Pages

Saturday, October 24, 2009

ကျွန်မနဲ့ G-talk

ကိုနေဘုန်းလတ် ရေးထားတဲ့ Chatter နှင့် Blogger ဆိုတဲ့ ဆောင်းပါးရယ်၊ ကိုဗာလ ရေးထားတဲ့ G - စကား ဆိုတဲ့ ဆောင်းပါးရယ် ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ပြီးချိန်မှာတော့ ကျွန်မခေါင်းထဲမှာလည်း G-talkနဲ့ ပတ်သက်ပြီး အတွေးလေးတွေ ပေါ်လာပါတယ်။

ကျွန်မအထင်တော့ Gtalkဟာ ကျွန်မတို့ မြန်လူမျိုးတွေ တော်တော်များများ အသုံးပြုကြတဲ့ Chatting Softwareတစ်ခု ဖြစ်မယ်ထင်ပါတယ်။ G-talkကို သုံးကြတဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက် သုံးရတဲ့ရည်ရွယ်ချက်ချင်း တူကြမှာမဟုတ်ပါဘူး။ ကျွန်မကတော့ G-talkကို စတင်အသုံးပြုခဲ့တာ ၂၀၀၇ခုနှစ်ကမှပါ။ စသုံးရတဲ့ရည်ရွယ်ချက်ကလည်း ဒီစင်ကာပူနိုင်ငံကို လာဖို့အတွက် မသုံးမဖြစ် သုံးကိုသုံးဖို့လိုအပ်လို့ စတင်အသုံးပြုခဲ့တာပါ။

အဲဒီအချိန်မှာ ကျွန်မအနေနဲ့ အံ့သြစရာကောင်းတာတစ်ခု တွေ့ရတာက internet cafeတွေကို သွားတဲ့အချိန်တိုင်း ဆိုင်တိုင်းမှာ လူပြည့်လုနီးပါးဖြစ်နေတတ်ပြီး အဲဒီလူတွေကို လေ့လာကြည့်လိုက်တဲ့ အခါကြတော့လည်း တော်တော်များများဟာ တစ်ပြိုင်နက်တည်းမှာ လူနှစ်ယောက်၊ သုံးယောက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် Chatနေကြတာကို တွေ့ရပါတယ်။ ကျွန်မလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သူတို့တွေ ဘာတွေအတွက်များ အဲဒီလိုသည်းကြီးမည်းကြီး Chatနေကြတာလည်းဆိုတာကိုတော့ စိတ်ဝင်တစား မလေ့လာဖြစ်ခဲ့ပါဘူး။ သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့ ပြောစရာတွေ အများကြီးရှိလို့ နေမှာပေါ့ လို့ပဲတွေးခဲ့တာပါ။

ရန်ကုန်မှာ ကျွန်မတို့နဲ့ အတူတူနေခဲ့ကြတဲ့ ကလေးတွေဆိုရင်လည်း ကျွန်မသတိထားမိသလောက် အားအားရှိ internetဆိုင်ကိုပဲ သွားသွားနေကြတာကို တွေ့ခဲ့ရပါတယ်။ ညဆိုရင်လည်း တော်တော်လေး ညဥ့်နက်မှ internetဆိုင်ကနေ ပြန်ပြန်လာတတ်ကြပါတယ်။ ပြန်လာရင်လည်း မအိပ်ကြသေးဘဲ ဒီနေ့တော့ ဘယ်သူ့ကို ဘယ်လိုပြောလိုက်တာ၊ ဘယ်သူက ဘယ်လိုပြောတာ၊ ဘယ်သူ့ကိုတော့ နောက်ထပ် account အသစ်တစ်ခုနဲ့ ဘယ်လို chatလိုက်တာ စသည်ဖြင့် သူတို့အချင်းချင်း ပြောဆိုနေကြတာကို တစ်နေ့တစ်မျိုး မရိုးရအောင် ကြားရပါတယ်။

တစ်နေ့ တစ်နေ့ ရှင်းလိုက်ရတဲ့ internetဖိုးကလည်း သူတို့ပြောပုံအရဆိုရင် မနည်းပါဘူး။ ကျွန်မကသာ ဘေးကနေနားထောင်ပြီး နှမြောနေတာပါ။ သူတို့ကတော့ ဒီပိုက်ဆံနဲ့ ပတ်သက်လို့ ဘယ်လိုမှတောင် ခံစားရပုံ မပေါ်ပါဘူး။ ကျွန်မ သူတို့ကို နားလည်းမလည်နိုင်ခဲ့ပါဘူး။

ကျွန်မကတော့ internetကို မသုံးမဖြစ်လို့သာ သွားသွားသုံးနေရပေမယ့် internetဆိုင်သွားရမှာ တော်တော့်ကိုပျင်းတာပါ။ ကိုယ်ကမကျွမ်းကျင်တော့ တစ်ခုခုလုပ်မရတော့ဘူးဆိုရင်လည်း ဆိုင်ကအားတဲ့လူကို လိုက်ကြည့်ပြီး ခေါ်ခေါ်ပြရတာကတစ်မျိုး၊ အရေးကြီးပြီဆိုရင် connectionကမကောင်းလို့ တော်တော်နဲ့ မတက်တာကတစ်မျိုးနဲ့ စိတ်မရှည်တာနဲ့ပဲ တော်ရုံတန်ရုံဆို ကျွန်မမသွားဖြစ်တာက များပါတယ်။ ကျွန်မ သူငယ်ချင်းကတော့ မကျွမ်းကျင်လို့ မသုံးပဲထားရင် ပိုပြီးတော့မကျွမ်းကျင်ပဲနေမှာပေါ့ဆိုပြီး ကျွန်မကို ခေါ်ပေမယ့် ကျွန်မက အကြောင်းအမျိုးမျိုးပြပြီး ကျန်ခဲ့တာက များပါတယ်။ ကျွန်မလည်း G-talk နဲ့ပတ်သက်လို့ အဲဒီလောက်ပဲသိခဲ့ပြီး ဒီကိုရောက်ခဲ့တယ်ဆိုပါတော့။

ဒီကိုရောက်တော့ ဒီမှာက internetသုံးစွဲရတာ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။ အဲဒီမှာ ကျွန်မ သဘောအကျဆုံးက onlineကိုအချိန်မရွေး ဖွင့်ထားလို့ရတော့ မြန်မာပြည်က သူငယ်ချင်းမိတ်ဆွေတွေ တစ်ယောက်မဟုတ် တစ်ယောက်နဲ့တွေ့ပြီး စကားပြောနိုင်တာကိုပါပဲ။ အဲဒီအချိန်က မြန်မာပြည်ကနေ ရောက်ကာစဆိုတော့ ဒီမှာနေရတာ အသားမကျသေးတဲ့အပြင် မြန်မာပြည်ကိုပဲ သတိရနေတာဆိုတော့ အဲဒီလို မြန်မာပြည်ကသူငယ်ချင်း တစ်ယောက်မဟုတ်တစ်ယောက်နဲ့ တွေ့ရတော့ အလွမ်းပြေစေပါတယ်။

အဲဒီမှာ ပြဿနာကစပါပြီ။ G-talk ထဲကို အမည်မသိတဲ့ invite တွေ ရောက်ရောက်လာတာပါ။ ကျွန်မကလည်း G-talkကိုစသုံးကာစ G-talkလောကအကြောင်းကိုလည်း လည်လည်ဝယ်ဝယ်မသိသေးတော့ ၀င်လာတဲ့ inviteတွေကို များသောအားဖြင့် acceptလုပ်ဖြစ်တာများပါတယ်။ တစ်ချို့ကကြတော့လည်း တကယ့်ကို ကိုယ့်အသိမိတ်ဆွေတွေပါ။ accountနာမည်ကတစ်မျိုး ဖြစ်နေတာလေ။ တစ်ချို့ကတော့ ကျွန်မလုံးဝမသိတဲ့ လူတွေပါ။ လုံးဝမသိတဲ့ လူတွေထဲမှာမှ နှစ်မျိုးနှစ်စားရှိပါတယ်။

တစ်မျိုးက တစ်ကယ်ကို မိတ်ဆွေသူငယ်ချင်းဖြစ်ချင်လို့ တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေ၊ အတွေးအမြင်တွေ ဖလှယ်ဖို့ဆိုတဲ့ စိတ်ထားမျိုးနဲ့ တကယ်ကို ခင်စရာကောင်းတဲ့ မိတ်ဆွေတွေပါ။ အဲဒီသူငယ်ချင်းတွေဆိုရင် ကျွန်မနဲ့ အခုအချိန်အထိကို G-talk ထဲမှာ အဆက်အသွယ်မပြတ် ရှိနေတုန်းပါပဲ။ ဘယ်တော့မှလည်း ကျွန်မကို စိတ်အနှောက်အယှက်မပေးပါဘူး။ သူတို့ သိချင်တာလေးတွေ ရှိရင်ကျွန်မသိလိုသိငြား မေးတယ်။ ကျွန်မကိုသိစေချင်တာလေးတွေ ရှိရင်လည်း လှမ်းပြောပေးတယ်။ ကောင်းတဲ့ forward mail လေးတွေ ရှိရင်အပြန်အလှန် ပို့ ပေးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် respect ထားပြီးဆက်ဆံကြတယ်။ ဒီလိုသူငယ်ချင်းတွေကြတော့ တကယ်ကို စစ်မှန်တဲ့ online သူငယ်ချင်းတွေအဖြစ် ကျွန်မလက်ခံထားပါတယ်။

နောက်တစ်မျိုးကတော့ onlineမှာ မိန်းခလေးတွေကို အခွင့်သာရင်သာသလို ကြူဖို့လောက်ကိုသာ ကြိုးစားအားထုတ်နေကြတဲ့ လူမျိုးတွေပေါ့။ acceptလုပ်ထားပြီးလို့ တွေ့တာနဲ့တစ်ပြိုင်နက် စသုံးလုံးဝင်သလို မေးခွန်းတွေကို တရစပ်မေးပါပြီ။ နာမည်အရင်းကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ ဘာအလုပ်လုပ်တာလဲ၊ အသက်ဘယ်နှနှစ်ရှိပြီလဲ စတဲ့စတဲ့ မေးခွန်းတွေကအစချီလို့ တစ်ချို့ဆိုရင် ရည်စားရှိလား၊ အိမ်ထောင်ရှိလားဆိုတဲ့ Personalမေးခွန်းမျိုးတွေအထိကို မေးတာပါ။ ကျွန်မ အဲဒီလိုလူတွေကို တော်တော့်ကို စိတ်ပျက်စိတ်တိုမိပါတယ်။ အစပိုင်းတုန်းကတော့ ကျွန်မအနေနဲ့ ကောင်းကောင်းမွန်မွန် လေးလေးစားစား ပြန်ဖြေပါတယ်။

အဲဒီလို ကောင်းကောင်းမွန်မွန်ဖြေတာကိုပဲ ဘယ်လိုတွေထင်သွားကြတယ်တော့ မသိပါဘူး။ ဟုတ်ပြီကွ၊ အပိုင်ပဲ ဆိုပြီးတွက်လိုက်ကြပြီး ချက်ချင်းဆိုသလိုပဲ ဓာတ်ပုံပို့ပေးပါလားတို့၊ webcamနဲ့ စကားပြောချင်လို့တို့ ဖြစ်သွားပါတယ်။ ပြီးတော့ ဘာမပြော ညာမပြော callကိုဗြုန်းကနဲ ခေါ်ချပစ်တတ်တဲ့ လူမျိုးတွေလည်းရှိပါတယ်။ ကျွန်မ တော်တော်လေးကို စိတ်ဆိုးဒေါသထွက်မိပါတယ်။ အဲဒီလူတွေ ကျွန်မ အပြင်မှာသာတွေ့ နေရရင် တစ်ခုခုပြောမိလုပ်မိမလားပါပဲ။

အဲဒီလို ပေါက်ကရလေးဆယ် အရည်မရအဖတ်မရတွေ မေးတတ်တဲ့၊ စိတ်ပျက်စရာကောင်းလှတဲ့ လူမျိုးတွေကို ကျွန်မဆက်ကိုစကားပြောချင်စိတ် မရှိတော့ပါဘူး။ အဲ....ကောင်းကောင်းမွန်မွန် ပြန်မဖြေမိပြန်ရင်လည်း တစ်မျိုး။ သူတို့ကို မတူသလိုမတန်သလို ဆက်ဆံတယ်တို့၊ ကျွန်မကဘာမို့လို့လဲတို့၊ သူတို့ကမြန်မာပြည်ကဆိုရင်လည်း ကျွန်မက စင်ကာပူမှာရောက်နေလို့ ကြီးကြီးကျယ်ကျယ်နဲ့ ဘာညာဆိုပြီးတော့ တစ်ချို့ဆိုရင် ရိုင်းပျစွာနဲ့ကို ပြောဆိုသွားကြတာပါ။

အဲဒီလို ရိုင်းစိုင်းတဲ့လူတွေကိုတော့ ကျွန်မ Blockလုပ်ပစ်လိုက်ပါတယ်။ တကယ်ဆို ကျွန်မအနေနဲ သူများကို Block လုပ်ရမှာကို ၀န်လေးပါတယ်။ အားနာသလိုလို၊ အချင်းချင်း လေးစားမှုမရှိသလို ခံစားမိတယ်။ ဒါပေမယ့် ဒီလိုအရိုင်းအစိုင်းတွေကိုတော့ Block လုပ်ကိုလုပ်ပစ်လိုက်သင့်တယ်လို့ ကျွန်မထင်ပါတယ်။

ကျွန်မပြောချင်တာက ကိုယ့်ရဲ့အချိန်တွေ ပိုက်ဆံတွေ အကုန်ခံပြီး ဒီလိုအကျိုးမရှိ၊ အရည်မရ အဖတ်မရတွေနဲ့ အချိန်ကုန်နေမယ့်အစား ဗဟုသုတရှာချင်သူတွေအတွက်တော့ Internetဆိုတာ တကယ့်ကို ဗဟုသုတ ဟင်းလေးအိုးကြီးပါပဲ။ Internetကိုသုံးပြီး အကျိုးရှိတာတစ်ခုခုကို လုပ်ဖြစ်စေချင်၊ သိသွားစေချင်တာပါ။ G-talk မှာ မိတ်ဆွေဖွဲ့ကြမယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ကြူဖို့ဆိုတာထက် တစ်ယောက်နဲ့ တစ်ယောက် ဗဟုသုတတွေဖလှယ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် အသိအမြင်တွေမျှဝေခံစားဖို့ ဆိုတဲ့ နဲနဲလေး ပိုအဆင့်မြင့်တဲ့ ရည်ရွယ်ချက်လေးတွေကို ထားကြစေချင်တာပါ။

ဒါပေမယ့်လည်း လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း၊ သဘောထားချင်း မတူတော့ လည်းခက်သားလား။ ကျွန်မလည်းအခုဆိုရင် ကိုယ်မသိတဲ့နာမည်နဲ့ inviteတွေကို လက်ခံဖို့ကို တော်တော်လေးကို ၀န်လေးသွားပါတယ်။ နောက်တစ်ခုရှိသေးတာက မသိတတ်၊ နားလည်မပေးတတ်ကြတဲ့ လူတွေပါ။ ရုံးမှာ အလုပ်လုပ်နေရတဲ့ အချိန်တွေဆိုရင် အချိန်မရွေး Managerတို့၊ Bossတို့က ကိုယ့်အနားကို ရောက်ရောက်လာကြတတ်ကြတာလေ။ တစ်ခါတစ်လေ သူတို့က အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြောနေပြီဆိုရင် တော်တော်နဲ့ အနားကနေမသွားတတ်ကြပါဘူး။ အဲဒီအခါမှာ သူတို့လှမ်းchatတာကို reply ပြန်လုပ်ဖို့ ကြာသွားရင် စိတ်ကွက်သွားတတ်ကြတာမျိုးတွေပါ။

တစ်ချို့ကလည်း အလုပ်ချိန်မှန်း သိနေရက်နဲ့ကို အရမ်းကို chatချင်နေကြတော့တာ။ ကျွန်မရဲ့ reply တွေကလည်း တိုတိုတုတ်တုတ်တွေက များလာတော့ သူတို့က ခင်လို့ သတိရလို့ chatတာကိုပဲ ကျွန်မက ကြီးကြီးကျယ်ကျယ် ဖြေချင်သလို၊ မဖြေချင်သလိုနဲ့ ဆိုတဲ့ ပုံစံမျိုးတွေ ထင်သွားတတ်ကြပြန်ရော။

ကျွန်မအဲဒီလို ခဏခဏ စိတ်အနှောက်အယှက်ဖြစ်နေရတာတွေကို တွေ့ တွေ့နေရတော့ ကျွန်မ သူငယ်ချင်းက ကျွန်မကို email address ပြောင်းသုံးပါလားလို့ အကြံပေးပါတယ်။ ဒါပေမယ့်လည်း ကျွန်မအနေနဲက emailဆိုတာကို စတင်အသုံးပြုကတည်းက ဒီmailလေးကိုပဲ သုံးခဲ့တာမို့လို့ ကျွန်မမပြောင်းချင်ပါဘူး။ ကျွန်မရဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကိုလည်း ဒီ mail ကိုပဲပေးထားတာမို့လို့ပါ။

ကျွန်မလည်း အဲဒီလိုလူတွေကို ရှောင်ချင်တော့ များသောအားဖြင့် invisibleနဲ့ပဲ အနေများခဲ့ပါတယ်။ ကိုဗာလရဲ့ ဆောင်းပါးထဲမှာ invisibleလုပ်ထားခြင်းသည် မိမိ၏သူငယ်ချင်းများအပေါ်တွင် မရိုးသားရာကြပါသည်လို့ ဖတ်ရပေမယ့်လည်း email addressမပြောင်းချင်သော၊ G-talkနဲ့ပတ်သက်ပြီး ခဏခဏ စိတ်တိုဒေါသထွက်ရတာကို မဖြစ်ချင်သော ကျွန်မအဖို့ကတော့ invisibleနဲ့ နေတာလေးက အဆင်ပြေတဲ့ နည်းလမ်းလေးများ ဖြစ်နေသလားလို့ပါ။ တခြားတခြားသော mailတွေ၊ chatting softwareတွေကို ပြောင်းမသုံးချင်တဲ့ ကျွန်မအဖို့ကတော့ gmail နဲ့ G-talk ကိုပဲ ဆက်ပြီးသုံးသွားချင်ပါတယ်။ အဲဒီလိုနဲ့ ပဲ ကျွန်မဒီ mail addressလေးကိုပဲ ဘယ်အချိန်အထိ မပြောင်းမလဲ ဆက်သုံးသွားနေဖြစ်ဦးမလဲဆိုတာတော့ မပြောတတ်တော့ပါဘူး။

No comments: