Pages

Saturday, October 31, 2009

ပြည်မြို့မှာ စားစရာ


ဟိုတစ်လောက ဘလော့ဂ်တစ်ခုကို ၀င်ဖတ်ရင်း “2009 Myanmar Blogger Gathering and Srikhittra Excursion” ဆိုတဲ့ ခေါင်းစဉ်လေးကိုတွေ့တော့ “ဟာ.....သီရိခေတ္တရာဆိုတော့ ငါတို့ ပြည်ကိုသွားတာပဲ” ဆိုပြီး စိတ်ဝင်တစားနဲ့ ဖတ်လိုက်မိပါတယ်။ အဲဒီတုန်းက Gathering ထဲမှာပါတဲ့ Bloggerတွေဟာ ဘယ်နေရာကို လေ့လာရေးထွက်ကြရင်ကောင်းမလဲ ဆိုတာကို အတော့်ကို ခေါင်းခြောက်အောင် တိုင်ပင်ပြီးမှ ပြည်မြို့ကို ရွေးခဲ့တာဆိုတဲ့အကြာင်းကို ဖတ်ရတော့ ပီတိတွေဖြာလို့ပေါ့။

ရွှေဆံတော်ဘုရား၊ ရွှေဘုံသာမုနိဘုရား၊ သရေခေတ္တရာပြတိုက်နဲ့ ဘောဘောကြီးဘုရားတို့ကို သွားရောက်လေ့လာဖြစ်ကြတဲ့ အကြောင်းတွေကို တွေ့ရတော့ ၀မ်းသာအားရနဲ့ ဆက်ဖတ်လာလိုက်တာ အောက်နားလည်းရောက်ရော နေ့လည်စာထမင်းစားဖို့အတွက် လမ်းညွှန်လုပ်ပေးတဲ့ ဂိုက်ကောင်လေးက ကားကြီးဝင်းထဲက ထမင်းဆိုင်ကို ခေါ်သွားတယ်ဆိုတဲ့အကြောင်း၊ ထိုဆိုင်မှထမင်းဟင်းများမှာ ထမင်းများက အေးစက်မာတောင့်နေပြီး၊ ဟင်းများကလည်း ငံပြာရည်နဲ့ အချိုမှုန့်ကို ရောနယ်ထားတဲ့ အတိုင်းဖြစ်ကြောင်း၊ မွေးကတည်းက ဒီနေ့အထိ စားဖူးသမျှထဲမှာ အဆိုးဝါးဆုံးဟင်းလျာများဖြစ်ကြောင်း စသည်များကိုလည်း ဖတ်လိုက်ရရော “သေဟဲ့နန္ဒိယ”လို့သာ ပြောလိုက်ချင်ပါတော့တယ်။

ပြည်မြို့မှာ စားစရာဆိုင်တွေ ဒီလောက်တစ်ပုံတစ်ပင်ကြီးရှိတာကို ပြည်မြို့ကသူတွေ ဘယ်သူမှ မစားတဲ့ ဒီကားကြီးဝင်းထဲက ထမင်းဆိုင်တွေကိုမှ ခေါ်သွားရသလားလို့ သူတို့တင်မဟုတ်ဘူး ကျွန်မပါ အဲဒီဂိုက်ကောင်လေးကို မေတ္တာပို့ လိုက်မိပါတယ်။

အဲဒါနဲ့ပဲ ပြည်မြို့ကို သွားရောက်လည်ပတ်ကြတဲ့သူတွေကို စားစရာဆိုင် ကောင်းကောင်းလေးတွေ ရှိတဲ့နေရာလေးတွေကို လမ်းညွှန်ပြောပြချင်စိတ် ပေါက်လာတာနဲ့ပဲ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ကျွန်မတို့ ပြည်မှာ ထမင်းဆိုင်ကောင်းကောင်းစားချင်ရင် ကန်လမ်းကိုသွားပါ။ ကန်လမ်းထဲမှာ ယုဇနထမင်းဆိုင် နဲ့ မေရွက်ဝါ ထမင်းဆိုင်တို့ဟာ ပြည်မှာတော့ နာမည်ကြီးထမင်းဆိုင်တွေပါပဲ။

ဒါမှမဟုတ် ပြည်မြို့က နာမည်ကျော် “ဒေါ်ဥထမင်းသုတ်” စားချင်တယ် ဆိုရင်တော့ ပန်းပဲတန်းလမ်းနဲ့ ပွဲစားလမ်းကို သွားပါ။ ကော်ရည်၊ ဆီချက်နဲ့ ဆီကော်တို့ စားချင်သေးလား....ရတယ်။ ကင်းဘုရားလမ်း နဲ့လမ်းရှည်လမ်းထောင့်ကို သွားလိုက်ပါ။ အဲဒီဆိုင်က အရသာ တော်တော်ကောင်းပါတယ်။ ကျွန်မနဲ့ ကျွန်မဖေဖေနဲ့ အမြဲသွားစားနေကြဆိုင်ပေါ့။

ကျွန်မတို့ပြည်က ကော်ရည်က ရန်ကုန်ကကော်ရည်နဲ့ တော်တော်ကွာပါတယ်။ ပြည်ကကော်ရည်က ကော်မှုန့်ကို သကြားရောပြီး ကြက်သားနဲ့ ကော်ဟင်းရည်အဖြစ် ချက်ထားတာဖြစ်ပြီး အရောင်ကလည်း အကြည်မဟုတ်ဘဲ အနောက်ပါ။ အဲဒါကို ခေါက်ဆွဲနည်းနည်း၊ ပဲပင်ပေါက်နည်းနည်း၊ ကန်စွန်းရွက် ရေနွေးဖျောထားတာကို နည်းနည်းစီထည့်၊ အီကြာကွေးတွေကို ကတ်ကျေးနဲ့ ညှပ်ထည့်ပြီး အခုနအရည်နဲ့ ရောစားရတာပါ။ ကော်ရည်နဲ့ မဖြစ်မနေ တွဲဖက်စားသုံးရတာက ကြက်သွန်ချဉ် သို့မဟုတ် ဂေါ်ဖီချဉ် နဲ့အတူ ငြုပ်သီး အတောင့်ကြီးတွေကို ပါးပါးလှီးပြီး ချဉ်ရည်စိမ်ထားတဲ့ ငြုပ်သီးချဉ်ပါ။

မုန့်ဟင်းခါးကောင်းကောင်းကိုမှ စားချင်သူတွေအတွက်ကတော့ လမ်းရှည်လမ်းနဲ့ တရုတ်တန်းလမ်းထောင့်မှာ “နွယ်နွယ်” မုန့်ဟင်းခါးဆိုင် ရှိပါတယ်။ ကျွန်မတို့သူငယ်ချင်းတစ်သိုက် အမြဲသွားနေကျဆိုင်လေ။ နွယ်နွယ် မုန့်ဟင်းခါးက ဆန်လှော်နဲ့ ချက်တာပါ။ ကျွန်မတို့ ပြည်မှာက မုန့်ဟင်းခါးဆိုရင် ဆန်လှော်မုန့်ဟင်းခါးပဲ ရောင်းကြတာ များပါတယ်။ အလှူတို့၊ မင်္ဂလာဆောင်တို့မှသာ မုန့်ဟင်းခါးကို ပဲနဲ့ ချက်ကြတာပါ။ အဲဒီ ဆန်လှော်မုန့်ဟင်းခါးထဲကို ဘူးသီးကြော်ရယ်၊ ငါးဖယ်နဲ့ ဘဲဥစားချင်တဲ့သူက ငါးဖယ်၊ ဘဲဥရယ် ထည့်ပြီး နံနံပင်နဲ့ ငြုပ်သီးမှုန့်လေး ထည့်ပြီးတော့များ စားလိုက်လို့ကတော့ ဘာပြောကောင်းမလဲ ဆွေမျိုးမေ့သွားမယ် (ပြည်ကိုရောက်ဖြစ်ခဲ့ရင် စားသာကြည့်လိုက်ကြပေါ့နော်)။

မုန့်ဟင်းခါးစားပြီး ဖျော်ရည်စုံသောက်ချင်သေးတယ် ဆိုရင်တော့ဖြင့် အဲဒီ နွယ်နွယ်မုန့်ဟင်းခါးဆိုင်နဲ့ မျက်နှာချင်းဆိုင်က သစ်သီးဖျော်ရည်ဆိုင်ကိုပဲ ညွှန်းလိုက်ချင်ပါတယ်။

ဒါမှမဟုတ် ကြက်သားပလာတာကောင်းကောင်း စားချင်သေးလား....။ စစ်ကဲလမ်းမှာ “မွတ်တား ပလာတာ” ရှိတယ်။ ဗိုလ်ချုပ်လမ်း ဗလီနားမှာ “ရာကွတ် ပလာတာ” ရှိတယ်။ ကြက်သားပလာတာဆိုတာက ပဲကို ကြက်သားတို့ အာလူးတို့နဲ့ အရည်ကျဲကျဲ ချက်ထားပြီး အဲဒီထဲကို ပလာတာနဲ့ ဆမူဆာကို ညှပ်ထည့်ပြီး စားရတာပါ။ အဲဒီ ကြက်သားပလာတာက ပြည်မှာပဲ ရှိမယ်လို့ ထင်မိပါတယ်။ တခြားမြို့တွေမှာရှိတယ်လို့ သိပ်မကြားမိသလိုပဲ (ကျွန်မ မသိတာလည်း ဖြစ်ချင်ဖြစ်မှာပါ)။

ဒီလိုမှ မဟုတ်သေးပဲ လဘ္ဘက်ရည်ဆိုင်ကောင်းကောင်းမှာ ထိုင်ချင်တာ ဆိုရင်တော့ ရွှေတစ်ချောင်းလမ်းမှာ “မေတ္တာရိပ်” ရှိတယ်။ မြို့သစ် သံလမ်းဂိတ် ဆေးရုံကြီးရှေ့မှာ “Day & Night” ရှိတယ်။ “မေတ္တာရိပ် ”ကတော့ ပြည်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ အများဆုံးထိုင်တဲ့နေရာ ဖြစ်ပြီး “Day & Night” ကတော့ GTC နဲ့GCCကျောင်းသူကျောင်းသားတွေ အများဆုံးထိုင်တဲ့ နေရာလေးလေ (ကျွန်မတို့လည်း အပါအ၀င်ပေါ့)။

တကယ်က ဒီဆိုင်တွေက နာမည်ကြီးဆိုင်တွေပါ။ အဲဒီဆိုင်တွေလောက် နာမည်မကြီးပေမယ့် သူ့ဟာနဲ့သူ နာမည်ရပြီးသား အရသာကောင်းတဲ့ ဆိုင်သေးသေးလေးတွေလည်း ပြည်မှာအများကြီးပါပဲ။ ဒါကဆိုင်တွေကိုပဲ ညွှန်းထားသေးတာပါ။ နောက်ကြုံမှ ပြည်မြို့က ဒေသစားစရာတွေအကြောင်း ရေးရဦးမယ်။

သူငယ်ချင်းတို့ရေ.... (ပြည်မြို့နဲ့ဝေးရာကို ရောက်နေကြသူများ) ဒီပိုစ့်လေးကို ဖတ်ပြီး ပြည်က အဲဒီဆိုင်တွေကို သတိရပြီးတော့ ပြည်ကို ပြန်ချင်စိတ်တွေ ပေါက်လာရင်တော့ ငါ့တာဝန် မဟုတ်ဘူးနော်။ ငါကတောံ့ဒီပိုစ့်ကို ရေးနေရင်းကို ဘယ်နှစ်ခါမှန်း မသိဘူး တံတွေးတွေ မျိုမျိုချရတာလေ။း)))

(မှတ်ချက်။ ။ဆိုင်ကြော်ငြာခရလို့ မဟုတ်ပါ၊ တကယ်ကို စားကြည့်စေချင်လို့ ညွှန်းပေးတာပါ။ ဓါတ်ပုံလေးကတော့ google ကနေရှာထားတာပါ။)

lollollol

Monday, October 26, 2009

မပြီးသေးတဲ့ခရီးတစ်ခု အဆုံးထိရောက်ဖို့ကြိုးစားနေသူမှာ

ဒီနေ့ ရုံးမှာနေရတာ ကျွန်မစိတ်တွေ တော်တော့်ကို လေနေပါတယ်။ ရုံးကိုစရောက်ကတည်းကနေ ပြန်တဲ့အချိန်အထိ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် ပြီးအောင် မလုပ်နိုင်ပါဘူး။ ကျွန်မအနေနဲ့ ဒီနိုင်ငံကို ရောက်ပြီးနောက်ပိုင်းမှ အဲဒီလို စိတ်လေတဲ့ ခံစားမှုမျိုးတွေကို မကြာမကြာ ခံစားတတ်လာတာပါ။ တစ်ခါတစ်လေဆိုရင် လူက အလိုလိုနေရင်းနဲ့ကို စိတ်တွေညစ်ညူးပြီး ငိုချင်နေတတ်တယ်။

စိတ်နှလုံးညှိုးခြုံးခြင်း၊ အလိုလိုငိုချင်နေခြင်း၊ အစရှိသည်တို့မှာ စိတ်ကျရောဂါ (Depression) ရဲ့ လက္ခဏာများဖြစ်သည်လို့ စိတ်ပညာနဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ကျွန်မဖတ်ရဖူးပါတယ်။ ဟုတ်များဟုတ်နေမလားတော့ မသိပါဘူး။ ကျွန်မ အဲဒီလိုစိတ်တွေလေနေရင် အများဆုံးသတိရ တမ်းတနေမိတတ်တာကတော့ မေမေ့ကိုပါပဲ။ အဲဒီလိုအချိန်တွေမှာ မေမေ့ကိုများ တွေ့လိုက်ရမယ်ဆိုရင် ဘယ်လောက်ထိတောင်ဝမ်းသာပြီး စိတ်ခွန်အားတွေ ပြန်ရသွားမလဲ မပြောတတ်ပါဘူး။

နိုင်ငံရပ်ခြားမှာ လာပြီးအလုပ်လုပ်ရတာ သူများတွေအတွက်တော့ ဘယ်လိုနေမလဲမသိပါ။ ကျွန်မ အတွက်ကတော့ အတွေ့အကြုံတွေက တော်တော့်ကိုစုံခဲ့တာပါ။ (တစ်နှစ်ခွဲလောက်ကာလအတွင်းမှာကိုပဲ ကုမ္ပဏီ အလုပ် ၃ခု ပြောင်းလုပ်ခဲ့ရတာပါ။) စိတ်တွေလည်း အရမ်းကိုပင်ပန်းခဲ့ရဖူးပါတယ်။ ကိုယ်လုပ်ချင်တာဆိုရင် ဘာကိုမှသိပ်ဂရုမစိုက်တတ်ဘဲ စိတ်လိုက်မာန်ပါ တဇွတ်ထိုးလုပ်ပစ်တတ်တဲ့ အကျင့်ရဲ့ နောက်ဆက်တွဲ ရလာဒ်တွေပဲဖြစ်ပါတယ်။

တကယ်ဆို ကျွန်မအသက်အရွယ်နဲ့နှိုင်းစာမယ်ဆိုရင် ကျွန်မဟာ အင်မတန်မှ မရင့်ကျက်သေး၊ လူကြီးမဆန်သေးတာလို့ ပြောလို့လည်း ရပါတယ်။ ကျွန်မကို မွေးကတည်းကနေ ဘွဲ့ရပြီးသည်အထိ ဖေဖေ၊ မေမေတို့ရဲ့ အရိပ်အာဝါသအောက်မှာ အလိုလိုက်မှုတွေနဲ့ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ကျွန်မဟာ စင်ကာပူနိုင်ငံလိုမျိုး သူတို့ကိုယ်သူတို့တော့ တော်တော် အထင်ကြီးတတ်ကြကာ ဘ၀င်မြင့်နေကြသော၊ တော်ရုံတန်ရုံလူမျိုးခြား(အနောက်တိုင်းသား လူဖြူများမပါ) ဆိုရင် အထင်သေး အမြင်သေးနဲ့ နှာခေါင်းရှုံ့တတ်သော နေရာမျိုးကို ရောက်လာတဲ့ အခါမှာတော့ ထိုလူစားမျိုးတွေနဲ့ နေသားကြအောင်၊ အဆင်ပြေအောင်  ကျွန်မ မနည်း ကြိုးစားနေခဲ့ရတာပါ။ အဲဒီလောက်ကြိုးစားပြီး အဆင်ပြေအောင်နေခဲ့တာတောင် အချိန်တိုအတွင်းမှာ အလုပ် သုံးခုပြောင်းလုပ်ခဲ့ရတာပါ။

အခုတော့ ကျွန်မတော်တော်လေးကို နေတတ်သွားပြီလို့ ထင်တာပါပဲ။ အခုလက်ရှိ ကုမ္ပဏီမှာလည်း အားလုံးနဲ့အဆင်ပြေအောင် ကြိုးစားပြီးနေနေပါတယ်။ အလုပ်တစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ ခံစားရတဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း ကျွန်မမခံစားချင်တော့ပါဘူး။ အဲဒီလိုအချိန်တွေမှာ ကျွန်မအတွက် အဝေးကနေ စိတ်ပူပန်မှုတွေထပ်တူခံစားနေရတဲ့ ဖေဖေနဲ့ မေမေ့ကိုလည်း ပူလောင်မှုတွေ ထပ်မဖြစ်စေလိုတော့ပါဘူး။

ကျွန်မဘာကြောင့် ကိုယ့်ကိုကိုယ် မရင့်ကျက်သေးဘူးလို့ ပြောရတာလဲဆိုတော့ ကျွန်မ အိမ်ကနေ စခွဲခွာလာကတည်းက (ရန်ကုန်မှာ နေကတည်းကဆိုပါတော့) ဘာကိစ္စလေးမဆို ထစ်ကနဲဆိုရင် အိမ်ကို လှမ်းလှမ်းပြောတတ်တာပါပဲ။ ကိုယ့်အတွက် မိဘတွေ ဘယ်လောက်စိတ်ပူသွားမယ်ဆိုတာကို ဘယ်တော့မှ မတွေးခဲ့ပါဘူး။ ဒီကိုရောက်တော့လည်း ဒီမှာကြုံတွေ့ရသမျှ အသေးအဖွဲကမှအစ အိမ်ကိုလှမ်းပြောပြတယ်။ မေမေ့ကိုဖုံးဆက်ပြီးငိုတယ်။ မေမေကဟိုဘက်ကနေ စိတ်မကောင်းတွေဖြစ်ပြီး လိုက်ငိုတယ်။

ဒါတွေဟာ ကျွန်မအနေနဲ့ တကယ်ကို မလုပ်သင့်တဲ့ မရင့်ကျက်တဲ့ အပြုအမူတွေပါ။ တကယ်ဆိုရင် အဝေးမှာနေရတဲ့ မိဘတွေအနေနဲ့ ကိုယ့်အတွက် စိတ်တွေပူပန်နေရုံကလွဲလို့ ဘာမှမတတ်နိုင်မယ့်ဟာကို ကျွန်မအနေနဲ့ အဲဒီလိုမလုပ်သင့်ဘူးလေ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျွန်မ အိမ်ကို တစ်ခေါက်ပြန်သွားတော့ ကျွန်မရဲ့အဒေါ်တွေ၊ အမ၀မ်းကွဲတွေက ပြောပြကြတယ်။ ကျွန်မအဲဒီလို ဖုံးတွေဆက်ငိုယိုနေရင် မေမေဟာ ကျွန်မအတွက် ဘုရားရှိခိုးဆုတွေတောင်းရတာ တစ်နေ့တစ်နေ့ ဘုရားစင်ရှေ့ကကို မထတော့ဘူးတဲ့။ အဲဒီလိုသိလိုက်ရတဲ့အချိန်မှာ ကျွန်မအရမ်းကိုစိတ်မကောင်းဖြစ်သွားပြီး နောင်တတွေလည်းရခဲ့ပါတယ်။

အခုတော့ ကျွန်မ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်အောင် ကြိုးစားပြီးနေနေပါတယ်။ မေမေ့ကို သတိတွေရရင်လည်း အရင်တုန်းကလို ဖုံးတွေဆက်ပြီး မေမေ စိတ်ပူပန်အောင် မလုပ်တော့ပဲ အလွမ်းပြေ အမေနဲ့ပတ်သက်တဲ့ သီချင်းလေးတွေကိုပဲ နားထောင်နေတတ်တော့တယ်။ ဒီနေ့လည်း မေမေ့ကိုသတိရခြင်းတွေကို အမှတ်တရဖြစ်အောင် ထူးအိမ်သင်ရဲ့ အမေ့အိမ် သီချင်းလေးကို ဒီပို့စ်လေးနဲ့ အတူတင်လိုက်တယ်။ အဝေးက မေမေ ကျန်းမာ ပျော်ရွှင်ပါစေ။

Saturday, October 24, 2009

ကျွန်မနဲ့ G-talk

ကိုနေဘုန်းလတ် ရေးထားတဲ့ Chatter နှင့် Blogger ဆိုတဲ့ ဆောင်းပါးရယ်၊ ကိုဗာလ ရေးထားတဲ့ G - စကား ဆိုတဲ့ ဆောင်းပါးရယ် ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ပြီးချိန်မှာတော့ ကျွန်မခေါင်းထဲမှာလည်း G-talkနဲ့ ပတ်သက်ပြီး အတွေးလေးတွေ ပေါ်လာပါတယ်။

ကျွန်မအထင်တော့ Gtalkဟာ ကျွန်မတို့ မြန်လူမျိုးတွေ တော်တော်များများ အသုံးပြုကြတဲ့ Chatting Softwareတစ်ခု ဖြစ်မယ်ထင်ပါတယ်။ G-talkကို သုံးကြတဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက် သုံးရတဲ့ရည်ရွယ်ချက်ချင်း တူကြမှာမဟုတ်ပါဘူး။ ကျွန်မကတော့ G-talkကို စတင်အသုံးပြုခဲ့တာ ၂၀၀၇ခုနှစ်ကမှပါ။ စသုံးရတဲ့ရည်ရွယ်ချက်ကလည်း ဒီစင်ကာပူနိုင်ငံကို လာဖို့အတွက် မသုံးမဖြစ် သုံးကိုသုံးဖို့လိုအပ်လို့ စတင်အသုံးပြုခဲ့တာပါ။

အဲဒီအချိန်မှာ ကျွန်မအနေနဲ့ အံ့သြစရာကောင်းတာတစ်ခု တွေ့ရတာက internet cafeတွေကို သွားတဲ့အချိန်တိုင်း ဆိုင်တိုင်းမှာ လူပြည့်လုနီးပါးဖြစ်နေတတ်ပြီး အဲဒီလူတွေကို လေ့လာကြည့်လိုက်တဲ့ အခါကြတော့လည်း တော်တော်များများဟာ တစ်ပြိုင်နက်တည်းမှာ လူနှစ်ယောက်၊ သုံးယောက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် Chatနေကြတာကို တွေ့ရပါတယ်။ ကျွန်မလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သူတို့တွေ ဘာတွေအတွက်များ အဲဒီလိုသည်းကြီးမည်းကြီး Chatနေကြတာလည်းဆိုတာကိုတော့ စိတ်ဝင်တစား မလေ့လာဖြစ်ခဲ့ပါဘူး။ သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့ ပြောစရာတွေ အများကြီးရှိလို့ နေမှာပေါ့ လို့ပဲတွေးခဲ့တာပါ။

ရန်ကုန်မှာ ကျွန်မတို့နဲ့ အတူတူနေခဲ့ကြတဲ့ ကလေးတွေဆိုရင်လည်း ကျွန်မသတိထားမိသလောက် အားအားရှိ internetဆိုင်ကိုပဲ သွားသွားနေကြတာကို တွေ့ခဲ့ရပါတယ်။ ညဆိုရင်လည်း တော်တော်လေး ညဥ့်နက်မှ internetဆိုင်ကနေ ပြန်ပြန်လာတတ်ကြပါတယ်။ ပြန်လာရင်လည်း မအိပ်ကြသေးဘဲ ဒီနေ့တော့ ဘယ်သူ့ကို ဘယ်လိုပြောလိုက်တာ၊ ဘယ်သူက ဘယ်လိုပြောတာ၊ ဘယ်သူ့ကိုတော့ နောက်ထပ် account အသစ်တစ်ခုနဲ့ ဘယ်လို chatလိုက်တာ စသည်ဖြင့် သူတို့အချင်းချင်း ပြောဆိုနေကြတာကို တစ်နေ့တစ်မျိုး မရိုးရအောင် ကြားရပါတယ်။

တစ်နေ့ တစ်နေ့ ရှင်းလိုက်ရတဲ့ internetဖိုးကလည်း သူတို့ပြောပုံအရဆိုရင် မနည်းပါဘူး။ ကျွန်မကသာ ဘေးကနေနားထောင်ပြီး နှမြောနေတာပါ။ သူတို့ကတော့ ဒီပိုက်ဆံနဲ့ ပတ်သက်လို့ ဘယ်လိုမှတောင် ခံစားရပုံ မပေါ်ပါဘူး။ ကျွန်မ သူတို့ကို နားလည်းမလည်နိုင်ခဲ့ပါဘူး။

ကျွန်မကတော့ internetကို မသုံးမဖြစ်လို့သာ သွားသွားသုံးနေရပေမယ့် internetဆိုင်သွားရမှာ တော်တော့်ကိုပျင်းတာပါ။ ကိုယ်ကမကျွမ်းကျင်တော့ တစ်ခုခုလုပ်မရတော့ဘူးဆိုရင်လည်း ဆိုင်ကအားတဲ့လူကို လိုက်ကြည့်ပြီး ခေါ်ခေါ်ပြရတာကတစ်မျိုး၊ အရေးကြီးပြီဆိုရင် connectionကမကောင်းလို့ တော်တော်နဲ့ မတက်တာကတစ်မျိုးနဲ့ စိတ်မရှည်တာနဲ့ပဲ တော်ရုံတန်ရုံဆို ကျွန်မမသွားဖြစ်တာက များပါတယ်။ ကျွန်မ သူငယ်ချင်းကတော့ မကျွမ်းကျင်လို့ မသုံးပဲထားရင် ပိုပြီးတော့မကျွမ်းကျင်ပဲနေမှာပေါ့ဆိုပြီး ကျွန်မကို ခေါ်ပေမယ့် ကျွန်မက အကြောင်းအမျိုးမျိုးပြပြီး ကျန်ခဲ့တာက များပါတယ်။ ကျွန်မလည်း G-talk နဲ့ပတ်သက်လို့ အဲဒီလောက်ပဲသိခဲ့ပြီး ဒီကိုရောက်ခဲ့တယ်ဆိုပါတော့။

ဒီကိုရောက်တော့ ဒီမှာက internetသုံးစွဲရတာ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။ အဲဒီမှာ ကျွန်မ သဘောအကျဆုံးက onlineကိုအချိန်မရွေး ဖွင့်ထားလို့ရတော့ မြန်မာပြည်က သူငယ်ချင်းမိတ်ဆွေတွေ တစ်ယောက်မဟုတ် တစ်ယောက်နဲ့တွေ့ပြီး စကားပြောနိုင်တာကိုပါပဲ။ အဲဒီအချိန်က မြန်မာပြည်ကနေ ရောက်ကာစဆိုတော့ ဒီမှာနေရတာ အသားမကျသေးတဲ့အပြင် မြန်မာပြည်ကိုပဲ သတိရနေတာဆိုတော့ အဲဒီလို မြန်မာပြည်ကသူငယ်ချင်း တစ်ယောက်မဟုတ်တစ်ယောက်နဲ့ တွေ့ရတော့ အလွမ်းပြေစေပါတယ်။

အဲဒီမှာ ပြဿနာကစပါပြီ။ G-talk ထဲကို အမည်မသိတဲ့ invite တွေ ရောက်ရောက်လာတာပါ။ ကျွန်မကလည်း G-talkကိုစသုံးကာစ G-talkလောကအကြောင်းကိုလည်း လည်လည်ဝယ်ဝယ်မသိသေးတော့ ၀င်လာတဲ့ inviteတွေကို များသောအားဖြင့် acceptလုပ်ဖြစ်တာများပါတယ်။ တစ်ချို့ကကြတော့လည်း တကယ့်ကို ကိုယ့်အသိမိတ်ဆွေတွေပါ။ accountနာမည်ကတစ်မျိုး ဖြစ်နေတာလေ။ တစ်ချို့ကတော့ ကျွန်မလုံးဝမသိတဲ့ လူတွေပါ။ လုံးဝမသိတဲ့ လူတွေထဲမှာမှ နှစ်မျိုးနှစ်စားရှိပါတယ်။

တစ်မျိုးက တစ်ကယ်ကို မိတ်ဆွေသူငယ်ချင်းဖြစ်ချင်လို့ တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေ၊ အတွေးအမြင်တွေ ဖလှယ်ဖို့ဆိုတဲ့ စိတ်ထားမျိုးနဲ့ တကယ်ကို ခင်စရာကောင်းတဲ့ မိတ်ဆွေတွေပါ။ အဲဒီသူငယ်ချင်းတွေဆိုရင် ကျွန်မနဲ့ အခုအချိန်အထိကို G-talk ထဲမှာ အဆက်အသွယ်မပြတ် ရှိနေတုန်းပါပဲ။ ဘယ်တော့မှလည်း ကျွန်မကို စိတ်အနှောက်အယှက်မပေးပါဘူး။ သူတို့ သိချင်တာလေးတွေ ရှိရင်ကျွန်မသိလိုသိငြား မေးတယ်။ ကျွန်မကိုသိစေချင်တာလေးတွေ ရှိရင်လည်း လှမ်းပြောပေးတယ်။ ကောင်းတဲ့ forward mail လေးတွေ ရှိရင်အပြန်အလှန် ပို့ ပေးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် respect ထားပြီးဆက်ဆံကြတယ်။ ဒီလိုသူငယ်ချင်းတွေကြတော့ တကယ်ကို စစ်မှန်တဲ့ online သူငယ်ချင်းတွေအဖြစ် ကျွန်မလက်ခံထားပါတယ်။

နောက်တစ်မျိုးကတော့ onlineမှာ မိန်းခလေးတွေကို အခွင့်သာရင်သာသလို ကြူဖို့လောက်ကိုသာ ကြိုးစားအားထုတ်နေကြတဲ့ လူမျိုးတွေပေါ့။ acceptလုပ်ထားပြီးလို့ တွေ့တာနဲ့တစ်ပြိုင်နက် စသုံးလုံးဝင်သလို မေးခွန်းတွေကို တရစပ်မေးပါပြီ။ နာမည်အရင်းကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ ဘာအလုပ်လုပ်တာလဲ၊ အသက်ဘယ်နှနှစ်ရှိပြီလဲ စတဲ့စတဲ့ မေးခွန်းတွေကအစချီလို့ တစ်ချို့ဆိုရင် ရည်စားရှိလား၊ အိမ်ထောင်ရှိလားဆိုတဲ့ Personalမေးခွန်းမျိုးတွေအထိကို မေးတာပါ။ ကျွန်မ အဲဒီလိုလူတွေကို တော်တော့်ကို စိတ်ပျက်စိတ်တိုမိပါတယ်။ အစပိုင်းတုန်းကတော့ ကျွန်မအနေနဲ့ ကောင်းကောင်းမွန်မွန် လေးလေးစားစား ပြန်ဖြေပါတယ်။

အဲဒီလို ကောင်းကောင်းမွန်မွန်ဖြေတာကိုပဲ ဘယ်လိုတွေထင်သွားကြတယ်တော့ မသိပါဘူး။ ဟုတ်ပြီကွ၊ အပိုင်ပဲ ဆိုပြီးတွက်လိုက်ကြပြီး ချက်ချင်းဆိုသလိုပဲ ဓာတ်ပုံပို့ပေးပါလားတို့၊ webcamနဲ့ စကားပြောချင်လို့တို့ ဖြစ်သွားပါတယ်။ ပြီးတော့ ဘာမပြော ညာမပြော callကိုဗြုန်းကနဲ ခေါ်ချပစ်တတ်တဲ့ လူမျိုးတွေလည်းရှိပါတယ်။ ကျွန်မ တော်တော်လေးကို စိတ်ဆိုးဒေါသထွက်မိပါတယ်။ အဲဒီလူတွေ ကျွန်မ အပြင်မှာသာတွေ့ နေရရင် တစ်ခုခုပြောမိလုပ်မိမလားပါပဲ။

အဲဒီလို ပေါက်ကရလေးဆယ် အရည်မရအဖတ်မရတွေ မေးတတ်တဲ့၊ စိတ်ပျက်စရာကောင်းလှတဲ့ လူမျိုးတွေကို ကျွန်မဆက်ကိုစကားပြောချင်စိတ် မရှိတော့ပါဘူး။ အဲ....ကောင်းကောင်းမွန်မွန် ပြန်မဖြေမိပြန်ရင်လည်း တစ်မျိုး။ သူတို့ကို မတူသလိုမတန်သလို ဆက်ဆံတယ်တို့၊ ကျွန်မကဘာမို့လို့လဲတို့၊ သူတို့ကမြန်မာပြည်ကဆိုရင်လည်း ကျွန်မက စင်ကာပူမှာရောက်နေလို့ ကြီးကြီးကျယ်ကျယ်နဲ့ ဘာညာဆိုပြီးတော့ တစ်ချို့ဆိုရင် ရိုင်းပျစွာနဲ့ကို ပြောဆိုသွားကြတာပါ။

အဲဒီလို ရိုင်းစိုင်းတဲ့လူတွေကိုတော့ ကျွန်မ Blockလုပ်ပစ်လိုက်ပါတယ်။ တကယ်ဆို ကျွန်မအနေနဲ သူများကို Block လုပ်ရမှာကို ၀န်လေးပါတယ်။ အားနာသလိုလို၊ အချင်းချင်း လေးစားမှုမရှိသလို ခံစားမိတယ်။ ဒါပေမယ့် ဒီလိုအရိုင်းအစိုင်းတွေကိုတော့ Block လုပ်ကိုလုပ်ပစ်လိုက်သင့်တယ်လို့ ကျွန်မထင်ပါတယ်။

ကျွန်မပြောချင်တာက ကိုယ့်ရဲ့အချိန်တွေ ပိုက်ဆံတွေ အကုန်ခံပြီး ဒီလိုအကျိုးမရှိ၊ အရည်မရ အဖတ်မရတွေနဲ့ အချိန်ကုန်နေမယ့်အစား ဗဟုသုတရှာချင်သူတွေအတွက်တော့ Internetဆိုတာ တကယ့်ကို ဗဟုသုတ ဟင်းလေးအိုးကြီးပါပဲ။ Internetကိုသုံးပြီး အကျိုးရှိတာတစ်ခုခုကို လုပ်ဖြစ်စေချင်၊ သိသွားစေချင်တာပါ။ G-talk မှာ မိတ်ဆွေဖွဲ့ကြမယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ကြူဖို့ဆိုတာထက် တစ်ယောက်နဲ့ တစ်ယောက် ဗဟုသုတတွေဖလှယ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် အသိအမြင်တွေမျှဝေခံစားဖို့ ဆိုတဲ့ နဲနဲလေး ပိုအဆင့်မြင့်တဲ့ ရည်ရွယ်ချက်လေးတွေကို ထားကြစေချင်တာပါ။

ဒါပေမယ့်လည်း လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း၊ သဘောထားချင်း မတူတော့ လည်းခက်သားလား။ ကျွန်မလည်းအခုဆိုရင် ကိုယ်မသိတဲ့နာမည်နဲ့ inviteတွေကို လက်ခံဖို့ကို တော်တော်လေးကို ၀န်လေးသွားပါတယ်။ နောက်တစ်ခုရှိသေးတာက မသိတတ်၊ နားလည်မပေးတတ်ကြတဲ့ လူတွေပါ။ ရုံးမှာ အလုပ်လုပ်နေရတဲ့ အချိန်တွေဆိုရင် အချိန်မရွေး Managerတို့၊ Bossတို့က ကိုယ့်အနားကို ရောက်ရောက်လာကြတတ်ကြတာလေ။ တစ်ခါတစ်လေ သူတို့က အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြောနေပြီဆိုရင် တော်တော်နဲ့ အနားကနေမသွားတတ်ကြပါဘူး။ အဲဒီအခါမှာ သူတို့လှမ်းchatတာကို reply ပြန်လုပ်ဖို့ ကြာသွားရင် စိတ်ကွက်သွားတတ်ကြတာမျိုးတွေပါ။

တစ်ချို့ကလည်း အလုပ်ချိန်မှန်း သိနေရက်နဲ့ကို အရမ်းကို chatချင်နေကြတော့တာ။ ကျွန်မရဲ့ reply တွေကလည်း တိုတိုတုတ်တုတ်တွေက များလာတော့ သူတို့က ခင်လို့ သတိရလို့ chatတာကိုပဲ ကျွန်မက ကြီးကြီးကျယ်ကျယ် ဖြေချင်သလို၊ မဖြေချင်သလိုနဲ့ ဆိုတဲ့ ပုံစံမျိုးတွေ ထင်သွားတတ်ကြပြန်ရော။

ကျွန်မအဲဒီလို ခဏခဏ စိတ်အနှောက်အယှက်ဖြစ်နေရတာတွေကို တွေ့ တွေ့နေရတော့ ကျွန်မ သူငယ်ချင်းက ကျွန်မကို email address ပြောင်းသုံးပါလားလို့ အကြံပေးပါတယ်။ ဒါပေမယ့်လည်း ကျွန်မအနေနဲက emailဆိုတာကို စတင်အသုံးပြုကတည်းက ဒီmailလေးကိုပဲ သုံးခဲ့တာမို့လို့ ကျွန်မမပြောင်းချင်ပါဘူး။ ကျွန်မရဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကိုလည်း ဒီ mail ကိုပဲပေးထားတာမို့လို့ပါ။

ကျွန်မလည်း အဲဒီလိုလူတွေကို ရှောင်ချင်တော့ များသောအားဖြင့် invisibleနဲ့ပဲ အနေများခဲ့ပါတယ်။ ကိုဗာလရဲ့ ဆောင်းပါးထဲမှာ invisibleလုပ်ထားခြင်းသည် မိမိ၏သူငယ်ချင်းများအပေါ်တွင် မရိုးသားရာကြပါသည်လို့ ဖတ်ရပေမယ့်လည်း email addressမပြောင်းချင်သော၊ G-talkနဲ့ပတ်သက်ပြီး ခဏခဏ စိတ်တိုဒေါသထွက်ရတာကို မဖြစ်ချင်သော ကျွန်မအဖို့ကတော့ invisibleနဲ့ နေတာလေးက အဆင်ပြေတဲ့ နည်းလမ်းလေးများ ဖြစ်နေသလားလို့ပါ။ တခြားတခြားသော mailတွေ၊ chatting softwareတွေကို ပြောင်းမသုံးချင်တဲ့ ကျွန်မအဖို့ကတော့ gmail နဲ့ G-talk ကိုပဲ ဆက်ပြီးသုံးသွားချင်ပါတယ်။ အဲဒီလိုနဲ့ ပဲ ကျွန်မဒီ mail addressလေးကိုပဲ ဘယ်အချိန်အထိ မပြောင်းမလဲ ဆက်သုံးသွားနေဖြစ်ဦးမလဲဆိုတာတော့ မပြောတတ်တော့ပါဘူး။

Friday, October 23, 2009

ဗုဒ္ဓမြတ်စွယ်တော်

ပြည်မြို့ရှိ ရွှေဆံတော်ဘုရားပေါ်တွင်ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်

မနေ့က ကျွန်မတို့ပြည်မြို့က ရွှေဆံတော်ဘုရားပွဲတော်နဲ့ ပတ်သက်တဲ့ပိုစ့်လေးကို ရေးလိုက်ဖြစ်တော့ ဒီနေ့မနက် ကျွန်မသူငယ်ချင်း ဝေစိုးက ဒီစွယ်တော်မြတ်ပုံကို ကျွန်မရဲ့ ဘလော့ဂ်မှာတင်လို့ရအောင် မေးလ်နဲ့ လှမ်းပို့ပေးပါတယ်။ ဖူးမြော်ကုသိုလ်ယူနိုင်ကြပါစေ။

Thursday, October 22, 2009

ပြည်မြို့က ရွှေဆံတော်ဘုရားပွဲတော်

မနေ့က ကျွန်မ မေမေ့ကိုအိပ်မက်မက်ပြီး ဒီနေ့တစ်နေ့လုံး အိမ်ကိုပဲ သတိရနေပါတယ်။ အိမ်ကိုသတိရခြင်းနဲ့ အတူကျွန်မတို့ရဲ့ ပြည်မြိုလေးမှာ ရွှေဆံတော်ဘုရားပွဲတော်ကြီးတောင် စတော့မှာပါလားဆိုတာကို သတိရသွားပါတယ်။ ဒီနှစ်က စွယ်တော်လှည့်မယ့်နှစ်လေ....။ သီဟိုဠ်ကျွန်းကနေ ပင့်ဆောင်ထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ စွယ်တော်မြတ်အား သုံးနှစ်မှတစ်ကြိမ်သာ မြို့တွင်းမှာ လှည့်လည်အပူဇော်ခံတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ အိမ်ကလူတွေနဲ့လည်း မတွေ့ဖြစ်သေးတော့ ပွဲတော်စမယ့်ရက်ကို သေချာမသိဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ ရုံးကပြန်လာတော့ အီးမေးလ်စစ်ရင်း ပြည်သားများဆုံဆည်းရာ ကနေ messageတစ်ခုရောက်နေလို့ အဲဒီ website ကိုဝင်ရင်း “နှင်းဖြူ ”ဆိုတဲ့ တစ်ယောက်က ပွဲတော်ရက်လေးတွေ တင်ထားတာကို တိုက်တိုက် ဆိုင်ဆိုင် သွားတွေ့ပါတယ်။ အဲဒါနဲ့ ကျွန်မလည်း ဘုရားပွဲနဲ့ ပတ်သက်ပြီး ပို့စ်လေးတစ်ခု ရေးချင်လာပါတယ်။

တန်ဆောင်မုန်းလဆန်း ၈ ရက် (၂၅.၁၀.၀၉) မှာပွဲတော်စပြီး တန်ဆောင်မုန်းလဆန်း ၁၁ ရက် (၂၈.၁၀.၀၉) မှာ စွယ်တော်ဖွင့်မှာ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလဆန်း ၁၃ ရက် (၃၀.၁၀.၀၉) မှာ စွယ်တော်မြတ်ကိုမြို့တွင်းမှာ လှည့်လည် အပူဇော်ခံပြီး တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (၂.၁၁.၀၉) နေ့ကတော့ ပွဲတော်နောက်ဆုံးနေ့ ဖြစ်ပါတယ်။

သြော်.....ကျွန်မကတော့ ရွှေဆံတော် ဘုရားပွဲတော်ကြီးနဲ့ ဝေးခဲ့တာ လေးနှစ်တောင်ရှိခဲ့ပြီ ထင်ပါတယ်။ ဟိုတုန်းက ဘုရားပွဲတော်မှာ လည်ခဲ့တာတွေ၊ ပျော်ခဲ့တာတွေကို ပြန်သတိရမိတယ်။ ကျွန်မတို့တွေ GTC တက်နေတုန်းက ကျွန်မတို့အုပ်စု အတန်းလစ်ပြီး လျှောက်လည်ခဲ့တာတွေကိုလည်း သွားတွေးမိပါတယ်။ ကျွန်မတို့အုပ်စုက လူများတော့(ခုနစ်ယောက်တောင်ရှိတာလေ) ဘယ်သွားသွား အုပ်စုကွဲကွဲသွားတတ်လို့ ပွဲတော်လည်တိုင်းလည်း တစ်ယောက်နဲ့တစ်ယောက် ပြန်ပြန်ရှာနေရတာချည်းပါပဲ။ ပြန်တွေ့ကြပြီ် ဆိုရင်တော့ဖြင့် အကုန်လုံး မောမောပန်းပန်းနဲ့ နီးစပ်ရာဆိုင်တစ်ဆိုင်မှာ ၀င်ပြီး စားကြသောက်ကြ ပြောကြဆိုကြ စနောက်ကြ နဲ့ တော်တော်ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေပါပဲ။

ငယ်ငယ်တုန်းက ဖေဖေ၊ မေမေ၊ ကိုကြီး၊ ညီမလေးတို့နဲ့ မိသားစုလိုက် လည်ခဲ့တာတွေကိုလည်း သွားသတိရပါတယ်။ အဲဒီတုန်းကတော့ ကျွန်မတို့မောင်နှမတစ်တွေ ဖေဖေနဲ့ မေမေ့ကို ပွဲတော်လိုက်ပို့ပေးဖို့ ပူဆာရတာ အမောပါပဲ။ ဖေဖေနဲ့မေမေ ပွဲတော်ကိုလိုက်ပို့ပေးမယ့်နေ့ဆိုရင်ဖြင့် ညနေပိုင်းရောက်ရင် အင်္ကျီအ၀တ်အစားတွေလဲပြီး ဖေဖေရုံးကပြန်အလာကို အိမ်ရှေ့ကိုထွက်ထွက်မျှော်ရတာလည်း ပြောမနေပါနဲ့တော့။ အိမ်နီးနားချင်းသူငယ်ချင်းတွေကိုလည်း အဲဒီနေ့ ပွဲတော်ကိုသွားလည်မှာဆိုတဲ့ အကြောင်းကိုလည်း ကြွားရသေးတယ်။

ငယ်ငယ်က ပွဲတော်လည်တိုင်း ကျွန်မအနေနဲ့ အမြဲပူဆာတတ်တာက ငါးလုံးတန်းစီပြီးဆင့်ထားတဲ့ ကစားစရာဒန်အိုးလေးတွေပါပဲ။ ကျွန်မကစည်းကမ်းမရှိတော့ ၀ယ်လာပြီးရင်လည်း ခဏလေးနဲ့ ပျောက်ပျောက်ကုန်တော့တာပါပဲ။ နောက်နှစ်ပွဲတော်ရောက်ရင်လည်း ကျွန်မက အဲဒါကိုပဲဝယ်ပေးဖို့ ထပ်ပူဆာပါတယ်။ ဖေဖေကလည်း မငြိုမငြင် အမြဲဝယ်ပေးပါတယ်။ ကျွန်မကလည်း ထပ်ထပ်ဖျောက်ပစ်တာပါပဲ။ အဲဒီလိုနဲ့ နှစ်တိုင်းနှစ်တိုင်း ပွဲတော်ရောက်ပြီဆိုရင်ဖြင့် ကျွန်မ၀ယ်ဖြစ်တာက အဲဒီဒန်အိုးလေးတွေပါပဲ။

ပြီးခဲ့တဲ့တစ်ပတ်က ပြည်ကသူငယ်ချင်း တစ်ယောက်နဲ့ onlineမှာတွေ့တော့ သူက ပွဲတော်မှာ ဘာလိုချင်လဲတဲ့၊ သူဝယ်ထားပေးမယ်တဲ့။ ပြီးတော့ သူ့ ideaက တစ်မျိုး...။ အဲဒီပစ္စည်းက ကလေးဘ၀တုန်းက လိုချင်တဲ့ ပစ္စည်းဖြစ်ရမယ်တဲ့။ အဲဒီတော့ ကျွန်မ မဆိုင်းမတွ ဖြေလိုက်တာက ဒန်အိုးလေးတွေလေ။ သူကတော့ လေသေနတ်ဝယ်မလို့ဆိုပဲ။ ပြေပြေလည်လည်ဆက်ဆံထားမှ ဖြစ်မယ်။

သူငယ်ချင်းရေ....နင်ပွဲတော်လည်တဲ့ အခါကျရင် မုန့်သိုင်းခြုံတို့၊ မုန့်ပျားအုံတို့၊ ကောက်ညှင်းကျည်တောက်တို့စားရင် ငါတို့တွေအတွက်ပါ ပိုစားပေးနော်။ သြော်....ပြီးတော့ ချားလည်းစီးဦးဟ၊ ဒါတော့ဒို့အတွက်ပိုမစီးပါနဲ့၊ ရပါတယ်။ (ချားဆိုတာ ရဟတ်ကိုပြောတာနော် သူငယ်ချင်း)။ တော်ကြာမြန်မာပြည်ပြန်ရင် လေသေနတ်နဲ့ လိုက်ပစ်နေမှာစိုးလို့း)))။

mrgreenmrgreenmrgreen

Wednesday, October 21, 2009

Lovely Wai Soe

Cute Chit Su

မနေ့ကပိုစ့်ထဲက သူငယ်ချင်းနှစ်ယောက်ပါ။း))


pika21pika21pika21

Monday, October 19, 2009

သူငယ်ချင်းနှစ်ယောက်အတွက်

ကျွန်မ အခုဒီပိုစ့်လေးကို စရေးတော့ ညဆယ့်တစ်နာရီကျော်နေပါပြီ။ တကယ်ဆို ကျွန်မအနေနဲ့ ဒီနေ့ တော်တော်လေး ပင်ပန်းပါတယ်။ ကျွန်မရဲ့မန်နေဂျာက သူတင်စရာရှိတဲ့ submissionတွေကို ဒီနေ့ မရောက်ရောက်အောင် တင်ရမှာဖြစ်တဲ့အတွက် ကျွန်မမှာ သူ့အတွက် ပြင်ဆင်စရာရှိတာတွေကို နံနက် ရုံးကိုစရောက်ကတည်းက ပြင်ဆင်ပေးနေရတာ တစ်နေကုန် လှုပ်တောင်မလှုပ်နိုင်ပါဘူး။ အလုပ်တွေအားလုံး ပြီးသွားတဲ့အချိန်မှာ နာရီကိုကြည့်တော့ ညခုနစ်နာရီခွဲနေပါပြီ။ အိမ်ကိုပြန်ရောက်တာလဲ တော်တော်နောက်ကျပါတယ်။ ကျွန်မအနေနဲ့ အရမ်းပင်ပန်းနေပေမယ့်လည်း ဒီပိုစ့်လေးကို ကျွန်မ သူငယ်ချင်းနှစ်ယောက် အတွက် အမှတ်တရ မဖြစ်မနေ ရေးချင်လို့ကို ရေးလိုက်တာပါ။

တကယ်ဆို ဒီလိုဘလော့ဂ်လေးတစ်ခု စလုပ်ဖြစ်တယ်ဆိုတာကို ဘယ်သူ့ကိုမှ ကျွန်မအသိမပေးခဲ့ပါဘူး။ ကျွန်မနဲ့အတူတူနေတဲ့ ကျွန်မရဲ့သူငယ်ချင်းဝေစိုးကိုတောင်မှ မပြောခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘလော့ဂ် ရယ်လို့ သတ်မှတ်ရလောက်အောင် ဖြစ်ဖြစ်မြောက်မြောက် ဘာမှလည်းမရှိသေးလို့လေ။ ဒါပေမယ့် ကျွန်မ ဒီဘလော့ဂ်လေးစရေးနေတုန်းညမှာပဲ ကျွန်မရဲ့သူငယ်ချင်း မချစ်စုက onlineကနေ သူအိပ်ရာမ၀င်ခင် ကျွန်မကိုလည်း အိပ်ရာစောစောဝင်ဖို့ ကတိလှမ်းတောင်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မက နေမကောင်းဖြစ်ထားတာ သိပ်မကြာသေးဘူးဆိုတော့ကာ ကျွန်မကို ညဥ့်နက်သည်အထိ သူက မနေစေချင်ဘူးလေ။ အဲဒါနဲ့ သူက ကျွန်မကတိမပေးမချင်း တောင်းနေတော့ ကျွန်မလည်း ဘလော့ဂ်လုပ်နေတာဆိုတဲ့အကြောင်း အသိပေးလိုက်ရပါတယ်။ ဒါနဲ့သူက အံ့သြသွားပြီး ဘလော့ဂ်ကိုပြင်ဆင်ပြီးတာနဲ့ သူ့ကိုအသိပေးဖို့ပြောပြီး တော်တော်လည်းညဥ့်နက်နေပြီ ဖြစ်တဲ့အတွက် ကျွန်မကိုနှုတ်ဆက်ပြီး အိပ်ရာဝင်သွားခဲ့ပါတယ်။

ကျွန်မလည်း ပို့စ်တစ်ပုဒ်စတင်လိုက်ပြီး နောက်နေ့မနက်အိပ်ရာကနိုးတာနဲ့ သူ့ဆီကို message ပို့လိုက်ပါတယ်။ သူကဝင်ကြည့်ပြီးတာနဲ့တစ်ပြိုင်နက် ချက်ချင်းပဲကျွန်မဆီကို လှမ်းပြီးအားတွေပေးပါတယ်။ သူ့ရဲ့အခန်းဖော်ကိုလည်း ကျွန်မဘလော့ဂ်လေးကို ခေါ်ပြရသေးတာပါ။ Followerလည်း တန်းလုပ်လိုက်တော့တာပါပဲ။ ဒီလိုနဲ့ ကျွန်မ ဘလော့ဂ်လေးရဲ့ ပထမဆုံးဧည့်သည်ဟာ ကျွန်မရဲ့သူငယ်ချင်း မချစ်စုပဲ ဖြစ်ပါတော့တယ်။ ဒီနေ့လည်း gtalkကနေ ကျွန်မကို အားပေးစကားတွေ အများကြီး လှမ်းပြောပါတယ်။ ကျွန်မ သူ့ဆီကနေ ခွန်အားတွေ အများကြီးရခဲ့ပါတယ်။

နောက်နေ့ကျတော့ ဝေစိုးကလည်း ကျွန်မဘလော့ဂ်ရေးနေတာကို သိသွားပါတယ်။ ဒါပေမယ့် ကျွန်မကသူ့ကိုလင့်ခ်မပေးသေးပဲ ကျွန်မရဲ့ဘလော့ဂ်လေးကို တန်ဆာဆင်လိုက်၊ သူများဘလော့ဂ်တွေကို ၀င်ကြည့်ပြီး “စု၊ တု၊ ပြု” လုပ်လိုက်နဲ့ မနေ့ညက နှစ်နာရီလောက်ကျမှ အိပ်ရာဝင်နိုင်တာပါ။ စီဘောက်စ်ကိုလည်း မနေ့ကမှ install လုပ်လိုက်တာပါ။ အဲဒီလိုနဲ့ခုနစကားကိုဆက်လို့ ဒီနေ့ရုံးကိုရောက်တာနဲ့စပြီး အလုပ်တွေတအားရှုပ်နေပေမယ့် ရတဲ့အချိန်လေးမှာ ဂျီမေးကိုဖွင့်ပြီး ဝေစိုးရဲ့ ချက်ဘောက်စ်ထဲမှာ ကျွန်မဘလော့လင့်ခ်လေးကို ရိုက်ထည့်ထားလိုက်ပါတယ်။ ဝေစိုးဆီကနေ ဘာreplyလေးများ ပြန်လာမလဲလို့ မအားတဲ့ကြားက လှမ်းလှမ်းကြည့်ရတာလည်း အမောပါပဲ။ ဝေစိုးကလည်း အကောင်းအဆိုး တစ်ခွန်းလေးတောင် replyမလုပ်ပါဘူး။ အဲဒါနဲ့ ထမင်းစားချိန်ရောက်တော့ ထမင်းကို အရင်မစားနိုင်သေးပါဘူး။ ကျွန်မရဲ့ဘလော့ဂ်လေးကို အရင်ဖွင့်ရပါသေးတယ်။ ဖွင့်ပြီးတော့ ဘာရယ်မဟုတ်ဘူး စီဘောက်စ်က refreshလေးကို ကလစ်လိုက်တော့ အိုး.....စီဘောက်စ်ထဲမှာ ကွန်မန့်နှစ်ခု.... ပျော်လိုက်တာပြောမနေပါနဲ့တော့။ ကွန်မန့်ပေးသူကတော့ တခြားသူရှိရိုးလား.....ဝေစိုးပေါ့:))။

ဒါဆိုရင် ကျွန်မရဲ့ဘလော့ဂ်ထဲမှာ ပထမဆုံးကွန်မန့်ပေးသူက ဝေစိုးပေါ့။ အိမ်ကိုရောက်တော့လည်း သူက ကျွန်မဘလော့ဂ်ကို sign inလုပ်ပြီး ကျွန်မနဲ့သိတဲ့သူတွေကို inviteလုပ်လိုက်တယ် ဆိုတဲ့ အကြောင်း၊ ရုံးမှာသူများတွေကိုလည်း လိုက်ကြွားတာဆိုတဲ့အကြောင်း၊ ကျွန်မရဲ့အရေးအသားလေးတွေကိုလည်း မဆိုးဘူးဆိုတဲ့အကြောင်း(ကိုယ့်ငါးချဉ်ကိုယ် တအားကို ချဉ်ပစ်တာလေ) တွေကို ရွှန်းရွှန်းဝေအောင် ပြောပြတော့ ကျွန်မမှာ ဝမ်းသာပီတိတွေ ဖြစ်ပြီး ရှေ့ဆက်လျှောက်ဖို့အတွက်လည်း နောက်ထပ် ခွန်အားတွေ ရလိုက်ပါတယ်။

အဲဒါနဲ့ ဒီနေ့ည ထမင်းစားပြီးတော့ ကျွန်မ အရမ်းကိုအိပ်ချင်နေပါပြီ။ ဒါပေမယ့် ဒီသူငယ်ချင်းနှစ်ယောက် အကြောင်းကို ရေးချင်လွန်းလို့ မျက်လုံးကိုအတင်းဖြဲပြီး ရေးဖြစ်အောင် ရေးလိုက်ပါတယ်။ တကယ်တော့ သူငယ်ချင်းတွေဆိုတာ ဘဝမှာတန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါပဲ။ ကျွန်မခံယူထားတာက သူငယ်ချင်းဆိုတာ အေးအတူပူအမျှ အတူတကွ မျှဝေခံစားနိုင်ရမယ်။ နင်ဘာကောင်လည်း ငါဘာကောင်လည်း၊ နင်ကဘယ်သူ ငါကဘယ်ဝါဆိုတာတွေ လုံးဝမလိုအပ်ဘူးလို့ ထင်ပါတယ်။ ကျွန်မဘဝမှာ သူငယ်ချင်းတွေ အများကြီးနဲ့ ဆုံစည်း ခဲ့ဘူးတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့လည်း ခွဲခွာခဲ့ရဘူးပါတယ်။ ကျွန်မရဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်နဲ့ရော ဘယ်အချိန်အထိ ကျွန်မခွဲမခွာအတူရှိနေနိုင်မှာလည်း ဆိုတာကိုတော့ ကျွန်မလည်း ကြိုတင်မပြောနိုင်ပါဘူး။ အမိမြေနဲ့ဝေးရာမှာ ရောက်နေတဲ့ ကျွန်မအတွက်တော့ သူတို့နှစ်ယောက်ဟာ closeအဖြစ်ရဆုံး သူငယ်ချင်းနှစ်ယောက်ပါပဲ။ သူငယ်ချင်းတို့ရေ....နင်တို့ပေးတဲ့ ခွန်အားတွေအတွက် ကျေးဇူး အရမ်းတင်ပါတယ်လို့။

(မှတ်ချက်။ ။ ဒီပို့စ်က မနေ့ကရေးထားတာပါ။ ဒါပေမယ့် မနေ့ကအရမ်းကို အိပ်ချင်နေလို့ edit မလုပ်နိုင်လို့ မနေ့က မတင်ဖြစ်ပဲ ဒီနေ့မှပဲ သေသေချာချာ edit လုပ်ပြီး တင်လိုက်ရတာပါ။)

Sunday, October 18, 2009

မလျှော့သောဇွဲလုံလတွေနဲ့

အင်း..... ဒီနေ့ ဘလော့ဂ်စရေးတဲ့ ဒုတိယမြောက်နေ့ပေါ့...။ ကျွန်မမှာ မနေ့က ဒီဘလော့ဂ်ကို စလိုက်မိပြီးတဲ့အချိန်ကတည်းကစလို့ အချိန်ပြည့် အဲဒီ ဘလော့ဂ်နဲ့ ပတ်သက်တာတွေကိုသာ စဉ်းစားတွေးတောနေပြီး စားလည်း ဘလော့ဂ်၊ သွားလည်း ဘလော့ဂ်နဲ့ ဖြစ်နေကာ ဘလော့ဂ်နတ်ရဲ့ ဖမ်းစားခြင်းကို ခံနေရပါတော့တယ်။

ပိုဆိုးတာက ကျွန်မဟာ ဘလော့ဂ်နဲ့ပတ်သက်ပြီး တော်တော်လေး ဗဟုသုတနည်းတော့ ခရီးက အတော့်ကို မတွင်ဘူး ဖြစ်နေပါတယ်။ ဒါနဲ့ပဲ ကျွန်မစဉ်းစားမိတာက ကျွန်မအဖြစ်က “ခါချဉ်ကောင်မာန်ကြီး တောင်ကြီးဖြိုမယ့် ဟန်” ဆိုတာလိုများ ဖြစ်နေပြီလားလို့ပေါ့။ ဒါပေမယ့် ကျွန်မယုံကြည်ထားတာ တစ်ခုရှိတယ်။ ဘယ်လောက် ခက်ခဲတဲ့အရာပဲ ဖြစ်နေပါစေ ကိုယ်သာ တကယ့်ကို ဖြစ်ချင်စိတ်နဲ့ ကြိုးစားမယ်ဆိုရင် (ကာလ အတို အရှည်သာ ကွာချင်ကွာမယ်) တစ်နေ့မှာတော့ ဖြစ်ကို ဖြစ်ရမယ် လို့ပေါ့....။

ဘာပဲ ဖြစ်ဖြစ် ကျွန်မက ခြေတစ်လှမ်း စခဲ့မိပြီလေ။ ထိုခရီးလမ်းမှာ ဆူးညောင့် ခလုတ်တွေ ဘယ်လောက်ပဲ များများ ဘယ်လိုအခက်အခဲတွေနဲ့ပဲ တွေ့တွေ့ အောင်မြင်မှုပန်းတိုင်ကို မရောက် ရောက်အောင် သွားရမှာက ကျွန်မရဲ့ တာဝန်ပဲ မဟုတ်ပါလား။ ဒါ့ကြောင့်မို့လို့ ဘယ်လောက်ပဲအခက်အခက်တွေများများ မလျှော့သောဇွဲလုံ့လတွေနဲ့ ကျွန်မဆက်လက် ကြိုးစားသွား ပါဦးမယ်လို့....။

Blog လေးတစ်ခုစတင်အစပျိုးမိခြင်း

ဘလော့ဂ်လေးတစ်ခုကို ဒီနေ့မှာ ကျွန်မအစပျိုးခဲ့မိပါပြီ။ ဒီလိုအစပျိုးရခြင်းရဲ့ ရည်ရွယ်ချက်လေးကတော့ ကျွန်မရဲ့ အတွေးတွေ၊ ခံယူချက်တွေ၊ အယူအဆတွေနဲ့အတူ ကျွန်မသိတဲ့ အကြောင်းအရာတွေ၊ ကျွန်မကြိုက်တဲ့ စာအုပ်တွေ၊ သီချင်းတွေ၊ ကဗျာတွေကို အများနဲ့ မျှဝေခံစားချင်လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်မ အနေနဲ့ ဘလော့ဂ်လေးတစ်ခု ဖန်တီးချင်တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်မှန်း မသိတာက တစ်ကြောင်း၊ မြန်မာဖောင့်ကို ကျွမ်းကျွမ်းကျင်ကျင် မရိုက်တတ်သေးတာက တစ်ကြောင်းနဲ့ အချိန်တွေဆွဲနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် သူများတွေရဲ့ ဘလော့ဂ်တွေကိုတော့ ကျွန်မအမြဲပဲ သွားဖတ်ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ပထမဦးဆုံး စတင်ဖတ်ဖူးတဲ့ ဘလော့ဂ်ကတော့ လန်ဒန်က ကိုချမ်းမြစိုး ရဲ့ ဘလော့ဂ်ပါပဲ။ ဘယ်လိုကနေ ဘယ်လို အဲဒီ ဘလော့ဂ်ကို ရောက်ခဲ့တယ် ဆိုတာတော့ ကျွန်မ မမှတ်မိတော့ပါဘူး။ အဲဒီကမှစပြီး ဘလော့ဂ်တွေအကြောင်း၊ ဘလော့ဂ်ဂါတွေအကြောင်းကို သေသေချာချာ သိလာရပြီး ဘလော့ဂ်လေးတစ်ခု ဖန်တီးချင်တဲ့ပိုး ကျွန်မမှာ စ၀င်ခဲ့ရတော့တာပါပဲ။ ဒါပေမယ့် ပြောခဲ့ပြီးတဲ့အတိုင်း အကြောင်းကြောင်းတွေကြောင့် ကြာနေခဲ့ပြီး ဒီနေ့တောကိုသက်တန့်ချို ရဲ့ ဘလော့ဂ်ကို ၀င်ဖတ်နေရင်းကနေ ဘလော့ဂ်ကို မဖြစ်မနေ အစပျိုးချင်တဲ့စိတ်လေး ရုတ်တရက်ပေါ်ပေါက်လာပါတယ်။ အဲဒီလို အဲဒီလို နဲ့ကျွန်မ အင်ကြင်းသန့် ဘလော့ဂ်လေးတစ်ခု အစပျိုးခဲ့မိပါပြီ။