Pages

Thursday, October 22, 2009

ပြည်မြို့က ရွှေဆံတော်ဘုရားပွဲတော်

မနေ့က ကျွန်မ မေမေ့ကိုအိပ်မက်မက်ပြီး ဒီနေ့တစ်နေ့လုံး အိမ်ကိုပဲ သတိရနေပါတယ်။ အိမ်ကိုသတိရခြင်းနဲ့ အတူကျွန်မတို့ရဲ့ ပြည်မြိုလေးမှာ ရွှေဆံတော်ဘုရားပွဲတော်ကြီးတောင် စတော့မှာပါလားဆိုတာကို သတိရသွားပါတယ်။ ဒီနှစ်က စွယ်တော်လှည့်မယ့်နှစ်လေ....။ သီဟိုဠ်ကျွန်းကနေ ပင့်ဆောင်ထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ စွယ်တော်မြတ်အား သုံးနှစ်မှတစ်ကြိမ်သာ မြို့တွင်းမှာ လှည့်လည်အပူဇော်ခံတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ အိမ်ကလူတွေနဲ့လည်း မတွေ့ဖြစ်သေးတော့ ပွဲတော်စမယ့်ရက်ကို သေချာမသိဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ ရုံးကပြန်လာတော့ အီးမေးလ်စစ်ရင်း ပြည်သားများဆုံဆည်းရာ ကနေ messageတစ်ခုရောက်နေလို့ အဲဒီ website ကိုဝင်ရင်း “နှင်းဖြူ ”ဆိုတဲ့ တစ်ယောက်က ပွဲတော်ရက်လေးတွေ တင်ထားတာကို တိုက်တိုက် ဆိုင်ဆိုင် သွားတွေ့ပါတယ်။ အဲဒါနဲ့ ကျွန်မလည်း ဘုရားပွဲနဲ့ ပတ်သက်ပြီး ပို့စ်လေးတစ်ခု ရေးချင်လာပါတယ်။

တန်ဆောင်မုန်းလဆန်း ၈ ရက် (၂၅.၁၀.၀၉) မှာပွဲတော်စပြီး တန်ဆောင်မုန်းလဆန်း ၁၁ ရက် (၂၈.၁၀.၀၉) မှာ စွယ်တော်ဖွင့်မှာ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလဆန်း ၁၃ ရက် (၃၀.၁၀.၀၉) မှာ စွယ်တော်မြတ်ကိုမြို့တွင်းမှာ လှည့်လည် အပူဇော်ခံပြီး တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (၂.၁၁.၀၉) နေ့ကတော့ ပွဲတော်နောက်ဆုံးနေ့ ဖြစ်ပါတယ်။

သြော်.....ကျွန်မကတော့ ရွှေဆံတော် ဘုရားပွဲတော်ကြီးနဲ့ ဝေးခဲ့တာ လေးနှစ်တောင်ရှိခဲ့ပြီ ထင်ပါတယ်။ ဟိုတုန်းက ဘုရားပွဲတော်မှာ လည်ခဲ့တာတွေ၊ ပျော်ခဲ့တာတွေကို ပြန်သတိရမိတယ်။ ကျွန်မတို့တွေ GTC တက်နေတုန်းက ကျွန်မတို့အုပ်စု အတန်းလစ်ပြီး လျှောက်လည်ခဲ့တာတွေကိုလည်း သွားတွေးမိပါတယ်။ ကျွန်မတို့အုပ်စုက လူများတော့(ခုနစ်ယောက်တောင်ရှိတာလေ) ဘယ်သွားသွား အုပ်စုကွဲကွဲသွားတတ်လို့ ပွဲတော်လည်တိုင်းလည်း တစ်ယောက်နဲ့တစ်ယောက် ပြန်ပြန်ရှာနေရတာချည်းပါပဲ။ ပြန်တွေ့ကြပြီ် ဆိုရင်တော့ဖြင့် အကုန်လုံး မောမောပန်းပန်းနဲ့ နီးစပ်ရာဆိုင်တစ်ဆိုင်မှာ ၀င်ပြီး စားကြသောက်ကြ ပြောကြဆိုကြ စနောက်ကြ နဲ့ တော်တော်ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေပါပဲ။

ငယ်ငယ်တုန်းက ဖေဖေ၊ မေမေ၊ ကိုကြီး၊ ညီမလေးတို့နဲ့ မိသားစုလိုက် လည်ခဲ့တာတွေကိုလည်း သွားသတိရပါတယ်။ အဲဒီတုန်းကတော့ ကျွန်မတို့မောင်နှမတစ်တွေ ဖေဖေနဲ့ မေမေ့ကို ပွဲတော်လိုက်ပို့ပေးဖို့ ပူဆာရတာ အမောပါပဲ။ ဖေဖေနဲ့မေမေ ပွဲတော်ကိုလိုက်ပို့ပေးမယ့်နေ့ဆိုရင်ဖြင့် ညနေပိုင်းရောက်ရင် အင်္ကျီအ၀တ်အစားတွေလဲပြီး ဖေဖေရုံးကပြန်အလာကို အိမ်ရှေ့ကိုထွက်ထွက်မျှော်ရတာလည်း ပြောမနေပါနဲ့တော့။ အိမ်နီးနားချင်းသူငယ်ချင်းတွေကိုလည်း အဲဒီနေ့ ပွဲတော်ကိုသွားလည်မှာဆိုတဲ့ အကြောင်းကိုလည်း ကြွားရသေးတယ်။

ငယ်ငယ်က ပွဲတော်လည်တိုင်း ကျွန်မအနေနဲ့ အမြဲပူဆာတတ်တာက ငါးလုံးတန်းစီပြီးဆင့်ထားတဲ့ ကစားစရာဒန်အိုးလေးတွေပါပဲ။ ကျွန်မကစည်းကမ်းမရှိတော့ ၀ယ်လာပြီးရင်လည်း ခဏလေးနဲ့ ပျောက်ပျောက်ကုန်တော့တာပါပဲ။ နောက်နှစ်ပွဲတော်ရောက်ရင်လည်း ကျွန်မက အဲဒါကိုပဲဝယ်ပေးဖို့ ထပ်ပူဆာပါတယ်။ ဖေဖေကလည်း မငြိုမငြင် အမြဲဝယ်ပေးပါတယ်။ ကျွန်မကလည်း ထပ်ထပ်ဖျောက်ပစ်တာပါပဲ။ အဲဒီလိုနဲ့ နှစ်တိုင်းနှစ်တိုင်း ပွဲတော်ရောက်ပြီဆိုရင်ဖြင့် ကျွန်မ၀ယ်ဖြစ်တာက အဲဒီဒန်အိုးလေးတွေပါပဲ။

ပြီးခဲ့တဲ့တစ်ပတ်က ပြည်ကသူငယ်ချင်း တစ်ယောက်နဲ့ onlineမှာတွေ့တော့ သူက ပွဲတော်မှာ ဘာလိုချင်လဲတဲ့၊ သူဝယ်ထားပေးမယ်တဲ့။ ပြီးတော့ သူ့ ideaက တစ်မျိုး...။ အဲဒီပစ္စည်းက ကလေးဘ၀တုန်းက လိုချင်တဲ့ ပစ္စည်းဖြစ်ရမယ်တဲ့။ အဲဒီတော့ ကျွန်မ မဆိုင်းမတွ ဖြေလိုက်တာက ဒန်အိုးလေးတွေလေ။ သူကတော့ လေသေနတ်ဝယ်မလို့ဆိုပဲ။ ပြေပြေလည်လည်ဆက်ဆံထားမှ ဖြစ်မယ်။

သူငယ်ချင်းရေ....နင်ပွဲတော်လည်တဲ့ အခါကျရင် မုန့်သိုင်းခြုံတို့၊ မုန့်ပျားအုံတို့၊ ကောက်ညှင်းကျည်တောက်တို့စားရင် ငါတို့တွေအတွက်ပါ ပိုစားပေးနော်။ သြော်....ပြီးတော့ ချားလည်းစီးဦးဟ၊ ဒါတော့ဒို့အတွက်ပိုမစီးပါနဲ့၊ ရပါတယ်။ (ချားဆိုတာ ရဟတ်ကိုပြောတာနော် သူငယ်ချင်း)။ တော်ကြာမြန်မာပြည်ပြန်ရင် လေသေနတ်နဲ့ လိုက်ပစ်နေမှာစိုးလို့း)))။

mrgreenmrgreenmrgreen

3 comments:

honey said...

သတိရသွားပြီ။ ကိုယ် ၁ရက်လေး ကပ်လွဲခဲ့ရတဲ့ ပြည်စွယ်တော်မြတ်လှည့်လည်အပူဇော်ခံပွဲကို....
ငယ်တုန်းက ပွဲလှည့်ရင် ကိုယ့်အကျင့်ကတော့ မုန့်လေပွေကို လူကြားသူကြား ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်အောင် ချိုးရတာပဲ။ မုန့်လေပွေ (ဒါဇင်လိုက်) ၀ယ်ပေးဖို့ ပူဆာတယ်။ အဲ့မုန့်လေပွေရရင် ဖေဖေ မေမေတို့ ကမ္ဘာကြီး အေးချမ်းသွားတယ်လေ.. နောက်ထပ်ဘာမှ ကိုယ် မပူဆာတော့ဘူး.. ခိခိ

INGJIN THANT said...

ကဲဗျာ....လုပ်ကြပါဦး၊ မုန့်လေပွေ တစ်ဒါဇင်လောက် :D

မောင်မိုး said...

အော်...ပြည်သူကိုး။