Pages

Thursday, November 22, 2012

ချစ်သော နိုဝင်ဘာ

 
နိုဝင်ဘာကို တကျော့ ပြန်ရောက်ခဲ့ပြန်ပြီ...။ အချိန်တွေက အကုန်မြန်လွယ်လွန်းလှသည်ဟု သူမ ထင်မိသည် ။ သို့ပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ တစ်ခုသောနိုဝင်ဘာလရဲ့ အဲဒီနေ့ အဲဒီအချိန်လေးကို ပြန်တွေးလိုက်တိုင်း သူမအတွက်တော့ ယခုထက်တိုင် ရင်ခုန်နွေးထွေးနေဆဲ။ တွေးမိတိုင်းလဲ နှစ်ခြိုက်စွာ ပြုံးမိနေဆဲပင်။

*********************  

အဲဒီနေ့က တနင်္လာနေ့ဖြစ်ပေမယ့် သူမတို့နှစ်ဦးစလုံး အလုပ်မသွားကြဘဲ ခွင့်ယူကြလေသည်။ သူမက တနင်္ဂနွေနေ့တွင် ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး  ကုသိုလ်ဒါနပြုလုပ်ခဲ့သည့်အတွက် တစ်နေကုန်ပင်ပန်းထားသဖြင့် တနလာင်္နေ့တွင် အနားယူမည်ဟု ရည်ရွယ်ပြီး ခွင့်ယူလိုက်ခြင်းဖြစ်သည်။ သူမအားချစ်ခွင့်ပန်ထားပြီး သူမ၏အဖြေကို စောင့်ဆိုင်းနေရသူ သူကတော့ တောင်းထားသောအဖြေနှင့် ပတ်သက်ပြီး သူမက ပြောစရာများရှိသည်ဟု လွန်ခဲ့သော ၂ ရက်ခန့်ကတည်းက ကြိုပြောထားသဖြင့် သူမပြောလာမည့် စကားများကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားထောင်ရန်အတွက် တကူးတက ခွင့်ယူထားခြင်းဖြစ်လေသည်။

သူမသည် အတော်တော့ ရီစရာကောင်းသူတစ်ဦး ဖြစ်၏။ သူမ၏ဘ၀တွင် သူမအား ချဉ်းကပ်ခဲ့သောယောက်ျားများ အများအပြားမဟုတ်သော်ငြား အတော်အတန်ရှိ ခဲ့ဖူးသော်လည်း သူမ၏ မိဘများအား ထိုသူတို့နှင့်ပတ်သက်၍ တခွန်းတပါဒမှ ဖွင့်ဟပြောပြခြင်း မရှိခဲ့ဖူးပေ။ သူမအနေဖြင့် ထိုသို့သော အကြောင်းအရာများကို မိဘများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုရန်အတွက် သတ္တိမရှိသလိုလို၊ ရှက်ရွံ့သလိုလို အမြဲခံစားရမိတတ်ပါသည်။

သို့သော်……..သူနှင့်တွေ့ဆုံသောအခါတွင်တော့ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေများအဖြစ် ခင်မင်ပြီးသွားပြီးသည့်သကာလ ကာလ အတန်ကြာသောအခါ သူက သူမအား မေတ္တာသက်ဝင်နေပါသဖြင့် သူ၏မေတ္တာကို လက်ခံပေးပါရန်နှင့် သူမသာလက်ခံခဲ့မည်ဆိုပါက ထာဝရလက်တွဲဖော်အဖြစ် လက်တွဲသွားလိုပါသည် ဆိုသည့် အကြောင်းများကို ဖွင့်ဟပြောလာခဲ့သောအခါ သူမသည် သူ့အား စဉ်းစားပါဦးမည်ဟုသာ ပြောထားခဲ့ပြီး ထိုအကြောင်းအရာများအားလုံးကို သူမ၏ မိဘများအား စာရေး၍ အကြောင်းကြားခဲ့လေသည်။

မိဘများအား စာရေး၍ အကြောင်းကြားခြင်းနည်းသည် သူမအတွက်တော့ အတော်လေး အဆင်ပြေသောနည်း ဖြစ်လေသည်။ မျက်နှာချင်းဆိုင်၍ ပြောရခြင်းမဟုတ်သဖြင့် မျက်နှာပူနေရမှာကိုလည်း စိုးရိမ်စရာမလိုပါ။ ဖုန်းဖြင့်ပြောမည်ဆိုပါကလည်း သူမသည် ရှက်ရွံ့နေရသဖြင့် ကိုယ်ပြောချင်သည်များကို ချောချောမွေ့မွေ့နှင့် ပြီးဆုံးအောင်ထိ ပြောနိုင်လိမ့်မည် မဟုတ်ဟု ထင်မိသည်။ သို့နှင့် သူမက သူ့အား အဖြေပြန်ပေးမည့် ကိစ္စသည် သူမမိဘများ၏ သဘောထားအပေါ်တွင် လုံးလုံးလျားလျား မူတည်နေသကဲ့သို့ ဖြစ်နေလေ၏။ သူမရေးလိုက်သောစာကို ဖတ်ပြီးသည့်အခါ သူမ၏မိခင်ကလည်း သူမအား စာပြန်လိုက်လေသည်။ နောင် လေးငါးနှစ်နေမှသာလျှင် အချစ်ရေးနှင့် အိမ်ထောင်ရေးကို စဉ်းစားပါတဲ့….။ 

သူမဘယ်အသက်အရွယ်ကိုပဲ ရောက်နေနေ သူမ၏မိခင်သည် သူမအား ချစ်သူရည်းစားထားရန်၊ အိမ်ထောင်ပြုရန် အရွယ်မရောက်သေးဟုသာ ထင်မြင်နေပုံ ရပါသည်။  ပြီးတော့ သူနှင့်သူမ၏ကြားမှာ ရှိနေသည့် ကွာခြားချက်တစ်ခုတစ်လေအတွက်လည်း သူမ၏မိခင်က ချက်ချင်း သဘောကျချင်ပုံ မရပေ။ သူမမိခင်၏စာကို ဖတ်ပြီးသည့်နောက် သူမသည် မျက်ရည်တွေ အလိုလိုကျလာမိသည်။ အတော်တော့ထူးဆန်းပေစွ….။ ကိုယ့်ကိုရည်းစားစကားပြောလာသူကို အဖြေပြန်ပေးဖို့အရေး မိခင်ကို စာလှမ်းရေးသည်။ မိခင်က သဘောမကျဆိုတော့ မျက်ရည်ကျသည်။ တကယ်ဆိုလျှင် အဖေနှင့်အမေက သဘောမတူပါသဖြင့် ပြန်မကြိုက်နိုင်ပါ ဟု ဖြေလိုက်လျှင် ဇာတ်လမ်းက  ပြီးပြီးပေါ့….။ သို့သော် သူမ၏ မသိစိတ်က အဲဒီလိုနဲ့ ဇာတ်လမ်းကို အဆုံးသတ်သွားချင်ပုံ မရပေ။ သူမ၏အဖေနဲ့အမေ သဘောတူလာတဲ့အထိ ကြိုးစားပမ်းစား ပြောကြည့်ချင်နေသေး၏။ 

ထိုအခါ သူမအနေနှင့် ဆုံးဖြတ်ချက်တစ်ခုကို ချရတော့သည်။ အဖေနဲ့အမေတို့ နားလည်သဘောပေါက်လက်ခံလာသည်အထိ သူမပြောမည်။ ထိုသို့ပြောရင်းပြောရင်း အမေတို့ သဘောတူ ခေါင်းငြိမ့်လာသော တစ်နေ့ကျမှသာ သူ့ကိုအဖြေပြန်ပေးမည်ဟု...။ ထိုအချိန်ကို ရောက်သည်အထိ စောင့်ပါဟုလည်း သူ့ကို ပြောလိုက်မည်ဟု ဆုံးဖြတ်လိုက်လေသည်။ သြော်….တကယ်တမ်း နောက်မှ သေချာပြန်တွေးကြည့်သောအခါ သူမသည် သူလိုချင်သောအဖြေကိုသာ ပေးချင်နေခဲ့သူဖြစ်ပြီး ထိုအဖြေကလည်း သူမ၏ မသိစိတ်ထဲမှာ ရှိနေနှင့်ပြီးသားပဲကိုး….။

သို့နှင့် ထိုတနလာင်္နေ့တွင် သူနေထိုင်ရာ နေရာနားက Shooping Centre တစ်ခုမှာ တွေ့ကြရန် ချိန်းဆိုလိုက်လေသည်။  သူနေထိုင်ရာနေရာက သူမ၏နေရာမှဆိုလျှင် ကား နှစ်မှတ်တိုင်နှင့် ရထား လေးဘူတာ စီးပြီးမှ ရောက်ပါသည်။ တကယ်ဆို သူသည် ထို Shopping Centre မှာစောင့်နေလျှင် ရပါသော်လည်း ထိုနေ့က သူမနေတဲ့နေရာအထိ လာခေါ်ခဲ့ပါသည်။ ဆရာမဂျူး၏စကားကို ငှားပြောရလျှင်တော့ ထိုအချိန်များသည် သူ့အတွက် လကိုဖမ်းဖို့ပိုက်ကွန်ယက်နေချိန်များ ဖြစ်သောကြောင့် သူ့အနေဖြင့် သူမအပေါ်တွင် အလွန်အင်မတန်မှ စိတ်ရှည်စွာဖြင့် စိတ်သဘောထားကောင်းများ ထားရှိနေချိန်များ ဖြစ်လေ၏။

Shopping Centre သို့ရောက်သောအခါ သူမတို့နှစ်ယောက် အေးအေးဆေးဆေးထိုင်ပြီး စကားပြောလို့ရသော၊ လူလည်းရှင်းသော စားပွဲ၊ထိုင်ခုံလေးများအား ပြင်ဆင်ထားပုံမှာလည်း ချစ်စရာကောင်းသော Haagen Dazs ဆိုင်လေးမှာ ထိုင်ဖြစ်ကြပါသည်။ ထိုနေ့က သူ့ကိုကြည့်ရသည်မှာ အခါတိုင်းတွေ့ရသည့်နေ့များထက် ပို၍ စိတ်လှုပ်ရှားနေပုံ ရလေသည်။ ညကလည်း တစ်ညလုံးအိပ်လို့မရဘူးဟု သူက ပြော၏။ သူမကလည်း သူမ၏ မိခင်ရေးပေးလိုက်သည့် စာထဲမှာပါသည့်အတိုင်း သူ့ကို တစ်လုံးမကျန် ပြန်ပြောပြပြီး သူမဆုံးဖြတ်ထားသည့်အတိုင်း သူမမိဘတွေ နားလည်လက်ခံလာသော နောက်ထပ် ကာလအတိုင်းအတာတစ်ခုအထိ စောင့်နေပေးပါလို့ ပြောလိုက်လေသည်။

သူမပြောသောစကားများ အားလုံးကို စူးစိုက်ငြိမ်သက်စွာ နားထောင်ပြီးချိန်မှာတော့ သူမနှင့်မျက်နှာချင်းဆိုင် ထိုင်နေသောသူသည် စားပွဲပေါ်၌ တင်ထားသော သူမ၏ လက်အစုံကို ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး သူမပြောသော နောက်ထပ်ကာလတစ်ခုဆိုသည့် အတိုင်းအတာကို သူဘယ်လိုမှ မစောင့်နိုင်တော့ကြောင်း၊ သူမဆီမှ အဖြေကိုမရမချင်း သူ့ရင်ထဲမှာလည်း အမြဲတမ်းပူလောင် စိတ်လှုပ်ရှားနေရပြီး ရတက်မအေးဖြစ်နေရကြောင်းများကို ပြောလေတော့သည်။

ထိုနေ့က သူ၏ပုံစံသည် တကယ်ပဲ သူမဆီမှ အဖြေမရပါက သူမ၏လက်ကို လွှတ်ပေးမည့်ပုံ မပေါ်ပေ။ သူမသည်လည်း ထူပူရှက်ရွံ့နေတာကိုပဲ သိပြီး ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်နေချိန်တွင် သူသည် ထိုအခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ သူမ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ သူမကမပေးသေးသော အဖြေအား သူမ၏မျက်ဝန်းများထဲတွင် သူတွေ့နေရပြီဟု ဆိုကာ သူလိုချင်သော အဖြေကို သူမကပေးစရာမလိုဘဲ သူ့ဟာသူ ရှာဖွေ၍ အရယူလိုက်လေတော့၏။

ထို့နောက် သူသည် ဆုပ်ကိုင်ထားသော သူမ၏လက်တစ်ဖက်ကို အသာအယာ မယူပြီး သူ၏ ဘယ်ဘက်ရင်အုံနားကို ဖြည်းဖြည်းငြင်သာစွာ ထိကပ်စမ်းသပ်ကြည့်ခိုင်းပါသည်။ နွေးနေသော အထိအတွေ့တစ်ခုနှင့်အတူ  တစ်ဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံလှိုင်းတို့သည် သူ၏ခန္ဓာကိုယ်တွင်းမှတဆင့် သူဝတ်ဆင်ထားသောရှပ်အကျီ၏ အပြင်ဘက်ကို ဖြတ်ကျော်လာပြီး သူမလက်ချောင်းလေးများ၏ ထိပ်ဖျားလေးတွေမှတဆင့် သူမ၏ ကိုယ်တွင်းဆီသို့ကူးစက်စီးဝင်သွားပါတော့သည်။ သို့နှင့် သူမ၏နှုတ်ဖျားမှ သူ့အား တစ်ခွန်းတစ်လေမျှ အဖြေပေးစရာ မလိုတော့ဘဲနှင့် သူနှင့်သူမသည် ချစ်သူတွေ ဖြစ်သွားကြလေတော့သည်။ ထိုခဏအတွင်း၌မှာတွင်ပဲ သူမ၏မိခင် မှာကြားလိုက်သော နောင်လေးနှစ် ငါးနှစ်မှဆိုတာတွေ၊ ကွာခြားချက်တွေဆိုတာကိုလည်း သူမ မေ့လျော့သွားမိပါတော့သည်။ 

ကိုယ်လိုချင်သော အဖြေကို ရပြီးဖြစ်၍ သိပ်ကိုပျော်ရွှင်သွားခဲ့သောသူသည် အမှတ်တရအနေနဲ့ ဆင်တူဝက်ဝံရုပ်လေးနှစ်ကောင်ကို ၀ယ်ယူခဲ့ကာ တစ်ကောင်ကို သူမအားပေးခဲ့ပြီး တစ်ကောင်ကို သူကသိမ်းဆည်းထားဖို့ယူသွားခဲ့ပါသည်။ သူမ၏ နှုတ်ဖျားမှ "ချစ်တယ်" ဆိုသော စကားကို သူ့ကို ထုတ်ဟပြောဖို့ရာ အတော်ရှက်ရွံ့ခဲ့ပြီး နောင်အချိန်အတော်ကြာမှသာ ဖွင့်ဟပြောဖြစ်ခဲ့ပါသည်။

သူနဲ့သူမကြားမှာ ခြားနားခြင်းတွေ ရှိကောင်းရှိမည်။ သို့သော် အဲဒီနေ့ အဲဒီအချိန်မှစပြီး ထိုခြားနားခြင်းတွေ အားလုံးကို သူမတို့နှစ်ဦးစလုံးက အချစ်များဖြင့်သာ ညီညာလှပအောင် ညှိယူခဲ့ကြပါသည်။ 

******************************

နိုဝင်ဘာကို တကျော့ ပြန်ရောက်ခဲ့ပြန်ပြီ...။ အချိန်တွေက အကုန်မြန်လွယ်လွန်းလှသည်ဟု သူမ ထင်မိသည် ။ သို့ပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ တစ်ခုသောနိုဝင်ဘာလရဲ့ အဲဒီနေ့ အဲဒီအချိန်လေးကို ပြန်တွေးလိုက်တိုင်း သူမအတွက်တော့ ယခုထက်တိုင် ရင်ခုန်နွေးထွေးနေဆဲ။ တွေးမိတိုင်းလဲ နှစ်ခြိုက်စွာ ပြုံးမိနေဆဲပင်။

အင်ကြင်းသန့်

Monday, May 21, 2012

"ခရီးသွား"

အသားမကျမှုတွေနဲ့ နေသားကျရင်း
အဆင်မပြေမှုတွေနဲ့ အဆင်ပြေရင်း
မမျှော်လင့်တာတွေကို မျှော်လင့်ရင်း
သူစိမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ရင်း
အေးစက်မှုတွေနဲ့ နွေးနွေးထွေးထွေးနေရင်း
မလုံခြုံမှုတွေထဲမှာ ခိုလှုံရင်း
ကျယ်လောင်မှုတွေကို သာယာနာပျော်ရင်း
မယုံကြည်နိုင်တာတွေကို ယုံကြည်ရင်း
ခါးသီးမှုတွေကို ချိုမြိန်စွာစားသုံးရင်း
နာကျင်မှုတွေနဲ့သက်တောင့်သက်သာဖြစ်ရင်း
အတွင်းအဇ္ဇျတတွေနဲ့ ပဋိပက္ခ ဖြစ်ရင်း
အဖြေမရှိတဲ့ ပုစ္ဆာတွေမှာ အဖြေတွေရှာနေရင်း
ပူဆွေးသောကတွေကို ရီမောပြက်ရယ်ပြုရင်း
စက်ဆုပ်စရာကောင်းတဲ့ခန္ဓာကြီးကို အမြဲထာဝရထမ်းပိုးထားရင်းနဲ့
..................................
ငါ ခရီးသွားနေတယ်။ ။

အင်ကြင်းသန့်

Tuesday, February 14, 2012

အချစ်စေညွှန်ရာအတိုင်း

တနင်္ဂနွေသားသမီးတွေဟာ ဆံပင်ကောက်ရင်ကောက် မကောက်ရင် စိတ်ကောက်တတ်တယ်ဟု ဆိုလေ့ရှိကြသည်။ တနင်္ဂနွေသမီးဖြစ်ပြီး ဆံပင်ခွေခွေကောက်ကောက်များကို ပိုင်ဆိုင်ထားသော သူမအနေဖြင့် ငယ်ရွယ်စဉ် သိတတ်သည့်အရွယ်မှစ၍ (သူနဲ့မတွေ့ခင်အချိန်အထိ ဆိုပါတော့) ကိုယ့်ကိုယ်ကို စိတ်မကောက်တတ်ဟုသာ ထင်နေခဲ့မိလေသည်။

သူမ၏ဘ၀တွင် လူတစ်ယောက်ကို ကိုယ်နဲ့ အဆင်မပြေ၊ စိတ်သဘောထားခြင်း မတိုက်ဆိုင်ပါက ကောက်ချိတ်၍ မနေတတ်ပေ။ ထိုသူကို ဥပေက္ခာသာ ပြုပစ်လိုက်တတ်ပါသည်။ မိဘများ သူငယ်ချင်းများအပေါ်တွင်လည်း ဘယ်တုန်းကမှ စိတ်မကောက်တတ်ခဲ့ပေ။

သို့သော် တစ်သက်လုံးက စိတ်မကောက်တတ်ခဲ့ဖူးသော သူမအား မကောက်ခဲ့ဖူးသမျှ အတိုးချ၍ ကောက်စေခြင်းရန်အလို့ငှာ နတ်ဒေ၀တာတို့က သူမအတွက် လူတစ်ယောက်ကို သနားသောအားဖြင့် ဖန်ဆင်းပေးလေ၏။ စိတ်ကောက်ခြင်းဆိုသည့်အရာကို တစ်သက်လုံးက မေ့နေခဲ့သည့် သူမမှာ ထိုသူနဲ့လည်းတွေ့ရော အတိုးရော အရင်းပါမက တိုးရင်းပွားတွေပါ ပေါင်း၍ ကောက်တတ်သွားလေ၏။ မိုးရွာလည်းကောက်၊ နေပူလည်းကောက်၏။ နေထွက်လည်းကောက်၊ နေ၀င်လည်းကောက်၏။ သူကလည်း အလွန်အင်မတန်မှ စိတ်ရှည်သည်းခံစွာဖြင့် သူမ၏ကောက်နည်းမျိုးစုံဖြင့် ကောက်ခြင်းတို့ကို ဖြောင့်စေရန် အလို့ငှာ ဖြောင့်နည်းမျိုးစုံတို့ကို သုံးရှာလေ၏။ သူမအတွက်တော့ သူသည် တစ်ခါတစ်ရံ မစ္စတာဗင်းန် ဖြစ်လိုက်၊ တစ်ခါတစ်လေ ချာလီချက်ပလင်ဖြစ်လိုက်နှင့် တစ်ချို့ရက်တွေဆို စိတ်ကောက်မိသည်နှင့် မမျှအောင်ပင် သူလုပ်ပြ ပြောပြသည့် ဟာသများဖြင့် ပါးစပ်ကို ပြန်မစေ့နိုင်လောက်အောင်ပင် ရီနေရတတ်သည်။

တစ်ခါမှာတော့ သူမတို့နှစ်ဦး၏ကြားသို့ လုံးဝထင်မှတ်မထားသည့် ပြသနာတစ်ရပ် ၀င်ရောက်လာသောကြောင့် သူမသည် စိတ်ကောက်သည့်အဆင့်မှာတင်မကဘဲ သူ့ကို လွန်စွာမှ စိတ်ဆိုးမိလေသည်။ ထို့ကြောင့် ထိုပြသနာအား ဖြေရှင်းပြီးသည်အထိ သူမအား လုံးဝ အဆက်အသွယ် မလုပ်ရန် သူ့ကို ပြောလိုက်လေ၏။ သူသည်လည်း သူ့ဘက်က ဖြစ်သော ပြသနာဖြစ်နေသောကြောင့် သူမစကားကို နားထောင်ပါ့မည်။ ထိုပြသနာတွေကို သူအမြန်ဆုံးဖြေရှင်းပြီး သူမဆီကို လာခဲ့မည်ဟု ပြောလေသည်။ ထိုနေ့မှစ၍ သူမတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး မဆက်သွယ်ဘဲ နေလိုက်ကြသည်။

သူမ၏ဘ၀တွင် စိတ်ထဲမှာ နာကျင်ပင်ပန်းရဆုံး နေ့ရက်တွေကို ပြောပါဆိုလျှင် ထိုနေ့တွေကိုပဲ ပြောရမည် ထင်သည်။ တစ်ဦးနှင့်တစ်ဦး မုန်းတီးနာကျည်းခြင်း မရှိပါပဲလျက်၊ သတိရလွမ်းဆွတ်နေပါလျက်နှင့် သူမအနေနှင့် ဆုံးဖြတ်သင့် ဆုံးဖြတ်ထိုက်သည်ဟု ယူဆပြီး ဆုံးဖြတ်ခဲ့သည့် အရာတစ်ခုအတွက် နောင်တရမနေမိသော်လည်း နီးလျက်နှင့်ဝေးနေကြရသည့် အဖြစ်ကတော့ သူမကို အတော်ပင် ပူလောင်စေခဲ့လေသည်။

အဆက်အသွယ် လုံးဝမလုပ်ရန် သူမကိုယ်တိုင် တင်းတင်းကြပ်ကြပ် မှာထားခဲ့ပေမယ့် ဖုန်းမက်ဆေ့ဝင်လာသံကြားရင်ပဲဖြစ်ဖြစ်၊ ဖုန်းခေါ်သံကြားရင်ပဲဖြစ်ဖြစ် ဆတ်ကနဲခုန်သွားတဲ့ရင်နဲ့ ဖုန်းကို အဆောတလျင်ကြည့်မိသည့် အကြည့်တွေထဲမှာ သူများဖြစ်နေလေမလားဆိုတဲ့ မျှော်လင့်ချက်တွေက အပြည့်။ ညဘက်တွေဆိုရင်လည်း အွန်လိုင်းမှာ သူ့ကို တွေ့နေရပေမယ့် invisible နဲ့ပဲ နေနေပြီး သူတင်ထားတဲ့ စတေးတပ်စ်တွေကို ဖတ်ကာ တိတ်တိတ်လေး မျက်ရည်ဝဲနေရတဲ့အဖြစ်။

သူ့ဘက်ကလည်း ထိုအဖြစ်မျိုးတွေကို ကြာရှည်မခံစားနိုင်ပါဘူး။ တစ်ရက်မှာတော့ သူမဆီကို ဖုန်းနဲ့ မက်ဆေ့လှမ်းပို့လေသည်။ ဒီလိုအနေအထားမျိုးကို သူကြာရှည်မခံစားနိုင်တော့ကြောင်း၊ ပြသနာများအားလည်း ဖြေရှင်းနေပြီဖြစ်ရာ မကြာခင်မှာ အားလုံး ပြေလည်အဆုံးသတ်သွားတော့မည် ဖြစ်သဖြင့် သူမအား လာတွေ့ခွင့်ပေးပါဟု တောင်းဆို၏။ သူမကလည်း ၁၀၀ ရာခိုင်နှုန်း အဆုံးမသတ်သေးသဖြင့် လာမတွေ့ပါနှင့်ဟု ငြင်းလေသည်။ ထိုအခါ သူသည် သူမကိုတွေ့ရဖို့အရေး ဥာဏ်နီဥာဏ်နက်မဟုတ်သော ဥာဏ်ပြာဥာဏ်ဝါများကို ထုတ်လေတော့သည်။ တစ်ညနေတွင် သူ၏ ကုမ္ပဏီမှ ဘောနပ်စ်ရပြီဖြစ်သဖြင့် သူမကို ညစာကျွေးချင်ပါသောကြောင့် လာခွင့်ပြုပါဟု တဂျီဂျီတောင်းဆိုလေသည်။ သိပ်တော့မယုံချင်ပေမယ့် အချိန်ကာလအရကလည်း ဘောနပ်စ်တွေပေးသောလ ဖြစ်နေသဖြင့် သူမလည်း ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ သူမကို လာတွေ့ချင်တွေ့ပါ ညစာကျွေးမည်ဆိုပါကလည်း စားပါမည်၊ သို့သော် သာမန်မိတ်ဆွေတစ်ယောက်ကဲ့သို့သာ လာတွေ့ပါ ဟုဆိုပြီး သူနဲ့တွေ့ဖို့သဘောတူလိုက်လေသည်။

သူသည်လည်း အားရ၀မ်းသာစွာဖြင့် ထိုသဘောတူညီချက်ကို လက်ခံလိုက်ပြီး သူမအလုပ်မှ အပြန် စောင့်နေကြ ဘတ်စ်ကားဂိတ်မှ လာစောင့်နေ၏။ သူနှင့်တွေ့သောအခါ သူမစိတ်ထဲမှာ ဘာကြောင့်မှန်းမသိ ရီချင်နေမိသည်။ သို့သော်လည်း ကိုယ်ထုတ်ထားသည့်စည်းကမ်းကို မလိုက်နာမှာစိုးသဖြင့် မျက်နှာထားကို တင်းနိုင်သမျှ တင်းထားကာ သူနှင့်မျက်လုံးချင်းမဆုံမိအောင် နေနေရလေသည်။ ဘောနပ်စ်ရသည်ဆိုသည့် ကိစ္စကို သူမက မယုံသင်္ကာဖြစ်နေသည်ကို သူက ရိပ်မိသဖြင့် သူဘောနပ်စ်ရသည်မှာ တကယ်ဖြစ်ကြောင်း သူ၏ ဘဏ့်အကောင့်ကိုပင် စစ်ကြည့်ပါ တကဲကဲ လုပ်နေသေးသည်။

သူနှင့်အတူ ညစာစားနေရင်း စကားပြောကြရာတွင် မိတ်ဆွေတွေလိုပဲ ပြောဆိုဆက်ဆံရမည်ဟု သဘောတူထားခဲ့သည့်အတိုင်း သူ့ကို ခေါ်နေကြ နာမ်စားကို ထည့်မသုံးမိအောင် သူမမှာ သတိကြီးစွာနဲ့ ပြောနေရသည်။ ညစာစားအပြီး ကားစီးမည်လုပ်တော့ သူမတို့ ညစာစားသည့် နေရာမှာ သူမ၏အိမ်နှင့် တစ်မှတ်တိုင်သာ ဝေးသဖြင့် ကားမစီးပါနဲ့ လမ်းလျှောက်ပြီး လိုက်ပို့ပါရစေဟု သူကပြောလာသည်။ ထိုအချိန်တွင် အဘယ်သို့သောအရာကများ သူမကို ဤမျှလောက် လျင်မြန်စွာ ခေါင်းညိတ်ဖို့ရန် စေညွှန်လိုက်သလဲ မသိပါ။ ငြင်းဆန်လိုက်မယ်လို့ အသိစိတ်ဝင်လာတဲ့အချိန်မှာ သူမ၏ခေါင်းက ညိတ်ပြီးသားဖြစ်နေခဲ့ပါသည်။ သို့နှင့် စကားတပြောပြောနဲ့ လမ်းလျှောက်လာခဲ့ကြရာ မီးပွိင့်ရှိ လမ်းအကူးနေရာသို့ အရောက်တွင် သူက အငိုက်ဖမ်းကာ အခါတိုင်းလို သူမ၏လက်ကိုဆွဲပြီး လမ်းဖြတ်ကူးရန် သူ၏လက်ကို လှမ်းလိုက်၏။ သူမကလည်း ယောင်ယမ်းကာ လက်ကို ပေးတော့မလို လုပ်ပြီးမှ သဘောတူညီထားချက်ကို သတိရကာ လက်ကို ပြန်ရုတ်လိုက်လေသည်။ ရှက်လည်း ရှက်သွားမိ၏။ သူမဘာတွေဖြစ်နေသည်ကို ရိပ်မိသော သူကတော့ ညစ်ကျယ်ကျယ် အပြုံးဖြင့် ပြုံးလေ၏။

သူမအိမ်ကို ရောက်ခါနီး သူလှည့်ပြန်ရတော့မည့်နေရာ အရောက်တွင် သူက နောက်တစ်မျိုး ထပ်၍ တောင်းဆိုပြန်၏။ လူသွားလမ်းလေး၏ နံဘေးရှိ စနစ်တကျ စီရရီ သွယ်တန်းစိုက်ထားသော သစ်ပင်ချွန်ချွန်လေးများအောက်က ခုံတန်းလေးမှာ ခဏလောက်ထိုင်ပြီး စကားပြောပါရစေဟု ဆိုသည်။ သိစိတ်က မလိုက်လျောချင်ပေမယ့် သတိထားလိုက်မိသည့် အချိန်တခဏအတွင်းမှာ သူမသည် ခုံတန်းလေးပေါ်တွင် အလိုလိုထိုင်ပြီးရက်သား ဖြစ်နေသည်။

မထိုင်လိုက်မိရင် အကောင်းသားလို့ နောင်တတကယ်ရမိသည့် အချိန်ကတော့ သူ၏ ခံစားချက်တွေကို သူမအား ဖွင့်ပြောလာသည့် အချိန်ပင် ဖြစ်သည်။ သူမနဲ့အဆက်အသွယ်မလုပ်ဘဲ နေနေရသည့်အချိန်တွေမှာ သူဘယ်လိုခံစားခဲ့ရတဲ့ အကြောင်းတွေကို ပြောပြချိန်မှာတော့ ပါးပြင်ပေါ်ကို ခုန်ဆင်းကျလုမတတ် ပြည့်လျှံတက်လာသော သူမ၏ မျက်ဝန်းမှ မျက်ရည်တွေကို ဇွတ်အတင်း တားဆီးထားရလေသည်။ ဆက်ပြီးနားထောင်နေလျှင် သူမအနေနဲ့ မျက်ရည်တွေကို ဆက်လက်တားဆီးထားနိုင်စွမ်း ရှိတော့မည် မဟုတ်သည်မှာ သေချာတော့တာမို့ သူမ သွားတော့မည်ဟု ပြောပြီး ခုံတန်းလေးမှထကာ သူ့ကို ကျောခိုင်းလိုက်သည်။ ကျောခိုင်းလှည့်ထွက်ခြင်းနှင့် တပြိုင်တည်းမှာပဲ လေ၏လျင်မြန်ခြင်းကဲ့သို့ မြန်ဆန်လှသော လက်တစ်စုံက သူမကို ဖမ်းယူဆွဲခေါ်လိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရပြီးနောက် .... အရာအားလုံးတို့သည် ကတိတွေ၊ သဘောတူညီမှုတွေ၊ စည်းကမ်းချက်တွေရဲ့ အဝေးကို လွင့်မျောပျော်ဝင်သွားပြီးတဲ့နောက်... သူမကိုယ်သူမ သတိထားလိုက်မိတဲ့ အခါမှာတော့.... သူမဟာ .... တင်းကြပ်စွာ ပွေ့ဖက်ထားသော နွေးထွေးသော လက်တစ်စုံထဲမှာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"HAPPY VALENTINE'S DAY TO ALL"


အင်ကြင်းသန့်

Monday, February 13, 2012

အောင်ဆန်းဇာနည်

မနေ့က ရုံးပိတ်ရက် အိမ်မှာလူစုံတုန်း အိမ်က အစ်မက "ဒီနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့က ပြည်ထောင်စုနေ့၊ မနက်ဖြန် ဖေဖော်ဝါရီ ၁၃ က ဗိုလ်ချုပ်မွေးနေ့" လို့ ဆိုလိုက်တော့ အနားမှာရှိတဲ့ ၁၉၉၀ပြည့်နှစ်ဖွား ညီမငယ်လေးတစ်ယောက်က "ဗိုလ်ချုပ်ဆိုတာ ဘယ်သူလဲ၊ ဘယ်သူ့ကိုပြောတာလဲ" တဲ့။

အစ်မလုပ်တဲ့သူကတော့ အဲဒီမေးခွန်းကို မေးရပါ့မလား၊ ဒါလေးတောင်မသိရကောင်းလားလို့ ရီတယ်။ ကျွန်မကတော့ ရီလည်း မရီချင်သလို မေးတဲ့သူကိုလည်း အပြစ်မတင်ချင်ပါဘူး။ ကျွန်မတို့ကတော့ ဖေဖော်ဝါရီ ၁၃ လို့ ဆိုလိုက်တာနဲ့ ဗိုလ်ချုပ်မွေးနေ့ဆိုတာ အရိုးထဲမှာ စွဲနေပြီးသား။ ဗိုလ်ချုပ်လို့ဆိုလိုက်တာနဲ့လည်း နာမည်တောင်ထည့်ပြောစရာမလိုပဲ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ တန်းသိပြီးသား။ သိဆို ဗိုလ်ချုပ်တွေ ဘယ်လောက်ပဲများများ ကျွန်မတို့ရင်ထဲက ဗိုလ်ချုပ်က တစ်ယောက်ထဲပေပဲကိုး....။

ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ကျန်တာတွေကို ထဲထဲဝင်ဝင် မလေ့လာ မလိုက်စားမိလို့ တိတိပပ မသိရှိရင် နေပါစေ။ ကျွန်မတို့ တတိယတန်းကတည်းက နှုတ်တက်ရွရွ ရွတ်ဆိုကျက်မှတ်လာခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကိုတော့ သင်ဖူးတဲ့လူတိုင်း မှတ်မိနေကြသင့်တယ်လို့ ထင်ပါတယ်။ အဲဒီကဗျာလေးကို မမေ့တဲ့သူတိုင်းလည်း ဖေဖော်ဝါရီ ၁၃ကို မေ့မယ်မထင်ပါဘူး။ အခုနောက်ပိုင်း ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေ ပြောင်းကုန်ပြီလား၊ အဲဒီကဗျာလေးကို ကျောင်းသင်ခန်းစာတွေမှာ သင်ရသေးလား၊ မသင်ရတော့ဘူးလားလည်း မသိတော့ပါဘူး။ (ကြုံမှ မေးကြည့်ပါဦးမယ်။) ကျွန်မကတော့ အဲဒီကဗျာလေးကို ဘယ်အချိန်ထမေးမေး အမြဲအလွတ်ရနေလေ့ရှိတယ်။

"အောင်ဆန်းဇာနည်"

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။

၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်သော ကျွန်မတို့ချစ်သော ဗိုလ်ချုပ်၏ (၉၇)နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ။

အင်ကြင်းသန့်


Sunday, February 12, 2012

ပင်ချင်းယှက်၍ နွယ်ချင်းခက်သော်

~၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့အတွက်~
~အမှတ်တရ~

“အန္တရာယ်ဟူသမျှ အတူတကွတွန်းလှန်မှာ”
“အန္တရာယ်ဟူသမျှ အတူတကွတွန်းလှန်မှာ”



အင်ကြင်းသန့်

Wednesday, January 18, 2012

အိပ်မက်ဆိုး

အိပ်မက်ဆိုး
အခါခါမထိုးနှက်ပါနဲ့
တကယ်ကိုရိုးသားခဲ့သူပါ
မသိသားဆိုးရွားစွာနဲ့
ဒီကွန်ကိုယက်ခဲ့မိသူမို့
အပြစ်ရှိသူလို့ဆိုရက်သလား
ဖြေကြားပေးပါ....

သိစိတ်ကဒဏ်ရာ
ကုရတာလွယ်သလောက်
မသိစိတ်မှာဖြစ်တဲ့အနာ
ကျက်ဖို့ခဲယဉ်းလိုက်တာ....

အကြိမ်ကြိမ်ငိုကြွေးခဲ့ပြီးပြီပဲ
ဘာတွေထပ်ပေးရဦးမလဲ
ခြောက်ချားနေမိတုန်းပဲ
အိပ်စက်ခြင်းတွေဘယ်နှစ်ခါပျောက်ဆုံးရဦးမှာလဲ

နှောင်ထုံးကိုဖြတ်ဖို့ရာ
မစွမ်းသာခဲ့သူမို့
မိုက်မဲတဲ့သူရယ်လို့အမြည်တပ်
ဒဏ်ခတ်နေဦးမှာလား
ကိုယ့်လိပ်ပြာကိုယ်သန့်သူပါ
အောက်ကျို့ကာမတောင်းဆိုပါရစေနဲ့
အိပ်မက်ဆိုးရေ....
နင်ယူသွားတဲ့အိပ်စက်ခြင်းများ
ပြန်ထားခဲ့ပါ။ ။

အင်ကြင်းသန့်