြီး တောင်းကိုအုပ်ထားတဲ့ ပလတ်စတစ်စမှာ အငွေ့တွေရိုက်နေတဲ့ ပုံစံက မြင်ယုံနဲ့ကို စားချင်စရာပါ......။ သူ့ရဲ့ ပြောင်းဖူးပြုတ်တောင်းကြီးကိုချ ပလတ်စတစ်စကို ဖယ်လှပ်လိုက်ရင်များဖြင့် ထွက်လာတဲ့ ပြောင်းဖူးပြုတ်တွေရဲ့ အပူငွေ့တွေကြောင့် မိုးအေးလို့ချမ်းနေတာတွေတောင် ပြေသွားသလိုပါပဲ....။ မိုးကအေးအေး အချိန်လေးမှာ ဆင်မြီးဆွဲပြောင်းဖူးပြုတ် ပူပူအိအိလေးကို ဆားသုတ်ပြီးစားရတာ အရမ်းကို အရသာရှိတာပါ။ အခုများတော့လည်း အဲဒီအရသာတွေနဲ့ဝေးခဲ့တာ ကြာလှပေါ့....။ အထမ်းနဲ့လာရောင်းကြတဲ့ ဆင်မြီးဆွဲ ပြောင်းဖူးပြုတ်သည်တွေကိုတောင် မတွေ့ရတော့တာ အတော်ကြာခဲ့ပြီ ထင်ပါတယ်။ အင်း......မိုးတွေရွာရင်ငိုချင်တာ အဲဒီတုန်းက ပြောင်းဖူးပြုတ်ကို ပြန်စားချင်လို့လည်းပါမယ်ထင်ပါတယ်....:)
(ဆက်ပါဦးမည်.....)
(မှတ်ချက်။ ။မိုးရာသီနဲ့ပတ်သက်လို့တကယ်တမ်းရေးစရာတွေက အများကြီးပါ။ ဒါပေမယ့် ပိုစ့်တိုင်းက တောက်လျှောက် ဒါကြီးပဲ ဆက်နေမယ် ဆိုရင်လည်းပျင်းစရာကြီးဖြစ်နေမယ် ထင်တယ်။ ကြိုကြား ကြိုကြား အလျဉ်းသင့်သလိုရေးသွားတာပဲကောင်းမယ်လို့ထင်ပါတယ်။)

Saturday, November 14, 2009

မိုးတွေရွာရင် (၁)

မိုးနဲ့ပတ်သက်လို့ ပိုစ့်တစ်ပုဒ်လောက်ကို ကျွန်မ ရေးချင်နေတာတော့ အတော်ကြာခဲ့ပါပြီ။ မိုးတွေရွာလာပြီဆိုရင် လူက ဘာဖြစ်တာမှန်းမသိ...။ အလိုလိုနေရင်းကို ငိုချင်လာတော့တာပါပဲ...။ ဘာကိုမှန်းမသိတဲ့ မရေရာတဲ့ အလွမ်းတွေကလည်း ရင်ထဲကို အလိုလို ရောက်ရောက်လာတတ်တယ်။ ကျွန်မအထင်တော့ ငယ်ငယ်တုန်းက အကြောင်းအရာတွေနဲ့ မြန်မာပြည်မှာ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေ တော်တော်များများကိုပဲ ဖြစ်မယ် ထင်ပါတယ်။ ခုရက်ပိုင်းမှာလဲ ဒီစင်ကာပူမှာက ရက်ဆက်ဆိုသလို မိုးက မပြတ်ပဲ နေ့တိုင်းလိုလို ရွာနေတော့တာလေ။ အိမ်မှာဆိုတော်သေးတယ်...။ ရုံးမှာဆိုရင်ပိုဆိုးတယ်။ ထိုင်တာကလည်း ပြတင်းပေါက်နဲ့ကပ်လျက် ပြတင်းပေါက်ကို ကျောခိုင်းပြီးထိုင်ရတာ...။ မိုးရွာလာပြီဆိုရင် လူက အလိုလိုနေရင်း direction က ပြောင်းပြောင်း သွားတတ်တယ် (အလုပ်စားပွဲကိုကျောခိုင်းပြီး ပြတင်းပေါက်ကို မျက်နှာမူရက်သား ဖြစ်ဖြစ် သွားတာလေ)။

အဲဒီအချိန်ဆို ညို့မှိုင်းနေတဲ့ကောင်းကင်မှာ လျှပ်စီးကြောင်းတွေ ပြိုးပြိုးပြက်ပြက် လက်နေတာကို လှမ်းမြင်နေရတာကိုက ခံစားမှုတစ်မျိုးကို ပေးနေသလိုပဲ....။ တစ်ခါတစ်လေဆိုရင် အဲဒီ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးကပဲ မြေပေါ်ကို တအိအိနဲ့ပြိုဆင်းလာတော့ မယောင်ယောင် ထင်မိတတ်သေးတာ။ သည်းကြီးမည်းကြီး အရှိန်နဲ့ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တွေက မာကျောတဲ့ ကတ္တရာလမ်းမနဲ့ ထိတွေ့တဲ့ အခါမှာ ဘေးကိုလွင့်စင်ကာ ဖျာဖျာထွက်သွားတဲ့ မြင်ကွင်းကလည်း အရမ်းကို ကြည့်လို့ကောင်းတဲ့ မြင်ကွင်းတစ်ခုပေါ့...။ မိုးနဲ့အတူ လေပါ ပါလာပြီဆိုရင်တော့ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်ဆီက သစ်ပင်တွေက ယိမ်းကနေသလိုမျိုး လေခေါ်ဆောင်ရာ direction အတိုင်း ညီညီညာညာ ယိမ်းထိုးနေကြပုံကလည်း ရှုမငြီးချင်စရာပါပဲ....။ ကျွန်မ အဲဒီမြင်ကွင်းတွေကို ကြာကြာ ငေးကြည့်နေမိပြီဆိုရင် လူက အလိုလိုနေရင်း ဆွံ့အတိတ်ဆိတ်သွားပြီး အတွေးကလည်း အတိတ်တွေဆီကို အလိုလို ရောက်သွားတော့တာပါပဲ....။

မြန်မာနိုင်ငံမှာရှိတဲ့ ရာသီဥတုသုံးမျိုးထဲမှာ ကျွန်မအတွက်ကတော့ ဘယ်ရာသီကို အကြိုက်ဆုံး၊ ဘယ်ရာသီကို မကြိုက်ဆုံး ရယ်လို့တော့မရှိပါဘူး။ ကျွန်မက ဘယ်အရာလေးကိုမဆို အရမ်းခံစားလွယ်တတ်တဲ့သူ ဆိုတော့ ဘယ်ရာသီမှာမဆို ကျွန်မ ကြိုက်တဲ့အချက်တွေ ရှိသလို....မကြိုက်တဲ့ အချက်တွေလည်း ရှိတာပါပဲ...။ အင်း...အခုမိုးနဲ့ပတ်သက်တာကို ရေးနေတာဆိုတော့ မိုးရာသီအကြောင်းပဲ ပြောတာကောင်းမယ် ထင်ပါတယ်။

မိုးရာသီမှာဆိုရင်တော့ ကျွန်မကြိုက်တဲ့အချက်တွေ တော်တော်များများလေးတော့ရှိတယ်။ အခုနပြောခဲ့သလိုပေါ့.....မိုးတွေရွာပြီဆိုရင် အဲဒီလို ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းပြီး ငေးနေရတဲ့အရသာ၊ လမ်းဘေး တစ်ဖက်တစ်ချက်စီက ရေမြောင်းတွေထဲမှာ မိုးရေတွေ စီးမျောသွားသလိုမျိုး အတွေးတွေ ခေါ်ဆောင်ရာနောက်ကို မျောပါသွားရတဲ့ အရသာ...အဲဒါတွေကို ကျွန်မ တော်တော်ကြိုက်တယ်။ တကယ်လို့ ပြတင်းပေါက်က မှန်ပြတင်းပေါက် ဖြစ်ခဲ့မယ် ဆိုရင်လည်း အဲဒီ ပြတင်းပေါက်မှန်သားကို မိုးစက်တွေ လာလာထိမှန်တဲ့ပုံစံ.......အဲဒါကိုလည်း ကြိုက်တယ်။ ပြတင်းကို လာစင်တဲ့ မိုးစက်တွေက ပုံသဏ္ဍန်အမှန် မရှိဘူးလေ...။ ပုံစံမျိုးမျိုးနဲ့ ပက်စင်ချင်သလို ပက်ကြတာမျိုး..။ ပြီးတော့ မိုးစက်တွေက ပြတင်းပေါက်ကို လာထိပြီးရင် မှန်သားတစ်လျှောက် အောက်ဘက်ကို ပြန်စီးကျသွားတဲ့ မြင်ကွင်း...အဲဒါလေးတွေကိုလိုက်ကြည့်နေရတာကိုပဲ ဘာမှမဟုတ်ပဲနဲ့နှစ်သက်နေတာ။

တကယ်ဆိုရင် ကျွန်မက မိုးရွာတဲ့ အချိန်တွေဆိုရင် ပြတင်းပေါက်ကို ပိတ်ထားရတာကို သိပ်မနှစ်သက်ချင်ဘူး...။ အခု ဒီမှာကတော့ ပြတင်းပေါက်တွေကု အမြဲတန်းလိုလိုပဲ ပိတ်ထားတတ်ကြပါတယ်။ ကျွန်မတို့ရဲ့ မြန်မာပြည်က အိမ်လေးမှာဆိုရင် မိုးရွာပြီဆိုရင် ကျွန်မက များသောအားဖြင့် ကျွန်မအခန်းရဲ့ပြတင်းပေါက်လေးကို မပိတ်ဖြစ်တာ များပါတယ်။ ကျွန်မက ပြတင်းပေါက်ကို ဖွင့်ထားပြီးတော့ အဲဒီပြတင်းပေါက်လေးမှာ မတ်တတ်ရပ်ပြီး ပြတင်းကို ဖြတ်ဝင်လာတဲ့ ရေငွေ့ပါတဲ့လေရဲ့ အထိအတွေ့ကို ခံစားချင်တတ်တဲ့ သူလေ..။ အဲဒီလို ဖွင့်ထားလိုက်တဲ့ အတွက် မိုးစက်တွေက ကိုယ့်ကို တိုက်ရိုက် လာလာပြီး ထိမှန်တာမျိုးကို ကျွန်မက လိုချင်တာ....။ တံစက်မြိတ်ကနေ ညီညီညာညာ စီးကျနေတဲ့ မိုးရေစက်တွေကို ကြည့်နေရတာကိုလည်း နှစ်သက်ပြန်သေးတာ။ နောက်တစ်ခုက ပြတင်းပေါက်မှာ တပ်ဆင်ထားတဲ့ ခန်းစီးစလေး တဖျတ်ဖျတ် လွင့်နေတာကိုရောပေါ့။ ပြီးတော့ မြေသင်းနံ့.......ဟုတ်တယ်......အဲဒါ ကျွန်မအရမ်းနှစ်သက်တဲ့ ရနံ့တစ်ခုပေါ့။ ပြတင်းပေါက်ကို ဖွင့်ထားမှသာ အဲဒီမြေသင်းနံ့လေးကို ကျွန်မရှူရှိုက်ခွင့်ရမှာပေါ့။ ဒါကလည်း မိုးတွေက အရမ်းကို သည်းကြီးမည်းကြီး ရွာလာရင်တော့ မဖြစ်နိုင်တော့ဘူးပေါ့လေ....။ အဲဒီအခါကျရင်တော့ ကျွန်မ ပြတင်းပေါက်ကိုပိတ်ဖို့ မဖြစ်မနေ လိုအပ်လာပြီလေ။

ဒါပေမယ့် အဲဒီလိုပြတင်းပေါက်ကို ပိတ်ထားလိုက်ပြီးရင်လည်း ကျွန်မကမိုးတွေရွာနေတဲ့ အချိန်လေးကိုအကျိုးရှိရှိအသုံးချတဲ့ နောက်တစ်နည်း ရှိသေးတယ်......။ အဲဒါကတော့ ကျွန်မရဲ့အိပ်ရာလေးပေါ်မှာ စောင်လေးခြုံကွေးနေပြီး ကိုယ်အရမ်းကြိုက်တဲ့ စာရေးဆရာတစ်ယောက်ယောက်ရဲ့ ၀တ္ထုစာအုပ်လေးတစ်အုပ်အုပ်ကို ဖတ်နေတာမျိုးပေါ့။ စာအုပ်ဖတ်နေရင်းနဲ့ ခေါင်မိုးပေါ်ကို မိုးစက်တွေတစ်ဝုန်းဝုန်း ရွာကျနေတဲ့အသံကို နားထောင်နေရတာကလည်း ဘာနဲ့မှမတူတဲ့ အရသာတစ်မျိုးပါပဲ။ မိုးတွေရွာရင် အလိုလိုငိုချင်လာတယ် ဆိုတာ ကျွန်မရဲ့စိတ်က ဟိုတုန်းက အဲဒီအရသာတွေကို ပြန်မရနိုင်တော့တာကို မသိစိတ်ထဲကသိနေလို့ ပဲဖြစ်မယ်ထင်ပါတယ်....။ (ဆက်ပါဦးမည်.........)

Wednesday, November 11, 2009

အထင်မှားခြင်း

တိုးတိုးလေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်ရင်ခုန်သံတွေက မဟာမြေကြီးတောင်တုန်ဟီးသွားခဲ့တယ်။ ။

နီးနီးလေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်ကမ္ဘာနှစ်ခုက အလွဲကြီးလွဲသွားခဲ့တယ်။ ။

နဲနဲလေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်မျက်ရည်တွေက သမုဒ္ဒရာတွေတောင်လျှံသွားခဲ့တယ်။ ။

တိတ်တိတ်လေးလို့ ထင်ခဲ့တယ်
ဒါပေမယ့်နင်ထွက်ခွာသွားခြင်းက ငါ့ကိုကမ္ဘာပျက်စေခဲ့တယ်။ ။

Sunday, November 8, 2009

တူညီတဲ့ရင်ခုန်သံတစ်စုံနဲ့

ကောင်လေး။ ။....“ကောင်မလေးရေ.....နင် ငါ့ရဲ့လက်ကို တွဲပါ၊ ငါ့ဘ၀ရဲ့ ကျန်ရှိနေသေးတဲ့ ခရီးလမ်းတွေကို ငါ နင်နဲ့အတူတူ ကျော်ဖြတ်သွားပါရစေ ၊ငါ နင့်ရဲ့လက်ကို ဆုပ်ကိုင်ပြီး....ပျော်ရွှင်မှုတွေ၊ သာယာမှုတွေ၊ အေးချမ်းမှုတွေ လွှမ်းခြုံထားတဲ့ နေရာလေး တစ်ခုဆီကို နင့်ကို ခေါ်ဆောင် သွားချင်လိုက်တာ၊ အဲဒီ နေရာလေးမှာ မာန်မာနတွေ မရှိစေရဘူး၊ မနာလို မုန်းတီးမှုတွေ မရှိစေရဘူး၊ ဒေါသ အာဃာတ အငြိုးအတေးတွေ မရှိစေရဘူး၊ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အတိသာ လွှမ်းခြုံထားတဲ့ ကမ္ဘာငယ်လေးပေါ့......။”

ကောင်မလေး။ ။....“ကောင်လေးရယ်....ငါ နင့်ရဲ့လက်ကို လှမ်းဆုပ်ကိုင်ချင်ပါတယ်၊ နင်ခေါ်ဆောင်သွားမယ့် ကမ္ဘာငယ်လေးဆီကိုလည်း ငါလိုက်ခဲ့ချင်ပါရဲ့၊ ဒါပေမယ့် ကောင်လေးရေ.....တကယ်တမ်းကျတော့ ငါ့မှာ သတ္တိတွေ မရှိခဲ့ပါလား....၊ငါတို့နှစ်ယောက်ကြားမှာ မတူညီခြင်း၊ ကွဲပြားခြားနားခြင်းတွေက အများကြီးပဲလေ.....အဲဒီမတူညီခြင်းတွေက တစ်ချိန်ချိန်မှာ ငါတို့ နှစ်ယောက်ရဲ့ တွဲလက်တွေကို ဖြုတ်ပစ်လိုက်ကြလိမ့်မယ် ကောင်လေးရဲ့.....အဲဒီအချိန်ကျရင် ငါတို့တွေ အရမ်းကို ကြေကွဲခံစားကြရ လိမ့်မယ်....။”

ကောင်လေး။ ။...“ကောင်မလေးရေ.....ဒို့နှစ်ယောက်ကြားမှာ မတူညီ ကွဲပြားတာတွေ အများကြီးရှိတာ မှန်ပါတယ်....ဒါပေမယ့် အဲဒီအရာတွေက ဒို့နှစ်ယောက်ကို ဘယ်လိုမှ ခွဲခြားလို့မရပါဘူး၊ တို့နှစ်ယောက်မှာ တူညီတဲ့ အရာတစ်ခု ရှိတယ်ဆိုတာ နင်ဘယ်တော့မှ မမေ့ရဘူးလေ....အဲ့ဒီ အရာတစ်ခုတည်းနဲ့ ဒို့နှစ်ယောက် အရာရာကို ကျော်လွှားသွားနိုင် လိမ့်မယ်......အဲဒါကတော့ နင်ရောငါရောရဲ့ နှလုံးသားတွေထဲက ထွက်ပေါ်လာတဲ့ တူညီတဲ့ ရင်ခုန်သံပဲ.....ရပြီ ကောင်မလေး....အဲဒီ တစ်ခုတည်းပါပဲ......ဒို့နှစ်ယောက်အတွက် ကျန်တာတွေ ဘာမှ မလိုအပ်တော့ပါဘူး....တူညီတဲ့ရင်ခုန်သံတစ်စုံ ရှိရင်ရပြီ”

ကောင်မလေး။ ။ “ကောင်လေးရယ်...တကယ်ပဲ တူညီတဲ့ရင်ခုန်သံတစ်စုံနဲ့ ဒို့နှစ်ယောက် အရာရာကို တကယ်ကျော်ဖြတ်သွားနိုင်မှာလား....ငါနင့်ကိုယုံကြည်ပေမယ့် ကံကြမ္မာကို မယုံရဲဘူး ကောင်လေးရေ...ကမ္ဘာလောကကြီးဆိုတာက လှည့်ကွက်တွေ၊ မာယာတွေနဲ့အတိ ပြည့်နှက်နေတယ်လေ....ခရီးလမ်းဆုံးထိ ဒို့နှစ်ယောက်ရင်ခုန်သံတွေ မပြောင်းမလဲ တူညီနိုင်ပါ့မလား...မတူညီခြင်းတွေ၊ ကွဲပြားခြားနားခြင်းတွေက ငါတို့နှစ်ယောက်ကို တိုက်ခိုက်လာခဲ့ပြီ ဆိုရင် ကိုင်ဆုပ်ထားတဲ့ ဒို့လက်တွေက အဲဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ပါ့မလား၊ ခရီးလမ်းဆုံးအထိ ဒို့နှစ်ယောက်ရဲ့ လက်တွဲတွေ မပြောင်းမလဲ မြဲမြဲဆုပ်ကိုင်ထားနိုင်ပါ့မလား....အဲဒီအချိန်ကျရင် ဒို့နှစ်ယောက်ရဲ့အချစ်တွေကရော စစ်နိုင်ပါဦးမလား၊ ..........ကောင်လေးရေ....တကယ်ပဲ နင့်ရဲ့ယုံကြည်ချက်တွေ မှန်ကန်ခဲ့ရင်တော့ ဒို့နှစ်ယောက်ရဲ့အချစ်တွေ တစ်နေ့နေ့မှာ ဆုံဆည်းနိုင်ကောင်းပါရဲ့...အဲဒီနေ့လေးကို ငါမျှော်လင့်နေပါရစေ”

Wednesday, November 4, 2009

မာနတွေ ဘယ်တော့ ခ၀ါကျမလဲ

လောကကြီးမှာ လူတွေက မာန်မာနဆိုတာ မထားသင့် မထားအပ်တဲ့အရာ လို့ပြောကြတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ အဲဒီမာနဆိုတာက မိမိရဲ့ချမ်းသာကြွယ်ဝမှု၊ မိမိရဲ့ရာထူးဂုဏ်သိမ်အဆင့်အတန်း၊ မိမိရဲ့ပညာ၊ ဘွဲ့ထူး၊ ဂုဏ်ထူး၊ မိမိရဲ့အလှအပ စသည်တို့ အပေါ်တည်မှီပြီးဖြစ်တဲ့ မာနတွေကို ဆိုလိုတာနေပါလိမ့်မယ်။

ကျွန်မကတော့ မထားသင့် မထားအပ်မှန်း သိနေရက်နဲ့ပဲ မာနတွေကို ဖက်တွယ်ထားတဲ့ လူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်မ ဖက်တွယ်ထားတာက အခုနပြောခဲ့တဲ့ မာနတွေတော့ မဟုတ်ပါဘူး။ အဲဒီလိုမာနတွေကို ထားရလောက်အောင်လည်း ကျွန်မမှာ ဘာတစ်ခုမှ မရှိပါဘူး။ ကျွန်မ ထားတဲ့မာနတွေက .....ကိုယ်မှန်ကန်နေတယ်ဆိုရင် ဘယ်သူ့ကိုမှ အောက်မကျို့တဲ့ မာန၊ ကိုယ်အခွင့်အရေးတစ်ခု ရဖို့အတွက် ကိုယ့်သိက္ခာတွေ အောက်ချပြီး သူများကို မျက်နှာလိုမျက်နှာရ ဘယ်တော့မှမလုပ်တဲ့ မာန၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ဘယ်တော့မှ အထိပါး၊ အစွန်းထင်းမခံတဲ့ မာန.....တွေပဲဖြစ်ပါတယ်။

လူတိုင်းမှာ အနဲနဲ့အများတော့ မာနလေးတွေ ရှိကြမယ်လို့ ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူနိုင်ပါ့မလဲလေ။ ကျွန်မ အနေနဲ့ မှန်ပါတယ်လို့ ကျွန်မက မဆိုလိုပါဘူး......။ ဒါပေမယ့် ကျွန်မကတော့ အခုနပြောခဲ့တဲ့မာနတွေကို ငယ်ငယ်ကတည်းက အရိုးစွဲလာခဲ့တာ ဒီနေ့အထိပါပဲ။ အဲဒီလိုမာနတွေကြောင့်လည်း ကျွန်မဟာ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေသူတစ်ယောက် တော့ မဖြစ်ခဲ့ပါဘူး။ တစ်ခါတစ်လေ လူတွေရဲ့အမြင်မှာ ကျွန်မဟာ ရိုင်းစိုင်းတယ် ဆိုတဲ့ပုံစံမျိုးတွေတောင် အထင်ခံခဲ့ရပါတယ်။ အင်း.......ပြောရမယ်ဆိုရင်တော့ အများကြီးပဲပေါ့.........။

ငယ်စဉ် State ကျောင်းမှာနေစဉ် ဘ၀ကတည်းက ဘယ်ဆရာ၊ ဆရာမကိုမှ ကိုယ့်ကိုမျက်နှာသာပေးဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ ၊ အဆင့်ကောင်းကောင်းရဖို့၊ စာမေးပွဲအတွက် မေးခွန်းရဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တစ်ခါမှ မချဉ်းကပ်ခဲ့ဖူးပါဘူး......။ GTC တက်တော့ရော.....။ အဲဒီလိုစိတ်မျိုးတွေနဲ့ပဲ တက်ခဲ့တာလေ.......။ အဲဒီလို မချဉ်းကပ်ခဲ့တဲ့အတွက်ကြောင့်လည်း....အင်း.........ဘယ်ပြောကောင်းမလဲ....... ကောင်းကောင်းကြီးကိုတွေ့ခဲ့တာပေါ့။ တော်ပါပြီလေ....အဲဒီအကြောင်းတွေကို ပြောရင် ကိုယ်ပဲ ငရဲကြီးလိမ့်မယ်။ ကျောင်းအတူတူတက်ခဲ့တဲ့သူတွေဆိုရင် သိမှာပါ။

ကျွန်မကတော့ တကယ့်ကိုကြည်ညို လေးစားထိုက်တဲ့သူတွေဆိုရင် ကျွန်မ ကြည်ညိုတယ်။ လေးစားတယ် ။ ထိုသူတွေအတွက် ဘာပဲလုပ်ပေးရပေးရ ကျွန်မ ကျေနပ်တယ်။ ကျွန်မတို့ရဲ့ Civil ဌာနမှူး ဆရာဦးသိန်းဇော် ဆိုရင် ကျွန်မ အရမ်းချစ်ခင်လေးစားတဲ့ ဆရာပေါ့။ ကျွန်မဟာ Civil Engineer တစ်ယောက် ဖြစ်ရတဲ့ ဘ၀ကိုမြတ်နိုးဂုဏ်ယူတတ်သွားတာဟာ ဆရာ့ကြောင့်လည်း ပါပါတယ်။ ဆရာ့တပည့် ဖြစ်ခွင့်ရလိုက်တာကိုလည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ဆရာအကြောင်းကို ပြောရမယ်ဆိုရင် ဘယ်နေရာရောက်ရောက် ဂုဏ်ယူပြီး ပြောချင်တယ်။ ဆရာကွယ်လွန်သွားတာဟာ ဘယ်လိုမှ ပြန်လည်အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှုတစ်ရပ်လိုကျွန်မအနေနဲ့ ခံစားရတယ်။ ကျောင်းတက်တုန်းကဆိုရင် တစ်ခြားအတန်းချိန်တွေကိုသာ လစ်ရင်လစ်မယ်။ ဆရာ့အချိန်ဆိုရင် ဆရာသင်တာတွေကို နားထောင်ချင်လွန်းလွန်းလို့ စိတ်အားထက်သန်စွာနဲ့ အမြဲ စောင့်မျှော်နေတတ်တာပါ။

နောက်ပြီးတော့.........ကျွန်မအရမ်းချစ်ခင်လေးစားတဲ့ ဆရာမအပျိုကြီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဆရာမက သူ့အမေ(အဖွားက အသက် ၈၀ရှိပြီ)နဲ့ နှစ်ယောက်တည်း နေရတာဆိုတော့ ဆရာမနေထိုင်မကောင်းတဲ့ အချိန်တွေဆိုရင် ကျွန်မတို့ သူငယ်ချင်းတစ်သိုက် ဆရာမအိမ်ကို သွားပြီး အိမ်မှုကိစ္စတွေ လုပ်ပေးကြတယ်။ အ၀တ်အစား၊ လုံချည်ကမှအစ လျှော်ပေးတယ်။ ကျွန်မစိတ်ထဲမှာ အဲဒီလိုလုပ်ပေးခွင့်ရတာကိုပဲ ၀မ်းသာပီတိတွေ ဖြစ်တယ်၊ ကျေနပ်တယ်။

ကျွန်မ ချစ်ခင်လေးစားတဲ့ တခြားဆရာ၊ဆရာမတွေလည်း ရှိပါသေးတယ်။ ကျွန်မဆိုလိုချင်တာက ဆရာသမားဂုဏ်နဲ့ ညီညွှတ်တဲ့ ဆရာ၊ လေးစားရိုသေထိုက်တဲ့ ဆရာတွေကိုဆိုရင် ကျွန်မရိုသေတယ်၊ လေးစားတယ်။ စာမေးပွဲဖြေနိုင်အောင် မေးခွန်းရဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ ဆိုတဲ့ရည်ရွယ်ချက်မျိုးတွေနဲ့ ဘယ်ဆရာဆီကိုမှ မသွားခဲ့ပါဘူး။ မရိုသေ မလေးစားချင်တာကို ဟန်ဆောင်ပန်ဆောင်နဲ့လည်း လေးစားမပြနိုင်ပါဘူး။ ကိုယ့်ကို သင်ပြထားတာတွေကို ကြိုးစားပြီး လေ့လာမယ်၊ ကျက်မှတ်မယ်။ စာမေးပွဲမှာ ကိုယ်ရသလောက် ကြိုးစားပြီး ဖြေမယ်။ ဒါပါပဲ.......။ အဲဒါကြောင့်လည်း ကျွန်မတို့အုပ်စုက ကျောင်းမှာ လူမုန်းများခဲ့တယ် ထင်ပါတယ်။ သူများတစ်ကာတွေ မိုးခါးရေသောက်တာကို ကျွန်မတို့က လိုက်မသောက်ခဲ့ဘူးလေ။ ကျွန်မက လူတိုင်းကို မဆိုလိုပါဘူး။ ဒါပေမယ့် ရှိတော့ရှိတယ်၊ အရမ်းရှားသွားပါပြီ။

အဲဒီလိုနဲ့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ရောက်တော့ရော......။ကျွန်မ အချိုးတွေ မပြောင်းလဲခဲ့ပါဘူး။ ကျွန်မခံယူချက်က ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် အကောင်းဆုံး လုပ်မယ်၊ ကျွန်မ အစွမ်းအစရှိသလောက်ကျွန်မကြိုးစားမယ်၊ ဒါပါပဲ။ ကျွန်မရဲ့ Site ထဲမှာ ကျွန်မလုပ်ဆောင်ရမယ့် တာဝန်တွေကို နေပူပူ မိုးရွာရွာ မရှောင်ပဲ လုပ်ခဲ့တယ်။ Site မှာ Concrete လောင်းရတဲ့ တစ်ချို့နေ့တွေဆိုရင် ည၂နာရီ ၃နာရီ အထိ နေရတာတွေ ရှိခဲ့တယ်။ ကျွန်မ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ လုပ်စရာရှိတာတွေကို ပြီးအောင်လုပ်ပြီးမှပြန်တယ်။ ဒါပေမယ့် အလုပ်ခွင်မှာ ရာထူးမြန်မြန်တက်အောင်၊ လစာများများတိုးအောင်၊ ကိုယ့်ကို လူကြီးက မျက်နှာသာပေးအောင် လို့ဆိုတဲ့ စိတ်မျိုးတွေနဲ့ ဘာတစ်ခုကိုမှ မလုပ်ခဲ့ဘူး။ ကျွန်မအနေနဲ့ ဘယ်လူကြီးကိုမှလည်း မျက်နှာချိုသွေးပြီး မဆက်ဆံခဲ့ဘူး။ လူကြီးတွေ လာရင်လည်း ဘယ်တုန်းကမှ ပျာပျာသလဲ မျက်စိနောက်လောက်အောင် ခရီးဦးကြို မပြုခဲ့ဘူး။ ကျွန်မခံယူချက်က သူတို့လည်း သူတို့တာဝန်သူတို့ လုပ်နေတာ၊ ကျွန်မလည်း ကျွန်မတာဝန်ကို ကျွန်မထမ်းဆောင်နေတာ......။ လုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး သူတို့သိချင်တယ်ဆိုရင် ပြောပြရမယ့်တာဝန် ကျွန်မမှာရှိတယ်။ ကျွန်မအနေနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုရှင်းပြမယ်.......။ ဒါပါပဲ.......။

အဲဒါကို.......ငါကတော့ သူဌေးပဲ၊ နင်က ငါလစာပေးခန့်ထားတဲ့ ငါ့ဝန်ထမ်းပဲ...... ငါခိုင်းတဲ့ အလုပ် (လုပ်ငန်းနဲ့လားလားမှ မသက်ဆိုင်သည့် ကိစ္စများ။ ။ ဥပမာ-အနားသို့သွားကာ ယပ်ခပ်ပေးရတာမျိုး၊ ရေပူရေအေး ငှဲ့ပေးရတာမျိုး၊ နေပူထဲထွက်ရင် ထီးမိုးထီးဆောင်းပေးရတာမျိုး၊ ကားပေါ်က အဆင်းအတက်မှာ ကားတံခါးလိုက်ပြီး အဖွင့်အပိတ် လုပ်ပေးရတာမျိုး......စသည်၊ စသည်တို့အား.....) လုပ်ပေးရမယ် ဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ ကျွန်မက ဆောရီးပါပဲ။ ကျွန်မ ကုမ္ပဏီမှာ အလုပ်ဝင်တာ အင်ဂျင်နီယာအလုပ်လုပ်ဖို့ ၀င်တာပါ၊ အဲဒါတွေ လုပ်ပေးဖို့ အလုပ်ဝင်တာ မဟုတ်ပါဘူး။ အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့..... ဟုတ်ကဲ့၊ ဖြစ်ပါတယ်.........။ ကျွန်မဟာ လူကြီးကြိုက်ဝန်ထမ်းတွေထဲမှာ မပါခဲ့ဘူးပေါ့။ ရုပ်က လူရိုက်ချင်စရာရုပ်နဲ့၊ အချိုးကလည်း တစ်စက်မှ မပြေတော့ စဉ်းစားသာကြည့်ကြပါတော့။

ကျွန်မ ဒီကို ထွက်မလာဘဲနဲ့ မြန်မာပြည်မှာ ဆက်လုပ်နေမယ် ဆိုလည်း ကျွန်မ အနေနဲ့ ဒီရာထူးဒီလစာကနေ တက်မယ် မထင်ပါဘူး........။ သိတဲ့အတိုင်းပဲလေ...... မြန်မာပြည်မှာက ဘယ်နေရာမှာမဆို လူကြီးကြိုက်အောင် နေတတ်တဲ့သူ၊ လူကြီးနဲ့ ပလဲနံပ သင့်တဲ့သူတွေသာ နေရာရကြတာလေ......။ အဲဒါ ဘယ်လိုလူမျိုးတွေလဲဆိုတော့ လူကြီးမြင်ရင် ပျာပျာသလဲ ထိုင်ရတော့မလို ထရတော့မလိုနဲ့ သွားကြီးတွေ အသားကုန်ဖြဲထားပြီး၊ လူကြီးအနားကနေ မခွာတော့ပဲ မှန်မှန်မှားမှား စိတ်တော်သိ ဗောင်းတော်ငြိမ့် လုပ်တတ်တဲ့သူတွေပေါ့.........။ (ကျွန်မကိုတော့ ထင်ကြတော့မယ် အင်ကြင်းသန့်တို့ သူများကောင်းစားတာကို မုဒိတာမပွားနိုင်ပဲ မနာလိုနေတယ်လို့..........)။ ဟုတ်ကဲ့.......ထင်ချင်သလို ထင်နိုင်ပါတယ်........။ လူတိုင်း၊ လူတိုင်းမှာ မတူညီတဲ့ ခံယူချက်တွေ၊ မတူညီတဲ့ အမြင်တွေ၊ သဘောထားတွေ ရှိကြတာပဲ........။

အဲဒီလိုနဲ့.....ဒီနိုင်ငံကိုလည်းရောက်လာရော.....ဟား..............ဘာပြောကောင်းမလဲ၊ အင်ကြင်းသန့်တို့ ကောင်ကောင်းကြီးကို တွေ့တော့တာပေါ့၊ စလုံးတွေနဲ့လေ။ အချိုးမပြေတဲ့ စကားလုံးတွေ၊ အချိုးမပြေတဲ့ အကြည့်တွေ၊ အချိုးမပြေတဲ့ အမူအရာတွေနဲ့ပေါ့.....။ ကျွန်မအနေနဲ့တော်တော်ကြီးကိုခံရခက်ခဲ့တာပါ။ ကျွန်မ ရဲ့ မာနတွေကို ရာခိုင်နှူန်းတော်တော်များများကိုလျှော့ချခဲ့ရပါတယ်။ ဒါတောင် အချိန်တိုအတွင်းမှာ ကုမ္ပဏီ ၃ခုပြောင်းခဲ့တာသာကြည့်တော့။ အဲဒီတော့ ကျွန်မလည်းကိုယ့်ကိုကိုယ်ပြန်ပြီး ဆင်ခြင်သုံးသပ်ပါတယ်......။ ငါမှားများမှားနေပြီလားလို့ပေါ့.......။ အချိုးပြေပြေနေဖို့လည်း ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့်လည်း ၂၇ နှစ်တောင်ရှိပြီ၊ အရိုးစွဲခဲ့တဲ့ အကျင့်တွေက ဘယ်တော့များမှပျောက်ပါ့မလဲ.......။ ဘယ်လိုစိတ်ထားမျိုးထားပြီးဖျောက်ရမှန်းလဲ မသိတော့ပါဘူး။ အသိတရားတွေကတော့ရှိပါတယ်။ တကယ်လိုက်နာကျင့်သုံးဖို့ကြတော့ ခက်သားလား..........။တကယ်တော့မာနတွေဆိုတာ ဘယ်လိုမာနမျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုပူလောင်စေတာတော့အမှန်ပါပဲ။ တတ်နိုင်သမျှလျှော့ချနိုင်တာတော့ အကောင်းဆုံးထင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အခုအချိန်အထိကို ပူလောင်မှန်းသိပေမယ့် အဲဒီမာနတွေကိုဖက်တွယ်ထားနေတုန်းပါပဲ......။ ဘယ်တော့များမှ ဘယ်လိုအကျွတ်တရားမျိုးနဲ့ တွေ့ပြီး ကျွန်မမာနတွေခ၀ါကျသွားမလဲဆိုတာတော့ ကျွန်မလည်း မခန့်မှန်းတတ်တော့ပါဘူး။သြော်........ ထိုတရားမျိုးကို တစ်နေ့နေ့တော့တွေ့နိုင်ကောင်းပါရဲ့လို့ မျှော်လင့်ရင်းနဲ့ပဲ...........။

Sunday, November 1, 2009

တန်ဆောင်မုန်းလပြည့်နေ့

ဒီနေ့တန်ဆောင်မုန်းလပြည့်နေ့ဟာ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ တကယ့်ကိုနေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။ တကယ်ဆိုရင် ကျွန်မ ရွှေတိဂုံ အသင်းတော် (စင်္ကာပူ) ဓာတ်တော်တိုက် ရဲ့ခြောက်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နဲ့ ဆဌမ အကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သွားမယ်လို့ မှန်းထားတာပါ။ ကျွန်မ သင်္ကန်းလည်းလှူထားတာ ဆိုတော့လေ......။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒူးခေါင်းအရမ်းနာနေလို့ မသွားဖြစ်ခဲ့ဘူး။ အဲဒါနဲ့ပဲ ဘုန်းကြီးကျောင်းမသွားဖြစ်ပေမယ့်လည်း ဒီလိုနေ့ထူးနေ့မြတ်မှာ ကုသိုလ်ရအောင်တော့နေသင့်တယ်လို့တွေးပြီး အိမ်မှာပဲ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်၊ ဘုရားရှိခိုး၊ ပရိတ်၊ ပဌာန်းတွေရွတ်ပြီးတရားနာနေလိုက်ပါတယ်။ တကယ်ကိုပဲ စိတ်ထဲမှာလည်း အေးချမ်းကြည်လင်သွားပါတယ်။ ကျွန်မ ဒီဘ၀မှာ လူဖြစ်ရတာ ကိုယ့်ကိုကိုယ် အကျေနပ်ဆုံးအချက် တစ်ခုက ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ရတာကိုပါပဲ။ ဒီနေ့ နာဖြစ်တဲ့ တရားက သီတဂူဆရာတော် ဘုရားကြီး အရှင်ဥာဏိဿရ ဟောကြားတော်မူတဲ့ “ကုမုဒြာတွေ ပွင့်တဲ့ည” တရားတော်ပါ။ တန်ဆောင်မုန်းလပြည့်နေ့ အကြောင်းကိုဟောထားတဲ့ တရားတော်လေ။ အရမ်းကို နာလို့ကောင်းပါတယ်။ ဆရာတော်ဘုရားရဲ့ အသံကလည်းအရမ်းကိုကျက်သရေ ရှိပါတယ်။ ကျွန်မ www.dhammadownload.com ကနေ download လုပ်ထားတာပါ။ တန်ဆောင်မုန်းလပြည့်နေ့ အကြောင်းကို ဟောထားတာဆိုပေမယ့် ကျွန်မ မကြာခဏဆိုသလို ဒီတရားတော်ကိုနာဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ အဇာတသတ်မင်းကြီး အမှူးပြုသောပရိတ်သတ်အပေါင်းတို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရခြင်းအကျိုး တရားတော်ကိုဟောကြားတော်မူခဲ့ပါတယ်တဲ့။ သီတဂူဆရာတော်ဘုရားကြီးက အဲဒီ အကြောင်းကို ဒီတရားတော်မှာ ဟောထားတာပါ။ နာကြားချင်တဲ့ သူတွေ အတွက် www.dhammaratha.com မှာလည်း တင်ပေးထားတာတွေ့ရပါတယ်။

မြန်မာပြည်မှာနေတုန်းက တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မေမေက မယ်ဇလီဖူးသုပ်တွေသုပ်ကျွေးတာကိုလည်း သွားအမှတ်ရမိပြန်ပါတယ်။ ကျွန်မကအခါးမကြိုက်တဲ့သူဆိုတော့ မစားချင်ပေမယ့် မေမေက ဆေးဖက်ဝင်အောင်လို့ဆိုပြီး မရရအောင်စားခိုင်းပါတယ်။ အခုတော့ စားချင်လှပါတယ်ဆိုတာတောင် စားဖို့မရှိပါဘူး။ နောက်တစ်ခုက တန်ဆောင်မုန်းလပြည့်နေ့ညကို သူခိုးကြီးညဆိုပြီးတော့ အဲဒီညရောက်ရင်လူကြီးတွေမသိအောင် ပစ္စည်းတွေကို တိတ်တဆိတ်ယူဆောင်ကာဖွက်ထားခြင်း၊ ပစ္စည်းတွေကို နေရာများရွှေ့ပြောင်းထားခြင်း၊ အပြောင် အပျက်ရီစရာစာများရေးကာ မိမိတို့စနောက်ချင်သောအိမ်များအား အိမ်ရှင်များမသိအောင်အိမ်ရှေ့၌ သွားရောက်ချိတ်ဆွဲထားခြင်း စသည်ဖြင့် ထိုညဟာ လူငယ်တွေ အတွက် ပျော်စရာညတစ်ညလည်းဖြစ်ပါတယ်။

တန်ဆောင်မုန်းလမှာ ကျွန်မတို့ ဗုဒ္ဒဘာသာမြန်မာလူမျိုးတွေ အတွက် နောက်ထပ်ထင်ရှားတာက ကထိန်သင်္ကန်းကပ်လှူခြင်းပါပဲ။ တန်ဆောင်မုန်းလရောက်ရင် နေရာတိုင်းလိုလိုမှာ ကထိန်ပွဲအတွက် ပဒေသာပင်တွေကို တွေ့နိုင်ပါတယ်။ ကျွန်မတို့ ပြည်မှာဆိုရင် ရပ်ကွက်တိုင်း၊ ဌာနတိုင်း၊ လမ်းတိုင်း ယုတ်စွအဆုံး ဆိုက္ကားဂိတ်တိုင်းမှာတောင် ပဒေသာပင်တွေကို ပြုလုပ်ကြတာပါ။ နဲသည်များသည်လို့လဲ ပဓာနမထားကြပဲ ပဒေသာပင်အတွက် ကိုယ်တတ်စွမ်းနိုင်သလောက်ကို လှူဒါန်းလေ့ရှိကြပါတယ်။ တစ်လလုံးလိုလိုဟာလည်း တစ်မြို့လုံးမှာ ကထိန်လှည့်ကြတဲ့ အိုးစည် ဗုံမောင်းသံတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင်ဆင်းရဲမယ်၊ သဒ္ဒါတရားမချို့တဲ့ကြတာတော့အမှန်ပါပဲ။ အကြောင်းအမျိုးမျိုးတွေကြောင့် အမိမြေနဲ့ ဝေးရာမှာ ရောက်နေရပေမယ့်လည်း ကျွန်မအတွက်ကတော့ မြန်မာပြည်ရဲ့ ရနံ့တွေ၊ ထုံးတမ်းစဉ်လာရိုးရာပွဲတော်တွေကိုပဲ အမြဲသတိရအောက်မေ့နေတာပါ။ သြော်.....ဘယ်တော့များမှ ကိုယ့်မြေကိုယ့်ရေမှာပြန်ပြီးနေထိုင်နိုင်ခွင့်ရမလဲဆိုတာတော့..........။